← Chapters

ခရီးထွက်ခြင်း

Vol. 83 Ch. 825

ခရီးထွက်ခြင်း

Vol. 83 Ch. 825

စုချန်းတယောက် ဟဲယွန်မျိုးနွယ်စုနှင့်အတူနေထိုင်ခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့လေပြီ။ ဤကာလအတွင်း သူသည် ဟဲယွန်မျိုးနွယ်စု၏ စာကြည့်တိုက်ရှိ စာအုပ်များအားလုံးကို ဖတ်ရှုခဲ့ပြီးဖြစ်သည်။ သူ့စာဖတ်နှုန်းမှာ အံ့မခန်း မြန်ဆန်လွန်းလှ၏။

လူသားအများစု သိရှိတတ်ကျွမ်းကြသော အာကင်နာနည်းစနစ်များအားလုံးသည် စတုတ္ထမြောက်လက်စွပ်အဆင့်နှင့်ထိုအောက်တွင်သာ ရှိကြ၏။ စုချန်းကျွမ်းကျင်သော အာကင်နာနည်းစနစ်အများစုကတော့ ပဉ္စမလက်စွပ်အဆင့်နီးပါးခန့်ရှိပေသည်။ ထို့ကြောင့် စုချန်းကို ပဉ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦးအဖြစ် သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။

ထို့ပြင် စုချန်းပိုင်ဆိုင်ထားသည့် စိတ်ဝိညာဥ်သလင်းမှာ အလွန်ပင် အစွမ်းထက်လှ၏။ ၎င်းကိုအကြောင်းပြု၍ စုချန်းသည် နည်းစနစ်တခုကိုသင်ယူပြီးသည်နှင့်တစ်ပြိုင်နက် ထိန်းချုပ်နိုင်၏။ ထိန်းချုပ်နိုင်သည်နှင့်တစ်ပြိုင်နက် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စွမ်းရှိ၏။ ဤအခြေအနေတွင် စုချန်း၏ တစ်ခုတည်းသောနောင်တမှာ သူ၏ အာကင်နာနည်းစနစ်ဆိုင်ရာပါရမီသည် သာမန်မျှသာဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းအတွက် အာကင်နာနည်းစနစ်တခုစီသာ ထည့်သွင်းပေါင်းစပ်နိုင်ခြင်းပင်။

သို့သော် စုချန်းအနေနှင့် သိပ်ဂရုမစိုက်။ သူ့ပါရမီမှာ လေ့လာသင်ယူခြင်းဘက်တွင် ရှိနေသည်မဟုတ်ပါလား။ အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခြင်းသည်လည်း စွမ်းရည်တခုပင် ဖြစ်လေသည်။

လပ်စွပ်အဆင့် တခုစီမြင့်လာတိုင်း အာကင်နာနည်းစနစ်တစ်ခုစီသာ ပေါင်းစပ်နိုင်သော်လည်း ထိုအာကင်နာနည်းစနစ်သည် သူရရှိခဲ့သော လက်စွပ်အဆင့်နှင့် ထပ်တူညီရန်တော့ မလိုအပ်ချေ။ ထို့ကြောင့် စုချန်းသည် မည်သည့်အာကင်နာနည်းစနစ်ကိုမှ ထည့်သွင်းပေါင်းစပ်ခြင်းမရှိသေး။ သူသည် ပိုမိုနက်နဲပြီး အစွမ်းထက်သော နည်းစနစ်များ ထပ်မံရရှိလာသည့်အထိ စောင့်ဆိုင်းနေခဲ့လေသည်။ လူပျံတော်တချို့သည်လည်း စုချန်းကဲ့သို့ အတွေးမျိုးရှိကြသော်လည်း ၎င်းတို့၏ သင်ယူနိုင်စွမ်းမှာ စုချန်းနှင့် ဘာမှမဆိုင်လှချေ။ ပါရမီကို အလွန်အမင်း အလေးပေးခြင်း၏ ပြဿနာမှာ ကျင့်ကြံခြင်းအစောပိုင်း ကာလများတွင် အားနည်းချက်များ ဖြစ်ပေါ်စေခြင်းပင်။ ထို့ကြောင့် စုချန်း၏လမ်းကြောင်းမျိုး လိုက်ရန်အတွေးပေါက်မိသော လူပျံတော်တချို့အဖို့ မမှီသောပန်းကို တုံးခုလှမ်းရန်ကြံစည်နေသူများနှင့်သာ တူနေတော့သည်။

ယနေ့တွင်လည်း စုချန်းသည် ဟဲယွန်မျိုးနွယ်စုအမွေခံနည်းစနစ်များထဲမှ တစ်ခုကို ခွဲခြမ်းစိတ်ဖြာနေခဲ့၏။ ဤနည်းစနစ်များသည် မျိုးနွယ်စုတစ်ခု၏ သီးခြားအာကင်နာနည်းစနစ်များဖြစ်ပြီး တနည်းအားဖြင့် ထိုမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဟုလည်း ဆိုနိုင်ပေသည်။ လူပျံတော်များသည် သွေးဗီဇကို အလွန်အမင်းအလေးထားသော လူသားများကဲ့သို့ မျိုးနွယ်စုပိုင်နည်းစနစ်များကို သွေးဗီဇမတူသည့်ကျန်မျိုးနွယ်စုများ လေ့ကျင့်မရနိုင်လောက်အောင် ခွဲခြားကန့်သတ်ထားခြင်းမရှိသည့်တိုင် ၎င်းတို့ကိုယ်တိုင်အတွက် လျှို့ဝှက်နည်းစနစ်တချို့ကိုတော့ သိမ်းဆည်းထားဆဲပင်။

ဟဲယွန်မျိုးနွယ်စု၏ အမွေခံနည်းစနစ်များအနက်မှ တစ်ခုမှာ အလင်းဖိအားစက်ဝန်းဟု လူသိများ၏။ တကယ်တမ်းတွေးကြည့်လျင် အာကင်နာနည်းစနစ်များသည် မူလစွမ်းရည်များထက် ပိုမိုထိရောက်သည်ဟု ဆိုကောင်းဆိုနိုင်၏။ အကြောင်းမှာ မူလစွမ်းရည်များကို တိုက်ပွဲများတွင် အဓိကအသုံးပြုကြ၏။ မူလစွမ်းရည်များ၏ အဓိကရည်ရွယ်ချက်မှာ ရန်သူ လဲကျသေဆုံးသွားရန်ပင် ဖြစ်သည်။ သို့သော် အာကင်နာနည်းစနစ်များကတော့ ကွဲပြားသော သက်ရောက်မှုများ ရှိနေကြ၏။

ဥပမာ အလင်းးဖိအားစက်ဝန်း၏ သက်ရောက်မှုကိုပင် ကြည့်ပါ။ ဤနည်းစနစ်တွင် အသုံးပြုသူသည် ဆွဲငင်အားနယ်ပယ်ကို ဖန်တီးကာ ရန်သူများ၏ လှုပ်ရှားမှုများကို ကန့်သတ်ပစ်နိုင်၏။ ၎င်းမှာ အတော်လေး အစွမ်းထက်ပြီး လက်တွေ့ကျပေသည်။ အကြောင်းမှာ ၎င်းနည်းစနစ်သည် အားကောင်းသော ရန်သူများကိုပင် ကန့်သတ်ထားနိုင်သောကြောင့်ပင်။ ရန်သူများ၏ ကိုယ်လက်အင်္ဂါများပေါ်တွင် အလေးတုံးများတင်ထားခြင်းနှင့် အခြေခံအားဖြင့် တူညီသော ဤနည်းစနစ်သည် အားနည်းသော ရန်သူများကိုတော့ အလုံးစုံ လှုပ်ရှားမရနိုင်လောက်အောင် ဖြစ်သွားစေ၏။

အလင်းဖိအားစက်ဝန်းသည် ပဉ္စမလက်စွပ်ဆင့် နည်းစနစ်သာဖြစ်သော်လည်း မည်သည့်ပစ်မှတ်ကိုမဆို ထိရောက်၏။ ပြောင်းလဲသွားသည်မှာ ၎င်း၏ထိရောက်မှုသာတည်း။

သူကိုယ်တိုင်ကပင် ပဉ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်ဖြစ်နေပြီဖြစ်၍ ဤနည်းစနစ်ကို ကျွမ်းကျင်သွားရန် စုချန်းအဖို့ အချိန်တရက်သာ လိုအပ်လိုက်၏။ သို့သော် စုချန်း ပိုမိုစိတ်ဝင်စားသည်မှာကား ဤနည်းစနစ်ကို ဖန်တီးရာတွင် အခြေခံခဲ့သည့် သဘောတရားများပင်ဖြစ်သည်။

မှန်၏။ သူသည် ယခုအချိန်ထိအသိပညာဗဟုသူတများကိုသာ အာရုံစိုက်နေဆဲပင်။ အာကင်နာနည်းစနစ်များသည် တစ်နည်းအားဖြင့် အသိပညာပုံဆောင်ခဲများနှင့် တူနေ၏။ ဤနည်းစနစ်များကို လေ့လာခြင်းဖြင့်စုချန်းသည် ၎င်းနည်းစနစ်များကို ဖန်တီးခဲ့သော အာကင်နာပညာရှင်များ၏ စဥ်းစားတွေးခေါ်ပုံကို ပိုမိုနားလည်လာတော့သည်။

အာကင်နာနည်းစနစ်တိုင်းတွင် အခြေခံမူများ ပါဝင်ကြ၏။ သဘောတရားများကို ပိုမိုနားလည်နာသည်နှင့်အမျှ စုချန်း မည်သို့မည်ပုံ ခံစားနေရသည်ကို ဖော်ပြရန်ပင် ခက်ခဲလှ၏။ အတွေးနယ်ချဲ့နေရင်း၊ သဘောတရားများကို သုံးသပ်နေရင်း ဤနည်းစနစ်ကို သူ တိုးတက်အောင် လုပ်နိုင်လောက်သည်ဟု စုချန်း ရုတ်တရက် ခံစားလိုက်ရ၏။

သူ ချက်ချင်းပင် အလုပ်စလိုက်၏။ ထိုအခါ စုချန်းသည် စိတ်ဝိညာဥ်သလင်းကို အသက်သွင်းကာ စွမ်းအင်များကို နှိုးဆွလိုက်သည်။ တဖန် သူက ထွက်ပေါ်လာသော ရလဒ်တချို့ကို အခြေခံပြီး အားနည်းချက်များကို ထပ်မံ၍ ပြုပြင်ဖန်တီးလိုက်ပြန်သည်။ နောက်ဆုံးတွင် သိသိသာသာတိုးတက်လာသော အလင်းဖိအားစက်ဝန်း ထွက်ပေါ်လာတော့သည်။

မျက်စေ့တမှိတ်အတွင်းမှာပင် စုချန်း၏ ပတ်ပတ်လည်၌ အလင်းကွင်းတစ်ခု စတင်လည်ပတ်လာပြီး ထိုအလင်းတွင် ရုပ်ပိုင်းပုံသဏ္ဍာန်များပါ ပေါင်းစပ်ပါဝင်နေသည်ဟု ထင်ရ၏။ ၎င်း၏ သက်ရောက်မှုနယ်ပယ်အတွင်းရှိ မည်သည့်အရာမဆို အလေးချိန် တိုးလာသည်ကို ချက်ချင်းခံစားရမည်မှာ သေချာနေပေသည်။

သက်မဲ့အရာဝတ္ထုများသည် စုချန်းအား ၎င်းတို့မည်သို့ခံစားရကြောင်း ရှင်းပြနိုင်လိမ့်မည်မဟုတ်။ ထိုအချိန်မှာပင် စုချန်း၏အခန်းထဲသို့ ဟဲယွန်လေမျက်ရည်ဝင်လာခြင်း ဖြစ်သည်။ဝ

အခန်းထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်အလေးချိန် ရုတ်တရက် တိုးလာသကဲ့သို့ လေမျက်ရည် ခံစားလိုက်ရ၏။ အတွေ့အကြုံအရ ဘာတွေဖြစ်နေမှန်း သူ ချက်ချင်းသဘောပေါက်လိုက်လေသည်။

သူ့သား ဤနည်းစနစ်အား ပိုင်နိုင်ကျွမ်းကျင်နေခြင်းကို သူ မအံ့သြ။ အကြောင်းမှာ ဤနည်းစနစ်ကို ဟဲယွန်လေစီးကြောင်း လွန်ခဲ့သောနှစ်အတော်ကြာကပင် တတ်မြောက်ထားပြီးသောကြောင့်ပင်။ သို့သော် ယခုသူခံစားလိုက်ရသည့် အလင်းဖိအားစက်ဝန်း၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် များစွာပို၍ ကြီးမားနေ၏။ ၎င်း၏ဖိအားကို ခုခံရန် သူ မူလစွမ်းအင်ကို ချက်ချင်း လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် သူ့လက်ရှိခွန်အားဖြင့်ပင် ၎င်း၏ဆွဲအားမှ အလုံးစုံ လွတ်မြောက်နိုင်ခြင်း မရှိပဲ ဖြစ်နေ၏။

"ငါ့သား"

သူသည် စုချန်းကို တအံ့တသြပင် စိုက်ကြည့်လိုက်၏။ စုချန်းသည် သူ့လက်ကိုဝေ့ယမ်းလိုက်ရာ အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ထိုအချိန်မှာပင် ဟဲယွန်လေမျက်ရည်က သူ့ထံသို့ လျှောက်လာပြီး မေးလိုက်၏။

“မင်း အလင်းဖ်ိအားစက်ဝန်းကို ဒီလောက် အင်အားကြီးလာအောင် ဘယ်လိုများ သုံးလိုက်တာလဲ”

"ကျွန်တော်လဲ သိပ်မသေချာဘူး ပျင်းတာနဲ့ ပြန်လေ့ကျင့်နေတုန်း အလင်းစက်ဝန်းရဲ့ အာနိသင်ကို ဒီထက်ပွားများလာအောင် လုပ်နိုင်တယ်လို့ ထူးထူးဆန်းဆန်း အာရုံရလိုက်တာပဲ ဒီလောက်ပဲ ကျွန်တော်သိတယ်”

ဟဲယွန်လေမျက်ရည် ဝမ်းသာအားရ ဖြစ်သွား၏။

"မင်းရဲ့ငုပ်လျှိုးနေတဲ့ပါရမီ နိုးထလာတာများ ဖြစ်နေမလား တခြားနည်းစနစ်တွေရော ဒီအတိုင်းပဲလား"

စုချန်း ပခုံးတွန့်ပြလိုက်သည်။

"မသိဘူး"

"ငါ့သား မင်း နောက်တခုလောက် ထပ်စမ်းကြည့်စမ်း"

ဟဲယွန်လေမျက်ရည် အကြီးအကျယ် စိတ်လှုပ်ရှားသွားဟန်ဖြင့် တိုက်တွန်းလိုက်၏။ ဤသို့ နည်းစနစ်များကိုတိုးတက်စေနိုင်သော ပါရမီသည် အလွန်ရှားပါးပြီး အဖိုးတန်၏။ ဤသို့ ပါရမီရှိသူမည်သူမဆိုသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ကံကြမ္မက တံဆိပ်ခပ်ထားပြီးသားသူများ ဖြစ်ကြပေသည်။ ဟဲယွန်လေစီးကြောင်းကိုယ်တိုင်သည်လည်း ယခင်က ပါရမီတချို့ကို ပြသခဲ့ဖူးသည့်တိုင် ဤအဆင့်ထိတော့ မဟုတ်ချေ။

သို့သော် စုချန်း၏ နောက်ဆက်တွဲ စွမ်းဆောင်ရည်က သူ့ကို စိတ်ပျက်သွားစေ၏။ အကြောင်းမှာ နောက်ထပ်ဖော်ထုတ်လိုက်သည့် အာကင်နာနည်းစနစ်များ၏ စွမ်းအင်မှာ သာမာန်မျှသာ ဖြစ်နေသောကြောင့်ပင်။

"ဒါဘယ်လိုဖြစ်တာလဲ"

ဟဲယွန်လေမျက်ရည် နားမလည်နိုင်ပဲ ဖြစ်နေ၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။

"ကျွန်တော် ဘာ့ကြောင့် တခြားနည်းစနစ်တွေကို တိုးတက်အောင် မလုပ်နိုင်မှန်းတော့မသိဘူး ကြည့်ရသလောက် ကျွန်တော့်ပါရမီက နည်းစနစ်အုပ်စုတချို့အတွက်ပဲနဲ့ တူပါတယ်”

"ဘယ်လိုအုပ်စုမျိုးမို့လဲကွ"

စုချန်းက ခေါင်းခါပြလိုက်သည်။

"ကျွန်တော်လဲ သေချာတော့မသိသေးဘူး ထပ်ခါတလဲလဲ စမ်းသပ်ကြည့်ဖို့ လိုမယ်နဲ့တူတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အာကင်နာနည်းစနစ်တွေ များနိုင်သမျှများအောင် သင်ယူထားတာက အကောင်းဆုံးဖြစ်မှာပဲ"

"အဲဒီလိုလား"

ဟဲယွန်လေမျက်ရည်က သက်ပြင်းချလိုက်သည်။ သူ့လေသံတွင် နောင်တရဟန်များ ပါဝင်နေလေသည်။ စုချန်း နည်းနည်းတော့ အံ့အားသင့်သွား၏။ မည်သို့ဆိုစေ သူ့တွင် အနည်းဆုံးတော့ “ပါရမီ” တစ်ခု ရှိနေပြီမဟုတ်ပါလား။ သို့သော် ဟဲယွန်လေမျက်ရည် ဘာကြောင့် ဝမ်းမသာနိုင်ပဲ ဖြစ်နေရသနည်း။

ထို့နောက် ဟဲယွန်လေမျက်ရည်သည်

စုချန်းကို ချစ်ခင်စွာစိုက်ကြည့်ရင်း ပြောလိုက်၏။

"ဝမ်းနည်းစရာပဲ မင်းမှာ တကယ်တမ်း ပုံစံခိုင်မာခြင်းပါရမီ ပါလာခဲ့ရင် ကောင်းမှာပဲ”

“တစ်ခုခုများ ဖြစ်ခဲ့သလားဗျာ”

ဟဲယွန်လေမျက်ရည်၏အသံထဲတွင် နောင်တအငွေ့အသက်တို့ကို စုချန်း ခံစားမိ၏။ ကြည့်ရသည်မှာ သူ့တွင် ပြောစရာစကားတခုခု ရှိနေသည့်ပုံပင်။

"ဒါက..."

"ပြောပါ ကျွန်တော် ခံနိုင်ရည်ရှိပါတယ်ယ်"

ထိုအခါကျမှ ဟဲယွန်လေမျက်ရည်က အားတင်းရင်း ပြောလိုက်၏။

“ငါ့သား မင်း တခြားနေရာကို ခနသွားနေဖို့ စဉ်းစားဖူးသလား”

"တခြားတနေရာလား"

စုချန်း အံ့သြသွားသည်။ သူကိုယ်တိုင်လည်း စာကြည့်တိုက်ထဲမှ စာအုပ်များအားလုံး ဖတ်ပြီးသွားပြီဖြစ်၍ အပြင်ထွက်ခရီးသွားရန် စဉ်းစားနေသည်မဟုတ်ပါလား။ သို့သော် ဟဲယွန်လေမျက်ရည်ထံတွင် သူ့ကို ထွက်သွားဖို့ တိကျတဲ့အကြောင်းပြချက်တစ်ခုခုနေပုံပင်။

"ဘာကြောင့်များလဲ တခုခုများ ဖြစ်ခဲ့လို့လား ပွင့်ပွင့်လင်းလင်းသာ ပြောပါဗျာ"

"ဒီနည်းနဲ့မှသာ မင်း... မလိုလားအပ်တဲ့ ကောလဟာလတွေကနေ ရှောင်ရှားနိုင်မယ်"

နောက်ဆုံးတော့ ဟဲယွန်လေမျက်ရည် မရှုနိုင်မကယ်နိုင်ဟန်ဖြင့် ထုတ်ပြောလိုက်ရသည်။ ထိုစကားကြားသည်နှင့် စုချန်း ချက်ချင်းပင် နားလည်သွား၏။

ကြည့်ရသလောက် ဟဲယွန်လေစီးကြောင်းနှင့် ပတ်သက်သည့်သတင်းများ ဆက်လက်ပျံ့နှံ့နေပုံရပေသည်။

ထိုကောလဟာလများမှာ ဟဲယွန်မျိုးနွယ်စုအတွက် သိပ်မကောင်းလှ။ ထို့ပြင် ဤသတင်းများကြောင့် သူ့သား ပို၍စိတ်ထိခိုက်သွားနိုင်သေးသည်။ ထို့ကြောင့် ဟဲယွန်လေမျက်ရည်က သူ့သားကို ခနတဖြုတ် ထွက်သွားစေလိုချင်းပင်။ အကယ်၍ စုချန်း၏ ပါရမီကသာ ပုံစံခိုင်မာခြင်းဖြစ်ခဲ့လျင် ဟဲယွန်လေမျက်ရည်က စုချန်းကို ဆက်နေစေရန် အစွမ်းကုန် ကြိုးစားခဲ့ပေလိမ့်မည်။ သို့သော် အခြေအနေမှာ ထိုသို့မဟုတ်။ စုချန်းသည် အလင်းဖ်ိအားစက်ဝန်းတစ်ခုတည်းကိုသာ အင်အားတိုးပွားလာအောင် လုပ်နိုင်ခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ဤမျှကြိုးစားနေစရာ မလိုအပ်တော့။

စုချန်းသည် သူ့သားအရင်းဖြစ်သော်ငြား ထည့်သွင်းစဉ်းစားစရာတခြား အကျိုးအမြတ်များ ရှိနေသေးသည် မဟုတ်ပါလား။

စုချန်းသည် ဤအခြေအနေမျိုးကို လွန်ခဲ့သောနှစ်များစွာကတည်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အထူးတလည် အံ့သြနေစရာ မလိုအပ်တော့။ မည်သို့ပင်ဖြစ်စေ သူကနှိုက်က ထွက်သွားရန် စီစဉ်ပြီးသား ဖြစ်သည်။ဒါသည်ပင်လျင် သူ့အတွက် အကောင်းဆုံး ဖုံးကွယ်မှုပင် မဟုတ်ပါလား။

စုချန်းက ခေါင်းငြိမ့်လိုက်သည်။

"ဒါနဲ့ ကျွန်တော့်ကို ဘယ်ပို့ဖို့များ စီစဉ်ထားတာလဲ"

ဟဲယွန်လေမျက်ရည်က ပြန်ဖြေလိုက်၏။

"မင်းညီမရဲ့ယောက္ခမတွေရှိတဲ့နေရာလေ ချမ်းသာခြင်းမြစ်နားမှာရှိတယ် မင်းဘယ်လိုထင်သလဲ"

သူညီမ၏ ယောက္ခမ ဘယ်သူဘယ်ဝါမှန်း စုချန်း မသိ။ သို့သော် သူက ဂရုမစိုက်ပဲ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့"

ဟဲယွန်လေမျက်ရည် အတော်လေး ပျော်ရွှင်သွား၏။

"ဒါဆို ဘယ်တော့လောက်သွားမလဲ ငါ့သား"

"နက်ဖြန်ဆိုရင်ရော"

ထွက်သွားဖို့ဆုံးဖြတ်ပြီးပြီဖြစ်၍ အမြန်ဆုံးထွက်သွားခြင်းသည် အကောင်းဆုံးနည်းလမ်းပင်။ စုချန်း ဤမျှ တည့်တိုးပြောလိမ့်မယ်ဟု မမျှော်လင့်ထားလေရာ ဟဲယွန်လေမျက်ရည် အံ့သြသွား၏။ ပြီးမှ သူ့သားသည် အစကတည်းက ထွက်သွားရန် စဉ်းစားထားပြီးသားမှန်း သူ သဘောပေါက်သွား၏။ ထို့ကြောင့် သူ အလျင်အမြန် ပြောလိုက်သည်။

"ဒါဆိုလဲ ကျုပ် အစေခံတွေကို မင်းပစ္စည်းတွေထုပ်ထားဖို့ ပြောလိုက်မယ် မင်းလဲ မင်းအမေကို သွားတွေ့ပြီး နှုတ်ဆက်လိုက်အုံး"

နောက်တစ်နေ့ မနက်တွင် စုချန်းသည် ငွေရောင်မြင်းကြီးလေးကောင်ဖြင့် ဆွဲထားသော ရထားဖြင့် ကောင်းကင်မြို့တော်မှ ထွက်ခွာသွား၏။ ကောင်းကင်မြို့တော်သည် ကောင်းကင်နိုင်ငံ၏ ဗဟိုဖြစ်ပြီး အနီးအနားတွင် မြို့ငယ်များစွာလည်း ရှိနေသေး၏။

မြင်းရထားသည် တိမ်များပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားသွားနေ၏။ သို့သော် စုချန်း၏ ဦးတည်ရာမှာကား ချမ်းသာခြင်းမြစ် မဟုတ်ပေ။ သူ့ညီမ၏ ယောက္ခမအနေနှင့် အချိန်တန်၍ စုချန်း ရောက်မလာသေးလျင် စိတ်ပူကောင်း စိတ်ပူနေနိုင်ပေသည်။ သို့သော် စုချန်းကတော့ ဘာကိုမှ ဂရုမစိုက်လှချေ။

သူ မြင်းရထားကို ဆက်လက်မောင်းနှင်လာစဥ်မှာပင် ရုတ်တရက် သူရှိရာဘက်သို့ ဦးတည်ကာ အရှိန်အဟုန်နှင့် ပျံသန်းလာသော အရိပ်နှစ်ရိပ်ကို စုချန်း မြင်လိုက်ရသည်။ နောက်ကတယောက်မှ လိုက်၍ ရှေ့ကတယောက်မှ ထွက်ပြေးနေသည့်ပုံပင်။

အရိပ်နှစ်ရိပ်သည် ရထားကို မြင်သည်နှင့် ရုတ်တရက်ပင် ဦးတည်ရာ ပြောင်းလဲကာ စုချန်းဆီသို့ ပျံသန်းလာကြလေသည်။ စုချန်း မျက်မှောင်ကြုတ်ကာ လမ်းဖယ်ပေးရန် ဟန်ပြင်လိုက်သည်။ သူ့အနေနှင့် ဤအခြေအနေမျိုးတွင် ပါဝင်ပတ်သက်လိုစိတ်မရှိ။ သို့သော် ရုတ်တရက် အမျိုးသမီးငယ်တစ်ဦး၏ အသံကို သူ ကြားလိုက်ရလေသည်။

“သခင်လေး ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ"

***

All Chapters