ရှုပ်ထွေးသောအခြေအနေ
Vol. 85 Ch. 847
မထင်မှတ်ပဲ မီးလျံညှို့ငင်ကို သတ်မိသလိုဖြစ်သွား၍ စုချန်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ စိတ်ဝိညာဥ်သလင်းနှင့် ကျောက်စိမ်းမြူ၏ စာအုပ်များပေါင်းစပ်ပြီး နည်းစနစ်သစ်ကို သင်ယူနိုင်ခဲ့သော်လည်း ကျွမ်းကျင်ပိုင်နိုင်မှုမရှိခြင်းကြောင့် မီးလျံညှို့ငင် အသက်ပေးလိုက်ရလေပြီ။ မည်သို့ဆိုစေ ဤအခြေအနေမျိုးက ဖြစ်လေ့ဖြစ်ထရှိတတ်ပေသည်။
သို့သော် တခါတရံတွင် မ်ိမိ၏ လိုအပ်ချက်၊ အားနည်းချက်များသည်ပြင်းထန်သော အကျိုးဆက်များကို ပေါ်ပေါက်လာစေတတ်၏။ ယခုကဲ့သို့ လိပ်ခဲတည်းလည်းအခြေအနေမျိုးတွင် ဓားစာခံတဦး ဆုံးရှုံးလိုက်ရခြင်းမှာ စုချန်းအတွက် သိပ်မကောင်းလှ။
"အင်း...ဒီနေ့ ငါကံမကောင်းဘူးနဲ့တူတယ်"
စုချန်း အထက်ပါအတိုင်း ရေရွတ်ရင်း သက်ပြင်းချလိုက်၏။
ထိုအချိန်တွင် ညနေမင်းကားအကြီးအကျယ် ဒေါသူပုန်ထနေခဲ့လေပြီ။
"မိုးပြာရောင်မျက်နှာဖုံး ဒီနေ့ မင်း သေကိုသေရမယ်ကွ”
ညနေမင်း၏ အော်သံထွက်ပေါ်လာသည်နှင့်တပြိုင်နက် မိခင်နတ်ဘုရားအဖွဲ့မှ တပည့်များအားလုံးနှင့် လီတောက်ဟုန်၏ လက်အောက်ငယ်သားများအားလုံး စုချန်းဆီသို့ စုပြုံတိုးဝင်လာကြ၏။ ထိပ်တန်းအာကင်နာပညာရှင်အများအပြား စုချန်းအား ဝိုင်းအုံတိုက်ခိုက်ကြမည့်အခြေအနေကို မြင်လိုက်ရခြင်းကြောင့် နုပျိုပြည့်လျံတယောက် ကြောက်လန့်တကြားနှင့် မျက်လုံးအစုံကို မှိတ်ထားလိုက်မိ၏။ မိုးပြာရောင်မျက်နှာဖုံးသည် မကြာသေးမီက သတ္တမအဆင့်အာကင်နာပညာရှင်တဦး ဖြစ်လာခဲ့ပြီဟု သူမယုံကြည်ထားသော်လည်း ဤအုပ်စုကြီး၏ ပူးပေါင်းတိုက်ခိုက်မှုကိုတော့ ခုခံနိုင်လိမ့်မည်ဟု သူမ ထင်မထားချေ။
တစ်နည်းအားဖြင့်တော့ သူမ၏အထင်မှာ မှန်ကန်နေခဲ့၏။
အကယ်၍ စုချန်းသည် သတ္တမအဆင့် အာကင်နာပညာရှင်တဦးသက်သက်သာဆိုပါက ဤလူပျံတော်အုပ်ကြီး၏ ရေလှိုင်းကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်မည်မဟုတ်သည်မှာ သေချာနေ၏။ သို့သော် စုချန်းကား သတ္တမအဆင့် အာကင်နာပညာရှင်သက်သက်မဟုတ်။
သူသည် လူသားတဦးဖြစ်သည့်အပြင် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တဦးလည်း ဖြစ်နေ၏။ ပို၍အရေးကြီးသည်မှာကား သူ့အနေနှင့် ဤတိုက်ခိုက်မှုများကို တိုက်ရိုက်ခုခံရန် မလိုအပ်ခြင်းပင်။
သူ့ဆီသို့ အုံလိုက်ကျင်းလိုက် ပြေးဝင်လာကြသော လူပျံတော်များကို ကြည့်ရင်း စုချန်း အားရပါးရ ရယ်မောလိုက်၏။
"ကောင်းကွာ ဘာမှရှင်းပြလို့မရတော့ဘူးနဲ့တူတယ် ဒါပေမဲ့ ကံကောင်းသွားတာက ကျုပ်ကို သစ္စာဖောက်တဲ့ မိန်းမအပေါ် ကျုပ်ရဲ့မျှော်လင့်ချက်အားလုံးကို ပုံမအောမ်ိတာပဲ ဟဲ ဟဲ ဟဲ”
“မင်းမှာ တခြားဘာလှည့်ကွက်တွေ ကျန်သေးလို့လဲ"
ညနေမင်း ဒေါသတကြီး အော်ဟစ်ရင်း စုချန်းဆီသို့ မြှားတစင်းပစ်လွှတ်လိုက်၏။ ညနေမင်းဟူသည်ကား လူပျံတော်လေးသမားများအနက် အလွန်ပါရမီရှိသည့် အသံထက်မြန်လေးသမားတဦးပင် ဖြစ်သည်။ အသံထက်မြန်ဟူသောအဓိပ္ပါယ်မှာ ၎င်းတို့ပစ်လွှတ်လိုက်သည့် မြှားများမှာ အသံထက် မြန်ဆန်သောကြောင့်ပင်တည်း။ ထို့ကြောင့် ထိုမြှားများသည် အလွန်အစွမ်းထက်ပြီး ခုခံကာကွယ်ရန် ခက်ခဲလှ၏။
ညနေမင်း၏ မြှားသည် လေထုကိုဖောက်ထွင်းလျက် စုချန်းဆီသို့ ဦးတည်ပျံသန်းလာခဲ့လေပြီ။ ထိုမြား စုချန်းရှေ့တည့်တည့်သို့ ရောက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကြီးတသံ ထွက်ပေါ်လာ၏။ ထိုမိုးခြိမ်းသံမှာ တခြားမဟုတ်။ လေးညှို့ခတ်လိုက်သည့်အသံပင် ဖြစ်သည်။ ထို့ကြောင့် မြားနှင့်အပစ်ခံရသူသည် အသံကို မကြားရမီမှာပင် မြှားထိမှန်ခြင်းခံရပြီး အသက်ပျောက်သွားလေ့ရှိ၏။
အုန်းခနဲမြည်သံနှင့်အတူ ထိုမြှားသည် စုချန်းကို အရှိန်အဟုန်ပြင်းစွာ ထိမှန်သွားပြီး များပြားလှသော မီးပွားများ ထွက်ပေါ်လာ၏။ ထိုမြှားကို စုချန်းပင် ရှောင်တိမ်းနိုင်ခြင်းမရှိချေတကား။သို့သော် စုချန်းအနေနှင့် မြှား၏ အင်အားကိုတော့ ချေဖျက်ပစ်နိုင်ခဲ့သည်။
ညနေမင်း လေးမပစ်မိကပင် စုချန်းသည် သူ့ပတ်ပတ်လည်တွင် အကာအကွယ်တခုကို ဖန်တီးထားလိုက်၏။ ထိုအကာအကွယ်သည် စတုတ္ထအဆင့် အာကင်နာနည်းစနစ်တစ်ခု ဖြစ်သော်လည်း ညနေမင်း၏ မြှားကို ရပ်တန့်စေရန်တော့ လုံလောက်ခဲ့ပေသည်။ သို့သော် မြှား၏အရှိန်အဟုန်ကြောင့် စုချန်း နောက်သို့အတော်လေး ဆုတ်ပေးလိုက်ရ၏။
စက္ကန့်ပိုင်းမျှအကြာမှာပင် စုချန်း ကိုယ့်ကိုယ်ကို ပြန်လည်ထိမ်းသိမ်းနိုင်လိုက်၏။ ထို့နောက် သူ ရယ်မောလိုက်လေသည်။
"ဘယ်လောက်တောင်အင်အားကြီးတဲ့ မြှားပါလိမ့်”
ထိုအချိန်မှာပင် ညနေမင်းက နောက်ထပ်မြှားသုံးစင်းကို ထပ်မံပစ်လွှတ်လိုက်ပြန်၏။ ကျန်လူပျံတော်များနှင့် လီတောက်ဟုန်၏ လက်အောက်ငယ်သားများကလည်း နည်းစနစ်မျိုးစုံနှင့် ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြလေရာ ကောင်းကင်တခွင်လုံး မူလစွမ်းအင်မျိုးစုံနှင့် ရှုပ်ရှက်ခတ်သွားတော့သည်။
ရန်သူများ၏ စုပေါင်းတိုက်ခိုက်မှုကို စုချန်း၏ တုံ့ပြန်ပုံကတော့ အလွန်ရိုးရှင်းလှ၏။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် စုချန်း ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ကီလိုမီတာနီးအကွာတွင် ပြန်လည်ပေါ်ပေါက်လာ၏။
“အခုတော့ ဇာတ်စင်က အားလုံးဝင်ကပြလို့ရအောင် ကျယ်သွားပြီ”
အထက်ပါအတိုင်းပြောပြီး စုချန်း အားရပါးရပင် ရယ်မောနေ၏။
"ဒါပေမဲ့ ကျုပ် အဲ့ဒီမိန်းမတယောက်တည်းကို အားကိုးပြီး မင်းတို့အားလုံးကို ရင်ဆိုင်ဖို့ အစီအစဥ်မရှိဘူးလို့ ပြောထားပြီးသားနော် သူဟာ ကျုပ်အတွက် အစမ်းသပ်ခံသက်သက်ပဲ ကြည့်ရသလောက် ကျုပ်ရဲ့စမ်းသပ်မှုက တကယ်ပဲ အောင်မြင်သွားခဲ့ပြီ ထင်တယ်"
ထိုသို့ပြောနေစဥ်မှာပင် မီးလျံညှို့ငင်၏ အလောင်းထဲမှ ထူးဆန်းသောပိုးကောင်တစ်ကောင် ထွက်ပေါ်လာ၏။ ထိုပိုးကောင်မှာကား အထက်တွင် ဖော်ပြခဲ့သည့် လောဘကပ်ပါးကောင်ပေတည်း။
တကယ်လည်း မီးလျံညှို့ငင်၏အားကောင်းလှသော မီးလျှံများသည် ၎င်းကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်းမရှိချေ။ အပြင်သို့ရောက်သည်နှင့် ကပ်ပါးကောင်၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း ကြီးထွားလာ၏။
ကပ်ပါးကောင် ပေါ်လာသည့်အချိန်သည် လူပျံတော်များ စုပြုံတိုက်ခိုက်သည့်အချိန်နှင့် တစ်ထပ်တည်းကျနေ၏။ စုချန်းကား ထိုတိုက်ခိုက်မှုများမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့၏။ ထိုအခါ တိုက်ခိုက်မှုများက လောဘကပ်ပါးကောင်ဆီသို့သာ စုပြုံကျရောက်သွားတော့သည်။
သို့သော် ကပ်ပါးကောင်ကား ဒဏ်ရာရဖို့ဝေးစွ ဒေါသထွက်သွားဟန်ဖြင့် ထအော်လိုက်၏။
“ဒါ ဘယ်လိုသတ္တဝါမျိုးလဲဟ”
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
“ကျုပ် မင်းတို့ကို ပြောပြီးပြီလေကွာ ဒါ ကပ်ပါးကောင်တကောင်ပါဆို”
ပြောပြောဆိုဆို စုချန်းက ကပ်ပါးကောင်ရှေ့ရှိ လူပျံတော်တစ်ဦးကို လက်ညိုးထိုးပြလိုက်၏။ ထိုအခါ ထိုကပ်ပါးကောင်သည် လူပျံတော်ကို ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်တော့သည်။
ဤလူပျံတော်သည် ဆဋ္ဌမအဆင့် အာကင်နာပညာရှင်တစ်ဦးဖြစ်သည့်အပြင် စိတ်တည်ငြိမ်သူလည်း ဖြစ်နေ၏။ လောဘကပ်ပါးကောင် သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သည်နှင့် သူက ချက်ချင်းပင် အကာအကွယ်တခုကို ဖော်ထုတ်လိုက်၏။
အံ့သြစရာကောင်းသည်မှာ ထိုကပ်ပါးကောင်သည် ၎င်းအကာအကွယ်က်ို ချက်ချင်းပင် ကိုက်ဖြတ်စားသောက်လိုက်၏။ ထို့နောက် ၎င်းသည် လူပျံတော်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ကိုယ်တွင်းအင်္ဂါများကို စတင်စားသောက်တော့သည်။
လီတောက်ဟုန်က အံ့အားသင့်နေ၏။ ညနေမင်းမှာ ပို၍ပင် ဒေါသထွက်လာဟန်ရှိပေသည်။ သူ စုချန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်၏။
"ဒါ မင်းပြင်ဆင်ထားတဲ့ အကြံအစည်ပဲလား”
“လုံးဝမဟုတ်ဘူး”
စုချန်း ခပ်တည်တည်နှင့် ခေါင်းခါပြလိုက်၏။
“ဒါက အမြည်းပဲ ရှိသေးတယ် အဓိက ဟင်းလျာကတော့……”
ထို့နောက် သူ နောက်သို့လှည့်ကြည့်လိုက်၏။
"ဟော ရောက်လာပါပြီဗျာ"
ထိုအချိန်မှာပင် နောက်ထပ်လူပျံတော်အဖွဲ့တစ်ဖွဲ့သည် သူတို့ရှိရာသို့ ဦးတည်ပျံသန်းလာနေကြ၏။ ထိုလူပျံတော်အုပ်စု၏ ခေါင်းဆောင်ကို မြင်လိုက်သည်နှင့် လီတောက်ဟုန် မျက်လုံးပြူးသွားလေသည်။
"ဟာ ဟိုလီကင်းပါလား"
ဟိုလီကင်းဟူသည် မူလအလင်းရဲတိုက်တိုက်ပွဲအတွင်းဝယ် သူနှင့် ထိပ်တိုက်တိုးမိသူဖြစ်၏။ သူ ဤနေရာသို့ မည်သို့ ရောက်လာခဲ့သနည်း။ ထိုမျှသာမကသေး သူရောက်လာခြင်းမှာ လီတောက်ဟုန်ကို ပြသနာရှာရန်မှန်း အတိုင်းသား ပေါ်လွင်နေ၏။
အကြောင်းမှာ အနားသို့ပင်မရောက်သေးပဲ ဟိုလီကင်းက အောက်ပါအတိုင်း အော်ဟစ်နေသောကြောင့်ပင်။
"လီတောက်ဟုန် ခွေးမသား နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့ပြီကွ ဟားဟားဟား"
မည်သို့ဖြစ်ရလေသနည်း။
လျှို့ဝှက်နယ်မြေအတွင်း သူရောက်နေမည်ကို ဟိုလီကင်း မည်သို့သိနေသနည်း။ သို့သော် နောက်ဆုံးတော့ လီတောက်ဟုန် နားလည်သွား၏။ ထိုအခါ သူက စူးချန်းကို ကြည့်ရင်း မေးလိုက်လေသည်။
“မင်း သူ့ကို အသိပေးလိုက်တာလား”
“မင်းအတွက် ကျုပ် ကြိုတင်ပြင်ဆင်ထားတဲ့ လက်ဆောင်လေးဆိုပါတော့ကွာ"
စုချန်း ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။ လီတောက်ဟုန်ကား ဘာပြောရမှန်းပင် မသိတော့။
ဤလူပျံတော်သည် မည်သူများဖြစ်နေသနည်း။ သူနှင့် ဟိုလီကင်း၏အတိတ်ကာလမှ ရန်ငြိုးကို သင်း မည်သို့သိနေရသနည်း။ ထို့ပြင် ဤလူပျံတော်သည် အရာအာလုံးကို အချိန်မီအောင် မည်သို့များ ကြိုတင်ပြင်ဆင်နိုင်ခဲ့လေသနည်း။
သူ့ကို ရင်ဆိုင်ရန် ဟိုလီကင်းကို ထုတ်သုံးလိုက်ခြင်းမှာ အံ့ချီးလောက်ဖွယ် အကြံပင်။
“ဟေ့ ဟိုလီကင်း မင်း ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ညနေမင်း အံ့အားသင့်သွား၏။
ဟိုလီကင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
"လီတောက်ဟုန်ကို ဆုံးမဖို့ ရောက်လာတာပေါ့ကွာ ဟေ့ ညနေမင်း ခုကိစ္စက မင်းနဲ့မဆိုင်ဘူး မင်း ဒီမှာ ဘာလုပ်နေသလဲဆိုတာကိုလဲ ကျုပ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကျုပ်ကတော့ လီတောက်ဟုန်ဆိုတဲ့ကောင်ကို ဘယ်လိုမှချမ်းသာမပေးနိုင်ဘူးကွ"
စကားဆုံးသည်နှင့် သူက အချက်ပြလိုက်ရာ သူ့ အဖွဲ့သားများအားလုံး လီတောက်ဟုန်ဆီသို့ ပြေးဝင်သွားကြလေသည်။ ပထမတကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူး၍ ဟိုလီကင်းအနေနှင့် လီတောက်ဟုန်၏စွမ်းရည်များကို အတိုင်းအတာတစ်ခုအထိ နားလည်ထား၏။ ထို့ကြောင့် သူသည် ဤတစ်ကြိမ်တွင် အဆင်သင့်ပြင်ဆင်လာခဲ့လေသည်။ ထို့နောက် သူတို့အားလုံး လီတောက်ဟုန်နှင့်သူ့တပည့်တပန်းများကို ဝိုင်းထားလိုက်ကြ၏။
ညနေမင်းကား အကြီးအကျယ် ဒေါသထွက်နေခဲ့လေပြီ။
“မင်း……”
“စိတ်မပူပါနဲ့ကွာ မင်းအတွက်လည်း ကျုပ် ပြင်ဆင်ထားတဲ့ လက်ဆောင်တစ်ခုရှိတယ်”
စုချန်း အားရပါးရ ရယ်မောလိုက်၏။
ဘာကွ...
ဒီကောင်က လီတောက်ဟုန်အတွက်တင်မကဘူး ငါ့အတွက်ပါ ကြိုပြင်ထားတယ်ဆိုပါကလား...
ညနေမင်း အံ့အားသင့်သွားရပြန်သည်။
ထို့နောက် စုချန်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး အောက်ပါအတိုင်း အော်ဟစ်လိုက်၏။
"ဟေး မင်းတို့ အဲ့ဒီမှာ ဒီအတိုင်းကြီး ဆက်ပုန်းနေတာကတော့ မဟုတ်သေးဘူးထင်တယ်”
သူ့စကားဆုံးသည်နှင့် နောက်ထပ်လူပျံတော်အဖွဲ့ကြီးတဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရှည်လျားချွန်ထက်သောဦးထုပ်တလုံးကို ဆောင်းထားသည့် အဖိုးကြီးတဦး ဖြစ်လေသည်။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။
ထိုအဖိုးကြီးက စုချန်းကို သိမ်မွေ့စွာပြုံးပြရင်း ပြောလိုက်၏။
"သခင်လေးမိုးပြာရောင်မျက်နှာဖုံးခင်ဗျားကတော့ တကယ်ကို အံ့သြစရာကောင်းလွန်းပါတယ်လေ ခင်ဗျားဟာ အခြေအနေကို အလွယ်တကူ ထိန်းချုပ်နိုင်တယ် ခင်ဗျားရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျုပ်တို့ကို အသုံးပြုနိုင်တယ် ကျုပ် အီနီဂိုက ခင်ဗျားကို တကယ်လေးစားမိပါတယ်”
“ကံကြမ္မာ၏ လက်ချောင်းများ အီနီဂိုလား”
ထိုအမည်ကို ကြားလိုက်သည်နှင့် ညနေမင်း အကြီးအကျယ် မျက်နှာပျက်သွား၏။
"မိုးပြာရောင်မျက်နှာဖုံး မင်း တကယ်ကြီး ကံကြမ္မာလက်ချောင်းများနဲ့ ပူးပေါင်းနေတာလား"
ကံကြမ္မာလက်ချောင်းများအီနီဂိုဟူသည် ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော် အလိုရှိဆုံးရာဇဝတ်သားများစာရင်းတွင် နံပါတ်ကိုးနေရာ၌ ရပ်တည်နေသူ ဖြစ်၏။
သို့သော် အီနီဂို၏ စစ်မှန်သောခွန်အားသည် ကိုယ်ပိုင်ခွန်အားတွင်မူတည်နေခြင်းမရှိပဲ တခြားသူများကို လွှမ်းမိုးနိုင်သည့် သူ့စွမ်းရည်အပေါ်တွင်သာ မူတည်နေ၏။ ကံကြမ္မာလက်ချောင်းများအဖွဲ့တွင် မျိုးဆက်သစ်များကို လေ့ကျင့်ပေးသည့် ကျောင်းတစ်ကျောင်းရှိပြီး ထိုကျောင်းကို ဝိညာဥ်အလင်းကျောင်းတော်ဟု ခေါ်တွင်လေသည်။ ၎င်းတို့သည် အနာဂတ်မဲ့လူပျံတော်များကို အဆိုပါကျောင်းတော်သို့ ခေါ်ယူပြီး လေ့ကျင့်ပေးကြ၏။ ထိုကျောင်းတော်၏ အကြီးအကဲမှာလည်း တခြားမဟုတ်။ အီနီဂိုကိုယ်တိုင်ပင်ဖြစ်လေသည်။
ထို့ကြောင့် ဝိညာဥ်အလင်းကျောင်းတော်သည် ကံကြမ္မာလက်ချောင်းများအနေနှင့် ၎င်းတို့၏အနာဂတ်စစ်သည်တော်များကို လေ့ကျင့်ပေးရာနေရာဖြစ်၏။ ထိုစစ်သည်တော်များကို ဦးနှောက်ဆေးပြီး ဘဝတစ်ခုလုံးစာ လမ်းညွှန်မှုပေးနေသူမှာ အီနီဂိုပင် ဖြစ်လေသည်။
ထို့ကြောင့် ကံကြမ္မာလက်ချောင်းများမှ အဖွဲ့ဝင်အများအပြားသည် အီနီဂိုလက်အောက်တွင် သင်ယူခဲ့ဖူးကြ၏။ ၎င်းကိုကြည့်လျင် ထိုအဖွဲ့အစည်းအတွင်း အီနီဂို၏ အဆင့်အတန်း မည်သို့ရှိသည်ကို မြင်နိုင်ပေသည်။
ထိုမျှသာမကသေး အီနီဂိုသည် မယုံနိုင်လောက်အောင် အစွမ်းထက်သူတစ်ဦးလည်း ဖြစ်နေသေး၏။ သူသည် နဝမအဆင့် အာကင်နာပညာရှင်တစ်ဦးဖြစ်လေရာ သူ့အင်အား မည်သို့ရှိမည်ကို မှန်းဆနိုင်ပေသည်။
တကယ်တော့ ဤအဝိုင်းအဝန်းအတွင်းဝယ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များမှာ လီတောက်ဟုန်နှင့်ညနေမင်းတို့ ခေါ်ဆောင်လာသည့် ချီစွမ်းအားပညာရှင်များသာ ဖြစ်နေသင့်၏။ လက်ရှိတွင် လီတောက်ဟုန်ကို စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ကျင့်ကြံသူ ချီစွမ်းအားပညာရှင်တဦးက ကာကွယ်ပေးထား၏။ အလားတူ ညနေမင်းကိုလည်း အဋ္ဌမလက်စွပ်အဆင့် အာကင်နာပညာရှင်တစ်ဦးက စောင့်ရှောက်ပေးနေပေသည်။
သို့သော် အီနီဂို ပေါ်ပေါက်လာခြင်းက အခြေအနေတခုလုံးကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်သွားရလေပြီ။ ဤနေရာတွင် ကျင့်ကြံခြင်းအဆင့်အတန်းအရ အီနီဂိုထက် အစွမ်းထက်သူ တယောက်မှမရှိပေ။
အထက်ပါအချက်များကြောင့် အီနီဂို ပေါ်လာသည်ကို မြင်သောအခါ ညနေမင်း အကြီးအကျယ် မျက်နှာပျက်သွားရခြင်းပင်။ ထိုအခါ သူက ဟိုလီကင်းကို စကားနာလှမ်းထိုးလိုက်၏။
“ဟိုလီကင်း ဒီလိုအခြေအနေမျိုးမှာ အတိတ်က ရန်ညိုးရန်စတွေကို ရှေ့မထားသင့်ဘူးလေကွာ ကံကြမ္မာလက်ချောင်းများကိုရင်ဆိုင်ဖို့ မင်းက ကျုပ်ကို အရင်ကူညီပါ ပြီးမှ မင်းနဲ့လီတောက်ဟုန်နဲ့ ဆက်ပြီးရန်ဖြစ်ကြပေါ့”
“စကောလောက်မှ ဇောက်မနက်တဲ့အကြံနဲ့ ခွေးမသား"
ဟိုလီကင်းက ပြန်လည်ဆဲဆိုလိုက်၏။
"မင်းနဲ့ လီတောက်ဟုန်နဲ့ မဟာမိတ်ဖွဲ့ထားတာ ကျုပ် မသ်ိဘူးများ ထင်နေသလား အားလုံးပြီးသွားရင် မင်းတို့နှစ်ကောင် ကျုပ်ကို ဝိုင်းတိုက်မယ်ပေါ့ ဟုတ်လား"
“ဒီမှာကွ ကျုပ်တို့သာရှုံးသွားရင် မင်းလဲ အခြေအနေမကောင်းလောက်ဘူးနော်"
ညနေမင်း ပြန်အော်လိုက်ပြန်သည်။
အံ့သြစရာကောင်းလောက်အောင်ပင် ဟိုလီကင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
"စိတ်ကူးယဥ်မနေစမ်းပါနဲ့ ညနေမင်းရာ မင်းရဲ့ဝှက်ဖဲ ဘာလဲဆိုတာကို ကျုပ်မသိဘူးများ ထင်နေသလား မင်းဆီမှာ အဲ့ဒါရှိနေသရွေ့ ကံကြမ္မာလက်ချောင်းများတောင် မင်းကိုဒုက္ခပေးဖို့ ခက်ခဲနေမှာ အသေအချာပဲ ကိုယ့်ကိုယ်ကို အရမ်းအားနည်းချင်ယောင်ဆောင်မနေစမ်းပါနဲ့ကွာ"
ညနေမင်း တစုံတရာကို စိုးရိမ်သွားဟန်တူသည်။
“မင်း ဘာပြောနေတာလဲ ကျုပ် နားမလည်ဘူး"
ထိုအချိန်မှာပင် စုချန်းက ခပ်တည်တည်နှင့် ဝင်ပြောလိုက်၏။
"သူ ဘာကိုပြောနေရအုံးမှာလဲ နတ်ဘုရားသားမွှေးတောင်အကြောင်း ပြောနေတာပေါ့ ဟုတ်တော့ဟုတ်သားကွ မင်းအနေနဲ့ ဒီလျှို့ဝှက်နယ်မြေရဲ့စစ်မှန်တဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် အဲ့ဒီသားမွှေးတောင်ကို အသုံးပြုဖို့ လိုလိမ့်မယ်ထင်တာပဲ"
“မင်း ဘာပြောလိုက်တာလဲ”
လူတိုင်း စုချန်းကို ဝိုင်းကြည့်လိုက်ကြလေသည်။
***