← Chapters

ကြီးမားသော သစ်ပင်

Vol. 84 Ch. 835

ကြီးမားသော သစ်ပင်

Vol. 84 Ch. 835

အချိန်များ ကုန်လွန်သွားပြီးနောက် ဆယ်ရက်အကြာတွင် စုချန်းတယောက် အခန်းထဲမှ ထွက်လာ၏။ သူ့ကို မြင်လိုက်ရမှ လူတိုင်း သက်ပြင်းကိုယ်စီ ချမိကြလေသည်။

"မင်းတို့အားလုံး ပင်ပန်းသွားကြပြီ”

စုချန်း လှိုက်လှိုက်လှဲလှဲ ပြုံးရင်း ပြောလိုက်၏။ ထိုအခါ လေလှိုင်းမိုးမျှော်က ပြန်ဖြေလိုက်သည်။

“သိပ်တော့ မပင်ပန်းပါဘူး ကံကြမ္မာလက်ချောင်းများအကြောင်း စိတ်ပူနေရုံပါပဲ သခင်"

“ဒီကောင်တွေအကြောင်းကို စိတ်ပူနေစရာမလိုပါဘူးကွ သူတို့လာရင် ကျုပ် ဖြေရှင်းပေးမယ် တကယ်တော့ ကျုပ်က အချိန်တိုင်းမှာ လေ့ကျင့်နေတာတော့မဟုတ်ဘူး သုတေသနတချို့လဲ လုပ်ခဲ့သေးတယ် ကြည့်လိုက်လေ"

ထို့နောက် စုချန်းက ဆေးပုလင်းတချို့ကို ထုတ်ပြလိုက်၏။

“ဒါက……”

“ဒါက ပင်လယ်ပြာနှလုံးသား ဒါက ကျောက်စိမ်းသစ်ခွ၊ ဒါက ပြန်လာတထောင်ဆေးမှုန့်၊ ဒါကတော့ ရွှေဝါရောင်ခေါင်းလောင်းဆေး၊ ဒါက ပုံသွင်းခြင်းဆေး”

စုချန်းက ဆေးပုလင်းများကို တခုချင်းစီ ညွှန်ပြရင်း ရှင်းပြလိုက်ရာ လူတိုင်းသည် စိတ်လှုပ်ရှားပျော်ရွှင်ကုန်ကြ၏။

ပင်လယ်ပြာနှလုံးသားဟူသည် အဆင့်မြင့်အာကင်နာနည်းစနစ်ကို တိုးတက်စေသည့်ဆေးဖြစ်သည်။ ပဉ္စမအဆင့် သို့မဟုတ် ထိုအောက်ရှိ အာကင်နာနည်းစနစ်များကို ဤဆေးက အဆင့်တစ်ဆင့်တက်စေနိုင်ပြီး ပိုမိုမြင့်မားသောအဆင့်တွင်တော့ အာနိသင် တစ်ဝက်လျော့ကျသွားတတ်သည်။ သို့သော်လည်း ထိုမျှသောစွမ်းအားသည်ပင် သာမညမဟုတ်ချေ။

ကျောက်စိမ်းသစ်ခွသည်ကား အာကင်နာနည်းစနစ်အများစု၏ နောက်တကြိမ် ပြန်လည်အသုံးပြုနိုင်ရန် စောင့်ရမည့်အချိန်ကို လျှော့ချပေးနိုင်၏။ ဤဆေးကြောင့် တချို့အာကင်နာနည်းစနစ်များကို ဆက်တိုက်ဆိုသလို အသုံးပြုလာနိုင်မည် ဖြစ်သည်။

အာကင်နာနည်းစနစ်အများစုသည် ထပ်မံအသုံးပြုရန် လိုအပ်သောအချိန်ဟူ၍ ရှိတတ်၏။ နှစ်ပေါင်းများစွာတလျှောက်တွင် အာကင်နာပညာရှင်များသည် ဤကြာချိန်ကို တိုတောင်းစေရန် အစွမ်းကုန်ကြိုးစားခဲ့ကြလေသည်။ မွေးရာပါ အာကာနာ နည်းစနစ်များသည် ထိုသို့သော တိုးတက်မှုများ၏ ဥပမာတစ်ခုဟု ဆိုနိုင်၏။ ကျောက်စိမ်းသစ်ခွသည်လည်း ထိုရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။

ပြန်လာတထောင်ဆေးမှုန့်သည်ကား ဆင့်ခေါ်ခြင်းအာကင်နာနည်းစနစ်များအတွက် အသုံးဝင်သော ဆေးတမျိုးပင် ဖြစ်သည်။

ရွှေဝါရောင်ခေါင်းလောင်းဆေးကတော့ နာမည်နှင့်လိုက်အောင် ကာကွယ်ပေးနိုင်သည့်ဆေးတစ်မျိုးပင်။ ဤဆေးမှာ သောက်သုံးရသည့်ဆေးမျိုးမဟုတ်ပဲ လျှို့ဝှက်နည်းစနစ်တမျိုးဖြင့် ခန္ဓာကိုယ်ပေါ်တွင် လိမ်းကျံရ၏။ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့သောအခါ အလိုအလျောက် ပေါက်ကွဲထွက်စေပြီး အစွမ်းထက်အတားအဆီးတစ်ခုကို ဖွဲ့စည်းကာ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သည့် ဆေးတမျိုး ဖြစ်လေသည်။ ထို့ကြောင့် ဤဆေးသည်လည်း အံ့ဖွယ်အသက်ကယ်ဆေးဟု ဆိုနိုင်၏။

ပုံသွင်းခြင်းဆေးကတော့ အာကင်နာနည်းစနစ်များတွင် မီးတောက်များကို ထည့်သွင်းရန်အသုံးပြုနိုင်၏။ များသောအားဖြင့် ဤဆေးကို လေးသမားများက အသုံးပြုလေ့ရှိပေသည်။ အာကင်နာပညာရှင်များမှလွဲလျင် လူပျံတော်စစ်သည်အများစုမှာ လေးသမားများ ဖြစ်ကြ၏။ လေမျိုးဆုံရာမျိုးနွယ်စုမှ စစ်သည်များသည်လည်း ဤအတိုင်းပင်။ ထို့ကြောင့် စုချန်းက ပုံသွင်းခြင်းဆေးများကို ၎င်းတို့အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်လေသည်။

ဤဆေးများသည် ကောင်းကင်နိုင်ငံမှာပင် အလွန်ရှားပါးသည့်ဆေးများ ဖြစ်ကြ၏။ ပညာရှင်အဆင့် အဂ္ဂိရတ်ပညာရှင်များသာလျင် ၎င်းတို့ကို ဖော်စပ်နိုင်ပေသည်။ ပုံမှန်အားဖြင့် ဆေးတစ်ပုလင်းတည်းကိုပင် ရရှိရန် ခက်ခဲသော်လည်း ယခုတော့ စုချန်းက အစုလိုက်အပြုံလိုက် ဝေငှပေးနေ၏။

“ဒီတော့ သခင်က တကယ်ကို အဂ္ဂိရတ်ပညာရှင်ပဲကိုး"

လေလှိုင်းမိုးမျှော် ဝမ်းသာအားရနှင့် ပြောလိုက်၏။

“ကျုပ်နောက်လိုက်လာကြတဲ့အတွက် အားလုံးအကျိုးအမြတ်ရဖို့ဆိုတာ ကျုပ်တာဝန်ပဲလေ ”

စုချန်းက နောက်ထပ် ဆေးပုလင်းများကို ကမ်းပေးရင်း စိတ်ထဲမထားဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့အားလုံး ဒါတွေ တယောက်တပုလင်းစီ ရမယ်"

“ဒါကရော ဘာဆေးမျိုးလဲသခင်”

နုပျိုပြည့်လျံက အံ့ဩတကြီးနှင့် မေးလိုက်၏။

“မင်းရဲ့ ပညာအခြေခံကို ဖြည့်စွက်ပေးနိုင်တဲ့ ဆေးတစ်မျိုးပဲ ဆိုပါတော့ကွာ ဒါကိုသောက်လိုက်တာနဲ့ မူလစွမ်းအင်ကို ပိုပြီး ခံစားသိရှိနိုင်လာမယ် မူလစွမ်းအင်ကို ပိုပြီး စုဆောင်းလာနိုင်မယ် ဒါပေမယ့် ဒီဆေးမှာ အားနည်းချက်တစ်ခုတော့ရှိတယ်၊ ဒီဆေးက အကြာကြီးထားလို့မရဘူး ဒါကြောင့် မင်းအနေနဲ့ ဒီဆေးကို အခုချက်ချင်းသောက်သင့်တယ်”

စုချန်း၏ စကားကို ကြားသည်နှင့် လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။ လောကြီးသူတချို့က ချက်ချင်းပင် သောက်ချလိုက်လေသည်။ သို့သော် အလွန်ဂရုစိုက်သောသူတချို့လည်း သေချာပေါက်ရှိနေ၏။

လေလှိုင်းမိုးမျှော်သည် သူ့လက်ထဲမှ ဆေးကို တစ်ချက်ကြည့်လိုက်၏။

“သခင် ကျွန်တော် ဒီဆေးကို ခနလောက်စောင့်ပြီးမှ သောက်လို့ရမလား"

“ဘာလဲ ကျုပ်ကို မယုံလို့လား”

စုချန်းက လေလှိုင်းမိုးမျှော်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ ထိုအကြည့်ကြောင့် လေလှိုင်းမိုးမျှော် ရင်တုန်ပန်းတုန် ဖြစ်သွားလေသည်။

“မဟုတ်ရပါဘူးခင်ဗျာ"

“စိတ်မပူပါနဲ့ကွာ ကျုပ်အနေနဲ့ မင်းကို သတ်ချင်ရင် အဆိပ်သုံးစရာမလိုပါဘူး”

စုချန်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေသည်။ စုချန်းပြောသည်မှာ အမှန်ဟု လေလှိုင်းမိုးမျှော် ချက်ချင်းသဘောပေါက်သွား၏။ ထို့နောက် သူ စိတ်ကိုတင်းလိုက်ပြီး ဆေးကိုဂွတ်ခနဲ မော့ချလိုက်လေသည်။

နုပျိုပြည့်လျံနှင့် မီးလျံညှို့ငင်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ စုချန်း သူတို့ကို ကြည့်နေသည်ကို မြင်သည်နှင့် မတတ်သာတော့ပဲ ဆေးကိုပြိုင်တူမော့ချလိုက်ကြလေသည်။

“ကောင်းပြီ ဒီမှာ ကိစ္စပြီးပြီဆိုတော့ ကျုပ်တို့ သွားကြစို့”

ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေသည် နတ်သမီးမြစ်၏ မြောက်ဘက်တွင် တည်ရှိပြီး မြို့မှာ နေ့တဝက်ခရီးသာ ဝေး၏။ စုချန်းသာ အချိန်ဆွဲမနေပါက သူတို့အဖို့ ရှေးကတည်းက ရောက်ရှိနေလောက်ပေပြီ။

နေ့တဝက်အကြာတွင်တော့ စုချန်းနှင့် ကျန်အဖွဲ့သားများအားလုံး ရည်မှန်းချက်သို့ ရောက်လာကြ၏။

“မြေပုံအတိုင်းဆိုရင် ဒီနေရာတစ်ဝိုက်မှာပဲ”

နုပျိုပြည့်လျံက ပြောလိုက်သည်။

“ဒါဆိုရင် စကြမယ်"

စုချန်းက အမိန့်ပေးလိုက်လေသည်။

အမိန့်သံထွက်ပေါ်လာသည်နှင့် လေမျိုးဆုံရာမျိုးနွယ်စုဝင်တချို့သည် မူလပုံစံကွက်ကို တည်ဆောက်ရန် စတင်ပြင်ဆင်ကြတော့သည်။ ကျောက်စိမ်းမြူ၏ ရတနာသိုက်သည် အလိုအလျောက် ပေါ်ပေါက်လာမည့်အရာမျိုး မဟုတ်ချေ။ လျှို့ဝှက်နယ်မြေတံခါးကိုဖွင့်ရန် မှန်ကန်သောမူလပုံစံကွက်ကို အသုံးပြုရန် လိုအပ်၏။

တကယ်တော့ မြေပုံ၏ တကယ့်တန်ဖိုးကလည်း နယ်မြေ၏ တည်နေရာမဟုတ်ပဲ မူလပုံစံကွက်အား မည်သို့အသက်သွင်းရမည်ဆိုသည့် အချက်အလက်များကို ပေးထားခြင်းပင် ဖြစ်လေသည်။ မြေပုံကို ပိုင်ဆိုင်ထားသူသာ ၎င်းကို မည်သို့လုပ်ဆောင်ရမည်မှန်း သိရှိနိုင်ပေလိမ့်မည်။

လေမျိုးဆုံရာမျိုးနွယ်စုသည် ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းများကို ထုတ်ယူပြီး ပုံစံကွက်ကို စတင်တပ်ဆင်ကြ၏။ သိပ်မကြာမီမှာပင် တောက်ပသောကျောက်စာများပါရှိသည့် မူလပုံစံကွက်တခု စတင်ပေါ်ပေါက်လာတော့သည်။

ထိုအချိန်မှာပင် မူလပုံစံကွက်ကို စတင်အသက်သွင်းလိုက်၏။ ပုံစံကွက် စတင်အသက်ဝင်လာသည်နှင့် တပြိုင်နက် ထူးဆန်းသောလှိုင်းဂယက်များ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားပြီး မဟာပထဝီမြေထုကြီးမှာလည်း တဟီးဟီမြည်လာလေသည်။ အသံမှာ အလွန်ဝေးလံသောနေရာမှ တစ်စုံတစ်ရာ တုံ့ပြန်ဟစ်အော်လိုက်သည်နှင့်ပင် တူနေသေး၏။

သို့သော် ထိုမြည်ဟည်းသံမှာ ကြာကြာမခံလိုက်။ မြေပြင်သည် စတင်တုန်ခါလှုပ်ယမ်းလာပြန်၏။

ထိုအနေအထားမှာ မြေငလျင်လှုပ်သည်နှင့် တူလှသော်လည်း ကွဲပြားခြားနားမှုတချို့တော့ ရှိနေသည်။ တစ်စုံတစ်ခုသည် မြေအောက်ထဲမှ ထိုးထွက်လာတော့မည့်ဟန် ပေါ်နေတော့၏။

“ဟိုမှာကြည့်ပါအုံး”

နုပျိုပြည့်လျံက ငလျင်ဗဟိုကို လက်ညိုးထိုးပြလိုက်၏။ သူတို့နှင့် ပေပေါင်းများစွာအကွာ ထိုနေရာတွင် မြေထုကြီး၏အစိတ်အပိုင်းကြီးတစ်ခုသည် ပြိုကွဲထွက်နေသည်ကို အတိုင်းသား မြင်နေရ၏။

“ဒါ လျှို့ဝှက်နယ်မြေ ဖြစ်ရမယ် လျှို့ဝှက်နယ်မြေ ပေါ်လာနေပြီ”

လေလှိုင်းမိုးမျှော် စိတ်လှုပ်ရှားကြီးစွာနှင့် ထအော်လိုက်၏။ လေမျိုးဆုံရာမျိုးနွယ်စုသည် ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေအတွက် ၎င်းတို့၏နေအိမ်ကို စွန့်လွှတ်ခဲ့ကြရ၏။ ထို့ကြောင့် ၎င်းတို့၏ မျှော်လင့်ချက်အားလုံးမှာ ဤလျှို့ဝှက်နယ်မြေပေါ်တွင် တည်ရှိသည်ဟု ဆိုနိုင်ပေသည်။ လက်ရှိအချိန်တွင် စုချန်းက ၎င်းတို့အား ရတနာသုံးမျိုးသာ ပေးမည်ဟု ပြောခဲ့သည်ကို လေလှိုင်းမိုးမျှော် မေ့လျော့နေခဲ့လေပြီ။

သို့သော် မြေကြီးထဲမှ ထွက်လာသောအရာကို မြင်သည်နှင့် လူတိုင်း အံ့အားသင့်သွားကြ၏။ အကြောင်းမှာ ၎င်းသည် သစ်ပင်တစ်ပင်ဖြစ်နေသောကြောင့်ပင်။

အစပိုင်းတွင် ၎င်းသည် သေးငယ်သော ပင်ပျိုလေးမျှသာ ရှိနေသေး၏။ ထို့ကြောင့် မည်သူမှ ထိုအပင်ကို သတိမထားမိကြချေ။ သို့သော် မြေပြင်ပေါ်ရောက်သည်နှင့်တပြိုင်နက် ထိုသစ်ပင် အလွန်လျင်မြန်သောနှုန်းဖြင့် စတင်ကြီးထွားလာ၏။ မြေကြီးမှ တုန်ခါနေသောအသံများမှ သစ်ပင်က ၎င်း၏အမြစ်များကို မြေအောက်သို့ ဆန့်ထုတ်နေခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ကြည့်နေရင်းနှင့်ပင် အပင်ပေါက်လေးမှသည် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့လည်းကောင်း၊ ထို့နောက် အလွန်ကြီးမားသောသစ်ပင်အဖြစ်သို့လည်းကောင်း၊ ထိုမှသည် ဒဏ္ဍာရီလာသစ်ပင်တစ်ပင်အဖြစ်သို့လည်းကောင်း ကြီးထွားလာတော့၏။

လူတိုင်းက ၎င်း၏တည်ရှိမှုကို ရှာတွေ့လိုက်ချိန်တွင် အနှီသစ်ပင်သည် တောင်တစ်လုံးနီးပါး အရွယ်အစားပင် ရှိနေခဲ့လေပြီ။ သစ်ပင်ကြီးသည် ၎င်း၏အကိုင်းအခက်များကို အရပ်လေးမျက်နှာသို့ ဆန့်ထုတ်ကာ ခမ်းနားထည်ဝါလှသော သစ်ရွက်အမိုးတစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ သစ်ပင်ကြီးသည် အဆက်မပြတ်ပင် ကြီးထွားကျယ်ပြန့်လာနေလေရာ လူတိုင်း မြင်မြင်သမျှမှာ သစ်ပင်ကြီးသာလျင် ဖြစ်နေတော့သည်။

စုချန်းပင်လျှင် အကြီးအကျယ် အံ့သြသင့်သွား၏။

“သေစမ်း”

စုချန်း၏ စိတ်ထဲတွင်တော့ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်သည် ရွှေရေအသိုက်ဖြစ်ရပ်ကဲ့သို့ လေဟာနယ်ဝင်ပေါက်သာ ဖြစ်လိမ့်မည်ဟုထင်ထားခဲ့၏။ ယခုတော့ သူ့အထင်နှင့်အမြင် တက်တက်စင်အောင် လွဲသွားခဲ့လေပြီ။

ဤအတိုင်းဆိုလျင် အနီးအနားရှိ မည်သူမဆို လျို့ဝှက်နယ်မြေ ပွင့်သွားပြီမှန်း သိရှိသွားလောက်ပေပြီ။

ရတယ်လေ...ပြသနာမရှိဘူး...

စုချန်းအနေနှင့် ဤအခြေအနေမျိုးအတွက် အစကတည်းက ကြိုတင်ပြင်ဆင်ထားသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့ပုံစံမှာကား တည်တည်ငြိမ်ငြိမ်ပင်။

"သခင် ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ”

လေလှိုင်းမိုးမျှော် အလန့်တကြားနှင့် မေးလိုက်၏။

“ဘာလုပ်ရမှာလဲ ဒီအထိရောက်နေမှတော့ ဆက်သွားရုံပဲပေါ့”

မီးလျံညှို့ငင်က ဝင်ပြောလိုက်၏။ ပြောနေရင်းနှင့် သူမသည် ကြီးမားသောသစ်ပင်ဆီသို့ တိုးသွားလိုက်လေသည်။

သစ်ပင်ကြီးကား ဆက်လက်ကြီးထွားနေပြီး နောက်ဆုံးတွင် သစ်ပင်ထိပ်ဖျားက တိမ်များအတွင်း ထိုးဖောက်ဝင်ရောက်သွားတော့မှသာ ရပ်တန့်သွားလေသည်။

ထိုအချိန်တွင် စုချန်းက သစ်ပင်ပေါ်တွင် ရပ်လျက်သားရှိနေ၏။ သူက အောက်ကို ငုံကြည့်ရင်း မေးလိုက်လေသည်။

"လေလှိုင်းမိုးမျှော် မင်းကို မြေပုံပေးခဲ့တဲ့အစေခံကြီးက ဒီအကြောင်းကို မပြောခဲ့ဘူးလား"

လေလှိုင်းမိုးမျှော် ခေါင်းခါလိုက်သည်။

“သူ မပြောခဲ့ဘူး သခင် ဒီလိုတလောကလုံး သိသွားအောင် ဂယက်ထလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး"

“ဒါဆို ဒါကြီးက ထူးဆန်းတယ်လို့ မင်းတို့ မထင်ဘူးလား ဘာပဲဖြစ်ဖြစ် သူတို့က လျှို့ဝှက်နယ်မြေထဲ တကြိမ်ဝင်ခဲ့ဖူးတာပဲလေ နယ်မြေတံခါးကိုဖွင့်တိုင်း ဒီလိုသာ အမြဲတမ်းဖြစ်နေရင် ဒီနယ်မြေရဲ့တည်ရှိမှုကို လူတွေသ်ိကုန်တာ ကြာလှရောပေါ့”

စုချန်းက ရှင်းပြလိုက်ရာ လေလှိုင်းမိုးမျှော်ကိုယ်တိုင်လည်း အံ့သြသင့်သွား၏။

"ဒါဆို အစေခံကြီးက ကျွန်တော်တို့ ဒုက္ခရောက်အောင် သက်သက်မဲ့ မြေပုံတုကြီး ပေးခဲ့တာလား သခင်"

စုချန်း ခေါင်းခါလိုက်သည်။

“သူ့အနေနဲ့ မင်းတို့ကို အန္တရာယ်ပြုချင်တယ်ဆိုရင်တောင် ဒီလောက်ကြီးလုပ်ဖို့ မလိုလှပါဘူးကွာ ဒီသစ်ပင်ကြီးပေါ်လာတာကိုကြည့်ရင် ဒီနေရာမှာ နက်ရှိုင်းလှတဲ့ အာကင်နာနည်းစနစ်တွေ ရှိနေတယ်ဆိုတာ မြင်သာတယ် အစေခံဟာလဲ ဒီလိုဖြစ်ရပ်ကြီးကို မမြင်ခဲ့တာ သေချာတယ် ကျုပ်ကတော့ အဲဒီလိုပဲ ယုံကြည်ထားတယ်"

“ဒါဆို ဒီတစ်ကြိမ်ကျမှ ဘာလို့ ဒီလောက်ကြီးတဲ့ပြောင်းလဲမှု ဖြစ်ရတာလဲ သခင်"

နုပျိုပြည့်လျံက အံ့သြတကြီးနှင့် မေးလိုက်ပြန်သည်။

စုချန်း ခေါင်းခါပြလိုက်၏။

“ကျုပ် မသိဘူး ဒါကိုသိနိုင်မဲ့ တခုတည်းသောနည်းလမ်းက အထဲကို ဝင်ကြည့်ဖို့ပဲ”

အထဲကိုဝင်သွားရမယ်....

လူတိုင်းသည် သူတို့ရပ်နေသည့် သစ်ပင်ကြီးကို ပြိုင်တူကြည့်လိုက်ကြ၏။

“ဟုတ်တယ်”

စုချန်းက တည်ငြိမ်သောလေသံနှင့် ရှင်းပြလိုက်လေသည်။

“ကျုပ်ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင် လျှို့ဝှက်နယ်မြေဟာ ဒီသစ်ပင်ထဲမှာ ရှိနေလိမ့်မယ် နောကိဆုံးတခေါက် သူတို့ နယ်မြေထဲဝင်တုန်းက သစ်ပင်ကို မြေအောက်မှာ ထားခဲ့တာဖြစ်လိမ့်မယ် ဒီတစ်ကြိမ်ကျမှ ဘာလို့ လျှို့ဝှက်နယ်မြေတစ်ခုလုံး မြေပြင်ပေါ်ရောက်လာရသလဲဆိုတာ ကျုပ်လဲ မသိဘူး"

လေဟာနယ်တစ်ခုကို လျှို့ဝှက်စွာ ဖုံးကွယ်ထားခြင်းမှာ ဘာမှမဆန်းလှချေ။ ရွေရေအသိုက်တုန်းကလည်း ထိုသို့ပင် ဖြစ်ခဲ့သည် မဟုတ်ပါလား။

သို့သော် ဤတစ်ကြိမ်တွင်တော့ မူလပုံစံကွက်သည် ဖုံးကွယ်ထားသောနယ်မြေတစ်ခုလုံးကို မြေကြီးအောက်မှ ထုတ်ယူလာခဲ့၏။

နယ်မြေတစ်ခုလုံး ပေါ်ထွက်လာသည်ကိုကြည့်လျှင် ၎င်းသည် ကျောက်စိမ်းမြူ၏ မူလအစီအစဉ်တစိတ်တပိုင်းပင် ဖြစ်နိုင်ဖွယ်ရှိနေ၏။ အခြေအနေက နယ်မြေပြိုကွဲခြင်းပုံစံ မဟုတ်သည်ကတော့ သေချာနေသည်။ သို့မဟုတ်လျင် သစ်ပင်ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေထွက်ကုန်လောက်ပေပြီ။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အထဲကိုဝင်သွားရင် အဖြေကိုသိရမှာပါ”

မီးလျံညှို့ငင်က ပြောလိုက်၏။

“ဒါပေမယ့် သစ်ပင်မှာ တံခါးမရှိဘူး ကျွန်မတို့ ဘယ်လိုလုပ် အထဲကိုဝင်ရမှာလဲ”

နုပျိုပြည့်လျံ နားမလည်နိုင်ပဲ ဖြစ်နေ၏။

“တံခါးက မင်းရဲ့ မျက်စိရှေ့မှာပဲ အချိန်တိုင်းရှိနေတာပါကွာ မင်း သတိမထားမိတာပဲရှိတာ”

စုချန်းက ပြုံးရင်း ပြောလိုက်၏။ လူတိုင်း အံ့အားသင့်သွားကြလေသည်။

ထို့နောက် ၎င်းတို့အားလုံး စုချန်း ကြည့်နေသည်ကို လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ သစ်ပင်၏အောက်ခြေမှ ငွေရောင်ချပ်ပြားကြီးတစ်ခုသည် လျင်မြန်စွာ ထွက်ပေါ်လာပြီး အကိုင်းအခက်များအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်း မြင်လိုက်ကြရ၏။ ၎င်းကိုကြည့်ရသည်မှာ ပါးစပ်ပေါက်ကြီးတခုက ဟလျက်သားရှိနေပြီး ၎င်း၏လျှာကို ဟိုဟိုဒီဒီရွေ့နေသကဲ့သို့ ရှိလေသည်။

“ဒါဟာ……”

နုပျိုပြည့်လျံ အံ့အားသင့်သွား၏။

“ဟုတ်တယ် ဒါ ဂူထဲဝင်တဲ့ ပါးစပ်ပဲ”

လူတိုင်း ပါးစပ်အဟောင်းသားနှင့် ရှိနေကြလေသည်။

စုချန်းကတော့ ၎င်းတို့ကို လှည့်ကြည့်မနေတော့ပဲ ပါးစပ်ပေါက်ထဲသို့ ခုန်ချလိုက်တော့သည်။ ထိုအခါ ပါးစပ်ကြီး ပွင့်လာပြီး စုချန်းကို ဝါးမြိုလိုက်၏။ လူတိုင်း၏ စိတ်ထဲတွင်တော့ စုချန်းတယောက် အစားခံလိုက်ရပြီလားဟု မေးခွန်းထုတ်နေကြလေသည်။

ထိုအချိန်တွင် ကျန်လူပျံတော်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။

နောက်ဆုံးတော့ မီးလျံညှို့ငင်က

"ဘာများကြောက်နေစရာရှိလို့လဲ ငါ့ဘဝက ဒီထက်အခြေအနေဆိုးစရာမှ မရှိတော့တာပဲ"

ဟု အော်ဟစ်ကြွေးကြော်ရင်း လျှို့ဝှက်နယ်မြေ၏ ပါးစပ်ပေါက်ကြီးထဲသို့ ခုန်ချလိုက်လေသည်။

***

All Chapters