ကောင်းကင်ဘုံရှိလျှင် ငရဲပြည်လည်း ရှိသည်
Vol. 3 Ch. 34
သူတို့ခြေဖဝါးအောက်က ခင်းထားသော ကျောက်ပြားများသည် ရှေ့သို့ တန်းတန်းမတ်မတ် သွယ်တန်းနေသည်။ နှစ်ပေါင်းများစွာ ရထားဘီးများ၏ ဖိကြိတ်မှုကြောင့် ထုံးကျောက်များသည် လက်ဖြင့် ထွင်းထုထားသကဲ့သို့ ချိုင့်ရာများ ဖြစ်ပေါ်နေသည်။ ထုံးကျောက်လမ်းများကို ကြာရှည်စွာ အသုံးပြုလျှင် ဤသို့ဖြစ်သွားတတ်သည်ကို လိုကျစ်ကွေ့ ယနေ့မှပင် သဘောပေါက်တော့သည်။
"ပြောင်းလဲဖို့ အချိန်တန်ပြီ၊" လိုကျစ်ကွေ့က ရုတ်တရက် ပြောလိုက်သည်။
"ဘာကိုလဲ။" နဉ်ရှောင်ယောင်းနှင့် သိမ်းငှက်နှစ်ဦးလုံး သူ့ကို နားမလည်စွာ ကြည့်လိုက်ကြသည်။
လိုကျစ်ကွေ့က သူ့ခြေဖဝါးအောက်က မြေပြင်ကို ညွှန်ပြလိုက်သည်။ "ဒီကျောက်ပြားတွေကို ပြောင်းဖို့ အချိန်တန်ပြီ။"
နဉ်ရှောင်ယောင်းက ငုံ့ကြည့်လိုက်သော်လည်း စစ်သေနာပတိချုပ်ကြီး ဘာကိုဆိုလိုမှန်း နားမလည်သေးပေ။ သူမ ဧကရာဇ်ဖြစ်လာပြီဆိုတော့ လမ်းတွေပြင်ဖို့လည်း တာဝန်ယူရမှာလား။ ဧကရာဇ်က ဆောက်လုပ်ရေး သို့မဟုတ် လမ်းပြင်ခြင်းအတွက် တာဝန်ရှိသည်ဟု သူမ တစ်ခါမှ မကြားဖူးပေ။ နဉ်ရှောင်ယောင်းက စဉ်းစားရင်း ခြေထောက်ကို မြှောက်ကာ မြေပြင်ကို ဆောင့်လိုက်ပြီး "ဒါက တော်တော်ကောင်းနေတာပဲ မဟုတ်လား။" ဟု နားမလည်စွာ ပြောလိုက်သည်။
လိုကျစ်ကွေ့က တိတ်ဆိတ်သွားပြီး ရှေ့သို့ဆက်လျှောက်သွားသည်။ ဒီတစ်ကြိမ်တော့ သူက နဉ်ရှောင်ယောင်းကို ထောက်ပင့်ခွင့်မပေးတော့ပေ။ နဉ်ရှောင်ယောင်းကတော့ နားမလည်နိုင်စွာဖြင့်သာ ကျန်ခဲ့သည်။ ဒါက စကားပြောဆိုနည်း မဟုတ်ဘူးလေ!
"စစ်သေနာပတိချုပ်ကြီးက လမ်းပြင်ချင်နေတာလား။" သိမ်းငှက်ငယ်လေးက မေးလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ဒါက အလွန်ရှည်လျားသော လမ်းတစ်လမ်းဖြစ်သည်။ "ဒါဆို ဘယ်သူက ပိုက်ဆံပေးမှာလဲ။" သူမ၏မေးခွန်းက အလွန်လက်တွေ့ကျသည်။ သူမအိတ်ကပ်ထဲတွင် သကြားလုံးများ အပြည့်ရှိသော်လည်း ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိပေ။ သူက သူမကို လမ်းပြင်ခိုင်းမည်ဟု မျှော်လင့်နေတာလား။ သိမ်းငှက်ငယ်လေး ပါးစပ်ပိတ်လိုက်သည်။ သိမ်းငှက်တွေမှာ ပိုက်ဆံမရှိသလို သူ့သခင်မှာလည်း မရှိဘူးလေ~
လမ်းတစ်လမ်းကို အသစ်တစ်ခုဖြင့် အစားထိုးနိုင်သော်လည်း မင်းဆက်တစ်ခုကော။ လိုကျစ်ကွေ့ သူ့ကိုယ်သူ မေးလိုက်သည်။ သေလုမျောပါးဖြစ်နေသော မင်းဆက်တစ်ခုကို ဘယ်လို ပြန်လည်အသက်သွင်းမလဲ။
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ဘေးသို့ ပြေးသွားပြီး မေးလိုက်သည်၊ "ဟေး၊ ခင်ဗျား တကယ် လမ်းပြင်ချင်နေတာလား။"
လိုကျစ်ကွေ့က သူမကို လှည့်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း၏ မျက်လုံးကြီးများက တောက်ပနေသည်။ သူမသည် အခုချိန်မှာ ဆင်းရဲသားတစ်ယောက်ဖြစ်နေမှန်း သိလိုက်ရပြီး ငိုချင်စိတ်ပေါက်လာသည်။ ဧကရာဇ်တစ်ပါးက ဆင်းရဲမွဲတေနေတာတော့ မကောင်းဘူးပေါ့။
လိုကျစ်ကွေ့သည် ယခင်က တွန့်ဆုတ်နေခဲ့သော်လည်း ယခုတော့ သူ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ လူရှင်းနေသော လမ်းမပေါ်တွင် ရပ်ရင်း သူက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်၊ "ဧကရာဇ်အဖြစ်ကို ဆက်ခံပါ။"
နဉ်ရှောင်ယောင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏မျက်နှာမှာ ပို၍ပင် သေးငယ်သွားသယောင် ထင်ရသည်။ ဒီလူက သူမက မိန်းကလေးမှန်း သိရဲ့သားနဲ့ သူမကို ဧကရာဇ်ဖြစ်စေချင်နေတာလား။
"မင်းမှာ ရွေးချယ်စရာမရှိခဲ့ဘူးဆိုတာ ငါသိတယ်၊" လိုကျစ်ကွေ့က ပြောသည်။
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်၊ ဒါက အမှန်ပင်။ သူမ ရောက်လာတဲ့နေ့မှာ သူမက ဧကရာဇ်ဖြစ်နေပြီးသား။ သူမက နဉ်ယွီဖြစ်နေရင်တောင်မှ သူမရဲ့ကံဆိုးမှုကို ဘယ်လို အပြစ်တင်လို့ရမှာလဲ။ အဲဒီကောင်မလေးရဲ့ ဘဝတစ်ခုလုံးက ရှဲ့သားအဖရဲ့ လက်ထဲမှာ ရှိနေတာ၊ သူမ ဘယ်လိုလုပ် ကိုယ့်အတွက်ကိုယ် ရွေးချယ်နိုင်မှာလဲ။
"မင်းသာ ရှဲ့သားအဖလက်ကနေ လွတ်မြောက်ချင်တယ်ဆိုရင် ငါမင်းကို ကူညီမယ်၊" လိုကျစ်ကွေ့က ခါးကိုအနည်းငယ်ကိုင်းပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့ထွက်သက်တွင် တရုတ်တိုင်းရင်းဆေးနံ့များ သင်းနေဆဲဖြစ်ပြီး ပန်းရနံ့များနှင့် ရောစပ်ကာ နဉ်ရှောင်ယောင်းကို အနည်းငယ်တွေဝေသွားစေသည်။
"ငါတို့နှစ်ယောက်ရဲ့ ကိစ္စတွေကိုတော့" လိုကျစ်ကွေ့က ထပ်ပြောသည်၊ "အနာဂတ်မှာမှ ပြောကြတာပေါ့၊ ဟုတ်ပြီလား။"
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ "ဘာကိစ္စတွေလဲ။"
စစ်သေနာပတိချုပ်လိုက အိမ်ရှေ့စံမင်းသားသေဆုံးမှုအတွက် သူမကို အပြစ်မတင်သရွေ့ သူတို့နှစ်ယောက်ကြားမှာ ဘာအကြွေးတွေ ရှိသေးလို့လဲ။ နဉ်ရှောင်ယောင်း တကယ်မသိပေမယ့် လိုကျစ်ကွေ့ကတော့ ဒီလောကကြီးမှာ မိန်းမတိုင်းက သူတို့ရဲ့အပျိုစင်ဘဝကို တန်ဖိုးထားကြတယ်လို့ ယုံကြည်သည်။ နဉ်ရှောင်ယောင်းက မသိချင်ယောင်ဆောင်နေတာပဲ ဖြစ်ရမည်။
"သွားကြစို့၊" လိုကျစ်ကွေ့က ကိုယ်ကိုမတ်လိုက်ပြီး ရှေ့သို့လျှောက်သွားသည်။
"အာ့? အိုး။" နဉ်ရှောင်ယောင်းက သူ့ဘေးတွင် လိုက်လျှောက်သည်။ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းက ထိုညက ဖြစ်ရပ်များကို မပြောဘဲနေသည့်အတွက် သက်ပြင်းချလိုက်သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူ့ကိုယ်သူ စိတ်ထဲမှ ရှုတ်ချနေမိသည်။ မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို ယူပြီးသွားပြီးနောက်မှာ သူက သူတို့အနာဂတ်အကြောင်း မပြောဘဲနေဖို့ တောင်းဆိုခဲ့သည်။ ဒီတော့ သူက အဲဒီလို ယုတ်မာတဲ့လူယုတ်မာတစ်ယောက်ပဲပေါ့။ သူ့အဖေနဲ့ အစ်ကိုတွေသာ အသက်ရှင်နေသေးရင် သူ့ကို သေအောင်ရိုက်ကြမှာ သေချာသည်။
"ကျွန်တော်မျိုး၊" သူတို့ လမ်းဆုံးသို့ ရောက်ခါနီးတွင် လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ညင်သာစွာ ပြောလိုက်သည်။ "ကျွန်တော်မျိုး နောက်ထပ် ဘယ်တော့မှ ဇနီးယူတော့မှာ မဟုတ်ဘူး။ အရှင်မင်းကြီး နန်းတော်ထဲမှာ ရှိနေသရွေ့ ကျွန်တော်မျိုး ဘယ်သူ့ကိုမှ လက်ထပ်မှာမဟုတ်ဘူး။"
"…" နဉ်ရှောင်ယောင်း ဆွံ့အသွားသည်။ ဒါဆိုရင် လောင်တက သူမကို သေအောင်ကိုက်မှာပေါ့။
"အနာဂတ်မှာ၊" လိုကျစ်ကွေ့၏ လေသံက ပုံမှန်မဟုတ်တော့ပေ၊ "အနာဂတ်မှာ ကျွန်တော်မျိုး အရှင်မင်းကြီးကို အရာအားလုံး ရှင်းပြမှာပါ။"
နဉ်ရှောင်ယောင်းက သူပြောတာကို နားမလည်သေးပေ။ စစ်သေနာပတိချုပ်ကြီးက ဘာလို့ သူမကို အရာအားလုံးရှင်းပြပြီး ဇနီးမယူဘဲနေရမှာလဲ။
အဝေးမှ အလျင်အမြန်ပြေးလာသော မြင်းခွာသံများ နီးကပ်လာသည်။ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း ခြေဖျားထောက်ကာ ကြည့်နေသည်ကို မြင်ပြီး ပြောလိုက်သည်၊ "မြို့စောင့်တပ်မှူးချုပ်ရဲ့ တပ်တွေ ရောက်လာပြီ။"
နဉ်ရှောင်ယောင်းက နားလည်သလို 'အိုး' ဟု ပြောလိုက်သော်လည်း မြို့စောင့်တပ်မှူးချုပ်ဆိုတာ ဘာလဲဆိုတာ သူမ လုံးဝမသိပေ။ သူတို့နှစ်ယောက် လမ်းဆုံးသို့ရောက်ချိန်တွင် မြို့စောင့်တပ်မှူးချုပ် ထောင်ချန်က သူ့လူများနှင့် မြင်းများကို လမ်းဆုံသို့ ခေါ်ဆောင်လာသည်။ လိုကျစ်ကွေ့ကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။
"ဆက်သွားလိုက်၊" လိုကျစ်ကွေ့က အေးစက်စွာ ပြောလိုက်သည်။
ထောင်ချန်က မြင်းပေါ်တွင်ထိုင်ရင်း လိုကျစ်ကွေ့ကို လက်သီးဆုပ်အရိုအသေပြုပြီး မြင်းကို ရှေ့သို့ဆက်သွားစေသည်။ လိုကျစ်ကွေ့ကို ဖြတ်ကျော်သွားပြီးမှ သူ့ဘေးက အရပ်ပုပုလူကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ မြင်းပေါ်တွင် လှုပ်ရှားသွားသည်။ သူက အာဏာပါးကွပ်သားကို ကွပ်မျက်သည့်နေ့တွင် ရှိနေခဲ့ပြီး နဉ်ရှောင်ယောင်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်ခဲ့သည်။ အရှင်မင်းကြီးက ဘာလို့ ဒီမှာရောက်နေတာလဲ။
"သွားကြစို့၊" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ နောက်သို့သွားကာ သူမကို တိုက်တွန်းလိုက်သည်။ နဉ်ရှောင်ယောင်းက စတင်လျှောက်လှမ်းသော်လည်း ရှေ့က လက်နက်ကိုင်တပ်ဖွဲ့များကို စူးစမ်းစွာ ကြည့်နေမိသည်။ ထောင်ချန်က နဉ်ရှောင်ယောင်း ထွက်သွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသည်။ လိုကျစ်ကွေ့က ဘယ်အချိန်ကတည်းက အရှင်မင်းကြီးရဲ့ အနီးကပ်လူယုံတော် ဖြစ်သွားတာလဲ။ အမတ်ချုပ်ကြီးနဲ့ အရှင်မင်းကြီးကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။
"ခုနကလူက မြို့စောင့်တပ်မှူးချုပ်ပဲ၊" လိုကျစ်ကွေ့က ပြောသည်။ "သူက အမတ်ချုပ်ကြီးရှဲ့ရဲ့ တတိယမြောက်သမက်ပဲ။ အရင်က သူက တောင်ပိုင်းရေတပ်က တိုက်ခိုက်ရေးသမားတစ်ယောက်။ ကိုးနှစ်အကြာမှာ အမတ်ချုပ်ကြီးက သူ့ကို မြို့တော်ကို ပြန်ခေါ်ပြီး မြို့စောင့်တပ်မှူးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။"
နဉ်ရှောင်ယောင်းသည် မူလက ထိုတပ်ဖွဲ့များကို မီးရှူးတိုင်ကိုင်ဆောင်သူများကဲ့သို့ တောက်ပသော သံချပ်ကာများနှင့် ခန့်ညားသော အရှိန်အဝါများရှိသည်ဟု ခံစားခဲ့ရသော်လည်း သူတို့ခေါင်းဆောင်က အမတ်ချုပ်ကြီးရှဲ့နှင့် ဆက်စပ်နေကြောင်း ကြားလိုက်ရပြီးနောက် သူတို့အပေါ် ဘာခံစားချက်မှ မရှိတော့ပေ။
"အမတ်ချုပ်ကြီးရဲ့ စံအိမ်မှာနေတုန်းက သူ့ကို မတွေ့ဖူးဘူးလား၊" လိုကျစ်ကွေ့က မေးလိုက်သည်။
"ဟီးဟီး၊" နဉ်ရှောင်ယောင်းက ပြန်ဖြေသည်။ ဒါကိုတော့ နဉ်ယွီကို မေးရလိမ့်မည်၊ သူမကတော့ မသိပေ။
လမ်းဆုံ၏ ဘယ်ဘက်တွင် နောက်ထပ်တည့်တည့်သွားသော လမ်းတစ်လမ်းရှိသည်။ နဉ်ရှောင်ယောင်း ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး ကြောင်များ၏ အော်သံကို ကြားလိုက်ရသည်။ ခဏနားထောင်ပြီးနောက် သူမသည် ကြောင်များ၏အသံကို နားလည်သလိုမျိုး ဤအသံများကို နားမလည်သောကြောင့် တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။
"ကလေးတစ်ယောက်လား၊" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို မေးလိုက်သည်။ ဒီလောက်ညဉ့်နက်ကြီးမှာ ကလေးတစ်ယောက်က လမ်းပေါ်မှာ ဘာလို့ထွက်ငိုနေရတာလဲ။
လိုကျစ်ကွေ့က မလှမ်းမကမ်းက ဝါးမိုးကာတစ်ခုကို ကြည့်ကာ ညွှန်ပြလိုက်သည်။ "အဲဒီမှာ စတုဒိသာကျွေးတဲ့နေရာရှိတယ်။ နေ့ခင်းဘက်မှာ ချမ်းသာတဲ့မိသားစုတစ်စုက ဆင်းရဲသားတွေအတွက် ဆန်ပြုတ်အခမဲ့ဝေတယ်။ ဒုက္ခသည်တွေက မနက်ဖြန် သူတို့ဆန်ပြုတ်ကို အစောဆုံးရနိုင်ဖို့ အနီးအနားမှာ စောင့်နေကြတာဖြစ်မယ်။"
အခမဲ့အစားအစာ ဝေတဲ့မိသားစုတွေတောင် ရှိသေးတာလား။ နဉ်ရှောင်ယောင်း ရှေ့သို့ပြေးသွားသည်။ ဒီလိုကောင်းတဲ့အခွင့်အရေးကို သူမ လက်လွတ်မခံနိုင်ပေ။ သို့သော် သူမ မိုးကာအောက်သို့ ရောက်သောအခါ ဘယ်ညာတွင် လမ်းကြားနှစ်ခုကို တွေ့လိုက်ရသည်။ ထိုအတွင်းက မြင်ကွင်းက… သူမကို အံ့အားသင့်စွာဖြင့် ကြက်သေသေသွားစေသည်။
လမ်းကြားထဲတွင် ထိုင်နေသောလူများဖြင့် ပြည့်နှက်နေပြီး အားလုံးမှာ စုတ်ပြဲနေသောအဝတ်အစားများ ဝတ်ဆင်ထားကြသည်။ အသက်ကြီးသူများမှသည် ကလေးငယ်များ၊ လူလတ်ပိုင်းများအထိ အားလုံးမှာ ပိန်လှီဖျော့တော့နေကြသည်။ ဘယ်ဘက်လမ်းကြားတွင် အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို ပွေ့ဖက်ငိုကြွေးနေပြီး သူ့ပတ်ဝန်းကျင်ကလူများမှာမူ မျက်နှာသေများဖြင့် ကြည့်နေကြသည်။ နဉ်ရှောင်ယောင်း နားထောင်ပြီးရင်း နားထောင်သော်လည်း အစောကကြားခဲ့သော ကလေးငယ်၏ ငိုသံကို မကြားရတော့ပေ။ သူမနှလုံးသား အနည်းငယ် တုန်လှုပ်သွားပြီး ထိုအမျိုးသမီးအနားသို့ အမြန်ပြေးသွားလိုက်သည်။ အမျိုးသမီးက ခေါင်းမော့ကာ နဉ်ရှောင်ယောင်းကို ကြည့်သောအခါ သူမပါးစပ်က ငိုရှိုက်သံများ ထွက်နေသော်လည်း မျက်လုံးများမှ မျက်ရည်မကျတော့ပေ။ နဉ်ရှောင်ယောင်းက လက်လှမ်းကာ သူမရင်ခွင်ထဲက ကလေးငယ်ကို တို့ထိလိုက်သည်။ သူ့အသားအရေမှာ နွေးနေသေးသော်လည်း သူ့နှလုံးခုန်ရပ်သွားပြီဖြစ်သည်။ သူမသည် လူသေကို ပြန်အသက်သွင်းနိုင်စွမ်းမရှိသောကြောင့် လက်ကို ပြန်ရုတ်လိုက်သည်။
"ကျွန်မသားလေး နေမကောင်းဘူး၊" အမျိုးသမီးက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းကိုသပ်လိုက်သည်။ ကလေးငယ်မှာ သုံးနှစ်ထက်မပိုသော်လည်း သူ့ကိုယ်လုံးမှာ ကျူရိုးတစ်ချောင်းလို ပိန်လှီနေသည်။ သို့သော် သူ့ဗိုက်မှာမူ ဖောင်းကားနေသည်၊ ဒါက အငတ်ဘေးကြောင့်ဖြစ်သော ဖောရောင်ခြင်း လက္ခဏာပင်။ ကလေးငယ်မှာ ငတ်သေသွားခြင်း ဖြစ်ရမည်။
"သေပြီ၊" အနီးနားက အဘွားအိုတစ်ဦးက အသံဩဩဖြင့် ပြောလိုက်သည်။ "သူ့ကို ဆက်မပွေ့ထားနဲ့တော့။"
အမျိုးသမီးက ကလေးငယ်ကို ချော့သိပ်နေသကဲ့သို့ လွှဲရင်း တစ်ဖန်ပြန်ငိုကြွေးတော့သည်။
နဉ်ရှောင်ယောင်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ ဒီကမ္ဘာမှာ ဖုတ်ကောင်မရှိ၊ ညစ်ညမ်းမှုမရှိ၊ သို့သော် ကောင်းကင်ပြာနှင့် သန့်ရှင်းသောရေများဖြင့် ပြည့်နှက်နေသည်။ သို့သော် လူတွေက ဒီမှာ ငတ်သေနိုင်သေးတာလား။ လမ်းကြားတစ်လျှောက် ကြည့်လိုက်သောအခါ ကလေးအားလုံးမှာ ငတ်မွတ်မှုကြောင့် ဗိုက်များ ဖောင်းကားနေသည်ကို တွေ့လိုက်ရသည်။ ပိန်လှီသော လူအချို့က ချမ်းသာသောမိသားစုမှ သားတစ်ယောက်ပုံပေါက်နေသော နဉ်ရှောင်ယောင်းကို ဖြည်းဖြည်းချင်း ဝိုင်းလာကြသည်။ သူမပခုံးပေါ်တွင် သိမ်းငှက်တစ်ကောင်ရှိနေရာ ပိုက်ဆံမလုနိုင်လျှင် ငှက်ကို ဖမ်းသွားနိုင်သည်။ ဈေးတွင် မရောင်းလျှင်တောင် သူတို့အတွက် အရသာရှိသော အစားအစာတစ်နပ် ဖြစ်လာနိုင်သည်။
ဤတွင် နဉ်ရှောင်ယောင်းသည် အလွန်အမင်း စိတ်မသက်မသာဖြစ်ကာ ခြေထောက်ကိုဆောင့်ရင်း လမ်းကြားထဲမှ ပြေးထွက်သွားသည်။ လူများက သူမကို ဝိုင်းရံရန် အသင့်ဖြစ်နေသော်လည်း နဉ်ရှောင်ယောင်းက လေပြင်းတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားရာ သူတို့ကို ကြောက်လန့်တကြားဖြစ်သွားစေသည်။ ဒါက သရဲလား။
နဉ်ရှောင်ယောင်းသည် ညာဘက်လမ်းကြားထဲသို့ ပြေးဝင်သွားပြန်သည်။ အရင်အတိုင်းပင် ဒီမှာရှိသောလူများအားလုံးမှာ ပိန်လှီဖျော့တော့နေပြီး မျက်နှာသေများဖြင့် ရှိနေကြသည်။ ကလေးများမှာ ပိန်ပြီး ဗိုက်များဖောင်းကားနေကြကာ လူတိုင်းက နဉ်ရှောင်ယောင်းကို မရှိသကဲ့သို့ စိုက်ကြည့်နေကြသည်။ ဆာလောင်မှုက သူတို့၏ စူးစမ်းလိုစိတ်အားလုံးကို လုယူသွားခဲ့ပြီဖြစ်သည်။ လိုကျစ်ကွေ့က ဝါးမိုးကာအောက်က ခုံတန်းပေါ်တွင် ငြိမ်သက်စွာထိုင်ရင်း လှုပ်ရှားမှုမရှိသော နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ အမတ်ချုပ်ကြီး၏စံအိမ်သည် လှောင်အိမ်တစ်ခုဖြစ်နိုင်သော်လည်း ၎င်းသည် လှပသော ပိုးထည်များ၊ ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသော လှောင်အိမ်ဖြစ်သည်။ ဒါက အရှင်မင်းကြီး၏ ဤဒုက္ခသည်များကို ကိုယ်တိုင်မျက်စိဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်မည်ဟု လိုကျစ်ကွေ့ ယုံကြည်သည်။
နဉ်ရှောင်ယောင်း၏အိတ်ကပ်ထဲတွင် သကြားလုံးများ ရှိနေသေးသော်လည်း သူမ ထုတ်ယူမပြရဲပေ။ ကမ္ဘာပျက်ကပ်မှ ရှင်သန်ခဲ့ရသော သူမ၏အတွေ့အကြုံက ဤသကြားလုံးများကို ထုတ်ပြလိုက်လျှင် လူများကို အချင်းချင်းနင်းခြေတိုးဝှေ့ကာ ရူးသွပ်စွာ လုယက်စေမည်ကို သင်ပေးခဲ့သည်။ အသက်ကြီးသူများနှင့် ကလေးများမှာ ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ကြပေ။
"အစေခံ လိုချင်ပါသလား။" သူမ၏ညာဘက်မှ အလွန်တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်သောအခါ ကောင်မလေးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူမရှေ့က ဖျာပေါ်တွင် အဘိုးကြီးတစ်ဦး လဲလျောင်းနေသည်။
"ကျွန်မ ပိုက်ဆံမလိုချင်ပါဘူး၊ ဒါပေမဲ့ ကျွန်မအဘိုးကို ကယ်ပေးနိုင်မလား။" ကောင်မလေးက ခေါင်းမော့ကာ မေးလိုက်သည်။
နဉ်ရှောင်ယောင်းက အဘိုးကြီးဘေးသို့ လျှောက်သွားပြီး သူ၏ထိုးထွက်နေသော နံရိုးများကို ကြည့်ကာ ကောင်မလေးကို ခေါင်းခါပြလိုက်သည်။ "သူ သေနေပြီ။" သူ့ကိုယ်ပေါ်တွင် သေဆုံးပြီးနောက် ဖြစ်ပေါ်တတ်သော အစက်အပြောက်များ ပေါ်နေပြီဖြစ်ရာ ဒီလူ သေဆုံးသွားသည်မှာ အနည်းဆုံး နှစ်နာရီခန့်ရှိပြီဖြစ်သည်။
ကောင်မလေးက ခေါင်းငုံ့လိုက်သော်လည်း မငိုပေ။ သူမက စုတ်ပြဲနေသော ဂွမ်းစောင်ကို အဘိုးကြီး၏မျက်နှာကို ဖုံးလွှမ်းသွားသည်အထိ ဆွဲတင်လိုက်သည်။ နဉ်ရှောင်ယောင်းက ကောင်မလေးနောက်တွင် နှစ်နှစ်၊ သုံးနှစ်အရွယ် ကောင်လေးတစ်ယောက် အိပ်ပျော်နေသည်ကို မြင်ပြီး မေးလိုက်သည်၊ "မင်းရဲ့မောင်လေးလား။"
ကောင်မလေးက ခေါင်းညိတ်ပြီးနောက် ရုတ်တရက် ခေါင်းပြန်မော့လာသည်။ "သခင်လေး၊ ကျွန်မတို့ သခင်လေးရဲ့ အစေခံတွေအဖြစ် နေနိုင်ပါတယ်။ ကျွန်မတို့ စားဖို့ အစားအစာနည်းနည်းပဲ လိုပါတယ်။"
"မင်း အသက်ဘယ်လောက်ရှိပြီလဲ။" နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ဆယ်နှစ်၊ မဟုတ်ဘူး၊ ကျွန်မ ဆယ့်နှစ်နှစ်ပါ၊" ကောင်မလေးက အလျင်အမြန်ပြောလိုက်သည်။ "ကျွန်မက သန်မာတယ်၊ ဆန္ဒရှိတယ်၊ ဘယ်လိုအလုပ်မျိုးမဆို လုပ်နိုင်ပါတယ်။"
"ကျွန်တော်လည်းလုပ်နိုင်တယ်!"
"ကျွန်မရောပဲ!"
……
ခဏအကြာတွင် နဉ်ရှောင်ယောင်းကို လူအုပ်ကြီးတစ်အုပ်က ဝိုင်းရံထားပြီး အားလုံးက သူမ၏အစေခံများဖြစ်ချင်ကြသည်။ သူတို့က စားစရာအနည်းငယ်မှလွဲ၍ ဘာမှပြန်မလိုချင်ကြပေ။ နဉ်ရှောင်ယောင်း အလွန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူမသည် ရောဂါကုသနည်းနှင့် ဖုတ်ကောင်သတ်နည်းကို သိသော်လည်း ဤသို့သောအခြေအနေကို ဘယ်လိုကိုင်တွယ်ရမည်ကို ဘယ်သူမှ မသင်ပေးခဲ့ပေ။ ဒီတော့ ဒီကမ္ဘာမှာလည်း သူ့ရဲ့အရုပ်ဆိုးတဲ့နေရာတွေ ရှိနေတာပဲ။
အဘိုးကြီး၏ရုပ်အလောင်းဘေးတွင် ကိုယ်ကိုကိုင်းထိုင်ရင်း နဉ်ရှောင်ယောင်းက သူမလက်ချောင်းများကို လက်ဖဝါးထဲသို့ စိုက်ဝင်သွားအောင် ဆုပ်ကိုင်လိုက်သည်။ စစ်တပ်ထဲက ဖခင်ကြီးက သူမကို လိမ်မပြောခဲ့ဘူး။ ကောင်းကင်ဘုံရှိလျှင် ငရဲပြည်လည်း ရှိသည်တဲ့။
***