← Chapters

အပိုင်း (၈၂)

Vol. 6 Ch. 82

အပိုင်း (၈၂)

Vol. 6 Ch. 82

ဤလောက၌ အရေးအကြီးဆုံးသော အရာသည် မည်သည့်အရာ ဖြစ်မည်နည်း။ အဖြေကား လူသားတို့၏ စိတ်နှလုံးပင်။

“ရှမ့်လန်... ခင်ဗျားက မာနနဲ့ နှလုံးသားကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ။ ဒါက ကြီးကျယ်လွန်းတဲ့ ရန်ငြိုးကို အစပြုလိုက်တာပဲ” ကျူးဝမ်ဟွာသည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

“ကျုပ်ရဲ့ မိတ်ဆွေအပေါင်းအသင်းတို့... ခင်ဗျားတို့ ခေါ်နိုင်သမျှ လူအကုန်ခေါ်ခဲ့ကြ။ ကျုပ်တို့ မြို့တော်ဝန် အိမ်တော်ကိုသွားပြီး တရားမျှတမှု တောင်းဆိုကြမယ်။ ပညာတတ်တွေအနေနဲ့ ကျုပ်တို့ဆီမှာ လောကရဲ့ အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းဖို့၊ ဖြောင့်မတ်မှန်ကန်ခြင်းတရားကို ထွန်းလင်းတောက်ပစေဖို့နဲ့ လန်ရှန်မြို့တော် ပညာတတ်အသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တာဝန်ရှိတယ်”

ကျန့်ချန်နန် သည် ချက်ချင်း သဘောပေါက်သွား၏။ ဤ ကျူးဝမ်ဟွာ ဆိုသောလူသည် လူအုပ်စုကြီးနှင့် ပြဿနာရှာရန် ကြံစည်နေခြင်းဖြစ်ပြီး၊ မြို့တော်ဝန်အား ရှမ့်လန်၏စာအုပ်ကို ပိတ်ပင်ရန် ဖိအားပေးလိုခြင်း ဖြစ်သည်။

ကျောင်းသားအချို့သည် ထိုစကားကိုကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ပျော်ရွှင်မြူးတူးသွားကြ၏။ “ငွေရပေါက်၊ ရလမ်း ပေါ်လာပြန်ပြီ”

ထိုကဲ့သို့သောအချိန်တိုင်းတွင် ကျူးဝမ်ဟွာသည် လူတစ်ဦးချင်းစီအလိုက် ငွေပေးလေ့ရှိသည်။ သူခေါ်လာသော လူ များလေလေ၊ သူပေးသော ငွေ များလေလေ ဖြစ်သည်။ ကျူးဝမ်ဟွာ၌ အခြားအရာ မရှိသော်လည်း ငွေတော့ရှိသည်။

တစ်နာရီကျော်ကျော်ခန့် အချိန်အတောအတွင်းမှာပင် ကျူးဝမ်ဟွာ၏ နောက်တွင် ကျောင်းသား ရာပေါင်းများစွာ စုရုံးမိသွားပြီး ၎င်းတို့သည် မြို့တော်ဝန်၏ အိမ်တော်ဆီသို့ တခမ်းတနား ချီတက်သွားကြတော့၏။

“ရှမ့်လန်... မင်းရဲ့စာအုပ်ကို ငါ့ရဲ့ လန်ရှန်မြို့မှာသာမကဘူး။ ယန်ဝူခရိုင်နဲ့ နုကျန့်ဒေသတစ်ခုလုံးမှာ ရစရာမရှိအောင် လုပ်ပြမယ်။ မင်းရဲ့စာအုပ်က ဘယ်လိုလုပ်ပြီး လူကြိုက်များနိုင်မှာလဲ။ ငါကိုယ်တိုင် တားဆီးမယ်”

.........

လန်ရှန်မြို့တော်ဝန် လီဖန်၏ ရှေ့တွင် စာအုပ်နှစ်အုပ် ချထား၏။ တစ်အုပ်မှာ ကျူးဝမ်ဟွာ၏ စာအုပ် ဖြစ်ပြီး နောက်တစ်အုပ်မှာ ရှမ့်လန်၏ “မာယာမျဉ်းပြိုင်” ဖြစ်သည်။

သူသည် ပထမဆုံး ကျူးဝမ်ဟွာ၏စာအုပ် ကို ဖတ်ကြည့်လိုက်သည်။ မူလက သူသည် ဤစာအုပ်ကို မဖတ်ခဲ့ပေ။ သို့ပေမည့် သူ၏သမီးတော်က ဤစာအုပ်ကို ဖတ်သည်၊ သူ၏မိန်းမကလည်း ဖတ်သည်။ ထို့အပြင် သူ၏မိန်းမသည် ညအိပ်ရာဝင်ချိန်တွင် စာအုပ်ထဲမှ ဇာတ်လမ်းဇာတ်ကွက်များကို သူ့အား ပြန်လည်ပြောပြပြီး ဖတ်ကြည့်ရန်လည်း တိုက်တွန်းခဲ့သည်။ မိန်းမစကား နားထောင်ကာ ဖတ်ကြည့်ပြီးသည့်နောက် မြို့တော်ဝန် လီဖန်သည် မချီးကျူးဘဲ မနေနိုင်တော့ပေ။

ဤ ကျူးဝမ်ဟွာသည် စာအုပ်ထဲတွင် ယောက်ျားနှင့်မိန်းမတို့၏ အချစ်ရေးကို ဖွဲ့ဆိုထားသော်လည်း တိုင်းပြည် အရေးနှင့် မိသားစုအရေးတို့ကိုပါ ရောယှက်ဖော်ပြထားသည်။ စာပေအရေးအသား၊ လက်ရာမြောက်မှု၊ ဇာတ်လမ်း တည်ဆောက်ပုံတို့မှာ အထူးကောင်းမွန်သည်။ ထူးချွန် ပြောင်မြောက်သည့် ပညာရှင်တစ်ဦး ဖြစ်သင့်ပေသည်။ အမျိုးသမီးများ ဤမျှစွဲလန်းနှစ်ခြိုက်နေကြသည်မှာ အံ့ဩစရာမရှိတော့ပေ။

ထို့နောက် လီဖန်သည် ရှမ့်လန်၏ “မာယာမျဉ်းပြိုင်” ကို ကောက်ယူလိုက်သည်။ စာအုပ်၏ မျက်နှာဖုံးကို မြင်လိုက်သည်နှင့် သူသည် မျက်မှောင်များ ကျုံ့သွားသည်။ အောက်တန်းကျလွန်းလှ၏။ စာအုပ်အမည်ကို ထပ်ကြည့်လိုက်ပြန်တော့ သူ၏ စိတ်ထဲတွင် ပို၍ပင် အထင်အမြင်သေးသွားသည်။ လူအများ အာရုံစိုက်မှုကိုရရန် ကြိုးစားထားပြီး အဆင့်အတန်းနိမ့်သော အရေးအသားမျိုးဖြင့် ဖွဲ့ဆိုထားသည့်ပုံပင်။

ဤမြို့တော်ဝန်သည် စိတ်ထဲတွင် အထင်မြင်သေးသော၊ ဖယ်ကျဉ်လိုသော စိတ်ဖြင့် စာမျက်နှာတစ်ရွက်ကို လှန်လိုက်၏။ ပထမတစ်ချက် ဖတ်ကြည့်ပြီးနောက် သူ၏ မျက်မှောင်ကြုတ်နေခြင်းများသည် ပြေလျော့သွားသည်။ စာမျက်နှာတစ်မျက်နာကို ဖတ်ရှုအပြီးတွင် သူ၏ စိတ်အစဉ်သည် တက်ကြွ လန်းဆန်းလာသည်။ ပြီးနောက် သူသည် စာအုပ်ကိုလက်မှမချနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

“ကောင်းလိုက်တာ။ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါလား”

အလွန်တရာ လက်ရာမြောက်လှပေသည်။ ဤမျှ အဆင့်အတန်းမြင့်မားသော အရေးအသား၊ ဤမျှ အဆင့်အတန်း မြင့်မားသော ကဗျာအဖွဲ့အနွဲ့မျိုးကို ဉာဏ်ပညာကြီးမားသောသူမှသာလျှင် ရေးသားနိုင်ပေလိမ့်မည်။

“နှမြောစရာကောင်းလိုက်တာ... နှမြောစရာကောင်းလိုက်တာ”

ဤကဲ့သို့သော ဂန္ထဝင်မြောက်စာအုပ်တစ်အုပ်ကို သာမန်လူတန်းစားများထံ ရောင်းချနေရသည်လား။ ၎င်းတို့သည် ဤမျှ အဆင့်အတန်းမြင့်မားသော စာပေအရေးအသားမျိုးကို ဖတ်ရှုရန် ထိုက်တန်ပါရဲ့လား။ သာမန်လူတန်းစားများသည် ဤစာသားများ၏ နက်နဲမှုကို နားလည်နိုင်ပါမည်လား။

“သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ပဲ” မူလက မြို့တော်ဝန်လီဖန်သည် ကျူးဝမ်ဟွာ၏ စာအုပ်ကို အတော်ပင် သဘောကျခဲ့ပြီး ကောင်းမွန်သည်ဟု ထင်မြင်ခဲ့၏။ သို့ပေမည့် ယခုအချိန်မှာတော့ ကျူးဝမ်ဟွာ၏စာအုပ်သည် မစင်ပုံကဲ့သို့ပင် သူ၏အမြင်၌ ပြောင်းလဲသွားသည်။

သူသည် သူ၏ စာပေအပေါ် အရသာခံနိုင်စွမ်းကိုပင် သံသယဝင်လာမိ၏။

ငါ ဘာဖြစ်ခဲ့တာလဲ။ အစိုးရအဖွဲ့ထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ရလို့၊ လက်တွေ့ဘဝရဲ့ ကြမ်းတမ်းတဲ့ရိုက်ပုတ်မှုတွေကို ခံခဲ့ရလို့ ငါ့ရဲ့ စာပေအပေါ် အရသာခံနိုင်စွမ်းက ယိုယွင်းသွားတာလား။ ကျူးဝမ်ဟွာရဲ့စာအုပ်မျိုးကိုတောင် ငါ သဘောကျခဲ့တာပါလား။ ရှက်စရာပဲ။

ဤသည်မှာ ရုပ်ရည်ချောမောသောလူငယ်တစ်ယောက်သည် စိတ်အလိုကိုမထိန်းနိုင်ဘဲ မီးရောင်မှိန်မှိန် ထွန်းထားသော ပြည့်တန်ဆာခန်းသို့ မဆင်မခြင် ဝင်သွားမိသကဲ့သို့ပင်။ အသိစိတ် ပြန်ဝင်လာချိန်မှာတော့ ထိုအဒေါ်ကြီး၏ မျက်နှာပေါ်မှ အရေးအကြောင်းများကို ပြန်လည်မြင်ယောင်ပြီး စိတ်ထဲတွင် နောင်တကြီးစွာဖြင့် အော့အန်ချင်သလို ခံစားရခြင်းနှင့် ဆင်တူသည်။

ကြောက်စရာကောင်းလိုက်တာ။ စာမဖတ်ဘဲ နှစ်အနည်းငယ်နေလိုက်ရုံနဲ့ ငါ့ရဲ့ စာပေအပေါ်အရသာခံနိုင်စွမ်းက ဒီလောက်အထိ ဆိုးရွားသွားရသလား။

လူဆိုသည်မှာ စာအုပ်စာပေ ဖတ်ရှုရမည်။ ထိုအရာကို အဆက်ပြတ်၍မဖြစ်ချေ။

ထို့ကြောင့် မြို့တော်ဝန် လီဖန်သည် ကျူးဝမ်ဟွာ၏စာအုပ်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကိုင်ကာ ဘေးသို့ အားဖြင့် ပစ်လိုက်ပြီး သူ၏လက်ကို အင်္ကျီလက်ဖြင့်ပင် သုတ်လိုက်သေးသည်။ ထို့နောက် သူသည် ရှမ့်လန်၏ “မာယာမျဉ်းပြိုင်” ကို ပြန်လည်ဖွင့်ကာ စိတ်ဝင်တစားဖြင့် တဖန်ပြန်ဖတ်တော့သည်။

...............

အလွန်တရာမှ သက်သောင့်သက်သာ ရှိလှသည်။ ဤအရေးအသား၊ ဤဝါကျတည်ဆောက်ပုံမျိုးသည် သူ့ကဲ့သို့ အဆင့်အတန်းမြင့်မားသူများ ဖတ်ရှုသင့်သော စာအုပ်မျိုး ဖြစ်၏။ သို့ပေမည့် ဖတ်နေရင်းမှာပဲ မြို့တော်ဝန် လီဖန်သည် အနည်းငယ် အနေရခက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝမ်းဗိုက် အောက်ပိုင်းမှ အပူငွေ့များ ထွက်ပေါ်လာသလို ခံစားနေရသောကြောင့်ပင်။

ဒီနေရာမှာပဲ ခဏရပ်ပြီး ကိုယ်လုပ်တော် အငယ်လေးနဲ့ သွားအနားယူရင် ကောင်းမလား။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ဆူညံသံများ ထွက်ပေါ်လာ၏။

မြို့တော်ဝန် လီဖန်သည် ချက်ချင်းပဲ ဒေါသထွက်သွားသည်။ “ဘယ်သူတွေလဲ။ ညကြီးမင်းကြီးမှာ အကျိုး အကြောင်းမသိ ဆူညံနေကြတာ”

အစေခံတစ်ဦးသည် အပြေးအလွှား ဝင်ရောက်လာပြီး သတင်းပို့၏။ “မြို့တော်ဝန်.. မကောင်းတော့ဘူး၊ ကျောင်းသားရာပေါင်းများစွာက မြို့တော်ဝန်အိမ်တော်ကို ဝိုင်းထားကြပါတယ်”

မြို့တော်ဝန်လီဖန်၏ မျက်ခုံးနှင့် လည်ကုပ်မှ အမွေးအမျှင်များသည် ချက်ချင်းထောင်ထသွား၏။ အရာရှိ တစ်ယောက်အနေနှင့် အကြောက်ဆုံးအရာကား မည်သည့်အရာနည်း။ အများပြည်သူနှင့် သက်ဆိုင်သော အရေးအခင်းများပင်။ အထူးသဖြင့် ကျောင်းသားများ ပြဿနာရှာခြင်းသည် ခေါင်းအခဲဆုံးကိစ္စဖြစ်သည်။

“ဘာဖြစ်တာလဲ”

မြို့တော်ဝန်လီဖန်က မေးလိုက်၏။ “စာမေးပွဲမှာ မတရားမှုတစ်ခုခု ဖြစ်သွားတာလား၊ ဒါမှမဟုတ် ဘယ်မြေရှင်သူဌေးက လူသတ်မှု ကျူးလွန်လို့လဲ”

သူသည် အဓိကကျသော မေးခွန်းကို မေးလိုက်သည်။ “ဘယ်သူက ဦးဆောင်လာတာလဲ”

လက်ထောက်က ပြောလိုက်၏။ “ကျောင်းတော်သား ကျူးဝမ်ဟွာပါ”

ချက်ချင်းပဲ မြို့တော်ဝန် လီဖန်၏ တင်းမာနေသော စိတ်အစဉ်သည် လုံးဝပျောက်ကွယ်သွားသည်။

မြို့တော်ဝန် လီဖန်က ပြောလိုက်၏။ “သူတို့ကို ဝင်လာခိုင်းလိုက်။ အကုန်လုံးတော့ မဟုတ်ဘူး၊ အများဆုံး ငါးယောက်ပဲ”

........

ခဏအကြာမှာတော့ ကျူးဝမ်ဟွာသည် အတက်ကြွဆုံးသော ကျောင်းသားလေးယောက်ကို ခေါင်းဆောင်ကာ ဝင်လာ၏။ ထိုလေးယောက်စလုံးသည် ကျောင်းတော်သားဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း သူ၏ သစ္စာခံ ခွေးလေးကောင်ပင် ဖြစ်သည်။

ရိုးရိုးသားသားပြောရမည်ဆိုလျှင် ကျူးဝမ်ဟွာသည် မြို့တော်ဝန်လီဖန်၏ ရှေ့တွင် အနည်းငယ် မာန ထောင်လွှားနေသည်။ မည်သို့ပင်ဖြစ်စေ သူသည် လန်ရှန်မြို့စားလေးစံအိမ်မှ သခင်လေးတစ်ယောက်ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာသည် မကြီးမားသော်လည်း တစ်ချိန်က ဩဇာအာဏာရှိခဲ့သော တော်ဝင်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ထို့အပြင် သူသည် ပညာတတ် စာရေးဆရာ တစ်ယောက်လည်း ဖြစ်သည်မို့ မင်းမူထမ်းဆိုတိုင်း အရိုအသေပေးရန် မလိုချေ။

“မြို့တော်ဝန်လီကို အရိုအသေပြုပါတယ်” ကျူးဝမ်ဟွာက လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်၏။

“မြို့တော်ဝန်လီကို အရိုအသေပြုပါတယ်” ၎င်း၏ နောက်မှ ကျောင်းတော်သားလေးယောက်သည် ခါးကိုင်းကာ ဂါရဝပြုလိုက်ကြသည်။

လန်ရှန်မြို့တော်ဝန်လီဖန်က မေးလိုက်၏။ “သခင်လေးကျူး ဘာကိစ္စရှိလို့လဲ”

ကျူးဝမ်ဟွာက ပြောလိုက်သည်။ “မြို့တော်ဝန်လီကို မြို့တော်တစ်ခုလုံးကပြည်သူတွေအတွက် တာဝန်ယူပေးဖို့၊ လန်ရှန်မြို့ရဲ့ စာပေလောကအတွက် တရားမျှတမှု ယူဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်”

လီဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။ သူအမုန်းဆုံးမှာ ဤကဲ့သို့သော လူစားမျိုးပင်။ ၎င်းတို့သည်သာ အရာအားလုံး မှန်ကန်သည်ဟု ယူဆထားကြပြီး တခြားသောသူများကို ဖိအားပေးတတ်သည့် လူစားမျိုးပင်။

မင်းလုပ်ချင်တဲ့ ကိစ္စမျိုးကို ငါ လီဖန်က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တည်းက လုပ်ခဲ့တာကွ။

“တကယ်တမ်း ဘာကိစ္စလဲ” မြို့တော်ဝန်လီဖန်သည် အေးစက်စွာ မေးလိုက်သည်။

ကျူးဝမ်ဟွာသည် ရှမ့်လန်၏ “မာယုမျဉ်းပြိုင်” စာအုပ်ကို ထုတ်ပြပြီး ပြောလိုက်၏။ “မြို့တော်ဝန်လီကို ဒီစာအုပ်ကို ပိတ်ပင်ပေးဖို့၊ ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေသူတွေကို ဖမ်းဆီးအရေးယူပေးဖို့၊ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပေးဖို့နဲ့ ပုံနှိပ်တိုက်ကို ချိပ်ပိတ်ဖို့ တောင်းဆိုပါတယ်”

ကျူးဝမ်ဟွာသည် စကားပြောရာတွင် ပုံနှိပ်ခြင်းနှင့် သက်ဆိုင်သော ကိစ္စကိုသာ ပြောပြီး ရှမ့်လန်ကို ဖမ်းဆီးရန် ကိစ္စကို လုံးဝမပြောပေ။ အကြောင်းမှာ စာအုပ်တစ်အုပ်ရေးသားမှုကြောင့် မြို့စားတစ်ဦး၏ သားနှင့် သားမက်ကို ဖမ်းဆီးခြင်းသည် ပြုလုပ်၍ရသည့်အရာမျိုး မဟုတ်သောကြောင့်ပင်။

မြို့တော်ဝန်လီဖန်သည် စိတ်ထဲတွင် လှောင်ပြောင်ရယ်မောလိုက်မိသည်။ “တကယ်ပဲ ဒီကိစ္စကြောင့်ကိုး”

သူသည် သူ၏ မုတ်ဆိတ်မွေးကိုသပ်ရင်း ပြန်လည် မေးမြန်းလိုက်၏။ “ဒါနဲ့ .. ဘာကြောင့်လဲ”

ကျူးဝမ်ဟွာက ပြန်ဖြေလိုက်၏။ “ဒီစာအုပ်က အောက်တန်းကျပြီး ညစ်ညမ်းလွန်းပါတယ်။ စာပေလောကကို စော်ကားရာရောက်ပြီး လူတွေရဲ့စိတ်နှလုံးကို ပျက်စီးစေရုံသာမက လူ့အဖွဲ့အစည်းရဲ့အကျင့်စာရိတ္တကိုပါ ပျက်ပြားစေပါတယ်။ ဒါကြောင့် လုံးဝပိတ်ပင်တားမြစ်ရပါမယ်”

“ဟုတ်လား”

လီဖန်သည် ထိုစာအုပ်ကို ကောက်ကိုင်ကာ စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ပြီး မေးလိုက်သည်။ “ဒီစာအုပ်က ပညာရှိတွေရဲ့ အတွေးအမြင်ကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေ ပါဝင်နေလို့လား”

ကျူးဝမ်ဟွာသည် မျက်မှောင်ကြုတ်လိုက်သည်။ စာအုပ်ထဲတွင် ပညာရှိတို့၏ အတွေးအမြင် ၊ သတ်မှတ်ချက်ကို တိုက်ရိုက် ဆန့်ကျင်သည့် အကြောင်းအရာမျိုး ထည့်ရေးလောက်အောင် မိုက်မဲသောသူ ဘယ်မှာရှိမည်နည်း။

မြို့တော်ဝန်လီဖန်က ထပ်မေးလိုက်၏။ “ဒါဆို ဒီစာအုပ်ထဲမှာ နန်းတွင်းနဲ့ အစိုးရအမှုထမ်းတွေကို ဝေဖန်ထားတာများ ပါနေလို့လား”

သဘာဝကျစွာပင် မပါဝင်ပေ။

မြို့တော်ဝန်လီဖန်က ပြောလိုက်သည်။ “အဲဒါလည်းမပါ၊ ဒီဟာလည်းမပါရင် ကျုပ်က ဘာကြောင့် ပိတ်ပင်ရမှာလဲ”

ကျူးဝမ်ဟွာက အေးစက်စက် ပြောလိုက်၏။ “အောက်တန်းကျပြီး ညစ်ညမ်းတာနဲ့ မလုံလောက်သေးဘူးလား”

မြို့တော်ဝန်လီဖန်သည် မျက်လုံးကို မှေးစင်းကာ ပြောလိုက်သည်။ “ညစ်ညမ်းတဲ့စာအုပ်တွေဆိုရင် ဒီထက် ဆိုးတာတွေ ရှိသေးတယ်။ ကျုပ်တို့ ရွှဲ့တိုင်းပြည်ရဲ့ ဥပဒေမှာ ယောက်ျားမိန်းမ အချစ်ဇာတ်လမ်းဆန်ဆန် စာပေတွေ မရေးရဘူးလို့ ပြဋ္ဌာန်းထားတာ မရှိဘူး။ ညစ်ညမ်းတဲ့ ရုပ်ပုံစာအုပ်တွေတောင် ရောင်းလို့ရသေးတာပဲ။ ဒီစာအုပ်က ပြောစရာ မရှိပါဘူး”

ကျူးဝမ်ဟွာက မေးလိုက်၏။ “ဒါဆို ဒီစာအုပ်က ကျုပ်ကိုရည်ညွှန်းပြီး ကျုပ်ရဲ့ဂုဏ်သိက္ခာကို စော်ကား နေတာကရော ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူးလား”

“မင်းက ဥပဒေလား”

မြို့တော်ဝန် လီဖန်က ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “နောက်တစ်ချက်ပြောရရင် ဒီစာအုပ်ထဲမှာ မင်းကို ရည်ညွှန်းထားတာ ဘယ်နေရာမှာ ပါလို့လဲ”

ကျူးဝမ်ဟွာက စာမျက်နှာ တစ်မျက်နှာကို ဖွင့်လိုက်၏။ ထိုနေရာတွင် အမတ်ကြီး ရှီမင်က ကျူးဝမ်ရှန်ကို မျက်နှာသာပေးသည့် အခန်းဖြစ်သည်။ သူက ထိုနေရာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ကြည့်ပါအုံး.. ဒီထဲက ကျူးဝမ်ရှန်ဆိုတာ ကျုပ်ကို ရည်ညွှန်းတာ မဟုတ်ဘူးလား။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားထားတာ မဟုတ်ဘူးလား”

မြို့တော်ဝန်လီဖန်က ပြောလိုက်၏ “ဒီဇာတ်ကောင်ရဲ့ နာမည်က ကျူးဝမ်ရှန်လို့ ရှင်းရှင်းလင်းလင်း ရေးထားတာပဲ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကျုပ်တို့ တိုင်းပြည်မှာ လူတိုင်းကနာမည်ရှိတယ်။ မတော်တဆ တူသွားတယ်ဆိုတာ သာမန်ပါပဲ”

ကျူးဝမ်ဟွာ၏ အကြည့်များက အေးစက်သွားခဲ့သည်။ မြို့တော်ဝန်လီဖန်၏ ဤသဘောထားသည် မမှန်ကန်ပေ။ ရှမ့်လန်ကို သိသိသာသာ အကာအကွယ် ပေးနေသည့်ပုံပင်။

“မြို့တော်ဝန်လီ.. ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ၊ ရှမ့်လန်ကို အကာအကွယ်ပေးနေတာ သိသာလွန်းနေပြီ မဟုတ်လား” ကျူးဝမ်ဟွာက အေးစက်စက် ပြောလိုက်၏။

လီဖန်က ပြောလိုက်သည် “ကျောင်းတော်သားကျူး... မင်းရဲ့ စိတ်နှလုံးကို အမြင်ကျယ်ကျယ်ထားဖို့ ကျုပ် တိုက်တွန်းချင်တယ်။ အရည်အချင်းရှိတဲ့သူကို မနာလိုမဖြစ်သင့်ဘူး။ တခြားသူရဲ့ စာအုပ်က မင်းထက်ပိုကောင်းနေလို့ ပိတ်ပင်စေချင်တာ မဟုတ်လား။”

ဤစကားသည် မျက်နှာကို တည့်တည့် ရိုက်လိုက်သကဲ့သို့ပင်။ ကျူးဝမ်ဟွာ၏ မျက်နှာသည် ချက်ချင်းပဲ အရုပ်ဆိုးအကျည်းတန်သွားခဲ့၏။

“မြို့တော်ဝန်လီ.. ခင်ဗျား ဘာစကားပြောလိုက်တာလဲ”

ကျူးဝမ်ဟွာက မေးလိုက်သည်။ “ကဗျာအဖွဲ့အနွဲ့၊ စာပေအရေးအသားအရ ရှမ့်လန်ရဲ့ ဒီစာအုပ်က ကျုပ်စာအုပ်ကို ဘယ်နေရာမှာ ယှဉ်နိုင်လို့လဲ”

မြို့တော်ဝန်လီဖန်သည် မထီမဲ့မြင် ပြုံးကာ ပြောလိုက်၏။ “မှန်တယ်။ ရှမ့်လန်ရဲ့ 'မာယာမျဉ်းပြိုင်' က မင်းရဲ့ စာအုပ်နဲ့ နှိုင်းယှဉ်လို့ မရဘူး”

ထိုစကားကို ကြားကြားချင်း ကျူးဝမ်ဟွာသည် ကျေနပ်အားရသော အပြုံးကို ပြုံးလိုက်သည်။

မြို့တော်ဝန် လီဖန်က ပြောလိုက်၏။ “အဲလိုနှိုင်းယှဉ်တာက ရှမ့်လန်ရဲ့စာအုပ်ကို စော်ကားရာရောက်တယ်”

ဤစာအုပ်သည် ရှားပါးသော ဂန္ထဝင်စာပေတစ်အုပ်ဖြစ်၏။ သာမန်အရာဝတ္ထုများနှင့် တတန်းတည်းထားကာ နှိုင်းယှဉ်၍ ရနိုင်မည်လား။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ....။

လေထဲတွင် ရှင်းလင်းပြတ်သားသော မျက်နှာဖြတ်ရိုက်သံများ ကြားလိုက်ရသကဲ့သို့ပင်။

ကျူးဝမ်ဟွာ၏ နှလုံးသားသည် ချက်ချင်းပဲ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။

“ခင်ဗျား.. လီဖန် ဘာစကားပြောလိုက်တာလဲ။ ကျုပ်ရဲ့ စာပေက ဘယ်လောက်ကောင်းလဲ။ ကျုပ်ရဲ့ ကဗျာက ဘယ်လောက်ကောင်းလဲ။ ကျုပ်ရဲ့ အရေးအသားက ဘယ်လောက်ကောင်းလဲ။ ခင်ဗျားက ကျုပ်ရေးတာကို သာမန် ရာဝတ္ထုလို့ ပြောလိုက်တယ်ပေါ့လေ။ ခင်ဗျား... မျက်စိရှိပြီး အမြင်မရှင်းတဲ့ ခွေးသူတောင်းစား အရာရှိ”

လီဖန်၏ မျက်နှာပေါ်တွင် ရိုးသားမှု၏ အသွင်များပေါ်လွင်နေသည်။ ၎င်းက ပြောလိုက်၏။ “သခင်လေးကျူး.. မင်းကို ကျုပ် စိတ်ရင်းစေတနာနဲ့ အကြံပေးချင်တယ်။ စိတ်ကိုငြိမ်ငြိမ်ထားပြီး 'မာယာမျဉ်းပြိုင်’ ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ပါ။ တကယ်ပဲ... စားပွဲကိုထုပြီး ချီးကျူးအော်ဟစ်ချင်လောက်အောင် ကောင်းတယ်။ လောကကြီးကို အပေါ်စီးက ကြည့်မြင်ထားပုံ၊ လောကီရေးရာတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားပုံက အံ့ချီးစရာပဲ။ ကျုပ် မင်းကို ပြောနိုင်တယ်။ ဒီစာအုပ်ကို မင်းနားလည်သွားရင် မင်းအတွက် အလွန်ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်”

ဟား ဟား ဟား ....။

ကျူးဝမ်ဟွာသည် စိတ်ထဲတွင် မထီမဲ့မြင်ပြုလိုက်မိ၏။ ကျုပ်လို ပညာတတ်တစ်ယောက်၊ စာပေကျမ်းဂန် မြောက်များစွာကို လေ့လာဖူးသူက ရှမ့်လန်ရဲ့ဒီအမှိုက်စာအုပ်ကို ဖတ်ရမယ်ပေါ့လေ။ ခင်ဗျား လာနောက်နေ တာလား”

မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ ဤမြို့တော်ဝန်လီဖန်သည် ရှမ့်လန်ဘက်မှ ရပ်တည်နေသည်။

ကျူးဝမ်ဟွာသည် ခပ်ပေါ့ပေါ့ ဆို၏။ “မြို့တော်ဝန်ရဲ့ ဒီလိုလုပ်ရပ်က ကျုပ်တို့ လန်ရှန်မြို့ရဲ့ ပညာတတ် အသိုင်းအဝိုင်းကို စိတ်ပျက်စေလိမ့်မယ်လို့ စိုးရိမ်မိပါတယ်”

ဤစကားသည် ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင်။

အကယ်၍ မြို့တော်ဝန်လီဖန်သာ သူ့ကို ကျေနပ်လောက်သောအဖြေမပေးပါက ကျောင်းတော်သား ရာပေါင်း များစွာသည် ပြဿနာရှာကြပေလိမ့်မည်။ မြို့တော်ဝန်အိမ်တော်ကို ဝိုင်းထားခြင်း သို့မဟုတ် ကျောင်းတော်သား သပိတ်မှောက်ခြင်းတို့ ဖြစ်လာနိုင်သည်။

အတိုချုပ်ပြောရလျှင် ငွေရှိလျှင် အရာရာဖြစ်နိုင်သည်၊ ကျောင်းသားရာပေါင်းများစွာကို လှုံ့ဆော်ကာ ပြဿနာရှာခိုင်းခြင်းသည် ကျူးဝမ်ဟွာအတွက် အလွယ်ဆုံးပင်။ ဤလူငယ်ကျောင်းသားများသည် အမိုက်မဲဆုံး သူများဖြစ်ပြီး တစ်စုံတစ်ယောက်ကဦးဆောင်လိုက်လျှင် စွေ့ခနဲ စုရုံးလာကြလိမ့်မည်။

“ကျူးဝမ်ဟွာ.. မင်း ဘာလုပ်ချင်နေတာလဲ” မြို့တော်ဝန်လီဖန်က အေးစက်စက်မေးလိုက်၏။

“ဟား ဟား...”

ကျူးဝမ်ဟွာသည် ရယ်မောကာ ပြောလိုက်သည်။ “မြို့တော်ဝန်လီက လန်ရှန်မြို့က ပညာတတ်တွေအတွက် တာဝန်မယူနိုင်မှတော့ ကျုပ်တို့ ကိုယ့်ဘာသာကိုယ်ပဲ တရားမျှတမှုကို တောင်းဆိုရတော့မှာပေါ့”

မြို့တော်ဝန်လီဖန်သည် စုတ်တံကို ကောက်ယူကာ စက္ကူဖြူပေါ်တွင် တစ်စုံတစ်ခု ဆွဲလိုက်၏။ ပြီးနောက် သတိပေးလိုက်၏။ “မြို့တော်ဝန်အိမ်တော်ကို ဝိုင်းလို့မရဘူး၊ စာသင်ကျောင်းကို ဝိုင်းလို့မရဘူး။ ဒီစည်းကို ကျော်လာတာနဲ့ တစ်ယောက်တွေ့ တစ်ယောက်ဖမ်းမယ်”

ထိုစကားကိုကြားချိန်မှာတော့ ကျူးဝမ်ဟွာ၏ နောက်မှ ကျောင်းတော်သားလေးယောက်သည် ချက်ချင်းပင် လည်ပင်းများ ပုဝင်သွားကြသည်။ ငွေယူပြီး အလုပ်လုပ်ခြင်းက ကောင်း၏။ သို့ပေမည့် မိမိတို့၏ လုံခြုံရေး၊ အနာဂတ်နှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ချေ။

ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ကျုပ်တို့ လူတွေက ဒီလောက်တော့ မရိုင်းစိုင်းကြပါဘူး”

ပြီးနောက် သူသည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဒီအဆိပ်ပင်ရဲ့ ပင်မတရားခံက တန်းရှန်.. ။ စာပေလောကရဲ့ ဖြောင့်မတ်မှန်ကန်မှုအတွက်၊ လန်ရှန်မြို့ရဲ့ သန့်စင်တောက်ပမှုအတွက်၊ အားလုံးပဲ ကျုပ်နဲ့အတူ အဲဒီစာအုပ်ဆိုင်ကို သွားပြီးဖျက်ဆီးကြစို့။ 'မာယာမျဉ်းပြိုင်' ဆိုတဲ့ စာအုပ်ကို လုံးဝ မီးရှို့ဖျက်ဆီးပစ်ကြမယ်”

ထို့နောက် ကျူးဝမ်ဟွာသည် ရှေ့မှဦးဆောင်ကာ ထွက်သွား၏။ ကျောင်းသားရာပေါင်းများစွာသည် သူ၏နောက်မှ လိုက်ကာ တန်းရှန်၏ စာအုပ်ဆိုင်သို့ တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်ဖြင့် ချီတက်သွားကြတော့သည်။

“သွားကြမယ် တန်းရှန်ရဲ့ စာအုပ်ဆိုင်ကို ဖျက်ဆီးကြမယ်”

“ရှမ့်လန်ရေးတဲ့ အဆိပ်ပင်ကို မီးရှို့ပစ်ကြ”

ကျူးဝမ်ဟွာ ထွက်သွားပြီးနောက် မြို့တော်ဝန်အိမ်တော်၏ အတိုင်ပင်ခံသည် ဝင်ရောက်ကာ မေးမြန်းလိုက်၏။ “မြို့တော်ဝန်... ဘာဖြစ်လို့ ကျူးဝမ်ဟွာကို ပြဿနာရှာခွင့်ပေးလိုက်တာလဲ။ မီးလောင်ရာလေပင့်လုပ်သလို ဖြစ်မနေဘူးလား”

မြို့တော်ဝန်လီဖန်က ပြောလိုက်သည်။ “ဒီသားမက်တော် ရှမ့်လန်ရဲ့ အရည်အသွေးကို စမ်းသပ်ကြည့်ရမှာပေါ့။ သူက ထူးချွန်တဲ့သူတစ်ယောက် ဖြစ်သင့်တယ်။ ဒီလောက်သေးတဲ့မုန်တိုင်းလေးကိုတောင် မခံနိုင်ဘူးဆိုရင်တော့ ငါ့ကို စိတ်ပျက်စေလိမ့်မယ်”

......

တန်းရှန်၏ စာအုပ်ဆိုင်အတွင်း

“သခင်လေးရှမ့်.. ကျူးဝမ်ဟွာတို့ လာကြတော့မှာလား” တန်းရှန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ရှမ့်လန်က ပြုံးကာ ဖြေလိုက်၏။ “လာမှာ၊ သေချာပေါက်လာမှာ”

သူသည် လွန်ခဲ့သော ဆယ်ရက်ကျော်တည်းက ကျူးဝမ်ဟွာအတွက် ထောင်ချောက်တစ်ခုကို အဆင့်ဆင့် ပြင်ဆင် ထားခဲ့သည်။ “အကုန်လုံး စီစဉ်ပြီးပြီလား”

တန်းရှန်က ဖြေလိုက်၏။ “သခင်လေးရဲ့ ညွှန်ကြားချက်အတိုင်း အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ကျူးဝမ်ဟွာသာ လာခဲ့ရင် သူ့ကို အရှင်လတ်လတ် ငရဲပို့နိုင်ဖို့ သေချာပါတယ်”

ရှမ့်လန်က ပြောလိုက်စည် “လုံးဝသေသွားဖို့ မဖြစ်နိုင်ပေမဲ့ တစ်ပိုင်းသေတော့ ဖြစ်လောက်မှာပါ”

All Chapters