← Chapters

ဝိုးတဝါးအိမ်မက်

Vol. 85 Ch. 841

ဝိုးတဝါးအိမ်မက်

Vol. 85 Ch. 841

“တောက်ဟုန်”

ညနေမင်း အထက်ပါအတိုင်း အော်ခေါ်ရင်း လီတောက်ဟုန်ကို ပြေးထူလိုက်၏။ လီတောက်ဟုန်ကား နဝေတိမ်တောင်အမူအရာနှင့် ငူငူကြီးထိုင်နေလေသည်။ အတန်ကြာမှ သူက ထူးလိုက်၏။

“အင်း"

“ဘာဖြစ်သွားတာလဲ”

ညနေမင်းက မေးလိုက်လေသည်။

ဘာတွေဖြစ်သွားလေသနည်း...

လီတောက်ဟုန် ပြန်ဖြေရန် ကြိုးစားလိုက်၏။ သို့သော် အဖြေကို သူကိုယ်တိုင်ပင် မသ်ိလေရာ သူ မည်သို့ဖြေနိုင်မည်နည်း။

သူသည် အိပ်မက်ဆိုးများစွာကို ဖန်တီးပြီး ရန်သူကို တိုက်ခိုက်ရန်ဟန်ပြင်နေစဥ် ရုတ်တရက် အဆက်အသွယ်ပြတ်သွားခဲ့၏။ ထိုသို့ အဆက်အသွယ်ပြတ်သွားခြင်းမှာ အထူးတလည် ပြဿနာမဟုတ်သော်လည်း အိပ်မက်ဆိုးများကို စိတ်ဝိညာဥ်စွမ်းအင်နှင့် ဖန်တီးရခြင်းဖြစ်လေရာ ယခုတော့ သူ့စိတ်ဝိညာဥ်စွမ်းအင် အများအပြားမှာ ရန်သူထံတွင် ကျန်ရစ်ခဲ့လေပြီ။

မည်သို့ဖြစ်ရလေသနည်း။

လီတောက်ဟုန်သည် အလွန်တရာ မာနကြီးသူတယောက်ဖြစ်၏။ ထို့ကြောင့် ဘာဖြစ်ခဲ့မှန်း သေသေချာချာမသ်ိရပဲ စိတ်ဝိညာဥ်စွမ်းအင်များ ဆုံးရှုံးသွားသည်ကို ဝန်ခံမည့်လူစားမျိုး မဟုတ်ချေ။

ထိုအခါ သူက ခေတ္တ စဉ်းစားဟန်ပြုပြီး ပြောလိုက်၏။

“ဘာမှမဖြစ်ပါဘူး ကျုပ် ထပ်ကြိုးစားကြည့်မယ်”

ထို့နောက် သူ အိပ်မက်ကမ္ဘာထဲသို့ နေက်တကြိမ် ဝင်ရောက်သွားခဲ့ပြန်၏။ ဤတကြိမ်တွင်တော့ သူသည် စုချန်းကို အိပ်မက်ကမ္ဘာထဲ မြန်မြန်ဆန်ဆန်ပင် ဆွဲသွင်းနိုင်လိုက်လေသည်။ အကြောင်းမှာ စုချန်းကိုယ်တိုင်က အိပ်မက်ကမ္ဘာထဲမှ မထွက်ခွာရသေးသောကြောင့်ပင်။

တဖက်တွင်လည်း စုချန်းသည် စိတ်ဝိညာဥ်စွမ်းအင်များ တိုးပွားလာသည်ကို တွေ့လိုက်ရ၍ များစွာ အံ့သြသင့်သွား၏။ တိုးပွားလာသည့် ပမာဏမှာ သိပ်မများလှ။ သို့သော် ဤသ်ို့တိုးပွားလာခြင်းကြောင့် နောင်အနာဂတ်တွင် ဤနည်းလမ်းဖြင့် သူ၏ စိတ်ဝိညာဥ်စွမ်းအင်ကို တိုးမြှင့်နိုင်သည်ဟူသောအချက်ကို စုချန်း နားလည်သွားလေသည်။

ပို၍အရေးကြီးသည်မှာ အိပ်မက်ဆိုးများအား မည်သို့အသုံးပြုရမည်ကို စုချန်း သင်ယူနိုင်ခဲ့ခြင်းပင်။ မည်သို့ဆိုစေ စုချန်းအနေနှင့် တစုံတဦး၏ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ကာ အိပ်မက်ဆိုးများ ဖန်တီးနိုင်သည့် အဆင့်နှင့် အလှမ်းဝေးနေသေး၏။ သို့သော် မိမိကိုယ်ကို ကာကွယ်ရန်အတွက်တော့ လုံလောက်သည်ထက် ပိုနေခဲ့လေပြီ။

တခနအကြာတွင် အိပ်မက်ဆိုးများစွာ ထပ်မံပေါ်ပေါက်လာပြန်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ အိပ်မက်ဆိုးများသည် စုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။

“အရမ်းရုပ်ဆိုးတယ် ပုံစံပြောင်းစမ်းကွာ”

ထိုသို့ရေရွတ်လိုက်သည်နှင့် အိပ်မက်ဆိုးများသည် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်၍ ဓားကောက်ကြီးများ ကိုင်ဆောင်ထားသည့်ပုံစံများအဖြစ် ပြောင်းသွား၏။ ဤနည်းဖြင့် ၎င်းအိပ်မက်ဆိုးများသည် စုချန်း၏ အိပ်မက်စောင့်များ ဖြစ်လာတော့သည်။

ကစားစရာအသစ်တခု ရလိုက်သည့် ကလေးတဦးသဖွယ် စုချန်း ပျော်ရွှင်နေ၏။ ထိုအချိန်တွင် လီတောက်ဟုန် ထပ်မံရောက်ရှိလာခြင်း ဖြစ်လေသည်။

“ဟာ ဒီကောင် ထပ်လာပြန်ပြီလား”

စုချန်း နည်းနည်းတော့ အံ့အားသင့်သွား၏။ ထို့နောက် သူက အိပ်မက်စောင့်များကို ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး လီတောက်ဟုန်၏ စိတ်ဝိညာဥ်ကို ဝင်ရောက်ခွင့်ပြုလိုက်လေသည်။ ဤနည်းအားဖြင့် လီတောက်ဟုန်တယောက် စုချန်း၏ အိပ်မက်ကမ္ဘာထဲ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့၏။

အင်း...ပထမတကြိမ်ဟာ မတော်တဆဖြစ်သွားတာနေမယ်...

လီတောက်ဟုန်တယောက် အထက်ပါအတိုင်း တွေးတောရင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်လေသည်။ အင်အားနည်းပါးသောလူပျံတော်တဦး သူ့ထက် စိတ်ဝိညာဥ်စွမ်းအင် ပိုမိုအားကောင်းနေပြီး သူအသုံးပြုခဲ့သည့် နည်းဗျူဟာကို အလွယ်တကူ သိမြင်သွားကာ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်ဟု သူ မည်သို့မှ မယုံကြည်နိုင်ချေ။

ဤကိစ္စသည် ပြောရလွယ်သလောက် လုပ်ရအလွန်ခက်၏။ ထို့ကြောင့် မတော်တဆ အဆက်အသွယ်ပြတ်သွားခြင်းဟု ယူဆလိုက်ခြင်းမှာ လက်သင့်ခံလောက်စရာပင်။

တဖက်တွင်လည်း သူသည် အခြေအနေကို ပိုမိုနားလည်အောင် ကြိုးစားရင်း ဆုံးရှုံးခဲ့သည့် စိတ်ဝိညာဥ်စွမ်းအားကို ပြန်လည်ရယူနိုင်ရန်လည်း လီတောက်ဟုန်က မျှော်လင့်နေသေး၏။

အထက်ပါအတိုင်း တမျှော်တခေါ်ကြီး တွေးတောရင်း လီတောက်ဟုန်တယောက် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် များစွာ သတိထားနေ၏။ နည်းဗျူဟာအရလည်း ကွဲပြားသော နည်းဗျူဟာကို ရွေးချယ်ထားလေသည်။

ရုတ်တရက်ဆိုသလို ကဗျာဆန်ပြီး လှပသော ရှုခင်းတစ်ခု စုချန်း၏ရှေ့တွင် ပေါ်ပေါက်လာ၏။ တောင်များ၊ မြစ်များ၊ ကောင်းကင်နှင့် မြေကြီးတို့ ပေါင်းစပ်ထားပုံမှာ ရှုမငြီးစရာကောင်းလှပေသည်။ ကြည့်ရသည်မှာလည်းအစစ်အမှန်နှင့် များစွာ တူနေ၏။ ကံမကောင်းသည်မှာ “အစစ်နှင့်တူသည်” ဟုဆိုလိုက်ခြင်းက “အစစ်မဟုတ်” ဟူသောအဓ်ပ္ပါယ်ပင် မဟုတ်ပါလား။ ဝိုးတဝါးအိပ်မက်။ လီတောက်ဟုန်က ဝိုးတဝါးအိပ်မက်က်ို အသုံးပြုလိုက်ခြင်းပင်။

ဝိုးတဝါးအိပ်မက်ဟူသည် သေစေနိုင်လောက်သည့် ခြိမ်းခြောက်မှုကို မဖြစ်စေသည့်တိုင် လူတစ်ဦး၏ အာရုံခံစားမှုများကို ပြောင်းလဲနိုင်၏။ အသုံးပြုသူသည် ဤနည်းအားဖြင့် မိမိအလိုရှိရာ ခံစားချက်မျိုးစေ့ကို တဖက်လူ၏ စိတ်ဝိညာဥ်အတွင်း ထည့်သွင်းနိုင်သော နည်းစနစ်တမျိုးပင်။

သို့သော် ဤနည်းစနစ် အောင်မြင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အချက်မှာ ရန်သူသည် မိမိ အိပ်မက်ကမ္ဘာထဲတွင် ရှိနေသည်ကို သတိမမူမိစေရန်ပင်တည်း။

ကံမကောင်းသည်မှာ လီတောက်ဟုန်၏ ရန်သူမှာ စုချန်း ဖြစ်နေ၏။ပိုဆိုးသွားသည်မှာ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင် မည်မျှ အစွမ်းထက်ကြောင်း လီတောက်ဟုန် လုံးဝသိမထားချေ။

ယခုတွင် သူတို့နှစ်ဦးကြား စိတ်ဝိညာဥ်စွမ်းအင်ကွာဟမှုမှာ တိုက်ပွဲ၏ အခြေခံဖြစ်လေသည်။ လူနှစ်ဦး နပမ်းလုံးသည့်အခါ ၎င်းတို့ မည်မျှ ကျွမ်းကျင်သည်ဖြစ်စေ ခွန်အားသည် အမြဲတမ်း အခြေခံပင် မဟုတ်တုံလား။ ခွန်အားမရှိလျှင် မည်မျှ လျင်မြန်သွက်လက်သည်ဖြစ်စေ အလကားသာ။

ယခုလည်း စုချန်းသည် ဝိုးတဝါးအိပ်မက်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူ၏ နိုးကြားမှုကို ကောင်းကောင်းထိန်းသိမ်းထားနိုင်၏။

ထို့ကြောင့် ဝိုးတဝါးအိပ်မက်မှာ စုချန်းအဖို့ ပန်းနှင့်ပေါက်သလောက်ပင် ထိခိုက်စေခြင်းမရှိချေ။

အရေးအကြီးဆုံးမှာ စုချန်းက ပြန်လှန်တိုက်ခိုက်မှု မပြုခြင်းပင်။

ပြန်လှန်တိုက်ခိုက်ခြင်း မရှိ၍ သူ စုချန်းကို ညှို့ငင်နိုင်ခဲ့ခြင်း ရှိမရှိကို လီတောက်ဟုန် သိနိုင်စရာ အကြောင်းမရှိတော့။

ရလဒ်မှာ သူ အောင်မြင်သွားပြီဟု လီတောက်ဟုန် ကောက်ချက်ချမိခြင်းပင်။

ထိုအခါ သူက အိပ်မက်က်ို နောက်တဆင့်မြှင့်လိုက်၏။

သိပ်မကြာမီ တောင်များ၊ မြစ်များကြားတွင် လူပျံတော်ရွာလေးတစ်ရွာ ပေါ်ပေါက်လာ၏။ ရွာမှာ သိပ်မကြီးသော်လည်း ဆူဆူညံညံနှင့် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ချောမောလှပသည့် လူပျံတော်မိန်းကလေးတချို့သည်လည်း စုချန်းကို လှည့်ပတ်ပျံသန်းနေကြ၏။ ထိုအထဲမှ တစ်ဦးမှာ ကျုးရှန်းယောင်နှင့် ခပ်ဆင်ဆင်တူနေလေသည်။

ဒီကောင် ကျူးရှန်းယောင်ကို တကယ်ကြီး လက်မလွှတ်သေးဘူးပဲ...

စုချန်းက ကျူးရှန်းယောင်ကို ခေတ္တမျှ စိုက်ကြည့်လိုက်၏။ လီတောက်ဟုန်၏စိတ်ထဲတွင် ၎င်းအပြုအမူကို တုံ့ပြန်မှုအဖြစ် ယူဆပြီး စုချန်းတယောက် ဤလူပျံတော်မိန်းကလေး၏ ဆွဲဆောင်ခြင်းခံလိုက်ရပြီဟု ယူဆလိုက်ပုံရသည်။ ထို့နောက် သူသည် ဤလူပျံတော်မိန်းကလေးကို အသုံးပြု၍ စုချန်းကို သွေးဆောင်ရန် ဆုံးဖြတ်လိုက်၏။

"လက်စသတ်တော့ ဒီကောင် ငါ့စိတ်ထဲမှာ ချစ်ခြင်းမေတ္တာခံစားချက်မျိုးစေ့ကို ထည့်သွင်းဖို့ ကြိုးစားနေတာပဲ"

အထက်ပါအတိုင်း တွေးတောရင်း စုချန်းက ပရမတ်မျက်လုံးများကို အသက်သွင်းကာ ဝိုးတဝါးအိပ်မက်ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက်၏။

ပထမတစ်ကြိမ် အောင်မြင်ပြီဖြစ်၍ ဤတကြိမ်မှာ စုချန်းအတွက် ပို၍ပင် လွယ်ကူနေတော့သည်။

ခွဲခြမ်းစိတ်ဖြာခြင်းပြီးစီးသွားသည်နှင့် စုချန်းသည် စိတ်ဝိညာဥ်စွမ်းအင်ကို ဓားတစ်ချောင်းအဖြစ်သုံးကာ လီတောက်ဟုန်ကို အိပ်မက်ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်လိုက်ပြန်သည်။

လီတောက်ဟုန် ရုတ်တရက် မူးဝေပြီးလဲကျသွားခဲ့၏။ ဤတကြိမ်တွင်လည်း ညနေမင်းက အသင့်ပင် ပွေ့ထူရင်း မေးလိုက်ပြန်သည်။

“ညီလေးလီ အဆင်ပြေရဲ့လား”

“ကျုပ်..”

လီတောက်ဟုန်တယောက် ညနေမင်းကို တွေတွေကြီး စိုက်ကြည့်နေ၏။

ဘာကြောင့် အဆက်အသွယ်က ပြတ်သွားရပြန်တာလဲ...

ငါ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်က ဒီတခါလဲ ဟိုကောင့်လက်ထဲ ပါသွားပြန်တာလား...

အမှန်တကယ်လည်း ဤတကြိမ်တွင် လီတောက်ဟုန်၏ စိတ်ဝိညာဥ်စွမ်းအင် ယူနစ် ၁၀၀ နီးပါး ဆုံးရှုံးသွားရ၏။

ဘာတွေဖြစ်နေတာလဲ...

ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ...

ညနေမင်းကား သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေဆဲပင်။

ထိုအခါ လီတောက်ဟုန်က သူ့စိတ်ထဲမှ မကျေနပ်ချက်များကို အတင်းအကျပ် ဖိနှိပ်ရင်း ပြန်ဖြေလိုက်၏။

“ကျုပ် အဆင်ပြေပါတယ်”

“ဒါဆိုလည်း ကောင်းပါတယ် ဒါနဲ့ မင်းဆက်လုပ်အုံးမှာလား"

လီတောက်ဟုန် ကြက်သီးထသွား၏။ သို့သော် သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။

"လွယ်တော့မလွယ်ဘူး ဒါပေမဲ့ ကျုပ် ကြိုးစားကြည့်အုံးမယ်"

တကယ်လည်း လီတောက်ဟုန်၏ စိတ်ထဲတွင် လက်လျှော့လိုစိတ် မရှိသေးချေ။ ပြသနာ၏ အဖြေကို သူ သိလိုနေသည်မဟုတ်ပါလား။

ထိုအချိန်တွင် ဝိုးတဝါးအိပ်မက်အား ခွဲခြမ်းစိတ်ဖြာနေသည့် စုချန်း၏ စိတ်ဝိညာဥ် ခေတ္တမျှ တုန်ခါသွား၏။

ဟမ်...

ဒီကောင် ပြန်လာပြန်ပြီလား...

စုချန်း အံ့အားသင့်သွားသော်လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေဆဲပင်။

ထို့နောက် သူ့ပတ်ပတ်လည်ရှိ ရှုခင်းသည် နန်းတော်ကြီးတခုအဖြစ် ပြောင်းလဲသွား၏။ စုချန်းကား ပလ္လင်ပေါ်တွင် အခန့်သား ထိုင်လျက်သားရှိနေသည်။ လူပျံတော်မှုးမတ်များစွာသည်လည်း စုချန်းကို အရိုအသေပြုနေကြ၏။

“ဒီတော့ ဒီကောင် ငါ့ကို အာဏာနဲ့ သွေးဆောင်ဖို့ ကြိုးစားနေတာပဲပေါ့လေ"

ဝိုးတဝါးအိပ်မက်ပင်ဖြစ်သော်ငြား မတူညီသည့် ခံစားချက် “မျိုးစေ့”ကို အသုံးပြုထားသည့် သဘောပင်။ ပို၍ထူးခြားသည်မှာကား ဤတကြိမ်တွင် လီတောက်ဟုန်သည့် သူ့ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအင်ကို မသုံးတော့ပဲ စုချန်း၏ စွမ်းအင်ကိုသုံး၍ ဤကမ္ဘာသစ်အား တည်ဆောက်ရာတွင် ဦးဆောင်စေလိုက်ခြင်းပင်။

“တယ်ဟုတ်ပါလား ဒါ ဘယ်လိုနည်းစနစ်မျိုးပါလိမ့်”

စုချန်း အကြီးအကျယ် စိတ်ဝင်စားသွား၏။ ရန်သူ၏ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြု၍ အိပ်မက်ကမ္ဘာကို တည်ဆောက်စေခြင်းဆိုပါကလား။ ၎င်းမှာ အလွန်ထူးခြားသည့် နည်းစနစ်တမျိုးဟု ဆိုနိုင်လောက်ပေသည်။ လီတောက်ဟုန်အဖို့ ဤတကြိမ် မအောင်မြင်ခဲ့လျင်ပင် စိတ်ဝိညာဥ်စွမ်းအင်များ ဆုံးရှုံးသွားမည်ကို စိတ်ပူနေစရာမလိုတော့ချေ။

သို့သော် တွေးစရာရှိသည်မှာ ဤနည်းလမ်းသည်သာ လွယ်ကူနေခဲ့လျင် လီတောက်ဟုန်အနေနှင့် အစောပိုင်းကတည်းက အသုံးချခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့ဆိုလျင် လီတောက်ဟုန်တယောက် ကနဦးကတည်းက ဤနည်းလမ်းကို အသုံးမပြုခဲ့ရလေသနည်း။

ထို့ကြောင့် ဤနည်းစနစ်တွင် တခြားချို့ယွင်းချက်များ ရှိနေသည်မှာ ထင်ရှားနေ၏။ ထို့နောက် စုချန်းက ထုံးစံအတိုင်း ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းကို စတင်လိုက်ပြန်သည်။

စိတ်ဝိညာဥ်သလင်း၏ အကူအညီဖြင့် စုချန်းသည် တစုံတရာကို ထာဝရ မှတ်မိနိုင်၏။ သို့သော် လီတောက်ဟုန်၏ လုပ်ဆောင်မှုကို ပိုမိုနားလည်ရန်အတွက် စုချန်းအနေနှင့် ကွာခြားချက်များကို နှိုင်းယှဉ်ရန်တော့ လိုအပ်နေသေး၏။ သို့သော် သိပ်မကြာမီ သူ ထိုကွာခြားချက်များကို မြန်မြန်ဆန်ဆန်ပင် ရှာတွေ့နိုင်ခဲ့လေသည်။

ထိုသို့ ခွဲခြမ်းစိတ်ဖြာရင်းနှင့် သိလာသည်မှာ ဤတကြိမ်အိပ်မက်တွင် လီတောက်ဟုန်က ဆရာတယောက်၏ အခန်းကဏ္ဍကိုယူထားပြီး တပည့်ဖြစ်သူအား ကြင်ကြင်နာနာလမ်းပြကာ သူလိုချင်သည့်ပုံစံရလာအောင် ပုံသွင်းပေးနေသည့် သဘောကိုဆောင်နေမှန်း စုချန်း သိလာရ၏။ ထို့ပြင် ၎င်းသည် စုချန်း၏ စိတ်နံရံများကို လှည့်ပတ်ကာ နည်းလမ်းအမျိုးမျိုးဖြင့် အရိပ်ထဲမှနေ၍ စုချန်းအပေါ်သက်ရောက်မှုများ ပေါ်ပေါက်လာစေရန် ကြိုးစားနေခြင်းပင်။ ထိုအတွက်လည်း ပို၍များပြားသော စိတ်ဝိညာဥ်စွမ်းအင်များကို လီတောက်ဟုန် သုံးစွဲထားရလေသည်။

အထက်ပါအချက်များကို သဘောပေါက်သွားသည်နှင့် စုချန်း ဝမ်းသာအားရ ဖြစ်သွား၏။

နံရံအပြင်ဘက်မှာ နေတယ်ဆိုတိုင်း ငါကမင်းကို ဘာမှလုပ်လို့မရဘူးများ ထင်နေသလား...

မင်းမဝင်လာရင် ငါကိုယ်တိုင် ရှေ့တံခါးကို ဖွင့်ပြီး မင်းကို ခေါ်သွင်းလိုက်မှာပေါ့...

လီတောက်ဟုန်သည် စိတ်နံရံများအပြင်ဘက်တွင် လှည့်ပတ်ကာ စုချန်းကို ညှို့ငင်သိမ်းသွင်းရန် ကြိုးစားနေ၏။ ထိုအချိန်မှာပင် စုချန်း၏ စိတ်ဝိညာဥ်ရှေ့တံခါးကြီး ဟောင်းလောင်းပွင့်လာတော့သည်။

လီတောက်ဟုန်၏ စိတ်ဝိညာဥ်သည်လည်း စုချန်း၏ အိပ်မက်ကမ္ဘာထဲသို့ အတင်းအကျပ် ဆွဲသွင်းခြင်းခံလိုက်ရတော့၏။

လီတောက်ဟုန် နောက်ဆုံးမြင်လိုက်ရသည်မှာကား စုချန်း၏ ပြုံးဖြီးဖြီးမျက်နှာပင် ဖြစ်လေသည်။ ထို့နောက် ခေါင်းထဲမှ စူးရှသော နာကျင်မှုတစ်ခု ပေါ်ပေါက်လာပြီး လီတောက်ဟုန်၏ စိတ်ဝိညာဥ်ဆက်သွယ်မှု နောက်တကြိမ် ပြတ်တောက်သွားလေသတည်း။

***

All Chapters