← Chapters

အကြံအစည်

Vol. 85 Ch. 846

အကြံအစည်

Vol. 85 Ch. 846

ခေါင်းလောင်းသံကဲ့သို့ သာယာညှင်းပြောင်းသော ရယ်သံတခု လေထဲတွင် ပျံ့လွင့်လာ၏။

ထို့နောက် အနီရောင်အရိပ်တရိပ် တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။ သူမမှာ တခြားသူမဟုတ်။ မီးလျံညှို့ငင်ပင် ဖြစ်လေသည်။

မီးလံညှို့ငင်သည် လေထဲတွင် ရပ်နေရင်း စုချန်းကို မခိုးမခန့်နိုင်သော အမူအရာနှင့် စိုက်ကြည့်နေ၏။

"နောက်ဆုံးတော့ သခင့်ဆီကနေ ကျွန်မပုန်းနေလို့ မရတော့ဘူးပေါ့လေ တကယ်တော့ ကျွန်မ ဒီနေရာကိုရောက်နေတာ အချိန်အတော်လေကြာသွားပြီရှင့် မှန်ကန်တဲ့ အချိန်ကို စောင့်ပြီး သခင့်အတွက် ဝင်ရောက်တိုက်ခိုက်ပေးဖို့ ကျွန်မ ရည်ရွယ်ထားတာ ဒါပေမဲ့ သခင်က ကျွန်မကို အတင်းကိုပဲ ခေါ်ထုတ်လိုက်တာကိုး"

“ငါ့အတွက် မှန်ကန်တဲ့ အချိန်ကို စောင့်ပြီး တိုက်ခိုက်မယ် ဟုတ်လား”

စုချန်း ပြုံးလိုက်၏။

"မင်းဆိုလိုတာ ငါ့ကို တိုက်ခိုက်မယ်ပေါ့ ဟုတ်လား"

မီးလျံညှို့ငင် မျက်နှာပျက်သွား၏။

“သခင် နောက်နေတာမလား ကျွန်မရဲ့ အသက်က သခင်ရဲ့လက်ထဲမှာလေ ဘယ်လိုလုပ်ပြီး ကျွန်မက သခင့်ကို သစ္စာဖောက်ရဲမှာလဲ"

“ဒါပေမဲ့ မယ်တော်နတ်ဘုရားအဖွဲ့ဆီ ငါ့အကြောင်းတွေ သတင်းပေးခဲ့တာ မင်းပဲလေ ဒီလိုမှမဟုတ်ရင် ဒီအသုံးမကျတဲ့ကောင်တွေ ဒီနေရာကို ဘယ်လိုရောက်လာနိုင်မှာလဲ”

စုချန်း၏လေသံမှာ တည်ငြိမ်လှ၏။

ထိုစကားကို ကြားသောအခါ လူတိုင်း၏မျက်နှာအမူအရာများ ချက်ချင်းပင် ပြောင်းလဲကုန်ကြသည်။တချိန်တည်းမှာပင် မယ်တော်နတ်ဘုရားအဖွဲ့၏အဖွဲ့သားများနှင့်လီတောက်ဟုန်၏ တပည့်တပန်းများက စုချန်းကို ဟစ်အော်ကြိမ်းမောင်းကြတော့သည်။

“တယ်လဲမောက်မာထောင်လွှားလှချည်လားကွ ခွေးမသား"

သို့သော် လီတောက်ဟုန်နှင့် ညနေမင်းတို့က ၎င်းတို့လက်အောက်ငယ်သားများ ပါးစပ်ပိတ်ထားရန် လက်ထောင်ပြလိုက်ကြ၏။

တဖက်တွင်မူ မီးလျံညှို့ငင်သည် စုချန်းကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေရှာ၏။

“မင်း ထပ်ပြီးငြင်းချင်သေးသလား”

စုချန်း ပြုံးလိုက်၏။ မီးလျံညှို့ငင်ကား ထိတ်လန့်တုန်လှုပ်နေခဲ့လေပြီ။

“ဘာလို့ ကျွန်မက ကိုယ့်အသက်ကို အသေခံရမှာလဲ ကျွန်မရဲ့စိတ်ဝိဉာဉ်အပိုင်းအစက သခင့်လက်ထဲမှာ ရှိနေသေးတယ်လေ ဒီလိုအနေအထားမှာ ကျွန်မက ဘယ်လိုလုပ်သတင်းပေးရဲမှာလဲ"

စုချန်း အားရပါးရ ရယ်မောလိုက်ပြန်၏။

"ဘာလို့သတင်းပေးရဲတာလဲဆိုတော့ တယောက်ယောက်က မင်းရဲ့ချုပ်နှောင်မှုကို ဖယ်ရှားပေးလိုက်လို့ပေါ့ကွာ ဟုတ်တယ်မလား မင်းသားလေးလီ...မင်းတို့ရဲ့အိပ်မက်အလှသွေးဗီဇဟာ အိပ်မက်ဆိုင်ရာနည်းစနစ်တွေမှာ အားအကောင်းဆုံးလို့ဆိုနိုင်ပေမဲ့ အိပ်မက်ကမ္ဘာဆိုတာ စိတ်ဝိညာဥ်အမျိုးအစားထဲမှာပဲ ပါဝင်နေသေးတယ် ဒါကြောင့် မင်းရဲ့စိတ်ဝိညာဥ်စွမ်းအင်ဟာ အတော်လေးကို အားကောင်းလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် ဒါကြောင့် လီမျိုးနွယ်မှာ စိတ်ဝိညာဥ်ထိန်းချုပ်မှုကို ပျက်ပြယ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေမှာ သေချာသလောက်ပဲ မဟုတ်ရင် မင်း ဒီနေရာကို ဘာလို့ ရောက်လာမှာလဲ"

လီတောက်ဟုန် အံ့အားသင့်သွားပြန်၏။

"ဟေ့ မင်းဟာ လီမျိုးနွယ်အကြောင်းကို အံ့ဩစရာကောင်းလောက်အောင် သိထားတာပဲ မီးလျံညှို့ငင်က မင်းဟာ အသက်အရွယ်နဲ့မလိုက်အောင် အသိပညာ ဗဟုသုတတွေ ကြွယ်ဝတယ်လို့ ပြောခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ ကျုပ်တော့ မင်းကို အထင်ကြီးသွားပြီ”

တဖြည်းဖြည်းနှင့် မီးလျံညှို့ငင်၏ မျက်နှာ အရုပ်ဆိုး အကျည်းတန်လာ၏။

“ရှင် ဘယ်တုန်းက သိသွားတာလဲ”

သူမသည် လေမျိုးဆုံရာမျိုးနွယ်စုကဲ့သို့ပင် စုချန်းကို အရှုံးပေးခဲ့ရ၏။ ဆိုလိုသည်မှာ သူမ၏နာခံမှုသည် သစ္စာတရားကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်။ ထို့ကြောင့် သူမ၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိရန် နည်းလမ်းများ ရှာဖွေနေခဲ့သည်မှာ သဘာဝကျပေသည်။

သို့သော် စုချန်း၏ နည်းစနစ်ကို ပျက်ပြယ်စေရန် မည်သို့လုပ်ရမည်ကိုလည်း သူမ မသိချေ။ တဖက်တွင်လည်း သူမသည် ကံကြမ္မာလက်ချောင်းများအဖွဲ့ဝင်တယောက်သာမကပဲ မိခင်နတ်ဘုရားအဖွဲ့မှ စေလွှတ်ထားသော သူလျှိုတယောက်လည်း ဖြစ်နေပြန်၏။ထို့ကြောင့် လီတောက်ဟုန်နှင့် မဟာမိတ်ဖွဲ့ရန် မိခင်နတ်ဘုရားအဖွဲ့အား သူမက တောင်းဆိုခဲ့လေသည်။ ထိုအဖွဲ့ထဲတွင် သူမ၏ အဆင့်အတန်းက မြင့်မားသည့်အပြင် သူမကို ကူညီပံ့ပိုးပေးမည့် အစွမ်းထက်ပုဂ္ဂိုလ် အများအပြားလည်း ရှိနေခဲ့၏။ နောက်ဆုံးတော့ လီတောက်ဟုန်၏ အကူအညီနှင့် စုချန်း၏ ထိန်းချုပ်မှုအောက်မှ သူမ လွတ်မြောက်နိုင်ခဲ့လေသည်။ သို့မဟုတ်လျင် ဤလျှို့ဝှက်နယ်မြေကို လီတောက်ဟုန်၏ ရှေ့တွင် သူတို့ ဘယ်နည်းနှင့်မှ လွယ်လွယ်ကူကူ ဖွင့်ပေးမည်မဟုတ်ချေ။

တဖက်တွင်လည်း လီတောက်ဟုန်သည် မီးလျံညှို့ငင်ကို ကယ်တင်ပေးခြင်းအားဖြင့် ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေရှာဖွေရေးခရီးစဥ်တွင် ပါဝင်ခွင့်ရခဲ့၏။ ထို့ကြောင့် သူ ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်းပင်။

သို့သော် ယခုတော့ မိုးပြာရောင်မျက်နှာဖုံးဆိုသည့်ငတိက ဤအချက်အလက်များအားလုံးကို ကြိုတင်သိရှိထားပုံရ၏။ အခြေအနေကတော့ မီးလျံညှို့ငင်နှင့်ညနေမင်းတို့အတွက် စိတ်ပူစရာဖြစ်နေခဲ့လေပြီ။ ညနေမင်းကိုယ်တိုင်သည်လည်း အကြီးအကျယ် မျက်နှာပျက်နေ၏။

“မင်း နောက်ထပ် ဘာတွေ သိထားသေးတာလဲ"

“နောက်ထပ် ဘာတွေ သိထားသေးလဲ ဟုတ်လား”

စုချန်း ခေါင်းမော့ပြီး စဥ်းစားဟန်ပြုလိုက်၏။ ပြီးမှ သူက ပြန်ဖြေလိုက်သည်။

“အော် မီးလျံညှို့ငင်ဟာ မိခင်နတ်ဘုရားအဖွဲ့ဘက်ကနေ ကံကြမ္မာလက်ချောင်းများအဖွဲ့ထဲကို ထည့်ထားတဲ့ သူလျှိုဆိုတာကိုလဲ ကျုပ် သိထားသေးတယ် ပြီးတော့ သူ့ဆရာက ကောင်းကင်မြို့တော်မှာရှိတဲ့ မိခင်နတ်ဘုရားအဖွဲ့ရဲ့ ဘုန်းတော်ကြီးတွေထဲက တစ်ပါးပဲ ဟုတ်တယ်မလား ဒီလိုလူမျိုးက တခြားလူတွေထက် ပိုသာတဲ့ လူနေမှုအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတတ်တယ်"

မီးလျံညှို့ငင် တကိုယ်လုံး တုန်ယင်သွား၏။

“မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး ရှင် ဒါတွေအားလုံးကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"

အဝေးတနေရာမှ စောင့်ကြည့်နေကြသော လေမျိုးဆုံရာအမြဲစိမ်းနှင့် နုပျိုပြည့်လျံတို့သည်လည်း ကြားလိုက်ရသောစကားများကြောင့် ကြက်သေသေသွားကြ၏။

အခြေအနေက ဘယ်လိုလုပ်ပြီး ပြောင်းပြန်ဖြစ်ကုန်တာလဲ...

စုချန်း အားရပါးရ ရယ်မောလိုက်၏။ အထက်ပါအကြောင်းအရာများအားလုံးကို မူလအရိုးတောင်ဝှေးမှတစ်ဆင့် ကြိုတင်ခန့်မှန်းထားခြင်းဖြစ်ကြောင်း သူ ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်ချေ။

“ကျုပ် ဘယ်လိုသိလဲဆိုတာက အရေးမကြီးဘူး အရေးကြီးတာက ဒီနေ့ တိုက်ခိုက်ရမယ့်တိုက်ပွဲပဲ”

ညနေမင်း မျက်လုံးမှေးလိုက်၏။

“အဲဒီစကား မှန်တယ် မင်း ဘယ်လိုသိခဲ့လဲဆိုတာ အရေးမကြီးတော့ဘူး မင်းကို ဖမ်းမိတာနဲ့တင် အဲဒီသတင်းအချက်အလက်တွေ ဘယ်ကထွက်လာသလဲဆိုတာ သိရမှာပဲလေ"

တချိန်တည်းမှာပင် သူ့တကိုယ်လုံး အလင်းရောင်များ တောက်ပလာ၏။ သူ့ပတ်ဝန်းကျင်ရှိ လူပျံတော်များကလည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် စုချန်း၏ အမူအရာမှာကား အေးဆေးတည်ငြိမ်လှ၏။

“မင်းတို့အားလုံး တအားလောကြတာပဲကိုး ကျုပ် ဒီအခြေအနေအားလုံးကို ကြိုတင်သိထားဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကို အဖမ်းခံရအောင် လုပ်နေအုံးမှာတဲ့လဲ"

ညနေမင်း အံ့အားသင့်သွားရပြန်၏။

မှန်ပေသည်။ ရန်သူသည် ဤအခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်ထားပါက ပြင်ဆင်မှုများ လုပ်ထားမည်မှာ သဘာဝကျ၏။ ထိုအခါသူက စုချန်းကို စူးစိုက်ကြည့်နေ၏။

"မင်း ဘာလုပ်ထားတာလဲ”

“အဲဒါက ကျုပ်စောင့်နေတဲ့ မေးခွန်းပဲ”

စုချန်း ပြုံးလိုက်၏။

ထို့နောက် သူက လီတောက်ဟုန်ကို ကြည့်လိုက်ပြန်၏။

“မင်းဟာ စိတ်ဝိညာဥ်ကန့်သတ်ချက်ကို ဖယ်ရှားနိုင်ပေမဲ့ ဒါကိုရော ဖယ်ရှားနိုင်မလား”

ထိုသို့ပြောပြီးသည်နှင့် သူသည် လက်တဖက်ကို ထူးဆန်းသောပုံစံတမျိုးဖြင့် လှုပ်ရှားလိုက်၏။

ထိုအချိန်မှာပင် မီးလျံညှို့ငင်၏ တကိုယ်လုံး အပြင်းအထန် တုန်ယင်လာတော့၏။

"ရှက်သွေးနီနီ"

ညနေမင်း အထိတ်တလန့် အော်ဟစ်လိုက်၏။

ရှက်သွေးနီနီဟူသည် မီးလျံညှို့ငင်၏ အမည်ရင်းပင် ဖြစ်သည်။

မီးလျံညှို့ငင်၏ မျက်နှာသည် မြန်မြန်ဆန်ဆန်ပင် ဖျော့တော့လာ၏။ သူမ၏ ခါးအလယ်ပိုင်းနေရာတွင်လည်း မူမမှန်တော့ပဲ ဖောင်းကြွလာလေသည်။

မီးလျံညှို့ငင် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ရှိနေတယ် အတွင်းထဲမှာ လှုပ်ရှားနေတယ်”

"မင်း မင်း..ယုတ်မာလှချည်လား မင်း သူ့ကို ဘာလုပ်လိုက်တာလဲ"

ညနေမင်းမှာ အရူးတပိုင်း ဖြစ်နေရှာသည်။

“သူ့ကို ထိန်းချုပ်ဖို့ နည်းစနစ်သစ်တစ်ခုကို အသုံးပြုလိုက်တာပေါ့ကွာ ဟား ဟား ဟား အတိုချုပ်ပြောရရင် ကျုပ်လတ်တလော တီထွင်နေတဲ့ ပိုးကောင်တစ်မျိုးပဲ ဆိုပါတော့ ကျုပ်ဟာ သက်ရှိပုံသဏ္ဍာန် ပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုများစွာ လုပ်နေခဲ့တာ ကြာပြီ မကြာသေးခင်ကပဲ ကျုပ် အောင်မြင်သွားခဲ့တယ် ဒီပိုးကောင်ဟာ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ထည့်လိုက်တာနဲ့ အဲဒီလူရဲ့ ကိုယ်တွင်းမှာ ကျုပ်အမိန့်အတိုင်း လှုပ်ရှားသွားလာနေလိမ့်မယ် ကျုပ်မှာ ဒီအတွက် သုတေသနလုပ်ဖို့ စမ်းသပ်ခံတယောက်လိုနေတာ ခုတော့ မီးလျံညှို့ငင်ကိုပဲ ကျေးဇူးတင်ဖို့ကောင်းနေပြီ ကြည့်ရသလောက် အကျိုးသက်ရောက်မှုက မဆိုးတဲ့ပုံပဲ ဒါနဲ့ ဒီပိုးကောင်ကို ဘာနာမည်ပေးသင့်သလဲ လောဘကပ်ပါးကောင်လို့ ခေါ်ရင်ကောင်းမလား မင်းတို့ဘယ်လိုထင်သလဲ နာမည်က တော်တော်ကောင်းတယ်မလား"

ညနေမင်းသည် မီးလျံညှို့ငင်ကို စိုးရိမ်ပူပန်စွာ ကြည့်နေ၏။ သူမကား နာကျင်မှုကြောင့် ကွေးကောက်တွန့်လိန်ပြီး ချွေးများယိုစီးကျနေခဲ့လေပြီ။ စုချန်းက အေးစက်သောလေသံနှင့် ဆက်ပြောလိုက်၏။

"ဒီကပ်ပါးပိုးကောင်ကို ကျုပ် အသက်သွင်းလိုက်တာနဲ့ ဒီကောင်က သူ့ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို အငမ်းမရ စပြီးစားသောက်လိမ့်မယ် ဟုတ်တာပေါ့ စားလို့မပြီးမချင်း သူ အပြင်ထွက်လာမှာ မဟုတ်ဘူး ဒါပေမဲ့ ဘာမှ စိတ်မပူပါနဲ့ သူ ဗိုက်ပြည့်သွားတာနဲ့ သူ့ဘာသာသူ ထွက်လာလိမ့်မယ်”

"ကျွန်မ မယုံဘူး"

မီးလျံညှို့ငင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း တောက်ပသော မီးတောက်များ စတင်ပေါ်ထွက်လာပြီး သိပ်မကြာမီ တကိုယ်လုံးကို မီးတောက်မီးလျှံများ ဖုံးလွှမ်းသွား၏။ သူမကိုယ်တွင်းရှိ သေးငယ်သော ပိုးကောင်များ ဤနည်းအားဖြင့် မီးလောင်ကျွမ်းသွားမည်ဟု မီးလျံညှို့ငင် ယူဆထားလေသည်။

သို့သော် စုချန်းက သက်ပြင်းချလိုက်၏။

"လောဘကပ်ပါးကောင်ကို ဒီလောက် လွယ်လွယ်ကူကူ ဖျက်ဆီးလို့ရနေမှတော့ ကျုပ်အဖို့ ဘာများအားစိုက်နေစရာလိုအုံးမှာလဲ"

တကယ်တမ်းတွင်လည်း ကပ်ပါးပိုးကောင်များသည် မီးလောင်ကျွမ်းသွားခြင်းမရှိသည့်အပြင် ပို၍ပင် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ အပူရှိန်သည် ၎င်းတို့၏ အစာစားချင်စိတ်ကို နှိုးဆွလိုက်ပုံရပေသည်။

“အား”

မီးလျံညှို့ငင်တယောက် သူမ၏ ဗိုက်ကို ဖိနှိပ်ထားရင်း နာကျင်စွာ အော်ဟစ်လိုက်၏။ သူမ၏ကိုယ်တွင်းအင်္ဂါများမှာကား ပိုးကောင်းများ၏ စားသောက်ခြင်းကို စတင်ခံနေကြရလေပြီ။ သူမသည် အာကင်နာနည်းစနစ် အမျိုးမျိုးကို သုံးကာ ပိုးကောင်များကို ဖယ်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားနေရှာ၏။ တချိန်တည်းမှာပင် ကျန်လူပျံတော်များကလည်း သူမကို ပြန်လည်ကုသပေးရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြလေသည်။ သို့သော်ထိုလုပ်ရပ်မှာ မီးလျံညှို့ငင်၏ သက်တမ်းကို ဆွဲဆန့်ပေးရုံမျှသာ တတ်နိုင်၏။ ၎င်းတို့သည် လောဘကပ်ပါးပိုးကောင်များကို မည်သည့်နည်းနှင့်မျှ ဖျက်ဆီးနိုင်ခြင်း မရှိကြပေ။ ထိုပိုးကောင်များ သူမ၏ကိုယ်ထဲတွင် ရှိနေသရွေ့ စားသောက်မှုကို ရပ်တန့်မည်မဟုတ်၍ မည်သည့်အကူအညီမဆို သူမ၏ ရှောင်လွှဲမရနိုင်သော အဆုံးသတ်ကို နှောင့်နှေးစေနိုင်ရုံသာ ရှိ၏။ တားဆီးနိုင်စွမ်းတော့ မရှိချေ။

မီးလျံညှို့ငင်၏ နာနာကျင်ကျင်အော်ဟစ်သံများကို မိုင်ပေါင်းများစွာကပင် ကြားရလောက်၏။

ညနေမင်းအဖို့ကား မရှုနိုင်မကယ်နိုင် ဖြစ်နေခဲ့လေပြီ။ သူသည် မီးလျံညှို့ငင်ကို ကြိတ်၍ချစ်နေသူ ဖြစ်သည်။ မီးလျံညှို့ငင်တယောက် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့်မြင်ကွင်းမှာ သူ့ကို အကြီးအကျယ် နာကျင်စေ၏။ ထိုအခါ သူက အောက်ပါအတိုင်း အော်ဟစ်လိုက်လေသည်။

“ဟေ့ ရပ်လိုက်တော့ အဲဒီကပ်ပါးကောင်တွေကို အပြင်ကို ထုတ်ပေးပါ ကျုပ်တို့ ဒီကနေ ချက်ချင်းဆုတ်ခွာပါ့မယ်လို့ ကျုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်တည်ပြီး ကျိန်ဆိုတယ်ကွာ ဒီနယ်မြေထဲမှာ တွေ့သမျှ ရတနာအားလုံးက မင်းအပိုင်ပဲ"

ထိုစကားကိုကြားသော် စုချန်းက မျက်မှောင်ကုတ်လိုက်၏။

"မင်းရဲ့ကတိက ကျုပ်အတွက် ဘာတန်ဖိုးမှမရှိဘူး မင်း သူ့ကို လွှတ်ပေးစေချင်တာလား ရတယ်လေ အခုချက်ချင်း ဒီကနေ ထွက်သွားလိုက် ပြီးရင် မီးလျံညှို့ငင်ကို ငါ့နဲ့အတူ ထားခဲ့သူ့ကို ငါ အသုံးချပြီးသွားရင် မင်းဆီကို ပြန်လွှတ်လိုက်မယ်"

“မဖြစ်နိုင်ဘူး"

“ဒါ မင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး”

စုချန်းက ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်၏။

ညနေမင်း တုန်လှုပ်သွားလေသည်။ ထိုအချိန်မှာပင် မီးလျံညှို့ငင်က အော်ဟစ်ပြောဆိုလိုက်၏။

“နေမင်း သူ့စကားကို နားမယောင်နဲ့ ဒီကောင်က အရမ်းယုတ်မာတယ် ရှင် သူ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောရင်တောင် သူ ကျွန်မကို ပြန်လွှတ်မှာမဟုတ်ဘူး လူပျံတော်တွေဟာ ဘယ်တုန်းကမှ သေရမှာကို မကြောက်ခဲ့ဖူးဘူး ကျွန်မသေရမယ်ဆိုရင်တောင် ဒီလူယုတ်မာကို ဆွဲခေါ်သွားမယ် နေမင်း ရှင် ကျွန်မအတွက် လက်စားချေဖို့ မမေ့နဲ့”

ထိုသို့ပြောပြီးသည်နှင့် မီးလျံညှို့ငင်၏ တကိုယ်လုံး စတင်မီးလောင်ကျွမ်းလာတော့၏။ သူမကိုယ်သူမ မီးလောင်ကျွမ်းစေပြီး အသေခံရန် ဆုံးဖြတ်လိုက်သည့် သဘောပင်။

“ရှက်သွေးနီနီ”

မီးလျံညှို့ငင် ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးပမ်းနေသည်ကို မြင်သောအခါ ညနေမင်း ဝမ်းပမ်းတနည်း အော်ဟစ်လိုက်၏။

သို့သော် စုချန်းကား အနည်းငယ်မျှ ဂရုစိုက်ပုံမရချေ။

"မင်းကိုကြည့်ရတာ တော်တော်လေးပြတ်သားနေပါလားကွ ဒါပေမဲ့ မင်း ဒီလို လွယ်လွယ်လေးနဲ့ အသေခံသွားလို့ ဘယ်ဖြစ်ပါ့မလဲ"

ကျန်လူများ မသိသည့်တိုင် သူမသည် ဒဏ္ဍာရီလာအာကင်နာနည်းစနစ်တစ်ခုကို အားကိုးနေကြောင်း စုချန်း ကောင်းကောင်းကြီး သိနေ၏။ မီးလျံညှို့ငင်၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသည် မိခင်နတ်ဘုရားအဖွဲ့တွင် ကျန်နေရစ်ခဲ့၏။ အကယ်၍ တနေရာရာတွင် သူမ အသတ်ခံရလျှင်ပင် သူမ၏ ဝိဉာဉ်က ထိုအစိတ်အပိုင်းဆီသို့ ပြန်လည်ဝင်စားကာ အသက်ပြန်ရှင်လာနိုင်မည် ဖြစ်သည်။

သို့သော် ဤရှင်ပြန်ထမြောက်ခြင်းအမျိုးအစားအာကင်နာနည်းစနစ်အတွက် ပေးဆပ်ရသည့်တန်ဖိုးမှာ အလွန်ကြီးမား၏။ ရှင်ပြန်ထမြောက်လာသည်နှင့် သူမ၏စွမ်းအားမှာ အလွန်ကျဆင်းသွားမည်ဖြစ်ပြီး ဤနည်းစနစ်မျိုးကို ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။ ထိုသို့ ပေးဆပ်ရသည့်တန်ဖိုးအလွန်မြင့်မား၍ ဤနည်းလမ်းကို သူမ အလွယ်တကူ အသုံးပြုလိုခြင်းမရှိချေ။ သို့သော် ယခုအခြေအနေတွင်တော့ မီးလျံညှို့ငင်အနေနှင့် ဤနည်းလမ်းကို ထုတ်သုံးရန်မှတပါး အခြားမရှိတော့။

ကံမကောင်းစွာဖြင့် တဖက်လူမှာ စုချန်း ဖြစ်နေ၏။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ သာမညောင်ညမဟုတ်။ ထို့ပြင် လီတောက်ဟုန်ထံမှ ရလိုက်သည့် စိတ်ဝိညာဥ်စွမ်းအားနှင့် ကျောက်စိမ်းမြူ၏စာအုပ်များထံမှ ရလိုက်သည့် အသိပညာများ ပေါင်းစပ်လိုက်သောအခါ စုချန်း၏ အနေအထားမှာ ယခင်ထက်စာလျင် များစွာ မြင့်မားသွားခဲ့ပေပြီ။

ကျောက်စိမ်းမြူ၏ စာအုပ်များထဲတွင် တစုံတယောက်၏ စိတ်ကို ထိန်းချုပ်နိုင်သည့် အာကင်နာနည်းစနစ်တစ်မျိုး ပါဝင်နေ၏။ ထိုနည်းစနစ်ကြောင့် စုချန်းသည် တစ်ချက်မျှကြည့်ရုံနှင့် မီးလျံညှို့ငင်၏ဝိညာဥ်ကို ခြေရာခံကာ ပိတ်ဆို့နိုင်လိုက်လေသည်။

“ဘယ်ကိုပြေးဖို့ကြိုးစားနေတာလဲ ဒီမှာပဲ နေတာ ပိုကောင်းလိမ့်မယ်"

ထို့နောက် စုချန်းက မီးလျံညှို့ငင်၏ ဝိညာဥ်ကို သူ့လက်ဖြင့် ဖမ်းဆွဲလိုက်၏။ သို့သော် ဤနည်းစနစ်ကို စုချန်းအနေနှင့် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်၍ ကျွမ်းကျင်မှုမရှိသေးချေ။ ထိုအခါ စုချန်းလက်ချက်ကြောင့် မီးလျံညှို့ငင်၏ ဝိညာဥ်မှာ အပိုင်းပိုင်းပြတ်တောက်သွားတော့သည်။

“မလုပ်နဲ့"

ညနေမင်း ရင်ကွဲနာကျနေသောအသံကြီးနှင့် အော်ဟစ်တားမြစ်လိုက်ရှာ၏။

***

All Chapters