#ပြဇာတ်အတွက် ပြီးပြည့်စုံစွာ ဆောင်ရွက်သည်#
Vol. 91 Ch. 1282
လုချန်ရှန်းမလှုပ်ရှားခင်ကတည်းက အရာတိုင်းကို စီစဉ်ထားပြီးဖြစ်သည်။
နတ်ဝိဉာဉ်အသံပို့လွှတ်ခြင်းဖြစ်စေ နတ်ဘုရားနယ်မြေက သေမျိုးနယ်မြေကို စောင့်ကြည့်နေနိုင်သည့်အလားအလာကြောင့်ဖြစ်စေ သူအားလုံးကို လုံး၀ဖြတ်တောက်ပစ်ခဲ့သည်။
မူလက သူ့ကိုယ်ပိုင်ခွန်အားနှင့် နတ်ဘုရားနယ်မြေက လူများ သေမျိုးနယ်မြေထဲက အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် အစီအရင်အား ချိုးဖျက်လာခြင်းကနေ မတားဆီးနိုင်လောက်မှာကို သူစိုးရိမ်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားနယ်မြေ၏ တကယ့်အစစ်အမှန်စွမ်းအား အတိုင်းအတာကို သူတစ်ခါမှ မမြင်ဖူးပေ။
ဘေးကင်းနေပါက ပိုကောင်းသဖြင့် လုချန်ရှန်း မိုးမခပင်ကို ဆက်သွယ်ခဲ့သည်။
မိုးမခပင် အလွန်အမင်းဆွံအကာ အကူအညီမဲ့နေသည့်အသံဖြင့် နတ်ဘုရားနယ်မြေ၏ စောင့်ကြည့်မှုကို သီးခြားဖယ်နိုင်ရန်အတွက် အတားအဆီးတစ်ခု ထုတ်လွှတ်ပေးနိုင်သည်ဟု ပြောသောအခါမှသာ လုချန်ရှန်း မတုံ့မဆိုင်း လှုပ်ရှားရန်အတွက် ယုံကြည်မှုရှိလာခဲ့ခြင်းပင်။
"ငါပြောတာက မရှင်းလို့လား"
လုချန်ရှန်း၏ အလွန်အမင်းလေးနက်သည့် အမူအရာကိုမြင်ရသောအခါ နတ်ဘုရားသံတမန်အနည်းငယ် မျက်မှောင်ကြုတ်သည်။
"ဒီလိုဆိုမှတော့ ကြိုးစားကြည့်တာပေါ့"
ထိုသို့ပြောပြီးနောက် နတ်ဘုရားသံတမန်၏ ကိုယ်ခန္ဓာကို ရွှေရောင်အလင်းတစ်ခု လွှမ်းခြုံသွားပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်အော်ရာက အပြည့်အ၀ပေါက်ကွဲသွား၏။
မူလကတည်းက ပျက်စီးနေပြီဖြစ်သည့် နဂါးငွေ့တန်းကြယ်စင်စုက ဒီအော်ရာ၏ ဖိအားအောက်တွင် လုံး၀ဖျက်ဆီးခံလိုက်ရသည်။
လူတိုင်းက အမှောင်ထုထဲရှိ အကန့်အသတ်မဲ့နေရာတစ်ခုတွင် ရှိနေခဲ့သည်။
လုချန်ရှန်း၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက ကျန်ရှိနေသောသူများ ဒီအပြည့်အ၀ပေါက်ကွဲလာသည့် အော်ရာကြောင့် သေသည်အထိ တုန်ယင်သွားကြပေလိမ့်မည်။
ရွှေအလင်းက နတ်ဘုရားသံတမန်၏ လက်ထဲတွင် စုဆုံလာပြီး ရွှေရောင်ကြိုးများနှင့် ရစ်ပတ်ထားသည့် လှံရှည်တစ်လက်ကို လက်ထဲတွင် ကိုင်ထားသည်။
နတ်ဘုရားသံတမန်လှံရှည်ကိုကိုင်ပြီး မလိုလားအပ်သည့် လှုပ်ရှားမှုများကိုမလုပ်ဘဲ လုချန်ရှန်းရှေ့တွင် ချက်ချင်းပေါ်လာကာ လုချန်ရှန်း၏ရင်ဘတ်ဆီသို့ ရိုးရှင်းစွာပင် ပစ်လွှတ်လိုက်၏။
မည်သည့်အော်ရာမှ မထွက်လာသော်လည်း ဒီအတွက်ကြောင့်ပင် ဒါက ကြောက်စရာအကောင်းဆုံးဖြစ်လေသည်။
သတ်ဖြတ်ခြင်းစွမ်းအားအားလုံးကို လှံထိပါတွင် စုစည်းထားပြီး ဖြတ်သွားသည့်နေရာတိုင်း၌ အကန့်အသတ်မဲ့နေရာကပင် ယာယီဗလာကျင်းသွားရသည်။
လုချန်ရှန်း ပစ်လွှတ်လိုက်သည့်လှံရှည်ကို တည်ငြိမ်သည့်အမူအရာဖြင့် ကြည့်နေသည်။
လက်ချောင်းကို အနည်းငယ်မြှောက်လိုက်သောအခါ သူ့လက်ချောင်းထိပ်တွင် ဓားရှည်တစ်လက်ပေါ်လာသည်။
ဓားရှည်က မည်သည့်အော်ရာကိုမှ မထုတ်လွှတ်နေပုံပင်။
သို့စေကာမူ နတ်ဘုရားသံတမန် ဒီဓားရှည်ကို မြင်လိုက်သည့်အခိုက်အတန့်၌ နှလုံးသားထဲတွင် ကြီးမားသည့် ကြောက်စိတ်တစ်ခု ထိုးတက်လာသည်။
လုချန်ရှန်း ဓားလက်ကိုင်ကို လက်ဖဝါးနှင့် ညင်သာစွာကိုင်ရင်း နတ်ဘုရားသံတမန် သူ့ထံပစ်လွှတ်လိုက်သည့် လှံရှည်ဆီသို့ ဖြည်းဖြည်းလေး လွှဲယမ်းလိုက်၏။
ဒီပေါ့ပါးသည့်လွှဲယမ်းမှုကပင် လုချန်ရှန်းရှေ့က လေဟာနယ်ကို နှစ်ပိုင်းဖြတ်ပစ်ပုံရပြီး အက်ကြောင်းတစ်ခုစေသည်။
လေဟာနယ်နှစ်ပိုင်းပြတ်သွားစဉ် နတ်ဘုရားသံတမန်၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် သူ့လှံရှည်ထိပ်ကလည်း နှစ်ပိုင်းကွဲသွားသည်။
ကြီးမားသည့်တိုက်မိမှု သို့မဟုတ် ကြောက်စရာကောင်းသည့်အော်ရာထုတ်လွှတ်မှုဟူ၍ မရှိပါ။
ဒီကမ္ဘာကြီးထဲတွင် အရာအားလုံးက ငြိမ်သက်နေပုံရပြီး လုချန်ရှန်း ဓားရှည်ကို လွှဲယမ်းသံနှင့် နတ်ဘုရားသံတမန်၏ လှံရှည်ပြတ်သွားသည့်အသံတို့သာရှိသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ မိစ္ဆာသခင်၊ နတ်ဆိုးဘုရင်နှင့် အင်မော်တယ်နယ်မြေမှ ဘိုးဘေးသုံးဦးတို့အားလုံး အလွန်အမင်း ထိတ်လန့်သွားကြ၏။
ဒီလိုစွမ်းအားမျိုးကို သုံးရန် ဘယ်လိုနယ်ပယ်မျိုးကို လိုအပ်မည်နည်း။
ဓားကို ခပ်ပေါ့ပေါ့တစ်ချက်လွှဲယမ်းလိုက်ရုံမျှနဲ့ သူ နတ်ဘုရားသံတမန်၏ အားအပြည့် တိုက်ခိုက်မှုကို ချိုးဖျက်နိုင်ခဲ့သည်။
ထန်ကျုံ့ကျောက်နှင့် ခေးအောစ့်နယ်မြေကလူများကလည်း ဆွံအနေကြသည်။
ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ ဆရာက အလွန်အမင်းအင်အားကြီးပြီး သူ့ဆရာနှင့် တန်းတူအဆင့်တွင် ရပ်တည်နေလောက်သည်ဟု ထန်ကျုံ့ကျောက်အရင်က ယုံကြည်ခဲ့သော်လည်း ယခုတွင်မူ သူ့စိတ်ကူးက အတော်လေးမှားသွားပုံပင်။
အဆင့်တူလား!
ပြောရပါက သူ့ဆရာက ရှောင်ဟိုင်၏ဆရာနှင့် တစ်ပြိုင်နက်တည်း အမည်တပ်ခံရရန်အတွက်ပင် အရည်အချင်းရှိမည်လား!
တူညီတဲ့အဆင့်မှာလား!
အဓိပ္ပာယ်မရှိတာ၊ ဖိနပ်သယ်ဖို့တောင် မထိုက်တန်ဘူး!
သူ့ဆရာကိုယ်တိုင်လှုပ်ရှားလျှင်ပင် နတ်ဘုရားသံတမန်ကို အနိုင်ယူရန်အတွက် အားထုတ်မှုတစ်ချို့ လုပ်ရန်လိုအပ်သည်။
ရှောင်ဟိုင်၏ဆရာကမူ အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူတိုက်ခိုက်ခဲ့သည်သာ။
အင်မော်တယ်ဧကရာဇ် ခေါင်းခါယမ်းရင်း ခါးသီးစွာပြုံးသည်။
"ဒီလူရဲ့ မဖော်ထုတ်ရသေးတဲ့စွမ်းအား ဘယ်လောက်တောင်ရှိသေးလဲ"
အနားက မစ္စတာပြုံးသည်။
"ဒါကမင်းရောငါက မှန်းဆလို့ရနိုင်တဲ့ အရာတစ်ခုမဟုတ်လောက်ဘူး"
ဒီအခိုက်အတန့်မှာပင် နတ်ဘုရားသံတမန် လှံကိုပစ်ချရင်း အလျင်အမြန်နောက်ဆုတ်ကာ လုချန်ရှန်းအား သေစေလိုသည့်အသွင် စိုက်ကြည့်ရင်း အထိတ်တလန့်မေးသည်။
"မင်းတကယ်ပဲဘယ်သူလဲ၊ ခေးအောစ့်နယ်မြေထဲမှာတောင် မင်းလိုစွမ်းအားရှိတဲ့ လူတစ်ယောက်က အဓိကအင်အားစုတွေအကြား အဆင့်မြင့်ပုဂ္ဂိုလ်တွေပဲဖြစ်ရမယ်"
သို့သော်လုချန်ရှန်း ရိုးရှင်းစွာသာပြောသည်။
"ဘာလို့သေခါနီးလူတစ်ယောက်က ဒါတွေ သိချင်နေရတာလဲ"
ထိုသို့ဆိုလိုက်စဉ် လုချန်ရှန်းအထက်တွင် ဓားကိုးချောင်းဖြည်းဖြည်းချင်း စတင်စုဆုံလာသည်။
သေခြင်းရှင်ခြင်းတာအို၊ ယင်နှင့်ယန်တာအိုနှင့် ဖျက်ဆီးခြင်းတာအိုတို့က အတူတကွ စုဆုံနေကြ၏။
ဒီမြင်ကွင်းကိုကြည့်ရင်း နတ်ဘုရားသံတမန်မှာ ပို၍ပင် ထိတ်လန့်သွားရသည်။
"အမြင့်ဆုံးတာအိုနိယာမ.....ငါးမျိုးကို တစ်ချိန်တည်းမှာ ထိန်းချုပ်နိုင်ဖို့ဆိုတာ နတ်ဘုရားနယ်မြေမှာတောင် ဘယ်သူမှ မလုပ်နိုင်ဘူး၊ ခေးအောစ့်နယ်မြေမှာ ငါတစ်ခါမှ မကြားဖူးတဲ့အကြောင်း ပြောနေစရာမလိုဘူး"
ဒီနေရာတွင် နတ်ဘုရားသံတမန် သူဘယ်လောက်ပင် ကြိုးစားပါစေ သူ့ရှေ့က လူ၏ပြိုင်ဘက်မဟုတ်တော့တာကို သိသွားရသည်။
သူက ပြိုင်ဘက်ဖြစ်ရန်ပင် အရည်အချင်းမရှိ။
မသိစိတ်က နတ်ဘုရားသံတမန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိပြီး သူ့မျက်နှာက အကြောက်တရားကို ပြသနေကာ ခြိမ်းခြောက်သည်။
"မင်းခေးအောစ့်နယ်မြေကဆိုရင်တောင် ငါ့ကိုသတ်တာနဲ့ ဒုက္ခရောက်လိမ့်မယ်၊ ငါက နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားသံတမန်ဖြစ်သလို နယ်မြေအားလုံးမှာ နတ်ဘုရားနယ်မြေရဲ့ ကိုယ်စားလှယ်လည်းဖြစ်တယ်၊ ငါ့ကိုသတ်တာက ငါတို့နတ်ဘုရားနယ်မြေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ"
လုချန်ရှန်း အားကိုးရာမဲ့စွာ သတိပေးသည်။
"ဒီအဆင့်ရောက်နေတာတောင် မင်းနားမလည်သေးဘူးလား၊ မင်းကငါ့ကို ကြိုးစားခဲ့သလို ငါလည်းလှုပ်ရှားပြီးပြီ၊ ငါမင်းကို ပြန်သွားခွင့်ပေးမယ်ဆိုရင်တောင် မင်းတပ်ကူတွေပြန်ခေါ်မှာပဲလေ၊ စောင့်နေတာထက် မင်းကို အခုသတ်ပစ်တာက ပိုကောင်းတယ်မလား"
ဒါကိုကြားသောအခါ နတ်ဘုရားသံတမန်၏ မျက်နှာက သုန်မှုန်သွားပြီး ရုတ်တရက် လက်မကို ရင်ဘတ်ဗဟိုတည့်တည့်တွင် ဖိထားလိုက်၏။
ဘန်း......!
နတ်ဘုရားသံတမန်၏ နှလုံးနေရာကနေ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သည့် အသံတစ်သံ ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလို နတ်ဘုရားသံတမန်ဖိထားသည့်နေရာမှ ရွှေရောင်မျဉ်းများထွက်လာပြီး သူ့တစ်ကိုယ်လုံးတွင် ပျံ့သွားကာ အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် သူ့အပေါ်တွားတွားသွားနေလေပြီ။
ရွှေရောင်မျဉ်းများ၏အထက်တွင် ရွှေရောင်မြင့်မြတ်မီးတောက်များပေါ်လာပြီး ၎င်း၏ တည်ရှိမှုက ထိုးထွက်လာခဲ့သည်။
နတ်ဘုရားသံတမန် လက်ထဲတွင် လှံကိုထပ်ကိုင်လိုက်စဉ် ရွှေရောင်မြင့်မြတ်မီးတောက်များနှင့် လွှမ်းခြုံထားပြီး လုချန်ရှန်းအား ကြည့်လိုက်၏။
"ဒီလိုဆိုမှတော့ သေရမယ်ဆိုရင်တောင် ငါမင်းဆီက အသားတစ်တုံးတော့ ရအောင်ယူသွားရမှာပေါ့"
သူပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းထံသို့ လက်နှစ်ဖက်နှင့် လှံကို ပစ်လွှတ်လိုက်၏။
ရှေ့သို့ပစ်လွှတ်လိုက်သည့်ဖြစ်စဉ်၌ သူ့ကိုယ်ခန္ဓာက လှံရှည်နှင့်အတူ စတင်လည်ပတ်လာသည်။
ရွှေရောင်မြင့်မြန်မီးတောက်များက ရှေ့သို့ ရွေ့လျားရင်း ဧရာမလေဆင်နှာမောင်းတစ်ခုကို ဖန်တီးကာ ရှေ့သို့တိုက်ခတ်စေသည်။
ဒါကိုမြင်သော် လုချန်ရှန်း၏ လက်ချောင်းများ အနည်းငယ်လှုပ်ရှားသွား၏။
ဓားကိုးချောင်းက ၎င်းတို့၏ ဓားထိပ်ဖျားပိုင်းကို နတ်ဘုရားသံတမန်ထံလှည့်လိုက်ပြီး ရက်စက်စွာပင် ပိုင်းဖြတ်ပစ်သည်။
နတ်ဘုရားသတ်ဓားအစီအရင်!
အန္တိမနိယာမတာအိုငါးခုက စုဆုံကာ ပေါင်းစည်းသွားပြီး နတ်ဘုရားများကိုပင် အလွယ်တကူသတ်နိုင်စွမ်းရှိလေသည်။
ဓားကိုးချောင်း တစ်ပြိုင်နက်တည်း ထိုးဖောက်ပစ်စဉ် လေဆင်နှာမောင်းက ရပ်သွားပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။
နတိဘုရားသံတမန်၏ကိုယ်ခန္ဓာကလည်း လေဆင်နှာမောင်းပျောက်ကွယ်သွားသည်နှင့် ဖုန်မှုန့်အဖြစ်ပြောင်းသွားသည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ရွှေရောင်လှံရှည်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ အပေါ်သို့ထွက်ပြေးသည်။
လုချန်ရှန်း ထိုအလင်းစက်ကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။
"နတ်ဘုရားသတ်ဓားအစီအရင်က ဝိဉာဉ်ကိုတောင်သတ်နိုင်တယ်၊ ဒါကိုမင်းသိနေတော့ ထွက်ပြေးဖို့အတွက် ဝိဉာဉ်အပိုင်းအစကို လှံထဲမှာ ကြိုတင်ပေါင်းစပ်လိုက်တယ်၊ မင်းကအတော်လေး ပါးနပ်တယ်ဆိုပေမယ့်....."
သူစကားပြော၍မပြီးသေးခင်မှာပင် လှံရရှည်ကို အတားအဆီးကို ထိမိတော့မည့်အချိန်တွင် မိုးမခကိုင်းများ ရုတ်တရက် ပေါ်လာပြီး လှံရှည်ကို အထဲသို့ ပိတ်ဖမ်းပစ်သည်။
နတ်ဘုရားသံတမန်ထံမှ ကြောက်စိတ်နှင့် ပြည့်နှက်နေသည့် အသံတစ်သံထွက်လာသည်။
"မဟုတ်ဘူး၊ မင်းတို့ဒီလိုလုပ်လို့မရဘူး၊ ငါက နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားသံတမန်ပဲ၊ မင်းတို့အားလုံး....."
သို့သော်သူပြော၍မပြီးခင်မှာပင် မိုးမခကိုင်းများက မရပ်မနားဖိသိပ်ပစ်လေရာ လှံရှည်က ချက်ချင်းဆိုသလိုဖုန်အဖြစ် ပြောင်းသွား၏။ အထဲကဝိဉာဉ်ကတော့ လုံး၀မပျက်စီးသွားဘဲ ဝိဉာဉ်အမျှင်တစ်ခု ကျန်နေခဲ့သည်။
လုချန်ရှန်းလက်ဝှေ့ယမ်းကာ ဝိဉာဉ်အမျှင်စလေးကိုယူပြီး ရွှေရောင်လှံရှည်နှစ်ခြမ်းကိုလည်း ကောက်ယူကာ ဝိဉာဉ်အမျှင်စကို အထဲတွင် ချိပ်ပိတ်ရင်း သတင်းစကားတစ်ခု ရိုက်ထည့်လိုက်၏။
"တရားခံက ခေးအောစ့်နယ်မြေက လူတစ်ယောက်ဖြစ်ပြီး သူတော်စင်နတ်ဆိုးသွေးကြောပိုင်ရှင်နဲ့အတူ ခေးအောစ့်နယ်မြေကို ထွက်သွားပါတယ်"
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်ရှန်း ဝိဉာဉ်အမျှင်စထဲတွင် မှတ်တမ်းတင်ထားသည့် နတ်ဘုရားနယ်မြေ၏ တည်နေရာသို့ ဦးတည်ပစ်လွှတ်လိုက်သည်။
အပိုင်း(1283) coming။