အင်ပါယာအဆင့် ကြယ်သားရဲ
Vol. 2 Ch. 15
သွေးစုပ်တဲ့ မျော့ကြီးလား?
စနစ်က သူ့ကို လှုံ့ဆော်ပေးလိုက်တာကြောင့် ချင်းယန် အရမ်းစိတ်ရှုပ်သွားသည်။
ဘာလို့ သွေးနတ်ဆိုး ဆိုပြီး မျှော့တစ်ကောင် ဖြစ်နေရတာလဲ?
ဒီသွေးနတ်ဆိုးက လူလား တိရစ္ဆာန်လား။
ထိုအချိန်တွင် ချင်းယန်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။
မျိုးစိတ်- သွေးစုပ်ပိုးကောင် (ရှေးဟောင်းနတ်ဆိုးသွေး ပါ၀င်သည်)
အဆင့်- အင်ပါယာအဆင့်
မွေးရာပါ စွမ်းရည်များ- သွေးစုပ်ခြင်း၊ ကပ်ပါးရောဂါ၊ မသေနိုင်သောခန္ဓာကိုယ်
လက္ခဏာများ- လူ့သွေးကို စုပ်ရတာ ကြိုက်ခြင်း
"ခဏနေဦး..."
သူ့ရှေ့က အလင်းရောင် ဖန်သားပြင်ကို ကြည့်ရင်း ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းပင် သူ သင်ယူဖူးသော ဇီဝကမ္မလက္ခဏာများကို သတိရလိုက်သည်။
၎င်းတို့သည် ကောက်စိုက်ခင်းများတွင် အချိန်ကြာမြင့်စွာ နေထိုင်ကြပြီး ပျော့ပျောင်းသည်။ အရိုးမရှိသော်လည်း လူသားများကိုယ်ပေါ်တွင် ကပ်ပါးကောင်များအသွင် တွယ်ကပ်ကာ သွေးစုပ်ကြသည်။
မျှော့ကောင်တွေ အရေပြားမှာ တွယ်ကပ်သွားပြီဆိုရင် လက်နဲ့ ဖယ်ရှားဖို့က အရမ်းခက်ခဲလိမ့်မည်။
စနစ်က ညွှန်ပြနေတဲ့ သွေးစုပ်ပိုးကောင်က အခု လူသားတွေကို သတ်ဖြတ်နေတဲ့ ကပ်ပါးကောင်တွေလား။
ချင်းယန် ဒါကိုတွေးပြီးနောက် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရပြီး သူ့အကျပ်အတည်း ခံစားချက်ကလည်း ချက်ချင်းပေါက်ကွဲသွားသည်။
'ဒီသွေးဆာနေတဲ့ နတ်ဆိုးက မသေသေးဘူးလား?'
ဒါကိုတွေးပြီးတာနဲ့ ချင်းယန် သူ့ရှေ့က ဗီဒီယိုကို ကြည့်ပြီး အကြောင်းအရာကို အာရုံစိုက်လိုက်သည်။ ဗီဒီယိုရဲ့ တိုးတက်မှုဘားသည် ဖြည်းဖြည်းချင်း အဆင့်မြင့်လာသည်။
ဗီဒီယိုထဲမှာ အစောင့်အကြပ်တွေက သေဒဏ်စီရင်ရေး မြေပြင်မှာ တပ်စွဲထားကြ၏။
သွေးဆာနေတဲ့ နတ်ဆိုးကြီးက သူ့ခေါင်းပေါ် အိတ်တစ်လုံးနဲ့ အဖြူအမည်း အစင်းကြောင်း ထောင်ဝတ်စုံကို ဝတ်ပြီး မြေပြင်ပေါ် ဒူးထောက်ထိုင်ချထားသည်။ ကွပ်မျက်သူတွေထဲက တစ်ယောက်က သူ့ဓားရှည်ကို ဆွဲထုတ်ပြီး သူ့ရဲ့ စွမ်းအင်တွေကို စုဆောင်းကာ နတ်ဆိုးရဲ့ လည်ပင်းကို လှီးဖြတ်လိုက်တော့သည်။
ရွှင်း!
ဓားစွမ်းအင် ကျသွားစဥ် ခေါင်းဖြတ် ဗီဒီယိုထဲက ဦးခေါင်းကလည်း မြေပြင်ပေါ် ပြုတ်ကျပြီး လူးလိမ့်ကာ သွေးဆာနေတဲ့ နတ်ဆိုးရဲ့ အသက်ဆုံးခန်းကို အချက်ပြနေ၏။
ဤအခိုက်အတန့်တွင် ရှဟဲသည် ဝက်သားကင်များကို မြုံ့ငုံရင်း ဗီဒီယိုထဲက ခေါင်းမဲ့အလောင်းကို လက်ညှိုးထိုးပြပြီး ပြောသည်။
"ဒီနတ်ဆိုးကောင် နောက်ဆုံးတော့ သေသွားပြီ... ကောင်းလိုက်တာ အရသာရှိချက်ပဲ!"
သူ့ရန်သူကို ကိုယ်တိုင် သတ်လိုက်ရသလိုမျိုး ရှဟဲတစ်ယောက် ပျော်နေမိသည်။ သို့သော် ချင်းယန် မတုံ့ပြန်ခဲ့ပေ။ အဲဒီ့အစား သူ့မျက်ခုံးပင့်သွားပြီး အခြေအနေ မကောင်းမှန်း ရုတ်တရက် သိလိုက်၏။
သွေးဆာနေတဲ့ နတ်ဆိုးက တကယ်သေပြီလား?
တကယ် သူစိတ်ကူးထားတဲ့ အတိုင်းသာဆို ဒီသွေးစုတ်နေတဲ့ နတ်ဆိုးရဲ့ နောက်ကွယ်မှာ လက်မည်းတစ်ကောင် ရှိလေသည်။
ဒါဆို ကြယ်ပွင့်ရဲဌာနရဲ့ ခေါင်းဖြတ်မှုက ပြီးပြည့်စုံတဲ့ အမှိုက်တစ်ခု ဖြစ်သွားမှာ မဟုတ်ဘူးလား။
တကယ်တော့ မျှော့တွေစွဲကပ်နေတဲ့ လူသားဟာ ရုပ်သေးရုပ်ထက် ဘာမှ မပိုနိုင်တော့ချေ။ သွေးစုပ်တဲ့ မျှော့တွေအတွက်ကတော့ ဒီလူသားကို စွန့်ပစ်လိုက်တာက ဘာပြဿနာမှ မရှိပေ။
သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ရုပ်သဏ္ဌာန်ကို ဆုံးရှုံးပြီးနောက် သူတို့ဟာ နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို ရှာဖွေပြီး ပြီးမြောက်ဖို့ အနည်းငယ် ပိုအားထုတ်ဖို့ပဲ လိုလိမ့်မည်။ တစ်နည်းဆိုရသော် ကြယ်ပွင့်ရဲဌာနရဲ့ ခေါင်းဖြတ်ခြင်းသည် လုံးဝ အကျိုးသက်ရောက်မှု မရှိပါ။
"အလောင်းကနေ ရှင်ပြန်ထမြောက်တာလား... ဒါဆို မသေမျိုးနဲ့ ဘာကွာတော့မှာလဲ?"
ချင်းယန်သည် ဤထူးဆန်းသော စွမ်းရည်ကို တွေးတောကာ အနည်းငယ် စိုးရိမ်သွားခဲ့သည်။
လူသားကို ရုပ်သေးများလို ထိန်းချုပ်နိုင်စွမ်းနှင့်အတူ သတ္တိရှိကာ ဇွဲလည်း ကောင်းနေဦးပါက အမှန်တကယ်ပင် အလွန်အန္တရာယ်များလှသည်။
"ဧကရာဇ်အဆင့် ကြယ်သားရဲပြီးတော့ အင်ပါယာအဆင့် ကြယ်သားရဲ ပေါ်လာတယ်..."
ဒါကိုတွေးရင်း ချင်းယန် အနည်းငယ် ထိတ်လန့်လာ၏။ အင်ပါယာအဆင့် ကြယ်သားရဲက ဘာလဲ။ သူ ၎င်းတို့အကြောင်း တစ်ခါမှ မကြားဖူးခဲ့ပါ။ စာကြည့်တိုက်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ စွယ်စုံကျမ်းတွင်ပင် ၎င်းတို့အကြောင်း မှတ်တမ်းတင်ထားခြင်း မရှိချေ။
သူတို့မသိတဲ့အချက်က ၎င်းတို့ရဲ့ ကြောက်စရာအကောင်းဆုံး အသွင်အပြင်ကိုပါပဲ။
"သူတို့ကို ဘယ်သူကမှ မှတ်တမ်းမတင်ရတဲ့ အကြောင်းရင်းက အင်ပါယာအဆင့် ကြယ်သားရဲတွေနဲ့ ကြုံဆုံခဲ့တဲ့ အချိန်မှာ သူတို့တွေ့တဲ့ နေရာမှာပဲ ကိုက်စားခံလိုက်ရလို့ ဖြစ်နိုင်တယ်... သူတို့မှာ နောက်ဆုံးစကားတွေကို ချန်ထားဖို့ အချိန်တောင် မရှိဘူး!"
ချင်းယန်သည် အင်ပါယာအဆင့် ကြယ်သားရဲများ၏ ခွန်အား သူ့ဉာဏ်ဖြင့် ကောက်နုတ်လိုက်သည်။ အဲဒီစွမ်းရည်ရှိတဲ့ ကြယ်သားရဲတွေဟာ ဂိုဏ်းဆရာ အဆင့်ကို ရောက်နေပြီဆိုတာ သံသယဖြစ်စရာ မလိုချေ။ ထို့အပြင် ပိုတောင် မြင့်နိုင်သေးသည်။
ဂိုဏ်းဆရာနယ်ပယ်များပင်လျှင် သူတို့ရှေ့တွင် ပုရွက်ဆိတ်မျှသာဖြစ်နိုင်ပြီး အလွယ်တကူ ကိုက်စားခံနိုင်ရသည်။
"ကြောက်စရာကောင်းတယ်... ဒါကြီးက အရမ်းကြောက်စရာကောင်းတယ်"
ချင်းယန် ကြောက်ရွံ့ပြီး မသေချာမရေရာသော ခံစားချက်များဖြင့် ခေါင်းယမ်းလိုက်သည်။
"ဒီကမ္ဘာက တကယ်ကို အန္တရာယ်များလွန်းတယ်"
စနစ်၏ အချက်ပြမှုများသည် အမြဲတမ်း အနည်းငယ် မှားယွင်းနေတတ်သော်လည်း သူ လုံးဝ အနားယူလို့ မရပေ။
"စနစ်ရဲ့ မမှန်ကန်တဲ့ အချက်တွေကို မကြောက်ဘူး... တစ်နေ့မှာ ရုတ်တရက် တိကျလာမှာကိုပဲ ကြောက်ရတာ... အဲဒါက ဘေးအန္တရာယ်တစ်ခု ဖြစ်လာမှာကိုပဲ ကြောက်ရမှာ.."
ကမ္ဘာဖျက် ကြယ်သားရဲတစ်ကောင် ပေါ်လာပြီး သူ ပိုးဟပ် တက်နင်းသလိုမျိုး လူသားတွေကို ဆက်ဆံနေရရင် ဘယ်လိုလုပ်ကြမလဲ?
ကြိုတင် ပြင်ဆင်မှုမရှိရင် သေမှာ မလွဲပေ။
ဒါကို စဉ်းစားရင်း ချင်းယန် တိတ်တဆိတ် တွေးလိုက်မိသည်။ ရှေးစကားအတိုင်းပင် 'နှိမ့်ချတတ်ပြီး ကြီးပွားပါစေ... အန္တရာယ်ကင်းစွာ ကစားပါ ရူးရူးမိုက်မိုက် မလုပ်ပါနဲ့'။
သွေးစုတ်နေသော မျှော့များကို တက်ကြွစွာ ရှာဖွေရမလား မေးခွန်းထုတ်စရာ မလိုပေ။
ကောင်းကင်ကျလာရင် ကိုင်ထားရမယ့် အရပ်မြင့်တဲ့သူတွေ ရှိတယ်လေ။ ကြယ်ပွင့်လက်နက်ကိုင် ရဲဌာနတွင် စွမ်းရည်ပြည့်ဝသောလူများရှိပြီး ၎င်းတို့တွင် သဘာဝအလျောက် အဖြေတစ်ခုခု ရလိမ့်မည်။
ပြီးတော့ သူ့လို သာမန်လူတစ်ယောက်က ဒါကို ဘာကြောင့် စိတ်ပူနေရမှာလဲ။
ရိုးရိုးသားသား ဘဝကို ဖြတ်သန်းတာကမှ အကောင်းဆုံးပင်။
"အဟင်း~ လောင်ချင်း... မင်း အလုပ်ဆင်းပြီးရင် ဒီည အားလား"
စားပွဲတစ်ဖက်မှ ရှဟဲသည် ဝမ်းဗိုက်ကို ကျေနပ်စွာ ပွတ်သပ်ကာ ပြောလိုက်သည်။
"ငါ့ကို စောစောက ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွာ.. သွေးဆာနေတဲ့ နတ်ဆိုးရဲ့ သေဆုံးမှုကို ဂုဏ်ပြုဖို့အတွက် မင်းကို အသားစားဖို့ ပိုင်ကျင်းဟန့်ကို ခေါ်သွားပေးမယ်လေ..."
ဒါကိုကြားလိုက်တာနဲ့ ချင်းယန် ပါးစပ်ထောင့်က လှုပ်သွားတော့သည်။
လာပြန်ပြီ ဒီကလေး...
နေ့တိုင်း ပိုင်ကျင်းဟန့်...
မြို့တွင်း အခြေအနေက မသေချာတဲ့အတွက် အထူးသတိထားဖို့ လိုနေသေးသည်။ ချင်းယန် သူ့လက်ကို ပြတ်ပြတ်သားသား ဝေ့ယမ်းလိုက်သည်။
"ဒီည ငါ့မှာ အစီအစဥ်ရှိတယ်... နောက်တစ်ခေါက်မှပေါ့... "
"လာပြန်ပြီ နောက်တစ်ခါ... ဘာဖြစ်နေတာလဲ ကောင်လေး"
ချင်းယန်၏ ငြင်းဆိုချက်ကို ကြားတော့ ရှဟဲ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ငါ မင်းကို အရင်တစ်ခါက ကျေးဇူးကို ပြန်ဆပ်ဖို့ ခေါ်နေတာကို... မင်းက အလကား ဝင်ခွင့်လက်မှတ်တောင် မလိုချင်ဘူးလား"
"ကျေးဇူးပဲ... ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျန်းဟိုင်မြို့ အခြေအနေကြောင့် စိတ်မသက်မသာ ဖြစ်နေရုံပါကွာ..."
ချင်းယန် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး။
"မင်း အပြင်သွားတဲ့အခါ သတိထား"
တိုးတိုးလေး ထပ်ပြောလိုက်သည်။
"သတိထားရမယ်.. ဟေး ချင်အိုကြီး မင်းဘာကို အရမ်းကြောက်နေတာလဲ ငါနားမလည်ဘူး... အခု သွေးဆာနေတဲ့ နတ်ဆိုးကြီး သေသွားပြီလေ... ဘာကို ကြောက်ရမှာလဲ"
ရှဟဲ မျက်လုံးပြူးပြီး မခန့်ညားစွာ ပြောလိုက်သည်။
"ငါ..."
ဒါကိုကြားတော့ ချင်းယန် စကားမဆက်ဘဲ ခဏလောက် ငြိမ်သွားပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ ထူးဆန်းသော ကြိုတင်သတိပေးချက် တစ်ခုက သူ့နှလုံးသားထဲ ရစ်ဝဲလာသည်။
ဒီသွေးဆာနေတဲ့ နတ်ဆိုးကြီး သိပ်မကြာခင် မြို့ထဲမှာ ပြန်ပေါ်လာနိုင်လောက်သည်။ ဒါပေမဲ့ စကားလုံးတွေက မလုံလောက်ချေ။ စကားလုံးက သက်သေပြနိုင်စွမ်း မရှိရာ တခြားသူတွေကို ပြောပြနေရင် ဘာထူးပါ့မလဲ။
သူတို့မျက်လုံးထဲမှာ မင်းက နိမ့်ကျတဲ့ စာကြည့်တိုက်က စီမံခန့်ခွဲသူပဲ..။
မင်းကိုဘယ်သူယုံမှာလဲ။
'ငါ့ခွန်အားက အားနည်းလွန်းတယ်...'
နောက်အခိုက်အတန့်တွင် ချင်းယန်သည် ဉာဏ်အလင်းရနိုင်သော အတွင်းစိတ်လောကကို အာရုံစိုက်ပြီး သူ၏ ကိုယ်ခံပညာကိုသာ ဆက်လက် ပေါင်းစပ်ခဲ့သည်။
နောက်ထပ် အောင်မြင်မှုတွေအတွက် ပြင်ဆင်နေပါပြီ။
…………
ညဉ့်နက်ပြီ။
ကြယ်ပွင့်ရဲဌာန၊ မီးသဂြိုလ်စက်။
ကြီးမားသော မီးသဂြိုလ်သံကြီး ကျယ်လောင်လာကာ အလင်းရောင်မှိန်ပျပျ အခန်းတွင်းသို့ ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားသည်။ လူ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် အေးစက်သော ကုတင်ပေါ်တွင် လှဲနေ၏။ သူ့မျက်လုံးများက သွေးများထွက်နေပြီး မျက်နှာကျက်ကို စေ့စေ့ကြည့်ကာ စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ဖောက်!
ထိုအချိန်တွင် ထူးဆန်းသော အသားများ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
နောက်အခိုက်၌ ကြီးမားသော သွေးနီရောင် မျှော့တစ်ကောင်သည် အနှီခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ဒီအချိန်မှာ အပြင်ဘက်မှ အရှိန်ပြင်းပြင်းနဲ့ ခြေသံတွေ ထွက်လာလေသည်။ မီးသဂြိုလ်တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး အလုပ်သမားတစ်ယောက် ဝင်လာ၏။ လက်ထဲမှာ ဖုန်းကိုင်ထားသည်။
"ဟယ်လို မိန်းမ ကြားလား? ဒီရင်ခွဲခန်းထဲက လိုင်းသိပ်မကောင်းဘူး... ဒီည နောက်ဆုံးမိနစ်မှာ အချိန်ပိုနည်းနည်းရှိတယ် ငါ့သူဌေးက ငါ့ကို အရေးတကြီး လုပ်ခိုင်နေတာ... မကြာခင် ပြန်လာခဲ့မယ် မင်းအိပ်လို့ရပြီ"
သူသည် သူ့ဖုန်းနှင့် ခေါင်းကို ညှပ်ကာ ပလပ်စတစ်လက်အိတ်များ စွပ်ရင်း အလောင်းကို မီးသဂြိုလ်ရန် ပြင်ဆင်နေခဲ့သည်။
"လောလောဆယ် စကားမပြောနဲ့ဦး... ဒီည ဒီအလုပ်က ခက်တယ်... ပြန်လာရင် ထပ်ပြောမယ်"
သို့သော် သူ့စကားမဆုံးခင် အခွင့်အလမ်းကို စောင့်ဆိုင်းရင်း မြေပြင်ပေါ်တွင် ရွေ့လျားနေသော သွေးစုတ်မျှော့တစ်ကောင်သည် ရုတ်တရက် ကောက်ကွေးကာ သူ့အရေပြားပေါ်သို့ ခုန်တက်လာ၏။
သူ့အသွေးအသားတွေကို မျိုချလိုက်ပြီးနောက် ထိုခန္ဓာကိုယ်ထဲကို တိုက်ရိုက် စိမ့်ဝင်သွားတော့သည်။
ထိုလူလည်း အေးခဲသွားတော့သည်။
ခဏကြာတော့ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ ကြက်သွေးရောင် အလင်းတွေ ပေါ်လာခဲ့လေသည်။