← Chapters

လျှို့ဝှက်အကြံအစည်

Vol. 84 Ch. 834

လျှို့ဝှက်အကြံအစည်

Vol. 84 Ch. 834

သူတို့နှစ်ဦး ဓားများကို အသီးသီးဆွဲထုတ်ရန် ဟန်ပြင်နေစဥ်မှာပင် စကားပြောသံတသံ ထွက်ပေါ်လာ၏။

"မင်းသားလေး ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ထိုအသံကို ကြားလိုက်သည်နှင့် လီတောက်ဟုန် ဆတ်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြုံးရယ်ရင်း လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာနေသော သက်လတ်ပိုင်းအရွယ် လူပျံတော်တဦးကို တွေ့လိုက်ရသည်။

ထိူလူပျံတော်က လီတောက်ဟုန်၏ လက်ကို ဆွဲရင်း ပြောလိုက်၏။

"ဟူး မင်းသားလေးကို ကျုပ် မနည်းကို ရှာလိုက်ရတယ်"

လီတောက်ဟုန် သဲ့သဲ့မျှ ရယ်မောလိုက်၏။

"ဒီနေရာကို ရောက်ဖို့ဆိုတာ မလွယ်ဘူးလေ ဒါကြောင့် ရှုခင်းလေးဘာလေး လိုက်ကြည့်နေတာပေါ့ဗျ"

ဘာမှကြည့်စရာမရှိသောနေရာတွင် ရှုခင်းကြည့်သည်ဟူသော လီတောက်ဟုန်၏ စကားမှာ လိမ်နေမှန်း သိသာနေ၏။ သို့သော် တစ်ဖက်မှလူပျံတော်က နားလည်သည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုရင်လဲ ကျုပ်က မင်းသားလေးကို လိုက်ပို့ပေးမှာပေါ့ ကဲ လာပါ"

သူ ပြောဆိုနေရင်း လီတောက်ဟုန်ကို ဆွဲခေါ်သွားလေသည်။ သူတို့နှစ်ဦး အတော်လေးဝေးကွာသည့်နေရာသို့ရောက်မှ လူပျံတော်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ပြဿနာမရှာဘူးလို့ မင်းသားလေးက ကျုပ်ကို ကတိပေးထားတယ်လေ"

လီတောက်ဟုန် ပြန်ဖြေလိုက်၏။

"ပြဿနာစရှာတာ ကျုပ်မဟုတ်ဘူးဗျ သူတို့"

"ထားလိုက်စမ်းပါမင်းသားလေးရာ သေးနုပ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့ ကျုပ်တို့မှာ ကိစ္စကြီးဆောင်ရွက်ဖို့ ရှိသေးတယ်လေ"

လူပျံတော်က လီတောက်ဟုန်က သတိပေးသည့်ဟန်ပန်နှင့် ပြောလိုက်၏။ အံ့သြစရာကောင်းလောက်အောင်ပင် လီတောက်ဟုန်က ဘာမှပြန်မပြောပဲ နှာခေါင်းရှုံ့လိုက်၏။ ၎င်း၏ စရိုက်လက္ခဏာအရ တစ်ဖက်လူ၏ သတိပေးစကားကို လက်ခံလိုက်ခြင်းမှာ အထူးပင် အံ့ဩစရာကောင်းနေ၏။

တစ်ဖက်တွင်လည်း စုချန်းသည် အတွေးနယ်ချဲ့နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် နုပျိုပြည့်လျံက အရေးကြီးသောလေသံနှင့် ခေါ်လိုက်၏။

"သခင်လေး"

"အင်း ဘာလဲ"

နုပျိုပြည့်လျံ ခေါင်းငုံ့ရင်း ပြောလိုက်လေသည်။

"အဲဒီလူပျံတော် ဘယ်သူလဲဆိုတာ ကျွန်မ သိနေသလိုပဲ"

ထိုအချိန်တွင် မီးလျံညှို့ငင်က လှောင်ပြောင်လိုက်၏။

"သိသလိုပဲ ဟုတ်လား နင် လူမှားနေတာ နေမှာပေါ့"

ထိုအခိုက်မှာပင် စုချန်းက မီးလျံညှို့ငင်ကို လှည့်ကြည့်လိုက်၏။ ထိုအကြည့်ကြောင့် မီးလျံညှို့ငင် ကျောစိမ့်သွားလေသည်။ တချိန်တည်းမှာပင် သူမ၏ခေါင်းထဲသို့ သံချွန်တချောင်း ဖောက်ဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။

မီးလျံညှို့ငင် တစ်ကိုယ်လုံး တုန်ယင်လာပြီး ဒူးထောက်ကျသွားလေသည်။

"သခင်... သခင်..."

"ခုနကလို လုပ်ရပ်မျိုး သတ္တိရှိရင် ထပ်လုပ်ကြည့်စမ်း မင်း သေမယ်"

မီးလျံညှို့ငင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။

"ဟုတ်... ဟုတ်... သခင် ကျွန်မ...မှား...မှားသွားပါတယ်"

ထိုအခါကျမှ စုချန်းက မီးလျံညှို့ငင်ကို သက်သာခွင့်ပေးလိုက်၏။ နုပျိုပြည့်လျံက သူမကို ထူပေးလိုက်၏။

"ပြောစမ်း အဲဒီလူပျံတော်က ဘယ်သူလဲ"

စုချန်းက နုပျိုပြည့်လျံကို မေးလိုက်၏။

နုပျိုပြည့်လျံက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ကျွန်မအထင် ညနေမင်း ဖြစ်လိမ့်မယ်"

"ညနေမင်း ဟုတ်လား"

စုချန်း ခေတ္တစဥ်းစားနေ၏။

"ညနတ်ဘုရားမျိုးနွယ်စုကပေါ့ ဟုတ်သလား"

ညနတ်ဘုရားမျိုးနွယ်စုဟူသည် ကောင်းကင်မြို့တော်ရှိ ကြီးမားသည့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပါသည်။ ဩဇာအရှိန်အဝါပိုင်းတွင် ၎င်းတို့သည် ဟဲယွန်မျိုးနွယ်စုထက်ပင် မြင့်မား၏။ ထို့ပြင် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် မိုးကြိုးငိုသံဘာသာရေးဌာနခွဲ၏ ခေါင်းဆောင်လည်း ဖြစ်နေ၍ ကောင်းကင်မြို့တော်တွင် အလွန်မြင့်မားသော ရာထူးမျိုး ပိုင်ဆိုင်ထားပါသည်ဟု ဆိုနိုင်ပေသည်။

"ဒီတော့ ညနတ်ဘုရားမျိုးနွယ်စုမှာ ညနေမင်းရဲ့ရာထူးက ဘာလဲ"

စုချန်းက မေးလိုက်ပြန်၏။

နုပျိူပြည့်လျံက ပြန်ဖြေလိုက်သည်။

"သူက မျိုးနွယ်စုခေါင်းဆောင်ရဲ့သား ဒါပေမဲ့ အမွေခံတော့ မဟုတ်ဘူး"

"အော် ဘာကြောင့်လဲ"

ညနေမင်း၏ အရှိန်အဝါအရ သာမန်မျိုးနွယ်မှ မဟုတ်ကြောင်း သိသာနေ၍ အမွေခံရာထူး မရှိခြင်းမှာ အံ့အားသင့်စရာ ဖြစ်နေ၏။

"ဘာဖြစ်လို့လဲဆိုတော့ သူဟာ မိုးကြိုးငိုသံဌာနခွဲရဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သွားလို့ပေါ့ သခင်လေး"

"ဘုန်းတော်ကြီး...ဒီလောက်အသက်ငယ်ငယ်နဲ့လား"

စုချန်း အံ့ဩသွား၏။

သို့ဆိုလျင် ညနေမင်း အမွေခံမဟုတ်ခြင်းမှာ အံ့ဩစရာမဟုတ်တော့ချေ။ သူသည် လူပျံတော်အဖွဲ့အစည်းတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့၏ ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေ၏။ အမှန်အတိုင်းပြောရလျင် ညနတ်ဘုရားမျိုးနွယ်စု၏ ခေါင်းဆောင်ရာထူးသည် မိုးကြိုးငိုသံဌာနခွဲ၏ ဘုန်းတော်ကြီးရာထူးထက် အနည်းငယ်မျှသာ ပိုမြင့်ပေသည်။ တနည်းအားဖြင့် မျိုးနွယ်စုခေါင်းဆောင်ရာထူးသည် လမ်းဆုံး ဖြစ်သည်။ သို့သော် ဘာသာရေးအဖွဲ့၏ ဘုန်းတော်ကြီးရာထူးကတော့ ညနေမင်းအတွက် လမ်းဆုံးမဟုတ်သေးချေ။

လီတောက်ဟုန်နှင့် ညနေမင်းတို့ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။ သူတို့၏ ရောက်ရှိလာခြင်းသည် ကျောက်စိမ်းမြူ၏ ရတနာသိုက်နှင့် ဆက်စပ်နေသလား။

ထိုမေးခွန်းများ၏ အဖြေကို စုချန်း မသိနိုင်ချေ။

စုချန်းနေရာတွင် တခြားသူများဆိုလျှင် အဖြေရှာမည့်အကြံကို လက်လျော့လိုက်မည်သာ။ သို့သော် စုချန်းကတော့ သိသိသာသာပင် ကွဲပြားနေ၏။ အကြောင်းမှာ သူ့လက်ထဲတွင် မူလအရိုး ရှိနေသောကြောင့်ပင်။

မည်သို့ဆိုစေ မေးခွန်းများက စုချန်း၏ စိတ်အာရုံကို လွှမ်းမိုးထားခဲ့လေပြီ။ ထိုအခါ သူသည် ပစ္စည်းပစ္စများ ဝယ်ယူရန်တာဝန်ကို ကျန်လူများထံ လွှဲအပ်လိုက်ပြီး တည်းခိုခန်းသို့ ပြန်လာခဲ့၏။ အခန်းထဲသို့ရောက်သည်နှင့် စုချန်းက လူတိုင်းကို ပြန်လွှတ်ပြီး မူလအရိုးကို ထုတ်ယူလိုက်၏။

လီတောက်ဟုန်သည် အစွမ်းထက်ပြီး ဘုန်းတော်ကြီးညနေမင်းသည်လည်း ရန်မစသင့်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေ၏။ ထို့ကြောင့် စုချန်းက နတ်ဆိုးဘုရင်မူလသလင်းကို ယဇ်ပူဇော်မှုတွင်အခြေခံအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

ပထမဆုံးအနေနှင့် သူက လျှို့ဝှက်နယ်မြေတွင် အစွမ်းထက်ရန်သူများနှင့် တွေ့ဆုံနိုင်ချေရှိမရှိကို စတင်မေးမြန်းလိုက်၏။ သို့သော် ယဇ်ပူဇော်မှုမှာ မအောင်မြင်ပဲ နတ်ဆိုးဘုရင်မူလသလင်းသာလျင် အလဟသ ဆုံးရှုံးသွားရ၏။ သို့သော် စုချန်းကား စိတ်ဓာတ်မကျ။

ယဇ်ပူဇော်မှု မအောင်မြင်ခဲ့သည့်တိုင် အသုံးဝင်သော အချက်အလက်အချို့ကို သူ တွေးတောနိုင်ခဲ့သည် မဟုတ်ပါလား။ နတ်ဆိုးဘုရင်၏ မူလသလင်းကပင် သူ့ကို အဖြေပေးနိုင်ခြင်း မရှိခဲ့လျင် လျှို့ဝှက်နယ်မြေ၌ အတော်လေး အစွမ်းထက်သည့် ရန်သူများစွာနှင့် တွေ့ဆုံနိုင်ဖွယ်ရှိနေသည်မှာ ထင်ရှားနေ၏။ ထို့ပြင် ဤသို့အစွမ်းထက်သော ရန်သူများသည် ဤမျှ ဝေးလံခေါင်သီသော မြို့လေးသို့ ရောက်လာကြသည်ဖြစ်၍ သူ့အနေနှင့် နောင်အနာဂတ်တွင် ညနေမင်း၊ လီတောက်ဟုန်တို့နှင့် တွေ့ဆုံနိုင်ချေများပြားနေပေသည်။

ထို့နောက်တွင်တော့ စုချန်းက မေးခွန်းပြောင်းမေးလိုက်ပြန်သည်။ ဤတကြိမ်တွင် သူက ယဇ်ပူဇော်မှုတန်ဖိုးကို မတိုးပဲ သွေးတိုးစမ်းကြည့်လိုက်၏။

"ကျုပ်တို့ အခုသွားဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ခြုံခိုအတိုက်ခံရနိုင်ချေရှိသလား"

ဤတကြိမ်တွင်တော့ အဖြေတစ်ခု မြန်မြန်ဆန်ဆန်ပင် ပေါ်ထွက်လာ၏။

သူ့ရှေ့တွင် ပေါ်ပေါက်လာသည့် ရင်းနှီးသော မြင်ကွင်းကိုကြည့်ရင်း စုချန်း ပြုံးလိုက်၏။

"ငါ မျှော်လင့်ထားသည့်အတိုင်းပါလ"

ထို့နောက် သူက ပို၍အဆင့်အတန်းမြင့်မားသော မူလသလင်းကို ယဇ်ပလ္လင်ပေါ် တင်လိုက်ပြန်၏။ ဤသို့နှင့် စုချန်းသည် မေးခွန်းမျိုးစုံကို အကြိမ်ကြိမ် လှည့်ပတ်မေးမြန်းရင်း ဖြစ်လာနိုင်ဖွယ်ရာ အခြေအနေတခုကို ဖော်ထုတ်နိုင်ခဲ့လေသည်။

နောက်ဆုံးတွင်တော့ စုချန်းက ဘာမှဆက်မမေးတော့ပဲ တစုံတရာကို အတွေးနယ်ချဲ့နေ၏။ ပြီးမှ သူက နတ်ဆိုးဘုရင်၏ မူလသလင်းကို ဆွဲထုတ်လိုက်ပြန်သည်။ စုချန်းသည် အတော်အတန် ကြွယ်ဝချမ်းသာသော်လည်း နတ်ဆိုးဘုရင်၏မူလသလင်းပမာဏမှာ အကန့်အသတ်ရှိနေ၏။ ကုန်ကုန်ပြောရလျင် သူကိုင်ထားသည့် မူလသလင်းမှာ နောက်ဆုံးတခုပင် ဖြစ်သည်။

သို့တိုင်အောင် ယဇ်တန်ဖိုးမှာ မလုံလောက်သေးဟု စုချန်း ခံစားနေရ၏။ ထိုအခါ သူက ခေတ္တစဥ်းစားပြီး အချိန်သဲမှုန်တချို့ကို ဆွဲထုတ်လိုက်ပြန်သည်။

အချိန်သဲမှုန်ဟူသည် ရှားပါးသော ရတနာတစ်မျိုး ဖြစ်ပြီး အချိန်ဖန်သားနာရီ ရှိသည့်တိုင် နှစ်စဉ်နှစ်တိုင်း အချိန်သဲမှုန် အနည်းငယ်သာ ထွက်ရှိတတ်၏။ ယခုတော့ စုချန်းက ယဇ်ပူဇော်မှုအတွက် ကိုယ်တတ်နိုင်သည့်ပမာဏထက် အချိန်သဲမှုန်များကို ပို၍အသုံးပြုလိုက်လေသည်။ ဤတစ်ကြိမ် အဖြေရရှိရန်အတွက် စုချန်းအနေနှင့် အလွန်မြင့်မားသော စျေးနှုန်းကို ပေးချေရန် ဆန္ဒရှိနေသည်မှာ ထင်ရှားနေခဲ့လေပြီ။

နောက်ထပ် ဖြည့်စွက်ပစ္စည်းများစွာကို ထည့်သွင်းပြီးနောက် စုချန်းက နောက်ဆုံးတွင် မေးခွန်းထုတ်လိုက်၏။

"ကျုပ်အနေနဲ့ ကမ္ဘာဦးမတိုင်မီသားရဲကြီးရဲ့သွေးနဲ့ မူလသားရဲအဆီအနှစ်ကို ဘယ်လို အသုံးပြုရမလဲသိချင်တယ်"

ထိုမေးခွန်းကို မေးလိုက်စဉ် စုချန်း၏ နှလုံးသားသည် အပြင်းအထန် ခုန်ပေါက်လှုပ်ရှားနေ၏။ ဤမေးခွန်းအတွက် သူ့အနေနှင့် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားရသည် မဟုတ်ပါလား။

ကံကောင်းစွာပင် မြင်ကွင်းတစ်ခု စုချန်း၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာ၏။ ထိုမြင်ကွင်းကို မြင်သည်နှင့် စုချန်း အသက်ကို အားရပါးရ ရှုသွင်းမိတော့သည်။

"လက်စသတ်တော့ ဒါက ဒီလိုဖြစ်နေတာပဲ... ဒီလိုဖြစ်နေတာပဲကိုး... ဟုတ်ပြီ ကျုပ် သဘောပေါက်ပြီ"

အဖြေကို ရရှိပြီးသည်နှင့် စုချန်းက မူလအရိုးကို သိမ်းဆည်းပြီး အချက်ပြ ဆွဲပြားကို ထုတ်လိုက်၏။

"ပိတ်လော့"

"ရှိပါတယ်သခင်"

ပို့ဆောင်ဆက်သွယ်ရေးရုပ်သေးရုပ်ဖြစ်သည့် ပိတ်လော့နှင့် ဆက်သွယ်ရသည်မှာ နောက်ပိုင်းတွင် စုချန်းအတွက် ဘာပြသနာမှ ရှိမနေတော့ချေ။

"ခင်ဗျား လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်..."

ပြောရင်းနှင့် စုချန်း အသံကို နှိမ့်လိုက်၏။ တခနအကြာတွင် ပိတ်လော့က ပြန်ဖြေလိုက်လေသည်။

"ရပါပြီသခင် အခုပဲ ပြင်ဆင်မှုတွေ သွားလုပ်လိုက်မယ်"

ပိတ်လော့ကို အမိန့်ပေးပြီးသည်နှင့် စုချန်းက နုပျိုပြည့်လျံနှင့် မီးလျံညှို့ငင်တို့ကို ခေါ်လိုက်ပြန်သည်။ တခနအကြာတွင် သူတို့နှစ်ဦး အခန်းထဲသို့ ဝင်လာကြ၏။

"ကျွန်မတို့ ဒီမှာပါသခင်"

"ခုနက ကျုပ် အသက်ရှူကျင့်စဉ်ကျင့်နေတုန်း စိတ်ကူးတချို့ ရလိုက်တာရှိတယ် ကျုပ်အနေနဲ့ အချိန်နည်းနည်းယူပြီး လေ့ကျင့်ရလိမ့်မယ် ဒါကြောင့် လျှိူ့ဝှက်နယ်မြေထဲ ဝင်မဲ့ကိစ္စကို ခနလောက်ဆိုင်းထားဖို့ ကျန်တဲ့အဖွဲ့သားတွေကို ပြောလိုက်ပါ"

နုပျိုပြည့်လျံ ထိတ်လန့်သွား၏။

"အခုက အချိန်ဆွဲသင့်တဲ့ အချိန်မဟုတ်ဘူးလားလို့ပါ သခင် နဂါးတောင်မြို့မှာ ဖြစ်ပျက်ခဲ့တာတွေကို ကံကြမ္မာလက်ချောင်းများအနေနဲ့ အချိန်မရွေး သိသွားနိုင်တယ် သူတို့ ကျွန်မတို့ကို ဖမ်းမိသွားခဲ့ရင်..."

"မင်း ပြောတာ မှန်တယ် သူတို့ ဘယ်အချိန်မဆို သိသွားနိုင်တယ် ဒါပေမဲ့ ကျုပ်တို့ ဘယ်ကို သွားတယ်ဆိုတာကိုတော့ သူတို့ သိမှာ မဟုတ်ဘူး ဟုတ်တယ်မလား"

"ဒါ...ဒါက..."

နုပျိုပြည့်လျံ ဆွံ့အသွား၏။ ထိုစဥ် မီးလျံညှို့ငင်က ဝင်ပြောလိုက်ပြန်သည်။

"ကံကြမ္မာလက်ချောင်းများထဲမှာ အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ် ပြီးတော့ သူတို့မှာ ခြေရာခံတဲ့ နည်းစနစ်တွေလည်း ရှိတယ် သူတို့ ကျွန်မတို့ကို အချိန်တိုအတွင်းမှာ ခြေရာခံမိသွားနိုင်တယ် ဒါပေမဲ့ သခင့်ကိုကြည့်ရတာ ဒါကို စိတ်ပူပုံမရပါလား"

"ဒီကိစ္စကို မပူစမ်းပါနဲ့ကွာ ကျုပ် ဒီကိုမလာခင်တည်းက အစီအစဥ်တချို့ လုပ်ခဲ့တာရှိတယ် ဒီကောင်တွေ ကျုပ်တို့ကို အလွယ်တကူ ရှာမတွေ့ပါဘူး ဒီတော့ ဘာမှစိတ်ပူမနေနဲ့ ပြီးတော့ ကျုပ်ကိစ္စကလဲ သိပ်မကြာဘူး ဆယ်ရက်လောက်ဆို ပြီးပါပြီ"

သို့သော် ဆယ်ရက်ဟူသည်လည်း ကြာမြင့်သည်ပင် မဟုတ်ပါလား။ လျှို့ဝှက်နေရာ၏ တံခါးဝသို့ ရောက်ရှိလာခဲ့ပြီးမှ ထိုင်စောင့်ရမည်ဟူသည်က အဓိပ္ပယ်တော့မရှိချေ။ သို့သော် စုချန်း၏ နောက်လိုက်နှစ်ဦးလုံး သူ ဘာစဉ်းစားနေသည်ကို နားလည်နိုင်စွမ်းမရှိကြချေ။

မည်သို့ဆိုစေ စုချန်းက ဆုံးဖြတ်ချက် ချပြီးဖြစ်၍ သူတို့အနေနှင့် သဘောတူညီရန်သာ ရှိတော့၏။

ထို့နောက် သူတို့လည်း အခန်းပြင်ထွက်ကာ ကျန်လူပျံတော်များအား အသိပေးလိုက်ကြ၏။ လေလှိုင်းမိုးမျှော်တို့လူစုမှာလည်း ထိုနည်းအတိုင်းပင် အံ့အားသင့်ကုန်ကြ၏။ သို့သော် စုချန်း၏ ရည်ရွယ်ချက်ကို မည်သူမှ စဉ်းစားနိုင်စွမ်းမရှိကြချေ။

စုချန်းကား သူတို့ကို လုံးဝ လျစ်လျူရှုထား၏။ တခါတလေတွင် သူက အခန်းပြင်ထွက်လာပြီး ထွက်လာကာ နုပျိုပြည့်လျံတို့နှစ်ယောက်ကို သူ့အတွက် ပါဝင်ပစ္စည်းများ ဝယ်ယူရန် စေလွှတ်တတ်လေသည်။ ထိုပစ္စည်းများမှာ အများအားဖြင့် အဂ္ဂိရတ်ပညာရှင်များ လိုအပ်သည့် ပစ္စည်းများသာ ဖြစ်နေတတ်၏။

ထိုအချိန်တွင် အပြင်ဖက်ရှိ လူပျံတော်များမှာကား ပုရွက်ဆိတ်များကဲ့သို့ လှုပ်လှုပ်ရွရွနှင့် စိတ်မတည်မငြိမ်ဖြစ်ကာ ကြောက်ရွံ့နေကြလေသည်။ သို့သော် စုချန်း၏ အစီအစဥ်က အလွန်ထိရောက်ပုံရပြီး ဆယ်ရက်အတွင်းတွင် အခြေအနေအားလုံးမှာ ငြိမ်သက်နေခဲ့၏။

***

All Chapters