ဓားစွမ်းအား
Vol. 83 Ch. 821
ချူဟွိုင်လျှန် ရှိစဥ်က သူ့နာမည်ပြောင်မှာ အဖြူနှင့်အနက်ဟူ၍ ဖြစ်သည်။
အဖြူဟူသည်မှာ သူ၏ ကောင်းကင်ဖြိုခွဲဓားဖြူကို ရည်ရွယ်ပြီး အနက်မှာ တိမ်တိုက်ကျားသစ်လက်ထဲရှိဓားကို ဆိုလိုပေသည်။ ထိုဓား၏ နာမည်မှာ အမှောင်ထုအဆုံးသတ်ဓားဟူ၍ ဖြစ်သည်။ ဤဓားသည် တောင်ပင်လယ်မှောင်မိုက်ငါးမန်းဘုရင်၏ ခြေမဖျားအရိုးကို အခြေခံပြီး မြောက်ခြမ်းကောင်းကင်တောင်မှ တူးဖော်ရရှိသည့် ကစဥ့်ကလျားရွှေစင်များနှင့် ပေါင်းစပ်ပုံသွင်းထား၏။ ထို့ကြောင့်ဓားထဲတွင် ငါးမန်းဘုရင်၏ အတိုင်းအဆမဲ့ မုန်းတီးမှုခြင်းများ ပါဝင်နေလေသည်။
ဤဓားနှင့် ထိတွေ့မိသူတိုင်းသည် ငါးမန်းဘုရင်၏သတ်လိုဖြတ်လိုစိတ်များဝင်လာပြီး သားကောင်၏ အသက်စွမ်းအင်ကို စားသုံးပစ်လိမ့်မည်ဖြစ်သည်။ ဤသွေးဆာနေသောအမှောင်ထုစွမ်းအင်နှင့်ပမာဏကို တိုင်းထွာသိရှိရန်ခက်ခဲလှသည်ဖြစ်၍ အမှောင်ထုအဆုံးသတ်ဓားဟူသည် ဤဓားအတွက် အသင့်တော်ဆုံးနာမည်ဟု ဆိုနိုင်၏။ ဤဓား၏ ကြောက်မက်ဖွယ်လှိုက်စားနိုင်စွမ်းကြောင့် မည်သည့်အကာအကွယ်မျိုးပိုင်ဆိုင်ထားစေကာမူ ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်တည်း။
သို့သော် ဤဓားတွင် အရေးကြီးသော အားနည်းချက်တစ်ခုတော့ ရှိနေ၏။ ၎င်းမှာ ဓားနက်အတွင်းရှိ အမုန်းတရားများမှာ လျှံထွက်လွန်းနေ၍ အင်အားကြီးပြီး သတိရှိသူတိုင်း အလွယ်တကူ ခံစားမိနိုင်ခြင်းပင်။ ဤဓား၏ အမုန်းတရားကို စုချန်းအနေနှင့် ရှင်းရှင်းလင်းလင်း ခံစားနိုင်သလို ကျန်လက်စွပ်ခုနစ်ကွင်းအဆင့်အာကင်နာပညာရှင်များလည်း အလွယ်တကူ ခံစားနိုင်ပေသည်။ ဤအတွက် အကောင်းဆုံးတုံ့ပြန်မှုမှာ ထိုဓားနှင့် မထိမိစေရန် အတတ်နိုင်ဆုံး ရှောင်တိမ်းရန်ပင်။
သို့သော် တိမ်တိုက်ကျားသစ်၏ လှုပ်ရှားမှုမှာ မြန်ဆန်လှ၏။ သူ့ဓားသည် လေထဲတွင် ရွေ့လျားနေပြီး ရန်သူကို အကြိမ်ကြိမ်အဖန်ဖန် ခုတ်ပိုင်းနေသည်။ သူ့လှုပ်ရှားမှုများမှာ မယုံနိုင်လောက်အောင် ရိုးရှင်းပြီး တိုက်ရိုက်ဆန်၏။
သူသည် လမ်းဘေးတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူနေထိုင်သောနေရာတွင် လူတစ်ယောက်၏အဆင့်အတန်းကို တိုက်ခိုက်နိုင်စွမ်းနှင့်သာ အဆုံးအဖြတ်ပေးကြလေ့ရှိ၏။ ထို့ပြင် သူသည် စစ်မှန်သောတိုက်ခိုက်ရေးနည်းစနစ်များကို ကျကျနန သင်ယူခဲ့ဖူးသည်မဟုတ်ချေ။ ထို့ကြောင့် သူ့တိုက်ခိုက်ပုံတွင် လမ်းဘေးတိုက်ခိုက်သမားများ၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည်မှာ ဓမ္မတာပင်။ သူသည် အဆင့်မြင့်ချီစွမ်းအားပညာရှင်တဦးသဖွယ် ကောင်းကင်ယံတွင် ပျံသန်းနေ၏။ မူလစွမ်းအင်များနှင့် သူ့လှုပ်ရှားမှုများကို ထိန်းချုပ်နေ၏။ သို့သော် သူတိုက်ခိုက်ပုံမှာ နန်းထိုက်တော်ဝင်ဖြစ်မနေပဲ မျက်စေ့စပါးမွှေးစူးစရာကောင်းလှသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျင် သူနှင့်တိုက်ခိုက်နေသည့် လူပျံတော်သည် မတူညီသောပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်မှာ ထင်ရှားနေ၏။ ကြည့်ရသလောက် သူ့ပုံစံမှာ တကယ့်လေဓားပြအဖွဲ့ဝင်တဦးပင် ဟုတ်ပုံမရ။ အဆင့်မြင့်တဲ့ မှူးမတ်တစ်ဦးသာ ဖြစ်ဖို့များနေ၏။ အသက်လုတိုက်ပွဲမှာပင် သူသည် သူ့ကိုယ်သူ ကြော့ရှင်းလှပအောင်၊ တင့်တယ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည် မဟုတ်ပါလား။
သူ့လက်ထဲတွင် ပတ္တမြားများ စီထားသည့် ကျောက်စိမ်းလှံတံတစ်ချောင်းကို ကိုင်ထား၏။ သူ့လှံတံကို လှုပ်ရှားလိုက်တိုင်း ကျောက်စိမ်းရောင်အလင်းက သူ့တကိုယ်လုံးကို ဖုံးလွှမ်းသွားတတ်သည်။ ထို့နောက် သူ့ကိုယ်ထဲမှ နွယ်ပင်ပေါင်းများစွာ ထွက်လာပြီး ထိုနွယ်ပင်များမှ ပန်းများပွင့်လာပြန်သည်။ တဖန် ပန်းပွင့်ပန်းဖတ်များသည် ကောင်းကင်ဆီမှ မိုးရွာကျသည့်နှင့် ကျဆင်းလာကြကုန်၏။ အနှီမြင်ကွင်းမှာ မယုံနိုင်လောက်အောင် လှပပြီး ဆွဲဆောင်မှုရှိပေသည်။ ပန်းပွင့်ပန်းဖတ်တိုင်းသည် ကြောက်စရာခြိမ်းခြောက်မှုတရပ်ဖြစ်သည်ဆိုလျင်ပင် ၎င်းကို မြင်ရတဲ့သူတိုင်း မည်သည့်အန္တရာယ်အငွေ့အသက်က်ိုမှ ခံစားရလိမ့်မည်မဟုတ်ချေ။
သို့သော် တိမ်တိုက်ကျားသစ်ကတော့ ပန်းဥယျာဉ်ကို ဖျက်ဆီးနေသော တောဝက်တစ်ကောင်နှင့် တူနေ၏။ သူသည် အဆိုပါပန်းပွင့်များကြားထဲတွင် ကမူးရှုးထိုးလှုပ်ရှားနေပြီး မြင်သမျှ ပန်းပွင့်တိုင်းကို ဖျက်ဆီးပစ်နေ၏။ သို့သော် ပန်းပွင့်များက များပြားလှသည့်အပြင် ဖျက်ဆီးပြီးသည်နှင့် ပြန်ပေါက်လာနေ၍ တောဝက်အနေနှင့် မည်မျှကြမ်းတမ်းစေကာမူ ပန်းပွင့်အားလုံးကို ဖယ်ရှားပစ်ရန်မှာ မတတ်နိုင်ပဲ ဖြစ်နေလေသည်။
သို့ဆိုစေကာမူ တိမ်တိုက်ကျားသစ်သည် ဆက်လက်ရွေ့လျားနေဆဲဖြစ်ပြီး သူ့လက်ထဲရှိ အမှောင်ထုအဆုံးသတ်ဓားထံမှလည်း အနက်ရောင်အလင်းတန်းများ အဆက်မပြတ် ထုတ်လွှတ်နေ၏။
တဖက်မှ လူပျံတော်ကလည်း ၎င်းကိုတုံ့ပြန်ရန် ပန်းပွင့်မုန်တိုင်းများကို အဆက်မပြတ် ဖန်တီးနေသည်။ သူ့ပတ်ပတ်လည်ရှိ စိမ်းပြာရောင်စွမ်းအင်များသည် ထူးဆန်းသောစွမ်းအင်တမျိုးကို သယ်ဆောင်လာပုံရ၏။ ပုံမှန်အခြေအနေမျိုးမှာဆိုလျင် အနှီပန်းပွင့်မုန်တိုင်းသည် ပြိုင်ဘက်၏အရှိန်ကို သိသိသာသာ လျော့ကျသွားစေလိမ့်မည်။ သို့သော် တိမ်တ်ိုက်ကျားသစ်၏ တန်ပြန်အာကင်နာနည်းစနစ်က မုန်တိုင်းကို ဖြတ်ကျော်နိုင်စေရန် အကူအညီပေးနေဟန်ရှိသည်။ ထိုအနေအထားကြောင့် လက်စွပ်ခုနှစ်ကွင်းအဆင့်လူပျံတော်အနေနှင့် တိုက်ခိုက်ရေးနည်းဗျူဟာ ပြောင်းလဲရန် စဥ်းစားရတော့သည်။
တကယ်တော့ အာကင်နာနည်းစနစ်ပညာရှင်များ၏ ခုန်ပျံကျော်လွှားနိုင်စွမ်းနှင့် ရှောင်တိမ်းရေးနည်းစနစ်များမှာ မယုံနိုင်လောက်အောင် ထူးချွန်ကြ၏။ ပဥ္စမလက်စွပ်အဆင့်ရောက်ပြီးလျင်ပင် ၎င်းတို့အနေနှင့် ရှောင်တိမ်းရေးနည်းစနစ် အနည်းဆုံးနှစ်မျိုးခန့်တော့ တတ်ကျွမ်းပြီးဖြစ်သည်။ ၎င်းမှာ လူသားအများစုနှင့် အတော်လေးကွာခြားလှသည်။ စုချန်း၏အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် လူသားမျိုးနွယ်အကြားတွင် ရှားပါးသည့် စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်ခံရမည်မှာ သေချာနေ၏။ သို့သော် အာကင်နာပညာရှင်များအတွက်ဆိုလျင် ထိုနည်းစနစ်မျိုးက ဘာမှမဆန်းလှချေ။
သို့သော် အသက်လုတိုက်ပွဲများတွင် ရိုးရိုးရှင်းရှင်း ထွက်ပြေးလွတ်မြောက်နိုင်ရုံနှင့် မလုံလောက်ချေ။ ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ဖန်တီးယူလိုက်သည့် နေရာလွတ်ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ်ဆင်တတ်ခြင်းသည်သာ အနိုင်ယူရန်သော့ချက်ဖြစ်ပေသည်။
အာကင်နာပညာရှင်များသည် ရွေ့လျားရင်း တိုက်ခိုက်ခြင်းကို ကျင့်သားရနေသူများ ဖြစ်ကြ၏။ ယခုလည်း လက်စွပ်ခုနှစ်ကွင်းအဆင့်လူပျံတော်သည် ပန်းပွင့်များကို အဆက်မပြတ် ပစ်လွှတ်နေချိန်မှာပင် သူ့လှံတံမှ သားရဲများကို ဆက်တိုက် ဆင့်ခေါ်နေလေသည်။ ၎င်းသားရဲများသည် တိမ်တိုက်ကျားသစ်ကို ဟိန်းဟောက်တိုက်ခိုက်နေကြ၏။
လက်စွပ်ခုနှစ်ကွင်းအဆင့်အာကင်နာပညာရှင်၏ တိုက်ခိုက်ပုံသည် လှပသည်နှင့်အမျှ ပြင်းထန်၏။ ကြောက်စရာကောင်း၏။ မရဏအငွေ့အသက်များ ဖုံးလွှမ်းနေ၏။ သို့သော် တိမ်တိုက်ကျားသစ်ကတော့ ရှေ့သို့ဆက်လက်တိုးဝင်နေဆဲပင်။
ရန်သူက မည်သည့်နည်းစနစ်မျိုးကို အသုံးပြုသည်ဖြစ်စေ တိမ်တ်ိုက်ကျားသစ်၏ တုံ့ပြန်မှုကတော့ ရှေ့ကို ဆက်တိုးပြီး သူ့လမ်းကြောင်းရှိ အရာအားလုံးကို ခုတ်ထစ်ပစ်ရန်ပင်ဖြစ်သည်။ သူ့လှုပ်ရှားမှုများမှာ မယုံနိုင်လောက်အောင် ရိုးရှင်း၏။ ပြတ်သားပြီး ထိရောက်လှ၏။
ပန်းပွင့်များ တစ်စစီမွမွကြေကုန်ပြီး သားရဲသွေးများ ပြန့်ကျဲစီးဆင်းကုန်၏။ ကောင်းကင်မှ ပန်းပွင့်များ တဖြုတ်ဖြုတ် ကြွေကျနေချိန်မှာပင် တိမ်တိုက်ကျားသစ်သည် မဆုတ်မနစ် ရှေ့ဆက်တိုးနေလေသည်။
လူပျံတော်သည် သူ မည်သည့်နည်းစနစ်မျိုး သုံးသည်ဖြစ်စေ ဤလူငယ်၏ ရွေ့လျားမှုကို အနည်းငယ်မျှပင် ဟန့်တားနိုင်စွမ်းမရှိမှန်း သဘောပေါက်လာတော့သည်။
တိမ်တိုက်ကျားသစ်က အဆက်မပြတ် ရှေ့တိုးလာနေ၏။ သူနှင့်ရန်သူအကြား အကွာအဝေးမှာ အချိန်နှင့်အမျှ ပို၍နီးကပ်လာပြီ ဖြစ်သည်။ ၎င်းမှာ လူပျံတော်အနေနှင့် တိုက်ခိုက်ရန်၊ ကာကွယ်ရန်၊ ရန်သူကိုနှောင့်နှေးစေရန်နှင့် အချိန်မီ နောက်ဆုတ်နိုင်ရန် စသည့် လုပ်ဆောင်မှုများကို တပြိုင်နက်တည်း လုပ်ဆောင်နေရခြင်းကြောင့်ပင်။ အခြားတစ်ဖက်တွင်တော့ တိမ်တိုက်ကျားသစ်အတွက် တိုက်ခိုက်ရန်သာ လိုအပ်၏။ ရန်သူသည် နည်းဗျူဟာများစွာကို ကျွမ်းကျင်ပြီး ပြောင်မြောက်စွာ တိုက်ခိုက်နိုင်သူဖြစ်နေလျင်ပင် တိမ်တိုက်ကျားသစ်ကတော့ ရန်သူ့အနီးသို့ ချည်းကပ်နိုင်ရန်တခုတည်းကိုသာ အာရုံစိုက်နေ၏။ ထိုအချက်ကြောင့် တဖက်မှ လူပျံတော်အဖို့ အရာအားလုံး နောက်ကျနေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအခါ လူပျံတော်သည် နည်းဗျူဟာပြောင်းပြီး တိုက်ခိုက်နေခြင်းကို စွန့်လွှတ်လိုက်ရ၏။ ပထမဆုံးအနေနှင့်လေထဲတွင် ပျံသန်းနေသော ပန်းပွင့်များ ပျောက်ကွယ်သွားလေသည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးမှန်း လူပျံတော် မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွား၏။ သူ့အရှိန်သည် ယခုအချိန်ထိ သူ့ရန်သူထက် နှေးနေဆဲပင်။ နောက်ဆုံးတွင် လူပျံတော်သည် သားရဲပုံရိပ်များကိုပါ စွန့်လွှတ်လိုက်ရတော့သည်။
ဤလုပ်ရပ်က သူတို့နှစ်ဦးကြား အကွာအဝေးကို ထိမ်းသိမ်းထားရန် လုံလောက်သွားပုံရသည်။ သို့သော်တိုက်ခိုက်မှုများကို လုံးဝစွန့်လွှတ်လိုက်ရခြင်းကြောင့် အခြေအနေမှာ တိမ်တိုက်ကျားသစ်က သူ့ကို လိုက်လံတိုက်ခိုက်နေပြီး သူ့မှာမူ ဆက်တိုက်ထွက်ပြေးနေသော အခြေအနေကို ရောက်သွားကြောင်း သူ သ်ိလိုက်ရသည်။ ၎င်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် လူသားတစ်ယောက်က သူ့ကို ရှဉ့်လေးတစ်ကောင် ပတ်ပြေးသကဲ့သို့ ပြေးနေရအောင် နိုင်ထက်စီးနင်းလုပ်နေသည်နှင့် တူလှသည်။
ရှက်စရာကောင်းလိုက်လေခြင်း...
သူ ဘယ်လိုလူပျံတော်အစားမျိုး ဖြစ်သွားပြီလဲ...
လက်စွပ်ခုနှစ်ကွင်းအဆင့်အာကင်နာပညာရှင်အနေနှင့် သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်နှင့်ပင် အင်အားချင်းမတိမ်းမယိမ်းဟု ဆိုနိုင်သည်။ အလင်းတုန်ခါမှုနယ်ပယ် ပညာရှင်အဆင့်လူသားတယောက်က သူ့ကို ဤပုံစံနှင့် အရှက်ခွဲနေသတဲ့လား။ သူ အကြီးအကျယ် မခံမရပ်နိုင်ဖြစ်လာ၏။
လူပျံတော်များသည် မွေးရာပါ မာနကြီးကြ၏။ ထိုအထဲတွင်မှ လူပျံတော်မှုးမတ်များက ပို၍ပင် မာနကြီးတတ်ကြသေးသည်။ ကောင်းကင်တထောင်သည်လည်း ထိုအထဲမှ တယောက်ပင် ဖြစ်လေရာ များစွာ မာနကြီးလှ၏။ ဤကဲ့သို့ အရှက်တကွဲအကျိုးနည်းရသည့်အဖြစ်မျိုးကို သူ လုံးဝလက်မခံနိုင်။
အတွေးနှင့်အတူ သူ့နှလုံးသားထဲတွင် ဒေါသများ ဆူဝေလာ၏။ သူ့တကိုယ်လုံးမှလည်း အစိမ်းရောင်အလင်းများ ဖြာထွက်လာလေသည်။ အစိမ်းရောင်အလင်းများအောက်ဝယ် သူ့ပတ်ဝန်းကျင်ရှိ အရာများအားလုံး လျင်မြန်စွာ ခြောက်သွေ့ဆွေးမြေ့ကုန်ကြ၏။
ခြောက်သွေ့သောကမ္ဘာ။ ကောင်းကင်တထောင်၏ အားအထားရဆုံး အာကင်နာနည်းစနစ်တမျိုးပင်။ ဤနေရာတွင် "ကမ္ဘာ"ဟူသောအသုံးအနှုံးသည် အနည်းငယ်ချဲ့ကားရာတော့ ရောက်နေ၏။ အကြောင်းမှာ ဤနည်းစနစ်၏ သက်ရောက်မှုက ပေတထောင်အတွင်းသာ ရှိနေသောကြောင့်ပင်။ သို့သော် သူ့ကို အနီးကပ်တိုက်ခိုက်ရန် ကြိုးစားသော ဘယ်ရန်သူကိုမဆို ရင်ဆိုင်ရန်တော့ လုံလောက်သည်ထက်ပင် ပိုနေသေး၏။
လူပျံတော်များသည် အနီးကပ်တိုက်ခိုက်ခြင်းကို မုန်းတီးပြီး အနီးကပ်တိုက်ခိုက်လာသူများကိုကာကွယ်ရန် နည်းစနစ်များစွာကို လေ့ကျင့်ထားတတ်ကြပေသည်။ ကောင်းကင်တထောင်၏ အားအထားရဆုံး ကာကွယ်ရေးနည်းစနစ်ကလည်း ခြောက်သွေ့သောကမ္ဘာပင်။ သူ့အနားကို ချဉ်းကပ်လာသော မည်သည့်သက်ရှိမဆိုသည် ဤစွမ်းရည်၏ထူးဆန်းသော သက်ရောက်မှုများကြောင့် ခြောက်သွေ့သွားပေလိမ့်မည်။
ခြောက်သွေ့ကမ္ဘာဟူသည် သူ့ပတ်ဝန်းကျင်တွင် သေခြင်းတရား၏ စက်ဝန်းတစ်ခုကို ဖန်တီးလိုက်တာသည်နှင့် အတူတူပင်။ ဤစက်ဝန်းထဲတွင် သက်မဲ့အရာများပင် သက်ရောက်မှုရှိပေသည်။ ယုတ်စွအဆုံး ကျောက်တုံးများ၊ သတ္တုများ၊ တိမ်များနှင့် လေထုပင် ပါဝင်နေ၏။ လူသားများဆိုလျင် ပြောနေစရာပင် မလိုတော့။ ဤစွမ်းရည်၏အားနည်းချက်ဟူ၍ ရန်သူမိတ်ဆွေ မခွဲခြားနိုင်သည့် တချက်သာရှိပေသည်။
"မင်း ငါ့ရဲ့ ခြောက်သွေ့ကမ္ဘာနဲ့ သေရတဲ့အတွက် ဂုဏ်ယူသင့်တယ်"
ခြောက်သွေ့ကမ္ဘာ၏အစွမ်းကို အမြင့်ဆုံးအခြေအနေထိ ဖော်ထုတ်ရင်း ကောင်းကင်တထောင် ဂုဏ်ယူဝင့်ကြွားသောအသံနှင့် ထအော်လိုက်သည်။ ထိုခနမှာပင် ခြောက်သွေ့စေသော စွမ်းအင်သည် နေရာအနှံ့ စတင်ပျံ့နှံ့လာပြီး တိမ်တိုက်ကျားသစ်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွား၏။ တခနအကြာတွင် သူ့အရေပြားမှ မီးခိုးများထွက်ပေါ်လာသည်။ ခြောက်သွေ့စေသောစွမ်းအင်သည် သူ့အရေပြားကို စတင်စားသုံးနေပြီး မကြာခင်မှာပင် သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပျံ့နှံ့သွားပေလိမ့်မည်။
သို့တိုင်အောင် တိမ်တ်ိုက်ကျားသစ်သည် လုံးဝဂရုမစိုက်ပဲ ရှေ့သို့ဆက်လက်ချီတက်နေ၏။ ကောင်းကင်တထောင် မည်သို့ပင်တုံ့ပြန်ပါစေ သူသိသည်မှာ ရန်သူအနီးသို့ ချည်းကပ်နိုင်ရန်သာ ဖြစ်လေသည်။ ကောင်းကင်တထောင်၏ တိုက်ခိုက်မှုသည် သူ့ကို အနည်းငယ်မျှ နှောင့်နှေးစေနိုင်ခြင်းမရှိ။
ခြောက်သွေ့စေနိုင်သောစွမ်းအားများသည် တိမ်တိုက်ကျားသစ်၏ ကိုယ်ခန္ဓာကိုသာ စားသုံးနိုင်ပေလိမ့်မည်။ သူ့စိတ်ဓာတ်ကိုတော့ စားသုံးနိုင်ခြင်းမရှိ။ တဖက်ရန်သူတုံ့ပြန်လေလေ သူ့အနေနှင့် ရန်သူကိုသတ်ပစ်လိုစိတ် ပြင်းထန်လာလေလေပင်ဖြစ်သည်။ သူ့အဘိဓါန်တွင် ကြောက်ရွံ့ခြင်းနှင့်နောက်ဆုတ်ခြင်းဟူသော စကားလုံးများ မပါဝင်ချေ။
ရန်သူ ပို၍မြန်ဆန်လာကြောင်း တွေ့လိုက်ရ၍ ကောင်းကင်တထောင် အံ့သြသွား၏။ ရန်သူ၏ ခန္ဓာကိုယ်မှ ထွက်လာသောမီးခိုးငွေ့များကြောင့် နောက်ဘက်တွင် မီးခိုးတန်းကြီးသဖွယ် ကျန်ရစ်ခဲ့လေသည်။ အမှောင်ထုအဆုံးသတ်ဓားသည် လေထဲတွင် အကြိမ်ပေါင်းများစွာ လှုပ်ရှားလာပြီး ကောင်းကင်တထောင်ကို ဆက်တိုက်ဆိုသလို နောက်ဆုတ်သွားစေ၏။
"မဟုတ်သေးဘူး"
ကောင်းကင်တထောင်က သူ့ရန်သူကို အံ့သြစွာကြည့်ရင်း ခြောက်သွေ့ကမ္ဘာကို အမြင့်ဆုံးအနေအထားထိ မြှင့်တင်လိုက်၏။ ထိိုသို့ သူ ခြောက်သွေ့ကမ္ဘာကို မြှင့်တင်ရန် ကြိုးစားနေရခြင်းကြောင့် သူ့အရှိန်မှာ သိသိသာသာပင် လျော့နည်းသွားပြီး တိမ်တိုက်ကျားသစ်က ရှေ့သို့ပိုတိုးလာနိုင်ခဲ့လေသည်။
မည်သို့ဆိုစေ တိမ်တိုက်ကျားသစ်တယောက် သူ့အနားမရောက်ခင်မှာပင် သေဆုံးသွားလိမ့်မည်ဟု သူ ဆုံးဖြတ်လိုက်၏။
ဒီခွေးမသားလေး သေတော့မှာပါ...
အနည်းဆုံးတော့ ဤအတိုင်းပင် ကောင်းကင်တထောင် တွေးမိလေသည်။ သို့သော် တိမ်တိုက်ကျားသစ်က ပြတ်သားသောအမူအရာနှင့် ဆက်လက်ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၍ သူ တုန်လှုပ်စပြုလာသည်မှာ အမှန်ပင်။ သူ့ယုံကြည်မှုမှာလည်း ယိမ်းယိုင်လာ၏။
ကောင်းကင်တထောင် အတွေးများရှုပ်ထွေးကာ ထွက်ပြေးရနိုးနိုး၊ ပြန်တိုက်ရနိုးနိုးနှင့် ချီတုံချတုံ ဖြစ်နေလေသည်။ ထိုသို့ ဇဝေဇဝါဖြစ်နေခြင်း၏ ရလဒ်မှာ ခြောက်သွေ့စွမ်းအင် ပိုမိုအားနည်းသွားပြီး တိမ်တိုက်ကျားသစ်ကို ပို၍မြန်မြန်ချဉ်းကပ်ခွင့်ပြုလိုက်ရခြင်းပင်။
အခြေအနေမဟန်တော့မှန်း ကောင်းကင်တထောင် ကောင်းကောင်းသဘောပေါက်လိုက်သည်။ သူ ထွက်ပြေးရန် အချိန်မရှိတော့။ အင်အားကိုနှစ်ဆတိုးပြီး ရန်သူ သူ့အနီးသို့ မချည်းကပ်နိုင်ခင် ရှင်းပစ်မှသာ သူ အသက်ရှင်ပေတော့မည်။
ထိုအခါ တိမ်တိုက်ကျားသစ်၏ ရွေ့လျားမှုက ပြန်လည်နှေးကွေးသွားပြန်သည်။ ခြောက်သွေ့ကမ္ဘာ၏တိုက်စားနိုင်စွမ်းသည် သူ့ကို အတော်လေး ထိခိုက်နာကျင်စေ၏။ သူ့ခွန်အားပင် စတင်ယုတ်လျော့လာခဲ့ပြီ ဖြစ်သည်။ သို့သော် သူသည် အနက်ရောင်ဓားတိုကို မြှောက်ကာ ရှေ့သို့သာတိုးရန် ကြိုးစားနေ၏။
နောက်ဆုံးတော့ တိမ်တိုက်ကျားသစ်သည် ရန်သူကိုအနီးကပ်တိုက်ခိုက်နိုင်မည့်အကွာအဝေးသို့တိုင် ချည်းကပ်လာနိုင်လေသည်။ အနက်ရောင်ဓားတိုသည် သေခြင်းတရားကိုသယ်ဆောင်၍ သူ့ဆီတရွေ့ရွေ့နီးကပ်လာသည်ကို ကောင်းကင်တထောင် ပြူးကြောင်ကြောင်နှင့် ကြည့်နေရရှာ၏။ သူ အစိမ်းရောင်ကျောက်စိမ်းလှံတံကိုမြှောက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သေးသည်။ ၎င်းမှာ ဗီဇစိတ်၏ အလိုအလျောက်တုံ့ပြန်မှုဟုဟဆိုနိုင်ပေသည်။
ထိုအချိန်မှာပင် အမှောင်ထုအဆုံးသတ်ဓားက ကောင်းကင်တထောင်၏ အကာအကွယ်ကို ထိမှန်သွားသည်။ ဤတစ်ချက်တည်းသော တိုက်ခိုက်မှုသည် ထောင်ပေါင်းများစွာသောထိုးနှက်မှုနှင့် ညီမျှဟန်တူ၏။ သူ့အကာအကွယ်သည် အုံးခနဲ ကွဲကြေသွားပြီး အနက်ရောင်အဆုံးသတ်ဓားက ကောင်းကင်တထောင်၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ဓားချက်မှာ တစ်ချက်တည်းသာ။ သို့သော် တစ်ချက်တည်းနှင့် အားလုံးပြီးဆုံးသွား၏။
တိမ်တိုက်ကျားသစ်သည် ကောင်းကင်တထောင်၏ တိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။ သူကတော့ ကောင်းကင်တထောင်ကို တကြိမ်သာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့၏။
ဓားချက်ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်စီးဆင်းမှုရပ်တန့်သွားနေသည်ကို ကောင်းကင်တထောင် ခံစားလိုက်ရသည်။
"မဟုတ်ဘူး"
ကောင်းကင်တထောင် ဝမ်းပမ်းတနည်းနှင့် အော်ဟစ်လိုက်၏။ သူ့အသက်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှနေ၍ မြန်မြန်ဆန်ဆန်ပင် ထွက်ခွာသွားနေခဲ့ချေပြီတည်း။
"မင်းဟာ တွန့်ဆုတ်ပြီး ဆုံးဖြတ်ချက် ဝေဝါးလွန်းတယ် အင်အားတော့ကြီးမားပါပေရဲ့ ဒါပေမဲ့ စိတ်ဓာတ်ကတော့ ပျော့ညံ့လွန်းတယ် ဆုံးဖြတ်ချက် မပြတ်သားလို့ မင်း ရှုံးနိမ့်သွားတာ"
တိမ်တိုက်ကျားသစ် ဓားမြှောင်ကို ဖြေးညှင်းစွာ ဆွဲထုတ်ရင်း ပြောလိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်တထောင်၏ ကိုယ်ခန္ဓာသည် လျင်မြန်စွာ ဆွေးမြေ့လာပြီး ပြာမှုန်များအဖြစ် ပြောင်းလဲသွားက လေနှင့်အတူ လွင့်ပါသွားလေသည်။
***