← Chapters

ခရုပတ်မုန်တိုင်း

Vol. 85 Ch. 843

ခရုပတ်မုန်တိုင်း

Vol. 85 Ch. 843

လေမျိုးဆုံရာမျိုးနွယ်စုများ ကသောင်းကနင်း ထွက်ပြေးလာကြသည်ကို မြင်သည်နှင့် လေဓားပြများ ချက်ချင်းပင် နေရာယူလိုက်ကြ၏။

"မင်းတို့အားလုံး အသက်ရှင်ချင်တယ်ဆိုရင် ချက်ချင်းလက်နက်ချပြီး ရတနာတွေကို ငါတို့လက်ထဲ အပ်လိုက်စမ်း"

လေဓားပြများသည် ကောင်းကင်နိုင်ငံတော်အစိုးရမင်းများ၏ နောက်လိုက်ခွေးများအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း တဖက်တွင်လည်း ၎င်းတို့သည် ဓားပြများသာ ဖြစ်နေ၏။ ထို့ကြောင့် ၎င်းတို့၏ စိတ်နေစိတ်ထားမှာလည်း လူသားဓားပြများနှင့် အတူတူသာတည်း။

သို့သော် ဓားပြများဖြစ်ရုံနှင့် အားနည်းသည်၊ ညံ့ဖျင်းသည်ဟုတော့ မဆိုလိုပေ။ မြင်လိုက်ရုံနှင့် ၎င်းတို့အဖွဲ့ကို ဦးဆောင်လာသူမှာ သာမာန်မဟုတ်ပဲ ထူးခြားကြောင်း မြင်သာနေ၏။ အကြောင်းမှာ အဆိုပါလူပျံတော်တွင် မည်သည့်တောင်ပံမှ ရှိမနေသောကြောင့်ပင်။

အနှီ တောင်ပံမဲ့လူပျံတော်များဟူသည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအား အထူးပြုသည့် စစ်သည်တော်များ ဖြစ်ကြ၏။ လူပျံတော်များသည်ကား ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွင် မွေးရာပါအားနည်းကြသူများ ဖြစ်ကြလေရာ တိုက်ပွဲကြီးများတွင် ရှေ့တန်းမှ ကြံ့ကြံ့ခံပေးမည့် အသေခံစစ်သည်တော်မျိုး မရှိသလောက်ပင် ရှားပါးကြ၏။ ထို့ကြောင့် လူပျံတော်ဘိုးဘေးများသည် အဆိုပါစစ်သည်တော်မျိုး မွေးထုတ်ပေးနိုင်ရန် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးစားခဲ့ကြ၏။

တောင်ပံမဲ့လူပျံတော်များသည် ထိုဥပမာများအနက်မှ တမျိုးပင် ဖြစ်လေသည်။ အဆိုပါ စစ်သည်တော်များသည် ကျင့်ကြံခြင်းအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ၎င်းတို့၏အတောင်ပံများမှာလည်း ကျွတ်ထွက်သွားကြကုန်၏။ ၎င်းတို့၏ တာဝန်မှာကား ကျန်စစ်သည်တော်များအတွက် ရှေ့တန်းတွင် လူပျံတော်ဒိုင်းကာများအဖြစ် တာဝန်ထမ်းဆောင်ရန်ပင် ဖြစ်လေသည်။

သို့သော် တောင်ပံမဲ့ လူပျံတော်တစ်ဦး ဖြစ်လာရန်လမ်းကြောင်းမှာကား ရှည်လျားသည်နှင့်အမျှ ခက်ခဲလှ၏။ ဒုက္ခများစွာဖြင့် ပြည့်နှက်နေ၏။ ထိုမျှသာမကသေး ကုန်ကျစရိတ်မှာလည်း များပြားလှပြီး အောင်မြင်နိုင်ချေမှာလည်း နည်းပါးလှသည်။ ထို့ကြောင့် အနှိီ တောင်ပံမဲ့လူပျံတော်များ မွေးထုတ်ရေးစီမံကိန်းသည် ကျရှုံးသွားခဲ့ရသည်ဟု ဆိုနိုင်၏။

လက်ရှိကာလတွင် လူပျံတော်မျိုးနွယ်စုအားလုံးပေါင်းလျင်ပင် တောင်ပံမဲ့လူပျံတော်မှာ တစ်ရာပင်မပြည့်ချေ။ အများစုကိုလည်း ၎င်းတို့၏လိုအပ်ချက်အရ မြင့်မြတ်သော မျိုးနွယ်စုကြီးများမှ ပြုစုပျိုးထောင်ပေးထားကြ၏။ ရှင်းရှင်းဆိုရလျင် ကျိကျိတက်ချမ်းသာသော လူပျံတော်မျိုးနွယ်စုကြီးများသာလျင် တောင်ပံမဲ့လူပျံတော်တချို့ကို မွေးထုတ်ပေးနိုင်သည့် အခြေအနေမျိုးဟု ဆိုနိုင်သည်။ ထို့ကြောင့် လူပျံတော်မျိုးစိတ်တွင် တောင်ပံမဲ့လူပျံတော် များများစားစား မရှိခဲ့သလို ထိပ်တန်းအဆင့်ထိ လေ့ကျင့်နိုင်သူမှာလည်း မရှိသလောက် ရှားလှ၏။

လက်ရှိ လေဓားပြများကို ဦးဆောင်လာသည့် တောင်ပံမဲ့လူပျံတော်၏အပြင်အားမှာ ဆေးမင်ထိုးသတ်ဖြတ်သူစစ်သည်တယောက်၏ အင်အားနှင့် တူညီနေ၏။ ထို့ကြောင့် ၎င်းမှာ အလွယ်တကူ အနိုင်ရရှိနိုင်မည့် လူပျံတော်မျိုးတော့ မဟုတ်ချေ။

တဖက်မှ လေမျိုးဆုံရာမျိုးနွယ်စုဝင်များကို ဦးဆောင်လာသူမှာကား လေမျိုးဆုံရာအမြဲစိမ်းဟု အမည်ရပြီး ပဥ္စမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်တဦးပင် ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း အင်အားနည်းလှသူတော့ မဟုတ်ချေ။

သို့သော် "အင်အားနည်းပါးသည်" ဟူသော စကားလုံးမျိုးကို နှိုင်းယှဥ်သည့်နေရာတွင်သာ သုံးလေ့ရှိ၏။ တောင်ပံမဲ့လူပျံတော်တဦးသည် အာကင်နာနည်းစနစ်အများစုကို ခံနိုင်ရည်ရှိကြောင်း လေမျိုးဆုံရာအမြဲစိမ်း ကောင်းကောင်းနားလည်ထား၏။ ထိုမျှသာမကသေး ၎င်း၏ ပတ်ပတ်လည်ရှိ ကျန်လေဓားပြများကိုလည်း ထည့်မတွက်၍ မရချေ။ ဤအခြေအနေမျိုးတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ရှောင်ထွက်လိုက်သည်က ပို၍ကောင်းမွန်သော ရွေးချယ်မှုဟု ဆိုနိုင်ပေသည်။

ထိုအချိန်မှာပင် နုပျိုပြည့်လျံက ဒေါသတကြီးနှင့် အော်ဟစ်ပြောဆိုလိုက်လေသည်။

"ရှင်တို့အရမ်းတော်နေတယ်ဆိုရင် ကျွန်မတို့နောက်က သတ္တဝါတွေကို သွားသတ်လိုက်ပါလား ဒီကောင်တွေကိုမှ မသတ်နိုင်ရင် ရှင်တို့လဲ ဘာကောင်မှမဟုတ်ဘူး"

"ဟင်"

ထိုအခါကျမှ လေမျိုးဆုံရာမျိုးနွယ်စုနောက်မှ ကမူးရှုးထိုးလိုက်ပါလာသော ထူးထူးဆန်းဆန်းသတ္တဝါအုပ်စုက်ို တောင်ပံမဲ့လူပျံတော် မြင်လိုက်ရ၏။ သူ နှာခေါင်းတချက်ရှုံ့ရင်း ပြောလိုက်လေသည်။

"ဘာမှမဟုတ်တဲ့ လေဟာနယ်သတ္တါလေးတွေပါကွာ ဟေ့ မင်းတို့ သွားရှင်းလိုက်စမ်း"

အမိန့်ရသည်နှင့် လေဓားပြသုံးဦး ရှေ့သို့ထွက်လာ၏။ ထိုလေဓားပြသုံးဦး၏ အင်အားမှာ တောင်ပံစစ်သည်တော်သုံးဦး၏ အင်အားနှင့် ညီမျှသည်ဟု ဆိုနိုင်ပေသည်။ လူပျံတော်မျိုးစိတ်၏ တောင်ပံစစ်သည်တော်များဟူသည် ကျန်လူပျံတော်များထက်စာလျင် ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုကို ပို၍အလေးပေး လေ့ကျင့်ထားကြသူများ ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် လူသားများလောက် ရုပ်ပိုင်းဆိုင်ရာသန်မာခြင်းမရှိသည့်တိုင်အောင်

သာမန်လူပျံတော်များထက်စာလျင်တော့ များစွာ သန်မာကြ၏။

မြင်းစီးမှော်ဆရာများ၊ လေးသည်တော်များနှင့် တောင်ပံစစ်သည်တော်များဟူသည် လူပျံတော်ဘိုးဘေးများ ရှေးအတီတေကာလကတည်းက ဖန်တီးခဲ့သည့် အဓိကစစ်သည်တော်အုပ်စုများ ဖြစ်ကြ၏။ တနည်းအားဖြင့် ၎င်းတို့အား ဖန်တီးထားရသည့်ရည်ရွယ်ချက်သည် သတ်ဖြတ်သူများ၏ ဝိညာဥ်မဲ့များ သို့မဟုတ် အရိုးပညာရှင်မှော်ဆရာများ ဖန်တီးထားသည့် ရည်ရွယ်ချက်မျိုးနှင့် ဆင်တူနေပေသည်။ ၎င်းတို့အား အထူးလိုအပ်ချက်တစ်ခုအတွက် ပြုစုပျိုးထောင်ခဲ့ခြင်းပင်။ သို့သော် စုချန်းတယောက် သတ်ဖြတ်သူများလက်ထဲမှ မူလအရိုးတောင်ဝှေးကို ယူလာခဲ့ပြီးကတည်းက အရိုးမှော်ဆရာများ ဖန်တီးခြင်းအတတ်ပညာသည်လည်း ထာဝရပျောက်ကွယ်သွားခဲ့လေပြီ။

ထို့ကြောင့် လေဓားပြသုံးဦးသည် တတိယအဆင့် တောင်ပံစစ်သည်တော်များ ဖြစ်ကြပြီး ၎င်းတို့အင်အားမှာ မသေးလှချေ။ ထို့နောက် ၎င်းတို့သုံးဦးလုံးသည် အကာအကွယ်များ ဖန်တီးပြီး သတ္တဝါတစ်ကောင်တည်းကို ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။

တဖက်မှ သတ္တုသတ္တဝါသည်လည်း ချွန်ထက်သောသွားများကို ဖြီးလိုက်ပြီး ဓားသုံးချောင်းကို ရိုက်ဖယ်လိုက်ကာ လေဓားပြသုံးဦးကို ခေါင်းနှင့်တိုက်ချလိုက်လေသည်။ ထိုအချိန်မှာပင် ထိုသတ္တဝါ၏ နဖူးတွင် ထူးဆန်းသောဦးချိုတစ်ခု ပေါ်လာ၏။ အဆိုပါဦးချိုသည် လေဓားပြတစ်ဦး၏ အကာအကွယ်ကို ဖောက်ထွက်သွား၏။ တခနအကြာတွင်တော့ ထိုဦးချိုသည် ရှည်လျားချွန်ထက်သော အပ်များအဖြစ် ပြောင်းလဲသွားပြီး လေဓားပြ၏ ကိုယ်ခန္ဓာအတ္တဘောကြီးကို ဖြူတကောင်အဖြစ် ပြောင်းလဲသွားစေလေသည်။

သနားစရာလေဓားပြကား အသံပင်မထွက်နိုင်ပဲ အသက်ပျောက်သွားရှာ၏။

ကြောက်စရာအဖြစ်အပျက်ကြောင့် ကျန်ရှိသော ဓားပြနှစ်ဦးသည် နောက်သို့ ဒရောသောပါ ခုန်ဆုတ်လိုက်ကြ၏။ သို့သော် ပြင်းထန်လှသောဆွဲအားတခုက ၎င်းတို့နှစ်ဦးကို ဆွဲငင်ထားလေသည်။ ထို့နောက် ထိုသတ္တဝါသည် လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရုတ်တရက်ဆိုသလို ရှည်ထွက်လာသော သတ္တုလက်ခြေများက ဓားပြများကိုယ်ကို ဖောက်ထွက်သွား၏။

တယ်လဲရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတွေပါလား...

ပိုအရေးကြီးသည်မှာကား အဆိုပါရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများသည် အုပ်စုဖွဲ့လှုပ်ရှားနေကြခြင်းပင်။

လေကြီးလှသော တောင်ပံမဲ့လူပျံတော်သည်ပင် သူ့လူများ မရှုမလှ သေကုန်သည်ကို မြင်လိုက်ရခြင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွား၏။ ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်လေသည်။

"ဆုတ်ကြဟေ့ မြန်မြန်ဆုတ်ကြစမ်း"

မကြာသေးမီက ၎င်းတို့သည် အခြားလူပျံတော်အဖွဲ့ကို လုယက်ရန်အာကျယ်နေခဲ့သော်လည်း ယခုတော့လေဓားပြများအားလုံး အမြီးကုပ်၍ ထွက်ပြေးကြရလေပြီ။ ထိုအခါ ထွက်ပြေးနေသော လူပျံတော်ကြီးသည် ပို၍ပင် များပြားလာတော့၏။ ထိုသို့ပြေးနေသောလမ်းတလျှောက်တွင် ကျန်လူပျံတော်များလည်း ရောနှောပါဝင်လာကြလေရာ သေဆုံးသူအရေအတွက်မှာ သုံးဆကျော်အထိ မြင့်တက်လာတော့သည်။

ကျေးဇူးတင်စရာကောင်းနေသည်မှာ ထိုသတ္တဝါများသည် အားကောင်းသော်လည်း သိပ်တော့မမြန်လှ။ ထို့ကြောင့် လူပျံတော်အများစုအနေနှင့် ၎င်းတို့အကွာအဝေးကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သို့သော် ထိုသတ္တဝါများထံမှ ထွက်ပေါ်လာသည့် ဆွဲငင်အားကြောင့် လူပျံတော်များအနေနှင့်လည်း ၎င်းတို့အမြန်နှုန်းကို ယခုထက်ပို၍ မြှင့်တင်နိုင်ခြင်းမရှိပဲ ဖြစ်နေ၏။

သတ္တဝါအုပ်စုကြီးသည်ကား လူပျံတော်များကို တယောက်မကျ သတ်ပစ်လိုသည့်ပုံပေါ်နေသည်။ ၎င်းတို့သည် လူပျံတော်အုပ်စုကြီးနောက်သို့ စိတ်ရှည်လက်ရှည်ပင် လိုက်လံတိုက်ခိုက်လျက်ရှိ၏။

"ခွေးမသားတွေ ဒီလောက်ထိ အငြိုးတကြီး လိုက်ပြီးတိုက်ခိုက်နေရအောင် ငါတို့ ဘယ်တုန်းကများ ရန်ညိုးရှိသွားတာလဲမသိဘူး"

လေမျိုးဆုံရာမျိုးနွယ်စုဝင်တဦး၏ စိတ်ပျက်လက်ပျက်အော်သံ ထွက်ပေါ်လာ၏။

"မုန်းတာတွေ ရန်ညိုးရှိတာတွေတော့ ငါမသိဘူး ဒါပေမဲ့ ဒီကောင်တွေကို မင်းတို့ခေါ်လာမှန်းတော့ ငါသိတယ်ကွ ခွေးမသားတွေ"

တောင်ပံမဲ့လူပျံတော် ဒေါသတကြီးနှင့် လှမ်းဆဲလိုက်လေသည်။ ထိုအချိန်မှာပင်နောက်ထပ် သတ္တဝါအုပ်စုတစ်စုသည် သူတို့ရှေ့တွင် ထပ်မံပေါ်ပေါက်လာပြန်၏။

သေစမ်း... ဒီကောင်တွေက နေရာတိုင်းမှာ ရှိနေတာလားဟ...

ဆိုးရွားလှသောအခြေအနေကြောင့် လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ၏။

ထိုစဥ် သတ္တိကောင်းပုံရသော လေဓားပြတစ်ဦးသည် သူတို့ဆီ ပြေးဝင်လာသော သတ္တဝါအုပ်ကြီးကို စိုက်ကြည့်ရင်း ထအော်လိုက်၏။

"ငါ ထွက်ပြေးနေရတာ စိတ်ကုန်လာပြီ ခွေးမသားတွေ လာစမ်း သူသေကိုယ်သေ တိုက်ကြတာပေါ့"

ထို့နောက် သူ ဓားကို မြှောက်ရင်း သတ္တဝါများဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သို့သော် မထင်မှတ်ပဲ ထိုသတ္တဝါများသည် သူ့ကို တိုက်ခိုက်ရမည့်အစား နောက်သို့ဆုတ်ကုန်ကြ၏။

ဟင်...

ဘာတွေဖြစ်နေတာလဲ...

ထိုလေဓားပြသည် အကြီးအကျယ် အံ့သြသွား၏။ တဖက်မှ ထိုသတ္တဝါများကား သူ ရှေ့သို့လှမ်းလိုက်တိုင်း နောက်သို့တစ်လှမ်းစီ ဆုတ်ကုန်ကြလေသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်လည်း အကြီးအကျယ် ကြောက်ရွံထိတ်လန့်ဟန်များ အတိုင်းသား ပေါ်လွင်နေ၏။

ဒီကောင်တွေ ငါ့ကိုကြောက်နေတာလား...

ငါ တကယ်ပဲ ဒီလောက်တောင် အားကောင်းနေတာလား ငါများ ဒါကို မသိခဲ့တာလား...

သူ၏ခေါင်းထဲတွင် ထူးဆန်းသော အတွေးများ အလိုအလျောက် ပေါ်ပေါက်လာနေ၏။ ထို့နောက် သူ အော်ဟစ်ကြိမ်းဝါးပြီး သတ္တဝါတကောင်ကို ဓားဖြင့် လှမ်းခုတ်လိုက်လေသည်။ ကျယ်လောင်သောအသံတချက် ထွက်ပေါ်လာပြီး ဓားသည် သတ္တဝါ၏ ခေါင်းကို ကျကျနနပင် ထိမှန်သွား၏။

သို့သော် ၎င်း၏အရေပြားမှာ ခြစ်ရာပင်မထင်ချေ။

လေဓားပြ ရင်တုန်ပန်းတုန် ဖြစ်သွား၏။ သို့သော် ထိုသတ္တဝါသည် နေရာမှာပင် ရပ်နေရင်းသူ့နောက်မှ တစုံတရာကို စိုက်ကြည့်နေလေသည်။

ထိုအခါကျမှ ဘာတွေဖြစ်ပျက်နေမှန်းကို လေဓားပြ သဘောပေါက်သွား၏။ ထို့နောက် သူ နောက်ကို လှည့်ကြည့်လိုက်လေရာ မည်သည့်အချိန်တွင် ပေါ်လာသည်မသိသော ထူးဆန်းသည့် လူပျံတော်တဦးကို တွေ့လိုက်ရသည်။

အဆိုပါလူပျံတော်သည် အပြာရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် လျှောက်လာနေ၏။ သူ့ထံမှ အားကောင်းလှသော အရှိန်အဝါများ တဖွားဖွားထွက်ပေါ်နေပေသည်။

ထိုအချိန်မှာပင် နုပျိုပြည့်လျံက ဝမ်းသာအားရ ထအော်လိုက်တော့သည်။

"သခင်မိုးပြာရောင်မျက်နှာဖုံး"

မိုးပြာရောင်မျက်နှာဖုံးကို ထိုသတ္တဝါများ အဘယ်ကြောင့် ကြောက်နေရသနည်း။ ထိုမေးခွန်း၏ အဖြေကို ဤနေရာတွင်ရှိနေသည့် မည်သည့်လူပျံတော်မှ မသိချေ။

သူတို့၏နှလုံးသားများထဲတွင် မေးခွန်းများ အလိုလိုပေါ်ပေါက်လာနေ၏။ ထိုအချိန်တွင် သခင်မိုးပြာရောင်မျက်နှာဖုံးက ရှေ့သို့တိုးလာလေသည်။

သူ တစ်လှမ်းတိုးလိုက်တိုင်း သတ္တဝါများ နောက်သို့ တစ်လှမ်းစီ ဆုတ်ကုန်ကြ၏။ မိုးပြာရောင်မျက်နှာဖုံးကို ထိုသတ္တဝါများ မည်မျှထိတ်လန့်နေသည်မှာ ထင်ရှားနေသည်။

မြင်ကွင်းကို ကြည့်ရှုနေသူတိုင်းကား ထိုအချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်နေကြလေပြီ။

သူ့ကိုမြင်ရုံနှင့် သွေးပျက်နေသော သတ္တဝါများကို ကြည့်ရင်း စုချန်း အားရပါးရ ရယ်မောလိုက်၏။

"မင်းတို့လက်နက်ချမယ်ဆိုရင် ငါ့အနေနဲ့ မင်းတို့ကို မသတ်ပဲ အသက်ရှင်ခွင့်ပေးလိုက်မယ်"

သို့သော် သတ္တဝါတချို့က စုချန်းကို ကြည့်ရင်း သွားဖြီးပြကာ ခြိမ်းခြောက်ဟန်ပြုလိုက်၏။ ၎င်းကိုမြင်သည်နှင့် စုချန်း သက်ပြင်းချလိုက်လေသည်။

"ကောင်းပြီလေ ဒါဆိုလဲ ငါတို့အရင်ပုံစံနဲ့ပဲ ဆက်သွားကြတာပေါ့ ဒါပေမဲ့ မင်းတို့ကောင်တွေ ထွက်မပြေးနိုင်အောင် ငါ့အနေနဲ့ ကြိုတင်ကာကွယ်မှုတချို့တော့ လုပ်ထားမှရမယ်"

ထိုသို့ပြောပြီးသည်နှင့် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ကောင်းကင်သည် မဲမဲမှောင်သွားပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့၏။ ထို့နောက် အနှီလေပြင်းများသည် တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားပြီး အားကောင်းလှသော ပိုက်ကွန်ကြီးတစ်ခု ဖြစ်ပေါ်စေကာ သတ္တဝါများအားလုံးကို ပိုက်ကွန်ဗဟိုချက်ဆီသို့ ဆွဲသွင်းလိုက်တော့သည်။

သတ္တဝါများအားလုံး ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးရန် အသည်းအသန် ကြိုးစားကြကုန်၏။ သို့သော် ၎င်းတို့ အပြင်ဘက်သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေပြင်းမုန်တိုင်းများက ပြန်လည်ဆွဲခေါ်ကာ စုချန်းရှေ့သို့ ပြန်လည်ပစ်ချပေးလျက်ရှိလေသည်။ ရလဒ်အနေနှင့် အနှီသတ္တဝါဆန်းများအားလုံး ဤနေရာတွင် အချိန်အတော်ကြာသည်အထိ ပိတ်မိနေပေလိမ့်မည်။

"ဟာ ခရုပတ်မုန်တိုင်းပါလား"

လူပျံတော်တချို့ထံမှ ရေရွတ်သံများ ထွက်ပေါ်လာ၏။

***

All Chapters