ကံကြမ္မာလက်ချောင်းများ (၁)
Vol. 83 Ch. 829
အဆိပ်ခတ်ခြင်းမအောင်မြင်သည့်နောက်တွင်တော့ လေမျိုးဆုံရာမျိုးနွယ်စုသည် စုချန်းကို အလုံးစုံ အရှုံးပေးလိုက်တော့၏။
တကယ်တော့ အဆိပ်ခတ်သည်ဆိုသော်ငြား သူတို့၏ အစီအစဥ်မှာ စုချန်းကို သတ်ပစ်ရန်မဟုတ်ချေ။ ၎င်းကို သူတို့အသုံးပြုခဲ့သည့်ဆေးဝါးများကို ကြည့်ရုံနှင့် မြင်နိုင်၏။ သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ စုချန်းကိုအသုံးချပြီး ကံကြမ္မာလက်ချောင်းများကို ရင်ဆိုင်ရန်ပင်။ သို့သော် သူတို့၏ အစီအစဥ်မှာ ကျရှုံးသွားရ၏။ ထိုအခါ ရှုံးနိမ့်ခြင်း၏ အကျိုးဆက်များကိုလည်း သူတို့ လက်သင့်ခံလိုက်ရတော့သည်။
ဤသို့နှင့် နဂါးတောင်မြို့တော်တွင် လျှို့ဝှက်ဆန်းကြယ်သော အာကင်နာပညာရှင်တစ်ဦး ရုတ်တရက် ပေါ်ထွန်းလာကြောင်း သတင်းများ စတင်ပျံ့နှံ့လာတော့သည်။ စုချန်းကတော့ ထိုသတင်းများကို လစ်လျူရှုထားလိုက်၏။ သတင်းများကြောင့် ကံကြမ္မာလက်ချောင်းများ ကြိုတင်ပြင်ဆင်ခွင့်ရသွားမည်ကို သူ သဘောပေါက်သော်လည်း လားလားမျှ ဂရုမစိုက်ခဲ့ချေ။
ဤသို့နှင့် စုချန်းသည် အာကင်နာနည်းစနစ်များကို လေ့လာရင်း သုတေသနပေါင်းစုံကြားထဲတွင် နစ်မြုပ်နေ၏။ များပြားလှသော လေ့လာမှုများက မူလကမ္ဘာကြီး၏ နိယာမများကို ပိုမိုနားလည်နိုင်ရန်၊ ပို၍ ထိန်းချုပ်လာနိုင်ရန် အခွင့်အရေးနိုင်စွမ်းရှိသည်ဟု စုချန်း အမြဲတမ်းလက်ခံထားသည် မဟုတ်ပါလား။ တခါတရံတွင်တော့ သူသည် သတင်းပို့ဆောင်ရေးရုပ်သေးရုပ်၏ ကိုယ်ထဲတွင်ရှိနေသော ပိတ်လော့မှတဆင့် ကျူးမျိုးနွယ်နှင့် အဆက်အသွယ်ယူတတ်ပေသည်။
ယနေ့တွင်လည်း စုချန်းတယောက် စာကြည့်တိုက်ထဲမှာပင် ရှိနေ၏။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူက စာဖတ်နေခြင်းမဟုတ်။ စာအုပ်တအုပ်ကို ရေးသားနေခြင်းပင် ဖြစ်သည်။
ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ တစ်စုံတစ်ဦး၏ ခေါ်သံ ထွက်ပေါ်လာ၏။
"သခင်မိုးပြာရောင်မျက်နှာဖုံးခင်ဗျာ"
အသံရှင်မှာ လေလှိုင်းမိုးမျှော်ဟု အမည်ရသည့် ပဥ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်ပင် ဖြစ်သည်။
"ဝင်ခဲပါ"
စုချန်းက မော့၍ပင်မကြည့်ပဲ ပြောလိုက်၏။
လေလှိုင်းမိုးမျှော်တယောက် အခန်းထဲသို့ဝင်လာရင်း အောက်ပါအတိုင်း ပြောလိုက်သည်။
"သခင် တောင်းဆိုထားတဲ့ပစ္စည်းတွေ ရပါပြီ"
"ဟုတ်ပြီ ယူခဲ့"
စုချန်း ခေါင်းညိတ်ရင်း အမိန့်ပေးလိုက်၏။
ထိုအခါ လေလှိုင်းမိုးမျှော်က မူလလက်စွပ်အတွင်းမှာ ပစ္စည်းတချို့ကိုထုတ်ပြီး စုချန်းရှေ့တွင် ချပေးလိုက်၏။ ရှာခိုင်း၍သာ ရှာလိုက်ရသည်။ ထိုပစ္စည်းများကို ဘယ်နေရာတွင်း သုံးရမည်ကို လေမျိုးဆုံရာမျိုးနွယ်စုတစ်စုလုံး မသိကြချေ။
ထို့နောက် စုချန်းက အဆိုပါပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး သူ့လက်ထဲရှိ စာအုပ်ကို လေလှိုင်းမိုးမျှော်ထံ ပစ်ပေးလိုက်၏။
"အဲဒီစာအုပ်က မင်းတို့မျိုးနွယ်စုတွေ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ အာကင်နာနည်းစနစ်တွေအကြောင်းကို ကျုပ်ရေးထားတဲ့စာအုပ်ပဲ မင်းတို့ ဒီရက်ပိုင်း ပြသနာမရှိပဲ အေးအေးဆေးဆေးနေကြလို့ ကျုပ် လက်ဆောင်ပေးတာ"
သူ့လက်ထဲရှိစာအုပ်တွင် သူတို့မျိုးနွယ်စု၏ ကိုယ်ပိုင်နည်းစနစ်များသာ ပါဝင်ကြောင်း သိလိုက်ရသဖြင့် လေလှိုင်းမိုးမျှော် နည်းနည်းတော့စိတ်ပျက်သွား၏။ သို့သော် စာမျက်နှာတချို့ကို လှန်လှောကြည့်မိချိန်တွင်တော့ သူ မျက်လုံးပြူးသွားတော့သည်။
"ဒါ.....ဒါက......."
"အော် မင်းတို့သုံးတဲ့ အာကင်နာနည်းစနစ်တချို့ကိုကျုပ် နည်းနည်းပါးပါး ပြုပြင်ထားတာလေ အရင်ထက်စာရင် ရာနှုန်း၂၀ကနေ ၄၀အထိ ပိုအစွမ်းထက်လာလိမ့်မယ် သိပ်ပြီးပြောပလောက်တဲ့ လက်ဆောင်မျိုးတော့ မဟုတ်ဘူးပေါ့ကွာ"
စုချန်း အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။
ဟင်...ဘာမှမပြောပလောက်ဘူးဆိုပါလား....
မူလကမ္ဘာကြီးဝယ် ကာလရှည်ကြာအာကင်နာနည်းစနစ်တိုင်းသည် နှစ်ရာပေါင်းထောင်ပေါင်းများစွာ စနစ်တကျဖန်တီးပြုပြင်ပြီးမှ ရရှိလာသော နည်းစနစ်များ ဖြစ်ကြလေသည်။ ၎င်းတို့ အချိန်ကာလကြာရှည်စွာ တည်ရှိနေနိုင်ခြင်းမှာ အချိန်၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သောကြောင့်ဟု ဆိုနိုင်၏။ ထို့ကြောင့် လက်ရှိအချိန်ကာလတွင် အသုံးပြုနေကြသော အာကင်နာနည်းစနစ်များသည် နှစ်ပေါင်းထောင်ချီ မှတ်ကျောက်အတင်ခံပြီးသား ဖြစ်လေရာ ထိုနည်းစနစ်များကို ရုတ်ချည်းအဆင့်မြှင့်တင်ဖို့ဟူသည်မှာ အလွန်ခက်ခဲသောအရာပင် ဖြစ်သည်။
ဤအကြောင်းတရားများကြောင့် အာကင်နာနည်းစနစ်တမျိုးကို အဆင့်မြှင့်တင်နိုင်သည့် မည်သည့် အာကင်နာပညာရှင်ကိုမဆို ချီးကျူးထိုက်ပြီး စစ်မှန်သောပညာရှင်အဖြစ် သတ်မှတ်နိုင်၏။ ထို့ကြောင့် လူပျံတော်များသည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အလွန်လေးစားတတ်ကြပေသည်။
ယခုမူကား မိုးပြာရောင်မျက်နှာဖုံးဟူသော ပုဂ္ဂိုလ်သည် ရက်အနည်းငယ်အတွင်း အာကင်နာနည်းစနစ်ချို့ကို အဆင့်မြှင့်တင်နိုင်ခဲ့၏။ ၎င်းတို့၏စွမ်းအားကို ၄၀ရာခိုင်နှုန်းခန့်ထိ တိုးမြှင်းပေးနိုင်ခဲ့၏။ ၎င်းမှာ သာမညောင်ညစွမ်းဆောင်ရည်မျိုး မဟုတ်ချေ။ ထိုအခါ လေလှိုင်းမိုးမျှော်တယောက် အဘယ်မှာ မအံ့သြဘဲ နေနိုင်တော့မည်နည်း။
သို့သော် စုချန်းကတော့ သူ့လုပ်ရပ်အတွက် ဘာခံစားချက်မှ ရှိနေဟန်မပေါ်။
ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ဆူဆူညံညံအသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် နုပျိုပြည့်လျံတယောက် အမောတကောနှင့် စာကြည့်တိုက်ထဲသို့ ပြေးဝင်လာ၏။
"သခင် ကံကြမ္မာလက်ချောင်းများ ရောက်လာကုန်ပြီရှင့်"
"အော် နောက်ဆုံးတော့ သူတို့ ရောက်လာပြီပေါ့"
ဤရက်များအတွင်း ကံကြမ္မာလက်ချောင်းများ ရောက်လာမည့်အချိန်ကို စုချန်း စောင့်ဆိုင်းနေခဲ့၏။ နောက်ဆုံးတော့ ပြသနာကိုဖြေရှင်းရန်အချိန် ကျရောက်လာခဲ့ချေပြီတည်း။
ထို့နောက် သူ ထရပ်လိုက်ပြီး စာကြည့်တိုက်ထဲမှ ထွက်ခွာလာခဲ့၏။
လေမျိုးဆုံရာမျိုးနွယ်စုခြံဝင်းအလယ်တွင် လူပျံတော်သုံးဦး မတ်တပ်ရပ်နေ၏။ ရှေ့ဆုံးတွင် ရပ်နေသူမှာ မီကဲ့သို့ ရဲရဲနီနေသည့်အတောင်ပံများနှင့်နီကြောင်ကြောင်ဆံပင်ရှည်များ ပိုင်ဆိုင်ထားပြီး အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူပျံတော်အမျိုးသမီးတဦး ဖြစ်သည်။ သူမကိုကြည့်ရသည်မှာ အဟုန်ပြင်းပြင်း တောက်လောင်နေသော မီးပုံကြီးနှင့်ပင် တူနေသေး၏။ ကျန် နှစ်ဦးမှာကား ရုပ်ချင်းဆင်သော ညီအစ်ကိုနှစ်ဦး ဖြစ်သည်။ သို့သော် ထိုနှစ်ဦးအနက် တစ်ဦးမှာ အသားမည်းပြီး ကျန်တစ်ဦးက အသားဖြူ၏။ သို့သော် ၎င်းတို့၏ အတောင်ပံများမှာကား ပြောင်းပြန်ပင်။ အသားမည်းသောလူပျံတော်၏ တောင်ပံမှာ ငွေရောင်ဖြစ်ပြ အသားဖြူသောလူပျံတော်တွင်တော့ အမဲရောင်တောင်ပံများ ရှိနေလေသည်။
ထိုသုံးဦးကိုမြင်သည်နှင့် လေလှိုင်းမိုးမျှော် အကြီးအကျယ် မျက်နှာပျက်သွား၏။
"ဟာ မီးလျံညှို့ငင်နဲ့ဖြူမဲညီနောင်ပါလား"
"အော် ကျွန်မတို့နာမည်တွေကို သိနေတာလား"
မီးလျံညှို့ငင် စွဲဆောင်မှုရှိသောအသံနှင့် ရယ်မောလိုက်၏။ မီးလျံညှို့ငင်ဟူသော အမည်ကိုကြားသည်နှင့် စုချန်းက သူမကို လှမ်းကြည့်လိုက်သည်။ မီးလျံညှိုငင်ကလည်း စုချန်း၏ အကြည့်ကို ချက်ချင်းပင် သတိထားမိလိုက်ဟန်တူသည်။
"လေမျိုးဆုံရာမျိုးနွယ်စုမှာ အားကိုးစရာပညာရှင်တယောက် ရောက်နေတယ်လို့ကြားတယ် အဲဒါ ရှင်ပဲနဲ့တူတယ် ဒီတော့ ရှင်က လေမျိုးဆုံရာမျိုးနွယ်စုကို ကူညီပေးမှာပေါ့ ဟုတ်လား"
"ဟုတ်တယ် ကူညီပေးမယ်"
စုချန်းက အရယ်တဝက်နှင့် ပြန်ဖြေလိုက်သည်။
ထိုစဥ် လေလှိုင်းမိုးမျှော်က ဝင်ပြောလိုက်၏။
"သတိထားပါသခင် သူတို့ထဲက တစ်ယောက်က သတ္တမမြောက်လက်စွပ်အဆင့်အာကင်နာပညာရှင်ပဲ ကျန်နှစ်ယောက်ကလဲ မခေဘူး ဆဌမမြောက်လက်စွပ့်အဆင့် အာကင်နာပညာရှင်တွေ"
သတ္တမမြောက်လက်စွပ်အဆင့်အာကင်နာပညာရှင််များသည် ကောင်းကင်နိုင်ငံတွင် ထိပ်တန်းအာကင်နာပညာရှင်များအဖြစ် သတ်မှတ်ခံ၏။ မီးလျံညှို့ငင်သည်လည်း သူမ၏ အဆင့်တွင် ထင်ရှားသူဖြစ်လေသည်။ သူမ၏ အရည်အချင်းမှာ ထူးခြားပြီး သူမကို စိန်ခေါ်ရန် အလွန်ခက်ခဲသည်။ ဖြူမဲညီနောင်များသည်လည်း ဆဌမမြောက်လက်စွပ်အဆင့်အဆင့်ဟုသာ ဆိုသော်လည်း ၎င်းတို့နှစ်ဦး၏ ပူးပေါင်းတိုက်ကွက်မှာကား သတ္တမမြောက်လက်စွပ်အဆင့်အာကင်နာပညာရှင်ကို ကောင်းကောင်းယှဥ်ပြိုင်နိုင်၏။
ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ထိပ်တန်းလူပျံတော်သုံးဦးကိုကြည့်ရင်း လေလှိုင်းမိုးမျှော်၏ ယုံကြည်မှုများ တဖြည်းဖြည်း ယုတ်လျော့လာ၏။
သို့သော် သူ နောင်တရရန်အချိန် နောက်ကျသွားလေပြီ။
သို့သော် လေလှိုင်းမိုးမျှော်၏ သတ်ိပေးစကားကို စုချန်း အနည်းငယ်မျှ ဂရုစိုက်ဟန်မတူချေ။
"သတ္တမမြောက်လက်စွပ်အဆင့် ဟုတ်လား ကောင်းတယ် ပြိုင်ဘက်ကောင်းတွေ့ပြီလို့ဆိုရမှာပေါ့"
"ဘာ နင့်အဆင့်နဲ့ ငါ့ကိုနိုင်မယ်များ ထင်နေသလား"
မီးလျံညှို့ငင်က စုချန်းက ကြိမ်းမောင်းလိုက်၏။ စုချန်း ရယ်မောလိုက်လေသည်။
"စမ်းကြည့်မှ သိမှာပေါ့ကွာ"
"သေချင်းဆိုး"
မီးလျံညှို့ငင်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။ တချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှ ဟုန်းဟုန်းထနေသော မီးတောက်များ ထွက်ပေါ်လာကာ စုချန်းဆီသို့ လှိုင်းလုံးကြီးပမာ ရွေ့လျားလာလေသည်။
သူမသည် နာမည်နဲ့လိုက်အောင်ပင် မီးလျံများအားထိန်းချုပ်နိုင်စွမ်းမှာ ထူးခြားလှ၏။ မီးတောက်များ၏ အပူရှိန်မှာလည်း အရာအားလုံးကို ပြချပစ်လိုက်တော့မည်ဟုပင် ထင်မှတ်ရသည်။ ပတ်ဝန်းကျင်တခုလုံးရှိ မီးတောက်မူလပစ္စည်းများအားလုံးကို မီးလျံညှို့ငင်က ထိန်းချုပ်ထားကာ ပြင်းထန်သော အပူလှိုင်းများကို ထုတ်လွှတ်တိုက်ခိုက်လိုက်ခြင်းပင်တည်း။
သို့သော် ၎င်းသည် ပဏာမမျှသာ ရှိသေး၏။ ကြည့်နေရင်းမှာပင် အဆိုပါ မီးတောက်များသည် ချွန်ထက်နေသောအပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး လှပသော မီးတောက်ပန်းချီကားတစ်ချပ်ကို ဖန်တီးပုံဖော်လိုက်တော့၏။ မီးတောက်များသည်တဖြည်းဖြည်းနှင့် ကြီးမားသော ကြာပန်းကြီးတစ်ပွင့်ကို ပြောင်းလဲသွားပြီး ဝေ့ကာဝိုက်ကာနှင့် လေပေါ်သို့ တဖြည်းဖြည်းမြင့်တက်လာလေသည်။
"ဒေါသမီးလျံကြာပန်းပါလား"
အနှီမီးလျံကြာပန်းသည် မျိုးနွယ်စုတစ်စုလုံးကိုပါ ဖျက်ဆီးပစ်နိုင်မည့်ပုံပေါ်နေ၏။ ဤတချက်ကိုကြည့်ရုံနှင့် မီးလျံညှို့ငင် မည်မျှ သွေးဆာနေသည်ကို မြင်နိုင်၏။
၎င်းကိုကြည့်ရင်း စုချန်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်၏။
"ကြည့်လို့တော့ကောင်းသား ဒါပေမဲ့ ဘာလုပ်ရမှာလဲ ဒီလောကကြီးမှာ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်တာ မင်းတယောက်တည်းမှ မဟုတ်တာပဲ"
စုချန်း ထိုသို့ပြောလိုက်စဥ်မှာပင် သူမ၏ မူလစွမ်းအင်အထောက်အပံ့ ရုတ်တရက် ပြတ်တောက်သွားသည်ကို မီးလျံညှို့ငင် သတိထားမိလိုက်၏။
ပြင်းထန်သောစွမ်းအားတစ်ရပ်က သူမထံမှ မူလစွမ်းအင်ကို အတင်းအဓမ္မ လုယူနေခြင်းပေတကား။ တကယ်တော့ ပတ်ဝန်းကျင်တွင် စီးဆင်းနေသော မူလစွမ်းအင်ထုကြီးကို ထိန်းချုပ်နိုင်ရန် တဦးနှင့်တဦး အပြိုင်အဆိုင် ကြိုးစားကြသည်မှာ ဤကမ္ဘာလောကကြီးတွင် ထူးဆန်းသည့် ဖြစ်ရပ်မဟုတ်ချေ။ အလွန်ရှုပ်ထွေးသော မူလစွမ်းအင်စီးဆင်းမှုသည်ပင် ထိုယှဥ်ပြိုင်မှု၏ ပြယုဂ်ပင် မဟုတ်တုံလော။ လူတိုင်းသည် ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို ထိန်းချုပ်လိုကြ၏။ သို့သော် တည်ရှိနေသောမူလစွမ်းအင်မှာမူကား အတိုင်းအဆမဟုတ်ပဲ ပမာဏတချို့သာ တည်ရှိနေခြင်း ဖြစ်သည်။ ထိုအခါ ယှဥ်ပြိုင်မှုများမှာ မဖြစ်မနေ ပေါ်ပေါက်လာတော့၏။
အထက်ပါအကြောင်းအရာများမှာ ပတ်ဝန်းကျင်မှ မူလစွမ်းအင်များကို မှီခိုအားထားပြီး တိုက်ခိုက်ရသူများအတွက် အကြီးမားဆုံးကန့်သတ်ချက်ဟု ဆိုနိုင်၏။ ထို့ကြောင့် လူသားများအနေနှင့် နောက်ဆုံးတွင် အာကင်နာနည်းစနစ်များကို စွန့်လွှတ်ခဲ့ရခြင်းပင်။
သို့သော် မီးလျံညှို့ငင်အတွက်တော့ တစုံတဦး၏ မူလစွမ်းအင်အထောက်အပံ့ကို ကျန်တဦးကရုပ်ပိုင်းဆိုင်ရာအရ ဖြတ်တောက်နိုင်ခြင်းကို ပထမဆုံးအကြိမ်အနေနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်မှ မူလစွမ်းအင်များကို ထုတ်ယူသုံးစွဲပြီးတိုက်ခိုက်ခြင်းသည် ပန်းကန်တစ်ခုတည်းမှ အစားအစာကို လုစားရန် ကြိုးစားခြင်းနှင့်ဆင်တူ၏။ သင်သည် ပြိုင်ဘက်ထက် ပိုစားကောင်းစားနိုင်လိမ့်မည်။ သို့သော် သင့် ပြိုင်ဘက် လုံးဝမစားနိုင်အောင် တားဆီးရန်မှာကား အလွန်ခက်ခဲပေသည်။
မီးလျံညှို့ငင် အကြီးအကျယ် ထိတ်လန့်လာ၏။
"ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူမ အထိတ်တလန့်နှင့် ထအော်လိုက်၏။
စုချန်း အားရပါးရ ရယ်မောလိုက်လေသည်။
"မင်းတော့ ကိုယ့်ဒုက္ခကိုယ်ရှာလိုက်ပြီပဲ"
သူပြောနေစဉ်မှာပင် မီးလျံကြာပန်းကြီးသည် ဝုန်းဒိုင်းကြဲတောက်လောင်နေသော မီးလျံထုကြီးအဖြစ် ပြောင်းလဲသွားပြီး မီးလျံညှို့ငင်ထံသို့ ဦးတည်ပျံသန်းသွားတော့သည်။ ဤနေရာတွင်တော့ စုချန်းသည် သူ မည်သူမည်ဝါမှန်း လျှို့ဝှက်ထားရန် မီးလျွကြာပန်းကို မီးလျံငှက်အဖြစ် မပြောင်းလဲပဲ ရိုးရှင်းသော ပုံစံဖြင့်သာ ရန်သူကို တုံ့ပြန်လိုက်လေသည်။ ထို့ကြောင့် သူ့တိုက်ခိုက်မှုမှာ မဆိုစလောက် အားနည်းသွားခဲ့၏။ သို့သော် ဘေးမှရပ်ကြည့်နေသူများအတွက်တော့ အံ့အားသင့်ရန် လုံလောက်သည်ထက်ပင် ပိုနေသေးပေသည်။
ဟာ...ဘယ်လို နည်းစနစ်မျိုးလဲ...ပြိုင်ဘက်၏နည်းစနစ်ကို ပြန်သုံးလိုက်တာလား....ဒါကြီးက သမားရိုးကျအာကင်နာသီအိုရီနဲ့ ဆန့်ကျင်ဘက်ပဲ မဟုတ်ဘူးလား...
စုချန်း၏ တိုက်ခိုက်မှုကြောင့် မီးလျံညှို့ငင် မျက်ကလဲဆန်ပြာနှင့် နောက်သို့ခုန်ဆုတ်သွားလေသည်။ ထိုအချိန်မှာပင် ဖြူမဲညီနောက်တို့ စတင်လှုပ်ရှားလာ၏။
၎င်းတို့ထံမှ ပြင်းထန်သော အာကင်နာနည်းစနစ်နှစ်မျိုး ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဝိညာဥ်ငိုကြွေးသံ...
ကြယ်အလင်းရောင်အစုအဝေး....
အမည်းရောင် အလင်းတန်းတစ်ခုနှင့် အဖြူရောင် အလင်းတန်းတစ်ခု ရောယှက်ထွက်ပေါ်လာ၏။ အလင်းတန်းများနှင့်အတူ သေမင်း၏ ငိုညည်းသံများ ပေါင်းစပ်ပါဝင်လာသည်ကို လူတိုင်း ခံစားလိုက်ရလေသည်။
***