← Chapters

လေးစားရသော host...သင်က တကယ်ကို အံ့သြဖို့ကောင်းပါတယ်

Vol. 1 Ch. 7

လေးစားရသော host...သင်က တကယ်ကို အံ့သြဖို့ကောင်းပါတယ်

Vol. 1 Ch. 7

"ဟမ်?"

သူ့အကြည့်တွေက ခေါင်မိုးပေါ်ကို ဖြတ်ကျော်သွားရင်း အမူအရာက အနည်းငယ်ပြောင်းသွားသည်။ ခရမ်းရောင် ပင့်ကူလေးက သူ့အကြည့်ထဲမှ လုံးဝ ပျောက်ကွယ်သွား၏။

ဒီသတ္တဝါလေးဟာ လျှို့ဝှက်ထောင့်တစ်ခုကို ရှာတွေ့ခဲ့တာ ဖြစ်လိမ့်မည်။

"ချင်းယန် မင်းဘာကြည့်နေတာလဲ"

ရှဟဲမှာ သူ မှုတ်ထုတ်နေတုန်း ချင်းယန်၏ အတွေးလွန်နေတဲ့ ပုံစံကို မြင်လိုက်ရတော့ သူ မမေးဘဲ မနေနိုင်တော့ပေ။

"ဘာမှမဟုတ်ဘူး"

ချင်းယန် အနည်းငယ် ဝမ်းနည်းသွားကာ ခေါင်းယမ်းလိုက်သည်။ စောစောက သူ တုံ့ပြန်မှု အရမ်းနှေးခဲ့၏။ ဒီပင့်ကူလေးဟာ သားရဲဧကရာဇ် ဖြစ်တယ်လို့ စနစ်က ပြောထားတာကြောင့် သူသာ သတ်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့အကြိမ်လိုပဲ ရက်ရက်ရောရော ဆုကြေးငွေတွေ ရနိုင်ခြေများပါသည်။

သို့သော်လည်း ချင်းယန်သည် ပင့်ကူငယ်၏ အရှိန်နဲ့ ၎င်းက ခေါင်မိုးပေါ်မှ ရွေ့လျားနေသဖြင့် ၎င်းကို လိုက်လံရှာဖွေရန် ခက်ခဲမည်ကိုတော့ သိပါသေးသည်။

"ထူးကဲတဲ့ ဉာဏ်ရည်... လူ့သိုင်းပညာကို လေ့လာဖို့ စွဲလန်းတာ.... ဒီပင့်ကူလေးက တကယ် ဝိညာဉ်တစ်ကောင်ပဲ..."

ပင့်ကူငယ်လေး၏ စနစ်ဖော်ပြချက်ကို စဉ်းစားရင်း ချင်းယန် အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်သည်။

"ဒါဆိုရင်တော့ ဒီပင့်ကူလေးက စာကြည့်တိုက်ကနေ ထွက်သွားဦးမှာ မဟုတ်ဘူး"

ဒီပင့်ကူလေးဟာ လူ့သိုင်းပညာကို လေ့လာရတာကို နှစ်သက်တဲ့အတွက် ဒီစာကြည့်တိုက်မှာ ဆက်ပြီး ပုန်းနေလိမ့်မည်။ အချိန်ကြာလာတာနဲ့အမျှ သူနောက်ဆုံးမှာ အခွင့်အရေးတစ်ခုကို ရှာတွေ့မယ်လို့ ယုံကြည်လိုက်သည်။

"ဧကရာဇ်အဆင့် ကြယ်သားရဲ..."

"ငါသတ်လိုက်ရင် စနစ်ရဲ့ဆုလာဘ်က ပိုလို့တောင် ရက်ရောလောက်တယ်"

ချင်းယန် မျှော်လင့်ချက် အရိပ်အယောင်လေး ခံစားလိုက်ရသည်။ ထို့နောက် ချင်းယန်သည် စာကြည့်တိုက်တစ်ဝိုက်တွင် အခါအားလျော်စွာ လမ်းလျှောက်ကာ ပင့်ကူငယ်အား စောင့်ကြည့်နေလေသည်။

ကံမကောင်းစွာပဲ ပင့်ကူလေးဟာ အလွန်သတိ ရှိပုံရ၏။ ဤအကြီးစား ရှင်းလင်းမှုမှ ဆူညံသံများကြောင့် နောက်ရက် အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပေလိမ့်မည်။ တစ်ဆက်တည်း ပြောရလျှင် ပင့်ကူငယ်လေး၏ သွက်လက်ချက်ကြောင့် အမဲလိုက်တာကလည်း အလွန်ခက်ခဲပေလိမ့်မည်။

ချင်းယန် ခဏလောက်စဉ်းစားပြီး လျှို့ဝှက်လက်နက်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

...

ကျန်းချောင်ကိုယ်ခံပညာ စာကြည့်တိုက်အထက်တွင် အားကောင်းမောင်းသန် ရှိသူများသည် ကံဆိုးသောဦးလေးအား အဆိပ်ရှိ အင်းဆက်ကိုက်ခံရခြင်းဆိုင်ရာ အဖြစ်အပျက်ကို အမြန်ပဲ ဖြေရှင်းနိုင်ခဲ့သည်။

ချင်းယန် နဲ့ ရှဟဲတို့လည်း သူတို့ရဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ်နိုင်ခဲ့ကြသည်။

"နေကြာအပ်ကိုးချောင်း? ချင်းယန် မင်းက တကယ်ကို မနိုင်တော့ဘူး... ဘာစာအုပ်ဖြစ်ဖြစ် အကုန်ဖတ်တာပဲ!"

ဧရိယာတစ်တွင် ရှဟဲ ရုတ်တရက် ပေါ်လာပြီး သူ့လက်ထဲမှ စာအုပ်ကို လုယူကာ အံ့အားသင့်သော အကြည့်ဖြင့် ပြောလိုက်သည်။

"မင်းဘာသိလို့လဲ... ပိုတတ်တာ နည်းတာထက် ပိုသိတာ ပိုကောင်းတယ်တဲ့..."

ချင်းယန် လျှို့ဝှက်စာအုပ်ကို လုယူကာ ဆက်လက် လေ့လာနေခဲ့သည်။ နေကြာအပ်ကိုးချောင်း သည် ခရမ်းရောင် ဝိညာဥ်ပင့်ကူသားရဲကို တိုက်ဖျက်ရန် သူ အထူးလေ့ကျင့်ထားသည့် လျှို့ဝှက်လက်နက် ဖြစ်သည်။

ဒီရည်ရွယ်ချက်ကြောင့် နေကြာအပ်ကိုးချောင်း သိုင်းကို လေ့ကျင့်ရန် အွန်လိုင်းကနေ ပန်းထိုးအပ် တစ်သုတ်ကိုပင် မှာထားခဲ့သေးသည်။

သူ့ရဲ့ မွေးရာပါနယ်ပယ် ခြေလှမ်းတစ်ဝက် လေ့ကျင့်မှုနဲ့အတူ ဒီအခြေခံ ကျင့်စဥ်တွေက သူ့အတွက်တော့ ပြဿနာ မရှိတော့ပေ။

"တစ်နေ့လုံး မင်းဘာတွေ တွေးနေတာလဲ ငါတကယ် နားမလည်ဘူး"

ရှဟဲသည် ချင်းယန်၏ လုပ်ရပ်ကြောင့် လုံးဝကို ထိတ်လန့်သွားသည်။

ဘာလို့ စာအုပ်တွေ အများကြီးဖတ်တာလဲ။

ဘာအတွက်လဲ။

သူအရင်က ချင်းယန်ရဲ့ ကိုယ်ခံပညာအရည်အချင်းကို မေးမြန်းထားပြီးသားပါ။ ဒီလောက် အသုံးမကျတဲ့လူ ဆိုမှတော့ သူနဲ့တူအောင် ဘာလို့ သွားမအိပ်ရတာလဲ။

စာကြည့်တိုက် စီမံခန့်ခွဲသူ လုပ်တာက သက်တောင့်သက်သာ ဖြစ်အောင်လို့လား။

လူတိုင်း လဲလျောင်းနေပေမယ့် သူက ဒီမှာပဲ ထိုင်နေတုန်း။

ချင်းယန် သူ့ကို ဂရုမစိုက်တော့ချေ။

စာမဖတ်ရင် ပိုင်ကျင်းဟန့်မှာ မင်းနဲ့သွားပြီ နေ့တိုင်း ချိန်းတွေ့ရမှာလား။ ငါ့မှာ ဖခင်ကောင်းတစ်ယောက် ရှိမယ်လို့များ ထင်နေလား။

ရှဟဲ ထွက်သွားပြီးနောက် ချင်းယန် ဆက်ဖတ်နေလိုက်သည်။ ထိုအချိန်တွင်ပင် ယင်ကောင်တစ်ကောင် မဝေးလှသော စားပွဲထောင့်သို့ ဆိုက်ရောက်လာသည်။

ချင်းယန်၏ မျက်လုံးများလည်း တောက်ပလာပြီး အိတ်ကပ်ထဲမှ ပုံးတစ်ပုံးကို ချက်ချင်းဆွဲထုတ်ကာ လက်ချောင်းထိပ်ကြားတွင် ပန်းထိုးအပ်တစ်ချောင်းကို ညှပ်ယူလိုက်သည်။

သူ့အတွင်းစိတ်စွမ်းအင်တွေကို လည်ပတ်ရင်း အပ်ကို လက်ထဲမှာ ရစ်ပတ်ပြီး လက်ညှိုးထိပ်ကို ပွတ်သပ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ချင်းယန်၏ လက်ချောင်းများကြားမှ သေးငယ်သော အပ်တစ်ချောင်း ပြေးထွက်လာပြီး ထိုယင်ကောင်ကို စားပွဲပေါ် တိကျစွာ ထိုးစိုက်ပစ်သည်။

"မဆိုးပါဘူး... မဆိုးပါဘူး... ဒီအကွက်က တကယ် ထိရောက်သားပဲ..."

ချင်းယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒီအတိုင်းဆို အခုကစပြီး အင်းဆက်ငယ်များကို အမဲလိုက်ရတာ ပိုမိုလွယ်ကူလာတော့မှာပဲ ဖြစ်သည်။ သူ နေကြာအပ်ကိုးချောင်းကို ကျွမ်းကျင်နေပြီ။

ခရမ်းရောင် ပင့်ကူလေးသာ သူ့မျက်မှောက်မှာ နောက်တစ်ကြိမ် ထပ်ပေါ်လာဖို့ သတ္တိရှိတယ်ဆိုရင် သတ်ပစ်နိုင်မယ်လို့ ချင်းယန် ယုံကြည်နေသည်။ ကံမကောင်းစွာပဲ သူသည် ပင့်ကူလေးကို ရှာဖွေနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ။ သဲလွန်စတောင် မတွေ့ရပေ။

ထိုနေ့က နွေဦးသန့်ရှင်းရေးတွင် ပိုးသတ်ဆေး အလွန်အကျွံ ဖြန်းခဲ့ခြင်းကြောင့် ပင့်ကူငယ်လေး ထွက်ပြေးသွားသလား တွေးနေမိသေးသည်။ အဲဒီသာလိုဖြစ်ရင် သူ့အတွက် ဆုံးရှုံးမှုက ကြီးမားသွားလိမ့်မည်။

"ချင်းယန်... စားချိန်ရောက်ပြီ ဖတ်နေတာ ရပ်တော့!"

မွန်းတည့်ချိန်ဖြစ်၍ ချင်းယန်နှင့် ရှဟဲ နေ့လည်စာစားရန် ကန်တင်းသို့ အချိန်မီ ရောက်လာခဲ့သည်။

"ချင်းယန်... မင်း ကြားမိလား ငါတို့ ကျန်းဟိုင်မြို့မှာ မကြာသေးခင်က သွေးဆာနေတဲ့ နတ်ဆိုးတစ်ကောင် ပေါ်လာတယ်တဲ့"

ရှဟဲ ရုတ်တရက် ထူးထူးခြားခြား ထပြောလိုက်သည်။ ချင်းယန် အံ့အားသင့်သွားသည်။

"သွေးဆာနေတဲ့ နတ်ဆိုး?"

"ဟုတ်တယ်... လူသွေးကိုပဲ စုပ်တဲ့ သွေးဆာနေတဲ့ နတ်ဆိုးတစ်ကောင်... ကြယ်ပွင့်ရဲဌာနက ရဲတွေက မနေ့ကမှ အလောင်းကို ရှာတွေ့ခဲ့တာလို့ ပြောတယ်... တွေ့တော့ အလောင်းက ခြောက်ကပ်ပြီး သွေးတွေ အားလုံးကို စုတ်ထုတ်ခံလိုက်ရပြီ...ကြောက်စရာကြီး!"

ဤသွေးဆာနေသော နတ်ဆိုးအကြောင်း ပြောနေစဥ် ရှဟဲမျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လွင်နေ၏။

"ငါ့ရဲ့ ခန့်မှန်းချက်ကတော့ အဲဒီသွေးဆာနေတဲ့ နတ်ဆိုးက မိစ္ဆာကျင့်စဥ် တစ်မျိုးမျိုးကို လေ့ကျင့်နေပြီး သူ့ရဲ့ စွမ်းအားကို တိုးမြင့်ဖို့ သွေးစုပ်ဖို့ လိုအပ်နေတာပဲ ဖြစ်ရမယ်"

ချင်ယန်၏ အမူအရာမှာလည်း အနည်းငယ် လေးနက်နေသည်။ ဒီကမ္ဘာကြီးက တကယ်ကို ကြောက်စရာကောင်းနေပြီ။ ကြောက်စရာကောင်းတဲ့ ကြယ်သားရဲတွေသာမကဘဲ မိစ္ဆာကျင့်စဥ်ကို လေ့ကျင့်နေတဲ့ နတ်ဆိုးတွေလည်း ရှိနေသေးသည်။

ချင်းယန်: "ရဲတွေက ဂရုမစိုက်ဘူးလား?"

"စိုက်တာပေါ့... ဒါပေမယ့် ဒီသွေးဆာနေတဲ့ နတ်ဆိုးက မယုံနိုင်လောက်အောင် လိမ္မာပါးနပ်တယ်ကွ! အခုတလော လူတော်တော်များများ အသတ်ခံခဲ့ရပေမယ့် ခြေရာလက်ရာတောင် ရှာမရသေးဘူး...သူတို့ ဒီသွေးဆာနေတဲ့ နတ်ဆိုးကို မကြာခင် ဖမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်... မဟုတ်ရင် ငါ ပိုင်ကျင်းဟန့်ကိုတောင် မသွားရဲလောက်တော့ဘူး"

ရှဟဲ မှုန်ကုပ်ကုပ်နဲ့ ပြောလိုက်သည်။

ချင်းယန် : "..."

ပိုင်ကျင်းဟန့်ကို တစ်ရက်လေး မသွားရဲဘဲ မနေနိုင်အောင် ဒီကောင် ရူးနေပြီလား။

သွေးဆာနေတဲ့ နတ်ဆိုးအဖြစ်အပျက်က ချင်းယန်ကို ဒီကမ္ဘာကြီးရဲ့ အန္တရာယ်တွေအကြောင်း ပိုသိလာစေခဲ့သည်။

ကံဆိုးတဲ့ ဦးလေးလိုပဲ၊

သွေးဆာနေတဲ့ နတ်ဆိုးကြောင့် ကြေကွဲဖွယ် သတ်ဖြတ်ခံခဲ့ရသူတွေ!

သူရဲကောင်းများ စုဝေးရာ ကြယ်ပွင့်ရဲဌာနရဲ့ ကာကွယ်မှုနဲ့တောင် အန္တရာယ်များစွာ ရှိနေသေးသည်။

ဒါပေမယ့် သူ သိပ်စိတ်မပူပါဘူး။

ကိုယ်ခံပညာစာကြည့်တိုက် ပိုင်ရှင်သည် မွေးရာပါနယ်ပယ်က ကြယ်စစ်သည်တစ်ဦး ဖြစ်ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေခဲ့သည်။ စာကြည့်တိုက်မှာ နေနေသရွေ့ လုံခြုံနေမှာပါ။

နောက်တစ်ခုက ကောင်းကင်ကြီး ပြိုကျလာရင် ကိုင်ထားဖို့ အရပ်မြင့်တဲ့သူတွေ ရှိတယ်လေ။

ဧရိယာတစ်ကို ပြန်ရောက်တော့ ချင်းယန် ဆက်ဖတ်ပြန်သည်။

"တင်း! သားရဲဧကရာဇ်ရဲ့ ရောင်ဝါကို ရှာတွေ့ထားပါတယ်... host ကျေးဇူးပြုပြီး ဒီနေရာကနေ ချက်ချင်း ပြေးပါ... host ကျေးဇူးပြုပြီး ဒီနေရာကနေ ချက်ချင်း ပြေးပါ!"

ထိုအချိန်တွင် စနစ်၏ အကြောင်းကြားချက် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ချင်းယန် ရုတ်တရတ် လန့်ဖျပ်သွားသော်လည်း ချက်ချင်းတုံ့ပြန်ပြီး စာကြည့်တိုက် ခေါင်မိုးဆီသို့ မော့ကြည့်လိုက်သည်။

ခေါင်မိုးပေါ်၌ ခရမ်းရောင် ရုပ်ပုံသဏ္ဌာန်လေး လွင့်ပျံလာသည်။

နောက်ဆုံးတော့ တွေ့ပြီ!

ချင်းယန် သူချည်ထိုးအပ်ကို အမြန်ဆွဲထုတ်ပြီး ခရမ်းရောင်ပင့်ကူကို ပစ်သတ်လိုက်သည်။

ရွှတ်!

နောက်အခိုက်အတန့်တွင် အပ်သည် ပင့်ကူသေးသေးလေးပေါ်သို့ တိကျစွာ ကျရောက်သွားသည်။ ပင့်ကူသေးသေးလေးက အိမ်ခေါင်မိုးပေါ်ကနေ တိုက်ရိုက် ပြုတ်ကျလာပြီး သူ့ခြေထောက်တွေနဲ့ ပြင်းပြင်းထန်ထန် ရုန်းကန်နေရ၏။

ဒါကိုမြင်တော့ ချင်းယန် နောက်ထပ် အပ်တစ်ချောင်းကို အမြန် ပစ်လိုက်သည်။ ဆေးထိုးအပ်နှစ်ချောင်း ထိုးပြီးနောက် ငြိမ်ကျသွားခြင်းမပြုမီ ပင့်ကူသေးသေးလေးသည် နှစ်ကြိမ်ခန့် လှုပ်ယမ်းသွားသေးသည်။

မလှုပ်မယှက် ပင့်ကူလေးကို ကြည့်လိုက်ချိန် ချင်းယန် ဝမ်းသာအားရနဲ့ ရှေ့ကို ပြေးသွားသည်။ တစ်ဆင်တည်း စိတ်ထဲကနေ စနစ်ဆီသို့ လှမ်းခေါ်လိုက်သည်။

"စနစ်... မင်းဘယ်မှာလဲ... ပြောဦးလေ!"

ချင်းယန် အော်လိုက်ပြီး တစ်ခဏအကြာတွင်မှ စနစ်က တုံ့ပြန်လာပုံရသည်။ လေသံက အလွန်ချဲ့ကားနေ၏။

"အို ဘုရားရေ... ငါ ဘာမြင်လိုက်တာလဲ host က သားရဲဧကရာဇ်အဆင့် ကြယ်သားရဲကို တကယ်သတ်လိုက်တာပဲ!... လေးစားရပါသော hostရေ.. မင်းကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ!"

"တင်း! ကြယ်စင်ဧကရာဇ်အဆင့် သားရဲတစ်ကောင်ကို သတ်နိုင်တဲ့အတွက် host ကို ဂုဏ်ပြုပါတယ်... သင့်ရဲ့ဆုငွေ အဆနှစ်ဆယ် တိုးလာပါပြီ....."

All Chapters