← Chapters

နုပျိုပြည့်လျံ

Vol. 83 Ch. 826

နုပျိုပြည့်လျံ

Vol. 83 Ch. 826

"သခင်လေး ကယ်ပါဦး"

ထိုလူပျံတော်မိန်းကလေးသည် စူးချန် ဆီသို့ တည့်တည့်မတ်မတ်ပင် ပြေးလာနေ၏။ စုချန်းတယောက် ရှောင်တိမ်းရန်အချိန်မရလိုက်ခင်မှာပင် ၎င်းက သူ့လှည်းထဲသို့ ခုန်ဝင်လာလေသည်။ သူမ၏ လုပ်ရပ်က စုချန်းကို ပြသနာထဲ ဘလာချီဆွဲသွင်းလိုက်သည်နှင့် တူနေ၏။

စုချန်း မကျေမနပ်ဖြစ်သွားပြီး လူပျံတော်မိန်းကလေးကို လှည်းအိမ်ထဲမှ မောင်းထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူမအား လိုက်လံဖမ်းဆီးနေသည့် လူပျံတော်သည် အပြာရောင်အလင်းတန်းတခုကို ဖော်ထုတ်ပြီး စုချန်း၏ လှည်းကို ပစ်လွှတ်တိုက်ခိုက်လိုက်လေသည်။

"ဒီကောင် ကိုယ့်သေတွင်းကိုယ်တူးနေတာပဲကိုး"

စုချန်းအထက်ပါအတိုင်း ရေရွတ်လိုက်သည်။ ထိုအချိန်မှာပင် အပြာရောင်အလင်းတန်းသည် တစ်စုံတစ်ခုနှင့် ရုတ်တရက် ထိမှန်သွားသကဲ့သို့ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွား၏။ တဆက်တည်းမှာပင် အနှီ အပြာရောင်အလင်းတန်းသည် ချက်ချင်းပင် နောက်ပြန်လှည့်သွားပြီး ၎င်းအလင်းတန်းပိုင်ရှင်လူပျံတော်ဆီသို့ တိုးဝင်သွားလေသည်။

လူပျံတော်မိန်းကလေးနှင့် ရန်စတိုက်ခိုက်သူ နှစ်ဦးလုံး အံ့သြတကြီး ဖြစ်ကုန်ကြ၏။ ဤအပြာရောင်အလင်းတန်းမှာ တိုက်ခိုက်သူလူပျံတော် အလွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် အာကင်နာနည်းစနစ်တမျိုး ဖြစ်သည်။ အကယ်၍ သူ၏ တိုက်ခိုက်မှုကို စုချန်းအနေနှင့် အင်အားသုံး ခုခံနိုင်ခဲ့မည်ဆိုပါက ၎င်းမှာ အံ့သြစရာမဟုတ်ချေ။ သို့သော် အပြာရောင်အလင်းတန်းကို နောက်ပြန်လှည့်လာအောင် စွမ်းဆောင်နိင်ခြင်းကတော့ အလွန် ထိတ်လန့်စရာကောင်းနေ၏။ သင်သည် တစ်စုံတစ်ဦးကို ရေနှင့်ပက်ရန် ကြိုးစားချိန်တွင် သူတို့ ရှောင်တိမ်းသွားခြင်း သို့မဟုတ် ရေစိုခံလိုက်ခြင်းတို့ကို အံ့သြမည်မဟုတ်ချေ။ သို့သော် ထိုရေ သင့်ဆီ နောက်ပြန်လှည့်လာနိုင်စေခြင်းမှာမူ မယုံနိုင်စရာ ပါရမီရှိမှသာ လုပ်ဆောင်နိုင်သည့်အရာမျိုး ဖြစ်နေလေသည်။

အလွန်အန္တရာယ်များသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီမှန်း ရန်စတိုက်ခိုက်သူလူပျံတော် ချက်ချင်းသဘောပေါက်လိုက်၏။ ထို့နောက် သူ မျက်ကလဲဆန်ပြာနှင့် အော်ဟစ်လိုက်ရှာသည်။

"ငါ..."

သို့သော် သူစကားမဆုံးမီမှာပင် အပြာရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားစေ၏။ သို့သော် လူပျံတော်ကိုယ်တိုင်လည်း အတော်လေးလည်း ခံနိုင်ရည်ရှိပုံပေါ်သည်။ သူ ချက်ချင်းပင် နောက်ပြန်လှည့်ပြီး မြန်ဆန်လှသောအရှိန်အဟုန်နှင့် ထွက်ပြေးသွားလေ၏။

စုချန်း သူ့နောက်သို့ လိုက်မနေတော့ပဲ လှည်းကို ဆက်လက်မောင်းသွားလိုက်လေသည်။ ထိုအချိန်တွင် လူပျံတော်မိန်းကလေးကား စုချန်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။

သူမ၏ မူလရည်ရွယ်ချက်မှာ စုချန်းကို ရန်ပွဲထဲဆွဲထည့်ကာ ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးရန်ပင်။ မမျှော်လင့်ပဲ သူမ ရန်ပွဲထဲ ဆွဲသွင်းမိသူသည် အလွန်တရာ အင်အားကြီးမားနေ၏။ ပဉ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်တစ်ဦးသည်ပင် မရှုမလှ ခံလိုက်ရသည် မဟုတ်ပါလား။

လူပျံတော်မိန်းကလေး စုချန်းကို ပြူးပြဲကြည့်နေ၏။ သို့သော် ခေါင်းစွပ်ကြီးစွပ်ထားပြီး ခေါင်းကို ငုံ့ထားသဖြင့် စုချန်းမျက်နှာကို သူမ မြင်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။

လူပျံတော်မိန်းကလေး ရယ်မောလိုက်၏။

"သခင်လေးရဲ့ အင်အားက မသေးပါလားရှင့်"

စုချန်း အေးစက်သောလေသံနှင့် ပြန်ဖြေလိုက်၏။

"ကျုပ်သာအသုံးမကျဘူးဆိုရင်လဲ မင်းလုပ်ရပ်ကြောင့် ခုလောက်ဆို သေလောက်ရော့ပေါ့ကွာ"

လူပျံတော်မိန်းကလေး ချက်ချင်း ပြန်ဖြေလိုက်သည်။

"သခင်လေး ဘာတွေပြောနေတာပါလိမ့် ရှင့်ကိုမြင်တာနဲ့ သာမာန်မဟုတ်မှန်း ကျွန်မ သတိထားမိလို့ အကူအညီ တောင်းလိုက်ရတာပါရှင်"

"မြင်လိုက်တာနဲ့ သာမာန်မဟုတ်ဘူး ဟုတ်လား"

စုချန်း ရယ်မောလိုက်သည်။

"မင်းက ကျုပ်မျက်နှာကိုတောင် မမြင်ပဲနဲ့ ကျုပ် သာမာန်မဟုတ်မှန်း ဘယ်လိုများ သိနေတာပါလိမ့်"

"ဒါက..."

မိန်းကလေး နှုတ်အသွားပြီး လူကလည်း မသိမသာ နောက်ဆုတ်သွား၏။

"ကျွန်မ တောင်းပန်ပါတယ် သခင်လေး မမျှော်လင့်ပဲ ရှင့်ကို အနှောင့်အယှက်ပေးမိသွားတယ် ဒါဆို ကျွန်မ အရင် သွားလိုက်ပါတော့မယ်"

သူမပြောနေရင်း လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက ရုတ်တရက် ခေါ်လိုက်၏။

"မင်း သွားလို့ရပြီလို့ ကျုပ်ပြောလိုက်လို့လား ကျုပ်လှည်းထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်လို့ရမယ်များ ထင်နေသလား ကျုပ်ပုံစံက ဒီလောက်လွယ်လွယ်လေးနဲ့ နှပ်ချလို့ရမဲ့ပုံများ ပေါက်နေသလား"

မိန်းကလေး အလွန်အမင်း ထိတ်လန့်သွား၏။ တချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး လှည်းထဲမှ ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

သို့သော် သူမ ရုတ်တရက် ပြန်ပေါ်လာသည့်အချိန်တွင် ပုံဆောင်ခဲ မူလစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်တစ်ဖက်က ဝုန်းခနဲပေါ်လာပြီး သူမကို ဆွဲယူကာ လှည်းထဲသို့ ပြန်ဆွဲထည့်လိုက်၏။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ...

ဒီလှည်းမောင်းသမားက ငါ ဘယ်နေရာမှာ ပြန်ပေါ်လာမယ်ဆိုတာ ဘယ်လိုများ ကြိုတင်ခန့်မှန်းနိုင်ခဲ့တာလဲ...

အထက်ပါအတိုင်း တွေးတောရင်း ပုံဆောင်ခဲမူလစွမ်းအင်လက်ကြီး သူမ ပေါ်ထွက်လာမည့်နေရာသို့ ရောက်လာခြင်းကို တိုက်ဆိုင်မှုဟုသာ လူပျံတော်မိန်းကလေး ယူဆလိုက်သည်။ ထို့နောက် သူမက အံတင်းတင်းကြိတ်ပြီး နောက်တကြိမ် ခုန်ထွက်လိုက်ပြန်သည်။ တကယ်တော့ သူမ၏ ခုန်ထွက်ခြင်းနည်းစနစ်သည် စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်နှင့်ပင် ခပ်ဆင်ဆင် တူနေသည်။ ၎င်းမှာ သူမက ဤနည်းစနစ်ကို ထပ်ခါတလဲလဲ အသုံးပြုနိုင်ခြင်းပင်။ သို့သော် သူမအနေနှင့် ၎င်းကို ဆက်တိုက်အသုံးပြုလေလေ မူလစွမ်းအင်ပိုမိုကုန်ခန်းလေလေပင် ဖြစ်သည်။

သူမသည် မူလနေရာမှ ပေတစ်ရာခန့်အကွာတွင် ထပ်မံပေါ်ထွက်လာပြန်၏။ ဤတကြိမ်တွင်လည်း သူမ ဘာမှမလုပ်ရသေးခင်မှာပင် စူးချန်၏ပုံဆောင်ခဲမူလစွမ်းအင်လက်ကြီးက သူမကို ထပ်မံဖမ်းမိသွားပြန်သည်။

လူပျံတော်မိန်းကလေး အကြီးအကျယ်တုန်လှုပ်နေခဲ့လေပြီ။ ဝေးဝေးကရှောင်ရမည့် ပြိုင်ဘက်တစ်ဦးကို သူမ ရန်စမိပြီမှန်း သဘောပေါက်လိုက်၏။ သို့သော် သူမ အံတင်းတင်းကြိတ်ရင်း မဖြစ်မနေ ထွက်ပြေးရန် ဆုံးဖြတ်မိပြန်သည်။

သို့စေကာမူ သူမ ထွက်ပြေးရန် ကြိုးစားတိုင်း စုချန်းက သူမ မည်သည့်နေရာတွင် ပြန်ပေါ်လာမည်ကို အတိအကျ သိရှိနေ၏။ စုချန်း၏ လေဟာနယ်တုန်ခါခြင်းများကို သိမြင်နိုင်စွမ်းအရ လူပျံတော်မိန်းကလေးအနေနှင့် မည်မျှပင် ခုန်ထွက်ရန်ကြိုးစားစေကာမူ လွတ်မြောက်နိုင်စရာအကြောင်းမရှိတော့ချေ။

မည်သို့ဆိုစေ သူမ လက်မလျော့သေးပဲ ရှစ်ကြိမ်ခန့် ထပ်မံကြိုးစားလိုက်သေး၏။ ကြိုးပမ်းမှုတိုင်းကား အချည်းနှီးသာ ဖြစ်သွားရရှာသည်။ စုချန်းက အကြိမ်တိုင်းလိုလိုပင် ကုပ်ဆွဲပြီး သူမကို လှည်းအိမ်ထဲ ပြန်ဆွဲထည့်နေ၏။

နောက်ဆုံးတွင် သူမခမျာ အားအင်ကုန်ခမ်းပြီး လှည်းကြမ်းပြင်ပေါ် ပြုတ်ကျသွားရှာသည်။ သူမ၏မူလစွမ်းအင် အားလုံးနီးပါးမှာ ကုန်ခန်းသွားခဲ့ရှာလေပြီ။ တချိန်တည်းမှာပင် ထွက်ပြေးတိုင်းပြန်မိနေပါက မူလစွမ်းအင် တန်နှင့်ချီ၍ ပိုင်ဆိုင်ထားခဲ့သည်ဆိုစေအုံး အလကားသာဖြစ်နေလိမ့်မည်ဟု သူမ တွေးမိနေသေး၏။

ထိုအခါ သူမက အခြေအနေမှန်ကို လက်ခံလိုက်၏။ ထို့နောက် သူမသည် လှည်းကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း စုချန်း တစုံတခုပြောလာမည်ကို စောင့်ဆိုင်းနေလေသည်။

"ဘာလဲ မင်း ထပ်မပြေးတော့ဘူးလား"

စုချန်းက မေးလိုက်၏။

"ထွက်ပြေးလို့မှမရတော့တာ ဘာလို့ပြေးနေအုံးမှာလဲ"

မိန်းကလေး စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။

ထိုအခါ စုချန်းက ပြန်ငေါ့လိုက်ပြန်သည်။

"အော် ခုကျတော့ အကျင့်ကောင်းသွားပြီပေါ့ ဟုတ်လား ဘာလို့ အစကတည်းက အဲ့ဒီလိုမလုပ်ခဲ့တာလဲ"

လူပျံတော်မိန်းကလေးက စုချန်းကို မော့ကြည့်ရင်း ပြန်ဖြေလိုက်၏။

"ရှင့်ကိုဆွဲမထည့်ခဲ့ရင် သူ ကျွန်မကို သတ်ပစ်မှာ သေချာတယ် သေမှာသေချာနေတဲ့အတူတူ နည်းနည်းပါးပါးလောက်တော့ ကျွန်မ စမ်းကြည့်သင့်တာပေါ့ရှင့်"

လူ့ပျံတော်မိန်းကလေး၏ ပါးစပ်မှ ဤသို့ကျိုးကြောင်းဆီလျော်သည့်အဖြေမျိုး ထွက်လာမည်ဟု ထင်မထား၍ စုချန်း နည်းနည်းတော့ အံ့သြသွား၏။ သူမ၏ စကားမှာ အမှန်ပင်။ စုချန်း မရယ်မောပဲ မနေနိုင်တော့။

"ဟုတ်သားပဲ မင်းဖြေတာမှန်တယ် တကယ်တော့ ကျုပ်ကသာ မှားသွားတာ"

ဤအကြောင်းပြချက်ကို စုချန်းသဘောတူလိမ့်မည်ဟု ထင်မထား၍ သူမလည်း အလားတူပင် အံ့သြသွား၏။

စုချန်း နောက်ဆုံးတော့ ခေါင်းမော့လာ၏။ ခေါင်းစွပ်၏ အောက်ရှိ စုချန်း၏မျက်နှာပေါ်တွင် နောက်ထပ် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည်ကို မြင်လိုက်ရ၍ လူပျံတော်မိန်းကလေး အံ့သြသွားသည်။ ယခုထိ ထူးဆန်းသောပုဂ္ဂိုလ်၏ မျက်နှာအမှန်ကို သူမ မမြင်ရသေးချေတကား။

သို့သော် လူပျံတော်မိန်းကလေးက အောက်ပါအတိုင်း ပြန်ပြောလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရန်ပွဲထဲ ရှင့်ကိုဆွဲထည့်မိတာ ကျွန်မပဲလေ ဒီတော့ ရှင် ကျွန်မကို ကြိုက်တာသာလုပ်လိုက်တော့"

သူမ၏စကားကြောင့် စုချန်း တွေဝေသွား၏။ ပြီးမှ သူက ပြောလိုက်လေသည်။

"ကျုပ်ကို ဘလိုင်းကြီး ဒုက္ခရောက်အောင်လုပ်တဲ့အတွက် မင်းဟာ အကျင့်မကောင်းဘူးလို့ ကျုပ်က မြင်ထားတာ ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ် ကိုယ့်အသက်ကို ကာကွယ်ဖို့ ဘယ်သူမဆို အတတ်နိုင်ဆုံး ကြိုးစားကြမှာပဲလေ ဒါကြောင့် မင်းလုပ်ရပ်တွေကို ကျုပ် အပြစ်မတင်တော့ဘူး"

ထိုစကားကြောင့် လူပျံတော်မိန်းကလေး ဝမ်းသာအားရ ဖြစ်သွား၏။

"ဒါဆို ရှင် ကျွန်မကို ခွင့်လွှတ်တယ်ပေါ့ ဟုတ်လား"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ကျုပ်ကို ဒုက္ခပေးတာက ခွင့်လွှတ်ပေးလို့ရတယ် ဒါပေမဲ့ မင်းအသက်ကိုလည်း ကျုပ်က ကယ်ခဲ့သေးတယ်လေ ဒါကြောင့် မင်းအသက်ကို ကျုပ် ပိုင်သွားပြီ"

"ဘာရှင့်"

မိန်းကလေး အံ့အားသင့်သွား၏။

ဒီလို ဆိုးဆိုးရွားရွား ဥပဒေမျိုး ရှိကောရှိလို့လား... သူက ငါ့အသက်ကို ကယ်ခဲ့တာနဲ့ ငါက သူ့ပိုင်ဆိုင်မှု ဖြစ်သွားပြီဆိုပါလား...

ထိုအချိန်မှာပင် စုချန်းက အမိန့်သံပါပါနှင့် ပြောလိုက်သည်။

"မင်းနာမည် ပြောပြစမ်း"

"ကျွန်မ..."

မိန်းကလေး ခေတ္တမျှ တွန့်ဆုတ်သွား၏။ ပြီးမှ သူမက ယဉ်ယဥ်ကျေးကျေးပင် ပြန်ဖြေလိုက်၏။

"ကျွန်မနာမည် နုပျိုပြည့်လျံ လို့ခေါ်ပါတယ် (လူပျံတော်နာမည်တွေက အတော်ကိုစားပါတယ်)

ထို့နောက် သူမက ပြန်မေးလိုက်ပြန်သည်။

"ရှင်ကရော"

"မင်းအနေနဲ့ ကျုပ်ကို သခင်မိုးပြာရောင်မျက်နှာဖုံးလို့ ခေါ်နိုင်တယ်"

ဤတကြိမ်တွင်တော့ စုချန်းက ဟဲယွန်လေစီးကြောင်း၏ အမည်ကို မသုံးပဲ တခြားအမည်လွှဲတခုကို ပြောလိုက်၏။

ဟဲယွန်လေစီးကြောင်း၏နာမည်ကို ဆက်သုံးနေလျင် နောက်ကြောမလုံမသောကြောင့် သူ အစားထိုးနာမည်တခုကို သုံးထားလိုက်ခြင်းပင်။ လက်ရှိအချိန်တွင် စုချန်းအတွက် အားသာချက်ဟူ၍ ကျောပေါ်မှ တောင်ပံတစ်စုံရှိသော်ငြား သူ ဖုံးကွယ်ထားခြင်းကို ရိပ်မိသွားနိုင်မည့် တခြားအခြေအနေအကြောင်းတရားများ များစွာ ရှိနေသေး၏။ ထို့ကြောင့် စုချန်းက မျက်နှာဖုံးစွပ်ပြီး နာမည်တုအသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ဟဲယွန်လေစီးကြောင်းအပေါ်တွင် ဖြစ်ပျက်ခဲ့သည့် တကယ့် အဖြစ်အပျက်များနှင့်လည်း ကိုက်ညီနေ၏။ ဂုဏ်သိက္ခာမထိခိုက်အောင် အတိတ်ကို ဖုံးကွယ်ထားရန် ကြိုးစားခြင်းမှာ သဘာဝကျနေသည် မဟုတ်ပါလား။

ဤနည်းအားဖြင့် သူသည် လိုအပ်သောအခါ ဟဲယွန်လေစီးကြောင်း၏ ဘွဲ့နာမည်ကို သုံးနိုင်ပြီး မလိုအပ်သောအခါမျိုးတွင် ရှောင်ရှားနိုင်၏။

"သခင် ဟုတ်လား"

စုချန်း၏ စကားကြောင့် နုပျိုပြည့်လျံ အတော်လေး မကျေမနပ်ဖြစ်သွား၏။

"ဘယ်သူက ရှင့်ကို သခင်အဖြစ် သတ်မှတ်မယ်လို့ ပြောနေလို့လဲ"

"အဲ့ဒါ မင်းဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူး"

ပြောပြောဆိုဆို စုချန်းက နုပျိုပြည့်လျံကို လှည်းအိမ်အပြင်သို့ တွန်းထုတ်ရင်း ပြောလိုက်သည်။

"ဒီနေ့ကစပြီး မင်းဟာ ကျုပ်အတွက် လှည်းမောင်းရမယ် လက်ဖက်ရည် ပြင်ပေးရမယ် ရေချိုးဖို့ ပြင်ဆင်ပေးရမယ် ဒီကိစ္စတွေအားလုံး မင်းရဲ့တာဝန်ပဲ"

"ကျွန်မ မလုပ်နိုင်..."

သူမစကားမဆုံးမီမှာပင် စုချန်းက သူမကို လက်ညိုးနှင့်လှမ်းထိုးလိုက်၏။ စုချန်း၏ လက်ညိုးကြောင့် သူမ၏ ကိုယ်ခန္ဓာအတွင်း ထူးဆန်းသော စွမ်းအင်တစ်ခု ဝင်ရောက်လာသည်ကို နုပျိုပြည့်လျံ ခံစားလိုက်ရ၏။ တချိန်တည်းမှာပင် ကိုယ်အတွင်းပိုင်းဆီမှ အေးစက်မှုတခုက သူမတကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ သူမ ထိန်းချုပ်ခံလိုက်ရပြီမှန်း နုပျိုပြည့်လျံ ချက်ချင်းသဘောပေါက်လိုက်၏။

အခြေအနေကို သဘောပေါက်လိုက်သည်နှင့် နုပျိုပြည့်လျံတယောက် စိတ်ပျက်လက်ပျက်နှင့် ပုံလျက်သားထိုင်ကျသွားတော့၏။

"သွားပြီ အားလုံးပြီးသွားပြီ ကံကြမ္မာလက်ချောင်းများက ကျွန်မတို့မျိုးနွယ်စုကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာ ကျွန်မအနေနဲ့ မျိုးနွယ်စုကို အသိပေးဖို့ လိုအပ်နေသေးတယ်ရှင့်"

"ဟေ"

ထိုနာမည်ကို ကြားလိုက်သည်နှင့် စုချန်း ရုတ်တရက် ခေါင်းထောင်လာ၏။

ကံကြမ္မာလက်ချောင်းများလို့ မင်းပြောလိုက်တာလား"

"ဟုတ်တယ်"

ထို့နောက် သူမက စုချန်း၏ ခြေသလုံးကိုဖက်ရင်း အောက်ပါအတိုင်း တောင်းပန်လိုက်တော့သည်။

"ကျွန်မ တောင်းပန်ပါတယ်ရှင် ကျွန်မကို ပြန်ခွင့်ပြုပါ ကျေးဇူးပြုပြီး သူတို့ကို အသိပေးပါရစေ တော်ကြာ သူတို့အကုန်လုံး သေကုန်ကြတော့မယ်"

စုချန်း နှုတ်ဆိတ်သွား၏။ ကံကြမ္မာလက်ချောင်းများအကြောင်းကို သူ ကောင်းကောင်းသိထား၏။ ထိုသို့ သိထားသည်မှာလည်း မဆန်းချေ။ အကြောင်းမှာ ၎င်းတို့သည် ရှင်သန်ခြင်းကျောင်းတော်၊ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်တို့ကဲ့သို့ အာကင်နာအကြွင်းအကျန် အဖွဲ့အစည်းတခု ဖြစ်နေသောကြောင့်ပင်။ ရှင်သန်ခြင်းကျောင်းတော်ကဲ့သို့ပင် ကံကြမ္မာလက်ချောင်းများကိုလည်း လူပျံတော်များအကြားတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြ၏။ သူတို့လုပ်သမျှအရာအားလုံးမှာလည်း ဒုစရိုက်လုပ်ငန်းများသာ ဖြစ်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် အာကင်နာအကြွင်းအကျန်အဖွဲ့အစည်းများနှင့်ပတ်သက်လျင် လူသားများ ခံစားရသမျှကို လူပျံတော်များလည်း ထပ်တူခံစားကြရသည်မှာ အမှန်ပင်။

နုပျိုပြည့်လျံ၏ စကားကိုကြားသောအခါ စုချန်း အချိန်အတော်ကြာအောင် တွေးတောနေမိ၏။ ရန်သူ၏ရန်သူက မိတ်ဆွေဟူသောစကားရှိပေသည်။ ရှင်သန်ခြင်းကျောင်းတော်နှင့် သူ၏ ဆက်ဆံရေးအရ ကံကြမ္မာလက်ချောင်းများနှင့်လည်း ပြေလည်သောဆက်ဆံရေးတရပ်ထူထောင်ရန် စုချန်းတွင် အခွင့်အရေးရှိနေ၏။

သို့သော် နောက်ဆုံးတွင် စုချန်းက ထိုအကြံကို လက်လျော့လိုက်လေသည်။

သူ့အနေနှင့် လက်ရှိတွင် ကြီးမားသောစစ်ဆင်ရေးတရပ်ကို ဆင်နွှဲနေခြင်း ဖြစ်သည်။ ဤအခြေအနေမျိုးတွင် အသေးအဖွဲ ကိစ္စရပ်များကို အာရုံစိုက်ရန် သူ့တွင် အချိန်မရှိ။

အပြန်အလှန်သုံးသပ်ပြီး ဤကိစ္စတွင် ကြားဝင်စွက်ဖက်ခြင်းမပြုရန် စုချန်း ဆုံးဖြတ်လိုက်၏။ စုချန်း၏ မျက်နှာပေးကိုကြည့်ပြီး နုပျိုပြည့်လျံ မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ သို့သော် စုချန်းက ခပ်တည်တည်နှင့် အောက်ပါအတိုင်း အမိန့်ပေးလိုက်၏။

"ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး လှည်းကို ဆက်မောင်းပါ"

နုပျိုပြည့်လျံ အလွန်စိတ်ဆိုးလာ၏။ သို့သော် စုချန်းက သူမကို လုံးဝဂရုမစိုက်ပဲ လှည်းကို စမောင်းရန် အမူအရာ ပြနေသည်။ သူမ မည်သို့ပင် တောင်းပန်စေကာမူ အချည်းနှီးပင်။

ဒီလူက နှလုံးသားမရှိပါလား...

နုပျိုပြည့်လျံ အထက်ပါအတိုင်း ဒေါသတကြီး တွေးမိနေ၏။ သို့သော် သူမ ဘာမှမတတ်နိုင်ချေ။ တဖန် ခေတ္တစဥ်းစားပြီး သူမက ပြောလိုက်ပြန်သည်။

"ကံကြမ္မာလက်ချောင်းများက ကျွန်မမျိုးနွယ်စုကို တိုက်ခိုက်တော့မယ် ဒါကို ရှင် ဂရုမစိုက်ဘူးပေါ့ ဟုတ်လား"

"ဒီကောင်တွေက မင်းမျိုးနွယ်စုရဲ့ ချမ်းသာမှုကို စိတ်ဝင်စားတာ ဒါပေမဲ့ အဲဒါကို ကျုပ်က စိတ်မဝင်စားဘူးလေ"

အထက်ပါအတိုင်းပြောရင်း သူ လှည်းထဲသို့ ပြန်ဝင်ကာ လူပျံတော်အာကင်နာနည်းစနစ်စာအုပ်ကိုဖွင့်ရင်း စိတ်ဝင်တစားနှင့် ဖတ်ရှုနေလေသည်။

နုပျိုပြည့်လျံ စုချန်း၏ လေသံကြောင့် စိတ်ပျက်သွားသော်ငြား သူကိုင်ထားသည့် စာအုပ်ကို မြင်သောအခါ တစုံတခုကို သတိရလာ၏။ ထို့နောက် သူမ ထအော်လိုက်လေသည်။

"ဒါဆို ကျောက်စိမ်းမြူရဲ့ရတနာတွေကိုရော ရှင် စိတ်မဝင်စားဘူးလား"

"ဟေ"

စုချန်း ခေါင်းမော့ရင်း နုပျိုပြည့်လျံကို လှမ်းကြည့်လိုက်၏။

***

All Chapters