စီးဆင်းရွှေဓား
Vol. 84 Ch. 831
ရွှီ!!!!
အေးစက်နေသောလေထုသည် မီးတောက်များနှင့်ထိတွေ့ပြီးနောက် ပွက်ပွက်ဆူသော ရေနွေးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးတောင်မြို့အပေါ်တွင် ကြီးမားသော အဖြူရောင်တိမ်တိုက်ကြီးတစ်ခု ပေါ်ထွန်းလာ၏။ ထို့နောက် ကြောက်မက်ဖွယ်အော်ဟစ်ငြီးတွားသံများနှင့်အတူ အရိပ်နှစ်ရိပ် လွင့်စင်သွား၏။
ထိုအရိပ်နှစ်ရိပ်မှာ တခြားမဟုတ်။ ဖြူမဲညီအစ်က်ိုများပင် ဖြစ်လေသည်။ စုချန်း၏ မီးလျံဓားကြီးနှင့် ထိပ်တိုက်အတိုးဝယ် ပြင်းထန်သော မူလစွမ်းအင် လှိုင်းလုံးများ၏ တန်ပြန်ရိုက်ခတ်မှုကြောင့် ၎င်းတို့၏အကာအကွယ်များ ကျိုးပျက်ကာ နှစ်ဦးလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားကြ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မီးလျှံညှို့ငင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွား၏။ ရန်သူ၏ မီးဓား ဤမျှလောက်ထိ အစွမ်းထက်မည်ဟု သူမ လုံးဝထင်မထားခဲ့ချေ။ သို့သော် စုချန်းက သူတို့ကို အပြတ်အသတ် ချေမှုန်းခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အာကင်နာနည်းစနစ်က အနည်းဆုံး အင်အားနှစ်ဆင့်ခန့် သာလွန်နေကြောင်း ပြသနေ၏။
တစ်နည်းအားဖြင့် အဌမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်တစ်ဦးသာ ဤသို့ စွမ်းဆောင်နိုင်ပေလိမ့်မည် ဖြစ်သည်။ ထို့ပြင် ဖြူမဲညီအစ်ကိုများ၏ ခွန်အားကို ထည့်တွက်လျင် စုချန်း၏ နည်းစနစ်က သာမာန်အဆင့် အာကင်နာနည်းစနစ်တော့ လုံးဝမဖြစ်နိုင်ချေ။
အဖြူရောင်တိမ်ထုကြီး ပြန်လည်ပျောက်ကွယ်သွားသည်နှင့် စုချန်း၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။ သူသည် တိမ်တိုက်ဗဟိုတွင် မီးလျံဓားကြီးကို ကိုင်ဆောင်လျက် ငြိမ်သက်စွာ ရပ်နေလေသည်။ ထိုအချိန်တွင် သူ့လက်ထဲရှိ မီးဓားသည်လည်း ပုံသဏ္ဍာန်အနည်းငယ် ပြောင်းလဲသွားဟန်ရှိ၏။ ဓားအသွားများသည် ဆက်လက်ပြန့်ကားလာခြင်း မရှိတော့ဘဲ မီးတောက်များသည်လည်း ငြိမ်းသွားပုံရသည်။ သို့သော် တောက်ပနေသည့် အစင်းကြောင်းများက ဓားတချောင်းလုံးကို ဖုံးလွှမ်းနေ၏။
၎င်းကိုကြည့်ရင်း မီးလျံညှို့ငင်၏ နှလုံးသားထိတ်လန့်တုန်လှုပ်သွား၏။ တချိန်တည်းမှာပင် တစုံတခုကို သူမ နားလည်လိုက်သည်။
"စီးဆင်းရွှေဓားပါလား"
စုချန်း မသိမသာ ပြုံးလိုက်၏။
"ဟုတ်တယ် အဲဒါ စီးဆင်းရွှေဓားပဲ"
စီးဆင်းရွှေဓားသည် စတုတ္ထအဆင့်အာကင်နာ နည်းစနစ် ဖြစ်ပြီး ပဉ္စမအဆင့်နည်းစနစ်ပင် မဟုတ်။ ဤနည်းစနစ်သည် သတ္တုများထံမှ ယာယီလက်နက်တစ်ခုကို ဖန်တီးပေး၏။ ၎င်းကို အနီးကပ်စီးချင်းထိုးပွဲများအတွက်သာ အသုံးပြုသောကြောင့် အာကင်နာနည်းစနစ်များထဲတွင် ရှားပါးနည်းစနစ်ဟု ဆိုနိုင်၏။ တကယ်တော့ ၎င်းမှာ မထူးဆန်းလှချေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါနည်းစနစ်များကို အနီးကပ် တိုက်ခိုက်ရေး အထူးကျွမ်းကျင်သူများကသာ အဓိကအသုံးပြုကြသောကြောင့် ဖြစ်သည်။
စီးဆင်းရွှေဓားသည် ကုန်ကြမ်းအဖြစ် သတ္တုများ လိုအပ်သောကြောင့် စုချန်းအနေနှင့် အစောပိုင်းကတည်းက လေမျိုးဆုံရာမျိုးနွယ်စုအား သတ္တုအများအပြားကို စုဆောင်းထားရန် အမိန့်ပေးခဲ့ခြင်းပင်။
စီးဆင်းရွှေဓားတွင် သမရိုးကျလက်နက်များထက် သာလွန်သော အကျိုးကျေးဇူးတချို့ရှိနေ၏။ ၎င်းသည် တခြားအာကင်နာနည်းစနစ်တချို့၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည့်အပြင် အသုံးပြုသူ၏ လိုအပ်ချက်အရ ပုံသဏ္ဍာန်ပြောင်းလဲနိုင်သည့် စွမ်းရည်ရှိလည်း ရှိနေ၏။ ထို့ပြင် ဖျက်ဆီးနိုင်သည့် စွမ်းရည်များလည်း ပါဝင်သည်။ အဆိုပါ ဖျက်ဆီးနိုင်သည့် စွမ်းရည်သည် ထိတွေ့သည့်အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး ထိုအထဲတွင် အကာအကွယ်များ၊ မူလကိရိယာများနှင့် အာကင်နာ နည်းစနစ်များပင် ပါဝင်နေ၏။
သို့သော် ထိုသို့ ဖျက်ဆီးရန်အတွက် ပစ်မှတ်နှင့် တိုက်ရိုက်ထိတွေ့ရန်လိုအပ်၏။ တနည်းအားဖြင့် ဖျက်ဆီးလိုသည့် အရာဝတ္ထုတစ်ခုနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်စပ်နေရန် လိုအပ်ပေသည်။ သို့သော် စီးဆင်းရွှေဓား၏ ကိုယ်ထည်သည်လည်း ၎င်းပစ်မှတ်နှင့် တူညီသော တန်ပြန်ပျက်စီးမှုကို ခံစားရလေ့ရှိသည်။ သို့သော် ၎င်းသည် စတုတ္ထအဆင့်အာကင်နာနည်းစနစ်သာဖြစ်သောကြောင့် ပျက်စီးသွားလျှင်ပင် အလွယ်တကူ ပြန်လည်ဖွဲ့စည်းနိုင်၏။ ထို့ကြောင့် စုချန်းသည် အနီးကပ်တိုက်ခိုက်ရာတွင် စီးဆင်းရွှေဓားကို ပျက်စီးသွားမည်ကို ကြောက်ရွံ့စရာမလိုဘဲ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းများကို အပြည့်အဝ အသုံးပြုခွင့်ရလေသည်။
ကံမကောင်းစွာဖြင့် ဤသို့သောဂုဏ်သတ္တိများဟရှိနေသော်လည်း စီးဆင်းရွှေဓားသည် အနီးကပ်တိုက်ခိုက်ရေးတွင်သာ အသုံးပြုနိုင်၍ မည်သည့်လူပျံတော်မှ ဤနည်းစနစ်ကို အလေးအနက်ထားခဲ့ကြခြင်း မရှိချေ။ လူပျံတော်အနည်းငယ်မျှသာလျင် ဤ နည်းစနစ်မျိုးကို လေ့ကျင့်ရန် ရွေးချယ်ကြ၏။ ထိုလူပျံတော်များကိုလည်း များသောအားဖြင့် တုံးတိုက်တိုက်ဒိုင်းအဖွဲ့ ဟု ခေါ်ကြလေသည်။
မည်သို့ဆိုစေ စုချန်း၏ လက်ထဲတွင် စတုတ္ထအဆင့်အာကင်နာနည်းစနစ်သည် သူ့စွမ်းအားများကို အပြည့်အဝ ဖော်ထုတ်ပြသနေ၏။
ဤနေရာတွင် စီးဆင်းရွှေဓား၏ ထူးခြားသော ဂုဏ်သတ္တိများနှင့်ပတ်သက်၍ နောက်ထပ်အချက်တစ်ချက်ကို ဖော်ပြရန် လိုအပ်ပေလိမ့်မည်။ ဦးစွာပြောရလျင် စီးဆင်းရွှေဓားသည် စွမ်းအားကန့်သတ်ထားည့် အာကင်နာနည်းစနစ်မျိုးမဟုတ်ချေ။ ၎င်း၏ တိုက်ခိုက်မှုစွမ်းအားသည် ၎င်း၏ဓားပင်မကိုယ်ထည်မည်မျှ ကြီးမားသည်နှင့် တိုက်ရိုက်အချိုးကျနေ၏။ ဓား၏ကိုယ်ထည်အရွယ်အစားမှာလည်း ကုန်ကြမ်းပစ္စည်း မည်မျှရရှိနိုင်သည်အပေါ် မူတည်နေသည်။
သီအိုရီအရဆိုလျင် အရည်အသွေးမြင့်သတ္တုများ လုံလောက်စွာရှိပါက စီးဆင်းရွှေဓား၏ စွမ်းအားသည် စတုတ္ထအဆင့် နည်းစနစ်၏ စွမ်းအားကို လုံးဝ ကျော်လွန်သွားနိုင်ပြီး ပဉ္စမအဆင့်သို့မဟုတ် ထို့ထက်ပင် မြင့်မားနိုင်သည်ဟူ၏။ လူပျံတော်များ၏ ရာဇဝင်တွင် အစွမ်းထက်သော စစ်သည်တော်တစ်ဦးကို အသုံးပြု၍ စီးဆင်းရွှေဓား၏ စွမ်းပကားကို ဆဌမလက်စွပ်အဆင့်တိုင်အောင် မြှင့်တင်ခဲ့ဖူးပေသည်။ သို့သော် ဆဌမအဆင့်မှာ ၎င်း၏ အမြင့်ဆုံးကန့်သတ်ချက်ဟု ဆိုနိုင်၏။
စတုတ္ထအဆင့် အာကင်နာနည်းစနစ်တစ်ခုအနေနှင့် ဆဌမအဆင့်စွမ်းရည်ကို ဖော်ထုတ်နိုင်ရန်အရည်အသွေးမြင့် သတ္တုပမာဏ အများအပြား လိုအပ်လာမည် မဟုတ်ပါလား။ ထို့ကြောင့် ထိုထက်ပို၍ ထပ်မံမြှင့်တင်ရန်မှာ နည်းလမ်းမရှိသလောက်ပင် ဖြစ်လေသည်။
သို့သော် စုချန်းကတော့ ထိုနေရာတွင် သတ္တုအမျိုးအစား နတ်ဆိုးဧကရာဇ် မူလသလင်းကို အစားထ်ိုးအသုံးပြုခဲ့၏။ မူလသလင်းသည် စီးဆင်းရွှေဓား၏ စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးရုံသာမက ၎င်း၏အမြင့်ဆုံးကန့်သတ်ချက်ကိုပါ ကျော်လွန်သွားစေ၏။ ဤနည်းအားဖြင့် စုချန်း၏ စီးဆင်းရွှေဓားသည် ဒဏ္ဍာရီအဆင့်အာကင်နာ နည်းစနစ်တစ်ခုအဖြစ် ရောက်ရှိသွားရန် အလားအလာများ ရှိနေ၏။
သို့သော် စုချန်းတွင် ထိုအဆင့်ရောက်ရန် သတ္တုလုံလောက်စွာမရှိချေ။ သို့သော် သူ့လက်ထဲတွင် သတ္တမအဆင့်အာကင်နာနည်းစနစ်ကို ဖော်ထုတ်ရန်တော့ သတ္တုပမာဏမှာ လုံလောက်သည်ထက်ပင် ပိုနေသေး၏။ ထိုမျှသာမကသေး စုချန်းက စီးဆင်းရွှေဓားတွင် မီးလျံစွမ်းအားကိုပါ ထည့်သွင်းပေးခဲ့သေး၏။ ဤနည်းအားဖြင့် စီးဆင်းရွှေဓားသည် အဌမအဆင့်အာကင်နာနည်းစနစ်အဖြစ် အဆင့်မြင့်တက်လာခဲ့ခြင်းပင်။ ဤအနေအထားတွင် ဖြူမဲညီအစ်ကိုများ ဒဏ်ရာမရခဲ့လျင်သာ အံ့သြစရာကောင်းနေပေလိမ့်မည်။
စုချန်းက ဖြူမဲညီအစ်က်ိုများကို ဆုံးမလိုက်ခြင်းကို လူပျံတော်တိုင်း မြင်လိုက်ရ၏။ ထိုသို့ဆုံးမရာတွင်လည်း အာကင်နာနည်းစနစ်အသုံးပြုခဲ့ခြင်းကို မည်သူမှ မငြင်းနိုင်ချေ။ ထို့ကြောင့် စုချန်းကို လူပျံတော်တဦးဟု လူတိုင်း ယုံကြည်နေကြ၏။
မီးလျံညှို့ငင် တုန်လှုပ်နေ၏။ အဌမအဆင့် စီးဆင်းရွှေဓားက သူမကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့လေပြီတည်း။
သူမ အလိုလို မေးလိုက်မိလေသည်။
"ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
တဖက်လူ၏ အဖြေကို သူမ မမျှော်လင့်ထားသည့်တိုင် စုချန်းကတော့ ပြန်ဖြေလိုက်၏။
"ဒီပစ္စည်းနဲ့လေ"
ထို့နောက် သူက ဓားရိုးမှ တောက်ပနေသော ကျောက်တုံးကို ဖြုတ်ယူလိုက်သည်။
သတ္တုအမျိုးအစား နတ်ဆိုးဧကရာဇ် မူလသလင်းပေတည်း။
မီးလျံမယ်တော် သတိလစ်တော့မတတ် ခံစားလိုက်ရ၏။
နတ်ဆိုးဧကရာဇ် မူလသလင်းတဲ့လား...
ဒီကောင်လေးမှာ တကယ်ပဲ နတ်ဆိုးဧကရာဇ် မူလသလင်းရှိနေတာလား...
ပြီးတော့ သူ အာကင်နာနည်းစနစ်ကို အဆင့်မြှင့်တင်ဖို့အတွက် ကိရိယာတစ်ခုထဲ ထည့်ထားတယ်တဲ့...
ဒီကောင်လေးက နတ်ဆိုးဧကရာဇ် မူလသလင်းပိုက်ဆိုင်ထားခြင်းရဲ့ အဓိပ္ပါယ်ကို မသိသေးဘူးပဲ...
မီးလျံညှို့ငင်သည် စုချန်းကို မည်သူမည်ဝါမှန်း မသိချေ။ ထို့ကြောင့် သူ၏ လမ်းကြောင်း၊ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်များကို မည်သို့မှ နားမလည်နိုင်ရှာ။ သူမ သိသည်မှာ စုချန်းကား နဆိုးဧကရာဇ် မူလသလင်းကျောက်ကို အလဟဿ ဖြစ်စေခဲ့လေပြီ။ ထိုအတွေးကြောင့် သူမ အကြီးအကျယ် နာလိုခံခက် ဖြစ်လာ၏။ သူမ၏ စိတ်ထဲတွင်လည်း စုချန်း၏ လုပ်ရပ်က်ို စက်ဆုပ်ရွံရှာလာတော့သည်။
သို့သော် သူမ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စုချန်းကား ရွေးချယ်ခဲ့ပြီးလေပြီ။ ထို့ကြောင့် စီးဆင်းရွှေဓားသည့် လက်ရှိတွင် မီးလျံညှို့ငင်အတွက် ကြောက်စရာကောင်းလှသော ခြိမ်းခြောက်မှုကြီးတရပ် ဖြစ်လာတော့သည်။ သို့သော် ဤနည်းဗျူဟာသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည့်အပြင် ဘယ်သူမှ မမြင်ဖူးသေးလေရာ ဘယ်လူပျံတော်မှ လူသားစုချန်းနှင့် မ်ိုးပြာရောင်မျက်နှာဖုံးကို ဆက်စပ်နိုင်စရာအကြောင်းမရှိချေ။
စီးဆင်းရွှေဓားက နောက်တကြိမ်ပြန်လည်လှုပ်ရှားလာသည်နှင့် မီးလျံမယ်တော်၊ ဖြူမဲညီအစ်ကိုများသည် ဓား၏ ကြောက်စရာကောင်းလှသောအပူဒဏ်က်ို ခံနိုင်ရည်မရှိတော့ပဲ ဖြစ်လာ၏။
သူတို့ အခြေအနေမကောင်းတော့မှန်း မီးလျံညှို့ငင် ချက်ချင်းသဘောပေါက်လိုက်၏။ ထိုအခါ သူမက အံကြိတ်ပြီး လေထဲမှ မီးလျံများကို ဆွဲစုပ်ယူကာ တစုံတရာအဖြစ် ပုံဖော်လိုက်သည်။
မီးတောက်များထဲမှ ပုံသဏ္ဍာန်ကို မြင်လိုက်သည်နှင့် စုချန်း ကြိတ်ပျော်သွား၏။ အကြောင်းမှာ ၎င်းပုံသဏ္ဍာန်သည် မီးလျှံငှက်ကြီးတကောင် ဖြစ်နေသောကြောင့်ပင်။ သို့သော် မီးလျံငှက်ကြီးတစ်ကောင်ဖြစ်သော်ငြား ၎င်းရဲ့ ပုံပန်းသဏ္ဍာန်မှာ စုချန်း၏ မီးလျံငှက်နှင့် အနည်းငယ်တော့ ကွဲပြားနေ၏။ မီးလျံညှို့ငင်၏ မီးလျံငှက်မှာ ပိုမိုလှပပြီး ပို၍သပ်ရပ်၏။ ၎င်းရဲ့ ခေါင်းတွင်အမွှေးရှည်ကြီး သုံးချောင်းရှိပြီး အမြီးမှာလည်း ပိုရှည်ပြီး ပြီးပြည့်စုံပေသည်။ မီးလျံညှို့ငင်၏ မီးလျံငှက်နှင့်စာလျင် စုချန်း၏ မီးလျံငှက်မှာ အကြမ်းထည်ဆန်လွန်းနေ၏။
မည်သို့ဆိုစေ မီးလျံညှို့ငင်၏ ကောင်းကင်မီးလျံငှက်ကို အထင်သေး၍မရ။ ဤတိုက်ကွက်သည် သူမ အကျွမ်းကျင်ဆုံး တိုက်ကွက်ဖြစ်ပြီး သတ္တမအဆင့်အာကင်နာနည်းစနစ်သာ ဖြစ်သော်ငြား အဌမအဆင့်အာကင်နာနည်းစနစ် တန်းတူပေသည်။ သို့သော် အားနည်းချက်မှာ ဤနည်းစနစ်ကို အသုံးပြုတိုင်း မူလစွမ်းအင်အများအပြား ကုန်ခန်းစေခြင်းပင်။ တစ်ခါကဆိုလျင် လူပျံတော်တဦးသည် ဤနည်းစနစ်ကို အသုံးပြုနေရင်းနှင့် သတိလစ်သွားခဲ့ဖူး၏။
နောက်ဆုံးတော့ စုချန်း၏ အဌမအဆင့် အာကင်နာနည်းစနစ်နှင့် မီးလျံညှို့ငင်၏ အဌမအဆင့်အာကင်နာနည်းစနစ်တို့ ထိုက်တိုက်တိုးမိကြလေပြီ။ အဆိုပါနည်းစနစ်နှစ်မျိုးလုံးသည်ပင် မီးလျံအမျိုးအစားအာကင်နာနည်းစနစ်များဖြစ်ကြ၍ အားလုံးမြင်လိုက်ရသည်မှာ အားကောင်းလှသော မီးလျံလှိုင်းကြီးနှစ်လှိုင်း ပြင်းပြင်းထန်ထန် တိုက်မ်ိကြခြင်းပင်တည်း။
ထိုအခါ မီးတောက်များသည် နဂါးတောင်မြို့ ကောင်းကင်ယံအား ဖုံးလွှမ်းသွားပြီး တမြို့လုံးကို လိမ္မော်ရောင်အဖြစ် ပြောင်းလဲပစ်လိုက်တော့၏။ မြင်ကွင်းမှာ ကမ္ဘာကြီးတစ်ခုလုံး မီးလောင်နေသကဲ့သို့၊ ကမ္ဘာပျက်မည့်နေ့ ဆိုက်ရောက်လာသကဲ့သို့ ထင်မှတ်ရလေသည်။
***