← Chapters

လက်နက်ချခြင်း

Vol. 84 Ch. 832

လက်နက်ချခြင်း

Vol. 84 Ch. 832

နဂါးတောင်မြို့တော်ကား ဒုက္ခများနေခဲ့ရလေပြီ။

ကောင်းကင်ပေါ်မှ မီးတောက်မီးလျံများနှင့်အတူ အရည်ပျော်နေသော ကျောက်တုံးကြီးများသည်လည်း မြို့ပေါ်သို့ မိုးရွာသည့်နှယ် တဝုန်းဝုန်းတဒိုင်းဒိုင်းနှင့် ကျရောက်နေ၏။

မြို့တော်သည် ကောင်းကင်ထက် ပေများစွာမြင့်သောနေရာတွင် တည်ဆောက်ထားသော်ငြား မြို့ခံများခမျာမှာ ကောင်းကင်ပေါ်မှကျလာသည့် အပျက်အစီးများကိုတော့ မည်သို့မှ ရှောင်လွှဲနိုင်ခြင်းစွမ်းမရှိကြရှာပေ။ သူတို့၏ ပတ်ပတ်လည်တွင် မီးတောက်များ မရပ်မနား တောက်လောင်နေ၏။ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းများကလည်း ၎င်းတို့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။ မီးလောင်နိုင်သောအရာမှန်သမျှကား ပြာအဖြစ်သို့ ပြောင်းကုန်ကြချေပြီတကား။

ထိုအခါ မြို့တော်တစ်ခွင်လုံးတွင် လူပျံတော် များ၏အော်ဟစ်ငိုကြွေးသံများနှင့်သာ ပြည့်နှက်နေတော့၏။ သူတို့အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးရန်ကြိုးစားနေကြသည်။ သို့သော် အနှေးကွေးဆုံးသောသူများကား လုံးဝဥဿုံ မီးလောင်ကျွမ်းကုန်ကြ၏။

ကံကောင်းထောက်မစွာ လွတ်မြောက်သွားသူများက နောက်ကိုလှည့်ကြည့်လိုက်ကြလေရာ မြို့တော်တစ်ခုလုံး မီးပင်လယ်ထဲသို့ ကျရောက်နေသည်ကို မြင်လိုက်ကြရ၏။ မှန်ပါသည်။ နဂါးတောင်မြို့တော်တစ်ခုလုံး ပျက်စီးသွားခဲ့လေပြီ။

အစွမ်းထက်သောအာကင်နာပညာရှင်နှစ်ဦး တိုက်ပွဲဝင်သောအခါတွင် ဤအရာမျိုးသည် ဖြစ်ပျက်တတ်၏။ တိုက်ပွဲမှ ရိုက်ခတ်လာသော စွမ်းအင်လှိုင်းလုံးကြီးများသည် မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်ထက် ပိုနေသေးသည် မဟုတ်ပါလား။ နဂါးတောင်မြို့တော်သည် သေးငယ်သော မြို့တစ်မြို့မျှသာ ဖြစ်၏။ ထို့ကြောင့် ဤတိုက်ပွဲမျိုးကို မည်သို့မျှ ခံနိုင်ရည်မရှိချေ။

အဌမလက်စွပ်အဆင့် အာကင်နာနည်းစနစ်နှစ်မျိုး ထိပ်တိုက်တွေ့ဆုံခြင်းမှာ စစ်တပ်ကြီးနှစ်တပ်၏ တိုက်ပွဲနှင့် တူညီ၏။ ထို့ကြောင့် ဤရလဒ်မျိုး ပေါ်ပေါက်လာခြင်းမှာ လားလားမျှ အံ့သြစရာမရှိချေ။ ထိုအကြောင်းကြောင့် လူမျိုးအသီးသီးသည် အချို့သော စွမ်းအင်အဆင့်သို့ ရောက်ရှိလာသောအခါ မြို့များအနီး တိုက်ခိုက်ခြင်းမပြုကြရန် သဘောတူညီမှု ယူထားကြ၏။ ကံမကောင်းသည်မှာကား စည်းကမ်းများကို လိုက်နာရန် ငြင်းဆန်သူဟူ၍ နေရာတိုင်းတွင် အမြဲတမ်းရှိနေတတ်ခြင်းပင်။

စုချန်းသည် လူသားတစ်ဦးဖြစ်ပြီး သူ့အတွက် တခြားမျိုးစိတ်များအားလုံးသည် တိုင်းတပါးသားများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သူ့အနေနှင့် စိတ်ပူနေရန် အကြောင်းမရှိ။ ၎င်းတို့ သေဆုံးသွားခဲ့လျင်ပင် သူ့အတွက် ဘာဂရုစိုက်နေစရာ လိုမည်နည်း။

ထိုနည်းတူစွာပင် မီးလျံညှို့ငင်သည်လည်း လူပျံတော်တစ်ဦးဖြစ်သော်ငြား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကံကြမ္မာလက်ချောင်းများ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အကြမ်းဖက်သမားဖြစ်သည်နှင့်အညီ အစုလိုက်အပြုံလိုက်သေဆုံးခြင်းအတွက် စိတ်မပူသည်မှာ သဘာဝကျပါသည်။

နှစ်ဖက်လုံးတွင် ငဲ့ညှာထောက်ထားစရာအကြောင်းပြချက်မရှိသောအခါတွင် ဤကပ်ဆိုးကြီး ဖြစ်ပေါ်လာခြင်းမှာ ပုံမှန်ဖြစ်ရိုးဓမ္မတာဟု ဆိုနိုင်၏။ နဂါးတောင်မြို့တော်အဖို့ကား ကြောက်မက်ဖွယ်ကံကြမ္မာနှင့် ကြုံတွေ့ရတော့မည်မှာ သေချာနေခဲ့လေပြီ။ ထိုအထဲတွင် လေမျိုးဆုံရာမျိုးနွယ်စုလည်း ပါဝင်နေ၏။

သူတို့သည်လည်း ကနဦးတွင် အခြေအနေကို စောင့်ကြည့်နေရုံမှအပ ဘာမှမလုပ်နိုင်ကြပဲ နောက်ဆုံးတွင် ထွက်ပြေးကြရတော့သည်။ တမြို့လုံး ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည်ကို ကြည့်ရင်း သူတို့၏နှလုံးသားထဲတွင် ဝမ်းနည်းကြေကွဲမှုများ အသီးသီး ပေါ်ပေါက်လာကြ၏။ သူတို့၏ မျိုးနွယ်စုတစ်စုလုံး မီးတောက်ထဲတွင် ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော် တိုက်ပွဲသည် ရပ်တန့်မည့် အရိပ်အယောင်မပြပဲ ဆက်လက်ဖြစ်ပွားနေ၏။ ကောင်းကင်ယံတွင် ပုံရိပ်လေးခုသည် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေကြ၏။ တိုက်ပွဲမှ ထွက်ပေါ်လာသော မီးတောက်များကား ယခင်ကထက် ပိုမိုပြင်းထန်လာဟန် တူသည်။ မည်သို့ဆိုစေ နှစ်ဖက်လုံးသည် ရှေ့ကိုသာ တိုး၍တိုက်ခိုက်နေကြ၏။

ထို့အတူ နှစ်ဖက်လုံးသည်လည်း ၎င်းတို့၏ကိုယ်ပိုင်ဝိသေသလက္ခဏာများရှိနေသည့် အစွမ်းထက်အာကင်နာနည်းစနစ်များကို ဆက်တိုက်ဆိုသလို အသုံးပြုနေကြ၏။ စုချန်းကား ပုံမှန်အတိုင်းပင် မီးလျံများကို အခြေခံသည့် နည်းစနစ်များကို အားပြုရင်း တိုက်ခိုက်နေ၏။ တစ်ခါတစ်ရံတွင် သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အပါအဝင် တခြားအာကင်နာနည်းစနစ်များကိုပါ ကျွမ်းကျင်စွာ ပေါင်းစပ်အသုံးပြုနေလေသည်။ ၎င်း၏ကျွမ်းကျင်မှုကို မီးလျံညှို့ငင်နှင့် ဖြူမဲညီအစ်ကိုများပင် အသိအမှတ်မပြုပဲ မနေနိုင်တော့။

ပို၍အရေးကြီးသည်မှာ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ မီးလျံညှို့ငင်၏ မူလစွမ်းအင်များ ကုန်ဆုံးလာခြင်းပင်။ သူမ၏ မီးလျံငှက်သည် အစွမ်းထက်သော်ငြား မူလစွမ်းအင်ကို အလွန်ကုန်ခန်းစေ၏။ ၎င်းကို အကြိမ်ကြိမ်အသုံးပြုတိုက်ခိုက်နေရ၍ မီးလျံညှို့ငင်၏ မူလစွမ်းအင်မှာ တဖြည်းဖြည်းပါးလျားလာနေခဲ့လေပြီ။

ထိုအချိန်တွင် စုချန်းကတော့ သူ၏ဓားကို ဝှေ့ယမ်းကာ ဆက်လက်တိုက်ခိုက်နေ၏။ သူ အသုံးပြုနေသည့် စီးဆင်းရွှေဓား၏ မူလစွမ်းအင်သုံးစွဲမှုမှာ မီးလျံညှို့ငင်၏မီးလျံငှက်ထက် နိမ့်၏။ အကယ်၍ တူညီနေခဲ့လျှင်ပင် စုချန်း၏ရုပ်စွမ်းအားက လှုပ်ရှားမှုတိုင်းကို အားဖြည့်ပေးရန် လုံလောက်သည်ထက်ပင် ပိုနေသေးပေသည်။

ထိုအခါ ဤတိုက်ပွဲသည် မီးလျံညှို့ငင် ကျရှုံးစေရန် ကံကြမ္မာဖန်တီးထားသည့် တိုက်ပွဲတစ်ခုသဖွယ် ဖြစ်လာတော့၏။ သူမ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေခဲ့လေပြီ။ ထိုအခါ သူမသည် မီးလျံငှက်တကောင်ကို နောက်ဆုံးအကြိမ်အဖြစ် ဖော်ထုတ်တိုက်ခိုက်ရင်း နောက်သို့တဟုန်ထိုး ခုန်ဆုတ်လိုက်၏။

၎င်းကိုမြင်သည်နှင့် စုချန်း ပြုံးလိုက်၏။

"အခုပြေးဖို့ ကြိုးစားနေတယ်ပေါ့ အရမ်းနောက်ကျနေပြီမထင်ဘူးလား"

ထို့နောက် သူက မီးလျံညှို့ငင်ကို ဓားနှင့် လှမ်းခုတ်လိုက်လေသည်။

ထိုအခိုက်မှာပင် မီးလျံညှို့ငင်၏ မျက်လုံးများ အဆန်းတကြယ်နိုင်စွာ တောက်ပလာပြီး သူမ၏ခန္ဓာကိုယ်သည်လည်း မီးတောက်များအဖြစ် ပေါက်ကွဲထွက်လာ၏။ တချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် ပျံသန်းသွားနိုင်သည့် မီးတောက်အဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲစည်းဝိုင်းထဲမှ လွတ်မြောက်နိုင်ရန် အသည်းအသန် ကြိုးစားလိုက်လေသည်။

မီးလျံညှို့ငင်၏ လှုပ်ရှားမှုကို မြင်သည်နှင့် စုချန်း လှောင်ရယ်လိုက်သည်။

"မင်းဟာ တိုက်ပွဲမှာတောင် ငါ့ကိုမယှဥ်နိုင်တာ အမြန်နှုန်းချင်းယှဥ်ဖို့ဆိုတာ ဝေးပါသေးတယ်ကွာ"

ပြောရင်းနှင့် စုချန်း၏ စီးဆင်းရွှေဓားသည် ရိပ်ခနဲ လှုပ်ရှားသွား၏။ ထိုတိုက်ခိုက်မှုသည် လေဟာနယ်မှတဆင့် ဖြတ်သွားပုံရသော်လည်း မီးလျံညှို့ငင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ သူမ၏မီးတောက်များသည်လည်း စီးဆင်းရွှေဓားထဲသို့ စီးဝင်ကုန်ကြလေသည်။

ထို့နောက် မီးတောက်များသည် သူမ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလိုက်၏။ ထိုအချိန်တွင် သူမ၏ မျက်နှာမှာ သိသိသာသာပင် ဖြူလျော်နေပြီ ပါးစပ်မှ သွေးများစွာ တစိမ့်စိမ့်ယိုစီးကျနေလေသည်။

ဖြူမဲညီအစ်ကိုများ မီးလျံညှို့ငင်၏ ဖြစ်ရပ်ကိုမြင်သည်နှင့် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် အနက်ရောင်နှင့် အဖြူရောင် လေစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုလေစီးကြောင်းများမှာလည်းအချင်းချင်း ရောနှောသွား၏။ ထို့နောက် လေစီးကြောင်းနှစ်ခုသည် လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး ဝေးရာသို့ ပျံသန်းသွားတော့သည်။ ၎င်းတို့ကို စုချန်းက ဓားနှင့် လှမ်းခုတ်လိုက်သော်လည်း လေကိုသာခုတ်မ်ိသည်ဟု ထင်လိုက်ရသည်။

စုချန်း အံ့သြသင့်သွား၏။

ဒီညီအစ်ကိုနှစ်ယောက်က မလွယ်ပါလား...

သူတို့အသုံးပြုနေသော နည်းစနစ်မှာ ကစဥ့်ကလျားလေစီးကြောင်းဟု ခေါ်ဆို၏။ ဤနည်းစနစ်ကိုသုံးလိုက်သည်နှင့် ၎င်းတို့သည် လေအဖြစ်သို့ ပြောင်းလဲသွားပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို လျစ်လျူရှုကာ အလွယ်တကူ ထွက်ပြေးသွားနိုင်ကြပေသည်။ ဤစွမ်းရည်ကား ထွက်ပြေးရန်အတွက် အထူးသင့်လျော်သောစွမ်းရည်မှန်း သိသာနေ၏။

"ကျွန်မကို ကယ်ပါအုံး"

မီးလျံညှို့ငင် လှမ်းအော်လိုက်သေး၏။ သို့သော် ညီအစ်ကိုနှစ်ယောက်ကား လှည့်၍ပင်မကြည့်ပဲ ခြေကုန်သုတ်သွားကြလေပြီ။ အကြမ်းဖက်သမားများတွင် သစ္စာတရားဟူ၍ အဘယ်မှာ ရှိနိုင်အံ့နည်း။

စုချန်း ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ကွာ သူတို့သိပ်ဝေးဝေးမရောက်ပါဘူး"

ပြောရင်းနှင့် သူက လက်ကို ကောင်းကင်ဆီသို့ တွန်းထုတ်လိုက်ရာ ၎င်း၏ပတ်ပတ်လည်ရှိ လေထုသည် စုစည်းသွားတော့၏။ ဆူမာရုလေဟာနယ်ပေတည်း။

တကယ်တမ်းပြောရလျင် ဤတကြိမ်တွင် စုချန်းတယောက် အနည်းငယ်တော့ စွန့်စားလိုက်၏။ ဆူမာရုလေဟာနယ်သည် ယခုအချိန်တွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ အကယ်၍ စုချန်းအကြောင်းကို သိသောလူတယောက်သာ ဤနေရာတွင် ရှိနေခဲ့လျင် ဆူမာရုလေဟာနယ်ကို မြင်သည်နှင့် စုချန်း မည်သူမည်ဝါမှန်း သိရှိသွားလိမ့်မည်သာ။

သို့သော် မီးလျံညှို့ငင်နှင့် ဖြူမဲညီအစ်ကိုများသည် စုချန်းကို ကောင်းကောင်းမသိသည်မှာ ထင်ရှားနေ၏။ ဘေးမှကြည့်နေသူများသည်လည်း တိုက်ပွဲကို ဝေးလံသောနေရာမှသာ ကြည့်ရှုနိုင်ကြ၏။ ထို့ကြောင့် စုချန်း အသုံးပြုနေသော နည်းစနစ်ကို အတိအကျဆုံးဖြတ်နိုင်မည် မဟုတ်။

ဆူမာရုလေဟာနယ်ကို စတင်အသုံးပြုလိုက်သည်နှင့် ဖြူမဲညီအစ်ကိုများအဖို့ ရွေ့လျားရန် ပိုမိုခက်ခဲလာသည်ကို ချက်ချင်းခံစားလိုက်ရ၏။

ထိုမျှမကသေးပဲ စုချန်းက လက်သီးဆုပ်လိုက်လေရာ ၎င်း၏ပတ်ပတ်လည်ရှိ လေဟာနယ်သည် ကျုံ့ဝင်သွားပြီး လေဆင်နှာမောင်းကို နောက်သို့ပြန်ဆွဲလိုက်လေသည်။

စုချန်းသည် ဖြူမဲညီအစ်ကိုများကို သူ့ဘေးသို့ ဆွဲခေါ်လာရင်း ပျော်ရွှင်စွာ ရေရွတ်လိုက်၏။

"စီးဆင်းရွှေဓားကို မကြောက်ဘူးဆိုတဲ့ကောင်တွေ ဒီတစ်ခုကို စမ်းကြည့်ရအောင်"

ထို့နောက် စုချန်းက သူ၏ ဘယ်ဖက်လက်ကို လှုပ်ရှားလိုက်ရာ မဲနက်နေသော ငှက်ကြီးတစ်ကောင် ကောင်းကင်ယံတွင် ပေါ်လာတော့၏။ ဤအနက်ရောင်ငှက်ကြီးသည် ယခင်ငှက်ကြီးထက် များစွာသေးငယ်၏။ စီးဆင်းရွှေဓားမှ မီးတောက်များက ၎င်းကို ဖုံးအုပ်ထားသဖြင့် ကျန်လူများ မြင်တွေ့နိုင်သော အခြေအနေတွင် မရှိပေ။ သို့သော် ဖြူမဲညီအစ်ကိုများကား အနက်ရောင်ငှက်ထံမှ ထွက်ပေါ်လာသော အစွမ်းသတ္တိများကို ခံစားနိုင်ကြ၏။ ပုပ်အက်အက်မီးတောက်များက သူတို့ကို ဒုက္ခပေးလိမ့်မည်ဖြစ်ကြောင်း သူတို့ ချက်ချင်းသဘောပေါက်လိုက်၏။

ဖြူမဲညီအစ်ကိုများ ကြောက်လန့်တကြားနှင့်အော်ဟစ်လိုက်၏။

"မလုပ်ပါနဲ့"

ထိုအချိန်မှာပင် ၎င်းတို့၏ခန္ဓာကိုယ်အစစ်သို့ ပြန်လည်ပြောင်းလဲရန် မဖြစ်နိုင်တော့သည်ကို ဖြူမညီအစ်ကိုများ တွေ့လိုက်ရသည်။ စုချန်း၏ ဆူမာရုလေဟာနယ်သည် ၎င်းတို့ကို တင်းကြပ်စွာ ဖိသိပ်ထားခဲ့လေပြီ။ စက္ကန့်ပိုင်းအတွင်းမှာပင် အနက်ရောင်မီးတောက်များသည် ဖြူမဲညီအစ်ကိုများကို ပြင်းထန်စွာ လောင်မြိုက်တော့သည်။

"အား!"

ကြောက်လန့်တကြားအော်သံများ ထွက်ပေါ်လာလေရာ မီးလျံညှို့ငင် ပြင်းထန်စွာ တုန်လှုပ်သွား၏။

"ကျွန်တော်တို့ကို သက်ညှာပေးပါ သခင့်ဆီမှာ ကျွန်တော်တို့အမှုထမ်းပါ့မယ်"

ဖြူမဲညီအစ်ကိုများ ကြောက်လန့်တကြား အော်ဟစ်တောင်းပန်ကြကုန်၏။

"မင်းတို့ကို ငါမလိုအပ်ဘူးကွ"

စုချန်း အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

သစ္စာမရှိသော လက်အောက်ငယ်သားများကို စုချန်း အလိုမရှိချေ။ ထိုအချိန်မှာပင် အနက်ရောင်မီးတောက်များ ဆက်လက်လောင်ကျွမ်းနေပြီးသကာလ ဖြူမဲညီအစ်ကိုများ၏ အော်သံများ တဖြည်းဖြည်း တိမ်ဝင်သွား၏။ တချိန်တည်းမှာပင် အနက်ရောင်နှင့်အဖြူရောင်လေထုသည် အစအနမျှပင် မကျန်ပဲ ပျောက်ကွယ်သွားလေသည်။

ညီအစ်ကိုနှစ်ဦး၏ ကံကြမ္မာကို အတိုင်းသား မြင်တွေ့နေရသော မီးလျံညှို့ငင် ကျောစိမ့်သွား၏။ လေမျိုးဆုံရာမျိုးနွယ်စုဝင်များလည်း အလားတူပင်တည်း။ စုချန်း၏ ကြောက်စရာကောင်းလှသည့်သရုပ်ပြမှုကို မြင်ပြီးနောက် အကြောက်တရားသည် သူတို့၏ နှလုံးသားထဲတိုင်အောင် ထိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။

ဖြူမဲညီအစ်ကိုများ သေဆုံးသွားသည်နှင့်တပြိုင်နက် ကောင်းကင်ယံတွင် ပျံဝဲနေသော လူပျံတော်များအားလုံး စုချန်းရှေ့တွင် ကြောက်လန့်တကြားနှင့် ဒူးထောက်လိုက်ကြ၏။ တဦးတလေမျှပင် စုချန်းကို မော့မကြည့်ရဲပဲ ခေါင်းငုံ့ထားကြလေသည်။

သို့သော် စုချန်းက သူတို့ကို လှည့်မကြည့်ပဲ မီးလျံညှို့ငင်ကို ကြည့်ရင်း ပြောလိုက်ပြန်သည်။

"နောက်တစ်ခေါက်ကတော့ မင်းအလှည့်ပဲ"

"မလုပ်ပါနဲ့"

မီးလျံညှို့ငင် တောင်းပန်ရလေပြီ။ အန္တရာယ်သည် သူမအပေါ် ကျရောက်တော့မည်မှန်း သူမ သိနေသည် မဟုတ်ပါလား။ သူမအနေနှင့် စုချန်းကို မအနိုင်မယူနိုင်သလို ထွက်ပြေးရန်မှာလည်း မဖြစ်နိုင်တော့ချေ။

နောက်ဆုံးတွင် မီးလျံညှို့ငင်က စုချန်းရှေ့တွင် ဒူးထောက်ရင်း အောက်ပါအတိုင်း အော်ပြောလိုက်၏။

"ကျွန်မ အညံ့ခံပါတယ် ကျွန်မ လက်နက်ချပါတယ်ရှင်"

"စိတ်မကောင်းပါဘူးကွာ ကျုပ် စိတ်မဝင်စားဘူး"

"ကျွန်မပိုင်ဆိုင်မှုအားလုံးကို ရှင့်လက်ထဲ ထည့်ပေးမယ်လေ"

"ကျုပ် မလိုအပ်ဘူး"

ထိုအချိန်တွင် စီးဆင်းရွှေဓားမှာ မီးလျံညှို့ငင်၏ ဦးခေါင်းနှင့် လက်မအနည်းငယ်အကွာသို့ ရောက်နေခဲ့လေပြီ။

"တောင်းပန်ပါတယ်ရှင် ကျွန်မမှာရှိတဲ့ အရာအားလုံးကို ပေးပါ့မယ်… ကျွန်မရဲ့ အသိပညာ ကျွန်မရဲ့ ခွန်အား ကျွန်မရဲ့ စည်းစိမ်ဥစ္စာ ပြီးတော့ ကျွန်မရဲ့ ဝိညာဉ်ကိုပါ ပေးနိုင်ပါတယ်"

စီးဆင်းရွှေဓား ရပ်တန့်သွား၏။ မီးလျံညှို့ငင်တကိုယ်လုံး ချွေးများဖြင့် ရွှဲစိုနေခဲ့လေပြီ။

သို့သော် စုချန်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။

"မင်းရဲ့ကမ်းလှမ်းမှုက လိုအပ်ချက်ရှိနေသေးတယ်ကွ"

စုချန်း၏ စကားကြောင့် မီးလျံညှို့ငင်၏ နှလုံးသားထဲတွင် ခါးခါးသီးသီးနာကျင်သွား၏။

သူမ၏ အခြေအနေမှာ တစ်စုံတစ်ဦး၏ကျွန် ဖြစ်လာရန်ပင် တောင်းပန်နေရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ချေပြီတကား။

သို့သော် သူမ အသက်ရှည်ရှည် နေလိုသေး၏။

ထိုအခါ သူမက ပြောလိုက်လေသည်။

"ကျွန်မအနေနှင့် ကံကြမ္မာလက်ချောင်းများရဲ့ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ရှင့်ကို ကူညီနိုင်တယ်"

စုချန်း မျက်မှောင်ကုတ်လိုက်၏။

မီးလျံညှို့ငင်က ဆက်ပြောလိုက်ပြန်သည်။

"ရှင်ဟာ အံ့မခန်းအစွမ်းထက်တယ်ဆိုတာ ကျွန်မဝန်ခံပါတယ် ဒါပေမဲ့ ရှင်ဟာ ဒဏ္ဍာရီလာအဆင့်တော့မဟုတ်သေးဘူး ကံကြမ္မာလက်ချောင်းများအဖွဲ့ထဲမှာ ဒဏ္ဍာရီလာအာကင်နာပညာရှင်တချို့ တကယ်ရှိနေသေးတယ်ရှင့် ရှင် ဒီနေ့တော့ အနိုင်ရခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ကံကြမ္မာလက်ချောင်းများက ရှင့်ထက်ကျွမ်းကျင်သူတွေ လွှတ်လိုက်ရင် ရှင် ဘယ်လိုလုပ်မလဲ"

မှန်၏။ ၎င်းမှာ စဥ်းစားစရာတခုပင်။

ထိုအခါ စုချန်းက မေးလိုက်ပြန်သည်။

"ဒါဆို မင်းရဲ့အစီအစဥ်က ဘာတဲ့လဲ"

"လွယ်ပါတယ် ကျွန်မက ရှင့်ကို အနိုင်ယူပြီး ဖမ်းထားလိုက်ပြီလို့ သူတို့ကို ပြောလိုက်မယ် အဲဒီလိုဆိုရင် ဒီကိစ္စက အလိိုလို ပြီးသွားလိမ့်မယ်"

"ဒါပေမဲ့ ဒီနေရာမှာ လူတွေအများကြီးပဲလေ နောက်ဆုံးတော့ သူတို့ အမှန်တရားကို သိသွားမှာပဲ"

"ဒါကြောင့် ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်ဖို့ လိုအပ်တာပေါ့ သူတို့ ဘာမှမသိသေးခင် ကျောက်စိမ်းမြူရဲ့ လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်ရင် အဆင်မပြေဘူးလား ဒီလိုမှမဟုတ်ဘူးဆိုရင်လဲ တခြားနည်းလမ်းတစ်ခု ရှိတယ် အဲဒါကတော့သက်သေတွေအားလုံးကို သတ်ပစ်ဖို့ပဲ"

မီးလျံမယ်တော် ရယ်မောရင်း ပြောလိုက်လေသည်။

***

All Chapters