← Chapters

ပြိုင်ဘက်

Vol. 84 Ch. 833

ပြိုင်ဘက်

Vol. 84 Ch. 833

အားလုံးကို သတ်ပစ်လိုက်တာအကောင်းဆုံးပဲ...

ထိုစကားကို ကြားလိုက်ရသည်နှင့် နဂါးတောင်မြို့ရှိ လူပျံတော်အားလုံး အံ့အားသင့်သွားကြ၏။

သူတို့အားလုံး တိုက်ပွဲကို စောင့်ကြည့်မိသည့်အတွက် အဖိုးအခတစ်ခု ပေးဆပ်ရတော့မည်တကား။ တဖက်တွင်လည်း မီးလျံညှို့ငင်အနေနှင့် သူမ အသက်ရှင်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတော့မည်သာ။

သို့သော် လူပျံတော်များအဖို့လည်း ထွက်ပြေး၍ ဘာမှမထူးမှန်း သဘောပေါက်ထားကြ၏။ ထွက်ပြေးသူမည်သူမဆို ထွက်ပြေးပါက သေကြရမည်သာ။ ထိုအခါ သူတို့အားလုံးသည် ကြောက်လန့်တကြားနှင့် စုချန်းကို လှည့်ကြည့်နေကြ၏။ အတော်များများမှာမူကား အသက်ချမ်းသာပေးရန် ဒူးထောက် တောင်းပန်နေကြလေသည်။

စူးချန်းသည် သူ့ရှေ့တွင် ဒူးထောက်နေကြသော လူပျံတော်အားလုံးကို ဝေ့ကြည့်လိုက်၏။ နဂါးတောင်မြို့သည် မြို့ငယ်လေးတမြို့သာဖြစ်၍ လူပျံတော်ဦးရေ သိပ်မများလှသော်လည်း အနည်းဆုံးတော့ သောင်းနဲ့ချီ ရှိနေ၏။ မြို့ထဲမှ အချိန်မီ မထွက်ပြေးနိုင်သည့် လူပျံတော် အနည်းဆုံး တစ်သောင်းခန့် ရှိခဲ့သည်ဆိုလျင်ပင် ကောင်းကင်ပေါ်တွင်မူ ခုနစ်သောင်းမှ ရှစ်သောင်းအထိ ကျန်နေသေးပေသည်။ အနှီ လူပျံတော်အများစုမှာ သာမန်အရပ်သားများသာ ဖြစ်ကြ၏။ အာကန်နာပညာရှင်ဟူ၍ အနည်းငယ်သာ ရှိပြီး ထိုပညာရှင်များမှာလည်း အဆင့်မြင့်ပညာရှင်များ မဟုတ်ချေ။ ထို့ကြောင့် ထိုလူပျံတော်အင်အားလောက်နှင့် ပြန်လည်ခုခံရန်မှာ ဖြစ်နိုငမလောက်စရာမရှိ။ အကြောင်းမှာ အရေအတွက်ထက် အရည်အသွေးက သာ၍ အရေးကြီးနေသေးသောကြောင့်ပင်တည်း။ အကယ်၍ တတိယ သို့မဟုတ် စတုတ္ထအဆင့် အာကင်နာပညာရှင်ပေါင်း ခုနစ်သောင်း ရှိခဲ့လျင်မူ စုချန်းကို သတ်ကောင်းသတ်နိုင်ပေလိမ့်မည်။ သို့သော် သာမန်အရပ်သားများက စူးချန်းကို တိုက်ခိုက်ရန် ကြိုးစားခြင်းကတော့ သေတွင်းထဲ ခုန်ချသည်နှင့် အတူတူသာ။

ဆိုလိုသည်မှာ စုချန်းတဦးတည်းအနေအထားနှင့်ပင် ၎င်းတို့အားလုံးကို သတ်ပစ်ရန် အလွန်လွယ်ကူ၏။ မီးလျံညှို့ငင်၏ အကူအညီပါ ရခဲ့မူကား ပြောစရာပင် မလိုတော့ချေ။

သို့သော် ထိုသို့လုပ်ရန် တကယ်လိုအပ်သလားဟုတော့ မေးစရာရှိသည်။ စုချန်းသည် လူသားတစ်ဦးဖြစ်ပြီး လူပျံတော်များ၏ အသက်ကို အထူးတလည် ဂရုစိုက်စရာမလိုဟုဆိုလျင်ပင် တခုခုကို ပြတ်ပြတ်သားသားလုပ်ဆောင်ရမည့်အရေးတွင် အနိမ့်ဆုံး စံနှုန်းတစ်ခုတော့ ရှိသင့်သည် မဟုတ်လား။

ယခုဆိုလျင် သူသည် မြို့တစ်မြို့လုံးကို ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်သည်။ ယခု သာမန်အရပ်သား ထောင်ပေါင်းများစွာ၏ အသက်ကို သတ်မည်ဟုစဥ်းစားနေပါက ၎င်းမှာ လူသားမဆန်တော့ချေ။ အနိမ့်ဆုံး စံနှုန်းသည် မည်မျှပင်နိမ့်စေကာမူ သတ်မှတ်ချက်တစ်ခုတော့ ရှိရပေလိမ့်မည်။ ထို့ပြင် မတော်တဆ သတ်ဖြတ်မိသည်နှင့် ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းတို့မှာ များစွာ ကွဲပြားခြားနားနေ၏။ အနည်းဆုံးတော့ စုချန်းအတွက် ကွဲပြားခြားနားပေသည်။

ယခုအချိန်တွင်ကား စုချန်း၏ စကားတစ်ခွန်းက သောင်းချီသော လူပျံတော်များ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။

အတန်ကြာအောင် စဥ်းစားရင်း နောက်ဆုံးတွင် စုချန်းက ပြောလိုက်၏။

“မလိုပါဘူး သူတို့ကို ကျုပ် အသက်ချမ်းသာပေးမယ်”

ထိုစကားကို ကြားလိုက်ရမှ လူပျံတော်အားလုံး သက်ပြင်းကိုယ်စီချရင်း စိတ်သက်သာရကုန်ကြလေသည်။ ထိုနည်းအတိုင်းပင် မီးလျံညှို့ငင်သည်လည်း သက်ပြင်းချလိုက်၏။ ထိုသက်ပြင်းမှာ လူပျံတော်များအတွက်မဟုတ်ပဲ သူမအတွက် ဖြစ်လေသည်။

စုချန်း၏စကားသည် သူမ၏ အဆိုပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည် မဟုတ်ပါလား။ ထို့ပြင် အလွယ်တကူ သတ်ဖြတ်ခြင်းမျိုးကို မလုပ်လိုသည့် သခင်တစ်ဦး၏ လက်အောက်တွင် အမှုထမ်းရသည်က သူမအတွက် ပို၍လွယ်ကူပေလိမ့်မည်။

ထို့နောက် စုချန်းက မီးလျံညှို့ငင်၏ စိတ်ဝိညာဉ်ကို လက်ခံလိုက်၏။ ဤနည်းအားဖြင့် မီးလျံညှို့ငင်သည် စုချန်း၏ နောက်ထပ်လက်အောက်ငယ်သားတယောက် ဖြစ်လာခဲ့လေသည်။

ထို့နောက်တွင်တော့ မီးလျံညှို့ငင်သည် အချိန်ဆွဲနိုင်ရန်အတွက် သူမတို့အချင်းချင်းဆက်သွယ်နိုင်သော နည်းလမ်းတမျိုးနှင့် ကံကြမ္မာလက်ချောင်းများထံ သတင်းပို့လိုက်၏။ ထို့နောက် သူမက လေလှိုင်းမိုးမျှော်ကို အောက်ပါအတိုင်း ပြောလိုက်၏။

"ကဲ ရှင်လဲ မမြင်သင့်တာတွေ အကုန်မြင်ပြီးသွားပြီ ဒီတော့ ဘာလုပ်ရမယ်ဆိုတာ သိလောက်ပြီထင်တယ်"

လေလှိုင်းမိုးမျှော် ဝမ်းပမ်းတနည်းနှင့် သက်ပြင်းချလိုက်၏။ သူ၏ မျိုးနွယ်စုတစ်စုလုံး ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် လက်ရှိတွင် စုချန်း၏ တောင်းဆိုချက်များကို လိုက်နာရန်မှလွဲ၍ သူ့တွင် တခြားရွေးချယ်စရာမရှိတော့။ ထိုအခါ သူက ခေါင်းငုံ့ရင်း ပြောလိုက်၏။

"ကောင်းပြီလေ တခြားလူတွေ ပြင်စရာရှိတာ ပြင်ဆင်လို့ရအောင် သွားပြောလိုက်ပါအုံးမယ်"

ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေသည် ကောင်းကင်မြို့တော်၏ တောင်ပိုင်း လေပြင်းတံတိုင်း ဟုအမည်ရသောနေရာတွင် တည်ရှိ၏။

လေပြင်းတံတိုင်းတွင် ပြင်းထန်လှပြီး အရိုးထိအောင် အေးစက်သော လေပြင်းများ အမြဲတစေ တိုက်ခတ်နေတတ်လေသည်။ အဆင့်မြင့်အာကင်နာပညာရှင်များပင် ဤနေရာမျိုးတွင် ကြာရှည်ရပ်တည်နေနိုင်ရန် ခက်ခဲပေလိမ့်မည်။

သဲကန္တာရ၊ တောင်ကုန်းများ၊ တောများအပါအဝင် အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသော မြေမျက်နှာသွင်ပြင်များသည် လေပြင်းတံတိုင်း၏ ကျယ်ပြန့်သော နယ်မြေကို ဖုံးလွှမ်းထား၏။ လူပျံတော်များသည် အလွန်မြင့်သောနေရာများတွင်သာ နေထိုင်လေ့ရှိကြသောကြောင့် လေပြင်းတံတိုင်းလိုနေရာကို သွားလေ့သွားထ မရှိကြပေ။ ထို့ကြောင့် နတ်ဆိုးသားရဲများသည်သာလျင် ဤနယ်မြေတကျောတွင် လှည့်လည်သွားလာနေသည်ကို တွေ့ရှိနိုင်ပေသည်။

ပျံသန်းရင်း ခရီးဆက်လာသော လူပျံတော်အဖွဲ့ကြီးသည် လေပြင်းတံတိုင်း၏ ကျယ်ပြောလှသော နယ်မြေကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် အမဲရောင်တောင်ကြောအနီးတွင် ရပ်လိုက်ကြ၏။ ထို့နောက် လေလှိုင်းမိုးမျှော်က ရှေ့ကိုညွှန်ပြရင်း ပြောလိုက်၏။

“ရှေးဟောင်းမျှော်ငေးခြင်းမြစ်ကို ဖြတ်ပြီးရင် နတ်သမီးမြစ်ဆိုတာရှိတယ် မြေပုံအရတော့ ရတနာနယ်မြေက အဲဒီမှာ”

“အဲဒီမှာ လူပျံတော်တွေ နေထိုင်ကြသလား”

စုချန်းက လေလှိုင်းမိုးမျှော် ညွှန်ပြနေသော လမ်းကြောင်းကို ကြည့်ရင်း မေးလိုက်သည်။

“အဲဒီမှာ သာမန်လူပျံတော်အရပ်သားတွေ နေထိုင်တဲ့ မြို့လေးတစ်မြို့တော့ ရှိတယ်”

လေလှိုင်းမိုးမျှော်က ပြန်ဖြေလိုက်၏။ သူတို့သည်လျှို့ဝှက်ရတနာနယ်မြေကို အချိန်ကြာမြင့်စွာ စိတ်ဝင်စားခဲ့ကြသည်ဖြစ်၍ ဤနယ်မြေပတ်ဝန်းကျင်ရှိ အခြေအနေကို ကောင်းစွာနားလည်ထားသည်မှာ သဘာဝပင်။

“ဒါပေမယ့်……”

လေလှိုင်းမိုးမျှော် တုံ့ဆိုင်းလိုက်သည်။

“ဒါပေမယ့် ဘာလဲ”

စုချန်းက မေးလိုက်ပြန်သည်။

“ဒါပေမယ့် မကြာသေးခင်က အဲဒီဧရိယာကို ဓားပြတွေရောက်လာတာတွေ့တယ်"

“ဓားပြတွေ ဟုတ်လား"

“ဟုတ်တယ် လေဓားပြတွေလေ”

လေဓားပြများ...

ထိုနာမည်ကို ကြားသည်နှင့် စုချန်း မျက်လုံးအစုံကို မှေးလိုက်၏။ လေဓားပြများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုက်ပွဲကို သူ မမေ့သေးပါ။ ထိုအချိန်က လေဓားပြများသည် သံတမန်အဖွဲ့၏ အင်အားကို စုံစမ်းရန် တစ်စုံတစ်ဦး၏ အမိန့်ဖြင့် ရောက်လာခဲ့ကြ၏။

သို့သော် လေဓားပြများသည် သူတို့၏ အထက်လူကြီးများအတွက် အလုပ်လုပ်ပေးရသည်ထက် ပို၍လုပ်တတ်ကြသူများ ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်ပန်းတိုင်များနှင့် သီးခြားလုပ်ငန်းတာဝန်များလည်း ရှိနေတတ်၏။ အမှန်မှာ လေဓားပြများဟူသည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက်သာ အထက်လူကြီးများအတွက် အပိုတာဝန်များ ထမ်းဆောင်ပေးတတ်ကြခြင်းပင်။

လေလှိုင်းမိုးမျှော် ပြောခဲ့သည့်အတိုင်းပင် ထိုနေရာတွင် ဓားပြခံတပ်ငယ်တစ်ခုရှိနေ၏။ သူတို့ကားမြေတူးကောင်များကို အမဲလိုက်နေကြခြင်းပင်။ မြေတူးကောင်များဟူသည် ဤနေရာတွင် နေထိုင်သည့် ရှားပါး နတ်ဆိုးသားရဲအမျိုးအစားများ ဖြစ်ကြသည်။ မြေတူးကောင်များသည် အင်အားသိပ်မကြီးသော်လည်း ၎င်းတို့၏ အမြင်အာရုံနှင့် မြေတူးနိုင်စွမ်းမှာကား အံ့မခန်းပင်။ လူပျံတော်များသည် ကောင်းကင်တွင် သူတို့အလိုရှိသလို ပျံသန်းနိုင်သော်လည်း မြေအောက်ကိုတော့ တူးနိုင်စွမ်းမရှိချေ။ မြေတူးကောင်များတွင် ရှားပါးအိတ်တလုံးစီ ရှိကြ၏။ လေဓားပြများသည် ထ်ိုအိတ်ကို လိုချင်၍ မြေတူးကောင်များကို အမဲလိုက်နေကြခြင်း ဖြစ်လေသည်။

လေလှိုင်းမိုးမျှော်ကား သတိထားနိုင်ရန်အတွက်သာ ဤအကြောင်းကို ပြောပြလိုက်ခြင်းဖြစ်လေရာ စုချန်း ဂရုစိုက်ပုံမရသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းရင်း ပြောလိုက်၏။

“ကဲပါလေ ဆက်သွားကြစို့ ဒီကောင်တွေက ပြသနာမဟုတ်လောက်ပါဘူး”

သိပ်မကြာမီ သူတို့တဖွဲ့လုံး မြို့ငယ်လေးဆီသို့ ရောက်ရှိလာကြ၏။

ထိုမြို့ကို တိမ်ထုမြို့ဟု လူသိများပေသည်။ မြို့မှာ လူပျံတော်မြို့ဖြစ်သည့်တိုင် အနီးအနားတွင် တောင်များမရှိ၍မြေပြန့်ပေါ်တွင်သာ တည်ဆောက်ထားရ၏။ မြို့ငယ်လေးတွင် လူပျံတော်ဦးရေ သိပ်မများလှ၍ အလွန်တိတ်ဆိတ်ပြီး ငြိမ်းချမ်းလှပေသည်။ လေဓားပြများသည် ရက်စက်ကြမ်းကြုတ်သော်လည်း မြို့သူမြို့သားများကိုတော့ ဒုက္ခပေးခြင်းမရှိချေ။ မည်သို့ဆိုစေ သူတို့ကိုယ်တိုင်လည်း အသက်ရှင်ရန် လိုအပ်သည်မဟုတ်ပါလား။ သူတို့ပတ်ဝန်းကျင်မှ သာမန်အရပ်သားအားလုံးကို မောင်းထုတ်လိုက်လျင် သူတို့ မည်သို့အသက်ရှင်သန်နိုင်တော့မည်နည်း။

သူတို့အဖွဲ့သည်လည်း မြို့ငယ်လေးရောက်သည်နှင့် အလိုအလျောက်ပင် ရပ်တန့်လိုက်ကြ၏။ ခရီးမဆက်မီ လိုအပ်သည်တချို့ကို ပြန်လည်ဖြည့်တင်းရမည်မဟုတ်ပါလား။

စုချန်းကတော့ ထုံးစံအတိုင်း မြို့ထဲရောက်သည်နှင့် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုနေလေသည်။ နုပျိုပြည့်လျံနှင့် မီးလျံညှို့ငင်တို့သည်လည်း အစေခံများသဖွယ် စုချန်းနောက်တော်ပါးမှ လိမ္မာပါးနပ်စွာ လိုက်ပါလာကြ၏။

ထိုအချိန်မှာပင် သူတို့ထံ ဦးတည်လာနေသည့် ကုန်သည်အုပ်စုတစ်စုကို စုချန်း တွေ့လိုက်ရ၏။ အနီးကပ်ကြည့်လိုက်မိသည်နှင့် စုချန်း အံ့အားသင့်သွား၏။ ထိုအထဲမှတယောက်မှာ လီတောက်ဟုန်ဖြစ်နေသည် မဟုတ်ပါလား။

ဒီကောင် ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ...

လီတောက်ဟုန်သည် လူသားတစ်ဦးဖြစ်နေ၍ ဤနေရာမျိုးတွင် သူ့ပုံစံမှာ အလွန်ထူးခြားနေ၏။။

သူကား ဘယ်သူ့ကိုမှ လူထင်ပုံမရပဲ လမ်းမပေါ်တွင် ခန့်ခန့်ညားညားပင် လမ်းလျှောက်လာနေ၏။ ခေတ္တစဉ်းစားပြီးနောက် စုချန်းက ဘေးသို့တိမ်းရှောင်နေရာပေးလိုက်ရန် ချက်ချင်းဆုံးဖြတ်လိုက်၏။ သူ့အနေနှင့် လီတောက်ဟုန်နှင့်ပတ်သက်၍ ပိုမိုနားလည်လိုသော်လည်း လက်ရှိတွင် ကျောက်စိမ်းမြူ၏ ရတနာနယ်မြေက ပို၍အရေးကြီးနေ၏။ ပို၍အရေးကြီးသောကိစ္စကို ဦးစွာ ဖြေရှင်းရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် မျက်နှာဖုံးဝတ်ထားသည်ဖြစ်၍ လီတောက်ဟုန်အနေနှင့် သူမည်သူမည်ဝါမှန်း မည်သို့မှ သိနိုင်မည်မဟုတ်ချေ။

“သခင်ဟာ ဒီလူကို အတော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ”

မီးလျံညှို့ငင်က ရုတ်တရက် ပြောလိုက်၏။ သူမ၏ အကင်းပါးပုံကား သြချလောက်စရာပင်။

စုချန်းက အရေးမစိုက်သောပုံစံနှင့် ပြောလိုက်သည်။

“ဒီနေရာက တော်တော်ကို ဝေးလံခေါင်ဖျားတယ်မလား ဒီလိုနေရာမှာ လူတယောက်ရောက်နေတော့ ထူးဆန်းနေတာပေါ့ ကျန်တာဘာမှမရှိဘူး ကျုပ်တို့ပြဿနာမရှာတာ ပိုကောင်းလိမ့်မယ်"

စုချန်းက အထက်ပါအတိုင်း ပြောလိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။

စုချန်း၏ တုံ့ပြန်မှုကြောင့် မီးလျံညှို့ငင် စိတ်ပျက်သွား၏။ ထိုအချိန်မှာပင် လီတောက်ဟုန်က သူတို့ဘေးမှ ဖြတ်သွားလေသည်။

နုပျိုပြည့်လျံနှင့် မီးလျံညှို့ငင်တို့ကို မြင်သည်နှင့် လီတောက်ဟုန် ပြူးပြဲစိုက်ကြည့်နေ၏။ ထိုလူသား ဤမျှ ကာမစိတ်ပြင်းပြနေသည်ကို မြင်သည်နှင့် မီးလျံညှို့ငင်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာ၏။ သခင်က သူမကို ပြဿနာမရှာရန် တားမြစ်ထားသောလေရာ တဖက်လူ ပြဿနာရှာရန်ပင် သူမခွင့်ပြုလိုက်တော့မည်ဟု တွေးမိလိုက်ခြင်း ဖြစ်သည် ။ ထိုအခါ သူမက လီတောက်ဟုန်ကို ကြည့်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်ပြလိုက်၏။ လိင်စိတ်ကို နှိုးဆွသောအပြုအမူမှန်း အထူးတလည် ညွှန်းဆိုရန် မလိုတော့ချေ။

၎င်းကိုမြင်သည်နှင့် လီတောက်ဟုန် ရယ်မောလိုက်၏။

"မင်းလို မိန်းကလေးမျိုး ဒီမှာ ရှိနေလိမ့်မယ်လို့ လုံးဝထင်မထားမ်ိဘူး"

ပြောပြောဆိုဆို သူက မီးလျံညှို့ငင်၏ မျက်နှာကို ပွတ်သပ်ရန် ကြိုးစားလိုက်၏။

သူ့အမြင်တွင် မီးလျံညှို့ငင်က စတင်ဖျားယောင်းနေခြင်းဖြစ်၍ သူ၏လုပ်ရပ်များသည် သိပ်မလွန်လှဟု ယူဆထား၏။

သို့သော် မမျှော်လင့်ပဲ မီးလျံညှို့ငင်က တဖက်သို့ လှည့်ထွက်သွားပြီး စုချန်းလက်က်ို လှမ်းဆွဲရင်း ပြောလိုက်လေသည်။

"သခင် ဒီမှာ ကျွန်မကို နှောင့်ယှက်နေတယ်"

“ဟေ"

စုချန်း ချက်ချင်းပင် လှည့်ကြည့်လိုက်၏။ မီးလျံညှို့ငင်ကား ဘာအပြစ်မှရှိဟန်မတူသောမျက်နှာဖြင့် ဤအတိုင်းသာ ရှိနေ၏။

တဖက်မှ လီတောက်ဟုန်လည်း အံ့အားသင့်သွား၏။ တချိန်တည်းမှာပင် သူ ဒေါသထွက်လာလေသည်။

“မင်း ငါ့ကို လာနောက်နေတာလား"

မီးလျံညှို့ငင်က သူ့ကို အေးစက်စက် လှောင်ပြောင်ပြီး တဖက်သို့ လှည့်သွား၏။ တချက်ကြည့်လိုက်ရုံနှင့် ဘာဖြစ်နေမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်၏။

သူ့အနေနှင့် ဤကိစ္စကို လျစ်လျူရှုလိုက်ချင်၏။ သို့သော် တဖက်မှ လီတောက်ဟုန်ကား ဒေါသထွက်နေခဲ့လေပြီ။ သူသည် အလွန်မာနကြီးသော လူတစ်ဦးဖြစ်ပြီး အခြားသူများကို အထက်စီးမှ ဆက်ဆံတတ်သည်မှာ အကျင့်သဖွယ် ဖြစ်နေခဲ့လေပြီ။ တလောကလုံးတွင် မည်သူက သူ့ကို စနောက်ရဲလေသနည်း။ ထိုကဲ့သို့သောသူမျိုးသည် မုချ အပြစ်ပေးခံရပေလိမ့်မည်။

ထိုအခါ သူက ချက်ချင်းပင် စုချန်းဘက်သို့ လှည့်ပြီး ပြောလိုက်၏။

“ဒီမယ်ကောင်လေး မင်းကောင်မလေးက ငါ့ကို လာနောက်နေတယ် ဒီတော့ မင်းအနေနဲ့ သူ့ကို ငါ့လက်ထဲ အပ်လိုက်တာ ပိုကောင်းလိမ့်မယ်"

စုချန်း သူ့ကို လှည့်ကြည့်လိုက်သည်။ သူ့ အကြည့်မှာ အလွန်အေးစက်ပြီး ခံစားချက်ကင်းမဲ့နေ၏။

ပါးစပ်ကတော့ တခွန်းမှ မပြောပေ။

လီတောက်ဟုန်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။

“မင်း ဘာကိုကြည့်နေတာလဲ”

စုချန်းက တိုးညှင်းသောအသံနှင့် ပြန်ဖြေလိုက်၏။

“ကျေးဇူးပြု၍ ဒီအဖြစ်အပျက်ကို သဘောထားကြီးကြီးနဲ့ လစ်လျူရှုပေးပါလားဗျာ”

သူနှင့် လီတောက်ဟုန်တို့သည် တစ်ကြိမ်သာ ဆုံဖူးကြပြီး စကားများများစားစား ပြောဖူးသည်မဟုတ်ချေ။ ထို့ကြောင့် လီတောက်ဟုန်အနေနှင့် သူ့အသံကို မှတ်မိနိုင်လိမ့်မည်မဟုတ်။ သို့သော် လီတောက်ဟုန်တွင် အလွန်ထက်မြက်သောဦးနှောက်ရှိသည်ကို စူးချန်းစဉ်းစားမိ၍ သူ့အသံကို မမှတ်မိနိုင်အောင် အသံဖျက်၍ ပြောလိုက်ခြင်းပင်။

ထိုအချိန်တွင် မီးလျံညှို့ငင်က စုချန်းကို စိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးထဲတွင်တော့ သံသယအရိပ်အယောင်များ ယှက်သန်းနေလေသည်။

ထိုအခါ လီတောက်ဟုန်က အားရပါးရ ရယ်မောရင်း ပြောလိုက်ပြန်၏။

“ငါက မင်းစကားကို ငြင်းဆန်မယ်ဆိုရင်ကောကွာ"

ထိုအခိုက်မှာပင် စုချန်း၏အကြည့်မှာလည်း ပို၍ အေးစက်တင်းမာလာ၏။ သူတို့နှစ်ဦးအဖို့ ထိပ်တိုက်ရင်ဆိုင်ပြီးမှတော့ မည်သူမှ နောက်ဆုတ်ရန် ဆန္ဒမရှိကြတော့ချေ။

ကနဦးတွင်တော့ စိတ်ဝိညာဥ်စွမ်းအားချင်း ယှဥ်ပြိုင်လိုက်ကြ၏။ အံ့သြစရာကောင်းသည်မှာ လီတောက်ဟုန်၏ စိတ်ဝိညာဥ်စွမ်းအားမှာလည်း အလွန်မြင့်မားနေခြင်းပင်။ ဤထိပ်တိုက်ရင်ဆိုင်မှုတွင် စုချန်းသည် သူ၏စိတ်ဝိညာဥ်စွမ်းအားကို အပြည့်အဝ မသုံးခဲ့သည့်တိုင် လူအများစုအဖို့တော့ အလွယ်တကူ ရှုံးနိမ့်သွားမည်မှာ သေချာနေ၏။ သို့သော် လီတောက်ဟုန်ကတော့ ဤတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ရုံသာမက တန်ပြန်တိုက်ခိုက်ရန်အတွက်ပင် စိတ်ဝိညာဥ်စွမ်းအား လုံလောက်နေသေး၏။

ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇကား အမှန်တကယ် ထူးခြားလှချေသည်တကား။

လီတောက်ဟုန်သည်လည်း အံ့အားသင့်သွားပုံရ၏။

“ကောင်လေး မင်းမှာလဲ ဝှက်ဖဲတချို့ ရှိပုံရတယ်”

အထက်ပါအတိုင်း ပြောနေစဥ်မှာပင် လီတောက်ဟုန်၏စွမ်းအင်များက တရိပ်ရိပ်မြင့်တက်လာနေ၏။ တဖက်မှ လီတောက်ဟုန်၏ ရန်စမှုကြောင့် စုချန်း၏စိတ်ထဲတွင် ပို၍ပ်ို၍ သွေးဆာလာနေလေသည်။

ပုံသဏ္ဍာန်မရှိသော ဖိအားတစ်ခုသည်ကား သူတို့၏ ပတ်ဝန်းကျင်ကို ရစ်သိုင်းလွှမ်းခြုံလာခဲ့ချေပြီတည်း။ ပြင်းထန်သော တိုက်ပွဲတစ်ခု အစပျိုးနေခဲ့ပြီ ဖြစ်သည်။

***

All Chapters