အူတိုင် ၂
Vol. 82 Ch. 816
အတိအကျ သက်သေမပြရသေးသည့်ယူဆချက်ဟူသည် ယူဆချက်သက်သက်သာဖြစ်သည်။ သို့သော် ယခုအတွက် အဆိုပါယူဆချက်မှာ အရှိတရားတခု ဖြစ်လာခဲ့ပေပြီ။
စုချန်းအနေနှင့် လူပျံတော်များ ဤအရာကို မည်သို့မည်ပုံ လုပ်ခဲ့မှန်း မသိချေ။ သို့သော် သံသယဝင်စရာမလိုလောက်အောင် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် ယခုအချိန်အထိ အသက်ရှင်သန်နေနိုင်ခဲ့ခြင်းသည် အကန့်အသတ်မဲ့ မူလပင်လယ်နှင့် အများကြီး သက်ဆိုင်နေ၏။
သမိုင်းကြောင်းအရ မူလသားရဲကြီးများသည် မူလစွမ်းအင်ကို မှီခိုကာ အသက်ရှင်ကြရပြီး သူတို့ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များ တဖြည်းဖြည်းပါးလျားလာသည်နှင့်အမျှ မြေအောက်သို့ တိုးဝင်ဆောင်းခိုကုန်ကြသည်ဟု သိရှိထား၏။ သို့သော် လူတစ်ယောက်က သူတို့အား မူလစွမ်းအင်များ လုံလောက်အောင်ဖြည့်တင်းပေးနိုင်ခဲ့လျင် မည်သို့ရှိမည်နည်း။ အဖြေမှာ ထင်သည့်အတိုင်း မှန်ပါသည်။ မူလသားရဲကြီးများ ယခုအချိန်ထိ ဆက်လက်အသက်ရှင်သန်နိုင်ကြပေလိမ့်မည်။
အကန့်အသတ်မဲ့မူလပင်လယ်မှ တိုးထွက်လာသောမူလစွမ်းအင်များသည် လူပျံတော်များ၏ ကမ္ဘာဦးမတိုင်မီသားရဲကြီးခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေပြီး ၎င်းကို မူလစွမ်းအင်ဖြတ်သန်းစီးဆင်းရာ သက်ရှိမူလစွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်၏။ အကန့်အသတ်မဲ့မူလပင်လယ်နှင့် သားရဲကြီးအား ချိတ်ဆက်ပေးထားသည်မှာကား အရိပ်ပင်လယ်ကွင်းဆက်များပေတည်း။
၎င်းသည် နက်ရှိုင်းပင်လယ်ကျောက်ဆူးကို သုံးပြီး လူပျံတော်များရရှိခဲ့သည့် သင်ခန်းစာ ဖြစ်ပေလိမ့်မည်။ နက်ရှိုင်းပင်လယ်ကျောက်ဆူးသည် မိုးပျံမြို့တော်ကို နေရာတွင် သော့ခတ်ထားခဲ့သော်ငြား အရိပ်ပင်လယ်ကွင်းဆက်ကတော့ သားရဲကြီးကို နေရာတွင် သော့ခတ်ထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သားရဲကြီးသည် ယခုအချိန်ထ်ိ အသက်ရှင်သန်နိုင်သေးပြီး လှုပ်ရှားနိုင်နေခြင်းပင်။ သို့သော် အရိပ်ပင်လယ်ကွင်းဆက်သည် သားရဲကြီးကို တနေရာတည်းတွင် သော့ခတ်မထားသော်ငြား တဆက်တစပ်တည်း အကြာကြီး အသုံးပြု၍ ရပုံမရ။ အချိန်တိုင်း ပြောင်းလဲပေးနေရန် လိုအပ်သည့်ပုံ ပေါက်နေသည်။ စုချန်း ရောက်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် အရိပ်ပင်လယ်ကွင်းဆက်ကို လဲလှယ်ရန် လိုအပ်နေသောအချိန် ဖြစ်ပုံရ၏။
နက်ရှိုင်းသလင်းများကို လူပျံတော်များက အကန့်အသတ်မဲ့ မူလပင်လယ်ထဲမှ ရရှိနေကြပုံရ၏။ တကယ်တော့ အကန့်အသတ်မဲ့ မူလပင်လယ်တွင် အမျိုးမျိုးသော ပုံဆောင်ခဲကဲ့သို့ အရာဝတ္ထုများ ပါဝင်ပြီးသား ဖြစ်သည်။ သို့သော် စွမ်းအင်များ၏ ပြင်းထန်သော သဘောသဘာဝကြောင့် အထဲသို့ဝင်ရောက်ယူငင်ရန်မှာ ဖြစ်နိုင်စရာမရှိ။
လူပျံတော်များသည် အရိပ်ပင်လယ်ကွင်းဆက်ကို တီထွင်ပြီးနောက် ဤကိရိယာသည် မူလစွမ်းအင်ကို စုပ်ယူနေချိန်တွင် ပုံဆောင်ခဲတချို့ကိုပါ ထုတ်ပေးနိုင်ကြောင်း မတော်တဆ တွေ့ရှိသွားပုံရ၏။ ထိုပုံဆောင်ခဲများကတော့ နက်ရှိုင်းသလင်းများပင် ဖြစ်ကြလေသတည်း။
ထို့ကြောင့် အရိပ်ပင်လယ်ကွင်းဆက်ကို လဲလှယ်တိုင်း လူပျံတော်များက နက်ရှုင်းသလင်းများကိုပါ တောင်းယူနေကြခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ဤနေ့မျိုးသည် တော်ဝင်လူပျံတော်များအတွက် အကျိုးအမြတ်များ ဆွတ်ခူးသည့် နေ့တနေ့ဟု ဆိုနိုင်၏။ ထို့ပြင် တော်ဝင်လူပျံတော်များသည် အဆိုပါ နက်ရှိုင်းသလင်းများကို ရယူရန်အတွက် အချင်းချင်း ပြိုင်ဆိုင်နေကြသေးသည်။
မြစ်နေမင်းသည် ယနေ့အတွက် ဤပြိုင်ပွဲတွင် အနိုင်ရသူ ဖြစ်နေနိုင်သည်။ သူ့အတွက် ကံမကောင်းသည်မှာ သူမရောက်ခင် စုချန်းက သူ့ထက်အရင် ရောက်သွားခြင်းပင်။ လက်မှုပညာရှင်သည် ကစဥ့်ကလျားမျှော်စင်၏ အတွင်းပိုင်းကို လိုက်ပြရင်း စုချန်းကို မေးလိုက်၏။
"သခင်မြစ်နေမင်း မြင်ရသလောက် ဘယ်လိုများထင်သလဲခင်ဗျာ"
" ကောင်းတယ် သိပ်ကောင်းတယ်"
စုချန်းက ချီးကျူးလိုက်သည်။
"ခုဆိုရင် မျှော်စင်ရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံအများစုကို သခင် မြင်ပြီးသွားပြီ ဒီတော့ နက်ရှိုင်းသလင်းတွေကို လက်ခံဖ်ို့ အခုပဲ ကျုပ်နဲ့ လိုက်ခဲ့တော့မလား ဒါမှမဟုတ် သခင်မလေးလှယမင်း ပြန်ရောက်လာတာကိုစောင့်ပြီး သူ အဌမလက်စွပ်အဆင့် ရောက်သွားတာကို ဂုဏ်ပြုသွားအုံးမလားခင်ဗျ"
အဌမလက်စွပ်အဆင့် အာကင်နာပညာရှင်တယောက် လာတော့မယ်ဆိုပါလား...
စုချန်း အလန့်တကြား ဖြစ်သွား၏။ သူ နက်ရှိုင်းသလင်းများကိုယူပြီး ပြန်တော့မည်ဟု ပြောမည့်ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် တိမ်ပင်လယ်လုပ်သား၏ ကိုယ်ခန္ဓာ မသိမသာ တုန်ယင်နေသည်ကို သူတွေ့လိုက်ရ၏။ ထိုအခါ ကနဦးက တိမ်ပင်လယ်လုပ်သား မျှော်စင်ပတ်ပတ်လည်အား လိုက်ပြရန် ခေတ္တမျှ တုံ့ဆိုင်းသွားသည်ကို ပြန်တွေးမိပြီး စုချန်း အတွေးတချက် ပေါက်သွားလေသည်။ ထိုအခါ သူက ပြောလိုက်၏။
"နေပါအုံး ကျုပ်အနေနဲ့ သိပ်လောနေစရာမှ မရှိတာပဲ ဖြစ်နိုင်မယ်ဆိုရင် ခရမ်းရောင်မ်ိုးသားနီလာခရမ်းကို ကျုပ် အနီးကပ်ကြည့်ချင်သေးတယ်"
တိမ်ပင်လယ်လုပ်သားက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"သခင်မြစ်နေမင်းခင်ဗျာ သခင်မလေးလှယမင်း ခနနေ ပြန်ရောက်တော့မယ်ထင်တယ်"
စုချန်း ရယ်မောမိတော့သည်။
သူ အခြေအနေမှန်ကို နားလည်သွားခဲ့ပြီ မဟုတ်ပါလား။ တိမ်ပင်လယ်လုပ်သားသည် သူ့ကို လူမှားနေခြင်းမဟုတ်။၊ သူ မြစ်နေမင်းမဟုတ်မှန်း အစောကတည်းက သိထားသော်လည်း မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်နေသည်တကား။
အကြောင်းမှာ စုချန်းက သူတို့အားလုံးကို သတ်ပြီး နှုတ်ပိတ်ပစ်မည်ကို စိုးရိမ်နေသောကြောင့်ပင်။ တိမ်ပင်လယ်လုပ်သား၏ တုံ့ပြန်မှုနှင့် သုံးသပ်နိုင်စွမ်းမှာ အတော်လေး မြန်ဆန်၏။ အလင်းရောင်၏ ဖော်ထုတ်မှုကြောင့် လူပျံတော်တစ်ကောင် တိတ်တဆိတ် ဝင်ရောက်လာခြင်းမှာ ထင်ရှားနေသည်။ သို့သော် မျှော်စင်အတွင်းပိုင်းအထိ တိတ်တဆိတ် ဝင်ရောက်နိုင်သူ မည်သူမဆို အင်အားကြီးမားသူ ဖြစ်နေမည်မှာ သေချာနေ၏။
ကစဥ့်ကလျားမျှော်စင်၏ အလယ်ဗဟိုရှိ လက်မှုပညာသည်မျိုးစိတ်များသည် စူးစမ်းရှာဖွေရခြင်းကို နှစ်သက်ကြ၏။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အတော်ပင်နိမ့်ပါးနေမည်မှာ သေချာနေသည်။ ထို့ကြောင့် စုချန်းသာ သူတို့ကို သတ်ပစ်ရန်ဆုံးဖြတ်လိုက်လျင် သူတို့အားလုံး လည်စင်းခံရန်သာ ရှိနေ၏။
မြစ်နေမင်း၏နာမည်ကို မြန်မြန်ဆန်ဆန်ထုတ်ပြောလိုက်ခြင်းကြောင့် တိမ်ပင်လယ်လုပ်သား ဘာတွေတွေးနေမှန်း မြင်သာပေသည်။ မြစ်နေမင်းသည် တကယ့်လူပျံတော်တဦး ဖြစ်ပေလိမ့်မည်။ သို့မဟုတ်လျင် ကျန်လက်မှုပညာသည်မျိုးစိတ်များ ဤမျှ စိတ်အေးလက်အေး ရှိနေလိမ့်မည်မဟုတ်။ ထို့ကြောင့် တိမ်ပင်လယ်လုပ်သားသည် စုချန်းကို တဖက်လှည့်နှင့် ထွက်ပေါက်ပေးခဲ့ခြင်းဟု ဆိုနိုင်ပေသည်။
ထို့ပြင် တိမ်ပင်လယ်လုပ်သားက နက်ရှိုင်းသလင်းများအကြောင်း ထည့်ပြောခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိ၏။ သူက စုချန်းအနေနှင် နက်ရှိုင်းသလင်းများကို ယူပြီး ထိုနေရာမှ အမြန်ဆုံးထွက်ခွာသွားရန် တိုက်တွန်းလိုက်သည့်သဘောပင်။
နက်ရှိုင်းသလင်းများ တခြားတယောက်လက်ထဲပါသွားခြင်းကြောင့် လူပျံတော်များအနေနှင့် သူ့က်ို ဒေါသထွက်ပြီး အပြစ်ပေးခံရမည်မှာ သေချာနေသည်။ သို့သော် ၎င်းသည် အသတ်ခံရခြင်းထက်တော့ ပိုကောင်းသည် မဟုတ်ပါလား။ ထို့ပြင် တိမ်ပင်လယ်လုပ်သား၏ရာထူးကလည်း သိပ်မနိမ့်လှ။ ထို့ကြောင့် လူပျံတော်များအနေနှင့် သူ့ကို သတ်လိမ့်မည်မဟုတ်။ နည်းနည်းပါးပါး ဆုံးမရုံသာ ဆုံးမပေလိမ့်မည်။
အရာအားလုံးကို တိမ်ပင်လယ်လုပ်သားက ဂရုတစိုက် တွက်ချက်ထားပြီးသား ဖြစ်သည်။ သို့သော် မထင်မှတ်ပဲ စုချန်းက နက်ရှိုင်းသလင်းများကို စိတ်ဝင်စားခြင်းမရှိ။ ထိုအစား သူက ကစဥ့်ကလျားမျှော်စင်၏ လည်ပတ်ပုံကိုသာ ပို၍ စိတ်ဝင်စားနေ၏။ တကယ်လည်း စုချန်း၏ မျက်လုံးထဲတွင် မျှော်စင်၏ လည်ပတ်ပုံနောက်ကွယ်မှ အခြေခံသဘောတရားများတွင် များပြားလှသော အသိပညာ ဗဟုသုတများ ပါဝင်နေပြီး နက်ရှိုင်းသလင်းများထက် အများကြီး ပိုတန်ဖိုးရှိနေသည် မဟုတ်ပါလား။
တိမ်ပင်လယ်လုပ်သား အတော်လေး စိတ်လှုပ်ရှားနေ၏။ သူသည် အဌမလက်စွပ်အဆင့်အာကင်နာပညာရှင် သခင်မလေးလှယမင်းဟူသော နာမည်ကိုပါ ထည့်သွင်းပြောကြားပြီး စုချန်းကို ခြိမ်းခြောက်လိုက်သေးသည်။
သူမ တကယ်ရှိမရှိ စုချန်း လုံးဝမသိ။ သို့သော် လက်ရှိအခြေအနေအရ သခင်မလေးလှယမင်းသာ တကယ်ပြန်ရောက်လာတော့မည်ဆိုလျင် တိမ်ပင်လယ်လုပ်သားက စုချန်းကို ဤမျှ ကောင်းကောင်းမွန်မွန်ပြောဆိုသတိပေးနေတော့မည် မဟုတ်ချေ။ ထို့ကြောင့် အင်အားကြီးမားသော လူပျံတော်တစ်ကောင် မကြာခင်ရောက်ဖို့ဟူသည်မှာ ဖြစ်နိုင်ချေမရှိဟု စုချန်း ကောက်ချက်လျလိုက်တော့သည်။
သို့ဆိုလျင် သူ ဘာကြောင့်မြန်မြန် ထွက်သွားတော့မည်နည်း။
စုချန်းက ရယ်မောလိုက်၏။
"ကျုပ်အဖို့ မလောပါဘူးကွာ သခင်မလေးလှယမင်း တကယ် ပြန်ရောက်လာရင် ပိုတောင်ကောင်းသေးတယ် ဘာလို့လဲဆိုတော့ ကျုပ်နဲ့သူ မတွေ့ရတာ အတော်လေး ကြာသွားပြီလေ ဒီလိုဆိုရင်ကော? မင်းလူတစ်ယောက်ကိုနက်ရှိုင်းသလင်းတွေ ယူလာခိုင်းလိုက် ကျုပ်တို့က ဒီမှာ ဆက်ပြီး လေ့လာကြည့်ကြမယ်"
စုချန်း၏မျက်နှာပြောင်တိုက်မှုကြောင့် တိမ်ပင်လယ်လုပ်သား အကြပ်ရိုက်သွား၏။ သို့သော် သူ ဘာမှမတတ်နိုင်။
သူ့အသက်က စုချန်းလက်ထဲမှာ ရောက်နေပြီဖြစ်လေရာ ခိုင်းသမျှ လုပ်ရန်သာ ရှိတော့သည်။ ထိုအခါ သူ့က တပည့်တစ်ယောက်ကို နက်ရှိုင်းသလင်းများ ယူလာရန် လွှတ်လိုက်ပြီး စုချန်းနောက်သို့ ဆက်လိုက်သွားရလေသည်။
မိမိ၏ ဖုံးကွယ်မှု ပေါ်သွားပြီဖြစ်၍ စုချန်း အမျိုးမျိုးသော မေးခွန်းများကို မကွယ်မဝှက်ပင် မေးတော့သည်။
"ဒါက ဘာလဲ ဘာအတွက် သုံးတာလဲ"
"ဒီအစိတ်အပိုင်းရဲ့နောက်ကွယ်က စိတ်ကူးစိတ်သန်းက ဘာလဲ"
"သားရဲကြီးရဲ့ စိတ်ဝိညာဥ်က ကောင်းကင်မိုးသားနီလာခရမ်းထဲမှာ ရှိတာလား သားရဲကြီးကို ထိန်းချုပ်ဖို့ ဘာကြောင့် ဒီနည်းလမ်းမျိုးကို သုံးရတာလဲ"
"ဒီမူလပုံစံကြီးကို အရိပ်ပင်လယ်ကွင်းဆက်နဲ့ ဘယ်လို ချိတ်ဆက်ထားတာလဲ ဘာအတွက်သုံးတာလဲ"
"ကစဥ့်ကလျားမျှော်စင်အတွက် ပုံကြမ်းရှိသလား ပြီးတော့ မူလပုံစံတွေအတွက်ကော တခြား ရှာဖွေတွေ့ရှိမှုတွေရဲ့ မှတ်တမ်းတွေကော ရှိသလား"
စုချန်းသည် မေးခွန်းတွေ ဆက်တိုက်ဆိုသလို မေးနေ၏။ တိမ်ပင်လယ်လုပ်သားကလည်း ဆက်တိုက်ပင် ပြန်ဖြေနေသည်။ နောက်ဆုံးတွင် စုချန်းသည် သာမာန်လူပျံတော်များ အဖြေသိပြီးသားမေးခွန်းများကိုပင် မေးနေခဲ့၏။ သူ့မျက်နှာတွင်ကား မျက်နှာပြောင်တိုက်သော အမူအရာမျိုးကို အတိုင်းသား မြင်နေရသည်။
သို့သော် တိမ်ပင်လယ်လုပ်သားသည် စုချန်း၏ မေးခွန်းများကို ဖြေရင်းဖြေရင်း ပို၍အံ့သြလာ၏။ အစပိုင်းတွင် စုချန်း၏ မေးခွန်းများသည် အလွန် ရိုးရှင်းပြီး ကစဥ့်ကလျားမျှော်စင် လည်ပတ်ရာတွင် အသုံးပြုသော ကိရိယာများနှင့်စက်ယန္တရားများအကြောင်းကို အများဆုံး မေးခဲ့လေသည်။ တိမ်ပင်လယ်လုပ်သားသည် သူ နားမလည်သည်ကိုကြည့်ပြီး အထင်သေးခဲ့သော်ငြား အတတ်နိုင်ဆုံးတော့ ဖြေပေးခဲ့၏။ အကြောင်းမှာ ရှင်းပြခဲ့လျင်ပင် စုချန်း နားလည်မည်မဟုတ်ဟု သူ ထင်နေသည်မဟုတ်ပါလား။
စုချန်းတွင် အတွေ့အကြုံများ သို့မဟုတ် စိတ်ဝိညာဥ်သလင်း ရှိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ချေ။ တကယ်တော့ စုချန်းသည် တိမ်ပင်လယ်လုပ်သား ပြောသမျှ၏၈၀% ကို နားလည်နိုင်ခဲ့ပြီး ကျန်၂၀%ကိုမူ ပြန်လည်ဆန်းစစ်နိုင်ရန် စိတ်ဝိညာဥ်သလင်းထဲတွင် သိမ်းဆည်းထားခဲ့လေသည်။ ဤနည်းအားဖြင့် သူသည် နောက်ထပ်၁၀%ကိုပါ နားလည်သွားတော့၏။ ကျန်၁၀% ကိုတော့ သူက နောက်ဆက်တွဲ မေးခွန်းများ မေးပြီး အဖြေရှာနိုင်ခဲ့သည်။
စုချန်း၏ နားလည်နှုန်းမှာကား တကယ့်ကို အံ့မခန်းပင်။ တဖြည်းဖြည်းနှင့် တိမ်ပင်လယ်လုပ်သားပင် မျက်လုံးပြူးလာရတော့၏။ ခိုးဝင်လာသူ မည်သူမှန်း သူ မသိ။ သို့သော် ခိုးဝင်လာသူ၏ ပညာရှင်ဆန်သော သဘောသဘာဝက မှင်သက်စေသည်မှာ အမှန်ပင်။
နောက်ဆုံးတွင် စုချန်းက ကစဥ့်ကလျားမျှော်စင် ဘယ်လိုတည်ဆောက်ခဲ့ကြောင်း မေးလာသောအခါ သူ မအံ့သြမိတော့ချေ။ သူ အံ့သြနေသည်မှာ လူပျံတော်များထဲမှ ဤသို့အရည်အချင်းရှိသော ပညာရှင်တစ်ဦးကို မွေးထုတ်နိုင်ခဲ့ခြင်းကိုပင်။
ဒီလိုပညာရှင်မျိုးရှိရဲ့သားနဲ့ ခုမှ ဘာလို့ဒီကိုရောက်လာရတာလဲ နောက်တောင်ကျနေပြီ...
ပြီးတော့ သူ ဘာလို့ သူခိုးတယောက်လို ခိုးဝင်လာရတာလဲ...
တိမ်ပင်လယ်လုပ်သား နားမလည်နိုင်ပဲ ဖြစ်နေ၏။ စုချန်းသည် လူသားဖြစ်နိုင်သည်ဟူသော အတွေးမျိုး သူ့ခေါင်းထဲကိုတော့ ဝင်လာခြင်းမရှိ။ အကြောင်းမှာ စုချန်း၏အတောင်ပံများက အစစ်အမှန် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူ စုချန်းကို လူပျံတော်ဟုသာ ထင်နေမိ၏။
နောက်ဆုံးတော့ စုချန်းသည် တိမ်ပင်လယ်လုပ်သား ပြောသမျှကို နားထောင်ရင်း မတူညီသော သဘောတရားများကိုပါ မှတ်ချက်ပြုနိင်လာ၏။ တိမ်ပင်လယ်လုပ်သားနှင့် ကျန်လက်မှုပညာသည်များ၏ အတွေးအခေါ်များတွင် ရှိနေသည့်ပြဿနာတချို့ကိုပင် သူ တိုက်ရိုက် ထောက်ပြနိုင်လာ၏။ သူတို့ ရင်ဆိုင်နေရသည့် ပြဿနာတချို့ကိုပင် သူ ဖြေရှင်းပေးနိုင်ခဲ့လေသည်။
တဖက်တွင် တိမ်ပင်လယ်လုပ်သားကိုယ်တိုင်လည်လည်း ပညာရှင်တစ်ဦးဖြစ်ပြီး သင်ယူလိုစိတ် ပြင်းပြသူဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူ စုချန်းမေးသမျှကို စိတ်ပါလက်ပါနှင့် ဖြေကြားပေးနေတော့သည်။ ထိုမျှသာမကသေးပဲ သဘောတရားဆိုင်ရာ မေးခွန်းတချို့ကိုပင် စုချန်းနှင့် ဆွေးနွေးမ်ိတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် စုချန်းသည် သူ၏ အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်းချက်များကိုပါ စတင်ထောက်ပြလာလေရာ တိမ်ပင်လယ်လုပ်သား ကြက်သီးဖြန်းဖြန်းထလာတော့၏။
ဒီကောင် ကြောက်စရာကောင်းလှချည်လားဟ...
ဘယ်ကနေ ဘယ်လိုလုပ်ပြီး အခြေခံအဆင့်ကနေ ဆရာကြီးအဆင့်အထိ ရောက်သွားရတာလဲ...
အရေးအကြီးဆုံးမှာ စုချန်း ပြောပြပေးသည့် ဖြေရှင်းနည်းများသည် လက်တွေ့တွင် တကယ်အသုံးကျနေခြင်းပင်။ တဖြည်းဖြည်းနှင့် သူရှေ့ရှိ လူပျံတော်သည် ပို၍ ပဟေဋိဆန်လာကြောင်း တိမ်ပင်လယ်လုပ်သား တွေ့နေရသည်။
တိမ်ပင်လယ်လုပ်သား ထအော်မိတော့မလို ခံစားလာရ၏။ သူ့အသက်အတွက်သာ စိတ်ပူစရာမလိုလျင် စုချန်းကို သူနှင့်အတူ သုတေသနလုပ်ရန် တိမ်ပင်လယ်လုပ်သား ပြောမိကောင်းပြောမိပေလိမ့်မည်။ ကံဆိုးစွာပင် နက်ရှိုင်းသလင်းများကို ယူလာသည့် လက်မှုပညာသည်တဦးကြောင့် သူတို့နှစ်ဦးစကားဝိုင်းမှာ အနှောင့်အယှက် ဖြစ်သွားတော့၏။ နက်ရှိုင်းသလင်းများကို ကြည့်ရင်း သူတို့နှစ်ဦးလုံး တစ်ခုခုကို နားလည်လိုကကြသည်။ လမ်းခွဲရန်အချိန် ရောက်လာခဲ့လေပြီ။
ထို့နောက် တိမ်ပင်လယ်လုပ်သားက ရုတ်တရက် ပြောလိုက်၏။
"ကျုပ်ကို ခနလောက်စောင့်ပေးပါလား"
သူ အမြန်ပင် ထွက်သွားလေသည်။ စုချန်း စိုးရိမ်ပူပန်ခြင်းမရှိပဲ စိတ်အေးလက်အေးပင် ရပ်စောင့်နေ၏။
ခနအကြာတွင် တိမ်ပင်လယ်လုပ်သားပြန်ရောက်လာသည်။ သူ့လက်ထဲတွင်လည်း စာလိပ်ကြီးတစ်လိပ်ကို ကိုင်ထား၏။ သူက စာလိပ်ကို စုချန်းဆီ ပေးရင်း ပြောလိုက်သည်။
"ဒါ မျှော်စင်ဆောက်လုပ်ပုံနဲ့ အသုံးပြုပုံ မှတ်တမ်းတွေပဲ ကျုပ်ရဲ့ ကိုယ်ပိုင် မှတ်စုတွေဖြစ်ပေမဲ့ တရားဝင် မှတ်တမ်းတွေထက်တော့ မနိမ့်ဘူး ယူသွားလိုက်ပါ"
စုချန်း ကြောင်အန်းအန်း ဖြစ်သွား၏။
သူ တကယ် ပေးတော့မှာလား။
"ခင်ဗျား..."
တိမ်ပင်လယ်လုပ်သား စကားဖြတ်ပြောလိုက်လေသည်။
"ကျုပ်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို ကျုပ် သိထားသမျှ ပြောပြလိုက်တဲ့သဘောပါပဲ သူ ကျုပ်ကို မှတ်မိပြီး တစ်ခါတစ်လေ လာလည်မယ်ဆိုရင် ကျုပ် အရမ်းပျော်မိမှာသေချာတယ်"
"ကျုပ်သွားပြီးရင် ခင်ဗျား..."
တိမ်ပင်လယ်လုပ်သား ရယ်မောလိုက်သည်။
"ပြသနာမရှိပါဘူးလေ ဒီလောက်နဲ့ သူတို့ အသက်က်ိုရန်မရှာသေးပါဘူး"
***