ဝိဉာဉ်ခွဲအိပ်မက်
Vol. 84 Ch. 839
အလင်းမဲ့ဓားတွင် တပ်ဆင်ထားသော မူလသလင်းသည် သတ္တုအမျိုးအစား နတ်ဆိုးဧကရာဇ်တစ်ကောင်ထံမှရရှိထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတွင် မူလကတည်းက သတ္တုကို ထိန်းချုပ်နိုင်သည့် မူလစွမ်းရည်ရှိပြီးသား ဖြစ်သည်။ စုချန်းနှင့်ပိတ်လော့တို့၏ ထပ်ဆင့်ပြောင်းလဲမှုများအောက်တွင်တော့ ၎င်းသလင်းသည် သတ္တုကို စားသုံးနိုင်သည့် စွမ်းအင်တခုအဖြစ် ပြောင်းလဲသွားတော့၏။ တနည်းအားဖြင့် ၎င်းသည် မိမိကိုယ်ကို အားကောင်းစေရန်အတွက် သတ္တုကို တိုက်ရိုက်စုပ်ယူနိုင်သည့်သဘောကို ဆောင်ပေသည်။
လက်ရှိအချိန်တွင် စုချန်း ရင်ဆိုင်နေရသည်မှာ သတ္တုအရိုးများဖြင့် ဖွဲ့စည်းထားသော သားရဲအုပ်စုတစ်စု ဖြစ်လေသည်။ ၎င်းတို့သည် အတော်လေးအင်အားကြီးမားပြီး အထူးခြားဆုံးမှာ အုပ်စုဖွဲ့ကာ စုဝေးနေထိုင်တတ်သည့် ဓလေ့မျိုးရှိခြင်းပင် ဖြစ်၏။
မသေနိုင်သော သားရဲအုပ်စုနှင့် ရင်ဆိုင်ရပါက ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသော်ပင် နောက်ဆုတ်ပေးရမည့် အခြေအနေမျိုးနှင့် ကြုံမိကောင်းကြုံနိုင်ပေသည်။
သို့သော် စုချန်းလက်ထဲရှိ အလင်းမဲ့ဓားမှာ ထိုသတ္တဝါတို့၏ အားနည်းချက် ဖြစ်နေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ခိုင်ခန့်မာကျောသည့် သတ္တုများနှင့် ထောက်ပံ့ထားလေရာ သတ္တုများကို စုပ်ယူနိုင်သည့် အလင်းမဲ့ဓားနှင့် ရင်ဆိုင်မ်ိသောအခါ မည်သို့မှမဟန်နိုင်တော့ပဲ အသက်ပျောက်ကုန်ကြတော့သည်။
စုချန်းကား တစ်စက္ကန့်မျှပင်မနားပဲ အဆက်မပြတ်ပင် တိုက်စစ်ဆင်နေ၏။
အမြန်နှုန်းအရဆိုလျှင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အပြင် တောင်ပံများပါ ပိုင်ဆိုင်ထားသည့်စုချန်းကို ဤသတ္တဝါများ မည်သို့ ယှဉ်ပြိုင်နိုင်အံ့နည်း။
ထိုအခါ စုချန်းအတောင်ပံများကို ဖြန့်လိုက်သည်နှင့်အချိန်တိုင်း သတ္တဝါအများအပြားကို တစ်ပြိုင်နက် သတ္တဝါအများအပြား အပိုင်းပိုင်းပြတ်ကုန်ကြ၏။ သူသည် ထိုသတ္တဝါတို့၏ အရိုးများကို စုပ်ယူပြီးသည်နှင့် တပြိုင်နက်အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကိုသုံးကာ နောက်ထပ်သတ္တဝါအုပ်စုဆီသို့ ခုန်ထွက်ရင်း တိုက်စစ်ဆင်ပြန်သည်။
အလင်းမဲ့ဓားဖြင့် ခုတ်ပိုင်းခံရသည့် သတ္တဝါတိုင်း၏အရိုးများမှာ နတ်ဆိုးဧကရာဇ်မူလသလင်း၏ စုပ်ယူခြင်းကို ခံနေရ၏။
ထိုအခါ ဤသတ္တဝါများ၏ ဒဏ်ရာများမှ ပန်းထွက်နေသော သတ္တုရည်များသည် အစင်းလိုက်အတန်းလိုက် လက်လက်ထကာ အလင်းမဲ့ဓားရှိရာသို့ ဦးတည်ပျံသန်းနေကြလေသည်။ မြင်ကွင်းမှာ လေထဲတွင် ပန်းများပွင့်သည်နှင့်ပင် တူနေသေးပြီး လွန်စွာ အမြင်ဆန်းလှ၏။
တဖြည်းဖြည်းနှင့် သတ္တုအစင်းကြောင်းများသည် စမ်းချောင်းများသဖွယ် ပြောင်းလဲစီးဆင်းသွားပြီး အလင်းမဲ့ဓားထိပ်ဖျားတွင် စုဝေးကုန်ကြလေသည်။
ကျိုးပဲ့နေသောဓားကို စုချန်း လွှဲလိုက်တိုင်း သတ္တဝါများကိုယ်တွင်းမှ ပန်းထွက်လာသောသွေးသည် ပို၍ပင်တောက်ပလာ၏။ နာကျင်စွာငြီးငြူသံများ၊ အော်သံများကြောင့် ပတ်ဝန်းကျင်တခုလုံး ဗြောင်းဆန်နေလေသည်။
စုချန်း၏အရှိန်မှာကား ပို၍သာတိုးလာ၏။ ဓားဆီသို့ ပျံသန်းလာသော သတ္တုစီးကြောင်းမှာလည်း ပို၍ပို၍ အရွယ်အစားကြီးလာ၏။ မြင်ကွင်းမှာ ဆန်းကြယ်လှပေရာ စကားလုံးများဖြင့်ပင် ဖော်ပြရန် ခက်ခဲနေတော့သည်။
ထိုသတ္တဝါများကား လုံးဝဥဿုံရူးသွပ်နေသည်တော့ ဟုတ်ပုံမရချေ။ အချိန်ကြာလာသည်နှင့်အမျှ စုချန်းကို ကြောက်ရွံ့လာဟန်ဖြင့် နောက်လှည့်ပြေးကြတော့သည်။
ထိုသတ္တဝါများသည် လေဖိအားကိုအသုံးပြုကာ ရွေ့လျားကြရသည့်တိုင် အနည်းငယ်မျှပင် နှေးကွေးခြင်းမရှိချေ။ စက္ကန့်ပိုင်းအတွင်း ၎င်းတို့အားလုံး ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကုန်ကြ၏။
စုချန်းသည် ၎င်းတို့အားလုံးကို သတ်ဖြတ်နိုင်ရန် အားကုန်ကြိုးစားခဲ့၏။ သို့တိုင်အောင် တဝက်မျှ လွတ်သွားလေရာ နှမြောစရာကောင်းလှပေသည်။
ဤသတ္တဝါများတွင် သတ္တုများများစားစားတော့ မပါချေ။ သို့သော် အလွန်ခိုင်ခံ့ပြီး ရှားပါးလှ၍ ဤသတ္တု လက်သီးအရွယ်အစားအတုံးသည်ပင်လျင် ကြယ်ရွှေသတ္တုတန်ဝက်ခန့် တန်ကြေးရှိလေသည်။
မည်သို့ဆိုစေ စုစုပေါင်း လေဟာနယ်သတ္တဝါတစ်ရာ့ငါးဆယ်နီးပါးကို သတ်နိုင်ခဲ့၍ စုချန်းအဖို့ ဆုံးရှုံးသွားသည့်သတ္တုပမာဏထက် အမြတ်ပင်ထွက်သွားပြီဟု ဆိုနိုင်၏။ ဤသတ္တုမျိုးနှင့်ဆိုလျင် စီးဆင်းရွှေဓားကို နောက်ထပ်အကြိမ်ရေတချို့ အသုံးပြုနိုင်ပေတော့မည်။
သို့သော် စီးဆင်းရွှေဓားက်ို နောက်ထပ်တဆင့်မြှင့်တင်လိုလျင်တော့ စုချန်းအတွက် သတ္တုများ ပိုမိုလိုအပ်နေသေး၏။
ထို့နောက်တွင်တော့ စုချန်းသည် မြေပုံနှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းစွမ်းရည်ကို မှီခိုအားထားကာ ဤထူးဆန်းသောသတ္တဝါများကို လေဟာယ်တလျှောက် ပျံသန်းရင်းအမဲလိုက်တော့၏။
ကနဦးတွင် ၎င်းတို့အားလုံးပေါင်း ငါးရာကျော်ရှိခဲ့၏။ ထိုငါးရာထဲမှ သုံးပုံတစ်ပုံကို စုချန်း သတ်ခဲ့ပြီးဖြစ်သည်။ ထို့နောက် အမဲလိုက်ရင်း နောက်ထပ်အကောင်ရေ တစ်ရာခန့်ကို သူ သတ်နိုင်ခဲ့ပြန်၏။ ကျန်ရှိသောသတ္တဝါများသည် ပုန်းအောင်းနေကြလေရာ တကောင်တလေ တွေ့ရှိရန်ပင် စုချန်းအဖို့ အတော်လေးခက်သွားပေပြီ။
သို့သော် သူဂရုမစိုက်ချေ။ ဤနေရာသည် အလွန်ကျယ်ဝန်းစေကာမူ ၎င်းတို့ သစ်ပင်ထဲမှ ထွက်မပြေးသရွေ့ အမဲလိုက်ရန် အချိန်များစွာ ကျန်နေသေးသည် မဟုတ်ပါလား။
ယခုတော့ ကျောက်စိမ်းမြူ၏ လျှို့ဝှက်ဘဏ္ဍာတိုက်ကို ရှာဖွေရန် အချိန်ကျရောက်လာခဲ့ပေပြီ။
လေဟာနယ်တလျှောက် လှည့်ပတ်သွားလာရင်း ကိုယ်ပွားတကောင်၏ နောက်ကွယ်မှ စိတ်ဝင်စားဖွယ်ရာတခုကို စုချန်း မြင်လိုက်ရ၏။ ထို့နောက်ပင် သူ ထိုကိုယ်ပွားဆီသို့ ချက်ချင်းခုန်ကူးလိုက်လေသည်။
သူ့မျက်စိရှေ့တွင်ကား နန်းတော်ငယ်တချို့ ရှိနေ၏။ ဤနန်းတော်များ၏အပေါ်တွင် ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုက တွဲလောင်းကျနေပြီး နန်းတော်များကို နှစ်ခြမ်းကွဲနေစေလေသည်။
ထို့နောက်တွင်တော့ စုချန်းတယောက် နန်းတော်ဆီသို့ ဦးတည်ပျံသန်းလိုက်တော့၏။ ထိုအခိုက်မှာပင် သူ့နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခုကို စုချန်း ခံစားလိုက်ရလေသည်။
“ဟင်?”
စုချန်းက ကောင်းကင်ကိုမော့ကြည့်ရင်း တစုံတခုကို တွေးတောမိဟန်တူသည်။ ထို့နောက် သူ ရယ်မောလိုက်ာ။
“ဒီကောင်ပဲကိုး ဒီရောက်လာတာ အတော်လေးတော့ မြန်သားပဲ"
ထို့နောက် သူ နန်းတော်ထဲသို့ ဝင်သွားလိုက်လေသည်။
ဤနန်းတော်များနှင့် အဝေးတစ်နေရာတွင်ဖြစ်သည်။
တိမ်တိုက်ထုတချို့ လေနှင့်အတူ လွင့်မြောနေ၏။
လီတောက်ဟုန် ခြေချိတ်လျက်သား ထိုင်နေ၏။ ထို့နောက် သူ၏မျက်လုံးများ ရုတ်တရက် ပွင့်လာလေသည်။
“ပင်မနေရာကို တွေ့ပြီ ဒါပေမယ့် လူပျံတော်တချို့ ကျုပ်တို့ထက်အရင်ရောက်နေပုံပဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျုပ်နဲ့ စကားများတဲ့တယောက်ကို တွေ့လိုက်တယ်"
“ဘယ်ကောင်ပဲဖြစ်ဖြစ် သူ့ကိုတော့ တားမှရမယ်"
“ကောင်းပြီ ကျုပ် သူ့ကို အချိန်ဆွဲထားလိုက်မယ်”
တစ်ခနအကြာတွင်တော့ သူသည် ယခင်ပုံစံမျိုးအတိုင်း ပြန်ဖြစ်သွားပြန်၏။ တစ်ချိန်တည်းမှာပင် ညနေမင်းက လက်တဖက်ကိုဝေ့ယမ်းပြီး တိမ်တိုက်၏ ရွေ့လျားမှုကို အရှိန်မြှင့်ပေးလိုက်လေသည်။
နန်းတော်ထဲသို့ရောက်သည်နှင့် နံရံများအချပ်လိိုက် လဲပြိုကျနေသည်ကို စုချန်း တွေ့လိုက်ရ၏။ မြင်မြင်သမျှမှာ အမှိုက်ပုံကြီးနှင့်သာ တူနေ၏။ သို့သော် စုချန်းကတော့ ယုံကြည်မှုရှိရှိနှင့် ဆက်လျှောက်လာခဲ့လေသည်။
ထိုအခိုက်မှာပင် သူ့နားထဲသို့ တစ်စုံတစ်ယောက်က တိုးတိုးလေးပြောနေသကဲ့သို့ သူ ခံစားလိုက်ရ၏။ စုချန်း လျင်မြန်စွာလှည့်ကြည့်လိုက်သည်။ သို့သော် မည်သည့်အရာမှ မတွေ့ရချေ။
စုချန်း မျက်မှောင်ကြုတ်လိုက်၏။အသံကား ထိုနေရာမှာပင် ဆက်ရှိနေသေးပုံရ၏။
ထိုမျှသာမကသေး ထိုအသံသည် ပို၍ပင်ကြည်လင်လာသည်။
ထို့နောက်တွင် စုချန်းသည် မွှေးရနံ့များသင်းပျံ့လျက် သူ့ဆီသို့ ပျံဝဲလာသည့် တစုံတရာကို မြင်လိုက်ရလေသည်။ ထိုအရာမှာ လှပသောအမျိုးသမီးတစ်ဦးက သူ့ကို လက်ဟန်ပြနေသည်နှင့်ပင် တူနေသေး၏။
“ဒီနတ်ဆိုးက ပုံရိပ်ယောင်နဲ့တူတယ်”
စုချန်း နှာခေါင်းတချက်ရှုံ့ရင်း ၎င်းကို လျစ်လျူရှုလိုက်၏။
သို့သော် တစ်ခဏအကြာတွင် ၎င်းအရာသည် ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ကိုကိုက်မည့်ဟန်ပြုလာပြန်၏။
ထိုအခါ စုချန်းက အသိစိတ်အာရုံကို တနေရာတည်းမှာပင် စုစည်းပြီး ၎င်းပုံရိပ်ယောင်ကို မလှုပ်မယှက် စိုက်ကြည့်လိုက်သည်။ စုချန်း၏ အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအားကြောင့် အနှီပုံရိပ်ယောင်ပစ်မှတ်မှာ တစစီ ပြိုကွဲသွား၏။
သို့သော် မျက်စေ့တမှိတ်အတွင်းမှာပင် ပုံရိပ်ယောင်သတ္တဝါများ အဆက်မပြတ်ဆိုသလို ပေါ်ပေါက်လာပြီး စုချန်းကို ဝိုင်းအုံတိုက်ခိုက်ရန် ဟန်ပြင်ကြလေသည်။
“ပုံရိပ်ယောင်နယ်ပယ်လား”
သူ မည်သည့်အချိန်က ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်သွားလေသနည်း။
ဘာဖြစ်နေတာလဲ...
စုချန်း တစုံတရာကို ချက်ချင်းသတိရလာ၏။ ထို့နောက် အဖြစ်အပျက်ကို သူလျင်မြန်စွာသဘောပေါက်သွားလေသည်။
“လီတောက်ဟုန်...လက်စသတ်တော့ ဒီကောင်ပဲကိုး……”
နောက်ဆုံးတော့ သူ့ကို ဝင်ရောက်နှောင့်ယှက်နေသူမှာ လီတောက်ဟုန် ဖြစ်နေချေသည်တကား။
လီမျိုးနွယ်စု၏ အိပ်မက်အလှသွေးဗီဇသည် တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားအရ နှိုင်းယှဥ်လျင် တော်ဝင်မိသားစု ခုနစ်စုထဲတွင် အားအနည်းဆုံးဖြစ်သော်လည်း စစ်မြေပြင်ပြင်ပတွင် အသုံးပြုနိုင်သည့် တခြားထူးခြားသောစွမ်းရည်အများအပြားလည်း ရှိနေ၏။
ဥပမာအားဖြင့် လီမျိုးနွယ်များသည် အဝေးမှ တိုက်ခိုက်နိုင်ပြီး လူတစ်ဦးကို ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်သွားစေနိုင်၏။ ၎င်းစွမ်းရည်မှာ အိပ်မက်အလှသွေးဗီဇပိုင်ရှင်တိုင်း ပိုင်ဆိုင်ထားသည့် စွမ်းရည်တမျိုးဟု ဆိုနိုင်ပေသည်။ သို့သော် တကယ့်အမှန်တရားမှာကား လီမျိုးနွယ်များ ဖော်ထုတ်တိုက်ခိုက်သည့် နယ်ပယ်မှာ ပုံရိပ်ယောင်နယ်ပယ်အစစ် မဟုတ်ချေ။ ၎င်းမှာ အိပ်မက်နယ်ပယ်ပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်အလှသည် အိပ်မက်ဆိုးများ၏ အရှင်သခင် ဖြစ်နေသောကြောင့်ပေတည်း။
ယခုလည်း လီတောက်ဟုန်သည် စုချန်းကို အိပ်မက်နယ်ပယ်ထဲသို့ ဆွဲသွင်းပြီး အိပ်မက်ဆိုးများ ဖန်တီးကာ တိုက်ခိုက်နေ၏။ တဖက်တွင် အိပ်မက်အလှ၏ အိပ်မက်ဆိုးများသည် လူများကို ကြောက်ရွံ့စေရန်အတွက်သာ အသုံးပြုခြင်းမဟုတ်။ ၎င်းတို့သည် စစ်မှန်သောအန္တရာယ်များလည်း ဖြစ်ကြပေသည်။
သို့သော် ဤအိပ်မက်ဆိုးများသည် ရန်သူကို အမှန်တကယ်သတ်ပစ်ခြင်းမျိုးတော့မဟုတ်။ သို့မဟုတ် ၎င်းတို့ အိပ်မက်ထဲတွင် အသတ်ခံရသောအခါ အပြင်လောကတွင် အမှန်တကယ်သေဆုံးခြင်းမဟုတ်ဟု ဆိုလျင် ပို၍တိကျပေလိမ့်မည်။
သို့သော် အဓိကပြသနာမှာ အိပ်မက်နယ်ပယ်ထဲတွင် တစ်ကြိမ် သေဆုံးတိုင်း စိတ်ဝိညာဥ်၏ အစိတ်အပိုင်းအနည်းငယ်စီ သေဆုံးသွားနေခြင်းပင်။
လူတစ်ဦးသည် ဤအခြေအနေမျိုးတွင် အချိန်အကြာကြီးရှိနေပါက ၎င်းတို့၏ဝိဉာဉ်သည် အပြီးတိုင်စားသုံးခံလိုက်ရခြင်းကြောင့် အပြင်လောကတွင်ပင် တကယ်သေဆုံးသွားနိုင်၏။ ဤဖြစ်စဉ်မှာ နှေးကွေးသည်မှန်သော်လည်း အန္တရာယ်မရှိဟုထင်လျင် များစွာ မှားယွင်းသွားပေလိမ့်မည်။ ထို့ပြင် လီမျိုးနွယ်စုများအနေနှင့် ရန်သူကို အနိုင်ရရှိရန် ဤနည်းဗျူဟာတမျိုးတည်းကို အသုံးပြုတတ်သည် မဟုတ်ချေ။ ၎င်းတို့တွင် တခြားနည်းဗျူဟာများစွာလည်း ရှိနေသေး၏။
ရှေးကာလတုန်းက လီမျိုးနွယ်စု၏သမိုင်းတွင် အဖြစ်အပျက်တခု ဖြစ်ပွားခဲ့ဖူး၏။ လီဘိုးဘေးမယ်တော်ကြီးလီချန်ရှန်းသည် နာမည်ကြီးအထက်တန်းစားပြည့်တန်ဆာတစ်ဦးအဖြစ် အယောင်ဆောင်ပြီး သူမ၏ခရီးစဉ်များတလျှောက် ထိပ်သီးချီးစွမ်းအားပညာရှင်များနှင့်အတွေ့ဝယ် ၎င်းတို့၏ စိတ်အာရုံထဲသို့ အကြောက်တရားများ ထည့်ပေးခဲ့ဖူး၏။ အနာဂတ်တွင် အထက်ပါ ချီစွမ်းအားပညာရှင်များနှင့် ရန်သူအဖြစ် ရင်ဆိုင်ရသည့်အခါ ၎င်းတို့အနေနှင့် သူမကို မည်သို့မှ သတ်ပစ်နိုင်စွမ်းမရှိပဲ ဖြစ်ကုန်ကြလေသည်။ သူမကို အမျိုးဖြုတ်နိုင်ပြီဟု ယူဆနေချိန်မှာပင် အဆိုပါချီစွမ်းအားပညာရှင်များ၏ စိတ်အာရုံထဲမှ အကြောက်တရားမှာ ဝုန်းဒိုင်းကျဲပေါ်ထွက်လာပြီး ၎င်းတို့၏စိတ်ဝိညာဥ်တခုလုံးကို ပြိုလဲသွားစေ၏။ ကြောက်ရွံ့မှုကို တွန်းလှန်နိုင်သူတချို့ရှိခဲ့သော်လည်း ထိုသို့တွန်းလှန်နေစဥ်အတွင်း လီချန်ရှန်းက အားလုံးကို အလွယ်တကူပင် ရှင်းပစ်နိုင်ခဲ့၏။
ဆန့်ကျင်ဘက်ဆိုရလျင် အိပ်မက်အလှသွေးဗီဇသည် မိမိပစ်မှတ်ထားသူ၏ စိတ်အာရုံထဲတွင် အကြောက်တရားကို ထည့်ပေးနိုင်သလို ချစ်ခြင်းမေတ္တာကိုလည်း ပေါက်ဖွားလာစေနိုင်၏။ အသေခံစစ်သည်တော်များကို ဤပုံဤနည်းနှင့် လီတောက်ဟုန် စုစည်းထားခြင်းပင် ဖြစ်လေသည်။
အထက်ပါအကြောင်းတရားများကြောင့် အိပ်မက်အလှသွေးဗီဇ၏တိုက်ခိုက်ရေးစွမ်းအားသည် အားနည်းဆုံးဖြစ်သော်လည်း အချိန်သာလုံလောက်ပါက ၎င်းတို့သည် မိမိနှစ်သက်ရာကို ဆောင်ရွက်နိုင်သော စွမ်းရည်မျိုး ရှိကြပေသည်။
ယခုတော့ လီတောက်ဟုန်သည် စုချန်းကို ဝိညာဥ်ခွဲအိပ်မက်နှင့် တိုက်ခိုက်နေခဲ့လေပြီတည်း။
***