အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အခန်း ၁၅၄-အစားအသောက်ကာကွယ်သော သုန်းကုန်းမင်ယွဲ့...
~ လုရီ၏ အခင်းအကျင်း ပညာသည် အတော်လေး အားကောင်းနေပြီဖြစ်သောကြောင့် သူသည် ဤအဆင့် အဖျက်စွမ်းအားကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
ခဏအကြာတွင် အစိမ်းရောင် ကြာပန်းကြီး သည် မှိန်သွားပြီး ယွင်ရှီး၏ အသက်ရှုသံများ အားနည်းလာပြီး သူမ၏ အခြေအနေမှာ အနည်းငယ် ဖြူဖျော့လာသည်။
ဤသိုင်းပညာ၏ စွမ်းအားသည် အလွန်ကြီးမားသော်လည်း ဝိဉာဉ်စွမ်းအား
များစွာ သုံးစွဲရသည်ကို မြင်နိုင်ပါသည်။
လုရီအတွက် မသေမျိုးဓားချီသည်
ပေါ့ပေါ့ပါးပါး အကွက်တစ်ခုမျှသာ
ဖြစ်သော်လည်း ယွင်ရှီးအတွက် သူမသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ထိုကဲ့သို့သော သိုင်းပညာများကို အသုံးပြုခဲ့ရလေသည်။သူမအတွက် ကိုင်တွယ်ရခက်ခဲစေသည်မှာ သိသာထင်ရှားပါသည်။
ခဏအကြာတွင် ယွင်ရှီး၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်ပြီး သူမ၏နောက်ကွယ်ရှိ ကြာပန်းအရိပ်ကြီး သည် ကွဲအက်သွားသည်။
ယွင်ရှီးက အကူအညီမဲ့စွာ ဝန်ခံသည်။
"တာအိုရောင်းရင်း လုရီ ၊နင့်ရဲ့ခွန်အားက အံ့ဩစရာပဲ။ ငါ ရှုံးသွားပြီ"
ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ပြုံးပြီး
"တာအိုရောင်းရင်း ယွင်ရှီး၊ မင်းရဲ့ ခွန်အားက အရင်ကနဲ့ ယှဉ်ရင် အရမ်းတိုးတက်နေပြီ၊ ဒါက ကောင်းတဲ့အရာပဲ"
ယွင်ရှီးက လှပသည့် မျက်ဝန်းကလေးများ ကွေးညွတ်သွားအောင် ပြုံးပြီး လုရီကို ကြည့်ရင်း
"တာအိုရောင်းရင်း လုရီက တကယ်ကို လူကောင်း တစ်ယောက်ပဲ.. ဒီလေ့ကျင့်မှုမှာ နင် ငါ့ကို အကွက်တချို့ ပြခဲ့တယ်၊
ဒီအစိမ်းရောင်ကြာလျှို့ဝှက်သိုင်းကို ခဏလောက်သာ လေ့ကျင့်ထားတာ ၊ ငါ အခု အဟန့်အတားကို ရောက်နေပြီ။ ဒီနေ့၊
တာအိုရောင်းရင်း လုရီရဲ့ အင််အားအပြည့်နဲ့ ဖိအားနဲ့အတူ ငါ လှုံ့ဆော်မှုတချို့ ရခဲ့ပြီ.."
ဒါကိုကြားတော့ လုရီက ပြုံးပြုံးရွှင်ရွှင် ပြောသည်။
"လေ့ကျင့်နေစဉ်အတွင်း အကြံဉာဏ်တချို့ရတာက အကောင်းဆုံးပဲ"
သူ့စကားအား ယွင်ရှီးက ဖျတ်ခနဲ ပြုံးလိုက်ပြီး
"တာအိုရောင်းရင်း လုရီကိုလည်း ကျေးဇူးတင်ရမှာပေါ့"
" တာအိုရောင်းရင်း ယွင်ရှီးကိုလည်း ကျေးဇူးတင်ရမယ်၊ ငါလည်း
အသိအမြင်နည်းနည်း ရခဲ့ပြီ" ဟူ၍ လုရီက ပြီးမြောက်သွားသည့် အလုပ်ကို ခိုးကြည့်ရင်း ပြုံးပြီး ပြောလိုက်ပါသည်။
ထိုအချိန်တွင်၊ အဝေးကြီးမှ အော်သံ
ကျယ်ကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
"စိီနီယာ အစ်ကို..."
"..."
လုရီ လန့်သွားပြီး အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် ရပ်နေသူက သုန်းကုန်းမင်ယွဲ့ပါ။
သုန်းကုန်းမင်ယွဲ့သည် လုရီကို ကြည့်ရင်း ယွင်ရှီးကို တလှည့်ကြည့်ကာ မျက်လုံးအစုံ ပြူးကျယ်သွားသည်။
သူမက လုရီဆီသို့ ပြေးသွားကာ ယွင်ရှီးကို စိုက်ကြည့်ရင်း
"စီနီယာအစ်ကို၊ ဒီမိန်းမက ဘယ်သူလဲ၊ သူက နင့်ကို အီစီကလီလုပ်နေတာလား။"
လုရီ : "???"
ဒါကို သူ ကြားပြီး စကားမပြောနိုင် ..ဆွံ့အသွားရသည်။
အီစီကလီလုပ်တယ်၊ဒါက ဘာကို ဆိုလိုတာလဲ။
ယွင်ရှီးသည် ထိုစကားကို ကြားပြီး ခဏမျှ အံ့အားသင့်သွားကာ စိတ်အားထက်သန်စွာ ရှင်းပြသည်။
"ဟင့်အင်း၊ ငါက တာအိုရောင်းရင်းလုရီနဲ့
အီစီကလီမလုပ်နေပါဘူး"
ကြံရာ မရစွာ လုရီသည်
သုန်းကုန်းမင်ယွဲ့၏နဖူးကို ခေါက်လိုက်သည်။ သုန်းကုန်းမင်ယွဲ့ သည် ချက်ချင်းပင် ခေါင်းကို အုပ်ကာ လုရီကို ဒေါသတကြီးကြည့်၍ ရန်တွေ့သည်။
"ဘာလို့ ငါ့ကို ရိုက်တာလဲ..လုရီ..နင်.. ပြောင်းလဲသွားပြီ နော်၊ ဒါက ငါတို့ရဲ့ လျှို့ဝှက် လေ့ကျင့်ရေး နေရာပဲ၊ အခု နင် တခြားမိန်းမကို ဒီကို ခေါ်လာခဲ့တယ် ၊ အခု နင်က ငါ့ကိုတောင် ရိုက်နေပြီ!"
လုရီက ကူကယ်ရာမဲ့ ပြောလိုက်တော့သည်။
"သူ့နာမည်က ယွင်ရှီး၊ သူက တိမ်ဖြူဂိုဏ်း နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးဖို့ ဒီမှာ ပန်း
တစ်သောင်းဂိုဏ်းရဲ့ တပည့် တစ်ယောက်ပါ။ နောက်ပြီး သူနဲ့ ငါက သူငယ်ချင်းတွေပဲ၊ အတူ လေ့ကျင့်တာ ဘာမှားလဲ၊ ဒါ့အပြင် မင်း ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်ရမှာနော်၊ မင်းမေ့သွားပြီလား"
လုရိီသည် သူမခေါင်းကို မကူညီနိုင်စွာ ထပ်ခေါက်လိုက်သည်။
...သူ့ဂျူနီယာ ညီမလေး ဘာဖြစ်နေတာလဲ။ သူမ ဒီလို ပြုမူနေတာ လူတွေက သူ့ကို ဖောက်ပြန်ရာမှ ဖမ်းမိခြင်း ခံရသည်ဟုပင် အထင်မှားကြတော့မည်။
သို့သော် သုန်းကုန်းမင်ယွဲ့၏ ဝမ်းနည်းသော ခွေးကလေးလို မျက်လုံးများဖြင့် သူ့အားပြန်ကြည့်နေပုံက သူ့ကို အပြစ် ရှိသလို ခံစားရစေသည်။
လုရီ စကားကို ကြားတော့ သုန်းကုန်းမင်ယွဲ့ ရုတ်တရက် သဘောပေါက်သွားပြီး
ယွင်ရှီးအား ခေါင်းအစ ခြေအဆုံး အကဲခန်လိုက်ကာ ပြောလာသည်။
"ဒါဆို နင်က တာအိုရောင်းရင်း ယွင်ရှီး ပေါ့၊ ငါ့ရဲ့ စီနီယာအစ်ကို နင့်အကြောင်း ပြောပြတာ ကြားဖူးတယ်။ ငါက သူ့ရဲ့ အချစ်ဆုံး ဂျူနီယာညီမလေး
သုန်းကုန်းမင်ယွဲ့ ၊ မွေးရာပါ မိုးကြိုးဝိညာဥ်ခန္ဓာပိုင်ရှင်ပါ!"
ယွင်ရှီးသည် သုန်းကုန်းမင်ယွဲ့မှ ကိုယ့်ကိုယ်ကို မိတ်ဆက်တာကို မြင်တော့ သူမကိုယ်သူမလည်း လေးလေးနက်နက် မိတ်ဆက်လာသည်။
"ငါက တာအို ရောင်းရင်း လုရီရဲ့ သူငယ်ချင်း ယွင်ရှီး၊ ပန်းတစ်သောင်း ဝိညာဉ် ခန္ဓာ ပိုင်ရှင်ပါ"
"သိပါတယ် နော်၊ ငါ့အရည်အချင်းက နင့်ထက် မနိမ့်ဘူးဆိုတာ ပြောချင်တာပါ.."
သုန်းကုန်းမင်ယွဲ့ မှ ခါးပေါ် လက်နှစ်ဖက်ထောက်ကာ ယွင်ရှီးကို ကြည့်ရင်း ပြန်လည် ချေပလိုက်သည်။
လုရီသည် သုန်းကုန်းမင်ယွဲ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်နေလေသည်။
ဂျူနီယာညီမလေး သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံလေ့ရှိသော်လည်း ယွင်ရှီးကို မြင်လိုက်ရသောအခါတွင် သူမသည် ဒေါသကြီးသောကြောင်တစ်ကောင်လို ရန်လိုနေပုံ ရသည်။
ယွင်ရှီးက ခေါင်းကို အနည်းငယ် စောင်းငဲ့ပြီး သုန်းကုန်းမင်ယွဲ့ကို အံ့သြတကြီး ကြည့်ရင်း
"နင့်ရဲ့ အရည်အချင်းက ငါနဲ့ ဘာဆိုင်လို့လဲ၊ အိုး..နင် ငါ့ကို မကြိုက်ဘူးလို့ ငါ ဘာလို့ ခံစားနေရပါလိမ့်"
သုန်းကုန်းမင်ယွဲ့၏အမူအရာ တင်းမာသွားသည်။
"ဘာ.. ဘာပြောတယ်..."
သုန်းကုန်းမင်ယွဲ့သည် ပါးစပ် အဟောင်းသားလေး ဖြစ်နေသည်။
..ဒီတစ်ယောက်က ဘာလဲ။ သူ့ကို ငါက မကြိုက်တာကို ဘာလို့ တိုက်ရိုက် ထုတ်ပြောနေရတာလဲ။
နားလည်ရခက်သည်။
ဤအရာက သူမအား ခဏတာ စကားလုံးများ ဆုံးရှုံးစေခဲ့သည်။
"တာအိုရောင်းရင်း ယွင်ရှီး ၊ စိတ်မဆိုးပါနဲ့၊ ငါ့ဂျူနီယာညီမလေးက မင်းနဲ့ ပထမဆုံး
စတွေ့တာဆိုတော့ ရှက်နေတာပါ" ဟု
လုရီက ကူကယ်ရာမဲ့ ပြောလိုက်ရသည်။
ယွင်ရှီးက ဒါကို ကြားတော့ သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"နင့်ရဲ့ ဂျူနီယာညီမလေးက ရှောင်ဟောင် နဲ့တူတယ် "
သုန်းကုန်းမင်ယွဲ့ အံ့အားသင့်သွားပြီး
" ရှောင်ဟောင်က ဘယ်သူလဲ"
ယွင်ရှီးက ပြုံးပြုံးရွှင်ရွှင်ဖြင့်
"ငါ မွေးထားတဲ့ ခွေးကလေးလေ"
သုန်းကုန်းမင်ယွဲ့ တစ်ယောက် ချက်ချင်းပင် ခုန်ဆွ ခုန်ဆွ ဖြစ်သွားပြီး
"နင်ကမှ ခွေးကလေးပဲ!"
ယွင်ရှီး; "ငါက လူသားမျိုးနွယ်ကပဲ၊ ခွေးကလေးမဟုတ်ဘူး"
သုန်းကုန်းမင်ယွဲ့ ; "ဒါဆို ငါ့ကို ခွေးကလေးလို ဘာလို့ ပြောတာလဲ။"
ယွင်ရှီး; "ဘာလို့လဲဆိုတော့ နင်က သူနဲ့တကယ်ကို ဆင်တူတယ်။"
သုန်းကုန်းမင်ယွဲ့ ; "ရန်ဖြစ်ဖို့ ကြိုးစားနေတာလား?!"
ယွင်ရှီး;"ဟင့်အင်း..နင်က အရမ်းအားနည်းတယ်၊ ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ငါ နင့်ကို အနိုင်မကျင့်ဘူး။"
"နင်!"
သုန်းကုန်းမင်ယွဲ့ မှ ဒေါသတွေ ထွက်နေပြီး ယွင်ရှီးကမူ အတည်ပေါက်ကြီး စနောက်နေသည်။ သူမတို့အား ကြည့်ရင်း လုရီ သူ့နဖူးကို ဖိလိုက်ရပြီး ခေါင်းနည်းနည်းကိုက်လာသည်။
ဒီနှစ်ယောက်က ဘာလို့ သတ်ပုတ်နေကြလဲ။
"အဟမ်း၊ အဟမ်း..
သူက လည်ချောင်းကို ရှင်းထုတ်ပြီး
"ဂျူနီယာညီမလေးနဲ့ တာအိုရောင်းရင်း
ယွင်ရှီး ..အနားယူဖို့ ငါ့ရဲ့ ဂူအိမ်ကြီးဆီ ပြန်သွားကြရအောင်။စကားမစပ်၊ ဂျူနီယာ ညီမလေး မင်းက ဘာလို့ ဒီကို ရောက်ချလာတာလဲ"
ထိုအခါ သုန်းကုန်းမင်ယွဲ့ မှ ဒေါသတွေ အပြည့်နှင့် ယွင်ရှီးအား မကျေမနပ်ကြည့်ရင်း ပြောလာသည်။
"ငါ နင့်ကို လိုက်ရှာနေတာ ၊စီနီယာအစ်ကို။ ဂူအိမ်ကြီးထဲမှာ နင့်ကို မတွေ့ဘူး.. ဒီနားမှာ ဆူညံသံတွေ ကြားနေရတယ်ဆိုပြီး ငါ လာကြည့်တာ။နင် တခြားမိန်းမနဲ့ အေးအေးဆေးဆေး ဇိမ်ခံနေဖို့ မမျှော်လင့်ထားဘူးလေ..."
လုရီ: "?"
သူက သုန်းကုန်းမင်ယွဲ့ နဖူးကို ပုတ်ပြီး
" 'အေးအေးဆေးဆေး ဇိမ်ခံတာ' က ဘာကို ဆိုလိုတာလဲ။မင်း အဲ့ဒီးကားလုံးကိုတောင် မှန်မှန်ကန်ကန် သုံးနိုင်လား ၊ ငါတို့ က လေ့ကျင့်နေကြတာ!"
အနီးနားတွင် ရပ်နေသော ယွင်ရှီးသည် သုန်းကုန်းမင်ယွဲ့ကို အံ့အားသင့်စွာ ကြည့်ကာ
"နင်က အသက်ကြီးပုံ မပေါ်သေးဘူး၊ ဒါပေမယ့် 'အေးအေးဆေးဆေး ဇိမ်ခံတယ်' ဆိုတာ ဘာလဲ သိနေတယ်ပေါ့.."
သုန်းကုန်းမင်ယွဲ့ ; "..."
သူမသည် မျက်နှာ နီမြန်းလာပြီး
စကားမပြောနိုင်လောက်အောင်
ဒေါသတကြီး တုန်လှုပ်သွားသည်။
လုရီ၏ ပါးစပ်ထောင့်က လှုပ်ရှားသွားပြီး
အလျင်အမြန် ချော့မော့လိုက်ရသည်။
"ကဲ..လာ..အသားကင်စားဖို့ ပြန်သွားရအောင်။ အိုး၊ မင်း အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို ရောက်တော့မှာ မဟုတ်လား၊ ငါ့မှာဟိုတလောက ရခဲ့တဲ့ မိုးကြိုးဝိဥာဉ် ဆေးလုံး ငါးလုံး ရှိတယ်။မင်းကို လက်ဆောင် ပေးမယ်။"
မိုးကြိုးဝိဥာဉ် ဆေးလုံး။
မိုးကြိုးဝိဥာဉ် ဆေးလုံးသည် အလုပ်အမျိုးမျိုးမှ သူ ရရှိလာသော ဆုလာဘ် ဖြစ်သည်။
သူကိုယ်တိုင် မလိုအပ်တော့ပါ။ ထို့ကြောင့်
မိုးကြိုးဝိဥာဉ် ဆေးလုံးများအား
သုန်းကုန်းမင်ယွဲ့၏ အခြေခံအုတ်မြစ်တည်ထောင်မှုအတွက် သုန်းကုန်းမင်ယွဲ့ အား ပေးကမ်းခြင်းသည် မိုးကြိုးတာအိုတွင် သူမ၏ အခြေခံ အုတ်မြစ်ကို အပြည့်အဝ ခိုင်ခံ့စေမည် ဖြစ်သည်။
ထိုစကားအား ကြားလိုက်ရတော့
သုန်းကုန်းမင်ယွဲ့ ၏ မျက်လုံးတွေ အရောင်လက်လာကာ လုရီ၏ လက်မောင်းကို တွယ်ဖက်လိုက်ရင်း အလျင်အမြန် ရွှင်မြူးစွာပြုံးလိုက်ကာ..
"ကျေးဇူးတင်ပါတယ် အစ်ကို။ နင်က သဘောအကောင်းဆုံးပဲ!"
တစ်ဖက်တွင် ယွင်ရှီးက စိတ်အားထက်သန်စွာ မှတ်ချက်ပြုသည်။
"လုရီက တကယ် သဘော ကောင်းတယ်"
ထိုအခါ သုန်းကုန်းမင်ယွဲ့ က ဆတ်ခနဲ ပြန်လှည့်ကြည့်ကာ ယွင်ရှီးကို မျက်စောင်းထိုးရင်း ရန်တွေ့သည်။
"ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး! သူက ငါ့အစ်ကိုပဲ"
လုရီသည် သုန်းကုန်းမင်ယွဲ့ကို ကြည့်ပြီးနောက် မပြီးဆုံးသေးသော အလုပ်အတွက် အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။
ဒါက...
သုန်းကုန်းမင်ယွဲ့ရဲ့ သဘောထားက သူ့အပေါ် ခံစားချက် ရှိတယ်လို့ မဆိုလိုဘူးလား။
လုရီ အတော်လေး နားမလည်နိုင်ပါ။
ဒါမှမဟုတ် စွဲလမ်းတာနဲ့ အချစ်က မတူဘူးလား။
ဒါမှမဟုတ် တခြားအခြေအနေတွေ
မပြည့်စုံသေးတာလား။
တစ်ယောက်ယောက်ကို ချစ်မိသွားအောင် လုပ်ရတဲ့ အလုပ်က နည်းနည်းတော့ စမ်းတဝါးဝါး ဖြစ်သလိုပဲ။
ပိုမိုအသေးစိတ်သော ညွှန်ကြားချက်များသာ ရှိခဲ့ပါက သို့မဟုတ် တိုးတက်မှုကို တိုက်ရိုက်ပြသပါက ဒါက ပိုကောင်းဦးမည်။
တွေးတောပြီးနောက် လုရီသည် နောက်ဆုံးတွင် သုန်းကုန်းမင်ယွဲ့ ကို ချော့မော့ကာ မိန်းကလေး နှစ်ဦးကို ဂူအိမ်သို့ ပြန်ခေါ်ဆောင်သွားသည်။သူမတို့အား သူ့နေရာ၌ ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာများ တည်ခင်း ဧည့်ခံ ကျွေးမွေးပြီးနောက် သူမတို့ ပြန်သည်ကို နှုတ်ဆက်ခဲ့သည်။
နှစ်ယောက်သား ထွက်သွားပြီးသည်နှင့်
လုရီသည် ချက်ချင်းပင် သူ့နားရွက်ကလေးများငြိမ်းချမ်းရေး ရသွားသည်ကို ခံစားလိုက်ရသည်။
အဘယ်ကြောင့် ဒီမိန်းကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်လိုပြီး ရန်ဖြစ်နေကြသလဲ သူ အဖြေရှာမရပေ။
ပိုတိကျအောင် ပြောရလျှင်
သုန်းကုန်းမင်ယွဲ့ သည် ယွင်ရှီးနှင့် ငြင်းခုံရတာကို အတော် နှစ်သက်ပုံရသည်။ သို့သော် ယွင်ရှီး၏ သဘောသဘာဝသည် ရိုးစင်းပြီး တည့်တိုးဆန်ကာ သူမစိတ်ထဲတွင် ရှိသမျှ ထုတ်ပြောချ၍ သုန်းကုန်းမင်ယွဲ့ ကို စိတ်ပျက်ပြီး အသက်ရှူမဝ ဖြစ်စေလေ့ရှိသည်။
ဒါကြီးက တကယ့်ကို ရယ်စရာကောင်းနေသည် မဟုတ်လော။
ဤသည်မှာ အားနည်းသော်လည်း ငြင်းခုံခြင်းကို နှစ်သက်ခြင်း၏ ဂန္တဝင်ဖြစ်ရပ်
တစ်ခုနှင့်တောင် တူသေး၏။
နောက်နေ့ မနက်စောစောတွင် လုရီ ကျင့်ကြံနေစဉ် သူနှင့် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"လုရီ၊ မင်းကို ဟန်ယွီက တွေ့ဖို့ တောင်းဆိုတယ်။"
လုရီ ဖျတ်ခနဲ မျက်လုံးဖွင့်ကာ အံ့သြသွားသည် ။
ဟန်ယွီလည်း မမျှော်လင့်ဘဲ ရောက်ချလာသည်လား။
အေးခဲ ဆောင်းရာသိီ တောင်ကြားက တိမ်ဖြူဂိုဏ်း နှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိနေသည်ဟု ဆိုလိုတာလား။
ဟန်ယွီ ရောက်ရှိလာခြင်းက သူ့အလုပ်ဆုလာဘ်များအတွက် နောက်ထပ်အခွင့်အရေး တစ်ခု ရခဲ့သည်ဟု ညွှန်ပြနေတာ မဟုတ်ပါလား။
ဟန်ယွီသည် ရွှေအူတိုင်နယ်ပယ်သို့ ချိုးဖျက်ပြီးပြီလား မဆိုနိုင်ပေ။
လုရီ အမြန် ထွက်ကာ သူ့ကို ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
---------------
အခန်း၁၅၅- အုတ်မြစ်တည်ထောင်ခြင်း ဆယ့်တစ်လွှာ ...
~ဂူအိမ်ကြီးအပြင်ဘက်တွင် လုရီသည်
ဟန်ယွီနှင့်တွေ့ဆုံခဲ့ပြီး အံ့အားသင့်စရာမှာ ကျန့်ဖန်၊ ပိုင်ယွီလုံ နှင့် ထျဲ့မန်တို့လည်း ပါဝင်သည်။
လုရီက နှုတ်ဆက်လိုက်သည်။
"တာအိုရောင်းရင်း ဟန်ယွီ လာပါ၊ ကြိုဆိုပါတယ်။ စီနီယာ အစ်ကို သုံးယောက်ကရော..
ဟန်ယွီနဲ့ ဘယ်လို အတူတွေ့လာကြတာလဲ"
ကျန့်ဖန်က ပြုံးပြီး
"ငါတို့ လမ်းမှာ သူနဲ့ မတော်တဆ တွေ့ခဲ့တာ၊တာအိုရောင်းရင်း ဟန်ယွီက မင်းကို တွေ့ချင်နေတာ ဆိုလို့ ငါတို့ သူ့ကို ဒီကို ခေါ်လာခဲ့တာကွ"
လုရီက အလျင်စလို ဖိတ်ခေါ်သည်။
"ဒီလိုဆိုရင် အမြန် အထဲကို ဝင်ကြပါ"
ထိုလေးယောက်သည် လုရီနှင့်အတူ ဂူအိမ်ကြီးသို့ လိုက်သွားခဲ့သည်။
လုရီက ဝိုင်ကောင်းကောင်းနှင့် ဝိဉာဉ်အစာများကို သဘာဝအတိုင်း ထုတ်ယူလာလေသည်။
သူတို့ စကားစမြည် ပြောခြင်းအားဖြင့်
ဟန်ယွီသည် အေးခဲ ဆောင်းရာသီချိုင့်ဝှမ်း၏ အဓိပတိ အကြီးအကဲနှင့် အမှန်တကယ် လိုက်လာခြင်း ဖြစ်ကြောင်း လုရီ သဘောပေါက်လိုက်ရသည်။
ပန်းတစ်သောင်း ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် မတူဘဲ၊ အေးခဲဆောင်းရာသီ တောင်ကြားမှာ မဟာမိတ် ဖွဲ့ရန် စိတ်အား မထက်သန်လွန်းလှပါ။
သို့သော်လည်း ဟန်ယွီက သူတို့ကို
သိမ်းသွင်း နားချခဲ့ပြီး ပန်းတစ်ထောင်ကိုလည်း တိမ်ဖြူဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ထားကြောင်း ကြားသိရသဖြင့် အေးခဲ ဆောင်းရာသီ တောင်ကြားသည် စိတ်ပြောင်းသွားခဲ့သည်။
လုရီ ပေါ့ပေါ့ပါးပါး ရယ်မောရင်း ဟန်ယွီထံ သူ့ခွက်ကို မြှောက်လိုက်ပြီး ကျေးဇူးတင်စကားဆိုသည်။
"တာအို ရောင်းရင်း ဟန်ယွီရဲ့ သိမ်းသွင်းမှုကြောင့်ကိုး၊ ဒီခွက်က မင်းအတွက်ပဲ"
ဟန်ယွီက ပြုံးပြီး
"တာအိုရောင်းရင်း လုရီက အားနာတတ်နေပြီ၊ မင်း ငါ့ကို အရှေ့ တောအုပ်အပျက်အစီးထဲမှာ အကြိမ်ပေါင်းများစွာ ကယ်ခဲ့တာလေ၊ ဒီကိစ္စက အသေးအဖွဲဖြစ်ပြီး ပြောစရာ မရှိပါဘူး"
ထို့နောက် သူတို့သည် တိမ်ဖြူ ဂိုဏ်း၏ နယ်မြေအတွင်း ဖြစ်ပွားနေသော မကြာသေးမီက တိုက်ပွဲများကို ဆွေးနွေးခဲ့ကြသည်။ လုရီနှင့်မတူဘဲ ကျန့်ဖန်၊ပိုင်ယွီလုံနှင့် ထျဲ့မန်တို့သည် ဂိုဏ်းမှ ထုတ်ပေးသော အလုပ်များကို မကြာခဏ လုပ်ဆောင်တတ်ကြသည်။
စကား ပြောဆိုနေစဉ် ပိုင်ယွီလုံ ၏ မျက်လုံးများ တောက်ပလာသည်။
"သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖြတ်တဲ့ အတွက် ဆုလာဘ်တွေက ရက်ရောလွန်းတယ်နော်၊ ညီလေးလု..
ယုံနိုင်ပါ့မလား ..သွေးဝိညာဉ်ဂိုဏ်းရဲ့အလွှာ တစ် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အဆင့်တပည့်တစ်ဦးကို သတ်တာက
အဆင့့်မြင့် အဆင့် ချီသိပ်သည်း
ဆေးလုံး နှစ်ပုလင်းတဲ့ကွာ၊ အရင်ကဆို
ဒါမျိုး စိတ်ကူးတောင် မယဉ်နိုင်ဘူး!"
ပိုင်ယွီလုံ၏ စကားကို ကြားတော့ လုရီသည် အတော်လေး အံ့သြသွားသည်။
သူ့ အတွက် အဆင့်မြင့် ချီသိပ်သည်း ဆေးလုံး နှစ်ပုလင်းက သိပ်အရေးမကြီးလှပါ။
သို့သော်ငြား ဒါက သူ့အတွက်သာ ဆိုလိုပါသည်။
ပျမ်းမျှတပည့်များအတွက်မူ အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ရှိသူများသည် ယေဘုယျအားဖြင့် အလယ်အလတ် အဆင့် ချီ သိပ်သည်းဆေးလုံးများကို အသုံးပြုကြသည်။
အဆင့်မြင့် အဆင့် ချီသိပ်သည်း ဆေးလုံးများကို အဆင့်တက်အောင် ကြိုးစားသောအခါတွင် နယ်ပယ်များကို ဖြတ်ကျော်ရန်အတွက် အများဆုံး အသုံးပြုသည်။
တစ်နည်းအားဖြင့်ဆိုသော် ၎င်းက အလွန်ပင် ထူးကဲလှသည်။
မမျှော်လင့်ဘဲ၊ ယခု သွေးဝိညာဉ်ဂိုဏ်းမှ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အလွှာ တစ် တပည့်တစ်ဦးကို သတ်ဖြတ်ခြင်းသည် ထိုကဲ့သို့ ရက်ရောသော ဆုလာဘ်များ ပေးခဲ့သည်။
ဤတစ်ကြိမ်တွင်၊ တိမ်ဖြူဂိုဏ်းသည် အလွန် ကြမ်းရမ်းနေချေပြီ။
ဂိုဏ်းကြီးသည် ကြီးမားပြီး ချမ်းသာသည် မှန်သော်လည်း၊ ထိုအသုံးစရိတ်က တုန်လှုပ်ချောက်ချားစရာ ဖြစ်ပါ၏။
လုရီသည် စိတ်ထဲမှာ အနည်းငယ် တုန်လှုပ်မိသည်။
မော်ဒန်ကမ္ဘာမှာပဲ ဖြစ်ဖြစ်..
ကျင့်ကြံခြင်းကမ္ဘာမှာပဲ ဖြစ်ဖြစ် ..စစ်ပွဲတွေက ငွေအပေါ်သာ မူတည်လေသည်။
မကြာသေးမီက ကျန့်ဖန်နှင့် အခြားသူများသည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူ အနည်းငယ်ကို သတ်ဖြတ်၍ အရင်းအမြစ်များစွာကို စုဆောင်းမိကြသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုအရှိန်သည် အလွန် အထင်ကြီးစရာ ကောင်း သည်။
ကျန့်ဖန်သည် တစ်နှစ်အတွင်း အခြေခံ အုတ်မြစ်တည်ထောင်ခြင်း သုံးလွှာမှ လေးလွှာသို့ တိုးတက်ခဲ့သည်။ပိုင်ယွီလုံ နှင့်
ထျဲ့မန် တို့သည်လည်း တိုးတက်မှု ရှိခဲ့ပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် နှစ် အလွှာသို့ တက်လှမ်းခဲ့လေသည်။
သူတို့၏ ကျင့်ကြံမှုနှုန်းသည် လုရီနှင့်
မနှိုင်းယှဉ်နိုင်သော်လည်း ပျမ်းမျှ ကျင့်ကြံသူထက် များစွာ ပိုမြန်သည်။
လုရီသည် စီနီယာ အစ်ကို သုံးယောက်နှင့် အတူ သိုင်းပညာ ဖလှယ်ရန် သူ့ကိုယ်သူ အလုပ်ချမှတ်လိုက်ပြီး အလုပ်များအတွက် ဆုကြေးများသည် စီနီယာ အစ်ကိုတို့၏ ကျင့်ကြံမှုအခြေခံကဲ့သို့ တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိခဲ့သည်။
သို့သော် လက်ရှိ လုရီအတွက်မူ ၎င်းတို့သည် လုံလောက်မှု မရှိသလောက်ပင်။
လုရီအတွက် အတော်လေး အသုံးဝင်နေသေးသည်က စီနီယာအစ်ကိုကျန့်ဖန်ထံမှ ရေ စိတ်ဆန္ဒ နယ်ပယ် ဆုကြေး တစ်ခုသာ ဖြစ်သည်။
အံ့အားသင့်စရာမှာ ဟန်ယွီသည်
ယွင်ရှီးကဲ့သို့ သူ၏ ကျင့်ကြံမှု အခြေခံကို ရွှေအူတိုင် နယ်ပယ် သို့ မြှင့်တင်ခဲ့ပြီး အထူး ခမ်းနားသော ဆုကြေးများ ပေးဆောင်ခဲ့ခြင်းပင် ဖြစ်ပါ၏။
နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီ တစ်စက်နှင့်
ရေခဲ နှလုံးသား။
...
ခဏလောက် စကားစမြည် ပြောပြီးနောက် လုရီသည် မစောင့်နိုင်တော့ဘဲ သိုင်းပညာ ဖလှယ်ရန် တိုက်ပွဲ တစ်ပွဲကို အဆိုပြုခဲ့သည်။ လုရိီ၏ ခွန်အားဖြင့်
တိုက်ပွဲအား ဟန်ယွီက သဘာဝအတိုင်း ကြိုဆိုခဲ့သည်။ ထို့ကြောင့် ညနေအထိ သူတို့သည် အတူတကွ ယှဉ်ပြိုင်ကြသည်။
ဟန်ယွီ၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပြီးနောက် လုရီသည် ကျန့်ဖန် နှင့် ယှဉ်ပြိုင်လိုက်သည်။ ကျန့်ဖန်၏ ဝိညာဉ်စွမ်းအားများ ကုန်သွားသောအခါတွင် သူသည် ပိုင်ယွီလုံ နှင့် ထျဲ့မန်အား တိုက််ခိုက်လိုက်သည်။
ပိုင်ယွီလုံ နှင့် ထျဲ့မန် ၏တာဝန် ဆုကြေးများသည် ကြီးကြီးမားမား မဟုတ်တော့သော်လည်း မည်သို့ပင်ဖြစ်စေ အချိန်က အားလပ်နေသောကြောင့် လုရီသည်
သဘာဝအတိုင်း လက်လွတ်မခံခဲ့ပါ။
လေးယောက်သည် အလှည့်ကျ အနားယူပြီး တရားထိုင်ကာ ပြန်လည်ကောင်းမွန်လာစေသည်။ ပြန်လည်ကောင်းမွန်လာသည်နှင့် တပြိုင်နက် ဆက်လက်၍ တိုက်ပွဲဝင်ခဲ့သည်။ သို့သော် လုရီကမူ သူ၏ဝိညာဉ်စွမ်းအားသည် အကန့်အသတ်မဲ့ ဖြစ်သကဲ့သို့ အမြဲတစေ မယုတ်လျော့ဘဲ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။
ညနေ စောင်း၍ နေလုံးကြီး မိုးကုပ်စက်ဝိုင်းသို့ လိမ့်ဝင်သွားသောအခါ ဟန်ယွီနှင့်
ကျန်သူများသည် ကိုယ်မှာ ချွေးတလိမ်းလိမ်းကပ်၍ ထုံထိုင်းနေကာ မြေပေါ် တွင် ခြေပစ်လက်ပစ် ထိုင်ချနေတော့၏။
အဖြူရောင် ဆံပင်နှင့် သိမ်မွေ့သော အသွင်အပြင် ရှိသော ဟန်ယွီသည် လုရီကို တိတ်တဆိတ် ကြည့်ရင်း ငြူစူလိုက်သည်။
"တာအိုရောင်းရင်းလုရီ၊ မင်းရဲ့ဝိညာဉ်စွမ်းအားတွေ ဘယ်တော့မှ မကုန်ဘူးလား"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော
ပိုင်ယွီလုံသည် သူ့ လျှာကို မထိန်းထားဘဲ အားကုန်စွာ ညည်းညူလေသည်။
"ဂျူနီယာ ညီလေး လု ၊ မင်းက လူစင်စစ်တော့ ဟုတ်ရဲ့လားကွာ ၊ ငါတို့ တနေကုန် တိုက်ခိုက်နေတာကို မင်းအတွက်ကျ နားဖို့တောင် မလိုဘူး"
ကျန့်ဖန်ကဲ့သို့ အရာရာကို ဂရုမစိုက်တတ်သော လူပင်လျှင် ခြောက်ကပ်စွာ ပြုံးကာ
မေးသည်။
"ဂျူနီယာ ညီလေး လုရီ၊မင်းရဲ့ ဝိညာဉ်စွမ်းအားက အောက်ခြေ မရှိတဲ့ တွင်းတစ်ခုလိုလား။"
ထျဲ့မန်အတွက်မူ ရိုးရိုးရှင်းရှင်း၊အတိအကျ ပြောရပါက သူသည် အစွမ်းကုန် အားထုတ်ပြီး တိုက်ခိုက်ခဲ့ရာ ယခု အခါ မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေကာ စကားပြောရန် ခွန်အား ကင်းမဲ့နေ တော့သည်။
လုရီ စိတ်ထဲတွင် ကူကယ်ရာမဲ့နေသည်။
သူတို့၏ တိုက်ပွဲ ပြင်းထန်သော အခြေအနေမှာ သူ၏ သဘာဝအတိုင်း
ဝိဉာဉ်စွမ်းအား ပြန်လည် ရရှိသည့်နှုန်းသည် သူတို့၏ သုံးစွဲနှုန်းထက် ကျော်လွန်နေလေသည်။ ပြန်လည် သက်သာဖို့အတွက် တရားထိုင်ရန် သူက မည်သို့ လိုအပ်ပါတော့မနည်း။
သူတို့၏ စိတ်ဓာတ်ကို ကြီးကြီးမားမား ထိုးနှက်ချက် ဖြစ်ပြီး သူတို့၏ တာအို နှလုံးသား ထိခိုက်စေမှုကို ရှောင်ရှားဖို့ လုရီသည် ထိုသို့ ထုတ်မပြောဖို့ ရွေးချယ်ခဲ့ပါသည်။
လုရီက ခပ်မှိန်မှိန် ပြုံးကာ
"ကျွန်တော့်ရဲ့ ကျင့်ကြံနည်းစနစ်ကို
ကျွန်တော့်ဆရာက ပေးအပ်ထားတာ၊ ဒါက အတော်လေး အဆင့်မြင့်မားပါတယ်၊
ဒါ့အပြင် ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်က အရမ်းခိုင်မာတဲ့အတွက် သာမန်အခြေခံအုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူထက် ဝိညာဉ်စွမ်းအား ပိုပြီး ရတယ်ဗျ၊ဒါကြောင့် ကျွန်တော်က ထိန်းထားနိုင်တာပါ"
"သာမန်အခြေခံအုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူထက် ဝိညာဉ်စွမ်းအား ပိုပြီး ရတာ မဟုတ်ဘူးကွာ..ဒါက ရွှေအူတိုင် ကျင့်ကြံသူနဲ့ အများကြီး ပိုတူတယ်ကွ" ဟု ပိုင်ယွီလုံက စကားထောက်ပေးလိုက်သည်။
သူ့စကားကို လုရီက မှတ်ချက်မပေးဘဲ ခပ်မဆိတ် ပြုံးလိုက်သည်။
..ရိုးရိုးသားသားပြောရရင် ပိုင်ယွီလုံ ပြောတာ မမှားဘူး မလား။ ..
အနားယူပြီးနောက် လုရီသည် ထိုသူတို့အား ဝိညာဉ်အစာနှင့် ဝိုင်တစ်မျိုးကို ကျွေးမွေးခဲ့သည်။ ထို့နောက်မှသာ သူတို့လေးယောက်က နောင်လာမည့် ရက်များတွင် မကြာခဏ ဆက်လက်၍ အတူတကွ သိုင်းပညာ ဖလှယ်ရန် သဘောတူခဲ့ကြကာ ထွက်ခွာသွားကြသည်။
လုရီ အလွန် ကျေနပ်သွားတော့သည်။
ယနေ့ လေ့ကျင့်ရေးနေ့မှစ၍ သူသည် နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီ အစက်နှစ်ဆယ်ကျော်နှင့် အသခ်ျေ ဝိညာဉ် နှင်းစက် ဒါဇင်များအပြင် နှစ်တစ်ထောင် ဝိညာဉ် နှင်းစက် အများအပြားကို သိမ်းပိုက်မိခဲ့သည်။
ပြောစရာ မလိုအောင် သူ့နှလုံးသား၏ ရေခဲစိတ်ဆန္ဒနှင့် ရေစိတ်ဆန္ဒက သိသိသာသာ တိုးတက်လာပေသည်။
----------------
အခန်း၁၅၆- အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ့်တစ်လွှာ ...
~ရိတ်သိမ်းမှုသည် အလွန်များပြားသည်ဟု ဆိုနိုင်သည်။
နှစ်တစ်ရာဝိဉာဉ် ခြင်ဆီ တစ်ခုတည်းက
လုရီကို အချိန်အကြာကြီး ပျော်ရွှင်စေဖို့ လုံလောက်ပါသည်။
အမှန်တကယ်ပင် ..ဉာဏ်ကြီးရှင်များနှင့် သိုင်းပညာ ဖလှယ်ခြင်းသည် အကြီးကျယ်ဆုံး အကျိုးကျေးဇူးများကို ယူဆောင်လာခဲ့သည်ပင်။
လုရီသည် သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။
အင်း..။ယွင်ရှီး။
သူသည် ယွင်ရှီးနှင့်လည်း မကြာခဏ သိုင်းပညာ ဖလှယ်ဖို့ လိုအပ်သည်။
နောက်ရက်များတွင် ညများ၌
လုရီသည် ကျင့်ကြံခဲ့ပြီး နေ့အချိန်များကို သိုင်းပညာ ဖလှယ်မှုများတွင် ကုန်ဆုံးခဲ့သည်။
ယွင်ရှီးနှင့် ဟန်ယွီသည် လုရီ၏ ဂူအိမ်ကြီးသို့ နေ့တိုင်းလိုလို လာရောက် လည်ပတ်လေ့ရှိပြီး ကျန့်ဖန်နှင့် သူ့သူငယ်ချင်း နှစ်ဦးသည် ဝိဉာဉ်အစာနှင့် ဝိုင်များအလကား စားသောက်ရရန် သူတို့နောက်သို့ ကပ်ပါလာလေ့ ရှိသည်။
ထုံးစံအတိုင်းပင် လုရီကတော့ ကြိုဆိုသည်ပင်။
ဟန်ယွီနှင့် ယွင်ရှီးတို့နှစ်ယောက်တည်းက အလှည့်ကျ တိုက်ခိုက်လျှင်ပင် သူတို့က
အမြန် ပြန်မထနိုင်ပေ။
ကျန့်ဖန်နှင့် အခြားသူများကို ပါဝင်လိုက်လျှင်လည်း သူတို့အားလုံး ပင်ပန်းသွားတတ်ကြသည်။
မည်သို့ပင် ဆိုစေကာမူ လုရီသည် ခံနိုင်ရည် ရှိလွန်းသည်ဟုသာ ပြောနိုင်ပါသည်။
တစ်လအကြာတွင် တိမ်ဖြူဂိုဏ်း၊ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲ ဆောင်းရာသီတောင်ကြား တို့၏ မဟာမိတ်မူဝါဒကို နောက်ဆုံးတွင် ဆုံးဖြတ်ပြီးသွားလေပြီ။
နှုတ်ဆက်ပွဲအဖြစ်ခမ်းနားသော သောက်ပွဲလေး တစ်ခု ကျင်းပကြသည်။ဟန်ယွီနှင့် ယွင်ရှီးတို့သည် လုရီအား နှုတ်ဆက်စကားများ ပြောပြီးနောက်တွင် အသီးသီး သီးခြားလမ်းများ လျှောက်လှမ်းသွားကြတော့သည်။
...
ဤတစ်လဟူသော အချိန်ကာလအတွင်း
ဟန်ယွီနှင့် ယွင်ရှီးတို့နှစ်ဦးစလုံးသည် လုရီနှင့်နေ့စဉ် လေ့ကျင့်ခြင်းဖြင့် လုရီ၏ ဖိအားအောက်တွင် ထိုးထွင်းသိမြင်မှု အနည်းငယ် ရှိခဲ့သည်။
ထို့အပြင် သူတို့နှစ်ဦးတို့အား ကျင့်ကြံရန်အတွက် လုရီသည် သူတို့အား ယခင်က ရရှိခဲ့သော သင့်လျော်သော ဝိညာဉ်အရည်နှင့် နှစ်တစ်ရာ ဝိညာဉ်နှင်းစက်အချို့ကို လက်ဆောင် ပေးခဲ့ရာ သူတို့၏ ကျင့်ကြံမှုကို အရှိန် မြှင့်ပေးမည် ဖြစ်သည်။
ထို့ကြောင့် အနာဂတ်တွင် လုရီ ရရှိမည့် ဆုလာဘ်များသည် သဘာဝအတိုင်း ပိုကောင်းလာမည် ဖြစ်သည်။
ကျန့်ဖန် နှင့် သူ၏သူငယ်ချင်း နှစ်ဦးပင်လျှင် လုရီ၏ တင်းကြပ်သော တောင်းဆိုမှုများအောက်တွင် လျင်မြန်စွာ တိုးတက်ခဲ့ပြီး သူတို့၏ ယခင် ကျင့်ကြံမှု အရှိန်အဟုန်ထက် များစွာ ပိုမို မြန်ဆန်လာခဲ့သည်။
မမှားပါ။အများဆုံး အကျိုးအမြတ် ရရှိသူကတော့ အမှန်စင်စစ်ပင် လုရီကိုယ်တိုင်ပါပဲ။
ဤ အချိန် တစ်လ ကာလ၌ သူသည် နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီ ထောင်ပေါင်းများစွာသော အစက်များအား သိမ်းပိုက်မိခဲ့သည်။ ထို့ပြင် သူ၏ ရေစိတ်ဆန္ဒ နယ်ပယ် နှစ်ဆယ် ရာခိုင်နှုန်းနှင့် သူ၏ သဘာဝ နယ်ပယ်နှင့် ရေခဲ နှလုံးသား နယ်ပယ် နှစ်ခုစလုံးအား နှစ်ဆယ် ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ သူ၏ ကြံ့ခိုင်မှုက အရင်ကနှင့် ယှဉ်လျှင် အများကြီး တိုးတက်လာသည်။
အသခ်ျေဝိညာဉ် နှင်းစက်နှင့် နှစ်တစ်ထောင် ဝိဥာဉ် နှင်းစက်အတွက်မူ ပို၍ပင် ကြီးကျယ်သော ပမာဏ စုဆောင်းမိပါသည်။အသခ်ျေဝိညာဉ် နှင်းစက်သည် သူ သုံးနိုင်သေးသော အရာတစ်ခု ဖြစ်သည်။ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်အတွက် သုန်းကုန်းမင်ယွဲ့အား အချို့ကို ပေးနိုင်ပြီး ကျန်အရာများကို အဘိုးကြီးလုနှင့်
သူ့အမေအတွက် အသုံးပြုရန် ပေးရမည်။
သူတို့အတွက် သူ အရင်က ပေးခဲ့သည့်
နှစ်တစ်ရာ ဝိညာဉ်နှင်းစက်က သူတို့၏ အရည်အချင်းတွေကို အများကြီး မမြှင့်တင်နိုင်တော့ပေ။ထို့ကြောင့် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်က သူတို့အတွက် သင့်တော်ပါသည်။
ယွင်ရှီးနှင့် ဟန်ယွီ ထွက်ခွာသွားပြီးနောက် ကျန့်ဖန် နှင့် သူ၏သူငယ်ချင်းများသည်
လုရီအား နှုတ်ဆက်ပြီး ဂိုဏ်းအလုပ်များကို ဆက်လက် လုပ်ဆောင်ရန်နှင့် အရင်းအမြစ်များကို စုဆောင်းရန် စီစဉ်ခဲ့သည်။
...
လုရီကမူ သူ၏ တည်ငြိမ်သော လေ့ကျင့်မှုကို နေ့တိုင်း ပြန်လည် စတင်ခဲ့တော့သည်။
အချိန်က တရွေ့ရွေ့ ကုန်လွန်လာသည်။
သုံးလအကြာတွင် သူသည် ပုံမှန်အားဖြင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း၏ အထွတ်အထိပ်ဟု ယူဆရသည့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ဆယ်ခုမြောက် အလွှာသို့ ချိုးဖျက်သွားခဲ့သည်။
ဟုတ်ပါသည်။ ကောင်းကင်တာအိုကန့်သတ်ချက်အား ချိုးဖျက်ဖို့အတွက် သူဟာ အစစ်အမှန်အထွတ်အထိပ်ကိုတော့ မရောက်ရှိသေးပါပေ။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ်လွှာကို ရောက်သောအခါ လုရီသည် စိတ်အားထက်သန်စွာဖြင့် သူ့ကိုယ်သူ အလုပ် တစ်ခု ချမှတ်သည်။
" အခြေခံ အုတ်မြစ်တည်ထောင်ခြင်း.. ဆယ့်တစ်လွှာကို ငါ ဖြတ်ကျော်ချင်တယ်"
[အလုပ်] အခြေခံ အုတ်မြစ်တည်ထောင်ခြင်းဆယ့်တစ်လွှာကို ဖြတ်ကျော်ပါ။
ဆုကြေး- တာအိုဝိဉာဉ် ပုလဲ၁လုံး။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
ဆုကြေးကို မြင်လျှင် လုရီသည် ကျေနပ်စွာ အံ့သြသွားသည်။
အမှန်ပင် ဖြစ်သည်။ ကောင်းကင်တာအိုကန့်သတ်ချက်ကို ဖြတ်ကျော်ခြင်းအတွက် ဆုကြေးသည် သာမန် အဆင့်တက်မှု
တစ်ခုအတွက် ဆုကြေးထက် များစွာကြီးမားပါသည်။
ဤတာအို ဝိညာဉ်ပုလဲသည် တာအိုစွမ်းအား အမျှင်ကဲ့သို့ ကျင့်ကြံသူ၏ အခြေခံ အုတ်မြစ်အား ခိုင်ခံ့စေသော ကောင်းကင်နှင့် မြေကြီး ရတနာ ဖြစ်သည်။
တာအို ဝိညာဉ်ပုလဲသည် သူ၏ ရွှေအူတိုင်နယ်ပယ်သို့ ချိုးဖျက်ရန်အတွက် မရှိမဖြစ် လိုအပ်သော ရတနာ တစ်ခု ဖြစ်သည်။
လုရီသည် အားသစ်လောင်းကာဖြင့် အာရုံစိုက်ကာ ..အားသွန်ခွန်စိုက် ဆက်လက် ကျင့်ကြံခဲ့သည်။ ရှစ်လအကြာတွင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ဆယ်လွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ချီ သန့်စင် နယ်ပယ်မှာကဲ့သို့ပင် ယခုအခါ သူ့ရှေ့တွင် ရှင်းလင်း ပြတ်သားသော လမ်းကြောင်း နှစ်သွယ်ကို ခံစားနေရသည်။
တစ်ခုက ရွှေအူတိုင် နယ်ပယ်ကို တိုက်ရိုက်ဖြတ်ကျော်ဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ပစ်ဖို့ပါပဲ။
လုရီသည် သူ၏ ပြောင်မြောက်သော ရုပ်ခန္ဓာ၊ ဝိညာဉ်စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည့်အခါ ကောင်းကင် တာအို ကန့်သတ်ချက်ကို တိုက်ရိုက် ခံစားနိုင်သည်ကို မအံ့သြမိပါ။
ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါး နည်းစနစ်ဖြင့် သွန်းလောင်းထားသော သူ၏ ရုပ်ခန္ဓာသည် ယခုအခါတွင် မသန်မာဘူးဆိုလျှင်ပင် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းရတနာများနည်းတူ မာကျောသည်။
ဝိညာဉ် စွမ်းအားအတွက် လုရီသည် မသေမျိုး ကျမ်းဖြစ်သော "မသေမျိုးဓားကျမ်း" ကို လေ့ကျင့်ခဲ့ပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အပိုင်းကို ရှစ်လွှာ အထိ လေ့ကျင့်ထားပြီး ဖြစ်သည်။
အမှန်တကယ်တော့ ကိုးလွှာသို့ ရောက်ရှိရန် မဝေးလှပါ၊ လအနည်းငယ်သာ လိုတော့သည်ဟု ခံစားမိသည်။ ထို့အပြင်
သူ၏ ဝိညာဉ် စွမ်းအား လေပွေငယ်သည် တာအို စွမ်းအားအမျှင်မှ ဖွဲ့စည်းထားသောကြောင့် ၎င်းသည် သာမန် ကျင့်ကြံသူ၏ အခြေခံအုတ်မြစ်ထက် ပိုမို ကြံ့ခိုင်ပါသည်။
သူ၏ ဝိညာဉ် စွမ်းအားမှာမူ ထုံးစံအတိုင်း ချီးကျူးနိုင်သည်ထက် ကျော်လွန်သည်။ အသွင်ပြောင်းခြင်း ဖြစ်ပေါ်ပြီး ရွှေအိုင်ကြီးတစ်ခုပင် ဖန်ဆင်းပြီး ဝိညာဉ် စွမ်းအားအရာမှာ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူထက် များစွာ မနိမ့်ကျလှပေ။
အခြေခံ ခွန်အားအရမူ ယခုအခါ ရွှေအူတိုင် ကျင့်ကြံသူများထက် ပိုမိုအားကောင်းလာခဲ့သည်။
ကောင်းကင်တာအို ကန့်သတ်ချက်ကို ချိုးဖျက်ရန် လမ်းကြောင်းကို သဘာဝအတိုင်း ရွေးချယ်ခဲ့ပြီး အသခ်ျေ ဝိညာဉ်နှင်းရည်ကို စားသုံးခြင်းဖြင့် ကောင်းကင်အတားအဆီးကို စတင် ဖျက်ဆီးခဲ့သည်။ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ရှိ ကောင်းကင် အဟန့်အတား သည် ချီသန့်စင် နယ်ပယ်တုန်းကထက် များစွာ ခိုင်ခံ့သည်။
ကောင်းကင် အဟန့်အတား မှ ထွက်ပေါ်လာသော ကြောက်ခမန်းလိလိ စွမ်းအားကို လုရီသည် ခံစား၍ ရနေသည်။
အထက်မှ ကြည့်ရှု၍ ဖြစ်တည်မှုအားလုံးအား ပုရွက်ဆိတ်မျှသာဟု မှတ်ယူထားသည့် အဓိပတိ ကောင်းကင် တာအို ဖိအားပင်...။
ဖြစ်တည်မှုအားလုံးကို ပုရွက်ဆိတ်မျှသာဟု မှတ်ယူသည်လော။
လုရီသည် ထိုကဲ့သို့ ဖိအားကြောင့်
အေးစက်စက် ချွေးစေးများ သူ့နောက်ကျောတွင် ရွှဲနစ်လာသည်ကို ခံစားလိုက်ရသည်။
၎င်းက ခွန်အားနှင့် ဘာမှ မဆိုင်ပေမယ့် လအပြည့်အဝပင် စိတ်ဓာတ်နှင့် သက်ဆိုင်သော အခြေအနေ တစ်ခုပါ။
ခိုင်မာသော အခြေခံအုတ်မြစ်အား ပိုင်ဆိုင်ထားသော်လည်း ခိုင်မာသော စိတ်ထားမရှိသော ကျင့်ကြံသူသည် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို ဖိအားကို ရင်ဆိုင်၍ ကောင်းကင်အဟန့်အတား ကို ရဲရင့်စွာ ဖြိုခွဲပစ်ရန် သတ္တိ မရှိနိုင်ပေ။
အခြားရှုထောင့်မှ ကြည့်လျှင် ကောင်းကင်တာအို ဖိအားကို ခံနိုင်ရည် ရှိပြီး ကောင်းကင် အဟန့်အတား ကို ဖြိုခွဲခြင်းသည် စိတ်ဓာတ် သန်မာမှု တစ်ခုဖြစ်သည်။
တစ်စုံတစ်ယောက်၏ ပြင်းပြမှုနှင့် စိတ်နေစိတ်ထားကို စမ်းသပ်သည်။
ကန့်သတ်ချက်သုံးခုကို ဖြတ်ကျော်နိုင်သူများသည် ယေဘူယျအားဖြင့်
မယိမ်းယိုင်သော ပြင်းပြသည့် စိတ်ဆန္ဒနှင့် မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော စိတ်ပိုင်းဖြတ်မှု ရှိကြသည်။
ချီ သန့်စင် နယ်ပယ်တွင် ကောင်းကင်ဘုံကန့်သတ်ချက် သုံးခုကို ဖြိုဖျက်ပြီး ကောင်းကင်တာအို ဖိအားအောက်တွင် သူ့အလိုဆန္ဒကို တွန်းလှန်ခဲ့သည်ဖြစ်ရာ ယုံကြည်မှု အပြည့်ဖြင့် လုရီသည် ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိဘဲ ယခုပင် ပိုမိုပြင်းထန်သော ကောင်းကင်တာအို ဖိအားကို ရင်ဆိုင်သည်။
မယိမ်းယိုင်သော သံန္နိဋ္ဌာန်ဖြင့်၊ သူသည် သူ၏ ဝိညာဉ်စွမ်းအားကို ထပ်ခါတလဲလဲ လည်ပတ်စေကာ ၎င်းကို မသေမျိုးဓား စိတ်ဆန္ဒအဖြစ် ပြောင်းလဲပြီး တောက်ပနေသော အရောင်များဖြင့် ပေါင်းစပ်သည်။
အဟန့်အတားကို ထပ်ခါတလဲလဲ ထိတိုက်ကာ မဆုတ်မနစ် ကြိုးစား အားထုတ်ခဲ့သည်။
---------------