ဓားအစေခံများ၏ စွမ်းအားများ
Vol. 82 Ch. 820
ကောင်းကင်ယံတွင် ဟိုမှသည်မှ ပျံသန်းရင်း တိုက်ခိုက်မှုများကို ငံ့လင့်နေသည့် ဓားအစေခံ (၁၂) ဦး ရှိနေ၏။
မည်သို့ဆိုစေ သူတို့သည် ပရိယာယ်မာယာအနည်းငယ်ဖြင့် ပဉ္စမလက်စွပ်အဆင့်လူပြန်တော်လေးကောင်ကို ဆက်တိုက်သတ်နိုင်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
အောင်ပွဲအရသာကို ခံစားရန်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့လိုသည်ဟု မည်သူ ပြောခဲ့လေသနည်း။ ထိုခံစားချက်သည် အလွန်ကောင်းမွန်သော်လည်းရန်သူကို အလွယ်တကူ သတ်ပစ်နိုင်ခြင်းက ပို၍ကောင်းသည်မဟုတ်ပါလား။ ဖြစ်နိုင်လျှင် မည်သူမဆို လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ရန်သူများကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လို့သည့်စိတ် ရှိမည်မှာအမှန်ပင်။
ဓားအစေခံ (၁၂) ဦးသည် ပဉ္စမလက်စွပ်အဆင့်လူပျံတော်များကို တိုက်ခိုက်ရာတွင် မူလစွမ်းအင်ကိုပင် သိပ်မသုံးခဲ့ကြသောကြောင့် လူပျံတော်များသည် အချည်းနှီး သေဆုံးခဲ့ရသည်ဟုပင် ဆိုနိုင်သည်။ သို့သော် ရန်သူများ ဤသို့သေဆုံးသွားလေလေ ဓားအစေခံများအဖို့ အကြိုက်တွေ့လေလေပင်တည်း။
သို့သော် ဤပျော်ရွှင်မှုသည် ကြာကြာတော့မခံချေ။ တခနအကြာတွင် စစ်ကူများ ထပ်ရောက်လာပြန်၏။
ရန်သူများ၏ အရေအတွက်မှာကား နည်းနည်းလေးသာ။ လူပျံတော်သုံးဦးသာရှိ၏။ သို့သော် သာမာန်အဆင့်တော့မဟုတ်။ ဆဋ္ဌမလက်စွပ်အဆင့် လူပျံတော်သုံးဦး ဖြစ်လေသည်။
ဆဋ္ဌမလက်စွပ်အဆင့် လူပျံတော်များသည် အလင်းတုန်ခါမှုနှင့် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်အကြားတွင် ရှိနေကြသူများ ဖြစ်၏။ တချို့ဆိုလျင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည်ဟုပင် ယူဆနိုင်ပေသည်။
ဤဆဋ္ဌမလက်စွပ်အဆင့် အာကင်နာပညာရှင်သုံးဦးသာ စောစောစီးစီး ရောက်လာပါက လွန်းပျံယာဉ်များ ပြိုကျသွားပြီးလောက်ပေပြီ။ ထို့ကြောင့် လေဓားပြများတွင် တခြားရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားနေ၏။
တကယ်တော့ သူတို့၏ ရည်ရွယ်ချက်မှာ ရန်သူ၏အင်အားအမှန်ကို စုံစမ်းရန် ဖြစ်သော်လည်း ဤမျှများပြားသော ဆုံးရှုံးမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်ထားသည် မဟုတ်ကြချေ။ လူသားများတွင် လျှို့ဝှက်အင်အားစုများရှိနေခဲ့ပြီး ဤလျှို့ဝှက်အင်အားစုများသည် အမည်မသိ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ၁၂ဦး ဖြစ်နေ၏။ ထို့ပြင် သူတို့သည် အလွန်ရှက်ဖွယ်ကောင်းသောမာယာမျိုးသုံးကာ ပဉ္စမလက်စွပ်အဆင့် လူပျံတော်လေးကောင်ကို သတ်ပစ်ခဲ့ကြသေးသည်။ သူတို့လက်မှလူပျံတော်များ အကြောင်းမဲ့သက်သက် သေဆုံးခဲ့ကြရ၍ ဓားပြများ ဒေါသူပုန်ထကုန်သည်မှာ မဆန်းလှချေ။
အနှီဆဋ္ဌမလက်စွပ်အဆင့် လူပျံတော်သုံးဦးပေါ်လာခြင်းသည်ကား ထိုလျှို့ဝှက်ဆန်းကြယ်(၁၂) ဦးအဖွဲ့ကို ဖျက်ဆီးရန်ဟူသော ရည်ရွယ်ချက်မှတပါး အခြားမရှိနိုင်တော့ချေ။
"ဟော နောက်တစ်ဖွဲ့လာပြန်ပြီဟေ့"
လင်ရှောက်က ရယ်မောရင်း ပြောလိုက်၏။
"အရှက်မရှိတဲ့ လူသားတွေ"
ဆဋ္ဌမလက်စွပ်အဆင့် လူပျံတော်တစ်ဦးက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး ရှေးဟောင်းမန္တာန်တချို့ကို စတင်ရွတ်ဆိုလိုက်လေသည်။
ထိုရွတ်ဆိုသံကြောင့် သူ့ပတ်ပတ်လည်တွင် ထူးဆန်းသော လှိုင်းဂယက်များကို ဖြစ်ပေါ်လာ၏။ ထို့နောက် အရာအားလုံးက်ို ဖျက်ဆီးပစ်တော့မည်ဟန်ဖြင့် လေထဲတွင် အနီရောင်အလင်းတန်းတခု ပေါ်လာလေသည်။
မီးလျံစက်ဝန်းပေတည်း။
၎င်းသည် ရှေးဟောင်းအာကင်နာနည်းစနစ်တရပ် ဖြစ်၏။ ထို့နောက် ကျယ်ဝန်းသော ဆဋ္ဌမလက်စွပ်အဆင့် မူလစွမ်းရည်တစ်ခု ပေါ်ပေါက်လာပြီး ဓားအစေခံ (၁၂) ဦးကို ခြောက်ခြားဖွယ်စွမ်းအင်လှောင်အိမ်ထဲ ဆွဲယူမြိုချပစ်နိုင်ရန် စတင်ခြိမ်းခြောက်လာတော့သည်။
မီးလျံစက်ဝန်းတခုတည်းနှင့် ဓားအစေခံများကို အဆုံးသတ်ရန် လုံလောက်မည်တော့မဟုတ်။ သို့သော် ၎င်းတို့ကို ခနတာထိန်းချုပ်နိုင်ရန်တော့ အသုံးကျပေသည်။ တစ်ချိန်တည်းမှာပင် ကျန်ဆဋ္ဌမလက်စွပ်အဆင့် အာကင်နာပညာရှင်နှစ်ဦးကလည်း စတင်တိုက်ခိုက်လာ၏။ ပထမတစ်ဦးသည် ပြင်းထန်သော မုန်တိုင်းကို ထုတ်လွှတ်လိုက်၏။ ထိုအခါ မိုးကြိုးလျှပ်စီးများသည် ကောင်းကင်မှအောက်သို့ တဒိုင်းဒိုင်းနှင့် ပစ်ချနေလေတော့သည်။ ကျန်တဦးမှာမူ ထိသည်နှင့် အသက်ပျောက်သွားစေမည့် အလင်းတန်းများကို ထုတ်လွှတ်တိုက်ခိုက်လိုက်၏။ ထိုအခါ အလွန်တောက်ပသော လျှပ်စီးကြောင်းများ၏ဖုံးကွယ်မှုနှင့်အတူခြောက်ခြားဖွယ်အမှောင်ထုသည် ဓားအစေခံများထံ တိတ်တဆိတ်ချည်းကပ်လာလေသည်။
လူပျံတော်သုံးဦးသည် ဧရိယာတခုလုံးအပေါ် သက်ရောက်စေနိုင်သည့် စွမ်းရည်သုံးမျိုးကို ပြိုင်တူ အသုံးပြုလိုက်ကြသည့်တိုင် သူတို့၏ စုပေါင်းတိုက်ကွက်မှာ လိုက်ဖက်ညီလှ၏။
ပုံမှန်အားဖြင့်ဆိုလျင် အဖွဲ့လိုက် တိုက်ပွဲများသည် အလွန်ရှုပ်ထွေးသွားတတ်၏။ လူတိုင်းသည် ပတ်ဝန်းကျင်မှ စွမ်းအားကို ဆွဲယူသုံးစွဲနေကြချိန်တွင် သတ်မှတ်ဧရိယာအတွင်းရှိ စွမ်းအင်အကန့်အသတ်ကြောင့် လူတိုင်း၏ တိုက်ခိုက်မှုများသည် တစ်ဦးပေါ်တစ်ဦး အကျိုးသက်ရောက်မှုရှိတတ်ကြသည်။
သို့သော် ယခုစုပေါင်းတိုက်ကွက်သည် တစ်ဦးပေါ်တစ်ဦး အနည်းငယ်မျှ သက်ရောက်မှုမရှိချေ။ ထို့ကြောင့် လူပျံတော်သုံးဦးသည် ဤတိုက်ကွက်မျိုးကို အလွန်ကျွမ်းကျင်ကြောင်း မြင်သာနေ၏။
၎င်းမှာ မူလချီစွမ်းအားပညာရှင်များအကြား ပြောင်မြောက်လှသည့် စုပေါင်းတိုက်ခိုက်မှုမျိုးဟု သတ်မှတ်နိုင်သည်။ မှန်ကန်သောအချိန်တွင် တိုက်ကွက်များ၏ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုသာမကပဲ စွမ်းအင်အဆင့်တိုင်းတွင် မူလစွမ်းအင်များကို လိုက်ဖက်မှုရှိအောင် ပေါင်းစပ်ထားနိုင်လေရာ ၎င်းတို့၏ စုပေါင်းတိုက်ကွက်သည် သာမာန်ထက် များစွာ အင်အားကြီးမားလာတော့၏။
သူတို့သုံးဦး အတူတိုက်ခိုက်လာသည်မှာ နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်လေရာ တစ်ဦးနှင့်တစ်ဦး၏ တိုက်ကွက်ပုံစံကို နက်နက်နဲနဲ နားလည်ထားပြီး လိုအပ်သည့် စွမ်းအားကိုသာ အလိုက်သင့်ပေါင်းစပ်နိုင်ကြ၏။ ကြောက်စရာကောင်းလှသည့် စုပေါင်းတိုက်ကွက်ပေတည်း။
လင်းရှောက်နှင့်သူ့လူများသည် ဤဆဋ္ဌမလက်စွပ်အဆင့်အာကင်နာပညာရှင်သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မြင်သောအခါ ပြုံးလိုက်ကြ၏။
"တော်တော်ကောင်းတဲ့စုပေါင်းတိုက်ကွက်ပဲ ကဲ ကိုယ့်လူတို့ ကျုပ်တို့ကလဲ သူတို့ကို ပြန်ပြလိုက်ကြရအောင်"
လင်ရှောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။
သူပြောလိုက်သည်နှင့် ဓားအစေခံ (၁၂) ဦး စတင်လှုပ်ရှားလာကြလေသည်။ သို့သော် သူတို့၏တိုက်ခိုက်ပုံမှာ လူပျံတော်သုံးဦးနှင့် သိသိသာသာ ကွဲပြားနေ၏။
သူတို့သည် ဓားများကို လေထဲတွင် ပြိုင်တူ ဝှေ့ယမ်းလိုက်ကြသည်။ ၎င်းတို့၏ ဝှေ့ယမ်းလှုပ်ရှားမှုများသည် တထပ်တည်းကျနေပြီး လူပျံတော်သုံးဦးထက်ပင် ပို၍ညီညွတ်နေသေး၏။ ဤအချင်းအရာကို မြင်သည်နှင့် သူတို့ ပြဿနာတက်ပြီမှန်း လူပျံတော်သုံးဦး ချက်ချင်း သဘောပေါက်လိုက်ကြသည်။
ထိုအချိန်တွင် ဓားအစေခံ (၁၂) ဦး၏ လက်များ ပတ်ပတ်လည်တွင် ရေခဲစီးကြောင်းများ စတင်ရွေ့လျားနေခဲ့ပြီ ဖြစ်သည်။
တတိယအဆင့်အာကင်နာနည်းစနစ်။ တနည်းအားဖြင့် ရေခဲကန့်သတ်နည်းစနစ်ပင် ဖြစ်သည်။ ရေခဲကန့်သတ်နည်းစနစ်ကို အကန့်အသတ်မရှိ အလွှာလိုက် အလွှာလိုက် အသုံးပြုနိုင်၏။
ရေခဲထိန်းချုပ်နည်းစနစ် (၁၂)မျိုးအတွက် ပစ်မှတ်က တစ်ယောက်တည်း။ ထိုပစ်မှတ်ကား အလင်းတန်းများအား ပစ်လွှတ်တိုက်ခိုက်နေသည့် လူပျံတော်ထံ ဦးတည်နေလေသည်။ အနှီအလင်းတန်းများသည် အန္တရာယ်ကင်းပုံရသော်လည်း လူပျံတော်သုံးဦး ဖော်ထုတ်တိုက်ခိုက်နေသည့် နည်းစနစ်သုံးမျိုးအနက် အန္တရာယ်အကြီးဆုံး ဖြစ်လေသည်။ ထို့ကြောင့် ဓားအစေခံ (၁၂) ဦးက အဆိုပါလူပျံတော်ကို ဦးစွာ ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။
ရေခဲတန်းများထိမှန်သွားသည်နှင့် ဝန်းရံပိတ်ဆို့လာသည့် ရေခဲစွမ်းအင်များကြောင့် မူလစွမ်းအင်ထုတ်သုံးရန်ပင် အခက်တွေ့လာသကဲ့သို့ အနှီလူပျံတော် ခံစားလိုက်ရ၏။ တကယ်တော့ ၎င်းသည် ခံစားချက်မျှသာ မဟုတ်ပဲ လက်တွေ့ ဖြစ်နေသည်။ အကြောင်းမှာ ရေခဲထိန်းချုပ်နည်းစနစ်သည် တစ်ဦးဦး၏ မူလစွမ်းအင်အသုံးပြုနိုင်စွမ်းကို ထိခိုက်စေနိုင်သောကြောင့်ပင်။ ပုံမှန်အားဖြင့် တဦးချင်းစီတိုက်ခိုက်လျင် သက်ရောက်မှုအားနည်းသော်လည်း လူများစွာ ပြိုင်တူတိုက်ခိုက်ပါက ဆဋ္ဌမလက်စွပ်ဆင့်အာကင်နာပညာရှင်ကိုပင် ထိခိုက်စေရန်လုံလောက်၏။
ရုတ်တရက်ဆိုသလိုပင် တိုက်ခိုက်ခံရသောလူပျံတော်သည် တုံ့ပြန်နိုင်စွမ်းနှင့် မူလစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း နှေးကွေးသွားတော့သည်။
ဤတိုက်ပွဲတွင် ထိုမျှဆိုလျင်ပင် လုံလောက်နေခဲ့လေပြီ။ အင်အားကြီးမားသောပုဂ္ဂိုလ်များအကြား တိုက်ပွဲသည် မီလီမီတာအတိုင်းအတာများဖြင့် ဆုံးဖြတ်ကြ၏။
ယခုလည်း ဤအတိုင်းပင်။ ထိန်းချုပ်ခံထားရသည့် လူပျံတော် လွတ်မြောက်နိုင်လောက်မည့်ချိန်တွင် ဓားအစေခံ (၁၂)ဦး၏ ဓားချက်များ ထပ်မံထွက်ပေါ်လာပြန်သည်။ ဤတကြိမ်တွင်မူ ရေခဲထိန်းချုပ်နည်းစနစ်နှင့်မတူတော့ပဲ ဓားချက်အလင်းတန်းများသည် ပြိုင်တူပင် ကြီးမားသောဓားကြီးတချောင်းအဖြစ် ပေါင်းစပ်သွားတော့၏။ဓားကြီးသည် ကောင်းကင်ကိုပင် ဖောက်ထွင်းသွားတော့မည့် အရှိန်အဝါမျိုးကို ဆောင်နေသည်။ ထို့နောက် အဆိုပါဓားကြီးသည် မိုးကြိုးမုန်တိုင်းကို ထိန်းချုပ်နေသော လူပျံတော်ထံသို့ ဦးတည်ဝင်ရောက်သွား၏။
လူပျံတော်သုံးဦးသည် အလွန်အမင်း ထိတ်လန့်ကုန်ကြလေသည်။ ဓားအစေခံ(၁၂)ဦးတွင် သူတို့ထက်ပိုမိုကောင်းမွန်သော စုပေါင်းတိုက်ကွက်မျိုး ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
တကယ်တော့ ထက်မြက်သော စစ်သည်တော်အုပ်စုများသည် ၎င်းတို့၏တိုက်ခိုက်မှုများကို ပေါင်းစပ်ထားကြလေရာ ထိရောက်မှုမှာလည်း များစွာ ပိုလာတော့သည်။ စွမ်းအင်အားလုံးသည် လူတစ်ဦးတည်းထံ စုစည်းသွားပြီး ထိုလူသည် သူ့အဖွဲ့သားအားလုံး၏ စွမ်းအားကို ရုတ်တရက် စုပ်ယူလိုက်သကဲ့သို့ဖြစ်သွားလေရာ တိုက်ကွက်မှာ အဆပေါင်းများစွာ မြင့်မားလာတော့၏။ ဤစုပေါင်းတိုက်ကွက်မျိုးသည် သာမာန်ထက် များစွာထိရောက်သည်မှာ အမှန်ပင်။
သို့သော် ဤအဆင့်မျိုးသို့ ရောက်ရှိရန်မှာ မလွယ်လှ။ ဤစုပေါင်းတိုက်ကွက်မျိုးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ရန် ပါဝင်တိုက်ခိုက်သူများသည် လပေါင်းနှစ်ပေါင်းများစွာ အကျွမ်းတဝင်ရှိရမည့်အပြင် တူညီသော ကျင့်ကြံခြင်းလမ်းစဉ်များလည်း လိုအပ်၏။ ယခင်ကတော့ ဤစုပေါင်းတိုက်ကွက်မျိုးသည် တူညီသောသွေးဗီဇများရှိသည့် မျိုးနွယ်စုဝင်များအတွက်သာ ဖြစ်နိုင်ခဲ့ကြလေသည်။
သို့သော် ဓားအစေခံ (၁၂) ဦးအတွက်တော့ ဤစည်းမျဥ်းမှာ အကျုံးမဝင်တော့။ သူတို့သည် သွေးဗီဇမတူ မျိုးနွယ်မတူကြသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်များကတော့ များစွာတူညီကြ၏။ သူတို့အားလုံးလိုလိုသည် စုချန်း၏ သွေးဗီဇမဲ့နည်းစနစ်များကို လေ့ကျင့်ခဲ့ကြလေရာ သူတို့၏ ကျင့်ကြံခြင်းလမ်းစဥ်များမှာ အတူတူဟု ဆိုနိုင်သည်။ ထို့ပြင် သူတို့၏ ဓားကွက်ဆိုင်ရာနည်းစနစ်များကို စုချန်း၊ လီချုံးချန်နှင့် ရှီကိုင်းဟွမ်တို့က ရွေးချယ်ပေးထားကြခြင်းဖြစ်သည်။ထိုအခါ တူညီသောနည်းစနစ်များကို လေ့လာလေ့ကျင့်ခဲ့သော အချိန်ကာလကို ထည့်သွင်းတွက်ချက်လျင် ၎င်းတို့၏စုပေါင်းတိုက်ကွက် ဤမျှကြောက်စရာကောင်းနေခြင်းမှာ ဘာမှမဆန်းလှတော့။
စုချနပင်လျှင် ဤစုပေါင်းဓားချက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်လေရာ လူပျံတော်သုံးဦးဆိုလျင် သာ၍ဆိုးပေတော့မည်တည်း။
ဓားချက်သည် လေကို ထိုးဖောက်သွားပြီး မြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့၏။ ဤဓားချက်မျိုးက ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦး၏ တိုက်ခိုက်မှုအဆင့်လောက်ပင် ရှိပေသည်။
ဆဋ္ဌမလက်စွပ်အဆင့် အာကင်နာပညာရှင်အနေနှင့် ဤတိုက်ခိုက်မှုကို ခုခံရန် နည်းလမ်းမရှိချေ။ ဓားချက်ကို မျက်လုံးအပြူးသားနှင့်သာ ကြည့်နေရ၏။ သူ့မျက်လုံးများတွင်ကားထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။ ဤအတိုင်းဆိုလျင် သူ့အဖို့ သေခြင်းမှတပါး အခြားမရှိတော့။
ထိုအချိန်မှာပင် နောက်ထပ် ပုံရိပ်တရိပ် ရလေထဲတွင် ရုတ်တရက်ပေါ်လာပြီး အားကောင်းလှသော ဓားချီစွမ်းအင်လှိုင်းကြီးကို ထုတ်လွှတ်လိုက်လေသည်။
သတ္တမလက်စွပ်အဆင့်အာကင်နာပညာရှင်ပေတည်း။
လေဓားပြများသည် ဝှက်ဖဲများကို တချပ်ပြီးတချပ် လှန်ပြနေ၏။ ပုန်းအောင်းနေသော သတ္တမလက်စွပ်အဆင့် လူပျံတော်တဦးသည် သူ့အဖွဲ့ဝင်ကို ကယ်တင်ရန် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သူလှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်မှာပင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး လျှပ်စီးလက်သည့်နှယ် ထိုလူပျံတော်ဆီသို့ ခုန်ဝင်လာ၏။
တိမ်တိုက်ကျားသစ်ပင် ဖြစ်လေသည်။
သတ္တမလက်စွပ်အဆင့် လူပျံတော်သည် ပြင်းထန်သောမူလစွမ်းအင်လှိုင်းကို ပစ်လွှတ်လိုက်ပြီး တိမ်တိုက်ကျားသစ်ကို ရှင်းပစ်ရန် ကြိုးစားလိုက်၏။ သူ့အနေနှင့် တိမ်တိုက်ကျားသစ်ကို မူလစွမ်းအင်လှိုင်းများထဲတွင် ပိတ်လှောင်ပြီး ပေါက်ကွဲအားဖြင့် အမှုန့်ကြိတ်ပစ်ရန် ရည်ရွယ်ထားလေသည်။
သို့သော် မမျှော်လင့်ပဲ တိမ်တိုက်ကျားသစ်သည် သူ့တိုက်ခိုက်မှုကို လုံးဝမှုဟန်မရှိပဲ ရှေ့သို့ဆက်လက်တိုးဝင်လာ၏။
တကယ်တော့ တိမ်တိုက်ကျားသစ်လည်း မထိခိုက်သည်တော့ မဟုတ်ချေ။ လူပျံတော်အနေနှင့် တိမ်တိုက်ကျားသစ်၏ခန္ဓာကိုယ်မှ သွေးထွက်နေသည်ကို မြင်နေရ၏။ ဤတိုက်ခိုက်မှုကြောင့် တိမ်တိုက်ကျားသစ် အတော်လေးအထိနာသွားမည်မှာ သေချာနေပေသည်။
သို့သော် တိမ်တိုက်ကျားသစ်သည် အဝေးသို့လွင့်စင်မသွားပဲ အရှိန်ပို၍ပင်မြန်လာပြီး လူပျံတော်အနီးသို့ ရုတ်ချည်းနီးကပ်လာကာ လက်ထဲမှ အနက်ရောင်ဓားတိုလေးနှင့် တိုက်ခိုက်လာ၏။
အာကင်နာတန်ပြန်နည်းစနစ်ပေတကား။
သတ္တမမြောက်လက်စွပ်အဆင့် လူပျံတော်၏ စိတ်ထဲတွင် ထိုနာမည်ကို ချက်ချင်းရေရွတ်မိ၏။
ရန်သူ ဤနည်းစနစ်ကို ဘယ်နေရာကသင်ယူခဲ့မှန်း သူ့တွင် စဥ်းစားရန် အချိန်မရှိ။ အကြောင်းမှာ သူ့ရန်သူသည် သူမျှော်လင့်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေသောကြောင့်ပင်။ ဤအနက်ရောင်ဓားမြှောင်ဖြင့်သာ အခုတ်ခံလိုက်ရပါက သူသေဆုံးသွားနိုင်ကြောင်း ထိုလူပျံတော် ချက်ချင်းသဘောပေါက်လိုက်သည်။
သတ္တမလက်စွပ်အဆင့်လူပျံတော်၏ ပုံရိပ် ပျောက်ကွယ်သွား၏။ ကျန်းအရာများကို စဥ်းစားနေရန် သူ့တွင် အချိန်မရှိတော့။
သတ္တမလက်စွပ်အဆင့် အာကင်နာပညာရှင် သူ့အတွက် အချိန်ဆွဲပေးထားချိန်တွင် မုန်တိုင်းဖြင့် ထုတ်လွှတ်တိုက်ခိုက်နေသောလူပျံတော်သည် သူ့ကိုယ်သူ ကာကွယ်ပြီး ဒေါသတကြီး နောက်ဆုတ်နေပြီ ဖြစ်သည်။ သူ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှ၏။ သို့သော် ချီစွမ်းအားလှိုင်းများက သူ့ကို ဆက်လက်လိုက်လံတိုက်ခိုက်နေ၏။ နောက်ဆုံးတွင် အားလှိုင်းများ သူ့ကို ထိမှန်သွားလေရာ သူ၏အကာအကွယ်များ ပျက်စီးသွားပြီး သူ့တကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
ဓားအစေခံ (၁၂)များလည်း မသက်သာလှ။ ပြိုင်တူပင် သွေးအန်ကုန်ကြ၏။မုန်တိုင်းနှင့်မီးလျံစက်ဝန်းတို့၏ တိုက်ခိုက်မှုကို ကြံကြံခံထားခြင်း၏ အကျိုးပင်တည်း။ သို့သော် ဤမျှလောက်သော ပေးဆပ်မှုနှင့် ဆဋ္ဌမလက်စွပ်အဆင့်လူပျံတော်ကို သတ်ပစ်နိုင်ခြင်းမှာ ထိုက်တန်သည်ဟု ဆိုနိုင်ပေသည်။
တစ်ခနအကြာတွင် ဓားအစေခံ (၁၂) ဦးသည် နောက်ထပ် ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်ပြန်၏။
ကျန်ရှိနေသော လူပျံတော်နှစ်ဦး ကြောက်လန့်တကြားနှင့် နောက်ဆုတ်ကုန်ကြ၏။ သို့သော် ဓားချက်မှာ အစစ်မဟုတ်ပဲ လှည့်စားမှု ဖြစ်နေပြန်သည်။ ထို့နောက် ဓားအစေခံများသည် ခပ်တည်တည်ပင် ဆေးပုလင်းကိုယ်စီကို ထုတ်ယူကာ လျင်မြန်စွာ သောက်ချလိုက်ကြ၏။ အဂ္ဂိရတ်ပညာရှင်သခင်တဦး၏ လက်အောက်တွင်တာဝန်ထမ်းဆောင်ရခြင်းမှာ မင်္ဂလာတပါးပေတကား။
ဆေးရည်များ၏ တန်ခိုးကြောင့် ဓားအစေခံများ၏ ဒဏ်ရာ မြန်မြန်ဆန်ဆန်ပင် သက်သာပျောက်ကင်းသွားတော့သည်။ လူပျံတော်နှစ်ဦးကား အခွင့်အရေးကြီးတခုကို လက်လွတ်သွား၍ အကြီးအကျယ် နောင်တရကုန်ကြ၏။
တိုက်ပွဲ၏ အခြားတစ်ဖက်တွင် တိမ်တိုက်ကျားသစ်သည် သတ္တမလက်စွပ်အဆင့် အာကင်နာပညာရှင်နှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။
တိမ်တိုက်ကျားသစ်၏ လက်ထဲရှိ ချူဟွိုင်လျန်၏ အနက်ရောင်ဓားတိုလေးသည် လေကို ထပ်ခါတလဲလဲ ခုတ်ပိုင်းနေပြီး အနက်ရောင်အလင်းတန်းများကို နေရာအနှံ့ ထုတ်လွှတ်နေလေ၏။
***