← Chapters

ပျက်သုဉ်းခြင်းအိပ်မက်ဆိုး

Vol. 84 Ch. 836

ပျက်သုဉ်းခြင်းအိပ်မက်ဆိုး

Vol. 84 Ch. 836

သစ်ပင်ကြီး၏ ပါးစပ်ပေါက်ထဲသို့ ခုန်ဆင်းလိုက်သည်နှင့်တပြိုင်နက် နွယ်ပင်ပေါင်းများစွာက စုချန်းကို သစ်ပင်အတွင်းပိုင်းသို့ ဆွဲခေါ်သွားတော့၏။ စုချန်းသည် သာမာန်အားဖြင့်အင်အားကြီးမားသူ ဖြစ်သော်လည်း နွယ်ပင်များ ပြင်းထန်စွာဆွဲယူခံရခြင်းကြောင့် အတော်လေးပင် ဆောက်တည်ရာမရ ဖြစ်သွားလေသည်။ လျှို့ဝှက်နယ်မြေကား သူ့အပေါ် သိပ်နူးညံ့မှုမရှိဟုပင် ဆိုရတော့မည်။

ရှည်လျားသော ဝင်ပေါက်ကို ဖြတ်ကျော်ပြီးနောက် တဖက်ခြမ်းကိုရောက်သည်နှင့် စုချန်း မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ ထိုအခါ သူ့ရှေ့ရှိ ကျယ်ပြောလှသော နယ်မြေကြီးကို စုချန်း မြင်လိုက်ရလေသည်။

စုချန်း၏ ရှေ့တွင်ကား အိမ်သစ်ပင်များဖြင့် ပြည့်နှက်နေသော သစ်တောကြီး ရှိနေ၏။ အနှီ အိမ်သစ်ပင်များမှာ လူပျံတော်များနှင့်သာ သက်ဆိုင်သော သစ်ပင်မျိုးဟု ဆိုနိုင်ပေသည်။ အိမ်သစ်ပင်များ၏ မျက်နှာပြင်သည် အလွန်မာကျောသော်လည်း ၎င်းတို့ကြီးထွားနေစဥ်ကာလတွင်ကား ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသွင်း လွယ်ကူ၏။ ၎င်းတို့၏ပတ်ဝန်းကျင်ကိုလည်း များစွာ အာရုံခံနိုင်သော စွမ်းရည်ရှိကြလေသည်။ ထို့ကြောင့် လူပျံတော်များသည် အိမ်များ၊ အခန်းများတည်ဆောက်ရန် ဤအိမ်သစ်ပင်များကို အသုံးပြုလေ့ရှိကြ၏။

အိမ်များတည်ဆောက်ရာတွင် လူပျံတော်များသည် အိမ်သစ်ပင်၏ အကိုင်းအခက်များကို မိမိလိုချင်သောဦးတည်ရာအတိုင်း ချိန်ညှိပေးရုံနှင့် အဆိုပါအကိုင်းအခက်များသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ကြီးထွားလာကာ သဘာဝအိမ်တစ်လုံးအဖြစ် ပုံပေါ်လာတော့သည်။ ထို့ကြောင့် အိမ်သစ်ပင်များသာ ရှိပါက အိမ်များတည်ဆောက်ရန် လက်သမားပစ္စည်းများပင် မလိုအပ်ချေ။ လူပျံတော်များဟူသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသော အရာများကို နှစ်သက်တတ်ကြလေရာ ၎င်းတို့၏အိမ်များကို ပုံဖော်ရန် အိမ်သစ်ပင်များကို သဘောကျနှစ်သက်ခြင်းမှာ သဘာဝကျနေ၏။

“ဟယ် အရမ်းကြီးတဲ့ အိမ်သစ်ပင်တောကြီးပါလား မြို့တစ်မြို့နဲ့တောင် တူနေသေးတယ်”

စုချန်းနောက်ကျောမှ ကပ်လျက်လိုက်ပါလာသည့် နုပျိုပြည့်လျံက အော်လိုက်သည်။ တကယ်လည်း ဤမြင်ကွင်းသည် လူပျံတော်များအတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်နေသည်မှာ အမှန်ပင်။

“လက်စသတ်တော့ ဒီလိုကိုး ကျွန်မ အခုတော့ နားလည်သွားပြီ”

မီးလျံညှို့ငင်က ရေရွတ်လိုက်၏။

“မင်းက ဘာကို နားလည်တာလဲ”

စုချန်းက မေးခွန်းထုတ်လိုက်လေသည်။

မီးလျံညှို့ငင် ပြန်ဖြေလိုက်၏။

“ဒီလျှို့ဝှက်နယ်မြေက ဘာလဲဆိုတာ ကျွန်မ နားလည်ပြီ”

“ဘာလဲ”

လူတိုင်းက မေးလိုက်ကြသည်။

မီးလျံညှို့ငင်က အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။

“ဒါက ဒဏ္ဍာရီလာကျောက်စိမ်းမြူ ကျွန်မတို့အတွက် ချန်ထားခဲ့တဲ့ ခံတပ်မြို့ပဲ ဖြစ်ရမယ်”

“ခံတပ်မြို့ ဟုတ်လား"

လူတိုင်း အံ့သြတကြီး ဖြစ်ကုန်ကြ၏။

လေပေါ်ခံတပ်မြို့များဟူသည် လူပျံတော်များ အလွန်ဂုဏ်ယူကြသော ရဲတိုက်များဖြစ်ကြ၏။ ထိုခံတပ်များသည် ၎င်းတို့သည် ဤကမ္ဘာကြီးပေါ်တွင် နေရာတစ်နေရာ ရရှိရန် အားကိုးခဲ့ကြသည့် အရာများဟုလည်း ဆိုနိုင်ပေသည်။

ထို့ကြောင့် ခံတပ်မြို့တစ်မြို့စီတိုင်းသည် လူပျံတော်များ၏ ဂုဏ်ယူစရာများပင်တည်း။ ယခုတော့ မီးလျံညှို့ငင်က ဤနေရာတွင် နောက်ထပ် ခံတပ်မြို့တစ်မြို့ရှိကြောင်း ၎င်းတို့အား ပြောနေပါကလား။

စုချန်း၏မျက်လုံးအစုံသည် လင်းလက်တောက်ပလာ၏။

"ဟုတ်တယ် ဒါက ခံတပ်မြို့ပဲ ဒါပေမဲ့ ဒါက အတိအကျပြောရရင် ရှုံးနိမ့်သွားတဲ့ ခံတပ်မြို့ပဲ"

ကျောက်စိမ်းမြူဟူသည် ဒဏ္ဍာရီလာ အာကင်နာပညာရှင်တစ်ဦးဖြစ်၍ သူ့တွင် ဒဏ္ဍာရီလာ ရည်မှန်းချက်များ ရှိနေသည်မှာ သဘာဝကျပေသည်။ သို့မဟုတ်လျင် သူ၏ဒဏ္ဍာရီလာဟူသောဘွဲ့မှာ ရှက်စရာကောင်းနေပေလိမ့်မည်။ ထို့ကြောင့် ကျောက်စိမ်းမြူသည် သူ့ဘာသာသူ ခံတပ်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ပုံရ၏။

ကျောက်စိမ်းမြူ၏ စိတ်ကူးကို စဥ်းစားမိသည်နှင့် စုချန်းတယောက် ရယ်မောရုံသာ တတ်နိုင်တော့၏။

အပြင်ပန်းကြည့်ရုံနှင့် ကျောက်စိမ်းမြူ၏ ကြိုးပမ်းအားထုတ်မှု ကျရှုံးသွားမှန်း စုချန်း သဘောပေါက်နေ၏။ သို့မဟုတ်လျင် ဤခံတပ်မြို့ကြီး ဤနေရာတွင် ဤအတိုင်း ရှိနေမည်မဟုတ်ချေ။

သစ်ပင်ကြီး၏ပုံပန်းသွင်ပြင်အရ ကျောက်စိမ်းမြူ၏ စီမံကိန်းမှာ ပုံသဏ္ဍာန်ပြောင်းလဲနိုင်သော အပင်တစ်မျိုးကို အသုံးပြု၍ ခံတပ်မြို့တစ်မြို့ ဖန်တီးရန် ဖြစ်ဟန်တူသည်။ ထို့ကြောင့် သူက လူတိုင်း၏အိမ်ယာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သစ်ပင်ကြီးအတွင်း၌ အိမ်သစ်ပင်အများအပြားကို ထပ်မံ စိုက်ပျိုးထားခဲ့ခြင်းပင်။

အိမ်သစ်ပင်မြို့လေးအပြင် သစ်ပင်၏နံရံများတစ်လျှောက်တွင်လည်း အသုံးဝင်သည့် အဆောက်အအုံများစွာ ရှိနေ၏။ သို့သော်လည်း ဤအဆောက်အအုံများမှာ မပြီးဆုံးသေးကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေလေသည်။

ပင်မအကြံအစည် ကျရှုံးခဲ့ပြီဖြစ်၍ အတွင်းပိုင်းကို အပြီးသတ်ရန် မည်သူက ကြိုးစားနေအုံးမည်နည်း။ မည်သို့ဆိုစေ ကျောက်စိမ်းမြူသည် ဤသစ်ပင်ကြီးအတွက် သွေး၊ ချွေးနှင့် မျက်ရည်များကို စိုက်ထုတ်ကြိုးစားခဲ့ရသည်မှာ သိသာနေ၏။

နောက်ဆုံးအကြိမ် လူပျံတော်မျိုးနွယ်စု ဤနေရာသို့ ရောက်ရှိလာခဲ့စဥ်က ဤသစ်ပင်ကြီး အပြည့်အဝ မပေါ်ထွက်လာခြင်းမှာ အကြောင်းရင်းတခုရှိနေ၏။ ၎င်းမှာ အနှီ လူပျံတော်မျိုးနွယ်စုသည် ဝိညာဉ်မျိုးစိတ်ဝင်တစ်ဦးကို ၎င်းတို့နှင့်အတူ ယူဆောင်လာခဲ့သောကြောင့်ပင်။ ဤခံတပ်မြို့သည် လူပျံတော်များ အသုံးပြုရန် သီးသန့်ရည်ရွယ်ထားသောကြောင့် ကျန်မျိုးစိတ်ဝင်တဦး၏ အငွေ့အသက်ကိုရနေပါက သစ်ပင်ကြီး ငုပ်လျိုးနေခြင်းမှာ သဘာဝကျနေသည် မဟုတ်ပါလား။

စုချန်းအဖို့ကား စစ်မှန်သော အတောင်များကိုပိုင်ဆိုင်ထား၍ သူ့ကို လူပျံတော်မဟုတ်ဟု မည်သူမှ မပြောနိုင်ချေ။

မည်သို့ဆိုစေကာမူ ကျောက်စိမ်းမြူသည် လူပျံတော်များအတွက် အလွန်တန်ဖိုးကြီးသော အမွေအနှစ်တခုကိုတော့ ချန်ထားရစ်ခဲ့၏။ တစ်ဖက်တွင်မူကား လေမျိုးဆုံရာမျိုးနွယ်စုအဖို့ အကြီးအကျယ် စိတ်မကောင်းဖွယ်ရာ ဖြစ်နေတော့သည်။ သူတို့နှင့်အတူ ယူဆောင်သွား၍မရသော ဤသစ်ပင်ကြီးကို သူတို့ ဘာလုပ်ရမည်နည်း။

သို့သော် အိမ်သစ်ပင်မြို့ထဲတွင်လည်း ရတနာများ ရှိနေနိုင်သေးပေသည်။

“ကဲ ကျုပ်တို့သွားကြည့်ရအောင် ကိုယ်တိုင် မစစ်ဆေးပဲနဲ့ ရတနာတွေ ရှိမရှိ ဘယ်သိနိုင်ပါ့မလဲ”

စုချန်း အထက်ပါအတိုင်း လောဆော်ရင်း မြို့ထဲသို့ ဦးတည်လိုက်၏။

သစ်ပင်မြို့သည် လုံးဝတိတ်ဆိတ်နေ၏။ လှုပ်ရှားမှုဟူ၍ သစ်ရွက်လှုပ်သည်မျိုးပင် မရှိချေ။ သို့သော် အတွင်း ထဲသို့ ရောက်လာသည်နှင့်အမျှ ကုတ်ခြစ်သံတချို့ကို စတင်ကြားလာရလေသည်။

"အဲဒါ ဘာအသံလဲ”

လူတိုင်း တစ်ယောက်မျက်နှာကို တစ်ယောက် ပြန်ကြည့်မိကြသည်။

“အားလုံး သတိထားကြစမ်း ဒါ ကျုပ်တို့ဆီကို မကောင်းတာတခုခု လာနေတာဖြစ်နိုင်တယ်"

စုချန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျောက်စိမ်းမြူက ငါတို့အတွက် ဒီခံတပ်ကို ချန်ထားခဲ့တာဆိုရင် ထောင်ချောက်တွေ ဘာတွေတော့ မရှိသင့်ဘူးမဟုတ်လား”

လူပျံတော်တစ်ဦးက ပြောလိုက်ပြန်သည်။

စုချန်း အေးစက်သောအသံနှင့် ရယ်မောလိုက်၏။

“အဲ့ဒါသာ အမှန်ဆိုရင် အစောပိုင်းက ဝိညာဥ်မျိုးစိတ်ဝင်ကို ဘယ်သူသတ်ခဲ့တာလဲ ပြီးတော့ ဒီခံတပ်ကို ဘာကြောင့် လျှို့ဝှက်ထားတာလဲ"

“ဒါ...”

လူတိုင်း စကားမပြောနိုင်ပဲ ဖြစ်သွား၏။

“ဒါကြောင့် သတိထားဖို့ ကျုပ်ကပြောနေတာ ဒီလျှို့ဝှက်နယ်မြေကို လူပျံတော်တွေအတွက် ကျောက်စိမ်းမြူချန်ထားခဲ့တယ်ဆိုတိုင်း ဒီမှာ အန္တရာယ် မရှိဘူးလို့ မဆိုလိုဘူး”

စုချန်းက ရှင်းပြလိုက်သည်။

ထိုအချိန်မှာပင် မြို့ထဲတွင် အနက်ရောင်မြူခိုးများ ရုတ်တရက် စုစည်းလာ၏။ အဆိုပါမြူခိုးများသည် မြင်လိုက်ရုံနှင့် အန္တရာယ်ရှိဟန်ပေါ်နေလေသည်။

တခနအကြာတွင် မြူခိုးများသည် အရာအားလုံးကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ အမြင်အာရုံကို ကန့်သတ်လိုက်၏။ လူတိုင်း ကိုယ့်လက်ချောင်းများကိုပင် ကိုယ်မမြင်နိုင်တော့ချေ။ အံ့ဩစရာအကောင်းဆုံးမှာ အဆိုပါအနက်ရောင်မြူခိုးများ ၎င်းတို့အား ဖုံးလွှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်တခုလုံးမှအသံများကို မည်သူမှ မကြားနိုင်တော့ပဲ ဖြစ်သွားခြင်းပင်။ ကြည့်ရသလောက် အနှီမြူခိုးများသည် လူတစ်ဦး၏ အာရုံများကို ပြင်းထန်စွာ ဖိနှိပ်နိုင်ပုံရနေလေသည်။ ထို့ကြောင့် မြူခိုးများအတွင်းရောက်သွားသူတိုင်း မျက်စေ့ကန်းနားမကြား ဖြစ်သွားသည့်သဘောပင်။

စုချန်းကား နေရာမှာပင် အတိုင်းသား ရပ်နေ၏။ ဆိုးရွားသောတစုံတရာ သူ့ထံ ချည်းကပ်လာမှန်း သူ ကောင်းကောင်းကြီး ခံစားမ်ိနေလေသည်။ ၎င်းမှာ သူ၏အားကောင်းလှသော စိတ်စွမ်းအားကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကျန်လူများမှာကား ၎င်းတို့ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသည်ကို လုံးဝမသိကြပဲ အကန်းသဖွယ်သာ ဖြစ်နေကြ၏။

ထို့နောက် ရုတ်တရက်ဆိုသလိုပင် စုချန်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ ထိုခနမှာပင် ထူးဆန်းသောအလင်းတစ်ခုသည် သူ့မျက်လုံးများထဲတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာလေသည်။ ပရမတ်မျက်လုံးများအား အသက်သွင်းလိုက်ခြင်းပင်။

ပရမတ်အမြင်အာရုံများအသက်ဝင်လာသည်နှင့် မည်းနက်သောမြူခိုးများကြားတွင် အဖြူရောင်အရိပ်များ လူးလားပျံ့နှံ့နေသည်ကို စုချန်း တွေ့လိုက်ရသည်။

“အော် နတ္တိအရိပ်တွေပါလား"

စုချန်း နည်းနည်းတော့ အံ့သြသွား၏။

နတ္တ်ိအရိပ်များဟူသည် ရှားပါးသောနတ်ဆိုးသတ္တဝါအမျိုးအစားများဖြစ်ပြီး အလွန်ထူးဆန်း၏။ ၎င်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ မရှိလေရာ ထူးဆန်းသော မြူခိုးများအကြားတတွင်သာ တည်ရှိနိုင်လေသည်။ သို့သော် ၎င်းတို့သည် သက်ရှိစွမ်းအင်ကို စုပ်ယူနိုင်၏။

ကြည့်နေရင်းနှင့်ပင် ၎င်းတို့သည် စုချန်း၏ အသက်စွမ်းအားကို ပြင်းပြင်းထန်ထန် စုပ်ယူလာတော့သည်။ ထူးခြားသည်မှာ ၎င်းနတ္တိသက်ရှိများသည် ပုံသဏ္ဍာန်မရှိ၍ ထောက်လှမ်းရန် ခက်ခဲသည့်အပြင် ၎င်းတို့၏တိုက်ခိုက်မှုများသည် မည်သည့်နာကျင်မှုကိုမှ ပေါ်ပေါက်စေခြင်းမရှိချေ။ ထို့ကြောင့် လူအများအပြားသည် အသက်သာသေသွားပြီး ဘာဖြစ်လိုက်ကြမှန်းပင် သိမည်မဟုတ်ချေ။

နတ္တိအရိပ်အုပ်စုတစ်စု သူ့ကို မြိုချရန်ကြိုးစားလိုက်ကြောင်း မြင်သည်နှင့် စုချန်း အားရပါးရ ရယ်မောလိုက်၏။

"သေချင်နေတဲ့ကောင်တွေပါလား”

တဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်ဆီမှ အားကောင်းလှသော အရှိန်အဝါတခု စတင်ထွက်ပေါ်လာတော့သည်။ ဤအခြေအနေတွင် လူသားများ ကျင့်ကြံခြင်းနည်းစနစ်၏ အကျိုးကျေးဇူးကိုထင်သာမြင်သာရှိစေသည့်အခိုက်အတန့်ဟုပင် ဆိုရပေတော့မည်။

ဝိညာဉ်ကဲ့သို့သော ထင်ယောင်ထင်မှားသက်ရှိများကို ကိုင်တွယ်ရာတွင် လူ့ခန္ဓာကိုယ်မှ မွေးရာပါထွက်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ပတ်ဝန်းကျင်မှ မူလစွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းထက် များစွာ သာလွန်နေ၏။

စုချန်း၏ ကိုယ်တွင်းအရှိန်အဝါနှင့် ထိတွေ့မိသည်နှင့်တပြိုင်နက် နတ္တိအရိပ် များသည် ထွန်းလင်းတောက်ပသော နေရောင်ခြည်နှင့် ထိတွေ့သကဲ့သို့ နောက်ဆုတ်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။ ၎င်းတို့၏အော်ဟစ်သံများသည်ပင် တိတ်ဆိတ်နေပြီး မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိချေ။ စုချန်းသည်သာလျင် အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအားကြောင့် ၎င်းတို့အသံက်ို ကြားနေရခြင်း ဖြစ်လေသည်။

မျက်စေ့တမှိတ်အတွင်း နတ္တိအရိပ်အတော်များများ အသက်ပျောက်ကုန်ကြ၏။ စုချန်း၏ တိုက်ခိုက်မှု စက်ဝန်းမှာ အလွန်ကြီးမားကျယ်ပြန့်လေရာ အခြားလူပျံတော်များသည်လည်း သူ့အကာအကွယ်အောက်တွင် ရှိနေကြလေသည်။ သို့မဟုတ်လျင် နတ္တိအရိပ်များ၏ လက်ချက်ကြောင့် လေမျိုးဆုံရာမျိုးနွယ်စုဝင်အတော်များများ အသက်ကုန်သွားဖွယ်ရာ ရှိ၏။

ထိုအချိန်မှာပင် ထူးဆန်းလှသော အသံနက်ကြီး ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက်အနက်ရောင်မြူခိုးများအတွင်းမှ မည်းနက်သောအရာတစ်ခုသည် စုချန်းဆီသို့ တည့်တည့်မတ်မတ်ပင် တိုးဝင်လာတော့သည်။

ဤတကြိမ် စုချန်းအား တိုက်ခိုက်လာသော အရိပ်မှာ မယုံနိုင်လောက်အောင် လျင်မြန်သလို အရှိန်အဟုန်မှာလည်း ပြင်းထန်လှ၏။

စုချန်း ဘာမှမတတ်နိုင်ပဲ လက်ဖြင့်ကာရုံမျှသာ ကာနိုင်လိုက်သည်။ ၎င်းသည် သူ့လက်မောင်းကို ပြင်းထန်စွာ ဝင်တိုးတော့၏။ ထိုအရှိန်အဟုန်ကြောင့် စုချန်းပင် နောက်သို့လွင့်စင်သွားလေသည်။

ဟန်ချက်ကို ပြန်လည်ထိန်းလိုက်မိသည်နှင့် နောက်ထပ်အရိပ်သုံးရိပ် စုချန်းထံသ်ို့ တိုးဝင်လာပြန်၏။ ထိုအခါသူက စီးဆင်းရွှေဓားကို ကိုင်လိုက်ပြီး တစ်ချိန်တည်းမှာပင် လေးဖက်မြင်မျက်နှာရှိသည့် ကမ္ဘာဦးသွေးပုံရိပ်ကို ဖော်ထုတ်လိုက်တော့သည်။ ကမ္ဘာဦးသွေးပုံရိပ်၏ စွမ်းအင်မျာ ပေါင်းစပ်ပါဝင်လာခြင်းကြောင့် စီးဆင်းရွှေဓားသည် နဝမလက်စွပ်အဆင့်သို့တိုင် မြင့်တက်သွားတော့သည်။

ကျွီခနဲ မြည်သံနှင့်အတူ အနက်ရောင်သွေးများ လေထဲတွင် ပြန့်ကျဲသွား၏။ထို့နောက် အသားတုံးကြီးသုံးတုံး မြေကြီးပေါ် ပြုတ်ကျလာလေသည်။ သူ့အနေနှင့် ရေဘဝဲလက်တံ သုံးခုကို ဖြတ်တောက်လိုက်ကြောင်း စုချန်း ရှင်းရှင်းလင်းလင်း မြင်လိုက်နိုင်၏။

“ဒီတော့ လေဟာနယ်အိပ်မက်ဆိုးပဲပေါ့လေ”

သို့သော် စုချန်းကား အနည်းငယ်မှ အံ့သြသွားပုံမရ။

လေဟာနယ်အိပ်မက်ဆိုးဟူသည် လေဟာနယ်သက်ရှိတစ်မျိုးဖြစ်ပြီး ၎င်းသည် နတ္တိအရိပ်များနှင့်အတူ ပူးပေါင်းနေထိုင်တတ်ကြ၏။ ၎င်း၏ကိုယ်ခန္ဓာမှာကား လှုပ်ရှားနိုင်စွမ်းမရှိလေရာ နတ္တိအရိပ်များက ၎င်းတို့၏ သယ်ပို့သူအဖြစ် တာဝန်ထမ်းဆောင်ကြရလေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် လေဟာနယ်အိပ်မက်ဆိုးအတွက် အမဲများပင် လိုက်ပေးကြရ၏။ အပြန်အလှန်အနေနှင့် နတ္တိအရိပ်များကို လေဟာနယ်အိပ်မက်ဆိုးက ပြန်လည်ကာကွယ်ပေးကြရသည်။

စုချန်းအနေနှင့် နတ္တိအရိပ်များကို မြင်သည်နှင့် လေဟာနယ်အိပ်မက်ဆိုးရှိနိုင်မှန်း ကြိုတင်မျှော်တွေးထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက တိုက်ပွဲစသည်နှင့် မီးကုန်ယမ်းကုန်ပင် စတင်တိုက်ခိုက်တော့၏။

ထိုအချိန်တွင် ရေဘဝဲလက်တံများစွာက စုချန်းဆီသို့ ဦးတည်ရွေ့လျားလာကြလေပြီ။

အနက်ရောင်မြူခိုးများအောက်တွင် တိုက်ပွဲကြီးတစ်ပွဲကား စတင်နေခဲ့ချေပြီတည်း။

***

All Chapters