← Chapters

ကံကြမ္မာလက်ချောင်းများ (၂)

Vol. 83 Ch. 830

ကံကြမ္မာလက်ချောင်းများ (၂)

Vol. 83 Ch. 830

ဖြူမဲညီအစ်ကိုများ၊ တနည်းအားဖြင့် တယောက်နှင့်တယောက် ဆန့်ကျင်ဘက်ဖြစ်နေသောညီအစ်ကိုများသည် ရှုပ်ထွေးမှုများ ဖန်တီးရခြင်းကို အထူးနှစ်သက်ကြသူများ ဖြစ်ကြ၏။ ထိုသို့ဖန်တီးနိုင်ရန်လည်း ထူးခြားသော စွမ်းရည်များကို သူတို့အသီးသီး ပိုင်ဆိုင်ထားကြ၏။ ၎င်းကို သူတို့ညီအစ်ကိုနှစ်ဦး တိုက်ခိုက်လိုက်သည့် အလင်းရောင်များ ရောယှက်ပေါင်းစပ်နေပုံကို ကြည့်လိုက်ရုံနှင့် မြင်သာပေသည်။

ဝိညာဥ်ငိုကြွေးသံသည် ကြောက်မက်ဖွယ်ကောင်းသော ပညာရပ်တစ်မျိုးဖြစ်ပြီး ၎င်းကို အသက်သွင်းလိုကိသည်နှင့်တပြိုင်နက် ပြိုင်ဘက်၏စိတ်ထဲတွင် အမျိုးမျိုးအဖုံဖုံသော ခံစားချက်များ ပေါ်ပေါက်လာစေနိုင်၏။ ထိုအခါ သူတို့၏စိတ်ဆန္ဒများ ထိခိုက်ပျက်စီးလာပြီး ဆက်လက်တိုက်ခိုက်လိုစိတ် ပျောက်ကွယ်သွားမည်ဖြစ်သည်။ တိုက်ခိုက်ရာတွင် ပေါ်ထွက်လာသောမူလ အလင်းရောင်မှာ မှောင်မဲပြီး ဆိုးသွမ်းဟန်ရှိ၏။ သို့သော် အသားမည်းပြီး အတောင်ပံဖြူသော လူပျံတော်မှ ထုတ်လွှတ်လိုက်သော ဝိညာဥ်ငိုကြွေးသံ ၏ပုံစံမှာမူ မြင့်မြတ်သောအလင်းရောင်နှင့် တူနေပေသည်။

မှန်ပေ၏။ မြင့်မြတ်သောအလင်းရောင်၊ ဤဝိညာဥ်ငိုကြွေးသံသည် သန့်စင်ပြီး မြင့်မြတ်သကဲ့သို့ ထင်စရာရှိ၏။ သို့သော် စုချန်းကတော့ အလင်းရောင်၏ ပါးလွှာသည့်အလွှာနောက်ကွယ်တွင် ပုန်းကွယ်နေသော ဆိုးယုတ်မှုနှင့် သွေးဆာမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရလေသည်။

ကြယ်အလင်းရောင်အစုအဝေးမှာလည်း အလားတူပင်။ ဤအာကင်နာနည်းစနစ်၏ ပြင်ပပုံသဏ္ဌာန်သည် အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး ကြယ်ပွင့်တိုင်းသည် လှပစွာ တောက်ပနေကာ ပါးစပ်အဟောင်းသားဖြစ်သွားစေလောက်သည်။ သို့သော် အသားဖြူပြီး အတောင်ပံနက်သောလူပျံတော် ထုတ်လွှတ်တိုက်ခိုက်လိုက်သော အလင်းရောင်သည်ကား မှိန်ဖျော့ပြီး တွေ့မြင်နိုင်ရန် ခက်ခဲနေ၏။ ဤအလင်းရောင်တွင်လည်း အလားတူပင် သွေးဆာမှုများနှင့် ပြည့်နှက်နေသည်။ ၎င်းကို ဖောက်ထွင်းဝင်ရောက်ဖျက်ဆီးနိုင်သော အာကင်နာနည်းစနစ်အဖြစ် မှတ်ယူပါက အကြီးကြီးမှားသွားပေလိမ်မည်။ အကြောင်းမှာ ကြယ်အလင်းရောင်အစုအဝေးသည် ပြင်းပြင်းထန်ထန် ပေါက်ကွဲစေတတ်သော တိုက်စစ်နည်းစနစ်တရပ် ဖြစ်နေသောကြောင့်ပင်။

အထက်ပါ အာကင်နာနည်းစနစ်နှစ်မျိုးလုံးသည် ၎င်းတို့၏ အတွင်းအနှစ်သာရ ပျောက်ပျက်ခြင်းမရှိသော်လည်း ပြင်ပပုံပန်းသဏ္ဌာန်များမှာကား ယခင်နှင့်မတူညီပဲ ကွဲပြားခြားနားနေ၏။ ထိုအခါ ပြိုင်ဘက်အများစုသည် အကဲဖြတ်မှုမှားယွင်းကာ ဒုက္ခများသွားနိုင်ဖွယ်ရာ ရှိနေသည်။

ကံကောင်းထောက်မစွာပင် စုချန်းကတော့ အမှားခံမည့်လူစားမျိုး မဟုတ်ချေ။

အားကောင်းလှသော စိတ်ဝိညဥ်စွမ်းအားကြောင့် သူသည် အနှီအာကင်နာနည်းစနစ်နှစ်မျိုး၏ အခြေခံ ဂုဏ်သတ္တိများကို ချက်ချင်း ခွဲခြားသိမြင်စေပြီး သင့်လျော်စွာ တုံ့ပြန်လိုက်၏။

ထိုအခါ ကြည့်နေရင်းနှင့်ပင် စုချန်း၏ ခန္ဓာကိုယ်တစ်လျှောက်တွင် လျှပ်စီးများ စတင် တောက်ပလာ၏။ အလင်းရောင်ဒီရေလှိုင်းများသည် စတုတ္တမြောက်လက်စွပ်အဆင့် အာကင်နာနည်းစနစ်တစ်မျိုး ဖြစ်သော်လည်း အားကောင်းသော လျှပ်စီးကြောင်းများကြောင့် ဝိညာဥ်ငိုကြွေးသံကဲ့သို့သော နတ်ဆိုးပညာရပ်ကို လုံးဝ ပျက်စီးစေနိုင်သော တန်ပြန်နည်းစနစ်တမျိုး ဖြစ်သည်။ ဤနည်းစနစ်သည် ဆဌမမြောက်လက်စွပ်အဆင့် အာကင်နာနည်းစနစ်နှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိသော်လည်း ၎င်းကို အသုံးပြုသူမှာ စုချန်း ဖြစ်နေ၏။

စုချန်း အသုံးပြုသည့် အာကင်နာနည်းစနစ်တိုင်းလိုလိုတွင် ထူးခြားသော ဂုဏ်သတ္တိများကိုယ်စီ ရှိနေ၏။ ဤနည်းစနစ်သည် စတုတ္ထမြောက်လက်စွပ်အဆင့်တွင်သာ ရှိသော်လည်း ၎င်းသည် ဝိညာဥ်ငိုကြွေးသံကို တိုက်ရိုက် တန်ပြန်နိုင်သောကြောင့် သာမညောင်ညစွမ်းရည်မျိုးတော့ မဟုတ်ချေ။

ရလဒ်မှာ အားကောင်းသော လျှပ်စီးတန်းများက ဝိညာဥ်ငိုကြွေးသံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေတော့၏။

ကြယ်အလင်းရောင်စုစည်းမှုကိုတော့ စုချန်း တကူးတက ရှောင်တိမ်းမနေတော့ပဲ တိုက်ခိုက်မှုကို တင်းခံလိုက်၏။ ၎င်းမှာ အန္တရာယ်တော့ရှိ၏။အကြောင်းမှာ သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိ၍ မဟုတ်ပဲ လူပျံတော်အဖြစ် ရုပ်ဖျက်ထားသောကြောင့်သာ ဖြစ်သည်။ လူပျံတော်များ၏ ခန္ဓာကိုယ်မှာ အားနည်းလှသည် မဟုတ်ပါလား။ သို့သော် ၎င်းသည် တဖက်တွင်လည်း တစုံတဦး၏ ခံနိုင်ရည်ကို ယာယီတိုးမြှင့်ပေးနိုင်သော အာကင်နာနည်းစနစ်များ ရှိနေသေး၍ စုချန်းအနေနှင့် တဖက်ရန်သူကို ခပ်တည်တည်နှင့် ဖိန့်လုံးထုတ်၍ ရနေ၏။

အားလုံးထက် အရေးအကြီးဆုံးအရာမှာ စုချန်းအနေနှင့် ဤအားကောင်းသော ရန်သူနှစ်ဦးကို အနိုင်ယူရန်ပင် မဟုတ်ပါလား။

အလင်းဒီရေလှိုင်းများထုတ်လွှတ်ပြီး တစ်စက္ကန့်အကြာမှာပင် စုချန်းသည် နောက်ထပ်အာကင်နာနည်းစနစ်မျိုးကို ထပ်မံ အသက်သွင်းလိုက်၏။

ကခုန်နေသောအလင်းတန်းများ။

စုချန်း စတင်လှုပ်ရှားလိုက်သည်နှင့် တောက်ပသောအလင်းရောင်ကြီးသည် နေရာတိုင်းသို့ ပျံ့နှံ့သွား၏။ သို့သော် သူ တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ဖြူမဲညီအစ်ကိုများကလည်း ပြိုင်တူ တိုက်ခိုက်လိုက်လေသည်။ ထိုအခါ အနက်ရောင်နှင့် အဖြူရောင် အလင်းများသည် ရောထွေးယှက်လိန်ကာ စုချန်းဆီသို့ တွန့်လိန်ကွေးကောက်စွာ တိုးဝင်လာတော့၏။

စုချန်းကား အနည်းငယ်မျှ ချီတုံချတုံ ဖြစ်နေခြင်းမရှိ။ သို့သော် မမျှော်လင့်ပဲ စုချန်း ပြန်လည်တုံ့ပြန်တော့မည့်အချိန်မှာပင် အနက်ရောင်နှင့် အဖြူရောင်အလင်းများသည် ရုတ်တရက် ထောင့်ချိုးပြောင်းသွားပြီး ကြိုတင်ခန့်မှန်းရန် အလွန်ခက်ခဲသော ပုံစံမျိုးဖြင့် ဦးတည်ပျံသန်းလာတော့သည်။

ဖြူမဲညီအစ်ကိုများသည် ပြင်ပပုံပန်းသဏ္ဌာန်များပြောင်းလဲရာတွင် ထူးချွန်သည်သာမက ရွေ့လျားမှုပုံစံ ပြောင်းလဲရာတွင်လည်း ကျွမ်းကျင်လှချေသည်တကား။ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းများသည် ရှုပ်ထွေးသောပုံစံများနှင့် ဦးတည်ပျံသန်းလာသဖြင့် စုချန်းအနေနှင့် ကြိုတင်ခန့်မှန်းပြီးတွက်ချက်တိုက်ခိုက်ရန် ခက်ခဲလာတော့သည်။

စုချန်းလိုလူစားမျိုးပင်လျင် ဤညီအစ်ကိုနှစ်ဦးကို ကိုင်တွယ်ရန် အလွန်ခက်ခဲကြောင်း ဝန်ခံရပေလိမ့်မည်။ ပြသနာမှာ ထိုနှစ်ဦးတည်းမဟုတ်ပဲ တဖက်တွင်လည်း မီးလျံညှို့ငင် ရှိနေသေးခြင်းပင်။

ထိုအချိန်တွင် စုချန်းအနေနှင့် ဖြူမဲညီအစ်ကိုများ၏ တိုက်ခိုက်မှုကို အာရုံစိုက်နေရသဖြင့် မီးလျံညှို့ငင်သည် သူမ၏ မီးအမျိုးအစားမူလစွမ်းအင်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့လေပြီ။

မိမိ၏ မူလစွမ်းအင်ကို ပြန်လည်ထိန်းချုပ်နိုင်သည်နှင့် မီးလျံညှို့ငင် ပထမဆုံး လုပ်ဆောင်ခဲ့သည်မှာ အာကင်နာနည်းစနစ်အား အင်အားတိုးပွားလာစေသည့်အရာတခုကို အသုံးပြုလိုက်ခြင်းပင်။

ဤပစ္စည်းသည် သူမ၏ မီးအမျိုးအစားအာကင်နာနည်းစနစ်၏ စွမ်းအားကို တိုးပွားလာစေပြီး ကနဦး သူမ ဒုက္ခရောက်စေခဲ့သည့် အခြေအနေကို ရှောင်ရှားနိုင်စေပေလိမ့်မည်တည်း။

သူမ၏ စိတ်ကူးမှာ အတော်လေး ထိရောက်သော စိတ်ကူးစိတ်သန်းဟု ဆိုနိုင်၏။ ထို့နောက် တဆက်တည်းမှာပင် မီးလျံညှို့ငင်သည် နောက်ထပ်အာကင်နာနည်းစနစ်တမျိုးကို ပြန်လည်ဖော်ထုတ်လိုက်ပြန်သည်။

နေမင်းရောင်ခြည်...

ဤ နည်းစနစ်သည် ကောင်းကင်ယံတွင် နေလုံးအသေးစားတလုံးကို ပေါ်ပေါက်လာစေပြီး စုချန်းအပေါ်သို့ မီးတောက်မီးလျံများ ရိုက်ခတ်လာစေ၏။ ဤမီးတောက်မီးလျှံများသည် အလွန်ပူပြင်းလှ၏။ သံမဏိများသည်ပင်လျှင် ထိုမီးလျှံများနှင့် ထိတွေ့ပါက မြန်မြန်ဆန်ဆန် အရည်ပျော်သွားပေလိမ့်မည်။

အံ့အားသင့်စရာအကောင်းဆုံးမှာ အနှီမီးတောက်မီးလျှံများသည် စုချန်းကိုသာ ပစ်မှတ်ထားနေပြီး သူ မည်သည့်နေရာသို့ ရှောင်တိမ်းသည်ဖြစ်စေ ထပ်ချပ်မကွာ လိုက်ပါနေခြင်းပင်။ ထိုအခါ ဘေးနားရှိ လေမျိုးဆုံရာမျိုးနွယ်စုများ ထိခိုက်ကုန်ကြတော့သည်။

၎င်းမှာ မီးလျံညှို့ငင်၏ အားသာချက်ဟု ဆိုနိုင်၏။ သူမသည် မီးတောက်မီးလျှံများကိုပင် သူမ၏အမိန့်အား နာခံစေရန် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ အားကောင်းလှသော အာကင်နာနည်းစနစ်များစွာသည် စုချန်းကို လိုက်လံတိုက်ခိုက်နေကြပြီ ဖြစ်သည်။ ထိုအခါ စုချန်းသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကာ ဆက်တိုက်ဆိုသလိုပင် ထွက်ပြေးနေရ၏။ သို့နှင့် တိုက်ပွဲအစက စုချန်းရရှိခဲ့သည့် အားသာချက်များ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအခါ နှစ်ဖက်စလုံးသည် ဘက်မျှကာ အကြိတ်အနယ် ပြန်ဖြစ်လာတော့သည်။

စုချန်းအဖို့လည်း အလေးအနက်ထားတိုက်ခိုက်ရမည့ အခြေအနေသို့ ဆိုက်ရောက်လာခဲ့၏။

ထိုအခါ သူက အလင်းမဲ့လက်စွပ်ကို ထုတ်ယူလိုက်၏။ စုချန်းနှင့် ရင်းနှီးသူ မည်သူမဆို အလင်းမဲ့လက်စွပ်၏ ပုံသဏ္ဌာန် ချက်ချင်းပြောင်းလဲသွားတတ်ကြောင်း သိရှိနိုင်ပေလိမ့်မည်။

မူလက အလင်းမဲ့လက်စွပ်ဟူသည်မှာ အရောင်အဆင်းကဲ့မဲ့သော လက်စွပ်ပုံ သဏ္ဌာန်ရှိ လက်နက်တစ်ခုသာ ဖြစ်သည်။ ၎င်း၏ ရိုးရှင်းသော၊ အထင်ကြီးစရာမရှိသော ပုံပန်းသဏ္ဌာန်သည် ဤလက်စွပ်၏ အားသာချက်တခုဟု ဆိုနိုင်၏။

ယခုတော့ စုချန်းလက်ထဲရှိ အလင်းမဲ့လက်စွပ်မှာကား ရွှေရောင်အဆင်းဝင်းလက်နေ၏။ ၎င်း၏ ပုံသဏ္ဌာန်မှာလည်း အကြီးအကျယ် ပြောင်းလဲနေလေသည်။ လက်စွပ်၏ အလယ်ဗဟိုတွင်ကား ချွန်ထက်သော ဓားသွားတစ်ခု ထိုးထွက်နေ၏။ ၎င်းဓားမှာ ထူးဆန်းသော စက်ဝိုင်းပုံလက်ကိုင်ပါရှိသည့် ဓားကြီးတစ်ချောင်း ဖြစ်နေသည်။

ထိုဓား၏ ဓားသွားမှာကား အပြည့်အဝပုံမပေါ်သေးသည့်တိုင် ဓားကြီးတစ်ချောင်းဟူသည်ကား မြင်ရုံနှင့် သိသာနေ၏။ ဓားကြီး၏ လက်ကိုင်အလယ်ဗဟိုတွင် ကြီးမားသော ပုံဆောင်ခဲတစ်ခု ရှိနေပြီး ၎င်းပုံဆောင်ခဲမှာ ထွန်းလင်းတောက်ပနေလေသည်။

"မပြီးသေးတဲ့လက်နက်ကို အားကိုးနေတာလား"

မီးလျံညှို့ငင် အေးစက်သောအမူအရာနှင့် ပြုံးလိုက်၏။

စုချန်း မသိမသာ ပြုံးလိုက်သည်။

"မဟုတ်ဘူး မင်းမှားနေပြီ ဒါ ပြီးပြည့်စုံတဲ့ လက်နက်ပဲကွ"

သူက အထက်ပါအတိုင်းပြောရင်းနှင့် ဓားဖြင့် လေထဲသို့ ခုတ်ထည့်လိုက်သည်။ စုချန်း၏ လုပ်ရပ်ကိုကြည့်ရင်း မီးလျံညှို့ငင်နှင့် ဖြူမဲညီအစ်ကိုများ အော်ဟစ်လှောင်ပြောင်လိုက်ကြ၏။ လေမျိုးဆုံရာမျိုးနွယ်စုဝင်များပင် နားမလည်နိုင်ပဲ ဖြစ်နေကြလေသည်။

အာကင်နာပညာရှင်တယောက်က ဓားကိုသုံးသတဲ့လား...ပြီးတော့ မပြည့်စုံသေးတဲ့ဓား... သူ ဘာတွေ စဉ်းစားနေတာလဲ...

သို့သော် သူတို့အားလုံး မှားယွင်းနေကြောင်း မြန်မြန်ဆန်ဆန်ပင် တွေ့ရှိလိုက်ရသည်။ စုချန်း ဓားကို လွှဲလိုက်သည်နှင့်အမျှ တစ်ဝက်တစ်ပျက်သာရှိနေသောဓားသည် တဖြည်းဖြည်း ရှည်ထွက်လာ၏။ ထို့နောက် ဓား၏ သတ္တုအနားစွန်းသည် ဆက်တိုက်ပင် ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ပြီးပြည့်စုံသော ဓားကြီးတစ်ချောင်း ဖြစ်လာတော့သည်။

သို့သော် ဤမျှဖြင့် မပြီးဆုံးသေးပါ။ ဓားသည် ဆက်လက်ပြန့်ကားနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း မီးတောက်မီးလျံများ ရုတ်တရက် တောက်ပလာကာ ပြင်းထန်လှသော အပူလှိုင်းများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။

ထိုအခိုက်အတန့်တွင် မီးလျံညှို့ငင်သည် မီးတောင်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ဒါ ဘာကြီးလဲ"

သူမ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပဲ ဖြစ်နေ၏။

စုချန်း၏ ဓားချက်သည် အာကင်နာနည်းစနစ်နှင့် တူသော်လည်း တစ်ချိန်တည်းမှာပင် မတူသကဲ့သို့ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မှုမှ ကြောက်စရာကောင်းလှသည့် အရှိန်အဝါကြီးသည် သူတို့၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့လေပြီတည်း။

“ရှောင်ကြစမ်း"

မီးလျံညှို့ငင် အလန့်တကြားနှင့် အော်လိုက်၏။ ထို့နောက် သူတို့သုံးဦးလုံးသည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် တစ်ပြိုင်နက်တည်း ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့သည် သူတို့၏ အတောင်များကို ဖြန့်ထုတ်ကာ စုချန်း၏ဓားချက်ကို ကသုတ်ကရက် ရှောင်တိမ်းလိုက်ကြ၏။

သို့သော် စုချန်း၏ဓားချက်မှာကား ဆက်လက်တိုးဝင်လာဆဲပင်။ မီးလျှံများ၏ စွမ်းအားသည် ဓားသွားတစ်လျှောက် ပျံ့နှံ့သွားပြီး လူပျံတော်သုံးဦးနောက်ကို ထပ်ချပ်မကွာ လိုက်ပါနေ၏။ ၎င်းသည် အလွန်မြန်ဆန်လှသဖြင့် လေမျိုးဆုံရာမျိုးနွယ်စု၏ နယ်မြေတစ်ခုလုံးကိုပင် ဖုံးအုပ်လုနီးပါး ဖြစ်လာခဲ့လေသည်။ နောက်ဆုံးတွင် ဓားသွားမီးလျံများသည် နဂါးတောင်မြို့တော်ပိုင်နက်တစ်ခုလုံးကိုပါ စတင် ဝါးမျိုလာ၏။

အံ့သြစရာကောင်းလှပါဘိတောင်း...

လူပျံတော်သုံးဦးသည် စုချန်း၏ ဓားချက်ကြောင့် လူချင်းကွဲကုန်ကြပြီး ဒလိန့်ကောက်ကွေးနှင့် လွင့်စင်ကုန်ကြ၏။

ဖြူမဲညီအစ်ကိုများအဖို့ကား ကြီးမားသော ဖိအားအောက်တွင် ကျရောက်နေခဲ့လေပြီ။ နောက်ဆုံးတွင် သူတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သူတို့၏ အမြင်တွင် စုချန်း၏ ဓားကြီးသည် အလွန်အားကောင်းသော်လည်း ပြပွဲသက်သက်လည်း ဖြစ်နိုင်နေ၏။ အစစ်လား၊ အတုလားဟူသည်ကိုတော့ စမ်းသပ်ကြည့်မှသာ သိနိုင်ပေတော့မည်။

ထို့နောက် သူတို့နှစ်ဦး ပူးပေါင်းတိုက်ခိုက်လိုက်ကြရာ ပြင်းထန်သော ရေခဲမုန်တိုင်းတစ်ခု စတင် ဖြစ်ပေါ်လာ၏။ ကြီးမားသော ရေခဲပုံဆောင်ခဲထုကြီးသည် လေထဲတွင် စတင်လည်ပတ်လာပြီး အားကောင်းလှသော လေထုဝဲဂယက်ကြီးက မီးလျှံဓားကို ရင်ဆိုင်ရန် ရှေ့သို့ တိုးလာ၏။

သူတို့ စုချန်း၏ ဓားချက်ကို တိုက်ရိုက် ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြခြင်းပင်။

၎င်းကိုမြင်သည်နှင့် မီးလျံညှို့ငင် အကြီးအကျယ် ထိတ်လန့်သွား၏။

"မလုပ်နဲ့"

ဖြူမဲညီနော်က စုချန်း၏ ဓားကို လှည့်စားမှုသက်သက်ဟု ထင်ခဲ့သော်လည်း အတွေ့အကြုံရှိသော မီးလျံညှို့ငင်ကမူ အဖြေမှန်ကို ကောင်းကောင်းသိနေ၏။

ထိုအချိန်မှာပင် အေးစက်သော လေဝဲဂယက်က ဆက်လက်တိုးဝင်လာပြီး ကောင်းကင်မှ ကျဆင်းလာသော ကြီးမားသည့် မီးလျှံဓားနှင့် စတင်ဆုံတွေ့မိတော့သည်။

***

All Chapters