လေဓားပြများကိုနှိမ်နှင်းခြင်း ၂
Vol. 82 Ch. 818
ကောင်းကင်ယံတွင် ကြီးမားသော တိုက်ပွဲတစ်ခု ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲမှာ အစပြုလိုက်သည်နှင့် ထိန်းချုပ်မရလောက်အောင် ပျံ့နှံ့သွား၏။ အရှိန်အဟုန်ပြင်းသော စွမ်းအင်လှိုင်းများ နေရာအနှံ့ ပျံ့လွင့်ကုန်ပြီး ပတ်ဝန်းကျင်တခုလုံး ဟူးဟူးထနေလေသည်။
လူပျံတော်များသည် ဓားပြများဖြစ်နေလင့်ကစား အာကင်နာပညာရှင်များကား ဖြစ်နေသေး၏။ ဆယ်နှင့်ချီသောဓားပြများသည် အာကင်နာနည်းစနစ်များကို တပြိုင်တည်း ဖော်ထုတ်လိုက်ကြလေရာ အမျိုးမျိုးသောစွမ်းအင်စီးကြောင်းများသည် ပေါင်းစည်းကုန်ပြီး မြင်ကွင်းကိုပင် ပြောင်းလဲသွားစေ၏။ တောက်ပသော အလင်းရောင်များစွာနှင့်အတူ အဆန်းတကြယ်နိုင်သောပုံရိပ်များကို လူတိုင်း မြင်တွေ့နေရလေသည်။
ဓားပြများ အသုံးပြုနေသည့် အာကင်နာနည်းစနစ်များမှာ အဆင့်နိမ့်မှသည် အဆင့်မြင့်နည်းစနစ်များအထိ ပါဝင်နေ၏။ အဆင့်နိမ့်နည်းစနစ်များတွင် မူလစွမ်းအင်မြားတံများ၊ မီးလျံစက်လုံးများနှင့် အဆိပ်မီးတောက်များတို့ပါဝင်ပြီး အလယ်အလတ်အဆင့် နည်းစနစ်များတွင်မူ ရေခဲမုန်တိုင်းနှင့်ကျောင်စိမ်းမီးလျံစသည့် နည်းစနစ်တို့ ပါဝင်နေ၏။အဆင့်မြင့် နည်းစနစ်များတွင်တော့ အမှောင်မီးရှုးမီးပန်းများနှင့် အလင်းအက်ကွဲခြင်းတို့ ပါဝင်ပေသည်။ ၎င်းတို့သည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်ဟန်မျိုးနှင့် အမျိုးမျိုးသော နည်းစနစ်များကို ဖော်ထုတ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။
တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်နှစ်စီးကလည်း အားကောင်းမောင်းသန်နှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။
သံတမန်အဖွဲ့ကလည်း အလကားတော့မနေ။အစွမ်းထက်အာကင်နာနည်းစနစ်များကို ထုတ်ဖော်လိုက်ကြလေရာ အကာအကွယ်များ အလွှာလိုက် ပေါ်လာခဲ့၏။ ကျူးမျိုးနွယ်စု၏ အစောင့်များကလည်း သွေးဗီဇမူလစွမ်းရည်များကို ထုတ်ဖော်လိုက်လေရာ ထူးဆန်းသည့်ပုံရိပ်အမျိုးမျိုး ကောင်းကင်ယံတွင် ပြည့်နှက်သွာ၏။ သားရဲဟိန်းဟောက်သံများနှင့်အတူ မယုံနိုင်လောက်စရာ စွမ်းအားများကို ဝုန်းဝုန်းဒိုင်းဒိုင်း ပေါ်ထွက်လာသည်မှာလည်း အံ့မခန်းပင်။
လူပျံတော်များသည် သဘာဝ စွမ်းအားကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်ပြီး လူသားများကတော့ ကိုယ်ခန္ဓာမှ စွမ်းအားများ ဖော်ထုတ်တိုက်ခိုက်ရခြင်းကို ပို၍ကျင်လည်ကြ၏။ ရလဒ်မှာ တိုက်ခိုက်ရေးပုံစံများ ကွာခြားသည့်တိုင် ဤကွဲပြားသောပုံစံများက မျှချေဖြစ်နေဟန်တူ၏။
သံတမန်အဖွဲ့၏ ကာကွယ်မှုကြောင့် တိမ်တိုက်ထ်ိုးခွဲလွန်းပျံယာဥ်နှစ်စီးသည် လေဓားပြများ၏ တိုက်ခိုက်မှုများကို ယခုတိုင် ခံနိုင်ရည်ရှိနေသေး၏။ သို့သော် စုချန်းကတော့ မဲ့ပြုံးပြုံးကာ မျက်မှောင်ကုတ်လျက်ရှိနေလေသည်။
ကနဦးတိုက်ခိုက်မှုမှာ အမြည်းမျှသာရှိသေးသည်။ ပင်မတိုက်ခိုက်မှု ရောက်လာအုံးမည်ဟု သူ မျှော်လင့်ထားသည် မဟုတ်ပါလား။
မျှော်လင့်ထားသည့်အတိုင်းပင် လေဓားပြများသည် သိပ်မကြာမီ တိုက်ခိုက်ရေးပုံစံကို စတင်ပြောင်းလဲလိုက်၏။
ဤတကြိမ်တွင် ၎င်းတို့သည် ယာဥ်ပျံပေါ်ရှိ လူများကို အဓိက ပစ်မှတ်မထားတော့ပဲ ယာဥ်ပျံများကိုသာ ပစ်မှတ်ထားတိုက်ခိုက်တော့သည်။
အမျိုးမျိုးသော လေလှိုင်းများ၊ မီးလုံးများ၊ စွမ်းအင်လှိုင်းများသည် လွန်းပျံယာဥ်ကိုယ်ထည်များကို အရှိန်ပြင်းပြင်းဖြင့် လာရောက် ထိမှန်ကုန်၏။ ထို့ကြောင့် လွန်းပျံယာဥ်များသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့မည့်ဟန် ပေါ်လာလေသည်။
လွန်းပျံယာဥ်များသည် အကြမ်းခံပြီး အကာအကွယ်များဖြင့် ကာကွယ်ထားသော်လည်း ဓားပြများ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရေရှည်တွင် ခံနိုင်မည့်ပုံ မပေါ်ချေ။
ရာနှင့်ချီသော မီးလုံးများသည် ယာဥ်ပျံ၏ အကာအကွယ်များကို ထိမှန်နေပြီး လျပ်စီးလျက်သည့်နှယ် အရောင်မျိုးစုံ တဖြတ်ဖြတ်လင်းလက်နေ၏။ ခရမ်းရောင်ရေစီးကြောင်းမှာ အကာအကွယ်များ ပိုမိုအားနည်းလာသည်ကို မြင်တိုင်း နှလုံးသားထဲမှ နာကျင်စွာ ခံစားနေရရှာ၏။ အကာအကွယ်များ ပျက်စီးသွားသည်နှင့် ယာဥ်ပျံများ ပျက်ကျသွားပေလိမ့်မည်။ သူမသည် သေရမည်ကိုမကြောက်။ သို့သော် သားဖောက်မိခင်ပိုးကောင်ကြီး လူဆိုးများလက်ထဲ ကျရောက်သွားမည်ကိုသာ ကြောက်သည်။ ထိုသို့သာ ဖြစ်သွားခဲ့လျင် မဖော်ပြနိုင်လောက်သည့် နာကျင်မှုမျိုးကို သူမ ခံစားရပေလိမ့်မည်။
လွန်းပျံယာဥ်များက်ို အသက်နှင့်လွဲ၍ ကာကွယ်ရန် ခရမ်းရောင်ရေစီးကြောင်းက သူ့အဖွဲ့သားများကို အမိန့်ပေးလိုက်၏။ ထိုလုပ်ရပ်မှာ အသက်စွန့်ခိုင်းခြင်းနှင့် ဆင်တူပေသည်။ ဂွကျသည်က ထိုအမိန့်ကြောင့် ဓားပြများပို၍အကြိုက်တွေ့သွားခြင်းပင်။ လေဓားပြများသည် ကောင်းကင်ယံတွင် ပျံဝဲကာ လွန်းပျံယာဥ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင်း ဝမ်းသာအားရ ရယ်မောနေကြ၏။ တောက်ပသော အလင်းရောင် နေရာအနှံ့ ပြိုးပျက်ဝင်းလင်းလက်နေပြီး လူပျံတော်စစ်သားများ ကောင်းကင်ယံမှ ပြုတ်ကျလာသည်ကို ဟိုမှသည်မှ မြင်တွေ့နေရ၏။
"ယုတ်မာလိုက်တဲ့ခွေးသားတွေ"
ခရမ်းရောင်ရေစီးကြောင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ ဒေါသက ဓားပြများအတွက် ရယ်စရာသဖွယ်သာ ဖြစ်နေခဲ့လေသည်။
"ဒီအခြေအနေတောင် ရောက်နေပြီ ရှင် ဘာမှမလုပ်သေးဘူးလား"
ကျူးရှန်းယောင်က စုချန်းအနီးသို့ ဆုတ်ခွာလာရင်း စိုးရိမ်ဟန်ဖြင့် ပြောလိုက်၏။
"ဘယ်အခြေအနေကို ရောက်နေလို့တုန်း"
စုချန်း က ပြန်မေးလိုက်သည်။
"တော်တော်အန္တရာယ်များနေပြီလား"
"ဘာရှင့်"
ကျူးရှန်းယောင် အံ့အားသင့်သွား၏။ စုချန်း ဘာပြောမှန်း သူမ နားမလည်နိုင်ပဲ ဖြစ်နေရှာသည်။ သို့သော် စုချန်း က ရယ်မောလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ရှင်းပြလိုက်၏
"ဟော ဟိုမှာ ကြည့်လိုက်လေ...."
ကောင်းကင်ယံတွင် ကျူးယဲ့ယွမ်သည် လေဓားပြခေါင်းဆောင်တစ်ဦးဖြစ်သော ကျီးကန်းနီနှင့် တိုက်ခိုက်လျက်ရှိသည်။ လက်စွပ်ခုနှစ်ကွင်းအဆင့် အာကင်နာပညာရှင်၏ အစွမ်းမှာ မသေးလှ။ အာကင်နာပညာရှင်တဦးပီးပီ သူသည် လေကိုအသုံးချရသည့် နည်းစနစ်များတွင် အထူးကျွမ်းကျင်၏။ သူ့တိုက်ခိုက်ပုံသည် ဖန်အန်းယာနှင့် အနည်းငယ် ဆင်တူ၏။ ကျီးကန်းဘုရင်သည် လေကို မွေးရာပါ ထိန်းချုပ်နိုင်သူဖြစ်သလို သိန်းငှက်နီတွင်လည်း လေထုကိုထိန်းချုပ်နိုင်သည့် အစွမ်းထက်နည်းစနစ်တမျိုးကို ပိုင်ဆိုင်ထား၏။ ကွာခြားချက်ဟူ၍ ဖန်အန်းယာ၏ လေမုန်တိုင်းများတွင် လေထုသက်သက်သာ ပါဝင်သော်လည်း ကျီးကန်းနီက ၎င်း၏ လေမုန်တိုင်းများတွင် မီးတောက်များ ထည့်သွင်းပေါင်းစပ်ထားခြင်းပင်။
မီးတောက်နှင့်လေတို့ ကောင်းစွာ ပေါင်းစပ်မိကာ နောက်ဆုံးတွင် ကြီးမားသော မီးတောက်ငှက်တစ်ကောင် ဖြစ်လာ၏။ ထိုငှက်ကြီးသည် ကျူးယုယွမ်ထံသို့ မီးတောက်များနှင့် လေလှိုင်းများကို အဆက်မပြတ် ပစ်လွှတ်နေလေသည်။
အဆင့်မြင့်အာကင်နာပညာရှင်နှင့်ရင်ဆိုင်ရ၍ ကျူးယုယွမ်သည် သတိတချက်မှ မလွတ်ရဲပဲ ကိုယ့်ကိုယ်ကို အာရုံစိုက်ကာကွယ်နေရ၏။ လှည့်စားနှလုံးသားသွေးဗီဇရှိသူအနေနှင့် ကျူးယုယွမ်သည် တစ်ယောက်တည်းမဟုတ်။ သူမ၏ရုပ်သေးများလည်း သူမဘေးတွင် တိုက်ပွဲဝင်နေကြ၏။ကျုူယုယွမ်တွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ် အဆင့်ရှိ ရုပ်သေးတစ်ဦးနှင့် အလင်းတုန်ခါခြင်းနယ်ပယ်အဆင့် ရုပ်သေးနှစ်ဦး၊ စုစုပေါင်း ရုပ်သေးသုံးဦး အမြဲတမ်း ရှိ၏။ ကံဆိုးသည်မှာ ကျူးယုယွမ်၏ အဆိုပါရုပ်သေးများသည်လည်း ထိပ်တန်းလူပျံတော်များနှင့် အသီးသီး ရင်ဆိုင်နေရလေရာ သူမကို ကူညီနိုင်ခြင်းမရှိ။ ထိုနည်းတူစွာ ကျူးမျိုးနွယ်စု၏ ကျန်ထိပ်တန်းချီစွမ်းအားပညာရှင်များကိုလည်း အခြားဓားပြများက ပိတ်ဆို့ခံထားပြန်၏။
ခရမ်းရောင်ရေစီးကြောင်းဘက်တွင်လည်း ထိုနည်းအတိုင်းပင်။ အစွမ်းထက်သူများအားလုံးသည် အလားတူပင် ပိတ်ဆို့ခံထားရ၏။ အသေးစိတ်သာမြင်နိုင်လျင် ဤအခြေအနေသည် အလွန်စိတ်ဝင်စားစရာကောင်းသော အစီအစဉ်တစ်ခုဖြစ်ကြောင်း တွေ့နိုင်၏။ အားကောင်းသည့် ကျွမ်းကျင်သူများအားလုံးသည် အင်အားတူ ပြိုင်ဘက်များနှင့် တွဲဖက်ခံထားရပြီး မည်သူနိုင်မည်၊ မည်သူ ရှုံးမည်ကို ပြောရန် ခက်ခဲလှပေသည်။ အောက်ခြေစစ်သည်များသာလျှင် အစုလိုက်အပြုံလိုက် သေဆုံးနေကြ၏။ ထိုအတွက် မည်သူမှ ဝမ်းနည်းဟန်မတူချေ။
စုချန်း က ထောက်ပြလိုက်တော့မှ အခြေအနေက်ို ကျူးရှန်းယောင် နားလည်သွား၏။ သူမ မျက်လုံးများ ပြူးသွားလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ ဒါဆိုရင် ..."
"ဟုတ်တယ် သူတို့ ကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာကြတာ"
စုချန်း ရှင်းပြလိုက်သည်။
"ဒီမလာခင်ကတည်းက သူတို့ရဲ့ ပြိုင်ဘက် ဘယ်သူဖြစ်မယ်ဆိုတာတောင် သိပြီးသား ဖြစ်ရင်ဖြစ်နေအုံးမယ်"
"ဒါပေမဲ့ သူတို့ ဒီလောက်တောင် အရဲကိုးရဲတာတဲ့လား"
"မဟုတ်ဘူး ဒါ ဒီကို သူတို့ လာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းတောင် ဖြစ်နိုင်သေးတယ် ကျုပ်တို့ကို လုံးဝ မယုံတဲ့သူတစ်ယောက် ရှိနေပြီး ကျုပ်တို့ကို စမ်းသပ်ဖို့ကြိုးစားတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် တခြားလှုံ့ဆော်မှု တစ်ခုခုလဲ ရှိကောင်းရှိနေနိုင်တယ်"
သားဖောက်မိခင်ကြီးသည် အလွန်အရေးကြီးသည့်တိုင် ၎င်းကို မွေးမြူနေစဉ်အတွင်းဝယ် ပျောက်ဆုံးသွားခဲ့သေး၏။ ဤအတောအတွင်း ဘာဖြစ်ခဲ့သည်ကို မည်သူသိနိုင်အံ့နည်း။ အကြောင်းအရာတခုအပေါ် စိတ်ဝင်စားသူဟူသည် အမြဲရှိနေတတ်သည် မဟုတ်ပါလား။ ပို၍ထူးခြားသည်မှာ ဤတစ်ကြိမ်တွင်ကျူးမျိုးနွယ်စုပါ လိုက်ပါလာခဲ့ခြင်းပင်။ ကျူးမျိုးနွယ်စု၏ လိုက်ပါလာခြင်း၏ ရည်ရွယ်ချက်ကို မည်သူသိနိုင်မည်နည်း။ စီးပွားရေးလုပ်ငန်းသက်သက်လား။ သို့မဟုတ် နောက်ကွယ်တွင် တခြားအကြောင်းကိစ္စတွေများ ရှိနေသလား။ ၎င်းတို့ သားဖောက်မိခင်ကို ရှာတွေ့ခဲ့သလား။ သို့မဟုတ် မတွေ့သေးသလား။ ဤမေးခွန်းများ၏အဖြေများကို မသိရသေးသ၍ တချို့၏ စိတ်ထဲတွင် သို့လောသို့လော ဖြစ်နေကြသည်မှာ အမှန်ပင်။ ထိုအခြေအနေမျိုးတွင် ၎င်းတို့၏သံသယများကို စမ်းသပ်လိုကြသည်မှာ သဘာဝကျ၏။ လေဓားပြများကဲ့သို့ လူဆိုးများအား ငှားရမ်းပြီး တစုံတရာမှ စစ်ဆေးခြင်းမပြုခဲ့လျင်သာ ပို၍အံ့သြဖွယ်ရာကောင်းနေပေလိမ့်မည်။
သို့သော် ခရမ်းရောင်ရေစီးကြောင်းသည်အကြောင်းကို သိပုံမရပါ။ သူမသည် လေဓားပြများ၏ တိုက်ခိုက်မှုကြောင့် ဒေါသထွက်နေ၏။ သားဖောက်မိခင်ပိုးကောင်ကြီး၏ ဘေးကင်းရေးကို စိုးရိမ်နေ၏။ သူမ၏ ဆံပင်များ လေထဲတွင် တလူလူလွင့်နေသကဲ့သို့ပင် သူမ၏ပုံစံမှာလည်း မတည်ငြိမ်မှန်း မြင်သာလှသည်။ သူမ ထိန်းချုပ်မှုအောက်တွင်မှ သားဖောက်မိခင် တစုံတခုဖြစ်ပွားခဲ့လျင် သူမအတွက် အလွန်ရှက်ဖွယ်ကောင်းတော့မည်တည်း။
စုချန်း၏ သတိပေးချက်ဖြင့် ကျူးရှန်းယောင်သည် အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် ရယ်မောလိုက်သည်။
"ဒါဆို ကျွန်မတို့ သိပ်စိတ်ပူစရာ မလိုတော့ဘူးပေါ့နော်"
စုချန်းက ခေါင်းခါပြလိုက်သည်။
"အဲဒီလိုတော့မရဘူး အခြေအနေက အရေးကြီးနေတယ်လေ ဒါကြောင့် ကျုပ်တို့ဘက်က တခုခုမတုံ့ပြန်ခဲ့ဘူးဆိုရင် သူတို့ ကျုပ်တို့ကို သံသယဝင်သွားလိမ့်မယ် သူ့တို့အစီအစဥ်ပေါက်ကြားသွားပြီဆိုတာ ရိပ်မိသွားလိမ့်မယ်"
ကျူးရှန်းယောင် အံ့အားသင့်သွားပြန်သည်။
"ဒါဆို ကျွန်မတို့က ဘာလုပ်ရမှာလဲ"
စုချန်းက ရယ်မောလိုက်သည်။
"သူတို့က ကျုပ်တို့ကို စမ်းသပ်ချင်နေတာမလား ကောင်းပြီလေ သူတို့လိုချင်တာ ပေးလိုက်ကြတာပေါ့ ကျုပ်တို့ရဲ့လျှို့ဝှက်ထားတဲ့အင်အားကို ထုတ်ပြလိုက်ကြမယ်"
"လျှို့ဝှက်ထားတဲ့အင်အားလား"
ကျူးရှန်းယောင် ထိတ်လန့်သွား၏။ကျူးမျိုးနွယ်စုသည် သားဖောက်မိခင်ကို ရိုးရိုးသားသား ပို့ပေးကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မည်သည့် အရန်အစီအစဉ်မှ ရှိမနေချေ။ လျှို့ဝှက်ထားသောအင်အားကို မည်သည့်နေရာက ရမည်နည်း။
ထိုအခါ စုချန်းက ပြောလိုက်၏။
"တိမ်တိုက်ကျားသစ် လင်ရှောက်နဲ့ တခြားလူတွေလည်း ပျင်းနေလောက်ပြီ သူတို့ကို နည်းနည်းပါးပါး ပေးကစားလိုက်ကြရအောင်"
စုချန်း ၏စကားကြောင့် ကျူးရှန်းယောင်၏ မျက်နှာ တောက်ပသွားလေသည်။
"အဲဒါ ကောင်းတယ် သူတို့က ကျွန်မတို့ရဲ့ လျှို့ဝှက်အင်အားကို သိချင်တယ် ကျွန်မတို့ကလဲ ထုတ်ပြလိုက်ကြတာပေါ့"
ထို့နောက် သူမ လွန်းပျံယာဥ်၏ အောက်ဆုံးအလွှာသို့ ပျံသန်းခုန်ဆင်းသွား၏။
လွန်းပျံယာဥ်၏ အောက်ဆုံးထပ်တွင် ဖြစ်သည်။ တိမ်တိုက်ကျားသစ်၊ သံမဏိနှင့် ဓားအစေခံများ ဖဲထိုင်ရိုက်နေကြ၏။
"ညီလေးကျားသစ် ညီလေးသံမဏိ ဒီလိုအချိန်မှာ ဘယ်လိုများဖဲရိုက်နိုင်ကြတာလဲ"
အဖိုးကြီးဟူ၏အသံမှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေ၏။ တိမ်တိုက်ကျားသစ် လှည့်ပင်မကြည့်ပဲ ပြောလိုက်၏။
"ဘာတွေလန့်ဖြတ်နေတာတုန်း ကောင်းကင်ကြီးပြိုကျလာရင်တောင် ကျုပ်တို့က အမိုးအောက်မှာပဲဟာကို ဟေ့ လင်ရှောက် ဖဲလှန်လိုက်"
လင်ရှောက် သူ့ဖဲများကို လှန်ပြရင်း ပြောလိုက်၏။
"စိတ်မကောင်းပါဘူးညီလေးကျားသစ် ကျုပ်ထပ်ပြီး နိုင်သွားပြန်ပြီ"
"ဟာကွာ"
တိမ်တိုက်ကျားသစ် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်၏။ ထိုအခိုက်အတန့်မှာပင် ကြီးမားသော မီးလုံးကြီးတစ်လုံးသည် သူတို့အခန်းအနီးရှိ ယာဥ်ပျံနံရံကို ထိမှန်သွား၏။ ယာဥ်ပျံ၏ အကာအကွယ်များက တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း ပြင်းထန်လှသော စွမ်းအင်လှိုင်းလုံးကြောင့် ယာဥ်ပျံတစင်းလုံးကို တုန်ခါသွားလေသည်။ယာဥ်ပေါ်ရှိလူများအားလုံး အလန့်တကြား အော်ဟစ်လိုက်ကြ၏။
သို့သော် တိမ်တိုက်ကျားသစ်နှင့်ကျန်လူများကတော့ ဖဲရိုက်ပင် မပျက်ကြချေ။ တိမ်တိုက်ကျားသစ်သည် သူ့အိပ်ကပ်ထဲမှ ရွှေစင်ပြားများကို ဆွဲထုတ်နေ၏။ သူ့မျက်နှာမှာလည်း အလွန်စိတိပျက်ဟန်ပေါ်နေလေသည်။
"ရန်သူတွေ ငါတို့အိမ်တံခါးဝကို ရောကိလာကုန်ပြီ"
အဖိုးကြီးဟူ ကျယ်လောင်စွာ အော်ပြောလိုက်၏။
"သိတယ်"
တိမ်တိုက်ကျားသစ် သူ့အိပ်ကပ်ကိုသူ ပြန်စမ်းရင်း ဝမ်းနည်းနေလေသည်။ သူ ကံဆိုးနေသလို ပိုက်ဆံလည်း သိပ်မကျန်တော့။ ထိုအချက်က တိမ်တိုက်ကျားသစ်ကို အတော်လေး ဝမ်းနည်းစေ၏။
အဖိုးကြီးဟူနှင့် ကျန်အလုပ်သမားများလည်း အလွန်ဝမ်းနည်းနေကြသည်။ အပြင်ဘက်မှာ ဖြစ်ပျက်နေတဲ့ ပေါက်ကွဲသံတွေကြောင့် သူတို့ ကြောက်လန့်တကြား သေလုနီးပါး ဖြစ်နေကြသည်။
***