← Chapters

#ယဲ့ချိုးပိုင်၊ ဆရာငါ့ကို ပစ်မှတ်ထားနေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ#

Vol. 91 Ch. 1285

#ယဲ့ချိုးပိုင်၊ ဆရာငါ့ကို ပစ်မှတ်ထားနေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ#

Vol. 91 Ch. 1285

သင်ကြားဟောပြောရမယ်!

မစ္စတာ၏ အကြံပေးချက်ကို ကြားရသောအခါ လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

သူကသူတော်စင်မဟုတ်သလို လူ့လောကကျင့်၀တ်လည်း သိပ်မရှိသူဖြစ်သည်။

ရည်မှန်းချက်ကြီးဟူ၍မရှိဘဲ ကောင်းစွာစားသောက်တင့်တိမ်ပြီး ဘေးဒုက္ခကင်းတာက သူ့အတွက်လုံလောက်ပါသည်။ သူ့အနီးအနားက ယုန်ပေါက်စလေးတွေကို ကာကွယ်ခြင်းလည်းပါသည်။

ဒါ့အပြင်ဟောပြောပါက ဘေးဒုက္ခတစ်ပြုံတစ်ပြိုက်ကြီးကို ဖြစ်စေမည်သာ။

ဒါကိုမြင်သောအခါ မစ္စတာမဲ့ရွဲ့စွာသာ ပြုံးလိုက်ရသည်။

"အင်း၊ ဒီလိုကိစ္စမျိုးကို အရင်လုပ်လို့မှမရတာ"

သို့စေကာမူ ဒီအခိုက်အတန့်၌ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ ရုတ်တရက်ရှေ့ထွက်လာကြ၏။

"ကျွန်မတို့ အဇူရာကောင်းကင်ကျောင်းတော်ကို ပြန်တည်ဆောက်ဖို့ စီစဉ်ထားပါတယ်"

မစ္စတာ ပျော်သွားသည်။

တခြားတစ်ဘက်တွင် လုချန်ရှန်းကြက်သေသေနေသည်။

အဇူရာကောင်းကင်ကျောင်းတော်လား!

ဒါဘာငရဲတုန်း!

ဟုန်ရင် ပလ္လင်အသေးစားလေးတစ်ခုပါသည့် ရင်ဘတ်၌ ချိတ်ဆွဲထားသော လည်ဆွဲကို ချွတ်ပြီးပြောသည်။

"ရှေးဟောင်းစစ်မြေပြင်မှာတုန်းက ကျွန်မတို့ကို စီနီယာကောင်းကင်ဘုံဧကရာဇ်ဟန်က လမ်းညှန်ပေးခဲ့တာမို့ အင်ပါယာကောင်းကင်ခြံ၀င်းကို အမွေဆက်ခံဖို့အတွက် သူ့ကိုကတိပေးခဲ့ပါတယ်"

နင်းချန်ရှင်းကလည်း မျှော်စင်လေးတစ်ခုကို ထုတ်ယူပြီး ထပ်ပြောသည်။

"ကျွန်တော်က ကောင်းကင်လှုပ်ခတ်ခြံဝင်းကို အမွေရခဲ့ပါတယ်"

မစ္စတာ ဒီပစ္စည်းနှစ်ခုကို ကြည့်ရင်း ခေါင်းညိတ်သည်။

"ကြည့်ရတာ ကောင်းကင်ဘုံဧကရာဇ်နှစ်ယောက်စလုံးက မင်းတို့ကိုရွေးချယ်ခဲ့ပုံပဲ၊ အဇူရာကောင်းကင်ကျောင်းတော်ကိုသာ ပြန်တည်ဆောက်နိုင်တယ်ဆိုရင် ဒါကလက်ရှိသေမျိုးနယ်မြေအတွက် ကြီးကျယ်တဲ့ အရာတစ်ခုဖြစ်လာလိမ့်မယ်"

ဒါ့အပြင် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့၏ လက်ရှိခွန်အားအရ သူတို့က သေမျိုးနယ်မြေတစ်ခုလုံး၌ ထိပ်ဆုံးတွင် ရှိနေလေရာ အဇူရာကောင်းကင်ကျောင်းတော် ပြန်လည်တည်ဆောက်ရန်အတွက် အခြေခံလိုအပ်ချက်များက အဆင်ပြေနေလေပြီ။

ကျောင်းတော်၏ အမွေအနှစ်နှင့် ပတ်သက်၍ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့၏ ဆရာတဖြစ်လဲ လုချန်ရှန်းက ဒါကို လျစ်လျူရှုမှာမဟုတ်ဘူးဆိုတာ သူယုံကြည်သည်။

သူကလည်း အဇူရာကောင်းကင်ကျောင်းတော်၌ ပါ၀င်ရမည်သာ။

မစ္စတာအတွက် ဒါကသတင်းကောင်းတစ်ခုပေတည်း။

ဒီအခိုက်အတန့်၌ ထန်ကျုံ့ကျောက်ရှေ့တိုးလာပြီး လုချန်ရှန်းကိုဦးညွတ်ကာ လေးစားစွာပြောသည်။

"စီနီယာ၊ စီနီယာ့ရဲ့တပည့်တွေကို ကျွန်တော် ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို အလည်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်"

လုချန်ရှန်းစိုက်ကြည့်လိုက်၏။

"ငါတို့အခုဒီကိစ္စကို ဖြေရှင်းပြီးတာပဲရှိသေးတာ၊ အခုမင်းကသူတို့ကို တခြားတစ်နေရာမှာ ပြဿာနာရှာဖို့ သွားစေချင်တာလား၊ ငါနည်းနည်းလောက် အနားယူလို့ မရဘူးလား"

"အာ...." ထန်ကျုံ့ကျောက်လန့်ဖျပ်သွားရသည်။

ထိုအချိန်မှာပင် နတ်ဆိုးဘုရင်ကလည်း ရှောင်ဟိုင်ထံလျှောက်သွားသည်။

"အတိတ်တုန်းက သူတော်စင်နတ်ဆိုးတွေက ခေးအောစ့်နယ်မြေကိုလည်းသွားခဲ့တယ်၊ သူတို့အစွမ်းထက်ခွန်အားကို ရခဲ့တာက သွေးကြောကြောင့်တင်မဟုတ်ဘဲ ခေးအောစ့်နယ်မြေမှာလည်း အခွင့်အလမ်းတစ်ချို့ရခဲ့လို့ပဲ၊ သူတော်စင်နတ်ဆိုးတွေ အဲမှာ အရာတစ်ချို့ကို ချန်ထားခဲ့တယ်လို့ ရှေးဟောင်းစာသားတွေမှာလည်း မှတ်တမ်းတင်ထားတော့ ခေးအောစ့်နယ်မြေထဲကို စွန့်စားတာက မင်းအတွက် ရွေးချယ်မှုကောင်းတစ်ခုပဲ"

ရုတ်တရက် လုချန်ရှန်း နတ်ဆိုးဘုရင်ကို မကိုင်တွယ်ခဲ့သည့်အပေါ် နောင်တရသွားသည်။ သူ့ကိုလည်း သုတ်သင်ပစ်ရန်အတွက် သူဆင်ခြေတစ်ခုခုရှာခဲ့သင့်သည်။

လုချန်ရှန်းဆွံအနေစဉ် ရှောင်ဟိုင်ကလည်း ရှေ့တိုးလာသည်။

"ဆရာ၊ ကျွန်တော်လည်း ခေးအောစ့်နယ်မြေကို သွားချင်တယ်၊ လက်ရှိသေမျိုးနယ်မြေရဲ့စွမ်းအားက ကျွန်တော်တို့ တွေ့ကြုံခံစားဖို့အတွက် မလုံလောက်တော့ဘူးဆိုတော့ ပိုအားကောင်းတဲ့နေရာတစ်ခုကို သွားတာက ကျွန်တော်တို့ကို ပိုမြန်မြန် ကြီးထွားလာစေနိုင်တယ်လေ"

ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့ကလည်း လာကြသည်။

ယဲ့ချိုးပိုင်အပြုံးဖြင့်ပြောသည်။

"ဆရာ၊ ကျွန်တော်တို့မှာ တူညီတဲ့စိတ်ကူးတွေရှိပါတယ်"

"ပါးစပ်ပိတ်ထားစမ်း"

ယဲ့ချိုးပိုင် "......"

စံအိမ်တော်တွင် ဆရာက သူ့အပေါ် အမြဲလိုလိုမကောင်းမြင်နေသည်ဟု သူခံစားနေရသည်။ ဒါမှမဟုတ် ဒါကငါ့စိတ်ကူးသက်သက်လား!

ဒီအချိန်မှာပင် ရှီရှန်းကလည်း ခေါင်းကုတ်ရင်းပြောသည်။

"ကျွန်တော်လည်း အစ်ကိုကြီးတို့နဲ့အတူ ခေးအောစ့်နယ်မြေကိုသွားချင်တယ်၊ ဒီနှစ်တွေမှာ ကျွန်တော်ဒုတိယစီနီယာအစ်မနဲ့ တတိယစီနီယာအစ်ကိုတို့နောက်ကို လိုက်နေခဲ့တာဆိုတော့ အခုစွန့်စားထွက်ခွာဖို့ အချိန်ကျပြီထင်တယ်"

ထိုစဉ် ရုတ်တရက် ယဲ့ချိုးပိုင် မုဖူရှန်းကိုလည်း ဆွဲယူလိုက်၏။

"မင်းဘာလို့အဲမှာပုန်းနေတာလဲ၊ မင်းမသွားဘူးလား"

မုဖူရှန်း "......"

သူငိုချင်သော်လည်း မျက်ရည်မရှိပါ။

လုချန်ရှန်း၏အမူအရာကို တစ်ချက်ခိုးပြည့်ရင်း သူစီနီယာအစ်ကိုကြီးနှင့် မပတ်သက်ဘဲနေရန် ပြင်နေစဉ် ယဲ့ချိုးပိုင်သူ့အတွက် အဖြေပေးလာသည်။

"ဂျူနီယာညီလေးမုက ကျွန်တော်တို့နဲ့ အမြဲအတူရှိနေခဲ့တာ၊ ရုတ်တရက်ခွဲခွာရမယ်ဆိုရင် သူကျင့်သားမရလောက်ဘူး'

မုဖူရှန်းဒေါသထွက်သွားသည်... စီနီယာဝါစဉ်အရသာမဟုတ်ဘူးဆိုရင် ကျွန်တော် အစ်ကိုကြီးကို အခုချက်ချင်းပိတ်ရိုက်နေလောက်ပြီ!

သူ့အစ်ကိုကြီးကြောင့် ဆရာ့နှလုံးသားထဲက သူ့၏ပြီးပြည့်စုံသောပုံရိပ်က တဖြည်းဖြည်း ဖျက်ဆီးခံနေရသည်။

ဒီအခိုက်အတန့်မှာပင် လုချန်ရှန်း ဖန်ချန်းကိုကြည့်ရင်းမေးသည်။

"မင်းရော၊ မင်းလည်းသွားချင်လား"

ဖန်ချန်းခေါင်းညိတ်သည်။

"ဒါပေမယ့် ကျွန်တော့်မှာ လုပ်စရာတစ်ခုရှိသေးတယ်"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ကြည့်လိုက်စဉ် ဖန်ချန်း၏မျက်လုံးများက နက်ရှိုင်းသည့် အမုန်းတရားဖြင့် ပြည့်နှက်နေပြီး တီးတိုးပြောသည်။

"ကျွန်တော့်ခွန်အားက အခုလုံလောက်နေပါပြီ၊ အခုမိသားစုရန်ငြိုးအတွက် လက်စားချေရမယ့်အချိန်ပဲ"

လူတိုင်း၏အမူအရာက အနည်းငယ် လေးနက်သွားကြ၏။

ဘေးကရှောင်ဟိုင်မေးသည်။

"ငါတို့အကူအညီလိုသေးလား"

ဖန်ချန်းခေါင်းခါယမ်းသည်။

"ကျွန်တော်ပဲလုပ်ပါရစေ၊ ကျွန်တော့်လက်ရှိခွန်အားနဲ့ ကျွန်တော့်စွမ်းအားကို ဗလာနတ္ထိပုံတူထဲမှာ တည်ငြိမ်အောင်လုပ်ပြီး အင်မော်တယ်နယ်မြေကို သွားနိုင်ပါတယ်"

မဟာတိုက်ပွဲအလယ်တွင် စံအိမ်တော်ကလူတိုင်း၏ တိုက်ပွဲပြင်းထန်မှုက အများဆုံးဖြစ်လေရာ လူတိုင်း၏ ခွန်အားက သိသိသာသာတိုးတက်လာခဲ့ကြသည်။ သူတို့ အဆင့်မချိုးဖျက်ကြသေးသော်လည်း ချိုးဖျက်ရန်ဟူသည် အချိန်အတိုင်းအတာတစ်ခုသာ။

ယင်းနောက်တွင် သေမျိုးနယ်မြေက ပြန်လည်တည်ဆောက်သည့်အဆင့်တစ်ခုသို့ ၀င်သွားခဲ့သည်။

အဇူရာကောင်းကင်ကျောင်းတော်၏ ပြန်လည်တည်ဆောက်မှုကို သေမျိုးကျေးရွာမှာ မစ္စတာဦးဆောင်ခဲ့သည်။

ယဲ့ချိုးပိုင်နှင့် စံအိမ်တော်ကလူတိုင်းက သူတို့ကျင့်ကြံခြင်းများကို ခိုင်မာစေရန်အတွက် ဗလာနတ္ထိပုံတူထဲ ၀င်သွားခဲ့ကြ၏။

ထာ၀ရသက်တမ်းကမ္ဘာသို့ မပြန်သေးခင် အမှောင်သခင်တွင် ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိသဖြင့် လျိုကျိယု သူနှင့်အတူ အရင်ဆုံး အမှောင်ပိုင်နက်ကို ခရီးထွက်ရန် ပြောခဲ့သည်။

သို့စေကာမူ သူတို့အမှောင်ပိုင်နက်ကို မထွက်ခွာသေးခင်ပင် လှပသည့်အသားအရေ၊ ကျောက်စိမ်းကဲ့သို့ ခန္ဓာနှင့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် ပန်းချီကားချပ်တစ်ခုအလား ထင်ရသည့် မိန်းကလေးတစ်ဦး လုချန်ရှန်းဆီသို့ ချဉ်းကပ်လာသည်။

သူမကိုမြင်သောအခါ လုချန်ရှန်း အနည်းငယ်မသက်မသာဖြစ်သွားရသည်။

ဘေးက ဟွမ်ချင်းတခြားတစ်ဘက်သို့ လျှောက်သွားသော်လည်း သူမ၏အကြည့်က လုချန်ရှန်းရှိရာဘက်သို့ အမှုမဲ့အမှတ်မဲ့ ကျရောက်နေသည်။

လုချန်ရှန်းမေးသည်။

"မင်းတစ်ခုခုလိုအပ်တာရှိလို့လား"

ကျိချန်းယောင် အနည်းငယ်ပူပန်နေသော်လည်း လုချန်ရှန်း၏ ဝေးလံလှသည့် စကားလုံးများကို ကြားရသောအခါ စိတ်ပျက်သည့်ပမာ ခံစားရသည်။

"အရေးကြီးကိစ္စတော့မဟုတ်ပါဘူး၊ စီနဖိယာကို ကျင့်ကြံခြင်းပြဿာနာတစ်ချို့နဲ့ ပတ်သက်ပြီး မေးချင်ရုံပါပဲ"

ကျိချန်းယောင်၏ အနည်းငယ်ခေါင်းမာသည့် အကြည့်ကိုမြင်သောအခါ လုချန်ရှန်း အနည်းငယ်သက်ပြင်းချသည်။ ဒါကိုဆက်လက်ဆွဲဆန့်ထားတာက ဘာမှအကျိုးမထူးဘူးဆိုတာကို သိသည့်အပေါ် သူခိုင်မာစွာပင်ပြောသည်။

"ကျင့်ကြံခြင်းကိစ္စတွေကို ငါတို့နောက်မှ ပြောလို့ရတယ်၊ ငါ့မှာအခုလုပ်စရာတွေ ရှိသေးတယ်"

ကျိချန်းယောင်၏ အနည်းငယ်မည်းမှောင်လာသည့် မျက်လုံးများကို ကြည့်ရင်း လုချန်ရှန်းဆက်ပြောသည်။

"အခုမင်းကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား၊ အမြင့်ဆုံးကိုရောက်မှ တခြားကိစ္စတွေကို တွေး"

ဒါကရိုးရှင်းသည်။ ဆိုလိုတာက သူ့ကို ဆက်ပြီးဆွဲဆောင်ရန် မကြိုးစားဘဲ ကျင့်ကြံခြင်းပေါ်၌သာ ရိုးသားစွာအာရုံစိုက်ရန်ပင်။

အတော်လေးရှင်းလင်းသည့် ငြင်းပယ်မှုပေတည်း။

ကျိချန်းယောင်၏မျက်နှာ တဖြည်းဖြည်းငုံ့ကျသွားပြီး သူမ၏အမူအရာက ဖတ်မရဖြစ်သွားသည်။

သို့သော် လုချန်ရှန်း၏ခွန်အားရ ကျိချန်းယောင်မျက်နှာပေါ်မှ စီးကျလာသည့် မျက်ရည်တစ်စက်ကို သူမြင်နိုင်ပါသေးသည်။

လုချန်ရှန်းအနည်းငယ်ခေါင်းခါယမ်းရင်း လျိုကျိယုနှင့်အတူ အမှောင်ပိုင်နက်ကို ဦးတည်ရန် ပြင်ဆင်လိုက်၏။

သူတို့ပျံသန်းသွားသည့်အခိုက်တွင် နောက်ကနေ အသံတစ်သံရုတ်တရက်ထွက်လာသည်။

"စီနီယာ၊ ကျွန်မစိတ်ရှည်လက်ရှည်နဲ့ ကျင့်ကြံပြီး တစ်နေ့မှာ ရှင့်ကိုမီအောင်လုပ်မယ်"

လုချန်ရှန်း၏ပုံရိပ်က အနည်းငယ်တွန့်ဆုတ်သွားရပြီး ငိုချင်သော်လည်း မျက်ရည်မကျလာသလို ခံစားရသည်။

ဒီလောက်ပြောပြီးတာတောင် သူ‌လက်မလျှော့သေးဘူးလား!

ငါဘာမှမလုပ်မိဘူးလေ၊ ဒီဒုက္ခကို တကယ်ပဲ ရှောင်ရှားလို့မရဘူးလား!

သူ့ခြေထောက်အစုံက ဆီသုတ်ထားသည့်အလားပင် ချက်ချင်းပျောက်ကွယ်သွား၏။

မူလနေရာ၌ရှိနေသေးသည့် လျိုကျိယုပင်လျှင် တစ်ခဏကြာကြက်သေသေနေပြီး လိုက်ဖမ်းရန် အားအပြည့်သုံးလိုက်ရသည်။

"စီနီယာ၊ ကျွန်တော့်ကိုစောင့်ပါဦး၊ ကျွန်တော်ခင်ဗျားကို လိုက်မမီဘူး"

အင်း၊ ထပ်ပြီးရင်းနှီးနေတဲ့မြင်ကွင်းပဲ!

....

သေမျိုးနယ်မြေ၏ မထိခိုက်ခဲ့သော နေရာနှစ်ခုအနက်တစ်ခုဖြစ်သည့် အမှောင်ပိုင်နက်!

နောက်တစ်ခုက လူရိုင်းဒေသဖြစ်သည်။

လုချန်ရှန်း အမှောင်ပိုင်နက်ကို ရောက်လာသောအခါ အမှောင်သခင်တိုက်ရိုက်ပင် ပြောသည်။

"စီနီယာ၊ ခင်ဗျားပြောတဲ့လူနဲ့ပတ်သက်ပြီး ကျုပ်တို့ အမှောင်ပိုင်နက်မှာ သဲလွန်စတစ်ချို့ ရှိလောက်တယ်"

အပိုင်း(1286) coming။

All Chapters