လေဓားပြများကိုနှိမ်နှင်းခြင်း ၁
Vol. 82 Ch. 817
စုချန်းသည် တိမ်ပင်လယ်လုပ်သားကို နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာခဲ့၏။ ဤကိစ္စကို နောက်ပိုင်းတွင် တိမ်ပင်လယ်လုပ်သား မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို မသိသော်ငြား သူ့အတွက် ဘာပြသနာမှတက်စရာအကြောင်းမရှိ၍ စုချန်းအဖို့ စိတ်အေးလက်အေးပင်။
နောက်တစ်နေ့မနက်တွင် မျှော်စင်၏ ကာကွယ်ရေးစနစ်များ သိသိသာသာ အဆင့်မြှင့်တင်ထားသည်ကို စုချန်း ခံစားမိသည်။ လူပျံတော်စစ်သားများသည် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ လှည့်ပတ်ကင်းလှည့်နေကြ၏။ မနေ့က သူမွှေခဲ့သည့်ကိစ္စ ပြသနာတက်နေပြီမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။ သို့သော် လူပျံတော်များအဖို့မူ ၎င်းတို့ရှာဖွေနေသူသည် နောက်ထပ်လူပျံတော်တစ်ဦးသာ ဖြစ်ရမည်ဟု ယုံကြည်ထားကြ၏။ ခိုးဝင်လာသူသည် လူသားဖြစ်နေမည်မှန်း စိုးစဥ်းမျှပင် ထင်မထားကြချေ။ ၎င်းမှာ တကယ်တော့လည်း အံ့ဩစရာမဟုတ်။ အကြောင်းမှာ ကစဥ့်ကလျားမျှော်စင်ထဲသို့ ပထမဆုံး ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သူမှာ လူပျံတော်တစ်ဦး ဖြစ်နေသောကြောင့်ပင်။
စုချန်းကိုယ်တ်ိုင်ကလည်း မျှော်စင်၏ အဓိကအစိတ်အပိုင်းများကို လုံးဝထိခိုက်စေခြင်းမရှိခဲ့ချေ။ အကယ်၍ တကယ့်ရန်သူသာ ထိုးဖောက်ဝင်ရောက်ခဲ့ပါက ထိုသူသည် မျှော်စင်ကိုလည်း ကြီးကြီးမားမား ပျက်စီးစေခဲ့မည်။ ထို့ကြောင့် ယမန်နေ့က ထိုးဖောက်ဝင်ရောက်လာသူမှာ မျှော်စင်ထဲမှ ရတနာများကိုခိုးယူလိုသူ လူပျံတော်တဦးသာ ဖြစ်လိမ့်မည်ဟု သူတို့အားလုံး ယူဆလိုက်ကြလေသည်။
အဆိုပါ လူပျံတော်သူခိုး၏ ရည်ရွယ်ချက်မှာ နက်ရှိုင်းသလင်းများ ဖြစ်နိုင်သည်။ သို့မဟုတ် ကောင်းကင်မိုးသားနီလာခရမ်းလည်း ဖြစ်နေနိုင်၏။ သို့သော် လက်မှုပညာသည်များ၏ခုခံမှုကြောင့် နက်ရှိုင်းသလင်းအနည်းငယ်သာ သူခိုးလက်သို့ ပါသွားခဲ့သည်။ ထိုအတွက် တိမ်ပင်လယ်လုပ်သားနှင့် ကျန်လက်မှုပညာသည်များ နည်းနည်းပါးပါးတော့ အပြစ်ပေးခံလိုက်ရ၏။
ပြစ်ဒဏ်မှာ ပြောပလောက်အောင်မဟုတ်။ အကြောင်းမှာ လက်မှုပညာသည်များသည် သဘောတရားအရ လူပျံတော်များ၏ ဧည့်သည်မျှသာဖြစ်ပြီး ကောင်းကင်မြို့တော်များ၏ ယန္တယားများကို ၎င်းတို့ကပင် ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူပျံတော်များသည် ယခင်သင်ခန်းစာများအရ လက်မှုပညာသည်များကို တလေးတစား ဆက်ဆံလေ့ရှိကြ၏။ လက်မှုပညာသည်များဘက်မှ အမြင်အရ ဤပြသနာသည် လူပျံတော်များ၏ လုံခြုံရေးစနစ်နှင့်သာ ဆိုင်သည်။ သူတို့နှင့် မဆိုင်ချေ။ ၎င်းတို့ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းကပင် ကံကောင်းလှပြီ မဟုတ်ပါလား။
စုချန်းသည် ဤအကြောင်းများကို နောက်ပိုင်းမှသာ သိခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သူမြင်ခဲ့ရသမျှမှာ လူပျံတော်များသည် နက်နဲဆန်းကြယ်သည့် လျှို့ဝှက်လူပျံတော်တစ်ဦးကို ရှာဖွေနေကြသည် ဟူ၍သာတည်း။
သူတို့အဖွဲ့သည် မိုးပျံမြို့တော်သို့ မထွက်ခွာမီ ကစဥ့်ကလျားမျှော်စင်တွင် နှစ်ရက်တာမျှ နေခဲ့ကြ၏။ နောက်ဆယ်ရက်ခန့်အတွင်း မိုးပျံမြို့တော်သို့ သူတို့အဖွဲ့ ရောက်သွားပေလိမ့်မည်။ စုချန်းအတွက်တော့ ဘာမှတွေးပူနေစရာမရှိ။ သူ့အနေနှင့် ရရှိသောအချိန်လေးအတွင်းမှာပင် တိမ်ပင်လယ်လုပ်သားထံမှ ရရှိခဲ့သော အချက်အလက်သစ်များကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်လေ့လာသွားနိုင်သည် မဟုတ်ပါလား။
နက်ရှုင်းသလင်း သုံးဆယ့်တစ်လုံးကို စုချန်း လှည့်၍ပင်မကြည့်ပဲ အမှိုက်သဖွယ် ဘေးဖယ်ထားလိုက်၏။ ထို့အစား သူသည် တိမ်ပင်လယ်လုပ်သား၏ မှတ်စုများကိုသာ ဖန်တရာတေအောင် ပြန်လည်ဖတ်ရှုလေ့လာနေခဲ့လေသည်။ ၎င်းတို့သည် စုချန်း၏ မျက်လုံးထဲတွင် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်နေ၏။ အဖန်ဖန်တလဲလဲ လေ့လာဆန်းစစ်စရာများ ဖြစ်နေ၏။
ကစဥ့်ကလျားမျှော်စင်သည် ဗဟုသုတဘဏ္ဍာတိုက်ကြီးပေါ်တွင် တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ တာဝါကို အကန့်အသတ်မဲ့မူလပင်လယ်တည်ရှိသိုလှောင်ထားသည့်ဘုံနှင့် ချိတ်ဆက်ထားနိုင်ရန် လေဟာနယ်ဆိုင်ရာနိယာမများစွာကို အသုံးပြုခဲ့ပြီး ဤနည်းအားဖြင့် ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ မူလစွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့လေသည်။ သားရဲကြီးကိုမူ စိတ်ဝိညာဥ်စွမ်းအင်နှင့်ထိန်းချုပ်ထားပြီး မျှော်စင်နှင့်သားရဲကြီးကိုတော့ သက်ရှိပုံစံပြောင်းလဲမှုကိုသုံး၍ ပေါင်းစပ်ထားလေသည်။ ထင်ရှားသည်မှာ ဤလိုအပ်ချက်တစ်ခုချင်းစီအတွက် ထိပ်သီးကျွမ်းကျင်မှုရှိရန် လိုအပ်ခြင်းပင်။
ပို၍ အရေးအကြီးသည်မှာ ဤအသိပညာဗဟုသုတများသည် လူပျံတော်များထံမှ ရရှိလာသည်ဖြစ်၍ စုချန်း တစ်ခါမျှ မကြုံတွေ့ဖူးသော အယူအဆများစွာ ပါဝင်နေ၏။ လူပျံတော်များ၏ အမြင်ကို နားလည်အောင်ကြိုးစားခြင်းသည် စုချန်းကို များစွာ အမြင်ကျယ်လာစေ၏။ သို့နှင် သူသည် ဗဟုသုတပင်လယ်ကြီးထဲတွင်ရွက်လွှင့်ရင်း ဤကမ္ဘာအကြောင်းကို ပို၍ပို၍ နားလည်လာတော့သည်။
အသိပညာဗဟုသုတတိုးပွားလာသည်နှင့်အမျှ စုချန်း၏အင်အားမှာလည်း များစွာတိုးပွားလာခဲ့၏။ ဤတိုးပွားမှုသည်တကယ်တော့ စွမ်းအင်တိုးပွားလာခြင်းနှင့် မဆိုင်လှ။ စွမ်းအင်ဟူသည် ကျင့်ကြံခြင်းနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းမှသာ ရရှိနိုင်သောအရာ ဖြစ်သည်။ သို့သော် တစုံတရာကို နားလည်သွားခြင်းမှာ ထိုသို့မဟုတ်ပေ။ သဘောပေါက်နားလည်ခြင်းသည် လူတစ်ဦးအား စွမ်းအင်ကို ပိုမိုတိကျထိရောက်စွာ အသုံးပြုနိုင်စေရန် ကူညီပေး၏။ ၎င်းသည် သာမန်စွမ်းအင်ကို ထူးခြားသောစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပြီး ထူးခြားသောစွမ်းအင်ကိုတော့ ဒဏ္ဍာရီဆန်သောစွမ်းအင်အဖြစ်ပင် ပြောင်းလဲပေးနိုင်တတ်ပေသည်။
သို့နှင့် စုချန်းသည် ကစဥ့်ကလျားမျှော်စင်၏ လေဟာနယ်ဆိုင်ရာအသိပညာများကို သူ ယခင်သိရှိပြီးသားသဘောတရားများနှင့် ပေါင်းစပ်လိုက်သောအခါ အမြင်သစ်တခုကို ပေါ်ထွန်းလာစေတော့သည်။ ထ်ိုအမြင်သစ်သည် အာကာသ၊ လေဟာနယ်များ မည်သို့အလုပ်လုပ်သည်နှင့်ပတ်သက်၍ သူ၏ သိမြင်မှု၊ ဗဟုသုတနှင့်နားလည်မှုတို့ကို များစွာတိုးပွားစေခဲ့သည်။ ဥပမာ အတွေးသစ်အမြင်သစ်များ ရလာခြင်းကြောင့် စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် များစွာ အဆင့်မြင့်သွား၏။ ယခင်က ပေငါးထောင်ခန့် ခုန်ကူးရန် အတော်အတန် ကြိုးစားခဲ့ရသော်လည်း ယခုအခါ သူ ပေခုနစ်ထောင် အကွာအဝေးကို ရောက်ရှိနိုင်ပြီဖြစ်သည်။
အရေးအကြီးဆုံးမှာ မိမိပစ်မှတ်ထားသည့်နေရာကို ကြိုတင်သိမြင်လာနိုင်ပြီး အတားအဆီးအားလုံးကို ဖြတ်ကျော်ကာ ထိုပစ်မှတ်ရှေ့သို့ တိုက်ရိုက်ရောက်ရှိလာနိင်ခြင်းပင်။ ထ်ိုအခါ စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းပုံစံသစ်သည် လေဟာနယ်ခုန်ထွက်ခြင်းအခြေအနေသို့ ကူးပြောင်းသွားတော့သည်။
တဖန် စုချန်း အတော်အတန် လေ့လာသင်ယူနိုင်ခဲ့သည့် နောက်ထပ်ကဏ္ဍတစ်ခုလည်း ရှိနေသေး၏။ ၎င်းကဏ္ဍမှာ သက်ရှိပုံစံပြောင်းလဲမှုကို လေ့လာနေသည့် သုသေသနနှင့် သက်ဆိုင်ပေသည်။ သွေးဗီဇမလိုသည့်ကျင့်ကြံခြင်းနည်းစနစ်များအပေါ် အမြဲတစေ ဦးတည်နေသည့် သုတေသနများကြောင့် စုချန်း၏အာရုံသည် ဇီဝသက်ရှိများအပေါ်တွင်သာ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်၏။ သူ့လောက် သက်ရှိများအပေါ် နားလည်နိုင်သူ အင်မတန် ရှားပေလိမ့်မည်။ သူ၏အဂ္ဂိရတ်ပညာအပေါ်လေ့လာမှုသည်လည်း ဤကဏ္ဍ ပါဝင်နေ၏။
သက်ရှိပုံစံပြောင်းလဲမှုများသည် သွေးဗီဇမလိုသည့် ကျင့်ကြံခြင်းနည်းစနစ်များနှင့် ဆင်တူရိုးမှား အချက်များစွာ ရှိနေ၏။ ကဏ္ဍနှစ်မျိုးလုံးသည် သက်ရှိများကို မည်သို့မည်ပုံတိုးတက်အောင် လုပ်ဆောင်ရမည်ဟူသည့် သဘောတရားအပေါ်တွင် အခြေခံထားပေသည်။ သို့သော် ပထမတခုက အပြင်ဘက်မှ အတွင်းသို့ တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အတွင်းဘက်မှ အပြင်သို့ တိုးတက်လာအောင် ကြံဆောင်နေခြင်းဖြစ်ပေသည်။ သက်ရှိပုံစံပြောင်းလဲမှုဟူသည် အပြင်ဘက်မှ အတွင်းကို တိုးတက်လာအောင် ကြိုးစားခြင်း၏ ပြီးပြည့်စုံသော ဥပမာပင်ဖြစ်သည်။ သက်ရှိပုံစံကို အပြင်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းဖြင့် သက်ရှိများ၏ခွန်အား အလွန်တိုးပွားလာမည်ဟူသော ဥပဒေသသည် သက်ရှိပုံစံပြောင်းလဲခြင်းပင်တည်း။ စုချန်းသည် ဤအကြောင်းအရာကို အမြဲစိတ်ဝင်စားခဲ့သော်လည်း သူ့နှင့် ဆွေးနွေးရန် အရည်အချင်းပြည့်မီသူများ အလွန်ရှားပါးနေခြင်းမှာကား ဝမ်းနည်းဖွယ်ရာပင်။
သို့သော် မမျှော်လင့်ပဲ လူပျံတော်များသည် သက်ရှိပုံစံပြောင်းလဲခြင်းနှင့် ပတ်သက်သည့် အသိပညာသတင်းအချက်အလက်များစွာကို သူ့အား ပေးနိုင်စွမ်းနိုင်ခဲ့၏။ အပြင်ဘက်မှ အတွင်းထဲသို့နှင့် အတွင်းမှ အပြင်ဘက်သို့ ကဏ္ဍနှစ်ရပ်အား ပေါင်းစပ်ခြင်းသည် နက်နဲဆန်းကြယ်သော ဓာတ်ပြုမှုများစွာကို ဖြစ်ပေါ်စေခဲ့ပုံရသည်။ စုချန်းသည် ဖြစ်နိုင်ခြေများစွာကို မြင်လာရ၏။ ၎င်းသည် လှိုင်းတံပိုးများသဖွယ် စုချန်းကို နစ်မြုပ်သွားစေ၏။ ဤနည်းနှင့် သူသည် လွန်းပျံယာဥ်ပေါ်တွင် သုတေသနပြုလုပ်ရင်း အချိန်ကုန်နေခဲ့လေသည်။
ယနေ့တွင်လည်း စုချန်းသည် သူ၏ သုတေသနထဲတွင် နစ်မြုနေ၏။ ထိုစဥ် ပိတ်လော့ ရုတ်တရက် ရောက်လာ၏။
“ခင်ဗျား ဒီလိုမျိုး အလောသုံးဆယ်ဝင်လာတာ အတော်တော့ ရှားသားပဲ"
စုချန်းက လှည့်ပင်မကြည့်ပဲ ပြောလိုက်သည်။ ထိုအခိုက်ဝယ် သူသည် ထူးဆန်းသော အရာတစ်ခုကို ထိန်းချုပ်ရန်ကြိုးစားနေ၏။ ၎င်းသည် အသားတုံးကြီးတစ်တုံးနှင့် ဆင်တူသော်လည်း ဤအသားတုံးတွင် မျက်နှာတစ်ခု ပါရှိနေလေသည်။ ပုံပျက်ပန်းပျက်နိုင်ပြီး ထူးဆန်းသည်နှင့်အမျှ ဆိုးရွားလှသော မျက်နှာတစ်ခုပေတကား။ ၎င်းက စုချန်းကို ပြုံးပြနေ၏။
စုချန်းသည် ၎င်းအပြုံးကို ဂရုပင်မစိုက်ပဲ အသားတုံးမျက်နှာကို စတင်ဖြတ်တောက်လိုက်လေသည်။ ထိုမျက်နှာက ဒေါသတကြီး ဆဲဆိုအော်ဟစ်လိုက်၏။ တဖန် သူက တောင်းပန်နေပြန်သည်။
“ငါ့ကို မလုပ်ပါနဲ့ ငါ့ကို မဖြတ်ပါနဲ့"
ပိတ်လော့က ၎င်းမျက်နှာ၏ အော်ဟစ်မှုကို မသိကျိုးကျွံပြုရင်း ပြောလိုက်သည်။
"သခင် တစ်ခုခုတော့ ဖြစ်နေပြီ”
ထိုအချိန်တွင် စုချန်းက ဓားဖြင့် ခုတ်လိုက်ရာ အသားတုံးမျက်နှာ၏ နှာခေါင်းပြီး ပြတ်တောက်သွား၏။ အသားတုံးမျက်နှာ ပို၍ပင် ပြင်းထန်စွာ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်။
“ဘာဖြစ်တာလဲ ပြောလေဗျာ”
စုချန်းကလည်း လှည့်မကြည့်ပဲ မေးလိုက်၏။
“အမဲလိုက်လေဓားပြတွေ ရောက်လာပြီ”
စုချန်း၏လက် လေထဲတွင် ခေတ္တရပ်သွား၏။ အမဲလိုက်လေဓားပြများဟူသည် လူပျံတော်နယ်မြေကို လှည့်လည်သွားလာနေသည့် နာမည်ကြီး ဓားပြအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့သည် လူပျံတော်များပင်ဖြစ်သော်လည်း အင်အားကြီးခွဲထွက်ရေးအဖွဲ့တဖွဲ့ဟု ဆိုနိုင်၏။ လူပျံတော်နယ်မြေကို ဖြတ်သန်းသွားလာသမျှပစ်မှတ်များအား လုယက်ရန်မှာ ၎င်းတို့၏ အဓိကလုပ်ငန်းပင် ဖြစ်လေသည်။ ၎င်းတို့သည် လေကဲ့သို့ရောက်လာပြီး လေကဲ့သို့ပင် ပြန်လည်ပျောက်ကွယ်သွားတတ်၍ အမဲလိုက်လေဓားပြများဟု ခေါ်ဝေါ်ကြခြင်းပင်။
အမဲလိုက်လေဓားပြများကဲ့သို့သော အဖွဲ့များမှာ လူပျံတော်များအကြားတွင် တွေ့နိုင်ရန်ခက်လှ၏။ တနည်းအားဖြင့် ၎င်းတို့သည် ရုပ်ရည်ချောမောသူတစ်ဦး၏ မျက်နှာပေါ်မှ အပြစ်အနာအဆာကဲ့သို့ ထင်ရှားပြီး မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပေသည်။ ထို့ကြောင့် လူအများစုက အမဲလိုက်လေဓားပြများသည် သာမာန်ဓားပြမျိုးမဟုတ်ပဲ လျှို့ဝှက်အမိန့်များဆောင်ရွက်ရန် အထူးလေ့ကျင့်ထားသောအဖွဲ့မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ယူဆချက်မျိုးလည်း ရှိနေပေသည်။ ညစ်ပတ်သောလုပ်ရပ်များအတွက် တစုံတဦးကတော့ ခေါင်းခံပေးရန် လိုအပ်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ လေဓားပြများသည် လူပျံတော်နယ်မြေတစ်လျှောက်တွင် ရည်ရွယ်ချက်ရှိရှိ ရွေ့လျားနေသည်ဟု ထင်ရစေကာမူ ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်မှုအောက်မှ အမြဲတမ်း လွတ်ထွက်နေသည်တော့ မဟုတ်ပေ။ ၎င်းတို့သည် လွတ်လပ်ပြီးကိုယ်ပိုင်အမြင်နှင့် သီးခြားအတွေးအခေါ်များကို ပိုင်ဆိုင်ထားကြ၏။
လေဓားပြများရောက်လာသည်ကို ကြားသောအခါ စုချန်း နည်းနည်းတော့ အံ့အားသင့်သွား၏။
“လေဓားပြတွေက ကျုပ်တို့လှေကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် သားဖောက်မိခင်ကြီးကို သိမ်းပိုက်ဖို့ပဲ ကြိုးစားနေတာလား ကြည့်ရတာ ဒီကောင်တွေ ရူးသွားပြီလားပဲ”
သားဖောက်မိခင်ကြီးသည် လက်ရှိတွင် လူပျံတော်များအတွက် နံပါတ်တစ် ဦးစားပေးဖြစ်သည်။ လေဓားပြများသာ အသိဉာဏ်လျင် ဤယာဥ်မျိုးကို ဓားပြတိုက်ရန်မဆိုထားနှင့် ခြေဦးပင် မလှည့်သင့်ချေ။
ပိတ်လော့ ခေါင်းခါလိုက်သည်။
"ဘာဖြစ်နေသလဲဆိုတာ ကျုပ်လည်း မသိဘူးသခင် ဒါပေမဲ့ လူပျံတော်တွေအနေနဲ့ကတော့ ကျုပ်တို့ကို ကာကွယ်သင့်တယ် ကျုပ်တို့ဟာသံတမန်တွေပဲမလား ဒါပေမယ့် ကြည့်ရသလောက် ကျုပ်တို့ မသိတဲ့ ပြသနာတစ်ခုခု ဖြစ်နေပုံပဲ"
“သွားကြည့်ရအောင်”
စုချန်း ဓားတိုလေးကို မြေကြီးပေါ် ပစ်ချပြီး အခန်းပြင်သို့ထွက်လိုက်၏။ထိုအချိန်တွင် လွန်းပျံယာဥ်များ ရပ်တန့်နေပြီဖြစ်သည်။ လူပျံတော်အမြောက်အများ လွန်းပျံယာဥ်နှစ်စင်းရှေ့တွင် ပျံဝဲနေ၏။
၎င်းတို့သည် အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားလေရာ လူပျံတော်စစ်သားများ ဝတ်ဆင်လေ့ရှိသည့် ငွေရောင်ဝတ်စုံနှင့် ကွဲပြားနေ၏။ ၎င်းတို့အများစုသည် မိုးပြာသစ်များနှင့် ပြုလုပ်ထားသော လှံများကို ကိုင်ဆောင်ထားကြလေသည်။ လူပျံတော်အများစုသည် အဝေးမှ တိုက်ခိုက်တတ်ကြ၏။ သိူ့သော် လေဓားပြများကတော့ ကျန်လူပျံတော်များနှင့် သိသိသာသာ ကွဲပြားနေလေသည်။ ၎င်းတို့အများစုလိုလိုသည် အနီးကပ်တိုက်ခိုက်ရေးလက်နက်များကို ကိုင်ဆောင်ထားကြ၏။ ပျံသန်းနိုင်စွမ်းနှင့် အရှိန်အဟုန်ကြောင့် ၎င်းတို့သည် ပစ်မှတ်များကို လျင်မြန်စွာ ချဉ်းကပ်နိုင်ပြီး ထိုတိုက်ခိုက်ပုံမှာ အဝေးမှ တိုက်ခိုက်ခြင်းထက် များစွာ ပိုမိုထိရောက်ပေသည်။ ထို့အပြင် ၎င်းတို့သည် ဓားပြများဖြစ်ကြ၍ တိုက်ပွဲမှ အမြတ်အစွန်းများ ရရှိလိုလျင် ပစ်မှတ်များနှင့် နီးနီးကပ်ကပ်ရှိနေရန် လိုအပ်သည်မဟုတ်ပါလား။
ဤအချိန်တွင် ခရမ်းရောင်ရေစီးကြောင်း နှင့်လနှင်းမြူတို့သည် ဓားပြများနှင့် ညှိနှိုင်းနေကြ၏။ သို့သော် ၎င်းတို့၏ ညှိနှိုင်းမှုများသည် အသုံးမဝင်ကြောင်း ထင်ရှားနေသည်။ ကြီးမားသောတိုက်ပွဲတစ်ခု ပေါ်ပေါက်လာပေတော့မည်။ မီးကဲ့သို့ နီရဲရဲဆံပင်များရှိသည့် ဓားပြတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ကျုပ် မင်းတို့ကို အချိန်အလုံအလောက်ပေးခဲ့ပြီးပြီ မင်းတို့ သဘောမတူဘူးဆိုရင် ကျုပ်ကိုယ်တိုင်လာယူဖို့ပဲရှိတော့တယ်"
ခရမ်းရောင်ရေစီးကြောင်းက ဒေါသတကြီး ပြန်အော်လိုက်သည်
“ကျီးကန်းနီ မင်း ဘယ်သူ့ကို စော်ကားနေတယ်ဆိုတာ သဘောမပေါက်သေးဘူးထင်တယ်"
ကျီးကန်းနီ ရယ်မောလိုက်၏။
"သိဖို့မလိုဘူးကွ ကျုပ်တို့ဓားပြတွေဟာ ဘယ်အရာကိုမှ မကြောက်တတ်ဘူး”
သူပြောရင်း လက်ထဲရှိလှံကို မြှောက်လိုက်ရာ လေဓားပြများ ဝူးဝူးဝါးဝါးအော်ဟစ်ပြီး ရှေ့သို့တိုးလာကြလေသည်။
စုချန်း မြင်ကွင်းကြောင့် ရယ်မောမိ၏။
"မြင်ရခဲတဲ့ မြင်ကွင်းမျိုးပဲဗျ"
“မြင်ရခဲတဲ့ မြင်ကွင်း ဟုတ်လား”
ပိတ်လော့ နားမလည်နိုင်ပဲ ဖြစ်နေ၏။
“ကျုပ်မှတ်မိသလောက် လူပျံတော်တွေဟာ အမြဲတမ်းကျက်သရေရှိပြီး ယဉ်ကျေးသိမ်မွေ့တယ် ပြီးတော့ အလှအပကို တန်ဖိုးထားတတ်တဲ့ မျိုးစိတ်ဖြစ်တယ် သူတို့ ဒီလို ခွေးရူးတွေလို ပုံစံမျိုးရှိလိမ့်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး”
ခွေးရူး။ ထိုအသုံးအနှုံးမှာ အမှန်ပင်။ ၎င်းတို့ရှေ့ရှိ လူပျံတော်များသည် ကြမ်းတမ်းပြီး ရိုင်းစိုင်းကြ၏။ ကျန်လူပျံတော်များနှင့် လားလားမျှမတူချေ။ တနည်းအားဖြင့် ၎င်းတို့သည် ကျန်မျိုးစိတ်များ၏ ဓားပြများနှင့် ဘာမှမကွာဟု ဆိုနိုင်သည်။
စုချန်း၏စကားကို ပိတ်လော့က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"ယဉ်ကျေးမှုတွေ မတူညီပဲ ကွာခြားနေကြပေမဲ့ ကျုပ်တို့အားလုံးမှာ တူညီတဲ့တချက်တော့ရှိတယ် အဲဒါကဘာလဲဆိုတော့ ရိုင်းစိုင်းမှုပဲ"
စုချန်း ပြုံးလိုက်သည်။
"ခင်ဗျားပြောတာ အမှန်ပဲ ပိတ်လော့"
***