← Chapters

သုတေသနလုပ်ခြင်း

Vol. 83 Ch. 824

သုတေသနလုပ်ခြင်း

Vol. 83 Ch. 824

ရုတ်ချည်းပင် စုချန်း၏မျက်နှာ တင်းမာသွား၏။ သူသည် တောင်ပံများကို ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် ဝှေ့ယမ်းလိုက်သည်။ သူ့တကိုယ်လုံးမှာလည်း ခနမျှ မှိန်ဖျော့သွားပြီး လူပျံတော်ငယ်ရှေ့တွင် ပြန်ပေါ်လာသည်။ လူပျံတော်ငယ်မှာ ပြိုင်ဘက်၏အမြန်နှုန်း ဤမျှမြန်ဆန်လိမ့်မည်ဟု လုံးဝမမျှော်လင့်မိချေ။ ထိုအချိန်မှာပင် စုချန်း၏ လက်သီးက သူ့မျက်နှာကို ထိုးချလိုက်ရာ သူ လွင့်စင်သွား၏။

ထို့နောက် စုချန်းသည် လူပျံတော်ငယ်ဆီသို့ ဝုန်းခနဲခုန်အုပ်လိုက်ကာ ၎င်းအပေါ်မှခွပြီး အားရပါးရ ထိုးကြိတ်တော့သည်။ လူပျံတော်ငယ်သည် မထင်မှတ်ပဲအငိုက်မိသွားခြင်းကြောင့် အကြီးအကျယ် ထူပူသွားလေသည်။

ဘာဖြစ်သွားတာလဲ...

ဒီကောင် ဘယ်လိုဖြစ်လို့ ဒီလောက်ထိအောင် မြန်သွားရတာလဲ...

တကယ်တော့ အရှက်ရစရာအတွေ့အကြုံကို ထောက်ပြလိုက်၍ ဟဲယွန်လေစီးကြောင်း သူ့အား တိုက်ခိုက်လာသည်ကို လူပျံတော်ငယ် မအံ့သြမိ။ ထိုအစား သူ ဘာမှတုံ့ပြန်နိုင်ခြင်းမရှိခဲ့သည်ကို၊ လုံးဝခုခံကာကွယ်နိုင်ခြင်း မရှိခဲ့သည်ကို၊ သူ့ပြိုင်ဘက်က သူ့အပေါ် ခွလျှက်သားရှိနေပြီး သူ ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိတော့သည်အထိ ထိုးကြိတ်နေသည်ကို သူ အံ့ဩသွားခြင်းပင်။

လက်သီးများ ဆက်တိုက်ဆိုသလို ကျရောက်လာပြီး သွေးများပန်းထွက်လာ၏။ သို့သော် သူ ကြည့်ရုံသာကြည့်နေနိုင်လေသည်။ သူ ဘယ်လိုမှ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပဲ ဖြစ်နေ၏။ ထိုအခါ သူ အံ့သြဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်လေသည်။

“လွှတ် လွှတ် ငါ့ကိုလွှတ် မင်းတို့တွေ ကြည့်ကောင်းလို့ရပ်ကြည့်နေကြတာလားကွ"

ထိုအခါကျမှ သူနှင့်အတူပါလာသူများသည် အိပ်မက်မှ နိုးထလာသကဲ့သို့ တဟုန်ထ်ိုး ပြေးဝင်လာကြပြီး သူတို့ခေါင်းဆောင်ပေါ်မှ စုချန်းကို ဆွဲချရန် ကြိုးစားကြတော့သည်။ စုချန်း နှာခေါင်းရှုံ့ပြီး ခုခံရန်မကြိုးစား။ ထိုအစား သူက မြေပြင်ပေါ်လဲကျနေသော လူပျံတော်ငယ်၏ နားရွက်ကိုသာ အားရပါးရ ကိုက်ချလိုက်တော့သည်။

သူ့ကိုက်ချက်မှာ အတော်လေး အားပါး၏။ လူပျံတော်ငယ်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအခါ သူ့ငယ်သားရှစ်ဦးခန့်သည် စုချန်းကို အတင်းပင် ဝိုင်းဆွဲကြ၏။ သို့သော် စုချန်းကတော့ လုံးဝမလွှတ်တမ်းပင် ကိုက်ထားလေသည်။ နောက်ဆုံးတချီ အားနှင့်ဆွဲလိုက်သည့်အခိုက်တွင်တော့ လူပျံတော်ငယ်၏ နားရွက်သည် ရှည်ထွက်လာပြီး နောက်ဆုံးတွင် ပြတ်ထွက်သွားလေသည်။

“အား”

လူပျံတော်ငယ်၏ နားစည်ကွဲမတတ် အော်ဟစ်သံသည် ကောင်းကင်တစ်ခွင် သို့ ပျံ့လွင့်သွားလေသည်။ အော်သံကို ကြားသည်နှင့် အရပ်မျက်နှာအသီးသီးမှ လူပျံတော်များ ပြေးဝင်လာကြ၏။

ပထမဆုံး ရောက်လာသူမှာ သက်လတ်ပိုင်းအရွယ်လူပျံတော်တစ်ဦးဖြစ်သည်။ သူ့ရှေ့မှ သွေးထွက်သံယိုမြင်ကွင်းကြောင့် သူ တုန်လှုပ်သွား၏။ ထိုအခါ သူက အော်ဟစ်မာန်မဲလိုက်လေသည်။

"ဟေ့ ဟဲယွန်လေစီးကြောင်း မင်းဘာလုပ်လိုက်တာလဲကွ"

“ဒုတိယဦးရီးတော် ကျွန်တော့အတွက် တရားမျှတအောင် စီရင်ပေးပါ ဒီကောင် ကျွန်တော့်နားရွက်ကို ကိုက်... ကိုက်သွားတယ်”

လူပျံတော်ငယ်က သူ့နားရွက်ကို ဖိကိုင်ရင်း အော်ဟစ်တိုင်တန်းလိုက်၏။ဒုတိယဦးရီးတော် ဘယ်သူဘယ်ဝါမှန်း စုချန်း ကောင်းကောင်းမှတ်မိပေသည်။ ၎င်း၏ နာမည်မှာဟဲယွန်လေတံခွန် ဖြစ်ပြီး ဟဲယွန်လေမျက်ရည်၏ အစ်ကိုဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် ၎င်းက်ို ပထမဦးရီးတော်ဟု ခေါ်သင့်၏။

လူပျံတော်ငယ်၏ အော်သံကို အခြေခံလျင် ၎င်းသည် အကြီးဆုံးဦးလေးဖြစ်သူ ဟဲယွန်လေငှက်မွေး၏ သားဖြစ်ကြောင်း သိနိုင်သည်။ နောက်ဆုံးတော့ သူ့ရှေ့မှ လူပျံတော်ငယ် မည်သူမည်ဝါမှန်း စုချန်း သဘောပေါက်သွားတော့သည်။

ဟဲယွန်လေစီးကြောင်းကိုယ်တိုင်က ဘယ်တော့မှရန်သူအဖြစ်မသတ်မှတ်ပဲ နောက်လိုက်အဖြစ်သာ သတ်မှတ်ခံထားရသည့် ဟဲယွန်လေညှင်းပေတကား။

မမျှော်လင့်ပဲ ယခင်က နောက်လိုက်ဖြစ်နေတတ်သူသည် သူ့ကို မြင်သည်နှင့် တမင်တကာ ရန်စသည်အထိ အတင့်ရဲလာ၏။ သုံးသပ်ရသလောက် ဤလူပျံတော်ငယ်သည် လတ်တလောနှစ်များအတွင်း ပိုမိုအားကောင်းသန်မာလာပြီး သူ၏ယခင်အားကိုးအားထားပြုရာကို နင်းတက်စရာ လှေကားထစ်အဖြစ် ပြောင်းလဲလိုပုံရ၏။

သူ့ သုံးသပ်ချက် မှန်၏ မမှန်၏တော့ စုချန်း မသိ။ ဤလူပျံတော်ငယ်များသည် သူ့အတွက်တော့ တကယ့်ပါးမွှားလေးများသာ ဖြစ်သည်။ ထို့ကြောင့် သူ့မျက်လုံးတွင် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပုရွတ်ဆိတ်ဟူသည် ပုရွတ်ဆိတ်သာတည်း။

ဟဲယွန်လေညှင်း၏ ပြတ်သွားသော နားရွက်ကို မြင်သောအခါ ဟဲယွန်လေတံခွန် တကယ်ပင် ထိတ်လန့်သွား၏။

“ဟေ့ မင်းဘာတွေလုပ်လိုက်တာလဲ”

စုချန်း ဘာမှပြန်မဖြေပဲ ဒေါသများ၊ အတိုင်းအဆမရှိသော မုန်းတီးမှုများ ပြည့်နှက်နေသည့် အကြည့်နှင့် ဟဲယွန်လေညှင်းကို စိုက်ကြည့်နေ၏။

သူ့သရုပ်ဆောင်စွမ်းရည်မှာ သိပ်တော့မဆိုးလှချေ။

စုချန်း၏ မျက်နှာထားကြောင့် ဟဲယွန်လေတံခွန် အံ့အားသင့်သွား၏။ ကိစ္စက သူ ထင်သလောက် မရိုးရှင်းနိုင်မှန်း သဘောပေါက်လိုက်၍ သူ ဟဲယွန်လေညှင်းကို မေးလိုက်သည်။

ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အတိအကျ ပြန်ပြောစမ်း”

ဟဲယွန်လေညှင်းက သူ့လည်ပင်းသူ ပွတ်သပ်ရင်း ရှင်းပြလိုက်သည်။

"သူ့အကြောင်း နည်းနည်းပါးပါးလေးပြောမိတာနဲ့ စိတ်ဖောက်ပြီး ကျွန်တော့်ကို ကိုက်ဖို့ ကြိုးစားတာပဲ"

“မင်းက သူ့အကြောင်း ဘာပြောလိုက်တာလဲ”

ဟဲယွန်လေညှင်း ခေါင်းငုံ့သွား၏။

“ကျွန်တော်က... သူ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ပြောလိုက်...”

"ဘာကွ"

တကိုယ်လုံး အေးစိမ့်သွားသကဲ့သို့ ဟဲယွန်လေတံခွန်ခံစားရလိုက်သည်။ ထိုစကားကို အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော လူပျံတော်များအားလုံး သဲသဲကွဲကွဲပင် ကြားလိုက်ရ၏။

“ဟေ့ မင်း ဘာပြောလိုက်တာလဲ”

ဟဲယွန်လေမျက်ရည်သည် ဟဲယွန်လေညှင်းကို တလှည့်၊ သားဖြစ်သူကိုတလှည့် ကြည့်လျက် ဂယောင်ဂတန်း ဖြစ်နေလေသည်။ စုချန်း၏ မျက်နှာထားကိုကြည့်ရုံနှင့် မည်သည့်စကားမှမပြောလျင်ပင် ဟဲယွန်လေညှင်း အမှန်တိုင်းပြောနေကြောင်း သိသာနေသည်။

သူ ဟဲယွန်လေညှင်း၏ လည်ပင်းကို ဆွဲကိုင်လိုက်၏။

“ဒါကို ဘယ်သူပြောပြတာလဲ ပြောစမ်း”

ဟဲယွန်လေညှင်း စကားကိုခက်ခက်ခဲခဲနှင့် ပြောလိုက်ရသည်။

“သူနဲ့အတူ ပြန်လွတ်လာတဲ့ လူပျံတော်ငါးဆယ့်ရှစ်ယောက်... သူတို့... သူတို့အားလုံး သိကြတယ်... ကျွန်တော့် အစေခံတစ်ယောက်က အဲဒီအဖွဲ့ထဲက တစ်ယောက်နဲ့ သူငယ်ချင်းလေ သူကပဲ ကျွန်တော့်ကို ပြောပြတာ"

ဟဲယွန်လေမျက်ရည် အကြီးအကျယ်တုန်လှုပ်လာ၏။ ထို့နောက် သူ သားဖြစ်သူကို လှည့်ကြည့်လိုက်သည်။ သူ့သား၏ ဒေါသအရင်းအမြစ်ကို သူ နားလည်သွားလေပြီ။ ဤမျှ ကြောက်မက်ဖွယ်ရာအတွေ့အကြုံတို့ကို ကြုံခဲ့ရသူတိုင်း ထိုနာကြည်းချက်ဒဏ်ရာများကို ဖောက်ထုတ်ခံရသောအခါ ရူးသွပ်ကုန်ကြသည်မှာ ဓမ္မတာသာ။ သူ့သား ပြန်ရောက်ပြီးကတည်းက တလောကလုံးကို စိတ်ကုန်နေသည့်အမူအရာမျိုး ပြနေသည်မှာ ဘာမှအံ့သြစရာမရှိတော့။

“သူတောင်းစားလေး”

ဟဲယွန်လေငှက်မွေးက သားဖြစ်သူကို ဖြောင်းခနဲမည်အောင် ပါးရိုက်လိုက်၏။

“မင်း ဒီလို စကားမျိုးကိုတောင် ပြောရဲသလားကွ”

ဟဲယွန်လေညှင်းက အထွန့်တက်လိုက်သေး၏။

“သူ ကျွန်တော့်နားရွက်ကို ကိုက်ဖြတ်သွားတယ်"

“သူတောင်းစား မင်းလုပ်လို့ မင်းခံရတာ နည်းတောင်နည်းသေးတယ်"

ထို့နောက် ဟဲယွန်လေငှက်မွေးက အမိန့်ပေးလိုက်သည်။

“သွားစမ်း မင်း အချုပ်ခန်းထဲ သုံးရက်သွားနေ ပြီးတော့ ငါ့ညီ မင်းက မင်းသားကို ခေါ်သွားပြီး အနားယူခိုင်းလိုက်”

“ဟုတ်ကဲ့”

ဟဲယွန်လေမျက်ရည်က ခေါင်းညိတ်ပြီးစုချန်းကို သူ့အခန်းသို့ ပြန်ခေါ်သွား၏။

သားအဖနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟဲယွန်လေငှက်မွေး နောင်တကြီးစွာနှင့် သက်ပြင်းချလိုက်သည်။ ဤဖြစ်ရပ်သည် ဟဲယွန်လေစီးကြောင်းကို အကြီးအကျယ်ထိခိုက်စေခဲ့ကြောင်း သူသိ၏။ အခန့်မသင့်လျင် ဘဝတခုလုံး ပျက်စီးသွားစေနိုင်သည့် ဖြစ်ရပ်ဆိုးကြီး ဖြစ်သည်။

သို့သော် ဤကလေးငယ်သည် ဟဲယွန်လေညှင်းအပေါ်သို့ မည်သို့မည်ပုံ ခုန်တက်ပြီး အပေါ်မှခွစီးကာ ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်ရသနည်း။ ဟဲယွန်လေစီးကြောင်းသည် အချိန်ကြာမြင့်စွာ ဖမ်းဆီးခံခဲ့ရသည်ဖြစ်၍ အင်အားတိုးပွားလာစရာအကြောင်းမရှိ။ ဖြစ်နိုင်ချေမှာ တခုတည်းရှိသည်။ ၎င်းမှာ ဟဲယွန်လေညှင်းတယောက် အပါးခိုပြီး မလေ့ကျင့်ပဲ ပျင်းရိနေခြင်းကြောင့်ပင်။ ထိုအတွေးကြောင့် သူ့သားကို ပြင်းပြင်းထန်ထန် ပြုပြင်ပြောင်းလဲရန် ဟဲယွန်လေငှက်မွေး ဆုံးဖြတ်လိုက်၏။

သူ့ဖခင် သူ့ကံကြမ္မာကို ဆုံးဖြတ်နေစဉ်တွင် ဟဲယွန်လေညှင်းသည် သူ့နားရွက်အတွက် ဝမ်းနည်းနေဆဲပင်။ သို့သော် ၎င်းမှာ သူ၏ရှည်လျားသောအိပ်မက်ဆိုး အစမျှသာ ဖြစ်သည်ကို သူ ကြိုမသိနိုင်ခဲ့ချေ။

မည်သို့ဆိုစေ ထိုနေ့သည် သူတို့မျိုးနွယ်စုအတွက် တိတ်ဆိတ်သော နေ့တစ်နေ့ ဖြစ်လာ၏။

ထို့နောက်တွင်တော့ လူပျံတော်များသည် သူတို့၏ လက်အောက်ခံများအား ဟဲယွန်လေစီးကြောင်းကို မနှောင့်ယှက်ရန် အမိန့်ပေးလိုက်ကြ၏။ သတင်းပျံ့နှံ့ခြင်းကို တတ်နိုင်သမျှ တားဆီးရန် ကြိုးစားကြည့်သည့် လုပ်ရပ်တမျိုးပင်။ တစ်ချိန်တည်းမှာပင် စုချန်းအား တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် ပေးနေစေကြလေသည်။ ဤသည်မှာ စုချန်းလိုချင်သည့်အရာ အတိအကျပင်တည်း။

နောက်ပိုင်းရက်များတွင် စုချန်းသည် လူပျံတော်များနှင့်ပတ်သက်၍ သိမှတ်စရာအချက်အလက်များစွာကို လေ့လာခြင်းအားဖြင့် သူ့အချိန်များကို ကုန်လွန်စေ၏။ ဟဲယွန်မျိုးနွယ်စုတွင် ၎င်းတို့ကိုယ်ပိုင်စာကြည့်တိုက် ရှိ၏။ စုချန်းသည် များသောအားဖြင့် စာကြည့်တိုက်မှာပင် အချိန်ဖြုန်းနေတတ်လေသည်။ သူသည် စာကြည့်တ်ိုက်ထဲတွင် လူပျံတော်သမိုင်းကြောင်းများကို ဖတ်ရှု၏။ ၎င်းတို့၏ လူမှုဖွဲ့စည်းပုံကို လေ့လာခြင်း၏။ တစ်ချိန်တည်းမှာပင် ဟဲယွန်မျိုးနွယ်စု၏ ဖွဲ့စည်းပုံကို သူ ပိုမို ရှင်းလင်းပြတ်သားစွာ နားလည်လာတော့သည်။

စုချန်းတွင် စိတ်ဝိညာဥ်သလင်းရှိနေ၍ ဖတ်သမျှအားလုံးကို သူ မှတ်မိနိုင်၏။ ထို့ကြောင့် သူ့စာဖတ်နှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်လှသည်။ သူ လုပ်ဖို့လိုအပ်သည့်အရာဆို၍ စာမျက်နှာများကို လျင်မြန်စွာလှန်လှောပြီး ပြန်ချထားရုံသာ။ ရက်သတ္တပတ်နှစ်ပတ်အကြာတွင် စာကြည့်တိုက်ရှိ စာအုပ်အများစုကို သူ ဖတ်ရှုပြီးစီးသွား၏။ သို့သော် စုချန်း၏ လုပ်ရပ်များသည် ကျန်လူပျံတော်များ၏ အမြင်တွင် ဒေါသပုံစံတစ်မျိုးသာ ဖြစ်နေသည်။ သူသည် စာအုပ်များကို လှန်လှောနေခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချနေသည်ဟု သူတို့ယူဆနေကြ၏။

ကောလဟလများ ပို၍ ပျံ့နှံ့လာ၏။ သို့သော် ဟဲယွန်မျိုးနွယ်စုပိုင် စာအုပ်များက သူ့အား အာကင်နာနည်းစနစ်များကို ပိုမိုနားလည်စေရန် ကူညီပေးနိုင်၍ စုချန်းကတော့ အလွန်ကျေနပ်ခဲ့၏။

စုချန်းအနေနှင့် အာကင်နာနည်းစနစိများကို အာကင်နာပုံစံ

များမှတဆင့် ထုတ်လွှတ်ဖော်ထုတ်ပေးကြောင်း သိရှိခဲ့သည်မှာ အတော်လေးကြာခဲ့ပေပြီ။ နည်းစနစ်တစ်ခုချင်းစီသည် သီးခြားပုံစံတစ်ခုစီနှင့် ကိုက်ညီ၏။ ဤပုံစံများကိုလည်း မရေမတွက်နိုင်သော အပိုင်းအစများဖြင့် ဖွဲ့စည်းထားပြန်သည်။ ပုံစံများတွင် အခြေခံဖွဲ့စည်းပုံ ရှိသောကြောင့် ၎င်းတို့ကို ထွက်ပေါ်လာစေသော အပိုင်းအစများတွင်လည်း တူညီသော ဂုဏ်သတ္တိတချို့ ရှိနေကြ၏။ထို့ကြောင့် အာကင်နာနည်းစနစ်အပိုင်းအစများကို ပေါင်းစပ်ခြင်းသည် ကစားစရာအဆောက်အအုံကုဗတုံးများဖြင့် ကစားခြင်းနှင့် ခပ်ဆင်ဆင်တူပေသည်။ ထို့ကြောင့် အာကင်နာပညာရှင်များသည် အာကင်နာအပိုင်းအစများကို အမြန်ဆုံးပေါင်းစပ်နိုင်ရန် ကြိုးစားလေ့ရှိကြ၏။ ထိုသို့မြန်မြန်ပေါင်းစပ်နိုင်လေလေ အာကင်နာနည်းစနစ်နှင့်စွမ်းအင်များကို မြန်မြန်အသုံးပြုနိုင်လေလေ မဟုတ်ပါလား။

ထိုသို့ အပိုင်းအစများပေါင်းစပ်နှုန်းကို မြှင့်တင်ရန်အတွက် တချို့အာကင်နာပညာရှင်များသည် အာကင်နာပုံစံများနှင့်အပိုင်းအစများကို သူတို့ကိုယ်ပေါ်တွင် အမှတ်အသားပြုထားကြ၏။

၎င်းသည် ပုံသွင်းခြင်း လုပ်ငန်းစဉ်နှင့် ဆင်တူနေပြီး လူသားများ၏ကြာပန်းအုတ်မြင် ထုဆစ်တည်ဆောက်ခြင်းနှင့်လည်း သဘောတရားမကွာလှချေ။ သို့သော် ကြာပန်းအုတ်မြစ်ဖန်တီးခြင်းသည် မူလစွမ်းအင်ပုံစံမဟုတ်ပဲ မူလစွမ်းအင်အဆောင်လက်ဖွဲ့များသာ ဖြစ်သည်။ မည်သို့ဆိုစေ ဤန်ိယာမများကို လူသားတို့က အာကင်နာများဆီမှ သင်ယူခဲ့ကြခြင်းပင် မဟုတ်ပါလား။

ကောင်းကင်ဘုံအောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံခြင်းစနစ်များစွာ ရှိကြ၏။ ထို့အတူ ပါရမီမတူကြသောအခါတွင်လည်း ကွဲပြားခြားနားသော ရလဒ်များကို ဖြစ်ပေါ်စေတတ်သည်။ တချို့သည် နည်းစနစ်များစွာကို တတ်ကျွမ်းပြီး အာကင်နာနည်းစနစ်အများအပြားနှင့် ရန်သူများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြ၏။ တချို့မှာမူ ရှုပ်ထွေးသလောက် အစွမ်းထက်လှသည့် နည်းစနစ်အနည်းငယ်မျှကိုသာ တတ်ကျွမ်းကြသည်။ မည်သို့ပင်ဆိုစေ အာကင်နာနည်းစနစ်ကမ္ဘာသည် လူသားများ၏မူလစွမ်းရည်များထက် များစွာ ရှုပ်ထွေးနေ၏။

ဤနည်းစနစ်များကို လူသားများ စွန့်ပစ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ရှုပ်ထွေးမှုတို့ကို စီမံနိုင်ခြင်းမရှိသောကြောင့်ပင် ဖြစ်လေသည်။ သို့သော် စုချန်းကတော့ တခြားလူများနှင့် မတူပေ။ သူ့မှတ်ဉာဏ်နှင့် ကြိုတင်ခန့်မှန်းနိုင်စွမ်းသည် ထူးခြားပြီး အာကင်နာတချို့ထက်ပင် သာလွန်နေသေး၏။ ရလဒ်မှာ စုချန်းသည် အာကင်နာနည်းစနစ်များကို အောင်မြင်အောင် လေ့ကျင်နိုင်ခြင်းပင်။

သို့သော် အာကင်နာပညာကိုဆက်လက်လေ့ရာရန် စုချန်းတွင် အရင်းအမြစ် မလုံလောက်ခဲ့။ ရှေးဟောင်းအာကင်နာပညာရှင်တချို့၏ အသိပညာအနည်းငယ်မျှသာ သူ့လက်ဝယ်တွင် ရှိ၏။ ယခုတော့ အခြေအနေမှာ ပြောင်းလဲသွားပေပြီ။ လူပျံတော်နယ်မြေသည် သူ့ကို မျက်စေ့ပွင့်နားပွင့် ဖြစ်သွားစေ၏။ ထိုအခါ စုချန်းသည်အချက်အလက်အားလုံးကို အငမ်းမရပင် ဖတ်ရှုမှတ်သားထားလိုက်တော့သည်။ ရှုပ်ထွေးလှသော အာကင်နာနည်းစနစ်များသည် သူ့အင်အားကို တိုးပွားစေရုံသာမက သူ၏ သုတေသနအတွက်လည်း အလွန်အသုံးဝင်လိမ့်မည်ဟု စုချန်း ယုံကြည်ထား၏။

ရက်သတ္တပတ် နှစ်ပတ်အကြာတွင်အကြောင်းကြားစာတစ်စောင် ရောက်လာ၏။ တောင်ပြားမြို့သို့ လူသားကုန်သည်အဖွဲ့ ပြန်လည်ထွက်ခွာသွားပြီဟူသော အကြောင်းကြားစာပင်။

ထိုနေ့မှစ၍ တိုက်ပွဲကို သူ တစ်ဦးတည်း တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း စုချ်န်း သိရှိလိုက်ရသည်။

***

All Chapters