← Chapters

တိုက်ခိုက်ခြင်း

Vol. 83 Ch. 828

တိုက်ခိုက်ခြင်း

Vol. 83 Ch. 828

အုန်းခနဲမြည်သံနှင့်အတူ စုချန်းကို စတင်တိုက်ခိုက်ခဲ့သော လူပျံတော်၏ခေါင်းသည် နောက်သို့လန်သွား၏။ မျက်နှာတခုလုံးကိုလည်း မီးလျံများ ဖုံးအုပ်သွားတော့သည်။ မီးလောင်ကျွမ်းမှုမှာကြောက်စရာကောင်းလှအောင် ဆိုးရွားလှသဖြင့် အသက်မသေသည့်တိုင် နောင်ကျဥ်သွားမည်မှာ သေချာနေ၏။

"ခွေးမသား"

သူ့အဖော် မရှုမလှခံလိုက်ရသည်ကို မြင်သည်နှင့် ကျန်လူပျံတော်တဦး ဒေါသတကြီးနှင့် ဆဲဆိုလိုက်၏။

"မလုပ်နဲ့"

နုပျိုပြည့်လျံ အော်ဟစ်တားမြစ်လိုက်သေး၏။ သို့သော် နောက်ကျသွားလေပြီ။

စုချန်းက လက်တဖက်ကို ချက်ချင်းလှုပ်ရှားလိုက်ရာ အနှီလူပျံတော်ခများ ဘာမှန်းမသိသည့်အရာတခု၏ ဖိအားကြောင့် နောက်သို့လွင့်ထွက်သွားပြီး နံရံနှင့်ဖိကပ်မိနေတော့၏။ အာကင်းနစ်လက်သည် အလွန်ရိုးရှင်းသော နည်းစနစ်ဖြစ်သော်လည်း စုချန်း၏ စွမ်းရည်ကြောင့် ထူးထူးခြားခြားပင် အစွမ်းထက်လာပုံရသည်။ တတိယမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်ကို ပထမလက်စွပ်အဆင့် အာကင်နာနည်းစနစ်နှင့် စုချန်း ထိန်းချုပ်ထားနိုင်ပုံမှာ ပြောင်မြောက်လှ၏။ လူပျံတော်ခမျာ မည်မျှပင်ရုန်းကန်စေကာမူ နံရံကိုကျောကပ်ကာ ယက်ကန်ယက်ကန် ဖြစ်နေရှာ၏။

ထို့နောက် စုချန်းက သူ့လက်ကို နောက်တကြိမ် လှုပ်ရှားလိုက်ပြန်ရာ သနားစရာလူပျံတော်ခမျာ နောက်သို့ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွားရှာ၏။

မိုက်မဲလှသော လူပျံတော်နှစ်ဦးအား ဆုံးမပြီးသည်နှင့် စုချန်းက ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးနှင့် ဝင်ရောက်လာခဲ့လေသည်။

ခြံဝင်းထဲရောက်သည်နှင့် တပြိုင်နက် လေမျိုးဆုံရာမျိုးနွယ်စု၏ အချက်ပေးစနစ်များ ချက်ချင်းအသံမြည်လာပြီး ရာနှင့်ချီသော အစောင့်များ ပြေးထွက်လာကာ စုချန်းကို ဝန်းရံထားလိုက်တော့သည်။ တချိန်တည်းမှာပင် မရေမတွက်နိုင်သောမြားများ စုချန်းဆီသို့ ဦးတည်ပျံသန်းလာ၏။

တကယ်တော့ စုချန်းအနေနှင့် ထိုမြားများကို အနည်းငယ်မျှ ဂရုစိုက်စရာမလိုချေ။ သို့သော် သူသည် အင်အားကြီးမားသော လူပျံတော်အာကင်နာပညာရှင်အဖြစ် ဟန်ဆောင်ထားသဖြင့် အာကင်နာနည်းစနစ်တချို့ကိုတော့ ထုတ်ပြရန် လိုအပ်နေ၏။

ထိုအခါ စုချန်းက အကာအကွယ်တခုကို ဖော်ထုတ်လိုက်လေသည်။ ထိုအကာအကွယ်မှာ ဒုတိယအဆင့်အာကင်နာနည်းစနစ်တမျိုးဖြစ်ပြီး တစုံတရာနှင့် ပစ်ခတ်လာသောအခါ ကာကွယ်ရန် အထူးအသုံးဝင်၏။

ကောင်းကင်ပေါ်မှ မိုးရွာချသကဲ့သို့ မြားများ တဝုန်းဝုန်းကျဆင်းလာသော်လည်း အနှီမြားများသည် စုချန်းအနီးရောက်သည်နှင့် မမြင်ရသော နံရံတစ်ခုနှင့် ထိတွေ့မိသည့်နှယ် ကျိုးပဲ့ပျက်စီးကုန်ကြ၏။ တဆက်တည်းမှာပက် စုချန်း၏ ကျယ်လှသောဟိန်းဟောက်သံကြီးထွက်ပေါ်လာပြီး အနီးတစ်ဝိုက်ရှိ လေထုမှာ ရုတ်တရက်အေးခဲသွားပုံရသည်။ ထို့နောက် အဆိုပါ အေးခဲသော လေလှိုင်းကြီးသည် လေးနှင့်မြားကိုင်ဆိုင်ထားသည့် လူပျံတော်များဆီသို့ တိုးဝင်သွား၏။

သို့သော် ၎င်းမှာ စုချန်း၏ ရည်ရွယ်ချက်အစစ်အမှန်မဟုတ်ချေ။ တကယ့်ရည်ရွယ်ချက်မှာ အေးခဲသောလေထုမှသည် ချွန်ထက်သော ဓားများအဖြစ် စုစည်းလာစေခြင်းပေတည်း။ တတိယအဆင့် အာကင်နာနည်းစနစ်ဖြစ်သည့် အေးခဲဓားသွားကို စုချန်း ထုတ်သုံးလိုက်ခြင်းပင်။ သို့သော် အာကင်နာပညာရှင်အများစုသည် အေးခဲဓားသွားကို တစ်ကြိမ်လျှင် ခုနစ်ချောင်း သို့မဟုတ် ရှစ်ချောင်းသာ ဖန်တီးနိုင်သော်လည်း စုချန်းကတော့ ချက်ချင်းဆိုသလို ဓားသွားအချောင်းရှစ်ဆယ်ခန့်ကို တပြိုင်နက်တည်း ဖော်ထုတ်လိုက်၏။

အဆိုပါအေးခဲဓားသွားများကို မြင်လိုက်သည်နှင့် နုပျိုပြည့်လျံ မျက်နှာ အကြီးအကျယ် ပျက်သွား၏။

"သခင် ကျေးဇူးပြုပြီး မလုပ်ပါနဲ့ရှင်"

သို့သော် သူမ၏ တောင်းပန်မှုမှာ ခြေတလှမ်းစာခန့် နောက်ကျသွားခဲ့လေပြီ။ စုချန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အေးခဲနေသောဓားသွားများသည် လေးကိုင်လူပျံတော်များကို ဖောက်ဝင်သွားတော့၏။

တဖောင်းဖောင်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လေးကိုင်လူပျံတော်အများစု နေရာမှာပင် ပုံလျက်သား လဲကျကုန်ကြ၏။ သို့သော် လူပျံတော်တချို့မှာကား ဆက်လက်တိုက်ခိုက်ရန် ကြိုးစားနေဆဲပင်။

ထိုအခါ စုချန်းက ထပ်မံဟိန်းဟောက်လိုက်ပြန်ရာ သဲသဲကွဲကွဲမမြင်ရသော ဖိအားတမျိုး ၎င်းတို့အပေါ် သက်ရောက်လာ၏။ တကယ်တော့ စုချန်း၏ စိတ်ဝိညာဥ်သည် ရှိနေသော ရှိရှိသမျှ လူပျံတော်အားလုံးကို ဒူးထောက်စေလောက်အောင် အင်အားကြီးမားသည်မှာ အမှန်ပင်။ သို့သော် စုချန်းသည် သူ၏စွမ်းအားကို ကြောင်လက်သည်းဝှက်သလို ဝှက်ထားလိုသေး၏။ ထို့ကြောင့် သူက စွမ်းအား၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုခဲ့ခြင်းပင်။ ဤမျှလောက်သော စိတ်ဝိညာဥ်စွမ်းအားသည်ပင် စတုတ္ထလက်စွပ်အဆင့် အာကင်နာပညာရှင်တဦးကို ကြောက်သွေးဖျန်းသွားစေလေသည်။ ထိုကြောက်ရွံ့မှုသည် သူတို့၏စိတ်ဝိညာဥ်ထဲထိတိုင်အောင် ပူးကပ်ဖမ်းစားလိုက်ဟန်တူသည်။ စိတ်ဓာတ်အားနည်းသူလူပျံတော်တချို့မှာ ချက်ချင်းပင် လေးများကို ပစ်ချကာ ထွက်ပြေးကုန်ကြလေ၏။

သို့သော် အခြားတစ်ဖက်တွင် ထိုစွမ်းအားကို တန်ပြန်နိုင်သော အာကင်နာပညာရှင်တချို့လည်း ဧကန်ပင် ရှိနေခဲ့၏။ ချက်ချင်းဆိုသလိုပင်ကြည်လင်တောက်ပသော အသံတစ်ခု စတင်ထွက်ပေါ်လာပြီး စုချန်း၏စွမ်းအားကို ချေဖျက်လိုက်လေသည်။ သို့တိုင်အောင် သနားစရာလူပျံတော်များ၏ မျက်နှာမှာကား အတော်လေး ဖြူလျော်နေဆဲပင်။ ကြောက်ရွံ့မှုအစအနများ ၎င်းတို့၏ စိတ်ဝိညာဥ်ထဲတွင် ကျန်ရှိနေသေးသည်မှာ ထင်ရှားနေ၏။ ဤစိတ်ဝိညာဥ်အားပြိုင်မှုတွင်လည်း အနိုင်ရရှိသူမှာ စုချန်းမှန်း မြင်သာနေပေသည်။

"မင်း ဘယ်သူလဲ"

လေမျိုးဆုံရာမျိုးနွယ်စု၏ သက်ကြီးပိုင်းတစ်ဦးက သူ့ကို ဟောက်လိုက်လေသည်။

“မင်းတို့ မျိုးနွယ်စုရဲ့ ကယ်တင်ရှင်ပဲ ဒါပေမယ့် အဲဒါမတိုင်ခင် မင်းတို့ကို ကယ်တင်ဖို့ ထိုက်တန်ရဲ့လားဆိုတာကိုတော့ ကျုပ် စမ်းသပ်ကြည့်ရလိမ့်မယ်”

စုချန်းကလည်း ခပ်မာမာပင် ပြန်ဖြေရင်း နုပျိုပြည့်လျံကို လှည့်ကြည့်လိုက်၏။ ထိုအခါ သူမလည်း အလျင်အမြန် ရှေ့တိုးလာပြီး အကြီးအကဲများအား အကြောင်းချင်းရာကို တိုတိုတုတ်တုတ် ရှင်းပြလိုက်၏။ ထိုအခါကျမှ ကျောက်စိမ်းမြူ၏ လျှို့ဝှက်ချက် မည်သို့ပျံ့နှံ့သွားသည်ကို လူပျံတော်တိုင်းသိရှိလိုက်ရသည်။ ကံကြမ္မာလက်ချောင်းများက သူတို့ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း သိရှိလိုက်သောအခါ အားလုံး ထိတ်လန့်ကုန်ကြ၏။

သို့သော် သက်ကြီးပိုင်းတစ်ဦးက မေးခွန်းထုတ်လိုက်၏။

"ကံကြမ္မာလက်ချောင်းများက ကျုပ်တို့ကို မျက်စိကျနေပြီဆိုရင်တောင် မင်းလို မျက်နှာမဖော်ရဲတဲ့ကောင်က ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာတဲ့လဲ”

“ကျုပ်ပြောတဲ့အထဲ ပါပြီးပြီမဟုတ်ဘူးလား ကျောက်စိမ်းမြူရဲ့ မြေပုံကို ကျုပ်လက်ထဲ ထည့်လိုက်ပါ ဒါဆိုရင် ကံကြမ္မာလက်ချောင်းများက ကျုပ်နောက်ကိုပဲ လိုက်လာလိမ့်မယ် မင်းတို့လဲ အန္တရာယ်တွင်းက လွတ်သွားလိမ့်မယ်"

“ဒါဆို မင်းလည်း ကံကြမ္မာလက်ချောင်းများလိုလူယုတ်မာတွေနဲ့ အတူတူပဲပေါ့ မင်းက ကျုပ်တို့ပိုင်ဆိုင်ရမဲ့ရတနာတွေကို ဓားပြလာတိုက်နေတာပဲမလား”

ထိုသက်ကြီးပိုင်းလူပျံတော်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“မဟုတ်ဘူး မတူတာတခုရှိတယ် ကံကြမ္မာလက်ချောင်းများက သူတို့လိုချင်တာရဖို့ မင်းတို့ကို သတ်ပစ်လိမ့်မယ် ဒါပေမယ့် ကျုပ်ကတော့ မတူဘူး မင်းတို့သာ မြေပုံကို အလွယ်တကူ ထုတ်ပေးမယ်ဆိုရင် ရတနာသိုက်ထဲက ရတနာတွေအားလုံး မင်းတို့အပိုင်ပဲ ကျုပ်အတွက်တော့ အသိပညာပဲ လိုချင်တယ်"

ဟင်...

ထိုစကားကို ကြားလိုက်ရသောအခါ လူပျံတော်တိုင်းလိုလို အံ့သြကုန်ကြ၏။

အသိပညာကိုပဲ လိုချင်တယ်ဆိုပါလား...

သူတို့အားလုံး တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြ၏။ စုချန်းကို အပြည့်အဝ မယုံကြည်နိုင်သည်မှာ မြင်သာနေသည်။

ထိုအခါ လူပျံတော်သက်ကြီးပိုင်းတစ်ဦးက ပြောလိုက်ပြန်သည်။

"မင်းအနေနဲ့ ကံကြမ္မာလက်ချောင်းများကို ကိုင်တွယ်နိုင်တယ်လို့ ဘယ်လိုလုပ်ပြီး အခိုင်အမာ ပြောနိုင်တာလဲ မင်းကိုကြည့်ရတာ ငါ့ကိုတောင် နိုင်မဲ့ပုံမပေါ်ဘူး"

ပြောပြောဆိုဆို အဆိုပါသက်ကြီးလူပျံတော်က စုချန်းကို စတင်တိုက်ခိုက်လိုက်တော့၏။

စုချန်း သက်ပြင်းချလိုက်လေသည်။

"တိုက်ခိုက်ရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလားကွာ အေးလေ ဘယ်တတ်နိုင်ပါ့မလဲ နဂါးမှန်းသိအောင်တော့ အမောက်ထောင်ပြရအုံးမှာပေါ့"

စကားဆုံးသည်နှင့် စုချန်း၏ ခန္ဓာကိုယ်သည် ရိပ်ခနဲပျောက်ကွယ်သွားပြီး အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာတော့၏။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းပေတည်း။ ထို့နောက် သူက သက်ကြီးလူပျံတော်အား သေမင်းလက်သီးကို အသုံးပြု၍ တိုက်ခိုက်လိုက်လေသည်။

စူးရှသောအလင်းတန်းကြီးသည် သက်ကြီးလူပျံတော်၏ကျောပြင်ကို တိုက်ရိုက်ပင်ထိမှန်သွားပြီး ၎င်း၏ ကိုယ်ကာယကြီးကို နောက်ဘက်သို့ လွင့်စင်သွားစေ၏။ တကယ်တော့ သေမင်းလက်သီးဟူသည် ရန်သူနှင့် မျက်နှာချင်းဆိုင် ဝုန်းဒိုင်းကြဲတိုက်ခိုက်ရသောနည်းစနစ်မျိုး ဖြစ်သော်လည်း စုချန်း အသုံးပြုလိုက်ချိန်တွင်တော့ အငိုက်ဖမ်းတိုက်ခိုက်ရသည့် နည်းစနစ်အဖြစ်သို့ ပြောင်းလဲသွားတော့၏။ သူ့လှုပ်ရှားမှုမှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှပေရာ ဤစွမ်းဆောင်ရည်တမျိုးတည်းနှင့်ပင် လူပျံတော်များကို ပါးစပ်အဟောင်းသားဖြစ်သွားစေရန် လုံလောက်နေခဲ့လေပြီ။

သို့သော်လည်း ယခုတိုင် မကျေနပ်သေးသော လူပျံတော်တချို့ ရှိနေသေး၏။ ပထမဆုံးတိုက်ခိုက်လာသည့် သက်ကြီးပိုင်းလူပျံတော်ကို ပညာပေးပြီးသည့်အချိန်မှာပင် နောက်ထပ်သက်ကြီးလူပျံတော်သုံးဦး ခုန်ထွက်လာပြီး စုချန်းကို ပြိုင်တူတိုက်ခိုက်လိုက်ကြပြန်သည်။

သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုကို စုချန်း အလွယ်တကူပင် ရှောင်တိမ်းလိုက်ပြီး တချိန်တည်းမှာပင် အေးခဲဓားသွားကို အဆင့်မြှင့်တင်ထားသည့် လေဟာနယ်ဓားစက်ဝန်းများနှင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။ အဆိုပါဓားစက်ဝန်းများသည် အေးခဲဓားသွားများထက် ပိုမိုအစွမ်းထက်ပြီး တကြိမ်တည်းနှင့် ဓားစက်ဝန်းဆယ့်နှစ်ခုအထိ စုချန်း ဖန်တီးနိုင်၏။

"မဟုတ်ဘူး"

နုပျိုပြည့်လျံနှင့် ကျန်လူပျံတော်များ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။

သက်ကြီးလူပျံတော်သုံးဦး ခေါင်းပြတ်တော့မည့်အချိန်မှာပင် ဓားစက်ဝန်းများသည် သူ့အလိုလို ကွဲကြေသွားလေရာ မြင်ရသူအပေါင်း၏ ရင်ထဲတွင် ခြောက်ခြားလျက်ကျန်ရစ်ခဲ့၏။

"ကဲ ဒီလောက်ဆိုတော်ပြီလား"

စုချန်းက တည်ငြိမ်သောလေသံနှင့် မေးခွန်းထုတ်လိုက်သည်။

အားလုံး၏ အလယ်တွင် ရပ်နေသော မျိုးနွယ်စုခေါင်းဆောင် ဖြစ်ဖွယ်ရှိသူက ခေါင်းညိတ်လိုက်သည်။

"တော်ပါပြီ... တော်ပါပြီကွာ ကျုပ်တ်ို့အနေနဲ့ မင်းနဲ့ပူးပေါင်းဖို့ကို လက်ခံပါပြီ"

ထိုအခါ စုချန်းက ပြောလိုက်ပြန်သည်။

"ကောင်းပြီလေ ဒါပေမဲ့ ဒီတစ်ခါတော့ စည်းကမ်းချက်က နည်းနည်းထပ်ပြောင်းသွားပြီ အသိပညာနဲ့ပတ်သက်တဲ့အရာတွေအပြင် တခြားဘယ်သူမှမရွေးရသေးခင် ရတနာပစ္စည်းသုံးမျိုးကို ကျုပ် ရွေးယူရလိမ့်မယ် ကျန်တာတွေက မင်းတို့ အပိုင်ပဲ"

"ဘာ မတရားလိုက်တာကွာ"

လူပျံတော်တိုင်း ဒေါသထွက်ကုန်ကြ၏။

“မင်းတို့ မကျေနပ်ရင် အားလုံး တပြိုင်တည်းဝင်လာလို့ရတယ် ဒါပေမယ့် ဒီတခါထပ်ရှုံးရင် မင်းတို့အနေနဲ့ ကျုပ်ရွေးပေးတဲ့ ပစ္စည်းသုံးမျိုးကိုပဲ ယူရမယ် ကျန်တာအားလုံး ကျုပ် အပိုင်ဖြစ်သွားလိမ့်မယ် ဒီတော့ မတိုက်ခိုက်ခင် သေသေချာချာစဥ်းစားပါ"

လေမျိုးဆုံရာမျိုးနွယ်စုကဲ့သို့ အင်အားနည်းပါးသောမျိုးနွယ်စုအနေနှင့် စုချန်း၏ တောင်းဆိုချက်ကို လက်ခံရုံမှအပ တခြားရွေးစရာမရှိတော့ချေ။

“ဒါဆို ကံကြမ္မာလက်ချောင်းများကိုရော ဘယ်လိုလုပ်မလဲ”

မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်၏။

“ကိစ္စမရှိဘူး သူတို့ကို ကျုပ်တာဝန်ထားလိုက်"

စုချန်းက ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်၏။

ကိစ္စမှာ အလွယ်တကူ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ ဤသို့နှင့် စုချန်းသည် လေမျိုးဆုံရာမျိုးနွယ်စုနှင့် အချိန်အတော်ကြာအောင် နေထိုင်ခဲ့လေသည်။

လူပျံတော်များကား သူတို့မျိုးနွယ်စုတစ်စုလုံးကို တယောက်တည်းနှင့် ထိန်းချုပ်နိုင်သည်အထိအစွမ်းထက်သော စုချန်းကို အလွန်ပင် လေးစားကြ၏။ တကယ်တော့ ၎င်းမှာ ထူးထူးဆန်းဆန်းကိစ္စတော့ မဟုတ်ချေ။ အကြောင်းမှာ ဤကမ္ဘာလောကကြီးတွင် အင်အားကသာ အရာရာဖြစ်နေသောကြောင့်ပေတည်း။

ဤအတောအတွင်းဝယ် စုချန်းသည် သူ့အကျင့်ဟောင်းများထဲမှာပင် ပြန်လည်နစ်မြုပ်နေတော့၏။ လေမျိုးဆုံရာမျိုးနွယ်စုသည် သေးငယ်သော မျိုးနွယ်စုဖြစ်ပြီး ၎င်းတို့၏ စာကြည့်တိုက်မှာလည်း အလွန်သေးငယ်၏။ သို့သော် ထိုအထဲမှ စာအုပ်တချို့တွင်တော့ ထူးခြားသော သတင်းအချက်အလက်အချို့ ရှိနေခဲ့သည်မှာ အမှန်ပင်။

စုချန်းသည် အသိပညာဗဟုသုတ အမျိုးမျိုးကို စိတ်ဝင်စား၏။ ဗဟုသုတ ပိုမိုများပြားလေလေ၊ နောင်တွင် အသုံးချရန် ပိုမိုလွယ်ကူလေလေပင် မဟုတ်ပါလား။

ဤနေ့တွင်လည်း စုချန်းသည် စာကြည့်တိုက်ထဲတွင် စာအုပ်တအုပ်ကို စိတ်ပါလက်ပါ ဖတ်ရှုနေ၏။ ထိုအချိန်မှာပင် နုပျိုပြည့်လျံတယောက် လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်ကာ စာကြည့်တိုက်ထဲသို့ ဝင်လာ၏။ ထို့နောက် သူမက လဖက်ရည်ခွက်ကို ဘေးနားရှိခုံပေါ်တွင် တရိုတသေတင်လိုက်ရင်း စုချန်းအနီးသို့ ကပ်၍မေးလိုက်သည်။

"အခုကရော ဘာစာအုပ် ဖတ်နေပြန်တာလဲ"

အတူရှိနေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၍။သူမ၏ပုံစံမှာ စုချန်းနှင့် တရင်းတနှီးရှိနေ၏။သူမထံမှ ပျံ့လွင့်လာသောကိုယ်သင်းနံ့က စုချန်း၏ နှာခေါင်းဝကို ကလူကျီစယ်လျက်ရှိသည်။

သို့သော် စုချန်းကား ဘာတခုမှသတိထားမိဟန်မတူပဲ စာအုပ်ကို ဆက်ဖတ်နေ၏။

“မူလစွမ်းအင်ရဲ့ ဒြပ်စင်ဖြန့်ဖြူးမှုအကြောင်း ဖတ်နေတာ"

“ဟွန့် ဒီစာအုပ်က အခြေခံတွေပဲ ရေးထားတာမလား”

နုပျိုပြည့်လျံ နှုတ်ခမ်းစူရင်း ပြောလိုက်လေသည်။

“အခြေခံကျလေ ပိုအရေးကြီးလေပဲကွ ဒီစာအုပ်မှာ အလွန်ထူးခြားတဲ့ ရှင်းလင်းချက်တချို့ ပါနေတယ် စိတ်ဝင်စားစရာပဲ"

စုချန်းက ပြန်ရှင်းပြလိုက်၏။

“ကျွန်မ နားမလည်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအလုပ်ကလဲ သခင့်ကို ဝတ်ကြီးဝတ်ငယ်ပြုစုဖို့ပဲလေ”

နုပျိုပြည့်လျံက စုချန်းလက်ထဲသို့ လဖက်ရည်ခွက်ကို ငြင်သာစွာ ထည့်ပေးလိုက်၏။

"သခင့်ရဲ့မျက်နှာဖုံးကို တကယ်မချွတ်တော့ဘူးလား"

"မင်းရဲ့ ကောင်းကျိုးအတွက်ပါကွာ”

စုချန်း အထက်ပါအတိုင်း ပြန်ဖြေရင်း လဖက်ရည်တငုံကို မော့သောက်လိုက်၏။

"ဒီလက်ဖက်ရည်က မဆိုးပါလားကွ လရောင်သစ်ခွထည့်ထားတဲ့ပုံပဲ"

"သခင်လေးက အရသာခံတတ်သားပဲ နောက်တမျိုး ထပ်ထည့်ထားသေးတယ် အဲဒါကိုကော ပြောနိုင်သေးလား"

နုပျိုပြည့်လျံ ရယ်မောရင်း ပြောလိုက်၏။

“တမျိုးတည်းမဟုတ်ဘူး သုံးမျိုးတောင်မင်းထည့်ထားတာပဲ ကျောက်စိမ်းမြက် နတ်ဆိုးသစ်ကိုင်း နဲ့မြွေပျံပျော်ရည် ဟုတ်သလားကျုပ်ပြောတာ”

နုပျိုပြည့်လျံ မျက်နှာပျက်သွား၏။ သူမတကိုယ်လုံးမှာလည်း တုန်ယင်လာလေသည်။

စုချန်းမှာကား နုပျိုပြည့်လျံနှင့်ပြောင်းပြန် အလွန်ပင် တည်ငြိမ်လှသည်။

"ကျောက်စိမ်းမြက်နဲ့မြွေပျံပျော်ရည်ကို ပေါင်းစပ်လိုက်ရင် မူလစွမ်းအင်ကို မသုံးနိုင်ပဲ ဖြစ်သွားလိမ့်မယ် နတ်ဆိုးသစ်ကိုင်းကတော့ ကျုပ်က်ို သတိလက်လွတ်ဖြစ်စေလိမ့်မယ် ဒါဆိုရင် မင်းက ကျုပ်ကို ထိန်းချုပ်နိုင်လိမ့်မယ် အံ့အားသင့်စရာအကောင်းဆုံးကတော့ မင်းထည့်ထားတဲ့ ခုနစ်လွှာညပန်းဟာ လသစ်ခွနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တခြားအဆိပ်တွေရဲ့အရသာကို ဖိနှိပ်ထားနိုင်လိုက်တာပဲ ဒီလိုမှပဲ ကျုပ်က လဖက်ရည်ကို သောက်မိတော့မှာပေါ့ မဟုတ်ဘူးလား"

နုပျိုပြည့်လျံ တုန်လှုပ်နေခဲ့လေပြီ။

"သခင်... ဘယ်လိုသိသွားတာလဲ"

“တောင်းပန်ပါတယ်ကွာ ကျုပ် မင်းကို ပြောဖို့ မေ့သွားတယ်… တကယ်တော့ ကျုပ်က အာကင်နာပညာရှင်တစ်ယောက်တင်မကဘူး တော်တော်လေးထူးချွန်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်လည်း ဖြစ်နေသေးတယ်ကွ"

စုချန်း ပြုံးစေ့စေ့နှင့် ပြောလိုက်၏။

"ဒါတောင် သခင်က သောက်လိုက်သေးတာလား"

ထိုအခါ စုချန်းက လဖက်ရည်တခွက်လုံးကို ဂွပ်ခနဲ မော့ချလိုက်ရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ကျုပ် မသောက်မချင်း မင်းတို့က လက်လျော့မှာမဟုတ်ဘူးလေ ပြီးတော့ ဒီတခေါက်ဟာ ကျုပ် မင်းတို့ကိုပေးတဲ့ နောက်ဆုံးအခွင့်အရေးပဲ ဒီတကြိမ်မှာလဲ မင်းတို့ရှုံးနိမ့်သွားတဲ့အတွက် ကျုပ်တို့ရဲ့သဘောတူညီချက်အရ လျှို့ဝှက်နယ်မြေထဲက ပစ္စည်းသုံးမျိုးကိုပဲ မင်းတို့ယူခွင့်ရှိတော့မယ် ကျုပ်ကို နောက်တကြိမ်လာစရင်တော့ မင်းတို့တမျိုးနွယ်လုံးကို ကျုပ် သတ်ပစ်မယ်"

***

All Chapters