← Chapters

အလင်းတုန်ခါခြင်းတစ္ဆေ

Vol. 84 Ch. 838

အလင်းတုန်ခါခြင်းတစ္ဆေ

Vol. 84 Ch. 838

ကိုယ်ပွားရှစ်ကောင်သည် လေဟာနယ်ထဲတွင် လှည့်ပတ်သွားလာနေ၏။ တချိန်တည်းမှာပင် စုချန်း၏ လေဟာနယ်ဆိုင်ရာအာရုံခံနိုင်စွမ်းကလည်း လျင်မြန်စွာ မြင့်မားလာနေပေသည်။ ထိုအခါ လေဟာနယ်ဆိုင်ရာ အခြေခံမူများအပေါ်နားလည်မှုသည် ကိုယ်ပွားများနှင့် ဆက်သွယ်နိုင်စွမ်းကို များစွာ တိုးမြှင့်ပေးကြောင်း စုချန်း တွေ့လာရ၏။ ထို့အပြင် ၎င်း၏ကိုယ်ပွားများ လေဟာနယ်ပတ်ချာလည်ကို စူးစမ်းရှာဖွေသည့် အချိန်ပိုကြာလာလေလေ စုချန်း၏ သိမြင်နိုင်စွမ်းမှာလည်း တိုးတက်လာပုံရလေသည်။

ကိုယ်ပွားများစွာနှင့် တစ်ချိန်တည်းတပြိုင်တည်း ဆက်သွယ်နေသောကြောင့် စုချန်း၏စိတ်ထဲတွင် ပုံရိပ်အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။ ထိုပုံရိပ်များသည် စိတ်ဝိညာဥ်သလင်း၏ အကူအညီဖြင့် စုချန်း၏ ဦးနှောက်ထဲတွင် မြေပုံကြီးတခုအဖြစ် ပေါင်းစပ်သွားလေသည်။ ဤမြေပုံသည် စုချန်းအား ဗဟိုပြုကာ ပတ်ဝန်းကျင်တခုလုံးကို ချဲ့ကားသွား၏။

ဤရလဒ်မျိုးကို သူ မမျှော်လင့်ထားလေရာ စုချန်း အကြီးအကျယ် ဝမ်းသာသွား၏။ လေဟာနယ်ကြီး၏ မြေပုံသည် သူ့စွမ်းအားကို တိုးတက်စေခြင်းမရှိသည့်တိုင် နည်းဗျူဟာအရ အားသာချက်များရှိလာပြီး အခြေအနေတစ်ခုလုံးကို ထိန်းချုပ်လာနိုင်စေသည်မဟုတ်ပါလား။ ပို၍အရေးကြီးသည်မှာကား ဤမြေပုံသည် သူ ကျွမ်းကျင်ထားသည့် စွမ်းရည်သုံးရပ်ဖြစ်သော စိတ်ဝိညာဥ်သလင်း၊ လေဟာနယ်ဆိုင်ရာ အာရုံခံနိုင်စွမ်းနှင့် ကိုယ်ပွားများအချိုးကျပေါင်းစပ်မှုမှ ရရှိလာသော ရလဒ်ဖြစ်နေခြင်းပင်။

ဤနည်းအားဖြင့် တခြားအံ့ဖွယ်ရလဒ်များ ရရှိလာနိုင်စေရန် အမျိုးအစားမတူညီသည့်စွမ်းရည်များကို စုချန်းအနေနှင့် စမ်းသပ်ပေါင်းစည်းကြည့်နိုင်ပေတော့မည်တည်း။ လတ်တလောတွင်တော့ နယ်မြေတခုလုံးအတွက် ပြီးပြည့်စုံသောမြေပုံကို ဖန်တီးနိုင်လိုက်ပြီဖြစ်၍ များစွာထိန်းချုပ်နိုင်စွမ်းရှိသွားပြီဟု စုချန်း ခံစားနေရလေသည်။

လက်ရှိ စုချန်းရပ်နေသောနေရာ၏ အရှေ့ဘက်တွင်တော့ နတ်ဆိုးသားရဲများ ပုန်းအောင်းနေသော ရေကန်တစ်ကန်ရှိနေ၏။ ၎င်းတို့ကိုကြည့်ရသည်မှာ ဤနယ်ပယ်၏ ဒေသခံ သက်ရှိများပင် ဖြစ်ဖွယ်ရလေသည်။ အနောက်ဘက်တွင်တော့ လေမျိုးဆုံရာမျိုးနွယ်စုသည် ထူးဆန်းသည့် လေဟာနယ်သက်ရှိများနှင့် အပြင်းအထန် တိုက်ခိုက်နေကြ၏။

သူ့အတွက် အသုံးချခံမျှသာဖြစ်သော လေမျိုးဆုံရာမျိုးနွယ်စုများကို စုချန်း အထူးတလည် ဂရုစိုက်ဖွယ်ရာမရှိချေ။ ထို့ကြောင့် သူက ထိုမြင်ကွင်းကို အပေါ်ယံမျှသာကြည့်ရှုပြီးနောက် ကိုယ်ပွားသည် နောက်တနေရာကို ဦးတည်လိုက်ပြန်၏။

ထိုအခိုက်မှာပင် သူထိုင်နေသည့် နေရာ၏ အနောက်တောင်ဘက်ရှိ တောင်ကုန်းလေးပေါ်တွင် လေဟာနယ်သက်ရှိအုပ်စုတစ်ခုကို စုချန်း ရုတ်တရက် သတိပြုမိလိုက်၏။ အဆိုပါသက်ရှိများသည် အရပ်တစ်မီတာခန့်သာရှိပြီး ၎င်းတို့၏ အရေပြားမှာလည်း ခရမ်းနက်ရောင် ဖြစ်နေ၏။ ပုံစံမှာ လူနှင့်ခပ်ဆင်ဆင် တူနေသည်။ ထူးခြားချက်မှာကား ၎င်းတို့၏အဆစ်များနှင့် ချိတ်ဆက်ထားသော ခြေလက်များမှာ သတ္တုများ ဖြစ်နေကြခြင်းပင်။

သတ္တုအရိုးဓားများကိုကြည့်ရင်း စုချန်း အကြီးအကျယ် စိတ်ဝင်စားသွား၏။ စုချန်းကိုယ်တိုင်ကလည်း သတ္တုတမျိုးတလေ ရှိမရှိ လိုက်ရှာနေခြင်းပင် မဟုတ်ပါလား။ ယခုတော့ ဤထူးထူးဆန်းဆန်း သတ္တဝါများကြောင့် သူလိုအပ်သောအရာကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့လေပြီ။

ထိုအခါ စုချန်း၏ စိတ်ထဲတွင် ထိုတောင်ကုန်းရှိရာသို့ သွားလိုစိတ်ပေါက်လာ၏။ သို့သော် သူ အဝေးကို မြင်နိုင်သည်ဆိုတိုင်း ပျံသန်းသွားနိုင်သည်ဟု မဆိုလိုချေ။

ထိုအချိန်မှာပင် စုချန်း၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ့ကိုယ်ပွားများနှင့် နေရာချင်းလှဲလိုလာခြင်းပင်။

သို့သော် ထိုအကြံမှာ ဖြစ်နိုင်ပါမည်လား။

ရှေးအတိတ်ကာလတုန်းက ဤအကြံမျိုးကို သုတေသနပြုလုပ်ရန် စုချန်းအတွက် အချိန်နှင့် ငွေကြေးများစွာ ကုန်ကျနိုင်ဖွယ်ရှိ၏။ သို့သော် ယခုတော့ အခြေအနေအခွင့်အလမ်းသာသင့်ပါက သူ့အဖို့ ဤပုစ္ဆာကို ဖြေရှင်းနိုင်စွမ်းရှိလာခဲ့ပေပြီ။

လက်ရှိတွင် သူ့ကိုယ်ပွားများသည် သူ၏သွေးနှင့် ချိတ်ဆက်ထားပြီး ဖြစ်သည်။ သူသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို နားလည်တတ်ကျွမ်းထား၍ လေဟာနယ်ဆိုင်ရာ အခြေခံမူများကို ကောင်းကောင်းနားလည်ထားပေသည်။ ထိုမျှသာမကသေး အာကင်နာနည်းစနစ်များနှင့်ပတ်သက်၍ သူ့အုတ်မြစ်မှာလည်း များစွာ ခိုင်မာ၏။ ဤသို့သော အကြောင်းတရားများစွာကြောင့် ကိုယ်ပွားများနှင့် နေရာချင်းလှဲရန်မှာ အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။

ထို့နောက်တွင်တော့ စုချန်းသည် မူလအရိုးတောင်ဝှေးကိုထုတ်ပြီး အဆင့်မြင့်မူလသလင်းတချို့နှင့် ပူဇော်လိုက်၏။

နောက်ထပ် အချိန်အနည်းငယ်အကြာတွင်တော့ စုချန်းသည် အာကင်နာနည်းစနစ်သစ်၏ အခြေခံအုတ်မြစ်ကို ဖန်တီးနေခဲ့လေပြီတည်း။

စုချန်း ဖန်တီးလိုက်သည့် နည်းစနစ်သစ်တွင် ခုန်ထွက်နိုင်သည့် အကွာအဝေးမှာ များစွာ မြင့်မားလာ၏။ ယခင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် သူ့ကို ယခင်ကသုံးကီလိုမီတာခန့်သာ ပို့ဆောင်နိုင်သော်လည်း လက်ရှိနည်းစနစ်အရ စုချန်းတယောက် ကီလိုမီတာတစ်ရာနီးပါးအထိ ခုန်ထွက်နိုင်ခဲ့လေပြီတည်း။

ထို့ပြင် ကိုယ်ပွားတကောင် ထိုအကွာအဝေးအချင်းဝက်အတွင်း ရှိနေသရွေ့ သူသည် ၎င်းကိုယ်ပွားဆီသို့ တိုက်ရိုက် ခုန်ထွက်နိုင်မည်ဖြစ်သည်။ ဤမျှ ဝေးကွာသောနေရာတခုသို့ ခုန်ပျံကျော်လွှားခြင်းမျိုးမှာ မူလကမ္ဘာကြီးပေါ်တွင် ယခင်က မရှိဖူးသေးချေ။

အကယ်၍ အနာဂတ်တွင်သာ အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရပါက ကီလိုမီတာတစ်ရာအကွာတွင် ကိုယ်ပွားတကောင်ကို ပုန်းအောင်းနေစေပြီး စုချန်းအနေနှင့် ၎င်းကိုယ်ပွားဆီသို့ ခုန်ထွက်လွတ်မြောက််နိုင်လာပေလိမ့်မည်။ အကယ်၍ ကိုယ်ပွားတချို့ကို ထပ်မံဖွက်ထားပါက သူသည် ထပ်ခါတလဲလဲ ခုန်ပျံကျော်လွှားနိုင်လာပေလိမ့်မည်။ ကိုယ်ပွားဆယ်ကောင်ကို ဆက်တိုက်ချိတ်ဆက်နိုင်ပါက စုချန်း၏ ခုန်ထွက်နိုင်သောအကွာအဝေးမှာ ကီလိုမီတာတသောင်းထိ ရှိသွားပေတော့မည်။ ဤအကွာအဝေးမျိုးနှင့်သာ ခုန်ပျံကျော်လွှားနိုင်ပါက အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်ပင်လျင် စုချန်းကို ဖမ်းမိရန် အတော်ကြိုးစားရပေလိမ့်မည်။

နောက်ဆုံးတော့ စုချန်းက ဤနည်းစနစ်ကို အလင်းတုန်ခါခြင်းတစ္ဆေဟု အမည်ပေးလိုက်၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးအနေနှင့် အံ့မခန်းစွမ်းရည်မျိုး ဖန်တီးနိုင်သည့်အတွက်တော့ သူ့ကိုယ်သူ ဂုဏ်ပြုသင့်သည်မဟုတ်ပါလား။

အလင်းတုန်ခါခြင်းတစ္ဆေ၏ အာကင်နာနည်းစနစ်ပုံစံကို ရလိုက်ပြီဖြစ်၍ စုချန်း ချက်ချင်းပင် စမ်းသပ်လိုက်၏။

ခေတ္တမျှအကြာတွင် စုချန်း၏ တကိုယ်လုံးသည် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ထိုထူးဆန်းသော သတ္တဝါများကို ကြည့်ရှုနေသော ကိုယ်ပွား၏သဏ္ဍာန်က ပို၍ပို၍ သိသာထင်ရှားလာ၏။ နောက်ဆုံးတော့ စုချန်းတယောက် ကီလိုမီတာတစ်ရာအကွာအဝေးကို အောင်မြင်စွာ ခုန်ပျံကျော်လွှားနိုင်ခဲ့ချေပြီတည်း။

သို့သော် စွမ်းအင်ကုန်ကျမှုမှာ များပြားလွန်း၍ စုချန်းပင်လျှင် မူးချင်အန်ချင်စိတ်များ ပေါ်ပေါက်လာလေသည်။

“စွမ်းအင်လိုအပ်ချက်က အတော်ကိုများတာပဲ ဆယ်ကြိမ်ဆက်တိုက်ခုန်ထွက်ဖို့ဆိုတာ ငါ့အနေအထားအရ မဖြစ်နိုင်သေးဘူးပဲ"

စုချန်း မချိပြုံးပြုံးရင် ရေရွတ်လိုက်၏။

ထို့နောက် ခေါင်းမူးသက်သာသွားစေရန် ဦးခေါင်းကို တချက်ခါလိုက်ပြီး သူ ထိုထူးဆန်းသော သတ္တဝါများကို လှည့်ကြည့်လိုက်လေသည်။

“ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့နဲ့တူတယ် ပထမဦးဆုံး လေဟာနယ်ဆိုင်ရာမူလစွမ်းရည်သစ်နှစ်မျိုး ရခဲ့တယ် ခုတော့ မင်းတို့က ငါလိုအပ်နေတဲဲ့ သတ္တုကို ဖြည့်ဆည်းပေးအုံးမယ် ကောင်းလိုက်တာကွာ"

ထို့နောက် သူ အချိန်မဆွဲဘဲ ရှေ့သို့ တိုက်ရိုက်ခုန်ထွက်လိုက်၏။ စုချန်းကို မြင်သည်နှင့် အဆိုပါသက်ရှိများ ပါးစပ်ထဲမှ အသံမျိုးစုံ ထွက်ပေါ်လာတော့သည်။ တချိန်တည်းမှာပင် ၎င်းတို့၏ခြေထောက်များနှင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်ကာ စုချန်းအား ဝိုင်းအုံလာကြတော့၏။

အနှီသတ္တဝါများ သူ့အနီးရောက်သည်နှင့် အင်အားပြင်းလှသော စွမ်းအင်လှိုင်းတစ်ခု သူ့ကိုဖိချလာသလို စုချန်း ခံစားလိုက်ရ၏။ ထို့နောက် သူ့ခန္ဓာကိုယ်တခုလုံး လေးလံလာပြီး စုချန်းတယောက် မြေကြီးပေါ် ပြုတ်ကျလာလေသည်။

ဘာလဲဟ...အလင်းရေလျင်အားစက်ဝန်းလား။

စုချန်း အံ့အားသင့်သွား၏။

တကယ်တော့ ၎င်းမှာ အလင်းရေလျင်အားစက်ဝန်းမဟုတ်ချေ။ သို့သော် ဤနည်းစနစ်သည် ဆွဲငင်အားကို ပြောင်းလဲနိုင်သည့် စွမ်းအားမျိုးတော့ ရှိပုံရနေ၏။

ထိုအခါ စုချန်းလည်း အလင်းရေလျင်အားစက်ဝန်းကို ချက်ချင်းပင် အသက်သွင်းကာ ဆွဲငင်အားကို ပြောင်းပြန်လှန်လိုက်ရ၏။ ထိုအခါကျမှသာ သူ ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်တော့သည်။

စုချန်းကိုကြည့်ရင်း ထိုသတ္တဝါများအဖို့ ပို၍ဒေါသထွက်လာဟန်ပေါ်၏။ ၎င်းတို့အားလုံး စုချန်းကို လက်ညှိုးထိုးပြရင်း ဟစ်အော်ကြိမ်းမောင်းနေကြတော့သည်။

"စိတ်ဝင်စားစရာပဲ”

ထို့နောက် သူ ရှေ့ဆုံးမှ သတ္တဝါကို လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။ စုချန်း၏ လက်ဝါးရိုက်ချက်မှာ သာမာန်ေကျာက်တုံးကြီးတတုံးကို ကွဲကြေသွားစေရန် လုံလောက်၏။ သို့သော် မမျှော်လင့်ပဲ စုချန်း၏ လက်ဖဝါးသည် ထိုသတ္တဝါကို ခေတ္တ ခေါင်းငုံ့သွားစေရန်သာ တတ်နိုင်ခဲ့၏။ သွေးဟူ၍ တစက်မျှပင် မထွက်ချေ။

အရိုက်ခံရသော သတ္တဝါသည် ပို၍ ဒေါသထွက်သွားဟန်ရှိသည်။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်နေတော့၏။ ထို့နောက် ၎င်း၏ခြေထောက်များသည် မြေပြင်ကို ရိုက်ခတ်လိုက်လေရာ မြေပြင်မှာ ကွဲအက်သွားလေသည်။ ၎င်းသတ္တဝါသည်လည်း စုချန်းဆီသို့ ထပ်မံတိုးဝင်လာပြန်၏။

ဤတကြိမ်တွင်လည်း စုချန်းက ၎င်း၏ စွမ်းအားကို တိုင်းတာလို၍ လက်သီးဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်၏။ ဖျောင်းခနဲ အသံတချက်ပေါ်လာပြီး စုချန်းတကိုယ်လုံး နောက်သို့ယိုင်သွားလေသည်။ အံ့သြစရာပေတကား။ ထိုသတ္တဝါနှင့် စုချန်း အင်အားတူညီသည်ဟု ဆိုနေပါကလား။

ပို၍ အံ့သြစရာကောင်းသည်မှာကား ထိုသတ္တဝါသည် အောက်သို့ပြန်ကျမသွားပဲ လေထဲတွင် ပတ်ချာလှည့်ရင်း စုချန်းကို ဆက်လက်အော်ဟစ်နေခြင်းပင်။

“လက်စသတ်တော့ဒီလိုကိုး”

စုချန်း နားလည်သွားပေပြီ။

“ဒီကောင်က မပျံနိုင်ဘူး ဒါပေမဲ့ ဆွဲငင်အားကိုတော့ ထိန်းချုပ်နိုင်တယ်ရန်သူတွေကို ပြုတ်ကျစေနိုင်သလို သူ့ကိုယ်သူ လေပေါ်မြောက်တက်လာအောင် လုပ်နိုင်တယ် ဒါပေမယ့် ဘယ်လိုရွေ့လျားနေတာလဲ”

သိပ်မကြာမီ ထိုအဖြေကို စုချန်း သိလိုက်ရ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသတ္တဝါ၏ နောက်ဖက်မှ လေစီးကြောင်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာ၏။ ထိုဖိအားကို အသုံးပြု၍ ထိုသတ္တဝါ ရွေ့လျားနေခြင်းပင်။

နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင်တော့ များပြားလှသော သတ္တဝါများ စုချန်းကို ဝိုင်းအုံတိုက်ခိုက်ကြတော့၏။

ထိုအခါ စုချန်းက အောက်ပါအတိုင်း ရေရွတ်လိုက်၏။

“မင်းတို့မဆိုးလှပါဘူး ဒါပေမဲ့ ငါ့မှာ မင်းတို့ကိုရှင်းပစ်ဖို့နည်းလမ်းရှိတယ်ကွ”

ပြောပြောဆိုဆို စုချန်းက အလင်းမဲ့ဓားကို ဆွဲထုတ်လိုက်၏။ စီးဆင်းရွှေဓားကို အသုံးမပြုသည့်အချိန်တွင် အလင်းမဲ့ဓားဟူသည် ကျိုးနေသောဓားမျှသာ ဖြစ်လေသည်။ သို့သော် ဤကျိုးနေသောဓားသည်ပင် စုချန်း၏ လက်ထဲတွင် အံ့ဩဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများကို ပေါ်ပေါက်လာစေတော့၏။

ရွှီခနဲအသံတချက်ထွက်ပေါ်လာပြီး အလင်းမဲ့ဓားသည် သတ္တဝါတစ်ကောင်၏ ရင်ဘတ်ကို ထိုးဖောက်သွား၏။ ၎င်းမှာ ထောပတ်ကို ပူလောင်နေသောဓားနှင့် လှီးချလိုက်သည်နှင့်ပင် တူနေသေးသည်။ ထို့နောက်တွင်တော့ အလင်းမဲ့ဓားသည် မှုန်ပျပျအလင်းရောင်များ တောက်ပလာပြီးနောက် ရွှေရောင်အရည်များစွာ ထိုသတ္တဝါများ၏ အရေပြားပေါ်တွင် ပေါ်ပေါက်လာကာ နတ်ဆိုးဧကရာဇ်မူလသလင်းနှင့် အလင်းမဲ့ဓားထဲသို့ စီးဝင်သွားလေသည်။ ရလဒ်အနေနှင့် အလင်းမဲ့ဓားသည် ပိုမိုတောက်ပလာ၏။ ထိုသတ္တဝါများမှာမူကား အရိုးများ ဆွဲထုတ်ခံရသကဲ့သို့ ပျော့ခွေသွားပြီး အသားပုံကြီးသဖွယ် မြေကြီးပေါ် ပြုတ်ကျကုန်တော့သည်။

***

All Chapters