ပိတ်ဆို့ခံရခြင်း
Vol. 85 Ch. 842
“မဖြစ်နိုင်ဘူး တောက် ခွေးမသား"
လီတောက်ဟုန် ဒေါသတကြီး အော်ဟစ်လိုက်၏။ နောက်ဆုံးတော့ ဘာတွေဖြစ်နေမှန်း သူ ကောင်းကောင်းသိသွားချေပြီတကား။
သူ အသုံးချခံလိုက်ရလေပြီ။
ရန်သူသည် သူ့စိတ်ဝိညာဥ်စွမ်းအားယူနစ်၂၀၀ခန့်ကို အေးဓားပြတိုက်သွားခြင်းပင်။ ယူနစ် ၂၀၀ဟူသည်မှာ နည်းနည်းနောနော ပမာဏမဟုတ်။ လီတောက်ဟုန်၏ စိတ်ဝိညာဥ်စွမ်းအားမှာ စုစုပေါင်းယူနစ်၁၂၀၀သာရှိလေရာ ဤတကြိမ်တွင် သူပိုင်ဆိုင်ထားသည့်စိတ်ဝိညာဥ်စွမ်းအားယူနစ်ပေါင်း၏ ခြောက်ပုံတစ်ပုံခန့်ကို ဆုံးရှုံးလိုက်ရခြင်းပေတကား။
တဖက်မှ စုချန်းသည်ကား အကြီးအကျယ် ဝမ်းသာအားရ ဖြစ်နေ၏။ ရန်သူ၏ ဆင်းရဲဒုက္ခမှန်သမျှသည် သူ့ရဲ့ပျော်ရွှင်မှုဟု သူ ယူဆထားသည် မဟုတ်ပါလား။
သို့သော် စိတ်မကောင်းစရာအနည်းငယ်တော့ ရှိနေ၏။ ၎င်းမှာ လီတောက်ဟုန်တယောက် စုချန်း၏ အိပ်မက်ကမ္ဘာထဲသို့ နောက်တကြိမ် ဘယ်တော့မှ ရောက်မလာနိုင်တော့ခြင်းပင်။ ထို့ကြောင့် သူ့အနေနှင့် စိတ်ဝိညာဥ်စွမ်းအင်ကို ထပ်မံမြှင့်တင်ရန် မည်သို့မှ အခွင့်အရေး မရှိနိုင်တော့။ ၎င်းမှာနောင်တရစရာပင်။
သို့သော် စိတ်ဝိညာဥ်စွမ်းအားများထက် ပိုအရေးကြီးသည်မှာ လီတောက်ဟုန်၏ အိပ်မက်နည်းစနစ်များပင် ဖြစ်သည်။ လက်ရှိတွင် သူသည် အိပ်မက်နည်းစနစ်များကို မကျွမ်းကျင်သေး။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုနည်းစနစ်များကို သူ ပို၍အကျွမ်းတဝင်ရှိလာမည်သာ။ ထို့ကြောင့် သဘောတရားအရပြောရလျင် လီတောက်ဟုန်သည် သူ့အတွက် ပညာမျိုးစေ့ချပေးခဲ့သည့်သဘောပင်။
မည်သို့ဆိုသစေ စုချန်းအဖို့တော့ ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေအတွင်း ဝင်လာခဲ့ရသည့်အတွက် အမြတ်ထွက်နေခဲ့လေပြီ။ အထက်ပါအတိုင်းတွေးရင်း သူက ကိုယ်ပွားအများအပြားကို ဖန်တီးကာ လေဟာနယ်တလျှောက် စေလွှတ်လိုက်ပြန်၏။ သိပ်မကြာမီ အနီးအနားရှိ ပျက်စီးနေသော နန်းတော်တစ်ခုအတွင်းမှ စိတ်ဝင်စားစရာတချို့ကို စုချန်း တွေ့လိုက်ရလေသည်။
ထိုအခါ သူက အလင်းတုန်ခါခြင်းတစ္ဆေကို အသက်သွင်းပြီး ကိုယ်ပွားနှင့် နေရာချင်းလဲလိုက်၏။
စာအုပ်အများအပြားစုပြုံတည်ရှိနေသောနေရာတခုကို စုချန်း ရောက်ရှိလာလေသည်။ အဆိုပါစာအုပ်များကို လှန်လှောကြည့်လိုက်သည်နှင့် ၎င်းတို့ကို ကျောက်စိမ်းမြူစုဆောင်းထားခြင်းဖြစ်ကြောင်း စုချန်း အတည်ပြုလိုက်နိုင်၏။ ထိုစာအုပ်များထဲတွင် ဒဏ္ဍာရီလာအာကင်နာပညာရှင်အများအပြား၏ တွေ့ရှိချက်များနှင့် အတွေ့အကြုံများ ပါဝင်လေသည်။
စုချန်း ဝမ်းသာအားရနှင့် ရယ်မောလိုက်၏။ ထို့နောက် သူ စာအုပ်များအားလုံးကို ခပ်မြန်မြန်ပင် သိမ်းဆည်းလိုက်တော့သည်။ တခြားရတနာများ မတွေ့ခဲ့လျင်ပင် ဤစာအုပ်များကို ရရှိလိုက်ခြင်းကြောင့် စုချန်းတယောက် လာရကျိုးနပ်သွားပြီ ဖြစ်သည်။ သို့သော် တခြားရတနာများ ရှိခဲ့လျင်လည်း ၎င်းတို့ကို စုချန်းက အရယူသွားအုံးမည်သာ။
ကံမကောင်းစွာပင် လျှို့ဝှက်နယ်မြေကို ကျောက်စိမ်းမြူ စွန့်ပစ်လိုက်ပြီးနောက်တွင် နန်းတော်ကြီးအား လေဟာယ်သတ္တဝါများက သိမ်းပိုက်သွားခဲ့ပုံရ၏။ ထို့ကြောင့် စာအုပ်များမှလွဲ၍ တခြားတန်ဖိုးရှိသောအရာဟူ၍ စိုးစဥ်းမျှပင် မတွေ့ရချေ။
သို့တိုင်အောင် ပျက်စီးနေသောနန်းတော်၏ ထောင့်တစ်နေရာတွင် သာမန်အရင်းအမြစ်အချို့ကို စုချန်း တွေ့လိုက်ရသေး၏။ အဆိုပါအရင်းအမြစ်များကိုလည်း စုချန်းက သိမ်းပိုက်လိုက်ပြန်သည်။
ထို့နောက် စုချန်းက လေဟာနယ်တဝိုက် လှည့်ပတ်ရှာဖွေရန် ဆုံးဖြတ်လိုက်ပြန်၏။ လေဟာနယ်မှာကား ကျယ်ပြန့်လွန်းလှပေရာ တနေရာထဲတွင် ရှာဖွေနေသည်ထက် နေရာအနှံ့ လှည့်ပတ်ရှာဖွေခြင်းက ပို၍အလုပ်ဖြစ်နိုင်သည် မဟုတ်ပါလား။ ၎င်းမှာ အလုပ်မဖြစ်ခဲ့လျင်ပင် သူ့အနေနှင့် သတ္တုသတ္တဝါများကို ထပ်မံအမဲလိုက်နိုင်သေး၏။
------------------------
"ဒီနေရာက ကျယ်လွန်းအားကြီးတယ် သခင်အပြာရောင်မျက်နှာဖုံးကို မနည်းလိုက်ရှာရမဲ့ပုံပဲ"
နုပျိုပြည့်လျံက ပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်လှုပ်ရှားဟန်နှင့် ပြောလိုက်သည်။ သူတို့အဖွဲ့ကား စုချန်းတည်ရှိနေသည့်နေရာနှင့် ဆန့်ကျင်ဘက်တနေရာတွင် ရှိနေကြ၏။ သူမဘေးတွင်တော့ လေမျိုးဆုံရာမျိုးနွယ်စုတစ်စုလုံး ရှိနေလေသည်။
"အရူးမလေး သူ့ကို ရှာတွေ့တော့ကော ဘာကောင်းကျိုးရမှာမို့လဲ"
လေမျိုးဆုံရာမျိုးနွယ်စုဝင်တစ်ဦးက မဲ့ရင်း ပြောလိုက်၏။
"ခုတိုင်းလဲ အဆင်ပြေနေတာပဲကိုး သူလဲ သူ့သဘောနဲ့သူလုပ် ငါတို့ကလည်း ငါတို့သဘောနဲ့ ငါတို့လုပ်လို့ရတယ် အဲဒါ ပိုမကောင်းဘူးလား"
"ဘယ်လိုလုပ်ကောင်းမှာလဲ"
နုပျိုပြည့်လျံက ပြန်ပြောလိုက်၏။
"သခင်မိုးပြာရောင်မျက်နှာဖုံးက ကျွန်မတို့ရဲ့ ခေါင်းဆောင်လေ ကျွန်မတို့ ကိုယ့်သဘောနဲ့ကိုယ်လုပ်လို့ ဘယ်ကောင်းမလဲ"
နောက်ထပ် လေမျိုးဆုံရာမျိုးနွယ်စုဝင် တဦးက ဒေါသတကြီး ဝင်ပြောလိုက်ပြန်၏။
"မင်းက အဲဒီကောင်ရဲ့ကျွန်လုပ်ရလို့ ရူးသွားပြီလားပဲ ကျောက်စိမ်းမြူရဲ့ လျှို့ဝှက်နယ်မြေဟာ အစကတည်းက ငါတို့မျိုးနွယ်စုရဲ့အပိုင်ပဲလေ ဘာလို့ သူ့ကို ပေးရမှာလဲ ပြီးတော့ သူပြောတဲ့စကားတွေလဲ အဓိပ္ပာယ်မရှိဘူး ဒါတောင် မင်းက သူ့ထိန်းချုပ်မှုကနေ လွတ်ဖို့ မကြိုးစားပဲ သူ့ကျွန်ဆက်လုပ်ချင်နေတာလား အဲလိုတွေးနေရအောင်မင်းက ငနုံငအလား"
"ကဲ ကဲ 'ဒုတိယစကားလုံး' တော်လောက်ပြီ"
သက်ကြီးပိုင်းလေမျိုးဆုံရာမျိုးနွယ်စုဝင်တစ်ဦးက ဝင်ရောက်ဟန့်တားလိုက်လေသည်။
နုပျိုပြည့်လျံကား အံ့အားသင့်နေလေသည်။ သူမသည် စဥ်းစားညဏ်မရှိသူ မဟုတ်ချေ။ သိပ်မကြာမီ တစုံတခုကိုသူမ သဘောပေါက်သွား၏။
"ဒါဆို ရှင်တို့...ရှင်တို့တွေက ကျွန်မတို့ကို လူချင်းခွဲပစ်လိုက်တဲ့တရားခံတွေပေါ့ ဟုတ်လား"
သူမ ရုတ်တရက် ထအော်လိုက်လေသည်။
လေမျိုးဆုံရာမျိုးနွယ်စုဝင်များ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွား၏။ ကနဦး သွေးပူနေသော ဒုတိယစကားလုံးအမည်ရှိ လူပျံတော်က စတင်ဖွင့်ဟပြောဆိုလိုက်လေသည်။
"ဟုတ်တယ် ငါတို့ပဲ မင်းသိသွားတော့ရော ဘာဖြစ်မှာမို့လို့ပဲ ငါတို့ကို လူစုခွဲလိုက်တာ နတ္တိသတ္တဝါတွေ မဟုတ်ဘူး ဟုတ်ပြီလား အနက်ရောင်မြူခိုးတွေ ပျံ့နှံ့နေတုန်း ကစဥ့်ကလျားလေဟာနယ်မူလပုံစံကို ငါတို့အသက်သွင်းလိုက်တာ အဲဒါကြောင့် ငါတို့ လူချင်းကွဲကုန်တာ"
"ရှင်တို့ ဘာလို့ ဒီလိုလုပ်ရတာလဲ"
နုပျိုပြည့်လျံ အော်ဟစ်လိုက်တော့၏။
ဒုတိယစကားလုံးက ရယ်မောလိုက်လေသည်။
"ငါ အဖြေပေးပြီးပြီမဟုတ်လား ငါတို့ လျှို့ဝှက်နယ်မြေကို အတူတူရှာရင် ငါတို့ရှာတွေ့သမျှ မိုးပြာရောင်မျက်နှာဖုံးအပိုင်ဖြစ်သွားလိမ့်မယ် ငါတို့လူခွဲပြီးရှာရင်တော့ ငါတို့ရှာတွေ့တဲ့သမျှ ငါတို့အပိုင်ပဲ မျိုးနွယ်စုခေါင်းဆောင်က မိုးပြာရောင်မျက်နှာဖုံး ခေါင်းပုံမဖြတ်နိုင်အောင် ငါတို့လူခွဲရှာဖို့ ပြောထားပြီးသား ငါတို့သုံးလို့ရတဲ့ပစ္စည်းမှန်သမျှကို ချက်ချင်းသုံးမယ် လက်ငင်းမသုံးနိုင်သေးရင် ဖွက်ထားရမယ် ငါတို့မသယ်နိုင်မသုံးနိုင် မခိုးထုတ်နိုင်တဲ့ပစ္စည်းမျိုးကိုပဲ ငါတို့အနေနဲ့ သူ့ကိုပေးမယ်"
နုပျိုပြည့်လျံ အံ့သြသင့်နေ၏။ သူမ အမြဲတမ်းလေးစားခဲ့ရသည့် လေလှိုင်းမိုးမျှော်ထံတွင် ဤမျှညစ်ပတ်သောစိတ်ကူးစိတ်သန်းမျိုး ရှိလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ချေ။
တကယ်တော့ ၎င်းမှာ ဉာဏ်ရည်မြင့်မျိုးစိတ်တိုင်းတွင် ရှိသင့်သည့် သဘောထား အတိအကျပင် ဖြစ်လေသည်။ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးမှ ရလာသည့် ရတနာများကို မည်သူက သူများလက်ထဲ အလွယ်တကူ ထည့်ပေးချင်မည်နည်း။
လေလှိုင်းမိုးမျှော်သည် အင်အားအရာတွင် မိုးပြာရောမျက်နှာဖုံးကို မည်သို့မှ မနိုင်ချေ။ ထိုအချက်က မိုးပြာရောင်မျက်နှာဖုံး၏ အင်အားကို အတိုင်းအတာတစ်ခုအထိ အားကိုးရန် လေလှိုင်းမိုးမျှော်အား တွန်းအားပေးခဲ့၏။ သို့သော် ထိုသို့ တဖက်လူကို အားကိုးခဲ့ရသည့်တိုင် လေလှိုင်းမိုးမျှော်၏ စိတ်ထဲတွင် အရန်အစီအစဥ်များ မရှိဟု မဆိုလိုချေ။
သူ့အရန်အစီအစဉ်မှာကား တခြားမဟုတ်။ လူတိုင်းကို အဖွဲ့ငယ်များအဖြစ် ခွဲထုတ်ပြီး အရေအတွက်သာလွန်နေမှုကို အသုံးပြုကာ ရတနာများ ပိုမိုရရှိစေရန် ကြိုးစားလိုက်ခြင်းပင်။
ဤအစီအစဥ်မှာ ရိုးရိုးအစီအစဥ်တော့မဟုတ်။ အလောင်းအစားဆန်သော အစီအစဥ်ဟု ဆိုနိုင်ပေသည်။
စုချန်းသည် အေးစက်ပြီး တွက်ချက်တတ်သော အသွင်အပြင်ကို ဆောင်ထားသော်ငြား လူပျံတော်အားလုံး၏ အသက်ကို နှုတ်ယူပစ်နိုင်သည့်လူစားမျိုးမဟုတ်ဟု လေလှိုင်းမိုးမျှော် ယုံကြည်နေ၏။ ထိုသို့မဟုတ်ခဲ့လျင် နဂါးတောင်မြို့တော်တွင် နေထိုင်ကြသော လူပျံတော်တိုင်း၏ အသက်ကို စုချန်း ကယ်တင်ခဲ့လိမ့်မည်မဟုတ်ချေ။
ထိုအချက်မှာ လေလှိုင်းမိုးမျှော်တယောက် ဤအလောင်းအစားကို စီစဥ်ခဲ့သည့် စိတ်ကူး၏အခြေခံပင် ဖြစ်လေသည်။
ထို့နောက်တွင်တော့ လေမျိုးဆုံရာမျိုးနွယ်စုဝင်များသည် အဖွဲ့ငယ်များ ခွဲပြီး သူတို့၏ အစီအစဉ်ကို စတင်အကောင်အထည်ဖော်လိုက်ကြတော့သည်။ ဤနည်းနှင့် သူတို့သည် တိုက်ခိုက်ရေးစွမ်းအားကိုလည်း မပျံ့နှံ့သွားအောင် ထိန်းသိမ်းထားရင်း ကျယ်ပြန့်သော ကွန်ရက်တစ်ခုကို ဖန်တီးလိုက်ကြ၏။
ထိုအခြေအနေမျိုးကို နုပျိုပြည့်လျံ ဘယ်တော့မှ မျှော်လင့်မထားချေ။ ထိုအခါ သူမက စိတ်ပျက်လက်ပျက်နှင့် မေးလိုက်၏။
"ဘာလို့လဲ ဘာလို့ ရှင်တို့ ကျွန်မကို အစောကြီးကတည်းက ဘာမှမပြောခဲ့တာလဲ"
"ပြောစရာလား"
ဒုတိယစကားလုံးက အေးစက်စက်လေသံနှင့် ပြန်ပြောလိုက်သည်။
"မိုးပြာရောင်မျက်နှာဖုံးကို မင်းဘယ်လောက်သစ္စာရှိနေသလဲဆိုတာပဲ ကြည့်လေ ငါတို့ မင်းကို ပြောလိုက်လို့ မင်း နှုတ်မလုံခဲ့ရင် ဘယ်လိုလုပ်မလဲ"
လက်စသတ်တော့ ဒီလိုကိုး...
ဒါဆို သူတို့က ငါ့ကို ယုံကြည်လို့မရတဲ့လူလို့ သတ်မှတ်ထားတဲ့သဘောပေါ့...
နုပျိုပြည့်လျံ မချိတင်ကဲ ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် သက်ကြီးပိုင်းလူပျံတော်တဦးက အောက်ပါအတိုင်း ဝင်ရောက်ဖြန်ဖြေလိုက်၏။
"ကဲ ပါးစပ်ပိတ်ထားကြတော့ကွာ ဒီမယ် နုပျိုပြည့်လျံ မျိုးနွယ်စုခေါင်းဆောင်က မင်းကိုမပြောဘူးဆိုတာ မင်းရဲ့အကျိုးအတွက်လဲ ပါတယ်ကွ မင်းက သူ့ဘေးနားမှာ အမြဲတမ်းရှိနေတယ်မလား ပြီးတော့ မင်းအနေနဲ့ကလည်း လိမ်ညာတဲ့နေရာမှာ သိပ်မကျွမ်းကျင်ဘူးလေ အဲဒီမိုးပြာရောင်မျက်နှာဖုံး ဘယ်လောက်သတိကြီးသလဲဆိုတာ ငါတို့အားလုံး သိထားပြီးသားပဲမလား မင်းသာ ငါတို့အစီအစဉ်တွေကို သိထားခဲ့ရင် သူ သိသွားမှာ သေချာသလောက်ပဲ တကယ်တမ်းပြောရရင် ငါတို့ကိုယ်တိုင်တောင် ဒီအစီအစဥ်ကို ကြိုသိထားခဲ့တာမဟုတ်ဘူး လျှို့ဝှက်နယ်မြေထဲမဝင်ခင် ညကျမှပဲ ခေါင်းဆောင်က ငါတို့ကို ပြောပြခဲ့တာ ဒီတော့ စိတ်ထဲသိပ်ထားမနေနဲ့တော့ ဟုတ်ပြီလား" လို့
နုပျိုပြည့်လျံ တခွန်းမှပြန်မပြောပဲ နှုတ်ဆိတ်နေ၏။
"သူက တပါးကျွန်လုပ်ရတာကို အရမ်းကြိုက်နေတယ်ထင်တယ် ဘာမှရှင်းပြမနေပါနဲ့ဗျာ"
ဒုတိယစကားလုံးက ထပ်မံခနဲ့လိုက်ပြန်၏။
"ကဲ ကဲ တော်ကြတော့ဟေ့ ဒီနားမှာ တန်ဖိုးရှိတဲ့အရာတွေ ဘာရှိသလဲဆိုတာကိုပဲ အာရုံစိုက်ထားကြပေတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်စေနဲ့"
ထို့နောက် သူတို့ လူချင်းခွဲလိုက်ကြ၏။
"ဟိုမှာ ကျောက်စိမ်းဆေးရွက်ကြီးစိုက်ခင်းရှိတယ်ဗျို့"
လူပျံတော်တဦး၏အသံ ထွက်ပေါ်လာ၏။ တကယ်ပင် ခပ်လှမ်းလှမ်းတနေရာတွင် ကျောက်စိမ်းဆေးရွက်ကြီးစိုက်ခင်းတစ်ခင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ အဆိုပါ ဆေးရွက်ကြီးသည် လူပျံတော်များ၏ အသိဉာဏ်ကို မြှင့်တင်ပေးနိုင်သည့် ဆေးဘက်ဝင်အပင်တမျိုးပင်။ လူပျံတော်များသည် စိတ်ဝိညာဥ်စွမ်းအင်လေ့ကျင့်ခန်းများ ပြုလုပ်ကြသည့်အခါ ဤဆေးရွက်ကြီးကို ဘေးနားတွင် မီးရှို့ထားလေ့ရှိသည်။ ၎င်းမှာ စိတ်ဝိညာဥ်စွမ်းအင်တိုးပွားစေသည့် ဆေးတမျိုးမျိုးကို တိုက်ရိုက်သောက်ခြင်းလောက် ထိရောက်မှုမရှိသည့်တိုင် အတိုင်းအတာတခုထိ သက်ရောက်မှုရှိသည်ကတော့ အမှန်ပင်။
ထို့ကြောင့် ဤစိုက်ခင်းသည် အတော်လေးတန်းဖိုးကြီးမား၏။ သက်ကြီးပိုင်းလူပျံတော် ဝမ်းသာအားရဖြစ်သွားပြီး မျိုးနွယ်စုဝင်တိုင်းကို ဆေးရွက်ကြီးများအား ရိတ်သိမ်းရန် အမိန့်ပေးလိုက်လေသည်။ ထိုအချိန်မှာပင် စိုက်ခင်းအနီး လှည့်လည်သွားလာနေသော ထူးထူးဆန်းဆန်း သတ္တဝါတချို့ကို သူတို့ တွေ့လိုက်ရ၏။
ထိုသတ္တဝါများ၏ အရိုးအဆစ်များမှာ သတ္တုများဖြစ်သော်ငြား ၎င်းတို့၏ မူလစွမ်းအင်အဆင့်မှာ နိမ့်ကျလှပေသည်။ ထို့ကြောင့် ထိုသတ္တဝါများကို မှုစရာမလိုဟု သူတို့ ဆုံးဖြတ်လိုက်ကြ၏။ ထိုအခါ သက်ကြီးပိုင်းလူပျံတော်က အမိန့်ပေးလိုက်လေသည်။
"ကဲ သွားကြမယ်"
အမိန့်သံထွက်ပေါ်လာသည်နှင့် လေမျိုးဆုံရာမျိုးနွယ်စုဝင်တိုင်း စိုက်ခင်းဆီသို့ ဦးတည်လိုက်ကြ၏။ သိပ်မကြာမီ ပြင်းထန်သောတိုက်ပွဲကြီး ပေါ်ပေါက်လာတော့သည်။ လေမျိုးဆုံရာမျိုးနွယ်စုဝင်များထံမှ ပစ်လွှတ်လိုက်သော မီးလုံးများသည် ထိုသတ္တဝါများ၏ ကိုယ်ပေါ်ကျရောက်ပေါက်ကွဲကုန်ကြ၏။ သို့သော် ဒဏ်ရာရဖို့ဝေးစွ၊ ထိုသတ္တဝါများ၏ ကိုယ်ပေါ်တွင် ခြစ်ရာမျှပင် မကျန်ခဲ့ချေ။
တစ်ခနအကြာတွင်တော့ ပြင်းထန်သောဖိအားတခု လူပျံတော်များ၏ ကိုယ်ပေါ်ကျရောက်လာ၏။ အားနည်းသောလူပျံတော်တချို့ ချက်ချင်းပင် မြေကြီးပေါ် ပစ်လဲကုန်ကြလေသည်။
ထို့နောက် သတ္တဝါအချို့သည် လေထဲသို့ခုန်တက်လာပြီး လူပျံတော်များကို ဝင်ရောက်တိုက်ခိုက်လိုက်၏။
အုန်းခနဲမြည်သံနှင့်အတူ အသားတုံးများ၊ သွေးစများ လေထဲတွင် ပြန့်ကျဲကုန်၏။ အတိုက်ခိုက်ခံရသူလူပျံတော်တချို့ မြင်မကောင်းရှုမကောင်းပင် အသက်ပျောက်ကုန်ကြရှာသည်။
"မကောင်းတော့ဘူးဟေ့ ဒီကောင်တွေရဲ့ကိုယ်ခန္ဓာက အရမ်းမာကျောနေတယ်"
သက်ကြီးပိုင်းလူပျံတော် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်လေသည်။
သို့သော် သူတို့၏ ဆုံးဖြတ်ချက်အတွက် နောင်တရရန် အချိန်နောက်ကျသွားခဲ့လေပြီ။
သတ္တဝါအုပ်စုကြီးသည် အော်ဟစ်ရင်း ရှေ့သို့ တိုးဝင်လာ၏။ သူတို့၏ ခြေထောက်များမှာ မြေကြီးကို တဘုန်းဘုန်းရိုက်ခတ်နေလေသည်။ သူတို့တိုက်ခိုက်သောပုံစံမှာ ရိုးရှင်းသော်လည်း တိုက်ကွက်တိုင်းက မယုံနိုင်လောက်အောင် အစွမ်းထက်လှ၏။ သူတို့၏ ကိုယ်ခန္ဓာဆီမှ ချွန်ထက်သော သတ္တုအရိုးများ ထိုးထိုးထောင်ထောင်နှင့် ထွက်ပေါ်နေလေရာ ၎င်းမှာ ချွန်ထက်သော ဘောလုံးတစ်လုံး လေထဲတွင် အဆက်မပြတ် လှည့်ပတ်နေသည်နှင်ပင် တူနေသေးသည်။ အချိန်အနည်းငယ်အတွင်းမှာပင် လေမျိုးဆုံရာမျိုးနွယ်စုဝင် တစ်ဝက်နီးပါး သေပွဲဝင်ခဲ့ရလေပြီ။
"ပြေးကြဟေ့"
သက်ကြီးပိုင်းလူပျံတော် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။ ထို့နောက် လူပျံတော်အားလုံး နောက်လှည့်ထွက်ပြေးကြတော့သည်။ အကြီးအကျယ် ဒေါသထွက်နေကြသော သတ္တုသတ္တဝါများလည်း ၎င်းတို့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြ၏။
အထက်ပါအတိုင်း အသည်းအသန် ထွက်ပြေးရန် ကြိုးစားနေစဥ်မှာပင် သူတို့ဆီ ဦးတည်ပျံသန်းလာသော လူပျံတော်အုပ်စုတစုကို သူတို့တွေ့လိုက်ရ၏။ ထိုအုပ်စုကို ဦးဆောင်လာသော လူပျံတော်မှာ ထိပ်ပြောင်နေပြီး မျက်နှာမှာလည်း ကြမ်းတမ်းခက်ထန်လှသည်။
"ဟာ လေဓားပြတွေပါလား"
ထိုအုပ်စု ဘယ်သူဘယ်ဝါမှန်း သတိထားမိလိုက်ပုံရသော တစုံတဦးက ထအော်လိုက်၏။
လေမျိုးဆုံရာမျိုးနွယ်စုဝင်များအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြလေသည်။
ယခုတော့ သူတို့အခြေအနေက ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ်ဟူသော စကားပုံကဲ့သို့ ဖြစ်နေခဲ့ရလေပြီတည်း။
***