← Chapters

ဝင်ပေါက်

Vol. 84 Ch. 837

ဝင်ပေါက်

Vol. 84 Ch. 837

ဝုန်း!!!

စုချန်း၏ ဓားချက်ကြောင့် လေဟာနယ်အိပ်မက်ဆိုး၏ လက်တံကြီးများအားလုံး ပြတ်တောက်သွား၏။ ထိူ့နောက် ကျယ်လောင်လှသော အသံကြီးနှင့်အတူ လေဟာနယ်အိပ်မက်ဆိုးသည် မြေကြီးပေါ် တအိအိ လဲပြိုသွားလေသည်။

သိပ်မကြာမီ စက္ကန့်ပိုင်းအတွင်းတွင်တော့ လေဟာနယ်အိပ်မက်ဆိုး၏ ကြီးမားသော ကိုယ်ထည်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ၎င်း ဘယ်သောအခါမှ မရှိသည့်နှယ် ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။

ထိုအခါကျမှ စုချန်းတယောက် နဖူးမှ ချွေးများကို သုတ်ရင်း သက်ပြင်းချလိုက်မ်ိ၏။

အနှီလေဟာနယ်အိပ်မက်ဆိုးကြီးသည် အတော်လေး ထူးခြားသည်မှာ သေချာနေ၏။ ၎င်း၏ ခွန်အားမှာလည်း မီးလျံညှို့ငင်နှင့် ဖြူမဲညီအစ်ကိုများ ပေါင်းစပ်ထားသည်ထက်ပင် သာလွန်နေသေးသည်။ ထို့ကြောင့် လေဟာနယ်အိပ်မက်ဆိုးကို ချေမှုန်းရန် စုချန်းအဖို့ အတော်လေး ခွန်အားစိုက်ထုတ်လိုက်ရသည်မှာ အမှန်ပင်။

ထို့နောက် စုချန်းက လက်ထဲရှိ စီးဆင်းရွှေဓားကို ငုံ့ကြည့်လိုက်ပြန်၏။ ကြီးမားသော ဓားကိုယ်ထည်ကြီးကား နောက်တစ်ကြိမ် ထပ်မံကျုံ့သွားပြန်လေပြီ။

စီးဆင်းရွှေဓားသည် အစွမ်းထက်သော်လည်း အာကင်နာနည်းစနစ်မှ ပုံဖော်ထားခြင်းဖြစ်၍ ၎င်းကို ထိန်းသိမ်းထားရန်အတွက် မူလစွမ်းအင်များသာမက သတ္တုများပါ လိုအပ်ပေသည်။တနည်းအားဖြင့် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲလိုက်တိုင်း ဓား၏ကိုယ်ထည်ဖြစ်သော သတ္တုပမာဏသည် အနည်းငယ်စီ လျော့ကျသွားတတ်၏။

“အင်း ဓားမှာ သတ္တုတွေ ထပ်လိုနေပြီပဲ”

စုချန်း သူ့ကိုယ်သူ ရေရွတ်လိုက်၏။

ဤနှုန်းအတိုင်းဆိုလျင် စီးဆင်းရွှေဓား၏ စွမ်းအားမှာ မကြာခင်မှာပင် အဆင့်တစ်ဆင့် လျော့ကျသွားမည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။

ဤဧရာမသစ်ပင်ကြီးထဲတွင် သတ္တုသိုက်များ ရှိလေမည်လား သို့မဟုတ် လုံးဝမရှိပဲနေမည်လား။ ၎င်းကို စုချန်း မသ်ိ။

အထက်ပါအတိုင်း တွေးတောနေစဥ်မှာပင် သူ့ပတ်ပတ်လည်တွင် ဘယ်အရာမှ ရှိမနေတော့သည်ကို စုချန်း သတိပြုမိ၏။ လေဟာနယ်အိပ်မက်ဆိုးသေဆုံးသွားပြီးနောက် နတ္တိအရိပ်များ တကောင်အကျန် ထွက်ပြေးသွားကြလေပြီ။ ထိုနည်းတူစွာ အနက်ရောင်မြူများသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအချိန်မှာပင် သူသည် အပျက်အစီးများ ဝန်းရံနေသည့် နေရာတခုသို့ ရောက်နေကြောင်း စုချန်း တွေ့လိုက်ရ၏။ ၎င်းမှာ နတ္တိအရိပ်များ၏ လက်ချက်ကြောင့် ဖြစ်နိုင်၏။ တိုက်နေခိုက်နေရင်းနှင့် နတ္တိအရိပ်များက သူ့ကို တခြားနယ်မြေတခုသို့ ခေါ်ဆောင်သွားသည့် သဘောပင်။

“ဪ... ဒီသစ်ပင်ကြီးထဲမှာ တခြားနယ်မြေတွေပါ ရှိနေတဲ့သဘောပဲ"

ကြည့်ရသလောက် သစ်ပင်ကြီး၏ အတွင်းပိုင်းသည် သူ ထင်ထားသည်ထက် ကြီးမားကျယ်ပြန့်နေပုံ ရနေချေသည်တကား။ အထက်ထပ်အခါအခါ သုံးသပ်ရင်း နောက်ဆုံးတော့ အဖြေတစ်ခုကို စုချန်း ရရှိခဲ့လေပြီ။ ကျောက်စိမ်းမြူ၏ သစ်ပင်ခံတပ်သည် သူစိတ်ကူးထားသည်ထက် ပိုမိုကြီးမားပုံရနေ၏။

“ဒီတော့ သူဟာ သစ်ပင်အတွင်းပိုင်းက နေရာလွတ်ကို ချဲ့ဖို့အတွက် လေဟာနယ်အက်ကွဲကြောင်းတွေကို သုံးထားတဲ့သဘောပဲ ကြည့်ရသလောက် မင်းရဲ့ဉာဏ်ရည်ဉာဏ်သွေးက တော်တော်လေးတော့ကောင်းသားပဲ မအောင်မြင်ခဲ့တာ နှမြောစရာကောင်းတယ်ကွာ ခုတော့ ဒီရဲတိုက်က မပြီးရုံတင်မကဘူး ရဲတိုက်အတွင်းပိုင်းတခုလုံးကိုပါ အရိပ်တွေက သိမ်းပိုက်သွားခဲ့တာပဲကိုး ဒါကြောင့် ဒီလျှို့ဝှက်နယ်မြေကြီးကိုဟမင်း အပြီးတိုင် ပိတ်ပစ်လိုက်တာပေါ့ဟားဟားဟား တစ်နိုင်ငံလုံးက လုပ်ရမယ့်အလုပ်တစ်ခုကို မင်းတစ်ယောက်တည်း လုပ်ဖို့ကြိုးစားခဲ့တာပဲ ရူးမိုက်လှချည်လားကွာ”

စုချန်း အထက်ပါအတိုင်း ရေရွတ်ရင်း အားရပါးရ ရယ်မောလိုက်၏။ သို့သော်သူ၏လေသံတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်ဟူ၍ စိုးစဥ်းမျှမပါချေ။

တခြားလူများက အရူးဟု တွေးထင်ရသည့်အရာမျိုးကို မကြံစည်ပဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မည်သူက ဖန်တီးနိုင်အံ့နည်း။ စုချန်းကိုယ်တိုင်လည်း ထိုအခြေအနေမျိုးကို ကိုယ်တိုင်ကြုံဖူး၏။ ဤကဲ့သို့သောလူမျိုးကို စစ်မှန်သော ဉာဏ်ကြီးရှင်ဟု သူတို့အောင်မြင်ပြီးမှသာ တန်ဖိုးထားသတ်မှတ်ခြင်းခံကြရမည်မှာ ဓမ္မတာသာတည်း။

သို့သော် အံ့ချီးဖွယ်ရာအိပ်မက်များကို အောင်မြင်အောင် မလုပ်နိုင်သူ အနည်းငယ်ဟူသည်ကတော့ အမြဲတစေ ရှိနေမည်သာ။ ထိုသို့ ရှုံးနိမ့်ရုံနှင့် မထူးချွန်ဟု မဆိုလိုချေ။

အနည်းဆုံးတော့ စုချန်းအနေနှင့် ထိုသို့မထင်။ ကျောက်စိမ်းမြူ ကျရှုံးခဲ့သည်မှာ မှန်သည်။ သို့သော် သူ၏ရဲရင့်သောဆုံးဖြတ်ချက်ကိုတော့ စုချန်း အမှန်တကယ်ပင် လေးစားမိ၏။

သို့သော် လေးစားမှုထက် လက်ရှိအခြေအနေအရ ပို၍အရေးကြီးနေသည်မှာ ကျောက်စိမ်းမြူအဖို့ ရတနာတစုံတခု ချန်ထားခဲ့ရန်ပင် ဖြစ်လေသည်။ သို့မဟုတ်လျင် စုချန်အဖို့ အချည်းနှီးသက်သက် ပင်ပန်းသွားဖွယ်ရာသာ ရှိနေ၏။

သစ်ပင်ကြီးအတွင်ရှိနေရာလွတ်များကို လေဟာနယ်အက်ကွဲကြောင်းများ အသုံးပြု၍ ချဲ့ထားသောကြောင့် သစ်ပင်အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းလှ၏။ ၎င်းနှင့်စာလျင် သစ်ပင်မြို့သည် ဝင်ပေါက်မျှသာ ရှိနေသေးပေသည်။ နတ္တိအရိပ်များ၏ သယ်ယူပို့ဆောင်ခံရပြီးနောက် ယခုတော့ စုချန်းတယောက် သူ့ကိုယ်သူ ဘယ်နေရာတွင် ရောက်နေမှန်းကိုပင် မသ်ိနိုင်တော့ပဲ ဖြစ်နေ၏။

သို့သော် ၎င်းမှာ အရေးမကြီးချေ။ လမ်းဆုံးလျင် ရွာတွေ့ရမည်ပင် မဟုတ်ပါလား။

ထို့နောက်တွင်တော့ စုချန်းသည် သူ ကြိုတင်ပြင်ဆင်ထားသည့် သွေးတစ်ပုလင်းကိုထုတ်ယူကာ ကိုယ်ပွားရှစ်ကောင်ကို ဖန်တီးလိုက်၏။ ထို့နောက် သူက ၎င်းတို့ကို လေဟာနယ်အတွင်း လှည့်ပတ်စစ်ဆေးရန် အမိန့်ပေးလိုက်လေသည်။ ထို့ပြင် ကိုယ်ပွားများသည် သူ့သွေးနှင့် ချိတ်ဆက်ထား၍ ၎င်းတို့မြင်သမျှအရာအားလုံးကို စုချန်း မြင်နေရ၏။ ဤနည်းအားဖြင့် စုချန်းအနေနှင့် နောက်မှလိုက်ဝင်လာမည့်အဖွဲ့များကိုပါ စောင့်ကြည့်နိုင်လာပေလိမ့်မည်။

စုချန်းတယောက် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီး မကြာမီတွင် လူအများအပြား ထပ်မံရောက်ရှိလာ၏။ ၎င်းတို့မှာ ညနေမင်း၊ လီတောက်ဟုန်နှင့် ၎င်းတို့၏အဖွဲ့ဝင်များပင် ဖြစ်ကြလေသည်။

သစ်ပင်ကြီးရှေ့တွင် ရပ်နေသော လီတောက်ဟုန်၏ မျက်နှာက မသိမသာ တင်းမာနေ၏။

“သူတို့ ဝင်သွားပြီ”

ညနေမင်းက ပြန်ပြောလိုက်လေသည်။

“ဝင်ပါစေလေ ညီလေးလီက ဘာဖြစ်လို့ ဒီလောက်အထိ အရေးထားနေရတာတုန်း"

လီတောက်ဟုန် ပို၍ မကျေမနပ်ဖြစ်သွား၏။

“ခုလို ကြီးကြီးကျယ်ကျယ်ဖြစ်သွားတော့ ကျုပ်တို့အနေနဲ့ သူတို့ကို အလစ်ဝင်တိုက်ဖို့က အတော်လေးခက်သွားပြီ"

ညနေမင်း ခေါင်းခါလိုက်သည်။

“မျက်နှာချင်းဆိုင်တိုက်ပွဲက ပိုပြီးခမ်းနားပါတယ် ညီလေးလီရာ မင်းဟာ မင်းညီမင်းသားတစ်ပါးဆိုတော့ ဂုဏ်သိက္ခာရှိရှိပဲ တိုက်ခိုက်သင့်တယ်"

လီတောက်ဟုန် ရယ်မောလိုက်၏။

“ကျုပ်က မင်းသားသက်သက်ပါပဲ အိမ်ရှေ့စံမှမဟုတ်တာ ပြီးတော့ ကျုပ်ကိုယ်တိုင်ကလဲ အုပ်ချုပ်ချင်တဲ့ဆန္ဒလည်းမရှိဘူးလေ ဒီတော့ ဘာလို့ မင်းသားတစ်ယောက်လို ပြုမူနေရအုံးမှာတဲ့လဲ ပြီးတော့ လီမျိုးနွယ်ရဲ့သွေးဗီဇကလဲ မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ သိပ်မသင့်တော်လှဘူး"

ညနေမင်း ရယ်လိုက်လေသည်။

"အေးလေ မင်းသဘောပါပဲကွာ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေ ပြင်ဆင်ထားရင်တောင် အလောသုံးဆယ်ပဲ ဖြစ်လိမ့်မယ် ကျုပ်တို့ ဝင်သွားမယ် တွေ့တဲ့လူအကုန်သတ်မယ် ရတနာတွေကို လုမယ်"

“ဒီအကြံကို ကျုပ် သဘောတူတယ်”

လီတောက်ဟုန် အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူတို့လည်း သစ်ပင်၏ပါးစပ်ထဲသို့ ခုန်ဝင်သွားကြလေသည်။

သို့သော် သစ်ပင်ထဲတွင် သူတို့ မြင်လိုက်ရသည်မှာကား သစ်ပင်မြို့တော်မဟုတ်ပဲ သဲကန္တာရတစ်ခုဖြစ်နေ၏

။

"လေဟာနယ်အငွေ့အသက်တွေရနေပါလား”

ညနေမင်းက လေကို ရှူရှိုက်ရင်း ရေရွတ်လိုက်၏။

“ဒါဆို ကျုပ်တို့ မှန်ကန်တဲ့နေရာကို ရောက်လာတဲ့သဘောပဲ”

လီတောက်ဟုန် ရယ်မောရင်း ပြောလိုက်လေသည်။

“ကဲ ကျန်တာကတော့ ညီလေးလီပေါ်မှာပဲ မူတည်နေတော့တယ်"

ထိုစကားကြောင့် လီတောက်ဟုန် မျက်ခုံးပင့်လိုက်၏။

"ဟုတ်ပါပြီဗျာ ကဲ စောင့်သာကြည့်ပေတော့"

ထို့နောက် သူက ထိုင်ချရင်း အသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ရွတ်ဆိုလိုက်၏။ သူရွတ်ဆိုသည်နှင့်တပြိုင်နက် မြွေနှင့်တူသော အရိပ်ဖျော့ဖျော့များ သူ့နောက်ကျောမှ စတင်ပေါ်ပေါက်လာတော့သည်။ ဤမြွေများ၏ ဦးခေါင်းမှာ လူသားမိန်းကလေးများ၏ ဦးခေါင်းဖြစ်နေ၏။ မြွေဘာသာစကားဖြင့် ရွတ်ဆိုအပြီး အဆိုပါ မြွေများအားလုံး လေထဲသို့ တိုးဝင်ပျောက်ကွယ်ကုန်ကြတော့သည်။

လီတောက်ဟုန်၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာလည်း တုန်ယင်သွားပြီး မျက်လုံးအစုံမှာ အဖြူရောင်အဖြစ် ပြောင်းသွား၏။ အလွန်ထူးဆန်းသော စိတ်ဝိညာဥ်ဆိုင်ရာ အခြေအနေတရပ်သို့ လီတောက်ဟုန် ဝင်ရောက်သွားခဲ့လေပြီ။

လီတောက်ဟုန်၏အဖွဲ့ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီး မကြာမီတွင် လူပျံတော်အဖွဲ့တစ်ဖွဲ့ ထပ်မံရောက်ရှိလာသည်။ ထိုအဖွဲ့မှာ တခြားမဟုတ်။ လေဓားပြများပင် ဖြစ်ကြ၏။ ၎င်းတို့သည်လည်း အော်ဟစ်ဆဲဆိုပြီး ပါးစပ်ပေါက်ထဲသို့ ခုန်ဆင်းကုန်ကြ၏။

လေဓားပြများနောက်တွင် လူပျံတော်အဖွဲ့တစ်ဖွဲ့ ထပ်မံရောက်ရှိလာပြန်၏။ ထိုအဖွဲ့အား ဦးဆောင်သူ အဖိုးအိုသည် ဦးထုပ်ရှည်တလုံးကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။ အံ့သြစရာကောင်းသည်မှာ သူသည် အရပ်အလွန်ပုပြီး မည်သည့်အတောင်ပံမှ ရှိမနေခြင်းပင်။ သူ့ပုံစံမှာ အာကင်းနစ်တဦးမှန်း ထင်ရှားနေ၏။ သူ့နောက်မှ လူပျံတော်များမှာ အဆိုပါအာကင်းနစ်အဖိုးကြီးကို အလွန်လေးစားဟန်ပေါ်နေလေသည်။ သိပ်မကြာမီ သူတို့အုပ်စုလည်း သစ်ပင်ကြီးထဲသို့ ခုန်ဆင်းပျောက်ကွယ်သွားကြ၏။

အချိန်အတော်ကြာသော် နောက်ထပ် လူပျံတော်အုပ်စုတစု ရောက်လာပြန်၏။ သူတို့၏ခေါင်းဆောင်မှာကား ခမ်းနားထည်ဝါသောဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ငှက်လှောင်အိမ်တစ်ခုကို ကိုင်ထားသည်။ လူပျံတော်မင်းညီမင်းသားတဦးမှန်း မြင်ရုံနှင့် သိသာနေ၏။ သစ်ပင်ကြီးရှေ့သို့ရောက်သည်နှင့် သူက လေကို အားရပါးရ ရှုသွင်းရင်း ပြောလိုက်သည်။

"ခွေးမသားလီတောက်ဟုန်ဆိုတဲ့ကောင် ဒီမှာ တကယ်ကြီးရှိနေတာပဲကိုး တွေ့ကြသေးတာပေါ့ကွာ"

ထိုအဖွဲ့ သစ်ပင်ကြီးထဲဝင်သွားသည်နှင့် ပတ်ဝန်းကျင်တခုလုံး အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။

နေမှာလည်း တဖြည်းဖြည်း စောင်းခဲ့ချေပြီ။

ထိုအချိန်မှာပင် သစ်ပင်ကြီး၏ အပေါ်ဖက် ကောင်းကင်ယံတွင် ရုတ်တရက်ဆိုသလို လွန်းပျံယာဥ်အများအပြား ပေါ်ပေါက်လာ၏။ ထို့နောက် ရာနှင့်ချီသော အရိပ်များ လွန်းပျံယာဥ်ထဲမှ ခုန်ထွက်လာပြီး သစ်ပင်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။ ထို့နောက် လွန်းပျံယာဥ်များအားလုံး ထိုနေရာတွင် တခါမှမရှိဖူးသလို ပျောက်ကွယ်သွားကြလေသည်။

***

All Chapters