← Chapters

အိပ်မက်တိုက်ပွဲ

Vol. 84 Ch. 840

အိပ်မက်တိုက်ပွဲ

Vol. 84 Ch. 840

ဝိညာဥ်ခွဲအိပ်မက်။ ၎င်းသည် တိုက်စစ်အပြုအမူကိုဆောင်သည့် အိပ်မက်နယ်မြေအမျိုးအစားဖြစ်ပြီး ထိုအထဲတွင် ပိတ်မိနေသူသည် အိပ်မက်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုအိပ်မက်ဆိုးများကြောင့် သေဆုံးသွားခဲ့လျင်ပင် စိတ်ဝိညာဥ်အစိတ်အပိုင်းတချို့သာ သေဆုံးကုန်သည်ဖြစ်၍ အထိအခိုက် ကြီးမားလှသည်တော့ မဟုတ်ချေ။

လီတောက်ဟုန်အဖို့ကား သူနှင့်စုချန်းကြားအကွာအဝေးကြောင့် ဤနည်းဗျူဟာကို ရွေးချယ်လိုက်ခြင်းပင်။

အိပ်မက်အလှသွေးဗီဇသည် အဝေးမှ အသုံးပြုနိုင်သည်ဆိုသော်ငြား ပိုဝေးလေလေ မူလစွမ်းအင်မှာလည်း ပိုမိုကုန်ခန်းလေလေပင်။ ထို့အပြင် အချိန်အခါအရလည်း နေ့ခင်းအချိန်ဖြစ်နေ၍ စုချန်းသည် နိုးနိုးကြားကြားရှိနေ၏။ ဤအခြေအနေမျိုးတွင် လီတောက်ဟုန်က သူ့ကို အတင်းအကျပ် အိပ်မက်နယ်မြေထဲသို့ ဆွဲသွင်းခဲ့ခြင်းပင် ဖြစ်လေသည်။

ထိုအခါ လီတောက်ဟုန်အဖို့ အိပ်မက်အလှသွေးဗီဇ၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်ပြသရန်မှာ အလွန်ခက်ခဲနေ၏။ ကံကောင်းသည်မှာ သူ့ရည်မှန်းချက်ကလည်း စုချန်းကို အသေသတ်ပစ်ရန်မဟုတ်။ လတ်တလော နှောင့်နှေးစေရုံမျှသာ ဖြစ်လေသည်။ တဖက်တွင်လည်း ဝိညာဥ်ခွဲအိပ်မက်သည် အိပ်မက်အလှသွေးဗီဇ၏ အားအနည်းဆုံး နည်းဗျူဟာဖြစ်သော်လည်း အကျိုးဆက်အနေနှင့် မူလစွမ်းအင်အကုန်အကျကလည်း အနည်းဆုံးဖြစ်နေ၏။

သူ့ကိုအော်ဟစ်ခြောက်လှန့်တိုက်ခိုက်နေကြသော အိပ်မက်ဆိုးများကို ကြည့်ရင်း စုချန်း ပျော်ရွှင်သွား၏။

ငါ့ကို အိပ်မက်နယ်မြေထဲ သွင်းတယ်ပေါ့လေ...

လီတောက်ဟုန်...မင်းရဲ့စိတ်ကူးစိတ်သန်းလေးကမဆိုးဘူးပဲ...

အိပ်မက်အလှသွေးဗီဇ၏ စွမ်းအားက အတော်လေး အထင်ကြီးစရာကောင်းနသည်မှာ အမှန်ပင်။ သို့သော် ကံမကောင်းစွာနှင့် ၎င်းမှာ လူသိများလွန်းလှပေသည်။

လီမျိုးနွယ်စုဟူသည် နှစ်ပေါင်းထောင်သောင်းချီ တည်ရှိခဲ့သည့် မျိုးနွယ်စုကြီးဖြစ်၍ ဤမျိုးရိုးဗီဇ၏ တည်ရှိမှုကို လူတိုင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ လျှို့ဝှက်ချက်တစ်ခု လုံးဝမဟုတ်တော့ချေ။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် လူပေါင်းမြောက်များစွာသည် အိပ်မက်အလှသွေးဗီဇကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းပေါင်းများစွာကို တီထွင်နိုင်ခဲ့ပြီးလေပြီ။ အိပ်မက်အလှသွေးဗီဇသည် အစွမ်းထက်ပြီး အိပ်မက်ဆိုးများကို အကန့်အသတ်မရှိ ဖန်တီးနိုင်၏။ သို့သော် အိပ်မက်ဆိုးများဟူသည် စိတ်ဝိညာဥ်စွမ်းအင်နှင့် ဖန်တီးထားသည်ဖြစ်၍ စိတ်ဝိညာဥ်စွမ်းအင်နှင့်ပင် ၎င်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ပေသည်။ ထို့ကြောင့် စုချန်းက အိပ်မက်ဆိုးတခုကို ချေမှုန်းဖျက်ဆီးပစ်နိုင်ခြင်းပင်။

ထို့ကြောင့် အိပ်မက်အလှသွေးဗီဇနှင့် ရင်ဆိုင်ရလျင် အကောင်းဆုံးနည်းလမ်းမှာ စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုရန်ပင် ဖြစ်သည်။

အိပ်မက်နယ်မြေထဲမှ တိုက်ပွဲများဟူသည် စိတ်ဝိညာဥ်စွမ်းအင်ကိုသာ အခြေခံထား၏။ ထို့ကြောင့် မိမိထက် စိတ်ဝိညာဥ်စွမ်းအင် ပိုအားကောင်းသူတစ်ယောက်ကို အိပ်မက်နယ်မြေထဲ ဘယ်တော့မှ ဆွဲမထည့်ရန် လီမျိုးနွယ်စုအနေနှင့် သူ့လက်အောက်ငယ်သားများကို ပြင်းပြင်းထန်ထန် သတိပေးထား၏။ အကြောင်းမှာ ဤလုပ်ရပ်မျိုးက ကိုယ့်ကိုယ်ကို ပြန်လည်ဒုက္ခပေးနိုင်သောကြောင့်ပင်။

လီတောက်ဟုန်၏ စိတ်ဝိညဥ်စွမ်းအားမှာ အမှန်တကယ် အစွမ်းထက်၏။ မူလကိရိယာများ၏အကူအညီကိုထည့်ပေါင်းလျင် ၎င်း၏စိတ်ဝိညာဥ်စွမ်းအားမှာ ယူနစ် ၁၂၀၀အထိ ရှိနေ၏။ ထို့ကြောင့် သူနှင့်အဆင့်တူသူများကြားထဲတွင် လီတောက်ဟုန်၏ စွမ်းအားမှာ အံ့မခန်းဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် လီတောက်ဟုန်၏ စိတ်ထဲတွင် သူ့ထက် စိတ်ဝိညာဥ်စွမ်းအင်အားကောင်းသူ တယောက်မှ မရှိဟု တထစ်ချယူဆထား၏။ ယခုတော့ လီတောက်ဟုန်အဖို့ နံရံကို ခေါင်းနှင့်တိုက်မ်ိနေခဲ့လေပြီတည်း။

မည်သည့်ပစ္စည်းကိရိယာများ၏ အကူအညီမှမပါပဲ စုချန်း၏စိတ်ဝိညာဥ်စွမ်းအားမှာ ယူနစ် ၂၀၀၀ထိ ရှိနေပြီး ကိရိယာများနှင့်ဆိုလျင် ယူနစ် ၃၀၀၀အထိ ရှိနေလေသည်။ ထို့ကြောင့် လီတောက်ဟုန်အဖို့ စုချန်းကို ဘက်ပြိုင်နိုင်စရာအကြောင်း လားလားမျှပင် မရှိချေ။

ထို့ကြောင့် အိပ်မက်နယ်မြေတိုက်ပွဲ၏ ဖြစ်နိုင်ဖွယ်ရလဒ်မှာ တခုတည်းသာ ရှိနေ၏။

နောက်ဆုံးတော့ လီတောက်ဟုန်၏ လုပ်ရပ်ကို စုချန်း အတည်ပြုနိင်ခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူက အိပ်မက်ဆိုးများကို အထူးတလည် တုံ့ပြန်မနေတော့ပဲ ၎င်းတို့ကို တိုက်ခိုက်ခွင့်ပေးလိုက်၏။ ထို့နောက် သူ ပတ်ပတ်လည်တွင် နှလုံးသားနံရံများကို တည်ဆောက်ထားလိုက်လေသည်။

စုချန်းဘက်မှ မည်သည့်တုံ့ပြန်မှုမှရှိမနေ၍ အိပ်မက်ဆိုးများသည် ဟိန်းဟောက်အော်ဟစ်ကာ စုချန်းကို ပြေးဝင်တိုက်ခိုက်ကြ၏။ သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲကြ၏။ သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုက စုချန်း၏ အရေပြားကို ခြစ်မိရုံမျှသာ တတ်နိုင်လေသည်။ ၎င်းမှာ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်က အလွန်အားကောင်းနေသောကြောင့်ပင်။

မမျှော်လင့်သောအဖြစ်အပျက်ကြောင့် လီတောက်ဟုန် အကြီးအကျယ် စိတ်ရှုပ်ထွေးသွား၏။

“ဘာတွေဖြစ်နေတာလဲဟ"

သဘောတရားအရပြောရလျင် သူသည် စုချန်းကို အိပ်မက်နယ်မြေထဲ ဆွဲထည့်ခဲ့သူဖြစ်သည်။ သို့သော် အခြေအနေတစ်ခုလုံးကို သူ အပြည့်အဝ ထိန်းချုပ်ထားသည်ဟုတော့ မဆိုလိုချေ။

အကြောင်းမှာ ၎င်းအိပ်မက်နယ်မြေသည် ရန်သူ၏ ပိုင်နက်နယ်မြေပဲဖြစ်နေသောကြောင့်ပင်။ ရန်သူတွင် အမြဲတမ်း အိမ်ရှင်အားသာချက် ရှိနေ၏။ သို့သော် အချိန်အများစုမှာ ရန်သူသည် အိပ်မက်နယ်မြေအကြောင်းကို မသိနားမလည်ကြ၍ လီတောက်ဟုန်အနေနှင့် ၎င်းအားသာချက်ကို ရယူပြီး တစ်ဖက်လူ၏ “အိမ်”တွင် သူ စိတ်ထင်တိုင်းကြဲနေနိုင်ခြင်းပင်။ ယခုတော့ စိတ်ဝိညာဥ်စွမ်းအင် အားကောင်းလှသည့် စုချန်းလိုရန်သူမျိုးနှင့် ရင်ဆ်ိုင်ရသည့်အခါ အခြေအနေကို လီတောက်ဟုန်တယောက် ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။

လီတောက်ဟုန်ဖန်တီးလိုက်သည့် အိပ်မက်ဆိုးများသည် စုချန်းကို ဆက်လက်တိုက်ခိုက်နေကြ၏။ အဆက်မပြတ် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ မည်သို့ဖြစ်ရလေသနည်း။

လီတောက်ဟုန်၏ ဘဝတွင် ဝိညာဥ်ခွဲအိပ်မက် အသုံးပြုခြင်းနှင့်ပတ်သက်၍ ရလဒ်နှစ်မျိုးကိုသာ အမြဲကြုံတွေ့ခဲဖူးသည်။ တစ်ခုမှာ သူက ရန်သူကို အိပ်မက်ထဲတွင် အနိုင်ယူနိုင်လိုက်ခြင်းဖြစ်သည်။ ဒုတိယတခုမှာကား အိပ်မက်ဆိုးများကို ရန်သူက ရှင်းပစ်လိုက်နိုင်ခြင်းပင်။

သို့သော် လက်ရှ်ိဖြစ်ရပ်မျိုးကိုတော့ လီတောက်ဟုန် တခါမှ မကြုံဖူးခဲ့သေးချေ။

ထိုအတောအတွင်းဝယ် ရာနှင့်ချီသော အိပ်မက်ဆိုးများက စုချန်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြ၏။ သို့သော် စုချန်းကား အနည်းငယ်မျှ ဂရုမစိုက်ပဲ အိပ်မက်နယ်မြေ၏ လျှို့ဝှက်ချက်များကိုပင် ဆန်းစစ်နေလိုက်သေးလေသည်။ မှန်ပါသည်။ ၎င်းမှာ စုချန်း၏ အရိုးစွဲနေသော အကျင့်ဟောင်းတစ်ခုပင် ဖြစ်သည်။ အခြေအနေပေးလာခဲ့လျင် မည်သည့်အရာကိုမဆို စုချန်းအနေနှင့် ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေအုံးမည်သာ။

တကယ်တော့ စုချန်းသည် အိပ်မက်နယ်မြေနှင့်ပတ်သက်၍ ထိုက်သင့်သလောက် အတွေ့အကြုံရှိထားသည်ဟု ဆိုနိုင်၏။ သို့သော် သူ အမြဲတမ်းဝင်ထွက်သွားလာနေသည့် အိပ်မက်နယ်မြေသည်ကား ကြီးမားကျယ်ပြန့်လှပြီး မျိုးစိတ်ပေါင်းများစွာကို ကွန်ယက်တစ်ခုတည်းတွင် စုစည်းထားနိုင်၏။

နှိုင်းယှဉ်ကြည့်မယ်ဆိုလျင် လီတောက်ဟုန်၏ အိပ်မက်နယ်မြေသည် အပြင်ျလာကမှ အိပ်မက်နယ်မြေနှင့်စာလျင် အရွယ်အစား၊ အဝိုင်းအဝန်းမှာ အတော်လေးသေးငယ်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် နယ်မြေနှစ်ခု၏ တူညီသောအချက်များက စုချန်း၏ နားလည်နိုင်စွမ်းကို များစွာ တိုးပွားလာစေ၏။ အကြောင်းမှာ စုချန်းကိုယ်တိုင်က အိပ်မက်အရှင်သခင်အဆင့်ရှိထားသူ ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်း၏ အိပ်မက်နယ်မြေများအပေါ် နားလည်နိုင်စွမ်းမှာ တခြားလူများထက် များစွာသာလွန်နေပေသည်။

ထို့အပြင် သူသည် မဟာပညာရှ်ိလည်း ဖြစ်နေပြန်၏။ ဤသို့ ပြိုင်ဘက်ကင်းလေ့လာနိုင်စွမ်းက သူ့အတွက် အိပ်မက်နယ်မြေများအပေါ် နက်နက်နဲနဲ နားလည်စေရန် ကူညီပေးနေလေသည်။ သို့သော် အတိတ်တုန်းက သူ့တွင် နှိုင်းယှဥ်ကြည့်စရာမရှိခဲ့ချေ။ ယခုတော့ လီတောက်ဟုန်က စုချန်းလက်ထဲသို့ ထိုအခွင့်အရေးကို ထည့်ပေးလိုက်ခဲ့လေပြီ။

အိပ်မက်ဆိုးများကို ကြည့်နေရင်းနှင့်ပင် စုချန်း၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တရပ် ဖြစ်ပေါ်လာ၏။ ထိုခံစားချက်မှာ သူ့သည်လည်း ထိုအိပ်မက်ဆိုးများကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ခံစားလိုက်ရခြင်းပင်။

တချိန်တည်းမှာပင် စုချန်း၏ မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့အလင်းရောင်များ စတင်တောက်ပလာ၏။

ပရမတ်မျက်လုံးများ။

ပရမတ်မျက်လုံးများကို နှိုးဆွလိုက်သည်နှင့် တပြိုင်နက် အိပ်မက်နယ်မြေ၏ စစ်မှန်သောအနှစ်သာရကို စုချန်း စတင်မြင်တွေ့လိုက်ရလေသည်။

အိပ်မက်နယ်မြေထဲတွင် သူ့စွမ်းရည်များမှာ အသုံးမဝင်ချေ။

အိပ်မက်နယ်မြေထဲတွင် သူ့ရဲ့စွမ်းရည်များမှာ အသုံးဝင်နိုင်၏။

အဆိုပါ ဆန့်ကျင်ဘက်အယူအဆနှစ်ခုသည် အိပ်မက်နယ်မြေထဲတွင် တစ်ပြိုင်နက်တည်း တည်ရှိနေ၏။

အခြေခံမူများကို မသိလျင် ဘာတစ်ခုမှ အသုံးချနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် အခြေခံမူများက်ို သိသွားခဲ့လျင်တော့ ဖြစ်နိုင်ချေမှာ အတိုင်းအဆမရှိတော့။

သိပ်မကြာမီ အိပ်မက်ဆိုးများအကြား ဆက်သွယ်ထားသည့် မှိန်ဖျော့ဖျော့လိုင်းများကို စုချန်း မြင်လိုက်ရသည်။

လိပ်ပြာချည်ကြိုးများ။

အိပ်မက်နယ်မြေထဲတွင် ဆိုးသွမ်းနေသည့် အိပ်မက်ဆိုးများ၏ ရင်းမြစ်မှာ အနှီလိပ်ပြာချည်ကြိုးများပေတည်း။

ထို့နောက် စုချန်း ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“ပြတ်သွားစမ်းကွာ"

တဖြောင်းဖြောင်းမည်သံနှင့်အတူ အိပ်မက်ဆိုးများနှင့် ဆက်သွယ်ထားသည့် လိပ်ပြာချည်ကြိုးများအားလုံး ပြတ်တောက်ကုန်ကြ၏။

ထိုအခါ အဝေးတနေရာရှိ လီတောက်ဟုန်သည်လည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မျက်ဖြူလန်ကာ လဲကျသွားလေသည်။

***

All Chapters