← Chapters

ပုန်းကွယ်နေသောရတနာများ

Vol. 83 Ch. 827

ပုန်းကွယ်နေသောရတနာများ

Vol. 83 Ch. 827

“မင်းဆိုလိုတာ ဒဏ္ဍာရီလာလူပျံတော်အာကင်နာပညာရှင် ကျောက်စိမ်းမြူရဲ့ ရတနာတွေကို ပြောနေတာလား”

စုချန်းက မေးလိုက်၏။

“သူမဟုတ်ရင် တခြားဘယ်သူရှိအုံးမှာလဲရှင့်"

နုပျိုပြည့်လျံက ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။

ဒသမမြောက်လက်စွပ်အဆင့်ဟူသည် အာကင်နာပညာရှင်များအတွက် ရောက်ရှိနိုင်သည့် အမြင့်မားဆုံးအဆင့် မဟုတ်ချေ။ အရည်အချင်းရှိသူများသည် ပိုမိုမြင့်မားသည့် အဆင့်များသို့ တက်လှမ်းနိုင်ပြီး ဒဏ္ဍာရီလာ အာကင်နာပညာရှင်များအဆင့်သို့ တက်လှမ်းသွားနိုင်ကြကုန်၏။

အာကင်နာနိုင်ငံတော်ကြီး အထွတ်အထိပ်ကာလတုန်းက ဒဏ္ဍာရီလာအာကင်နာပညာရှင် အမြောက်အများပင် ရှိခဲ့ဖူး၏။ ပိတ်လော့ခ်သည်လည်း ထိုကဲ့သို့ပင် အထူးပြုလုပ်ငန်းတစ်ခုကို ကျွမ်းကျင်သည့် ဒဏ္ဍာရီလာအာကင်နာပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးပေသည်။

သို့သော် လူပျံတော်များမူကား အာကင်နာနိုင်ငံတော်ကြီး ခေတ်ကောင်းစဥ်က ရရှိခဲ့ဖူးသည့် အောင်မြင်မှုမျိုးကို ဘယ်သောအခါမှ ပြန်လည်ဆွတ်ခူးနိုင်ခြင်းမရှိတော့ချေ။ အခြားတစ်ဖက်တွင်မူ လူပျံတော်များသည် ကျန်အရည်အချင်းများစွာ ပိုင်ဆိုင်ထားသောကြောင့် လူပျံတော်ဒဏ္ဍာရီလာ အာကင်နာပညာရှင်များသည် မူလဒဏ္ဍာရီလာအာကင်းနစ်အာကင်နာပညာရှင်များထက် ပိုမိုအစွမ်းထက်ကြသည်ဟု လူပျံတော်များက ဆိုကြ၏။ လူပျံတော်များအနေနှင့် ကြွားဝါပြောဆိုခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့၏ပြောဆိုချက် မှန်ကန်ခြင်းရှိမရှိကိုမူ စစ်ဆေးရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ အာကင်းနစ်များ မူလကမ္ဘာကြီးကို လွှမ်းမိုးထားစဥ်က လူပျံတော်များတွင် ဒသမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်တစ်ဦးပင် မရှိသေးသောကြောင့်ပင်။ ထို့ကြောင့် ဒဏ္ဍာရီလာအာကင်နာပညာရှင် တစ်ဦးဆိုလျှင် ပို၍ပင် ဝေးနေသေး၏။

မည်သို့ဆိုစေ ဒဏ္ဍာရီလာဟူသည်မှာ ဒဏ္ဍာရီလာပင် ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်သို့ ရောက်ရှိနိုင်သည့် မည်သည့် လူပျံတော်ကိုဆို ၎င်းတို့မျိုးနွယ်စု၏ ထိပ်ဆုံးတွင် ရှိနေသူများဟု ဆိုနိုင်သည်။ ထိုမျှသာမကသေး ဒဏ္ဍာရီလာ လူပျံတော်အာကင်နာပညာရှင်များသည် လူသားအနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများ၊ မူလသားရဲသွေးဗီဇပိုင်ရှင်များနှင့် တန်းတူအဆင့်ရှိသည်ဟု အားလုံးက သတ်မှတ်ထားကြ၏။

သို့သော် လူပျံတော်များတွင် အားနည်းချက်တခုရှိနေ၏။ ၎င်းမှာ မူလသားရဲသွေးဗီဇပိုင်ရှင်ဖြစ်လာရန် ကုမျိုးနွယ်စုသည် ၎င်းတို့၏ သွေးသားကိုသာ ဆက်ခံရန် လိုအပ်သော်လည်း ဒဏ္ဍာရီလာအာကင်နာပညာရှင်များအဖို့ကတော့ နှစ်ပေါင်းများစွာ ခက်ခဲစွာ ကျင့်ကြံအားထုတ်ပြီးမှသာ ပေါက်မြောက်အောင်မြင်နိုင်သောကြောင့် အရေအတွက်အားဖြင့် များစွာ နည်းပါးလှ၏။ ထို့ကြောင့် လူပျံတော်များသည် လူသားများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။ ကောင်းကင်မြို့တော်နှင့် အခြားသော ကောင်းကင်ခံတပ်များသာ မရှိပါက လူပျံတော်မျိုးစိတ်သည် ရှေးယခင်ကတည်းက တိမ်မြုပ်ပျောက်ကွယ်သွားဖွယ်ရာ ရှိနေ၏။

ကျောက်စိမ်းမြူသည် လူပျံတော်များအနက် အတော်လေး ထင်ရှားသော ဒဏ္ဍာရီလာအာကင်နာပညာရှင်တဦး ဖြစ်သည်။ အတိတ်ကာလက သူသည်အံ့သြဖွယ်ရာအောင်မြင်မှုများစွာကို စွမ်းဆောင်နိုင်ခဲ့ပြီး ခရီးသွားလာခြင်းကို အထူးနှစ်သက်၏။ ထိုအချက်ကြောင့် ရှားပါးရတနာများစွာကို စုဆောင်းသိမ်းဆည်းထားနိုင်ခဲ့ပုံရသည်။ နောက်ဆုံးတော့ သူသည် ခရီးစဉ်တစ်ခုတွင် ပျောက်ကွယ်သွားခဲ့၏။

သူ ဘယ်ရောက်သွားမှန်း မည်သူတဦးတလေမျှ မသိရှိကြပေ။

သို့သော် ယခုတော့ နုပျိုပြည့်လျံဟူသော လူပျံတော်မိန်းကလေးက ကျောက်စိမ်းမြူ၏ ရတနာများနှင့် ပတ်သက်သည့် အချက်အလက်များ ရှိနေကြောင်း ထုတ်ပြောလာသည်ဆိုပါကလား။

တကယ်တော့ စုချန်းကိုယ်တိုင်က ရတနာများကို သိပ်စိတ်မဝင်စားလှတော့။ သက်တမ်းတလျှောက်တွင် သူသည် ထူးခြားဆန်းကြယ်သည့် ရတနာမျိုးစုံကို မြင်တွေ့ခဲ့ဖူးပြီးလေပြီ။ ထို့ကြောင့် သူ့စံနှုန်းသည် သာမာန်ရတနာမုဆိုးများထက် များစွာ မြင့်မားနေ၏။

သို့သော် ကျောက်စိမ်းမြူဟူသည်ကား သာမာန်မဟုတ်။ တကယ်အရည်အချင်းရှိသော ပညာရှင်တစ်ဦးဖြစ်မှန်း စုချန်း သိရှိထား၏။ ထို့ကြောင့် သူ၏ ရတနာသိုက်ထဲတွင် အသိပညာဗဟုသုတအမြောက်အမြား ပါဝင်နေမည်ဟူသည်က ယုတ္တိတန်နေ၏။ စုချန်းအဖို့ကတော့ အသ်ိပညာဗဟုသုတ ရှိနေသရွေ့ အဆင်ပြေပေသည်။

စုချန်း စိတ်ဝင်စားသွားလေပြီတည်း။

“ကဲ ဆက်ပြောစမ်းပါဦး”

သူက ပြောလိုက်၏။

ဒီတခါတော့ ရှင် စိတ်ဝင်စားသွားပြီမလား...

အထက်ပါအတိုင်း သူမ တွေးရင်း နုပျိုပြည့်လျံက အောက်ပါဇာတ်လမ်းကို စုချန်းအား ပြောပြလိုက်လေသည်။

နုပျိုပြည့်လျံသည် နဂါးတောင်မြို့တော်မှ လာခြင်းဖြစ်သည်။ ထိုမြို့လေးတွင် လေမျိုးဆုံရာဟုခေါ်သော လူပျံတော်မျိုးနွယ်စုငယ် တစ်စုရှိ၏။ နုပျိုပြည့်လျံကား ထိုမျိုးနွယ်စုမှ ဖြစ်လေသည်။

ကျောက်စိမ်းမြူ၏ ရတနာသိုက်နှင့် ပတ်သက်လျင်ကား ၎င်းမှာ အတော်လေးရှုပ်ထွေးသော ဇာတ်လမ်းဟု ဆိုနိုင်၏။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က မျိုးနွယ်စုငယ်တစ်စုသည် မမျှော်လင့်ပဲ ထူးဆန်းသော သလင်းတုံးတစ်ခုကို ရရှိခဲ့၏။ ထိုသလင်းတုံးထဲတွင်တော့ ဒဏ်ရာရနေသော ဝိညာဉ်တစ်ကောင် ပိတ်မိနေခဲ့လေသည်။

အနှီဒဏ်ရာရနေသော ဝိညာဉ်သည် ထိုသလင်းတုံးအတွင်းတွင် အချိန်အတော်ကြာ အိပ်စက်နေခဲ့ရာမှ တစ်နေ့တွင် ရုတ်တရက် နိုးထလာပြီး ၎င်းသည် ကျောက်စိမ်းမြူ၏ ဝိညာဉ်အပိုင်းအစတစ်ခုဖြစ်ကြောင်း၊ လျှို့ဝှက်နယ်မြေတစ်ခုသို့ ခရီးသွားနေစဉ် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရပြီးဒဏ်ရာရရှိခဲ့၍ ဤလျှို့ဝှက်ဆန်းကြယ်သော သလင်းတုံးအတွင်းတွင် အိပ်စက်ခြင်းဖြင့်သာ အသက်ရှင်နိုင်ကြောင်း ပြောဆိုလာ၏။

၎င်း၏ရုပ်အလောင်းကို ရှာဖွေရာတွင် ကူညီပေးပါက ၎င်းကိုယ်တိုင် အသက်ပြန်ဝင်လာသည့်အခါ ၎င်း၏ရတနာများအားလုံးကို ထိုမျိုးနွယ်စုအား ပေးအပ်မည်ဟု ၎င်းက ထပ်မံကတိပြုလာပြန်သည်။ အဆိုပါ မျိုးနွယ်စုလည်း လွန်စွာပျော်ရွှင်သွားပြီး ထိုဝိညာဥ် ပြောပြခဲ့သည့် ရတနာများကို ချက်ချင်းပင် လိုက်လံရှာဖွေတော့သည်။

"မမျှော်လင့်ပဲ ရုတ်တရက် ကံကောင်းလာတယ်ဆိုတာ နားထောင်လို့တော့ ကောင်းတယ် ဒါပေမဲ့ လက်တွေ့မှာတော့ ထင်သလိုဟုတ်ချင်မှဟုတ်လိမ့်မယ်"

ထိုနေရာအရောက်တွင် စုချန်းက အေးစက်စက်လေသံနှင့် မှတ်ချက်ပြုလိုက်၏။

နုပျိုပြည့်လျံက ချီးကျူးလိုက်၏။

“သခင်ကျောက်စိမ်းမျက်နှာဖုံးပြောတာ အမှန်ပဲ တကယ်တော့ ဒဏ်ရာရနေတဲ့ ဝိညာဥ်က သူတို့ကို လိမ်နေခဲ့တာ"

“ဘာမှအံ့သြစရာမရှိပါဘူးကွာ"

ပိတ်လော့ခ်သည်လည်း တခြားတစ်ဦး၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဖူးသည်မဟုတ်ပါလား။ သို့သော် အထက်တွင်ဖော်ပြခဲ့သည့် ဒဏ်ရာရနေသောဝိညာဥ်ကတော့ တခြားတစုံတဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် မျှော်လင့်ချက်မရှိပေ။ သို့သော် သူ့တွင် ပြန်လည်ဝင်စားခြင်းနည်းလမ်းမှတဆင့် ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေးတော့ ရှိနေသေး၏။

တကယ်တော့ ထိုနည်းလမ်းမှာ ဝိညာဥ်မျိုးစိတ်များ၏ အထူးကျွမ်းကျင်မှုတစ်ခုဟု ဆိုနိုင်ပေသည်။ အနှီဒဏ်ရာရနေသော ဝိညာဉ်သည်လည်း အမှန်တကယ်တွင် ဝိညာဥ်မျိုးစိတ်ဝင်တစ်ဦးပင် ဖြစ်နေ၏။ ကံဆိုးသည်မှာ လူပျံတော်မျိုးနွယ်စုသည် ထိုအကြောင်းကို လားလားမျှ မရိပ်စားမိကြချေ။ ဒဏ်ရာရနေသော ဝိညာဉ်၏ ညွှန်ကြားချက်အတိုင်း လျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူတို့ တွေ့ရှိသွားခဲ့၏။ နယ်မြေအတွင်းရှိ ယန္တရားတစ်ခုကို မထင်မှတ်ပဲ အသက်သွင်းမိခဲ့ရာမှ ၎င်းတို့အားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရတော့သည်။ ထို့နောက် ဒဏ်ရာရနေသော ဝိညာဉ်သည် ထိုထောင်ချောက်ကို အသုံးပြု၍ ဝိညာဥ်ပူဇော်မှု ပြုလုပ်ကာ ပြန်လည်ဝင်စားခြင်း ထုံးတမ်းစဉ်လာကို ပြီးမြောက်စေခဲ့၏။

သို့သော် ကံဆိုးသွားသည်မှာ ဝိညာဥ်ပူဇော်မှု၏စွမ်းအားကား ထိုဝိညာဉ်ဆီသို့ မရောက်ရှိခဲ့ချေ။ ထိုအစား စွမ်းအားအားလုံးကို လျှို့ဝှက်နယ်မြေကသာ စုပ်ယူထားလိုက်လေသည်။

တကယ်တော့ ဤနယ်မြေကို အနှီဝိညာဥ်မျိုးစိတ် အသက်ရှင်နေစဉ်ကပင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူ သေရတော့မည်ဟု သိရသောအချိန်တွင် ၎င်းသည် အောင်အောင်မြင်မြင်ပြန်လည်ဝင်စားနိုင်ရန်အတွက် လုံခြုံရေးစနစ်အမျိုးမျိုးကို တည်ဆောက်ထားခဲ့သေး၏။ သို့သော် အဆိုပါကြိုတင်ပြင်ဆင်မှုအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။ သူ၏ ပြန်လည်ဝင်စားခြင်းမှာ မအောင်မြင်ခဲ့ပဲ ပြာများအဖြစ် လွင့်မြောပျောက်ကွယ်သွားရရှာသည်။

အထက်ပါအတိုင်း ကသောင်းကနင်းနိုင်သော အခြေအနေမျိုးမှာပင် ထိုမျိုးနွယ်စုမှ ကံကောင်းသူတစ်ဦးကတော့ အသက်ရှင်ကျန်ရစ်ခဲ့၏။ ၎င်းသည်လျှို့ဝှက်နယ်မြေ၏ အကြမ်းဖျင်းတည်နေရာကို မှတ်သားထားနိုင်ခဲ့လေသည်။ ဝိညာဥ်မျိုးစိတ်ဝင် ပြောခဲ့သည့်အတိုင်း ပျက်စီးနေသောလျှို့ဝှက်နယ်မြေတွင် ကျောက်စိမ်းမြူ၏ ရတနာများ အမှန်တကယ် တည်ရှိနေ၏။ ဝိညာဥ်မျိုးစိတ်ဝင်သည် ထိုနေရာကို စူးစမ်းရှာဖွေနေစဉ် သေဆုံးခဲ့ခြင်းပင် ဖြစ်လေသည်။

လျှို့ဝှက်နယ်မြေမှ အောင်မြင်စွာ ထွက်လာပြီးနောက် အသက်ရှင်ကျန်ရစ်သူလူပျံတော်သည် မည်သူ့ကိုမျှ မယုံကြည်တော့ပဲ ဒဏ်ရာများကို လျို့ဝှက်ကုသရင်း သူ့အင်အားများ ပြန်လည်ပြည့်ဝလာမည့်အချိန်ကို တိတ်တဆိတ် စောင့်စားနေခဲ့လေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့မျှော်လင့်ချက်များမှာ ပျက်ယွင်းသည်ထက် ပျက်ယွင်းလာတော့သည်။ လျှို့ဝှက်နယ်မြေမှ ရရှိလာသောဒဏ်ရာများမှာ အလွန်ပင် ဆိုးရွားလှပေရာ သူ့အဖို့မှာ အင်အားပြန်လည်ပြည့်ဖြိုးလာရမည့်အစား တနေ့တခြား အားယုတ်သည်ထက်သာ ယုတ်လာ၏။

ထိုအခြေအနေမှာ သူ့ကို အလွန်အမင်း စိတ်ပျက်အားငယ်စေသည်မှာ အမှန်ပင်။

နောက်ဆုံးတော့ သူသည် လျှို့ဝှက်နယ်မြေအကြောင်းကို တခြားသူများအား ဖွင့်ပြောလိုက်ရတော့သည်။ သူ့ရည်ရွယ်ချက်မှာကား တခြားလူပျံတော်များ၏ အကူအညီကို ရယူပြီး သူ့စွမ်းအားများ ပြန်လည်ရရှိစေရန် မျှော်လင့်နေခြင်းပင်။ သို့သော် သူ့ရည်ရွယ်ချက်မှာ မဖြစ်မြောက်ခဲ့ပဲ အကြိမ်တိုင်းလိုလိုသာ အလိမ်ခံခဲ့ရလေသည်။ ကံကောင်းသည်မှာ သူ့မှာ အရန်အစီအစဥ်များ ရှိနေခြင်းပင်။

နောက်ဆုံးတစ်ကြိမ် လွတ်မြောက်ပြီးနောက်တွင်တော့ သူသည် နဂါးတောင်မြို့တော်အနီးတွင် သတိလစ်သွားခဲ့၏။ သူ့ကို လေမျိုးဆုံရာမျိုးနွယ်စုက ကယ်ဆယ်ခဲ့လေသည်။

သို့သော် ဤတကြိမ်တွင်တော့ သူ သင်ခန်းစာကောင်းကောင်းရသွားခဲ့လေပြီ။ သူသည် လျှို့ဝှက်နယ်မြေအကြောင်း တစ်ခွန်းမျှ မပြောပဲ တိတ်ဆိတ်သော အစေခံတစ်ဦးအဖြစ် နေထိုင်ရန် ရွေးချယ်ခဲ့လိုက်၏။ ဤသို့နှင့် နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ကျန်းမာရေးမှာ တစထက်တစ ကျဆင်းလာတော့သည်။ သေလုမြောပါးအချိန်တွင်တော့ သူသည် လျှို့ဝှက်နယ်မြေအကြောင်းကို ဖွင့်ပြောပြီး မြေပုံကို လေမျိုးဆုံရာမျိုးနွယ်စုလက်ထဲ ထည့်ပေးခဲ့၏။ ဤနည်းအားဖြင့် မြေပုံက လေမျိုးဆုံရာမျိုးနွယ်စုလက်ထဲသို့ ရောက်ရှိလာခဲ့ခြင်းပင်။

"ဒါဆို ကံကြမ္မာလက်ချောင်းများက လျှို့ဝှက်နယ်မြေအကြောင်း ဘယ်လိုသိသွားတာလဲ”

စုချန်းက မေးလိုက်၏။

"အဲဒါက အသက်ရှင်ကျန်ရစ်သူရဲ့ အရင်လုပ်ရပ်နဲ့ဆိုင်တယ်ရှင့် သူ့လက်ချက်ကြောင့် လျှို့ဝှက်နယ်မြေအကြောင်း အတော်များများ သိကုန်ကြတယ် ဒါကြောင့် ကံကြမ္မာလက်ချောင်းများက ကျွန်မတို့မသိခင်ကတည်းက ဒီလျှို့ဝှက်နယ်မြေအကြောင်း သိနေပြီလို့ဆိုရမယ် ပြောရမယ်ဆိုရင်ရှင် မြေပုံမရှိပေမဲ့ အဲဒီနယ်မြေထဲဝင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတချို့ရှိနေတယ်ဆိုတာ သူတို့သိထားတယ် အဲဒီပစ္စည်းတွေထဲမှာ ရေခဲမီးလျံမြက်ပင်ဆိုတဲ့ အပင်တစ်မျိုးလည်း ပါတယ် ဒါကြောင့် ကံကြမ္မာလက်ချောင်းများက ရေခဲမီးလျံမြက်ပင်ရောင်းချတာတွေကို လျှို့ဝှက်စောင့်ကြည့်ပြီး မြေပုံလက်ဝယ်ရှိတဲ့ လူပျံတော်တွေက်ို တိတ်တဆိတ်ရှာဖွေနေတာပေါ့ရှင် ကျွန်မကိုယ်တိုင်လည်း ရေခဲမီးလျံမြက်ပင်ခူးဖို့ ဒီကိုလာတာ မမျှော်လင့်ပဲ သူတို့နဲ့သွားတွေ့တယ် ကံကောင်းလို့သာပေါ့ ဒါပေမဲ့ သူတို့ ကျွန်မကို လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ သေချာတယ် ပြီးတော့ သူတို့ ကျွန်မမျိုးနွယ်စုကိုလည်း လွှတ်ပေးမှာမဟုတ်ဘူး ဒါကြောင့်မို့ သခင် ကူညီပါဦးရှင် လျှို့ဝှက်နယ်မြေမှာ တွေ့သမျှ ဘာမဆို သခင်နဲ့ ခွဲဝေယူဖို့ မျိုးနွယ်စုကို တောင်းဆိုပါ့မယ်”

နုပျိုပြည့်လျံက အသည်းအသန် တောင်းပန်လိုက်၏။

“လက်စသတ်တော့ ဒီလိုကိုး"

စုချန်း နားလည်သွားလေပြီ။

သူ ခေါင်းငုံ့ရင်း ခေတ္တစဥ်းစားနေ၏။ ထို့နောက် သူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း ဒီတစ်ခါ မင်းကို ကျုပ် ကူညီပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်ရှင်”

နုပျိုပြည့်လျံ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။ သို့သော် စုချန်းက သူမကို လှည်းပေါ်သို့ ပြန်တွန်းတင်လိုက်ပြီး ခပ်တည်တည်နှင့် ပြောလိုက်သည်။

“မင်းသွားလို့ရပြီလို့ ကျုပ်မပြောသေးပါလား"

“ဒါပေမဲ့…”

“မင်းကို ကူညီမယ်လို့ပဲ ကျုပ်ပြောတာ မင်းသွားလို့ရပြီလို့ မပြောဘူး ဒါ့အပြင် မင်းမျိုးနွယ်စုကို အကြောင်းကြားလိုက်ရင်တောင် ဘာများထူးသွားမှာမို့လို့လဲ နဂါးမြို့တော်ကနေ ထွက်ပြေးမလို့လား ထွက်ပြေးရင်တောင် ကံကြမ္မာလက်ချောင်းများက ထပ်ချပ်မကွာ လိုက်လာမှာပဲလေ မင်းတို့မျိုးနွယ်စုမှာ မြေပုံရှိနေသရွေ့ ကံကြမ္မာလက်ချောင်းများကတော့ မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"

“ဒါဆို ကျွန်မက ဘာလုပ်ရမှာလဲ”

နုပျိုပြည့်လျံတယောက် စုချန်း၏ စကားကြောင့် အတော်လေး တုန်လှုပ်သွား၏။

စုချန်း ကောက်ကျစ်စဥ်းလဲစွာ ပြုံးလိုက်သည်။

“လွယ်ပါတယ် မြေပုံကို ကျုပ်တို့ယူလိုက်တာနဲ့ ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူး ကဲ နဂါးမြို့တော်ကို သွားကြစို့”

ဘာ!!!!!

နုပျိုပြည့်လျံ မျက်လုံးပြူးသွား၏။ ကြည့်ရသည်မှာ စုချန်းသည် ကျောက်စိမ်းမြူ၏ လျှို့ဝှက်ရတနာမြေပုံကို သူကိုယ်တိုင် ယူရန် စီစဉ်နေပုံရသည်။

“လူယုတ်မာ ရှက်စရာကောင်းလိုက်တာ ရှင် မရှက်ဘူးလား"

သူမ ဒေါသတကြီး အော်ဟစ်ကျိန်ဆဲတော့၏။

“ရန်သူတွေရဲ့ ကျိန်ဆဲသံဟာ ကျုပ်အတွက်တော့ ဂုဏ်ယူစရာပဲ”

စုချန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သူသည် လူပျံတော်မဟုတ်။ လူသားတဦးသာမဟုတ်ပါလား။ ထို့ကြောင့် သူလုပ်တော့မည့်အရာနှင့်ပတ်သက်၍ ဘာမှစိတ်မပူနေစရာအကြောင်းမရှိ။ သူလုပ်ချင်သလား၊ မလုပ်ချင်သလားဟူသော မေးခွန်းသာ ရှိပေသည်။

ကျောက်စိမ်းမြူသည် ဒဏ္ဍာရီလာ လူပျံတော်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့ရတနာသိုက်အတွက် သွေးနှင့်ခြေဆေးရစေကာမူ ထိုက်တန်သည်ဟု ဆိုနိုင်၏။ မည်သို့ပင်ဖြစ်စေ အသက်ပျောက်ရမည့်သူများမှာ လူပျံတော်များသာဖြစ်နေ၍ သူ့အတွက် ဘာပြသနာမှမရှိချေ။

ထို့နောက် စုချန်းသည် လှည်းကိုလှည့်ကာ နဂါးတောင်မြို့တော်သို့ ဦးတည်လိုက်၏။ နဂါးတောင်မှာ နာမည်အတိုင်း နဂါးကြီးတစ်ကောင် ခွေနေသည့်သဏ္ဍာန်နှင့် တူညီလှသည်။ နဂါးတောင်မြို့တော်မှာကား နဂါးဦးခေါင်းဒေသတွင် တည်ရှိ၏။ အတိအကျပြောရလျင် နဂါးတောင်မြို့တော်သည် နဂါး၏ ဦးခေါင်းရှိ ချိုများနှင့်တူသည့် တောင်ထွဋ်နှစ်ခုကြားတွင် တည်ရှိနေခြင်း ဖြစ်သည်။

စူချန်၏ လှည်းသည် နဂါးတောင်မြို့တော်သို့ အခက်အခဲမရှိပဲ ရောက်ရှိလာ၏။ မြို့ထဲသို့ရောက်သည်နှင့် စုချန်းက လှည်းကို လေမျိုးဆုံရာမျိုးနွယ်စုခြံဝင်းရှေ့တွင် ဆင်းသက်လိုက်သည်။

လူပျံတော်နှစ်ဦး နုပျိုပြည့်လျံကို မြင်သည်နှင့် အပြေးအလွှား လာရောက်နှုတ်ဆက်ကြ၏။

အစောင့်နှစ်ဦးအနက် တစ်ဦးက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်၏။

"ဟေ့ ဘာဖြစ်လာတာလဲ နေမကောင်းလား”

လေမျိုးဆုံရာမျိုးနွယ်စုသည် ကျောက်စိမ်းမြူ၏ ရတနာသိုက်အကြောင်းကို လျှို့ဝှက်ထားခဲ့၏။ ထို့ကြောင့် မျိုးနွယ်စုမှ လက်အောက်ငယ်သားအများစုသည် ဤအကြောင်းကို မသိကြချေ။ သို့သော် ယခုလူပျံတော်နှစ်ဦးနှင့် နုပျိုပြည့်လျံတို့ကတော့ လက်ရင်းများ ဖြစ်ကြ၍ လျှို့ဝှက်အစီအစဥ်အကြောင်းကို သိထားကြ၏။ ထို့ကြောင့် ၎င်းတို့က စုချန်းကို မကျေနပ်သည့်အမူအရာနှင့် ကြည့်နေကြခြင်းပင်။ အထူးသဖြင့် လူပျံတော်နှစ်ဦးအနက် တစ်ဦးထံသည် သတ်ဖြတ်လိုသည့်အမူအရာကို ထင်ထင်ရှားရှားပင် ပြသနေ၏။ ၎င်း၏ စိတ်ထဲတွင် ဘာရှိမှန်း စုချန်း ချက်ချင်းပင် သိရှိလိုက်လေသည်။ ထိုအခါ သူက ရယ်ရွှန်းဖတ်ရွှန်းနှင့် ပြောလိုက်၏။

“မဆိုးဘူး တော်တော်ကိုမဆိုးဘူး ရောက်ရောက်ချင်းကိုပဲ ဆောက်နဲ့ထွင်းပြရတော့မယ်ထင်တယ် ဟဲ ဟဲ ဟဲ”

ထို့နောက် သူက လေမျိုးဆုံရာမျိုးနွယ်စုခြံဝင်း ရှေ့တံခါးမကြီးမှ ရဲရဲဝံ့ဝံ့ပင် ဝင်လာလိုက်၏။

“အကြောတင်းလှချည်လားကွ"

သတ်ချင်ဖြတ်ချင်စိတ်များ ဆူပွက်နေသည့် လူပျံတော်က ချက်ချင်းပင် မီးလုံးတစ်လုံးကို ဖော်ထုတ်ကာ စုချန်းအား စတင်တိုက်ခိုက်လိုက်၏။ ၎င်းကိုမြင်သည်နှင့် စုချန်းက မျက်ခုံးပင့်ရင်း ပြောလိုက်သည်။

“အတော်လေးကို သေပန်းပွင့်ချင်နေတဲ့ကောင်ပဲ မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါကလဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ကွာ”

မီးလုံးက အလွန်လျင်မြန်စွာ ရွေ့လျားနေဟန်ရှိသော်လည စုချန်း၏ လေသံက ပို၍ပင် တည်ငြိမ်နေသေး၏။ ထိုအချိန်မှာပင် ထူးခြားချက်တခုမှာ ထင်သာမြင်သာ ရှိလာတော့သည်။ အကြောင်းမှာ မီးလုံး ရန်သူ၏ လက်မှ စတင်တိုးထွက်လာသည့်အချိန်တွင် စုချန်း စတင်စကားပြောခဲ့သည်မှန်သော်လည်း သူ စကားပြောပြီးသည့်အချိန်ထိ ထိုမီးလုံးသည် သူ့ထံသို့ ရောက်မလာသေးခြင်းပင်။ ထိုမီးလုံးသည် အလွန်ဝေးကွာသောခရီးတခုကို ဖြတ်ကျော်နေရသည်နှင့်ပင် တူနေသေး၏။

နောက်ဆုံးတော့ မီးလုံးသည် စုချန်းအနီးသို့ရောက်လာ၏။ သို့သော် ၎င်းသည် ဘာစွမ်းအားမှ ရှိတော့ဟန်မတူပဲ မီးခိုးငွေ့များအဖြစ် ရွေ့လျောပျောက်ကွယ်သွားတော့သည်။

လူပျံတော်နှစ်ဦး မျက်ကလဲဆန်ပြာ ဖြစ်ကုန်ကြ၏။

ထိုအခိုက်မှာပင် စုချန်း၏ အော်သံ ထွက်ပေါ်လာ၏။

“ထလိုက်စမ်း"

အော်သံနှင့်အတူ မီးလုံးသည် ဝုန်းခနဲ ပြန်လည်ပေါ်ထွက်လာ၏။ ထို့နောက် ၎င်းမီးလုံးသည် စုချန်းအား စတင်တိုက်ခိုက်သူ လူပျံတော်၏ မျက်နှာဆီသို့ တည့်တည့်ကြီး တိုးဝင်သွားလေသည်။

***

All Chapters