← Chapters

လူစားထိုးခြင်း

Vol. 83 Ch. 823

လူစားထိုးခြင်း

Vol. 83 Ch. 823

“ဒီရက်ပိုင်းအတွင်း ခင်ဗျားကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်”

စစ်ဆေးရေးမှူးတဦးက ဟဲယွန်လေစီးကြောင်းအား ပြုံးပြရင်း ပြောလိုက်၏။

“ကျုပ် နားလည်ပါတယ် အခု ကျုပ်သွားလို့ရပြီလား”

ဟဲယွန်လေစီးကြောင်းက လေသံကို တတ်နိုင်သမျှ ထိန်းသိမ်းရင်း ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့ ရပါပြီ”

ထို့နောက် စစ်ဆေးရေးမှူးက ဟဲယွန်လေစီးကြောင်းအား စစ်ကြောရေးခန်းမှ ယဉ်ကျေးပျူငှာစွာ လိုက်ပို့ပေးလိုက်သည်။ အခန်းအပြင်ရောက်သည်နှင့် ဟဲယွန်လေစီးကြောင်း သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။

နောက်ဆုံးတော့ ငါလွတ်ပြီ...ဒီလို လွတ်လပ်တဲ့ ခံစားချက်က တကယ်ကို ကောင်းတာပဲ...

သို့သော် သူ ကြုံတွေ့ခဲ့ရသည်များကို ပြန်သတိရမိသည်နှင့် ဟဲယွန်လေစီးကြောင်း၏ ရင်ထဲတွင် မုန်းတီးမှုနှင့်ဒေါသများ ပြည့်အန်ထွက်လာပြန်၏။

လူသား... ငါ သေရင်သေသွားပါစေ...မင်းကိုသတ်ဖြစ်အောင်ကို သတ်သွားမယ်...

ဟဲယွန်လေစီးကြောင်းသည် အထက်ပါအတိုင်း ကြုံးဝါးရင်း တရှိန်းရှန်းတက်နေသော အမုန်းတရားများကို သိုလှောင်ကာ မျိုးနွယ်စုရှိရာသို့ လမ်းလျှောက်ပြန်လာခဲ့၏။ သူ့မျိုးနွယ်စုအနေနှင့် သူ ပြန်လာမည်ကို သိပြီးဖြစ်သော်လည်း လာကြိုသူကား တစ်ဦးတစ်လေမျှပင် မရှိချေ။ အကျဉ်းသားဘဝကျရောက်ခဲ့ရခြင်းက သူ့မိသားစုတွင် သူ့အခြေအနေကို နိမ့်ပါးစေခဲ့ပုံရ၏။

ထိုအကြောင်းကို တွေးမိသောအခါ ဟဲယွန်လေစီးကြောင်း နောင်တကြီးစွာနှင့် သက်မောရှိုက်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ သူ လွတ်လာခဲ့ပေပြီ။ ဤလွတ်လပ်မှုသည် သူ့အတွက် အရေးကြီးဆုံးသော ပထမခြေလှမ်း ဖြစ်သည်။ သို့မှသာ သူ ဆုံးရှုံးခဲ့ရသည်များကို တစ်နေ့တွင် ပြန်လည် ရရှိအောင် ကြိုးစားနိုင်ခွင့်ရှိလာမည်မဟုတ်ပါလား။ ကံမကောင်းအကြောင်းမလှစွာပင် သူ့အိပ်မက်များက လမ်းကြားတခုထဲ ရောက်သည်နှင့် ပျက်ပြယ်သွားတော့သည်။

စုချန်းသည် လမ်းကြားထဲတွင် တိတ်တဆိတ်ရပ်စောင့်နေ၏။ သူ့ကိုကြည့်နေသော စုချန်း၏ အပြုံးမှာ ကြောက်စရာကောင်းလှသည်။

“မင်းပဲကိုး”

ဟဲယွန်လေစီးကြောင်း အံ့အားသင့်သွား၏။ တချိန်တည်းမှာပင် အတိတ်မှ အိပ်မက်ဆိုးများ သူ့စိတ်ထဲတွင် အစီအရီ ပြန်ပေါ်လာလေသည်။

ဒီခွေးမသားက ကောင်းကင်မြို့တော်ထိအောင် ရောက်လာသေးတယ်တဲ့လား ဒီကောင့်ကို ငါ လက်စားချေရမယ်...

ဝမ်းနည်းစရာကောင်းသည်မှာ သူ ဘာမှမလုပ်ရသေးခင်မှာပင် စုချန်းက သူ့ရှေ့ရောက်လာပြီး သူ့မျက်နှာကို ဖျောင်းခနဲမည်အောင် ရိုက်ချလိုက်၏။

မယုံကြည်နိုင်သောအမူအရာနှင့် ဟဲယွန်လေစီးကြောင်း လဲကျသေဆုံးသွားလေသည်။ယခုအချိန်မှ ဘာကြောင့် သူ့ကိုသတ်ရသနည်းဟူသော မေးခွန်း၏ အဖြေကို နောက်ဆုံးအချိန်ထိ သူ နားလည်မသွားသည့်ပုံပင်။

စုချန်းက ဟဲယွန်လေစီးကြောင်းကို တစ်ချက်မျှပင်မကြည့်ပဲ ဆေးပုလင်းတစ်ပုလင်းကိုထုတ်ယူကာ ဟဲယွန်လေစီးကြောင်း၏အလောင်းပေါ် လောင်းချလိုက်လေသည်။ အလောင်းသည် စက္ကန့်ပိုင်းအတွင်း အရည်ပျော်ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် သူက ဟဲယွန်လေစီးကြောင်းအဖြစ် သူ့ကိုယ်သူ ပြောင်းလဲလိုက်တော့သည်။

အလုပ်အားလုံးကို ပြီးမြောက်သွားသည်နှင့် စုချန်းတယောက် ထိုလမ်းကြားမှ ခပ်တည်တည်နှင့်ထွက်လာပြီး ဟဲယွန်လေစီးကြောင်း၏ မျိုးနွယ်စုဆီသို့ ဦးတည်လျှောက်သွားလိုက်လေသည်။

၎င်း၏မျိုးနွယ်စုသည် ကောင်းကင်မြို့တော်၏အနောက်ဘက်ခြမ်းတွင် တည်ရှိ၏။ ထင်ပေါ်ကျော်ကြားသောမျိုးနွယ်စုဖြစ်၍ ၎င်းတို့တွင် သီးခြားနေထိုင်နိုင်သည့် အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ထားကြလေသည်။ သနားစရာဟဲယွန်လေစီးကြောင်းတယောက် မသိခဲ့သည်မှာ ဟဲယွန်လေမျိုးနွယ်စုသည် သူ့ကို လာကြိုရန် အထောက်တော်များ စေလွှတ်ခဲ့၏။ သို့သော် စုချန်း က ၎င်းတို့နှောင့်နှေးသွားစေရန် အမျိုးမျိုးအဖုံဖုံ နှောင့်ယှက်ခဲ့ခြင်းပင်။

ထို့ကြောင့် စုချန်းတယောက် ဟဲယွန်လေမျိုးနွယ်စု၏နေအိမ်သို့ ရောက်ခါနီးတွင်မှ ငွေရောင်မြင်းပျံလေးကောင် ဆွဲလာသည့် မြင်းလှည်းကြီးတစ်စီးနှင့် ဆုံမိတော့သည်။ အကြိုထောက်လာသည့် မြင်းလှည်းပင်။

မြင်းလှည်းပေါ်မှ လူပျံတော်အစေခံတစ်ဦး ခုန်ဆင်းလာပြီး စုချန်းရှေ့တွင် ဒူးထောက်လိုက်၏။

“သခင်လေး နောက်ဆုံးတော့ ပြန်လာပြီ သခင်လေးကို အသက်ရှင်လျက်ပြန်မြင်ရတာ ကျွန်တော်မျိုး အလွန်ဝမ်းမြောက်မိပါတယ်"

စုချန်းက တဟဲဟဲ ရယ်မောလိုက်သည်။

“အဲဒီလိုလား တခြားသူတွေကတော့ ခင်ဗျားလိုမဟုတ်ပဲ စိတ်ပျက်နေလိမ့်မယ်ထင်တယ်"

“ဟင်”

အစေခံ အံ့အားသင့်သွား၏။

“သခင်လေး ဘာပြော...”

သို့သော် စုချန်းက ဘာမှထပ်မပြောတော့ပဲ လှည်းပေါ်တက်လိုက၏။ သူလက်ရှိလုပ်ဆောင်ရန်မှာ လူသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုကို အလွန်အမင်း ခံစားခဲ့ရသော လူပျံတော်တစ်ဦးကဲ့သို့ ပြုမူရန်ပင်တည်း။ ဤနည်းအားဖြင့် သူသည် ကျန်လူပျံတော်များနှင့် ခပ်ဝေးဝေးတွင် နေနိုင်ပေလိမ့်မည်။ သူသည်ဟဲယွန်လေစီးကြောင်းအစစ်အမှန် ဖြစ်ကြောင်း ကျန်လူပျံတော်များ၏ အမြင်တွင် ယုံကြည်နိုင်ပေလိမ့်မည်။

သို့သော် ထိုအချိန်မတိုင်မီတော့ ဟဲယွန်လေမျိုးနွယ်စုနှင့် အသားကျရန် သူ အချိန်ယူရပေအုံးမည်။

ထိုအစေခံအိုသည် အတိတ်က ဟဲယွန်လေစီးကြောင်းအပေါ် အစဥ်တစိုက်အလုပ်အကျွေးပြုခဲ့သူဖြစ်၏။ သူ စုချန်း၏အဖြေကြောင့် အံ့အားသင့်သွားသော်လည်း အခြေအနေကို ချက်ချင်းနားလည်သွားတော့သည်။

“သခင်လေး ဒီရက်ပိုင်းအတွင်း အများကြီးခံစားခဲ့ရတယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ် သခင်လေးကို မကယ်တင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဗျာ”

“ကဲ အဲဒီအကြောင်းတွေ ထားလိုက်ပါတော့ဗျာ အိမ်ကိုပဲပြန်ကြစို့”

စုချန်းက စိတ်ပျက်လက်ပျက်အမူအရာနှင့် အမိန့်ပေးလိုက်လေသည်။

“ကောင်းပါပြီသခင်လေး”

အစေခံအိုကြီးက အမိန့်အတိုင်း မြင်းလှည်းကို ဟဲယွန်မျိုးနွယ်စုဆီသို့ ဦးတည်မောင်းနှင်လိုက်၏။

သူတို့ရောက်သည့်အချိန်တွင် သက်လတ်ပိုင်းအရွယ် လူပျံတော်အမျိုးသမီးတစ်ဦးသည် တံခါးဝရှေ့တွင် လူးလားပျံသန်းနေ၏။ စုချန်း လှည်းပေါ်မှ ဆင်းသည်နှင့် ထိုအမျိုးသမီးက စုချန်း ၏လက်က်ို အမောတကောနှင့် ပြေးကိုင်လိုက်သည်။

"သားလေး နောက်ဆုံးတော့ မင်း ပြန်လာပြီ မင်းကို နောက်ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်နေတာ”

ထိုအမျိုးသမီးသည် ဟဲယွန်လေစီးကြောင်း၏မိခင် ခေါင်းလောင်းသံချိုမှန်း စုချန်း ချက်ချင်းသိလိုက်၏။

ခေါင်းလောင်းသံချိုသည် မျိုးနွယ်စုငယ်လေးတစ်ခုတွင် မွေးဖွားခဲ့သူဖြစ်သည်။ သူမသည် ဟဲယွန်လေစီးကြောင်း၏ဖခင် ဟဲယွန်လေမျက်ရည်နှင့် လက်ထပ်ပြီးနောက်တွင် သားတစ်ဦးကို မွေးဖွားခဲ့၏။ ဟဲယွန်လေစီးကြောင်းသည် သူမ၏တစ်ဦးတည်းသောသားဖြစ်လေရာ သူမသည် သူ့ကို အလွန်ချစ်မြတ်န််ိုး၏။

ဟဲယွန်လေစီးကြောင်း အဖမ်းခံရပြီးနောက် ခေါင်းလောင်းသံချိုတယောက်မျက်စိကွယ်လုမတတ်ပင် ငိုကြွေးခဲ့ရသည်။ ယခုတော့ သူမသား ပြန်ရောက်လာချေပြီ။ ထိုအတွက် သူမ အလွန်ပျော်နေ၏။ အနီးအနားတွင် ဟဲယွန်လေစီးကြောင်း၏ ဖခင် ဟဲယွန်လေမျက်ရည်နှင့် သူ့မိတ်ဆွေရင်းများလည်း ရှိနေကြလေသည်။လူပျံတော်အများကြီးဖြစ်နေ၍ ဤမျိုးနွယ်စုနှင့်ပတ်သက်သော အချက်အလက်များစွာကို မှတ်သားထားသည့်တ်ိုင်အောင် ၎င်းတို့အားလုံးကို ခွဲခြားသိမြင်နိုင်ရန်မှာကား စုချန်းအတွက် အတော်လေး ခက်ခဲနေလေသည်။ ကံကောင်းစွာပင် သူ့အခြေအနေမှာ တခြားသူများ၏ အမြင်တွင် အတော်လေး ဆိုးဆိုးရွားရွား ဖြစ်နေ၏။ သူ့မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီး တကိုယ်လုံးမှာ ပိန်လှီနေလေရာ မည်မျှဝေဒနာခံစားခဲ့ရကြောင်း မြင်သာနိုင်ပေသည်။

ခေါင်းလောင်းသံချိုသည် သားဖြစ်သူ၏ အခြေအနေကို မြင်သည်နှင့် စုချန်းအား သူ့အခန်းသို့ ပြန်ခေါ်သွားရန် အမြန်ပင်စီစဥ်လိုက်လေသည်။ ထိုသို့ စီစဥ်နေရင်းမှာပင် နှေးကွေးလေးလံစွာ လှမ်းလျှောက်နေသည့် စုချန်းကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် နာကျင်ခံစားနေရ၏

“ငါ့ သားလေး တော်တော်ကို ဒုက္ခခံခဲ့ရရှာတာပဲ"

ဘေးမှ အစေခံအိုကြီးကလည်း ထောက်ခံလိုက်သည်။

“သခင်လေးရဲ့ ဆင်းရဲဒုက္ခတွေဟာ ကျွန်တော်မျိုးတို့ ထင်ထားတာထက်တောင် ပိုပြီးကြီးမားခဲ့ပုံရတယ်”

အစေခံ၏ စကားကြောင့် ဟဲယွန်လေမျက်ရည် အံ့အားသင့်သွား၏။

“ဟေ့ သစ်ကိုင်းပုပ် မင်းဘာတွေပြောနေတာလဲ”

အစေခံအိုကြီးက စုချန်း၏ကနဦးပိုင်းအခြေအနေကို ရှင်းပြလိုက်ရာ ဟဲယွန်လေမျက်ရည် အကြီးအကျယ် တုန်လှုပ်သွား၏။

ကောလဟာလတွေက တကယ်ပဲ မှန်နေတာလား...

ထိုအတွေးကိုသူ ဆက်မတွေးဝံ့တော့။

ရေမိုးချိုး၍ မ်ိဘများနှင့်တွေ့ဆုံရန် ပြင်ဆင်နေစဥ် စုချန်းကို ကောင်းကင်စည်းဝေးကွင်းသို့ ခေါ်ယူခံရကြောင်း သတင်း ရောက်လာ၏။ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို တွေ့ချင်နေသည်ဟူ၏။

ကောင်းကင်စည်းဝေးကွင်းသည် လူပျံတော်များ ၎င်းတို့၏စီးပွားရေးကိစ္စများကို စည်းဝေးဆောင်ရွက်သည့် နေရာဖြစ်သည်။ ဟဲယွန်လေမျက်ရည်၏ ရာထူးမှာ မျိုးနွယ်စုအတွင်း ထိပ်တန်းမဟုတ်၍ များသောအားဖြင့် ဟဲယွန်လေစီးကြောင်းမှာ ထိုနေရာသို့ သွားရောက်ခွင့်မရှိ။ ယခုတကြိမ်မှာ သူ ပြန်လာသည့် အထူးအခါသမယဖြစ်၍ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို ဖိတ်ခေါ်လိုက်ခြင်းပင်။

ကံကောင်းသည်မှာ စုချန်းသည် ဤအခြေအနေမျိုးအတွက် ပြင်ဆင်ထား၏။ ထိုအခါ သူသည် ပထမဦးစွာ ပုံရိပ်တည်မြဲဆေးရည်ကို သောက်လိုက်လေသည်။ ဤဆေးရည်က သောက်သုံးသူ၏အယောင်ဆောင်မှုကို ပို၍တည်ငြိမ်အောင် ထိမ်းသိမ်းပေးပေလိမ့်မည်။ ထိုသူသည် စစ်မှန်သောအလင်းကဲ့သို့သောပုံရိပ်ဖော်ကိရိယာများနှင့် ထိတွေ့ခြင်းမရှိလျှင် ဘာမှပူစရာမရှိချေ။ အကြောင်းမှာ ကျန်အယောင်ဆောင်မှုဖော်ထုတ်သည့် နည်းပညာများက ဤဆေးရည်အပေါ် အကျိုးသက်ရောက်မှုမရှိသောကြောင့်ပင်။ သို့သော် ဤဆေးသည် အသုံးပြုသူကို တစ်နေ့တာလုံး အားနည်းနေစေပြီး ဆေးများကို ဆက်တိုက်သောက်သုံးခြင်းကြောင့် အကျိုးသက်ရောက်မှု လျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် ဤဆေးကို ပေါ့ပေါ့ဆဆ သုံးစွဲလိုခြင်းမရှိ။ ယခုလည်း အခြေအနေအရ မဖြစ်မနေ သုံးစွဲရသည့်သဘောပင်။ ဤသည်ကလည်း စုချန်းနှင့်ကျူးချန်းဟွမ်တို့အတူ ဖန်တီးခဲ့သော အရန်အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

ကောင်းကင်စည်းဝေးကွင်းသို့ ရောက်သည်နှင့် မျိုးနွယ်စုခေါင်းဆောင် ဟဲယွန်ကောင်းကင်မြစ်ကိုယ်တိုင် စုချန်းကိုနှုတ်ဆက်ကာ သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းခဲ့၏။ မျိုးနွယ်စုခေါင်းဆောင်သည် အပေါ်ယံအားဖြင့် စုချန်းအပေါ် ဂရုစိုက်ပုံတော့ရ၏။ သို့သော် သူတို့နှစ်ယောက်အကြား သဟဇာတမဖြစ်ပဲ ဝေးကွာနေသကဲ့သို့ စုချန်း ခံစားနေရ၏။ ဟဲယွန်ကောင်းကင်မြစ်သည် သူ့ကျန်းမာရေးကို မေးမြန်းပြီးသည်နှင့် စုချန်းကို အလွယ်တကူပင် သွားခွင့်ပြုလိုက်၏။ ပုံရိပ်တည်မြဲဆေးရည်သုံးရသည်မှာပင် အလကား ဖြစ်သွားပုံရနေ၏။ သို့သော် စုချန်းကတော့ မပေါ့ဆရဲ။ တကြိမ်တခါချွတ်ချော်သွားလျင်ပင် သူ သေဖို့လုံလောက်နေပြီ မဟုတ်ပါလား။

မျိုးနွယ်စုခေါင်းဆောင်ကိုတွေ့ဆုံပြီးသည်နှင့် စုချန်းတယောက် ဟဲယွန်လေစီးကြောင်း၏ မိတ်ရင်းဆွေရင်းများနှင့် တွေ့ဆုံခဲ့ရင်း အလုပ်ရှုပ်နေရပြန်၏။ ဤအတောအတွင်းမှာပင် သူသည် ဟဲယွန်လေမျိုးနွယ်စုဝင်အတော်များများကို မှတ်မိသွားခဲ့တော့သည်။ သူသည် ဤလူများကို တစ်ခါမှ မမြင်ဖူးသော်လည်း ဟဲယွန်လေစီးကြောင်းပြောပြထားသောအချက်များကို အခြေခံ၍ ၎င်းတို့အများစုကို မှတ်မိသွားခြင်း ဖြစ်သည်။ သူပိုင်ဆိုင်ထားသည့် စိတ်ဝိညာဥ်သလင်းသည် လူတယောက်က်ို တကြိမ်မြင်လိုက်ရုံနှင့် မှတ်မိသွားစေရန် ကူညီပေးနေ၏။

တစ်နေ့တာကုန်ဆုံးပြီးနောက်တွင်တော့ စုချန်းတယောက် ဟဲယွန်လေမျိုးနွယ်စု၏ အခြေအနေကို ကောင်းစွာ နားလည်သွားခဲ့လေပြီ။ ဤမျိုးနွယ်စုသည် အလွန်ရှုပ်ထွေးပြီး မျိုးနွယ်ခွဲပေါင်း ၃၀ နီးပါးဖြင့် ဖွဲ့စည်းထား၏။ မျိုးနွယ်ခွဲ အလွန်များသောကြောင့် မျိုးနွယ်ခွဲတစ်ခုစီတွင် ၎င်းတို့ကိုယ်ပိုင် ခေါင်းဆောင်များရှိနေပြီး မျိုးနွယ်စုခေါင်းဆောင်နှင့်အတူ ဟဲယွန်လေမျိုးနွယ်စုကို အုပ်ချုပ်ကြလေသည်။

ဟဲယွန်ကောင်းကင်မြစ်သည် မျိုးနွယ်စုခေါင်းဆောင်မဟုတ်ပဲ မျိုးနွယ်ခွဲခေါင်းဆောင်များအနက်မှ တစ်ဦးသာ ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ကြီး၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်း၍ ဟဲယွန်လေမျက်ရည်ပင်လျှင် သူ့ကို တွေ့ဆုံခွင့်ရရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဟဲယွန်လေစီးကြောင်းသည် မျိုးနွယ်ခွဲခေါင်းဆောင်၏သားဖြစ်၍ သူ့ကို အများစုက တလေးတစား ဆက်ဆံကြ၏။ ဟဲယွန်လေမျက်ရည်နှင့် ဆက်ဆံရေး ကောင်းမွန်သူလူပျံတော်တချို့သည်လည်း ဟဲယွန်လေစီးကြောင်းပြန်လာသည်ကို မြင်၍ အထူးပင် ပျော်ရွှင်နေကြလေသည်။

ပျော်ရွှင်သူလျင် မပျော်ရွှင်သူလည်း ရှိပေလိမ့်မည်။ ဤသည်မှာ နိယာမပင် ဖြစ်သည်။

ထိုမနက်ခင်းတွင် စုချန်းသည် မျိုးနွယ်စုနေအိမ်တစ်ဝိုက် လမ်းလျှောက်ရင်း မျိုးနွယ်စု၏ အခြေအနေများကို လေ့လာနေ၏။ မြင်သမျှအရာအားလုံးသည် သူ့ခေါင်းထဲတွင် စွဲထင်ကျန်ရစ်လေသည်။

ထိုအချိန်မှာပင် အသံတသံက သူ့ကို နှောင့်ယှက်လိုက်၏။

“ဘယ်သူများလဲလို့ မျိုးနွယ်ခွဲရဲ့ ဉာဏ်ကြီးရှင် အကျဉ်းစံဘဝက ပြန်လာတဲ့ ညီလေးဟဲယွန်လေစီးကြောင်းပါလား"

စုချန်း အသံလာရာသို့ လှည့်ကြည့်လိုက်ရာ အသက်ခပ်ငယ်ငယ်လူပျံတော်တစ်ဦး သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းနောက်တွင်လည်း နောက်လိုက်တပည့်များ ပါလာလေသည်။

စုချန်းသည် ဤလူပျံတော်ငယ်ကို တစ်ခါမှမမြင်ဖူးပဲ ဖြစ်နေ၏။ ယမန်နေ့ညမှ ပွဲတော်သို့ မတက်မိသူဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။ ထို့အပြင် ၎င်း၏လေသံကို ကြည့်လျှင် ဤငတိလေးသည် ဟဲယွန်လေစီးကြောင်းနှင့် ဆက်ဆံရေးမကောင်းမှန်း သိသာနေသည်။

စုချန်း ခပ်တည်တည်နှင့် တစ်ဖက်လူကို စကားမပြောဘဲ စိုက်ကြည့်နေ၏။

စုချန်း ပြန်မဖြေသည်ကိုကြည့်ပြီး ၎င်းမျက်နှာပျက်သွား၏။

“ဟဲယွန်လေစီးကြောင်း မင်း ငါ့ကို ဒီလိုကြည့်နေတာ ဘာသဘောလဲကွ”

စုချန်း ခေတ္တ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။

“တောင်းပန်ပါတယ် ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော် သတိမရဘူးဖြစ်နေတယ်”

သူ အမှန်အတိုင်းပြောလိုက်သော်လည်းတစ်ဖက်လူက စုချန်း သူ့ကိုလှောင်ပြောင်သည်ဟု ထင်သွားပုံရ၏။

လူပျံတော်ငယ်၏ မျက်နှာ တင်းမာသွားလေသည်။

“မင်းတော်တော်မောက်မာတာပဲငါ ဘယ်သူလဲဆိုတာ မင်း မမှတ်မိဘူးတဲ့လား…… ဟုတ်ပြီ ဟဲယွန်လေစီးကြောင်း အဲဒီတုန်းက မင်းဟာ ငါ့ကို ပုရွက်ဆိတ်လေးတစ်ကောင်လောက်တောင် ဂရုစိုက်စရာမလိုဘူးလို့ ထင်နေခဲ့တာပဲမလား ဒါပေမယ့် အတိတ်က အတိတ် ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ မင်း အရင်ကလို လူ မဟုတ်တော့သလို ငါလည်း အရင်ကလိုလူ မဟုတ်တော့ဘူးကွ”

“မင်း စကားတော့အတော်များတယ် ဒါပေမယ့် ခုထိ မင်းဘယ်သူလဲဆိုတာတော့ မပြောသေးဘူး”

စုချန်း ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။ ထိုလူပျံတော်သည် စုချန်း ၏ စကားကြောင့် အကြီးအကျယ်ဒေါသထွက်သွားလေသည်။

ထို့နောက် သူ အေးစက်စက်ဟန်ဖြင့် ရယ်မောပြီး ပြောလိုက်၏။

“ဟဲယွန်လေစီးကြောင်း မင်းဟန်ဆောင်တာကောင်းပါတယ် ဒါပေမယ့် အကျဥ်းစံဘဝမှာ မင်း ခံခဲ့ရတဲ့အရှက်ရစရာတွေကိုတော့ ဖုံးကွယ်လို့ မရဘူးကွ ဟိုကောင်တွေလက်ထဲမှာ သေလုနီးပါး မုဒိမ်းကျင့်တာကိုခံရပြီးမှ ငါ့ရှေ့မှာ မင်းက မျက်နှာပြောင်တိုက်ရဲသေးတာလား မင်း တော်တော်အရှက်နည်းပါလားကွ"

ဤစကားကို ကြားရသောအခါ စုချန်း အံ့အားသင့်ဖို့ဝေးစွ ဝမ်းပင်သာမိသေး၏။

နောက်ဆုံးတော့ ငါစောင့်နေတဲ့အချိန် ရောက်လာပြီပဲ...

တကယ်တော့ သူ ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ရသည်မှာ ကြာပြီ။

ကျူးမျိုးနွယ်စုသည် သတင်းအချက်အလက်ဖြန့်ဝေရာမှာ သိပ်ကျွမ်းကျင်ပုံမရ။ ဤအကြောင်းကို တယောက်ယောက်က သူ့ကိုလာမေးဖို့အရေး စုချန်း တနေကုန်အောင် စောင့်လိုက်ရ၏။

ဘာပဲဖြစ်ဖြစ် တယောက်ယောက် စမေးလာပြီဆိုတော့ တော်သေးတာပေါ့...

***

All Chapters