လေဓားပြများကို နှိမ်နှင်းခြင်း ၃
Vol. 82 Ch. 819
ဝုန်း!!!!
ပြင်းထန်သော ပေါက်ကွဲမှုကြောင့် လွန်းပျံယာဉ် နောက်တကြိမ် တုန်ခါသွားပြန်၏။ လွန်းပျံယာဉ်အကာအကွယ်များ ပျက်စီးသွားပြီဖြစ်၍ ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးက လွန်းပျံယာဉ်ကို ဖောက်ထွက်သွားကာ ယာဥ်နံရံတွင်အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာလေသည်။
လေဓားပြများ၏ သဲကြီးမဲကြီးတိုက်ခိုက်မှုကြောင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဉ်နှစ်စင်းလုံး မီးလောင်ပြီး မီးခိုးများတလူလူ ထွက်လာ၏။ လွန်းပျံယာဉ်များ၏ ကာကွယ်ရေးစနစ် အများစုမှာ ပျက်စီးသွားလေပြီ။ ထို့ကြောင့် လွန်းပျံယာဉ်များ မပျက်ကျစေရန် ၎င်းတို့သည် အကာအကွယ်များကို ချုံ့ပစ်ပြီး အရေးကြီးဆုံးနေရာများကိုသာ ကာကွယ်ထားရသည့် အခြေအနေ ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် လွန်းပျံယာဉ်များ၏ အစိတ်အပိုင်းအတော်များများမှာ အကာအကွယ် မဲ့သွားတော့သည်။
ပြင်းထန်သော မူလစွမ်းအင်လှိုင်းလုံးများသည် လွန်းပျံယာဉ်များ၏ ခံနိုင်ရည်ကို အပြင်းအထန် စမ်းသပ်နေတော့၏။ တကယ်တော့ လွန်းပျံယာဉ်များသည် အလွန်မာကျောခိုင်ခံ့သော သံကြွပ်အသားတမျိုးနှင့် တည်ဆောက်ထားပြီ ဆေးဝါများနှင့် အားဖြည့်ကာ မူလစွမ်းအင်ပုံစံကွက်များနှင့် ကာကွယ်ထားသည့်တိုင် အင်အားပြင်းထန်လှသည့် စွမ်းအင်များက လွန်းပျံယာဉ်များကို ဆိုးရွားစွာ ပျက်စီးစေခဲ့၏။ ကံမကောင်းရှာသော အလုပ်သမားတချို့သည် လွန်းပျံယာဉ်ပေါ်မှ ပြုတ်ကျကုန်ကြလေသည်။ လူတိုင်းသည် လွန်းပျံယာဥ်များကို ကာကွယ်ရန်သာ အာရုံစိုက်နေကြလေရာ အောက်ခြေအလုပ်သမားများ၏ သေရေးရှင်ရေးကို မည်သူ ဂရုစိိုက်နေမည်နည်း။
အခြေအနေမှာ ပိုမိုအရေးကြီးလာပြီဖြစ်၍ တိမ်တိုက်ကျားသစ်၊လင်ရှောက်နှင့် ကျန်လူများပင် ဖဲကစားနေခြင်းကိုရပ်ပြီး လွန်းပျံယာဉ်အပြင်ဘက်ကို ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာမှာ လေးနက်တည်ကြည်နေသည်။
"နောက်ဆုံးတော့ မင်းတို့တွေ ဂရုစိုက်လာပြီပေါ့ ဟုတ်လား"
စိတ်လှုပ်ရှားလွန်း၍ ငိုတော့မလိုဖြစ်နေသော အဖိုးကြီးဟူက ပြောလိုက်၏။တကယ်တော့ တိမ်တိုက်ကျားသစ်တို့လူစု ဂရုစိုက်ခြင်းမစိုက်ခြင်းသည် အဖိုးကြီးဟူအတွက် အရေးပါလှသည်မဟုတ်။ သို့သော် ဤမျှအရေးပါလှသော အချိန်မျိုးမှာပင် လျစ်လျူရှုနိုင်လွန်းသည့် တိမ်တိုက်ကျားသစ်တို့၏လုပ်ရပ်ကို သူ လက်မခံနိုင်ဖြစ်နေခြင်းပင်။
ထိုအချိန်မှာပင် ကျူးရှန်းယောင် ရောက်လာ၏။ သူမသည် အဖြူရောက်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားလေရာ နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းနေ၏။ အလုပ်သမားများအဖို့ သူတို့မျိုးနွယ်စု၏ သခင်မလေးကို သိနေကြသည်မှာ ပေါ်လွင်နေသည်။ သူမရောက်လာသည်နှင့် အားလုံး ဒူးထောက်လိုက်ကြ၏။
ကျူးရှန်းယောင် သူတို့ကို ဂရုမစိုက်ပဲ တတိမ်တိုက်ကျားသစ်တို့ဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"ဒီအချိန်ထိ သည်းခံပေးတဲ့အတွက် ရှင်တို့အားလုံးကို ကျွန်မက ကျေးဇူးတင်ပါတယ်ရှင်"
တိမ်တိုက်ကျားသစ်က ပျင်းရိလေးတွဲ့စွာနှင့် ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့ ကျုပ်တိုအဖို့ ဒီရက်ပိုင်းအတွင်း အတော်လေးနေလို့ထိုင်လို့ကောင်းနေတယ်လို့ ခံစားရတယ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်"
ကျူးရှန်းယောင် ရယ်မောလိုက်၏။
"နဂါးတကောင် ငါးဖြစ်သွားတဲ့ခံစားချက်က တော်တော်စိတ်ဝင်စားဖို့ကောင်းမှာပဲ ဒါပေမဲ့ ရှင်တို့လိုလူစားမျိုးအတွက် ဒါမျိုးက တခါတလေမှပဲ ကောင်းမယ်ထင်တယ်ရှင့်"
တိမ်တိုက်ကျားသစ် ခေါင်းခါပြလိုက်သည်။
"ကျုပ်က စာသိပ်မဖတ်ဘူးဗျ ဒီတော့ စကားကို တိုက်ရိုက်ပြောတာ ပိုကောင်းမယ်"
ကျူးရှန်းယောင် ပြန်ပြောလိုက်လေသည်။
ဒါဆိုလဲ ပြောရတာပေါ့ရှင် အခု ရှင်တို့အားလုံး လှုပ်ရှားလို့ရပြီ"
တိမ်တိုက်ကျားသစ်၏ မျက်လုံးအစုံ ဝင်းလက်တောက်ပသွား၏။
"ဒါဆို သူ ပြောလိုက်ပြီပေါ့ ဟုတ်လား"
ကျူးရှန်းယောင်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ လင်ရှောက်နှင့်ကျန်လူများ ရယ်မောလိုက်ကြ၏။
"နောက်ဆုံးတော့ လေ့ကျင့်ခန်းလုပ်လို့ရပြီ ဒီအချိန်ကို ကျုပ်တို့စောင့်နေတာ တော်တော်တောင်ကြာပြီ"
"ဒါဆို သွားကြမယ်လေ ကျုပ်တို့ ဘာကိုစောင့်နေကြသေးတာတုန်း"
အထက်ပါအတိုင်းပြောရင်း သံမဏိကလည်း မတ်တပ်ရပ်လိုက်၏။
"ရှင်မပါဘူး ရှင်တော့သွားလို့မရဘူး"
ကျူးရှန်းယောင်က သံမဏိကို ဟန့်တားလိုက်၏။
"ဘာဖြစ်လို့လဲဗျ"
ကျူးရှန်းယောင်က တိုးတိုးလေး ရှင်းပြလိုက်သည်။
"ဘာလို့လဲဆိုတော့ ရှင့်ရဲ့ ပုံပန်းသဏ္ဍာန်က အရမ်းထူးခြားလွန်းနေတယ် အကုန်လုံးမှတ်မိကုန်ကြလိမ့်မယ် ဒါကြောင့် ရှင် သွားလို့မရဘူး ဒီမှာပဲနေပြီး ကျန်တဲ့လူတွေ ဘေးကင်းအောင် စောင့်ရှောက်ပေးပါ"
သံမဏိ အတော်ကြီး စိတ်ပျက်သွား၏။ သို့သော် ကျူးရှန်းယောင်၏ စကားက မှန်ကန်မှန်း သူ သိပေသည်။ စုချန်းတွင် တောင်ရိုးကမ်းပါးမျိုးစိတ်ဝင် အစေခံတစ်ယောက် ရှိနေသည်မှာ လျှို့ဝှက်ချက်တခု မဟုတ်တော့ချေ။ သူ့ကြောင့် စုချန်း ဤယာဥ်ပျံပေါ်တွင် ရှိနေကြောင်း လူပျံတော်များ သံသယဝင်သွားနိုင်၏။ ထို့ပြင် သတ်ဖြတ်သူများနယ်မြေတွင် စုချန်း လုပ်ခဲ့သည်များကို တွေးကြည့်လျင် နောင်လာမည့်ကာလများတွင် စုချန်းအဖို့ အတော်ပင် လုပ်ရကိုင်ရ ကြပ်သွားပေလိမ့်မည်။ ထို့ကြောင့် သံမဏိအနေနှင့် ပုန်းလျှိုးကွယ်လျှိုးသာ နေရပေအုံးမည်။
"ဟားဟား ဒါဆိုလဲ ဒီမှာပဲစောင့်ပြီး ကျုပ်တို့ ဘယ်လိုအစွမ်းပြမလဲဆိုတာ စောင့်ကြည့်လိုက်ပါအုံး"
လင်ရှောက်က သံမဏိ၏ ပခုံးကို ပုတ်ပြီး ပြေးထွက်သွား၏။
"ကဲ ညီအစ်ကိုတို့၊ သွားကြစို့"
"သွားစို့"
ဓားကိုင်အစေခံဆယ်နှစ်ယောက်သည် အထက်ပါအတိုင်း အော်ဟစ်ပြီး အပြင်သို့ ပျံထွက်သွားကြလေသည်။ တိမ်တိုက်ကျားသစ်ကား အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။ ဘယ်အချိန်ကတည်းက သူ ထွက်သွားခဲ့မှန်း မည်သူမှ မသိလိုက်ချေ။ အဖိုးကြီးဟူနှင့် တခြားလူများသည် လင်ရှောက်တို့ ပျံထွက်သွားသည်ကို ကြည့်ပြီး မှင်သက်အံ့အားနေကြ၏။
"တွေ့လား တွေ့လား သူတို့က ပုံမှန်မဟုတ်ဘူးလို့ ကျုပ်ပြောခဲ့တယ်လေ "
တစ်ယောက်က ထအော်လိုက်၏။
"လူအ အခုမှဘာတွေထအော်နေတာတုန်းကွ"
အဖိုးကြီးဟူက ထိုသူကို နာရင်းအုပ်လိုက်၏။ သူ ကောင်းကင်ကို ပြန်ကြည့်လိုက်ချိန်တွင်တော့ တိုက်ပွဲ၏အခြေအနေမှာ ပြောင်းလဲနေပေပြီ။
ဓားကိုင်အစေခံဆယ်နှစ်ယောက်သည် တိုက်ပွဲဆီသို့ ဦးတည်ပျံသန်းသွားကြ၏။ သူတို့ခြေထောက်အောက်တွင် ပျံဝဲနေသော ပြားချပ်ချပ်ခြေနင်းများကိုယ်စီ ရှိနေကြသည်။ အဆိုပါ ခြေနင်းများမှာ မူလချီစွမ်းအားပညာရှင်များ မပျံသန်းနိုင်ချိန်တွင် အသုံးပြုနိုင်သော ပျံသန်းရေးကိရိယာများပင် ဖြစ်သည်။
ဓားကိုင်အစေခံဆယ်နှစ်ယောက်လုံးသည် အလင်းတုန်ခါခြင်းနယ်ပယ်ရောက်နေသူများပီပီ ပျံသန်းနိုင်ကြသည်ဖြစ်၍ အဆိုပါပျံသန်းရေးကိရိယာများ မလိုအပ်ချေ။ သို့သော် သူတို့သည် ရန်သူများကိုလှည့်စားလို၍၊ သူတို့ကို အထင်သေးသွားစေလို၍ ဤကိရိယာများကို တမင်သက်သက် အသုံးပြလိုက်ခြင်းပင်။ ဤနည်းအားဖြင့် ရန်သူများသည် သူတို့အား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များသာဖြစ်ပြီး အဆိုပါပျံသန်းရေးကိရိယာများကို အားကိုးရွှေ့လျားနေကြသည်ဟု မှားယွင်းစွာ ယုံကြည်သွားကြပေလိမ့်မည်။
လေဓားပြအုပ်စုတစ်စု သူတို့ဆီ ဦးတည် ပျံသန်းလာကြ၏။ ဤအုပ်စုထဲမှ အင်အားအကြီးဆုံးသူမှာ စတုတ္ထလက်စွပ်အဆင့် အာကင်နာပညာရှင်ပင် ဖြစ်သည်။ လင်ရှောက်တို့အုပ်စုတစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြ၏။
လင်ရှောက်က မေးလိုက်လေသည်။
"ကဲ ဘယ်သူ အရင်တိုက်ခိုက်မလဲ"
ချန်းရှန်ခေါ် ဓားကိုင်အစေခံတစ်ယောက် ရှေ့ထွက်လာပြီး ပြောလိုက်၏။
"ကျုပ်ကြိုးစားကြည့်ပါရစေ"
ထို့နောက် သူ ဓားကိုထုတ်ပြီး လေထဲကို ပြင်းထန်စွာ ခုတ်ချလိုက်၏။ ဓားချက်ကြောင့် ကောင်းကင်တစ်ခွင်တွင် အကန့်အသတ်မဲ့ အလင်းလှိုင်းတန်းကြီး ထွက်ပေါ်လာသည်။ ရှေဆုံးမှ လေဓားပြသုံးယောက်က မျက်စေ့တမှိတ်အတွင်းမှာပင် ကိုယ်တပိုင်းစီ ပြတ်ထွင်သွား၏။ အားကောင်းလှသော ချီစွမ်းအင်လှိုင်းလုံးကြီးက သူတို့အား တချီတည်းနှင့် မရဏနိုင်ငံကို ပို့ဆောင်ပေူလိုက်လေသည်။
ထိုအခါ ပဥ္စမအဆင့် လူပျံတော်တစ်ဦး အလျင်အမြန် ပြေးဝင်လာပြီးလေဟာနယ်နတ်ဆိုးဝံပုလွေတစ်ကောင်ကို ဖန်တီးလိုက်လေသည်။ လေနယ်နတ်ဆိုးဝံပုလွေများသည် လေဟာနယ်များတွင် နေထိုင်တတ်သည့် သက်ရှိများပင်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာသည် မယုံနိုင်စရာကောင်းလောက်အောင် ကြောက်စရာကောင်းပြီး အစွမ်းထက်၏။ သို့သော် လူပျံတော်သုံးလိုက်သည့် နည်းစနစ်မှာ ဝုံပလွေပုံရိပ်ကိုသာ ဆင့်ခေါ်ပေးနိုင်၍ ဝံပုလွေ၏အင်အားသည် လူတစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွဲပြားနိုင်ပေသည်။ သို့တိုင်အောင် ပဥ္စမအဆင့်အာကင်နာပညာရှင်ဖြစ်၍ သူ့ အင်အားမှာ မနိမ့်လှ။ သူ ဖန်တီးလိုက်သည့် လေဟာနယ်နတ်ဆိုးဝံပုလွေသည် အတော်လေး အစွမ်းထက်၏။ ၎င်းက ပေါ်လာသည်နှင့်တပြိုင်နက် ဓားကိုင်အစေခံများကို ပြေးဝင်တိုက်ခိုက်လိုက်လေသည်။ ထို့နောက် လူပျံတော်သည် သူ့ကိုယ်သူ အကာအကွယ်တစ်ခု ဖန်တီးပြီး ချန်းရှန်ကို မီးမြှားတစင်းနှင့် ပစ်ပေါက်လိုက်ပြန်၏။
ပဉ္စမအဆင့်အာကင်နာနည်းစနစ်သုံးမျိုးကို ဆက်တိုက်ဆိုသလိုအသုံးပြုလိုက်ခြင်းကြောင့် ရန်သူသည် အလွန်အတွေ့အကြုံများပြီး ဝါရင့်တစ်ဦးဖြစ်သည်မှာ ထင်ရှားနေ၏။ သို့သော် ဤမျှလောက်နှင့် ချန်းရှန်ကိုရှင်းပစ်ရန်မှာ မလုံလောက်သေးချေ။
သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တစ်ဦးတည်းကိုသာ ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ရင်ဆိုင်နေရသည်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးတည်းမဟုတ်။ ဆယ့်နှစ်ဦး ဖြစ်နေ၏။ အထက်တွင်ဖော်ပြခဲ့သည့် နည်းစနစ်သုံးမျိုးနှင့် ဆက်တိုက်ရင်ဆိုင်ရသည့်အခါ ချန်းရှန်က တစ်ခုတည်းသော အရာကိုသာ လုပ်ခဲ့၏။ ၎င်းမှာ သူက ခေါင်းတချက်ငဲ့ပြီး
"ကျုပ်တို့ ပူးပေါင်းလိုက်ရင်ကောင်းမလား"
ဟု လင်ရှောက်တို့ဖက်ကို လှည့်ပြောလိုက်ခြင်းပင်။
"ကဲ လုပ်လိုက်ကြစို့"
ဓာားအစေခံနှစ်ယောက်က ရယ်မောပြီး ပြန်ဖြေလိုက်ကြ၏။ ထို့နောက် မျက်စေ့တမှိတ်အတွင်းမှာပင် သူတို့နှစ်ယောက် ချန်းရှန်နဲ့အတူ တိုက်ပွဲစည်းဝိုင်းအတွင်း ခုန်ဝင်လာကြလေသည်။ ဓားသွားမှထွက်ပေါ်လာသည့် ချီစွမ်းအင်စီးကြောင်းတစ်ခုက လေဟာနယ်နတ်ဆိုးဝံပုလွေဆီသို့ ပျံ့လွင့်သွား၏။ ထို့နောက် ချွန်ထက်သော ချီစွမ်းအင်ဓားသွားများက အရိပ်များအဖြစ်ကွဲထွက်သွားပြီး နတ်ဆိုးဝံပုလွေကို အကြိမ်ပေါင်းများစွာ ထိုးဖောက်တိုက်ခိုက်လိုက်တော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပုံရိပ်သည် အလင်းအဖြစ်ပြောင်းလဲသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သို့သော် ချီစွမ်းအင်ဓားသွားများသည် အနည်းငယ်မှ အရှိန်မလျော့သွားပဲ ရှေ့သို့ဆက်လက်တိုးဝင်သွားပြီး မီးမြှားကို ရပ်တန့်သွားစေပြန်သည်။
ထိုအချိန်တွင် ဒုတိယဓားအစေခံကလည်း သူ့ဓားကို လှုပ်ရှားလိုက်တော့သည်။ ဓားချက်သည် မယုံနိုင်လောက်အောင် ထက်မြေ့နေပြီး အသေးစိတ်နိုင်လှ၏။ ဓားသွားသည် လူပျံတော်၏အကာအကွယ်ကို ရစရာမရှိအောင် ပျက်စီးသွားစေလေသည်။ ဤတိုက်ခိုက်မှုကား သံချပ်ကာဖြိုခွဲတိုက်ခိုက်ခြင်းပေတည်း။ ၎င်းသည် အကာအကွယ်များကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်သော်ငြား ထိုအတွက်သက်သက်သာ အသုံးဝင်ပြီး လူကိုတော့ ထိခိုက်နိုင်စွမ်းမရှိချေ။
ထိုအချိန်တွင် ချန်းရှန်က သူ့ဓားကို ဝှေ့ယမ်းလိုက်ပြန်သည်။ သူ့ဓားချက်မှာ သူ့မိတ်ဆွေနှစ်ဦးထုတ်သုံးလိုက်သည့် ဓားချက်နှစ်ချက်နှင့် ကွဲပြားနေ၏။ ယခု ချန်းရှန်၏ ဓားချက်သည် ရိုးရိုးရှင်းရှင်းနှင့် ဘာထူးခြားမှုမှ မရှိသလို ထင်ရသည်။ သို့သော် သူက သူ့စွမ်းအားများအားလုံးကို ဓားသွားထိပ်တွင် စုစည်းထား၏။ သူ့ရည်ရွယ်ချက်မှာ ရန်သူကို သတ်ဖြတ်နိုင်ရန်ပင် ဖြစ်လေသည်။
လူပျံတော်၏ တုံ့ပြန်မှုကလည်း အထူးပင် မြန်ဆန်လှသည်။ သူသည် အကာအကွယ်များ ပျက်စီးသွားသည်နှင့် တပြိုင်နက် ရှောင်တိမ်းလိုက်၏။ သူသည် တိုက်ပွဲဧရိယာထဲမှ ခုန်ထွက်သွားပြီး ပေတစ်ထောင်အကွာမှာ ပြန်ပေါ်လာလေသည်။ ထို့နောက် သူ သူ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်၏။ သူ့ရင်ဘတ်တွင် အလွန်သေးငယ်သော အမာရွတ်တစ်ခု တဖြည်းဖြည်းပေါ်လာကြောင်း သူ မြင်တွေ့လိုက်ရသည်။
၎င်းမှာ ချန်းရှန်၏ တချက်လွှတ်တိုက်ကွက်ပေတည်း။ သူ မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ရှောင်တိမ်းနိုင်ခဲ့သည်မှာ အမှန်ပင်။ သို့သော် ချန်းရှန်၏ဓားချက်က သူ့ကို အနည်းငယ် ပြတ်ရှသွားစေလေသည်။
ထို့နောက် တခနအကြာမှာပင် လူပျံတော်၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာ ပေါ်လာ၏။ သူ့ခန္ဓာကိုယ်မှာလည်း ပျက်စီးလာပြီး အရေပြားများ မြေပေါ်တစစီပြုတ်ကျကာ ပြာမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူပျံတော် ပြာပုံဖြစ်သွားလေ၏။ ဓားချက်သည် သူ့ကို ကိုယ်အတွင်းပိုင်းဆီမှစ၍ လောင်မြိုက်လှိုက်စားပစ်လိုက်ခြင်းဖြစ်ပြီး သူ၏အတွင်းအင်္ဂါအားလုံးနှင့်အသက်ရှင်သန်နိုင်မည့် အခွင့်အရေးအားလုံးကို ပျက်စီးသွားစေ၏။
တစ်ချက်တည်းနှင့် သေဆုံးခြင်းပေတည်း။
လေဓားပြများ မျက်လုံးပြူးကုန်ကြလေပြီ။
"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် သုံးယောက်ဟေ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် သုံးယောက်ကွ သခင်ကြီးဖရော့စ်ကို သူတို့ သတ်ပစ်လိုက်ကြပြီ"
ဓားပြများထဲမှ တစ်ယောက်က ထအော်လိုက်တော့သည်။ ထိုအခါ လေဓားပြများ အုပ်စုလိုက် လင်ရှောက်တို့လူစုဆီ ဦးတည်ပျံသန်းလာကြ၏။ ဤတကြိမ်တွင် ပဉ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်ငါးဦးအထိ ပါဝင်လာ၏။ သူတို့ ကနဦးတိုက်ပွဲအပေါ် သင်ခန်းစာယူခဲ့သည့်ပုံပင်။
အံ့သြစရာကောင်းသည်မှာ အဆိုပါလူပျံတော်ငါးဦးသည် အစောပိုင်းတိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ဓားအစေခံ ဆယ်နှစ်ယောက် ရောက်လာမှသာ တိုက်ပွဲစည်းဝိုင်းအတွင်း ဝင်ရောက်လာကြခြင်းပင်။ စုချန်း ခန့်မှန်းထားသည့်အတိုင်းပင် လေဓားပြများသည် အခြေအနေကို ဆန်းစစ်နေကြခြင်း ဖြစ်သည်။ လွန်းပျံယာဉ်ပေါ်မှလူများ သူတို့၏ဝှက်ဖဲများကို စတင်အသုံးပြုလိုက်သည်နှင့် သူတို့ကလည်း ထိုနည်းအတိုင်း လုပ်ဆောင်လာကြခြင်းပင်။
ပဉ္စမလက်စွပ်အဆင့်လူပျံတော်ငါးယောက်၏ အင်အားမှာ မသေးလှ။ သူတို့အနေနှင့် ဓားအစေခံ ဆယ်နှစ်ယောက်အပေါ် အတော်လေး အလေးထားဟန်ပေါ်နေသည်။ သို့သော် ကံမကောင်းစွာပင် သူတို့သည် ရန်သူများအပေါ် အထင်သေးနေကြဆဲပင်။
လင်ရှောက်က ပဉ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်ငါးယောက် သူတို့ဆီ ဦးတည်လာသည်ကို မြင်သည်နှင့် ရယ်မောလိုက်၏။
"ဒီကောင်တွေကို အံ့သြသွားအောင် ထပ်လုပ်လိုက်ရအောင် ဟေ့ ချန်းရှန် ဖေးတန် မင်းတို့နှစ်ယောက်က သူတို့ထဲက တယောက်စီကို တာဝန်ယူလိုက် ကျန်တဲ့လူတွေအားလုံး ကျုပ်နဲ့အတူတိုက်ကြမယ် ကျန်သုံးကောင်ကို ကျုပ်တို့ရှင်းပစ်ကြမယ်"
တိုက်ပွဲသည် နောက်တကြိမ် ထပ်မံဖြစ်ပွားလာခဲ့ပြန်၏။ သို့သော် ဤတကြိမ်တိုက်ပွဲမှာ ဆယ်ယောက်နှင့် သုံးယောက် တိုက်ပွဲပင်ဖြစ်သည်။ လူပျံတော်များအနေနှင့် သူတို့ ဆယ်နှစ်ယောက်စလုံးကို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဟု လုံးဝထင်မထားကြချေ။ ပို၍ရှက်စရာကောင်းလှသည်မှာ ဤလူသားဆယ်နှစ်ယောက်သည် အင်အားကိုလျှိုထားပြီး သူတို့ကို လှည့်စားခဲ့ကြခြင်းပင်။
လူပျံတော်ငါးယောက် အံ့အားသင့်ကုန်ကြ၏။ ဘာမှရေရေရာရာမသိလိုက်နိုင်ခင်မှာပင် လူပျံတော်သုံးယောက် ဘုမသိဘမသိ သေဆုံးကုန်ကြ၏။ ကျန်နှစ်ယောက်မှာ ကမူးရှုးထိုးနှင့် ထွက်ပြေးကုန်ကြလေသည်။
ဓားအစေခံများ အားရပါးရ ရယ်မောလျက်ကျန်ရစ်ကုန်ကြ၏။ သူတို့၏အင်အား ယခုအချိန်တွင် ပေါ်လွင်သွားပြီ ဖြစ်သည်။ ထိုအခါ ဓားအစေခံများသည် ခြေနင်းပြားများကို စွန့်ပစ်လိုက်ကြပြီး လေထဲတွင် ပျံဝဲကာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်စနောက်နေကြ၏။ ဤရယ်မောသံများတွင် နတ်ဆိုးဆန်သော အရည်အသွေးတစ်မျိုး ပါဝင်နေပုံရ၏။ လွန်းပျံယာဉ်ပေါ်မှ စစ်သည်များ အကြီးအကျယ် စိတ်ဓာတ်တက်ကြွလာကြပြီး လေဓားပြများ စိတ်ဓာတ်ကျကုန်တော့သည်။
အဖိုးကြီးဟူက ပျော်ရွှင်စွာ အော်လိုက်သည်။
"တွေ့လား မင်းတို့တွေ့လိုက်လား သူတို့အားလုံး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေ"
သံမဏိ၏ မျက်နှာ ရှုံ့မဲ့သွား၏။
"မင်းတို့ကောင်တွေ ဘာမှမသ်ိသေးပါဘူးကွာ"
ပြောသာပြောလိုက်ရသည်။ သူ အကြီးအကျယ် နောင်တရနေ၏။ ဂုဏ်ကျက်သရေလွှမ်းခြုံနိုင်မည့်အချိန်တွင် သူ ဘာကြောင့်ပါဝင်ခွင့်မရလေသနည်း။
ထို့နောက် သံမဏိ တိုက်ပွဲကို ဆက်လက်ငေးကြည့်နေ၏။
ထို့နောက် လေဓားပြများအား သတ်ဖြတ်နေသူမှာ ဓားအစေခံများမဟုတ်ပဲ သူကိုယ်တိုင်သာ ဖြစ်နေပါစေဟု ဆုတောင်းနေမိလေသည်။
***