← Chapters

နတ်ဘုရား လမ်းညွှန်မှု

Vol. 85 Ch. 847

နတ်ဘုရား လမ်းညွှန်မှု

Vol. 85 Ch. 847

မျိုးစိတ်တိုင်းတွင် အကြပ်အတည်းများကြုံရသည့်အခါတိုင်း အားကိုးရသည့် အားကောင်းမောင်းသန် လက်နက်တစ်မျိုးစီ ပိုင်ဆိုင်ထားကြ၏။ လူသားများတွင် အသက်စွမ်းအင်ဖယောင်းတိုင်များရှိသလို လူပျံတော်များတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်အားကောင်းမောင်းသန်လက်နက်များ ရှိကြပေသည်။

နတ်ဘုရားသားမွှေးတောင်ကား ထိုလက်နက်များအနက်မှ တမျိုး ဖြစ်၏။

နတ်ဘုရားသားမွှေးကို မိခင်နတ်ဘုရားမကိုယ်တိုင်က သူမ၏ အတောင်ပံမှ ဆွဲနုတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဒဏ္ဍာရီလာစကားများအရ သိရပေသည်။ နတ်ဘုရားသားမွှေးတွင် နတ်ဘုရားဆန်သော စွမ်းအင်များ တကယ်ကြီးပင် ရှိနေသောကြောင့် ၎င်း၏ အစွမ်းမှာကား အံ့မခန်းပင်။ နတ်ဘုရားသားမွှေးသည် အသုံးပြုသူကို ကောင်းချီးပေးပြီး တိုက်ပွဲများတွင် မယုံနိုင်လောက်သည့် ခွန်အားများ ပေးစွမ်းနိုင်၍ အလွန်တန်ဖိုးကြီးမားသော လက်နက်တမျိုးဟု ဆိုရပေမည်။

ထိုလက်နက်ကို မိခင်နတ်ဘုရားအဖွဲ့မှ စောင့်ရှောက်ရန် တာဝန်ယူထား၏။

ဒဏ္ဍာရီများအရ မိခင်နတ်ဘုရားမကြီးသည် သူမ၏ နောက်လိုက်များအတွက် နတ်ဘုရားသားမွှေးတောင်၇ချောင်းတိတိ ပေးထားခဲ့သည်ဟု ဆိုကြ၏။ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက်တွင်တော့ သားမွှေးတောင်၄ချောင်းမှာ ပျောက်ဆုံးသွားခဲ့ပြီး လက်ကျန်၃ချောင်းသာ ကျန်ရစ်တော့သည်။

အဆိုပါနတ်ဘုရားသားမွှေးများအနက် တစ်ချောင်းကို ညနေမင်း ဆောင်ထား၏။

သို့သော် သူ နတ်ဘုရားသားမွှေးတချောင်းကို ဆောင်ထားမှန်း မိုးပြာရောင်မျက်နှာဖုံး မည်သို့မည်ပုံ သိသွားလေသနည်း။ ထိုအချက်မှာ ညနေမင်းကို အကြီးအကျယ် အံ့သြသင့်သွားစေ၏။

တဖန် မိုးပြာရောင်မျက်နှာဖုံးသည် နတ်ဘုရားသားမွှေးတောင်နှင့် လျှို့ဝှက်နယ်မြေအကြား စစ်မှန်သောဆက်စပ်မှုကိုလည်း ပြောပြနေပြန်သည်။ ထိုအခိုက်မှာပင် နောက်ထပ် ဒဏ္ဍာရီတစ်ခုကို သတိရသွားပြီး ညနေမင်း၏ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။

"ဒီတော့ ဒဏ္ဍာရီတွေက မှန်နေတာလား ပျောက်ဆုံးနေတဲ့ နတ်ဘုရားသားမွှေးတွေထဲက တချောင်းဟာ ကျောက်စိမ်းမြူရဲ့ လက်ထဲမှာ ရှိနေခဲ့တာပေါ့ ဟုတ်လား"

စုချန်း ပြုံးလိုက်၏။

"သိပ်ဟုတ်တာပေါ့ကွာ”

စုချန်း၏ အဖြေကြောင့် ညနေမင်း ကြိတ်မနိုင်ခဲမရဖြစ်ကာ ထအော်လိုက်သည်။

"မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ"

“ကျုပ် ဘယ်လိုသိလဲဆိုတာက အရေးမပါလှပါဘူးလေ မင်းမယုံရင် ကိုယ့်ဖာသာကိုယ်စမ်းကြည့်လို့ ရတယ် ဟုတ်တယ်မလား ကံကြမ္မာလက်ချောင်းများ အီနီဂို”

အထက်ပါအတိုင်းပြောရင်း စုချန်းက အီနီဂိုဘက်ကို လှည့်ကြည့်လိုက်၏။

အီနီဂို သက်ပြင်းချလိုက်လေသည်။ တကယ်တော့ နတ်ဘုရားသားမွှေးအကြောင်းကြားလိုက်ရသည့်အချိန်မှာပင် တိုက်ပွဲကိုရပ်ပစ်ရန် သူ တွေးတောနေခဲ့လေပြီ။ အကြောင်းမှာ နတ်ဘုရားသားမွှေးကဲ့သို့ ရှေးဟောင်းပစ္စည်းမျိုးသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားတတ်ကြသောကြောင့်ပင်။ သူ့အနေနှင့် ဤစွမ်းအားမျိုးနှင့် ရင်ဆိုင်လိုစိတ်မရှိချေ။ သူသည် ပညာရှင်တဦးမျှသာဖြစ်ပြီး စစ်သည်တော်မဟုတ်ချေ။ ထို့ပြင် သူကိုယ်တိုင်ကလည်း ရဲရင့်သူမဟုတ်။ ထို့ကြောင့် အသက်လုတိုက်ခိုက်ရသည့် တိုက်ပွဲမျိုးတွင် ပါဝင်တိုက်ခိုက်ရမည့်အခြေအနေမျိုးကို သူ လားလားမျှ စိတ်မဝင်စားချေ။

သို့သော် ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေတွင် နတ်ဘုရားသားမွှေးရှိနေကြောင်းကို ကြားလိုက်ရသည့်အပြင် ညနေမင်း ဆောင်ထားသည့်သားမွှေးသည် လျှို့ဝှက်နယ်မြေ၏ အမှန်တရားကို ဖော်ထုတ်ရန် သော့ချက်ဖြစ်ကြောင်းကိုပါ သိလိုက်ရသည့်နောက်တွင်တော့ အီနီဂိုအနေနှင့် သူ့လောဘကို မည်သို့ထိန်းချုပ်နိုင်အံ့နည်း။

ထို့ကြောင့် သူ့အနေနှင့် မိုးပြာရောင်မျက်နှာဖုံး၏ စကားကို နားထောင်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိတော့။

ညနေမင်း ညွှန်းဆိုခဲ့သည့် ဒဏ္ဍာရီအကြောင်းကို အီနီဂိုကိုယ်တိုင်လည်း သိထား၏။ လျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့သည့် ကျောကိစိမ်းမြူသည် မိခင်နတ်ဘုရားအဖွဲ့ဝင်တစ်ယောက်မဟုတ်သော်ငြား ထိုအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိထား၏။ ထို့အပြင် အနှီအမွှေးတောင် မပျောက်ဆုံးမီတွင် အဆိုပါဂိုဏ်း၏ အရေးကြီးပုဂ္ဂိုလ် ပိုင်ဆိုင်ခဲ့ခြင်းကလည်း မှန်ကန်နေပြန်သည်။

ထိုနှစ်ချက်ကို အခြေခံသုံးသပ်ပြီးနောက်တွင်မှ အပြာရောင်မျက်နှာဖုံး မည်သို့ကစားပွဲမျိုးကို ကစားရန် ကြိုးစားနေသည်ကို နားမလည်ခဲ့လျင် အီနီဂိုကို ငထုံငအအဖြစ် သတ်မှတ်ရန်သာ ရှိနေတော့ပေသည်။

မိုးပြာရောင်မျက်နှာဖုံးအနေနှင့်ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေ ဖွင့်ရမည့်လျှို့ဝှက်ချက်ကို အချိန်အတော်ကြာကတည်းက သိခဲ့ပုံပေါ်သော်လည်း တယောက်တည်းဆောင်ရွက်ရန် ယုံကြည်မှုမရှိကြောင်းမှာ ထင်ရှားနေ၏။ ထို့ကြောင့် ဒင်းက အီနီဂိုကို အားကိုးနေခြင်းပင်။

သို့သော် ဤလျှို့ဝှက်ချက်ကို မိုးပြာရောင်မျက်နှာဖုံး မည်သို့သိခဲ့ရသနည်း။ နတ်ဘုရားအမွှေးတောင်ကို ညနေမင်း ယူလာမည်မှန်း သူ မည်သို့သိခဲ့ရသနည်း။

သူ့အစီအစဉ်အတိုင်း အရာရာအတိအကျဖြစ်လိမ့်မယ်ဟု မည်သို့များ ယုံကြည်နေရလေသနည်း။

တကယ်တော့ မိမိလက်ထဲ ဖန်တီးနိုင်ခွင့်မရှိသည့် အခြေအနေအပေါ် မူတည်ပြီး ဤသို့ကြိုတင်အစီအစဥ် ချမှတ်ထားခြင်းမှာ အဓိပ္ပာယ်တော့မရှိလှချေ။ အကြောင်းမှာ အစီအစဉ်အားလုံးသည် တစုံတယောက်၏စိတ်အား ကြိုတင်ခန့်မှန်းချက်များအပေါ်တွင်သာ အခြေခံထား၍ပင်။ ညဏ်ရည်မြင့်မျိုးစိတ်ဝင်တိုင်း၏ စိတ်နေစိတ်ထားသည် အချိန်တိုင်းလိုလိုတွင် ပြောင်းလဲနေတတ်သဖြင့် ထိုအပေါ် အခြေခံပြီး ရေးဆွဲထားသည့် အစီအစဥ်များမှာ များသောအားဖြင့် တလွဲတချော်ဖြစ်သွားတတ်သည်ကသာ ပို၍များလေသည်။

လီတောက်ဟုန် ရောက်ရှိလာခြင်း၊ နတ်ဘုရားသားမွှေးတောင် အသင့်ရှိနေခြင်းစသော အကြောင်းအရာများမှာ လီတောက်ဟုန်နှင့် ညနေမင်းတို့၏ ပြောင်းလွယ်ပြင်လွယ်ရှိနိုင်သော စိတ်ထားကို အခြေခံ၍ စဥ်းစားလျင် ကြိုတင်စီမံထား၍ ရကောင်းသောအရာမျိုး မဟုတ်ပေ။ ဥပမာ လီတောက်ဟုန်သည်လည်း လာကောင်းမှလာပေမည်။ သို့မဟုတ် ရောက်လာပြီးမှ လျောင်ယဲ့နိုင်ငံတော်တွင် အရေးတကြီးကိစ္စပေါ်လာ၍ ပြန်လှည့်သွားနိုင်သေးသည်။ ထို့အတူ ညနေမင်းသည်လည်း နတ်ဘုရားသားမွှေးတောင်ကို တနေရာတွင် ထားကောင်းထားခဲ့နိုင်၏။

သို့သော်မိုးပြာရောင်မျက်နှာဖုံးကတော့ သူ စီစဥ်ထားသည့်အတိုင်း အတိအကျဖြစ်လာမည်ဟု တထစ်ချ ယုံကြည်ထားဟန် ရှိနေသည်။ သို့ဆိုလျင် မိုးပြာရောင်မျက်နှာဖုံးသည် မိခင်နတ်ဘုရားအဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဟုပင် မှတ်ထင်စရာ ဖြစ်နေ၏။ ကိစ္စကြီးတစ်ခုလုံးကို မိုးပြာရောင်မျက်နှာဖုံး စီမံထားသည်နှင့်ပင် တူနေခဲ့လေပြီ။

ညနေမင်းပင်လျင် ဤအခြေအနေကြီးတခုလုံး၏ ထူးဆန်းမှုကို သဘောပေါက်သွားပုံရ၏။ ရန်သူ၏ ကြိုတင်တွက်ချက်စီမံထားမှုသည် ရိုးရှင်းသော အသိဥာဏ်တစ်ခုတည်းနှင့် ဖြစ်နိုင်သည့်နယ်ပယ်ထက် များစွာ တိကျနေခဲ့လေပြီ။ ထိုအခါ ညနေမင်း၏ စိတ်ထဲတွင်လည်း မိုးပြာရောင်မျက်နှာဖုံးသည် ထိပ်သီးလူပျံတော်တဦးဟု သံသယဝင်လာတော့သည်။ သူ အယုံကြည်ဆုံး သူ့ဆရာကသာ သူ့ကို နတ်ဘုရားသားမွှေးတောင် ပေးခဲ့ခြင်းမဟုတ်လျင် သူ့ရှေ့ရှိ မိုးပြာရောင်မျက်နှာဖုံးမှာ သူ့ဆရာဖြစ်လိမ့်မည်ဟုပင် ညနေမင်း တွေးမိနိုင်၏။

တဖက်တွင်လည်း စုချန်းသည် ဤကိစ္စများအားလုံးကို သူ မည်သို့ရှာတွေ့ခဲ့ကြောင်းကို မည်သည့်အခါမှ ဝန်ခံလိမ့်မည်မဟုတ်ချေ။ တခါတရံတွင် အရာအားလုံးကို သိထားသောအမူအရာမျိုး ပြသထားခြင်းသည် တဖက်ရန်သူများကို ဒွိဟဖြစ်သွားစေနိုင်သည် မဟုတ်ပါလား။

ညနေမင်းနှင့် အီနီဂိုတို့၏ အမူအရာများကို မြင်သည်နှင့် စုချန်းက ဘာမှထပ်မပြောတော့ပဲ နောက်ဆုတ်ထား၏။ အခြေအနေမှာ ဤအဆင့်သို့တိုင် ရောက်ရှိလာပြီဖြစ်၍ စုချန်းအနေနှင့် ဘာစကားမှ ထပ်ပြောနေစရာမလိုတော့ချေ။

ထိုအခါ အီနီဂိုက သက်ပြင်းချရင်း ပြောလိုက်၏။

“မင်းအနေနဲ့ ကျုပ်ကို အသုံးချနေမှန်း သိနေရင်တောင် ကျုပ်အနေနဲ့ ဘာမှမတတ်နိုင်တော့ဘူးပဲ ကဲ ညနေမင်း နတ်ဘုရားသားမွှေးတောင်ကို ထုတ်လိုက်ပါ ဒီလိုမှမဟုတ်ရင်တော့ မင်းကိုကျုပ် တိုက်ခိုက်ရလိမ့်မယ်"

အထက်ပါအတိုင်းပြောရင်း အီနီဂိုက သူ့စာအုပ်ထဲမှ စာမျက်နှာတစ်ခု လှန်လိုက်၏။ စာမျက်နှာပေါ်တွင် ရွှေရောင်သိမ်းငှက်တစ်ကောင်၏ ရုပ်ပုံကို ရေးဆွဲထားလေသည်။ ထို့နောက် အီနီဂိုက သူ့လက်ချောင်းကို စာမျက်နှာပေါ်တွင် ပွတ်ဆွဲလိုက်သည်နှင့် မီးတောက်များ စတင်ထွက်ပေါ်လာသည်။ ကြည့်နေရင်းနှင့်ပင် ရွှေရောင်သိမ်းငှက်တကောင် မီးတောက်များထဲမှ တိုးထွက်ပျံသန်းလာပြီး ခေါင်းကိုမော့လိုက်ကာ ကျယ်လောင်စွာ ကျူးရင့်လိုက်၏။ စာမျက်နှာမှာလည်း ပုံမပါသော ဗလာစာရွက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

မြင်ရုံနှင့် အဆိုပါသိမ်းငှက်သည် အရှင်သခင်အဆင့် နတ်ဆိုးသတ္တါဝါအဆင့်တွင် ရှိနေကြောင်း မြင်သာနေ၏။ သို့သော် စုချန်းနှင့် ညနေမင်းတို့ကတော့ သူ့လက်ထဲရှိ စာအုပ်ကို ပို၍ အာရုံစိုက်နေကြ၏။

အနက်ရောင်မျှော်စင်စာအုပ်။

အနက်ရောင်မျှော်စင်ဟူသည် အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဥ်ကာလတွင် တည်ရှိခဲ့ဖူးသည့် အာကင်နာအဖွဲ့အစည်းတဖွဲ့ပင် ဖြစ်သည်။ အနက်ရောင်မျှော်စင်စာအုပ်ကိုမူကား ရီဂီလိုအမည်ရှိ အာကင်နာပညာရှင်က ဖန်တီးခဲ့ခြင်းပင်။ ထို့ကြောင့် ဤစာအုပ်ကို ရီဂီလို၏ စာအုပ်ဟူ၍လည်း လူသိများ၏။ ရီဂီလိုသည် အာကင်နာနည်းစနစ်များမှာ ကန့်သတ်ချက်များလွန်းသည်ဟု ခံစားရ၍ အာကင်နာနည်းစနစ်ပုံစံများအပေါ် မှီခိုနေရခြင်းကို ရှောင်ရှားရန် ကြိုးစားရင်း အနက်ရောင်မျှော်စင်စာအုပ်ကို ဖန်တီးခဲ့မိသည်ဟု တချို့ကလည်း ဆိုကြ၏။ အနက်ရောင်မျှော်စင်စာအုပ်၏ အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ အာကင်နာနည်းစနစ်များကို ဤစာအုပ်ထဲတွင် တိုက်ရိုက်ပုံဖော်နိုင်ပြီး စာအုပ်မှတဆင့် အသုံးပြုနိုင်ခြင်းပင်။ ဤစာအုပ်ကြောင့် အာကင်နာနည်းစနစ်များကို အသုံးပြုရခြင်းမှာ ပို၍လွယ်ကူလာ၏။ အဆင့်နိမ့်အာကင်နာပညာရှင်များသည်ပင် အနက်ရောင်မျှော်စင်စာအုပ်ကို ပိုင်ဆိုင်ထားလျင် အဆင့်မြင့်အာကင်နာနည်းစနစ်များကို အသုံးပြုနိုင်လာပေလိမ့်မည်။

သို့သော်လည်း အာကင်နာများအတွက်မူ မိမိအင်အားတိုးပွားလာစေရန် ပြင်ပကိရိယာများကို အားကိုးရခြင်းမှာ မြင်းမစီးတတ်ခင် လှည်းကိုအရင်တည်ဆောက်သလို ဖြစ်နေသည်ဟု ယူဆထားကြ၏။ အာကင်နာနိုင်ငံတော်ကြီးတွင် ထိုသို့အစွမ်းထက်ကိရိယာများ လိုအပ်သည်ထက်ပင် ပိုနေခဲ့ပြီ မဟုတ်ပါလား။ မည်သည်ပုံ မည်သည့်နည်းနှင့် ဖြစ်စေကာမူ အာကင်နာတဦး၏ စွမ်းအား တိုးပွားလာရန်သာ တခုတည်းသောပန်းတိုင်ဆိုလျင် သူတို့အဖို့ ကျန်မျိုးစိတ်အားလုံးကို ရှင်းပစ်နိုင်မည့်ကိရိယာများ ဖန်တီးခြင်းက ပို၍အလုပ်ဖြစ်နိုင်သော စိတ်ကူးစိတ်သန်း ဖြစ်ပေသည်။

အထက်ပါခံယူချက်များကြောင့် အနက်ရောင်မျှော်စင်စာအုပ်ကို အာကင်နာအများစုက လက်သင့်မခံခဲ့ကြချေ။ ထို့နောက် ရီဂီလိုသည်လည်း ဝမ်းနည်းဖွယ် သေဆုံးခဲ့ရလေသည်။ ထို့နောက်တွင်တော့ ဤစာအုပ်ကသည် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ပြီး နောက်ဆုံးတွင် ကံကြမ္မာလက်ချောင်းများ၏ လက်ထဲသို့ ရောက်သွား၏။

အနက်ရောင်မျှော်စင်စာအုပ်သည် အာကင်နာများ၏ အခြေခံအတွေးအခေါ်ကို သစ္စာဖောက်နေသည်ဆိုသော်ငြား အနက်ရောင်မျှော်စင်စာအုပ်၏ စွမ်းပကားကိုတော့ ပစ်ပယ်လိုက်၍မရချေ။

ရွှေရောင်သိမ်းငှက်သည် ကောင်းကင်တခွင်လုံးကို ရွှေရောင်အလင်းတန်းများနှင့် ပြည့်နှက်သွားစေ၏။ သို့သော် ညနေမင်းကတော့ ၎င်းကို အနည်းငယ်မျှ ဂရုစိုက်ပုံမရ။

"ရွှေရောင်သိမ်းငှက်က ဘာမို့လို့လဲ ကျုပ်ရဲ့ နေမင်းမြားကိုလဲ စမ်းကြည့်စမ်းပါအုံး"

ပြောပြောဆိုဆို သူက လေးနှင့်မြှားကိုထုတ်ပြီး ချက်ချင်းပင် ပစ်လွှတ်လိုက်၏။ တုံးနေသောမြှားသည် ကောင်းကင်ယံကို ဖြတ်ပြီး အရှိန်ပြင်းစွာဖြင့် ပျံသန်းသွားလေသည်။

တချိန်တည်းမှာပင် ရွှေရောင်သိမ်းငှက်၏ ပါးစပ်ထဲမှ မီးတောက်မီးလျံများကို မှုတ်ထုတ်လိုက်၏။ မီးတောက်များ၏ အပူချိန်က မြင့်မားလွန်းပေရာ သတ္တုများပင် တစ်မဟုတ်ချင်း အရည်ပျော်သွားနိုင်လောက်သည်။ သို့သော် ညနေမင်း၏ မြှားက ပို၍ ကြောက်စရာကောင်းနေပုံရ၏။ မီးတောက်မီးလျံများသည် မြှားနှင့်တိုက်မိသွားပြီး ရွှေရောင်သိမ်းငှက်ဆီသို့ ပြန်လှည့်သွားလေသည်။ ဤတိုက်ခိုက်မှုတွင် ညနေမင်း အသာစီးရသွားမှန်း မြင်သာနေသည်။

ထိုမျှပင်မကသေးပဲ ညနေမင်းသည် နောက်ထပ် မြှားသုံးစင်းကို အီနီဂိုထံ ဆက်တိုက်ပစ်ခတ်လိုက်ပြန်၏။ တိုက်ပွဲအခြေအနေအရ ညနေမင်းက အီနီးဂိုကို တဖက်သတ်အနိုင်ကျင့်သည်နှင့်ပင် တူနေသေးသည်။

လူတိုင်း အံ့အားသင့်နေကြ၏။ သို့သော် စုချန်းကား အနည်းငယ်မျှ မအံ့သြချေ။ အီနီဂိုသည် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦး ဖြစ်နေသည်ဆိုသော်ငြား သူ့တွင် ကြောက်စရာကောင်းသည့် အားနည်းချက်တစ်ခုရှိနေ၏။ ၎င်းမှာ တိုက်ခိုက်ရေးသမားတဦး၏ ဗီဇရှိမနေခြင်းပင်။

စင်စစ် အီနီဂိုသည် ပညာရှင်တဦးမျှသာဖြစ်သည်။ သူ့တွင် တိုက်ပွဲအတွေ့အကြုံ နည်းပါးလွန်း၏။ သို့မဟုတ် လုံးဝမရှိခဲ့သည်မျိုးပင် ဖြစ်နိုင်ပေသည်။

သို့သော် အီနီဂို၏ တိုက်ပွဲအတွေ့အကြုံ မည်မျှနည်းပါးနေစေကာမူ ညနေမင်းအနေနှင့် သူ့အပေါ် ဤမျှလွယ်လွယ်ကူကူ အသာစီးရနိုင်မည်တော့ မဟုတ်။

ခွန်အားဟူသည် ခွန်အားပင် ဖြစ်သည်။ တိုက်ခိုက်ရေးအတွေ့အကြုံမရှိသော လူကြီးတယောက်သည် ကလေးတယောက်ကိုတော့ အလွယ်တကူ ထိုးကြိတ်နိုင်သည် မဟုတ်ပါလား။

ညနေမင်း၏ မြှားသုံးစင်း သူ့ဆီ ပျံသန်းလာသည်ကို မြင်သည်နှင့် အီနီဂို နောက်တကြိမ် သက်ပြင်းချလိုက်ပြန်၏။ ထို့နောက် သူ နောက်ထပ် စာမျက်နှာတစ်ခုကို လှန်လိုက်ပြန်သည်။

ဤစာမျက်နှာတွင်တော့ ညာဘက်လက်တွင် မီးတုတ်ကိုင်ထားပြီး ဘယ်ဘက်လက်တွင် ဒိုင်းကိုင်ထားသည့် အာကင်နာပညာရှင်တဦး၏ အရုပ်ပုံ ရှိနေ၏။ ထိုစာမျက်နှာကို ဖွင့်လိုက်သည်နှင့် အီနီဂို၏ ခန္ဓာကိုယ်မှ ဖြူဖွေးတောက်ပသော အလင်းတန်းများ ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သူသည် မိခင်နတ်ဘုရားမ ကောင်းချီးပေးခံထားရသည့် ကိုးကွယ်ဆည်းကပ်သူတဦးနှင့် တူနေပြီး ညနေမင်းကတော့ ဘာသာမဲ့ပုံပေါက်နေ၏။

အဆိုပါ ကြည်လင်သန့်ရှင်းလှသည့်အလင်းရောင်အောက်တွင် ညနေမင်း၏ကြောက်စရာကောင်းလှသော မြှားများ လားလားမျှ အသုံးမဝင်တော့ချေ။ တဆက်တည်းမှာပင် အီနီဂိုသည် စာအုပ်ကို ထပ်မလှန်တော့ပဲ လက်ကိုဝေ့ယမ်းပြီး တစုံတရာကို စတင်ရွတ်ဆိုလိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့်အလင်းသည် အလွန်တောက်ပလာပြီး နေရာအနှံ့အပြားကို ဖြန့်ကျက်သွားတော့၏။ မြင်ကွင်းကို မြင်တွေ့နေရသည့်လူတိုင်း၏ စိတ်ထဲတွင် အီနီဂိုကို ကိုးကွယ်ဆည်းကပ်လိုသည့် ဆန္ဒများ တဖွားဖွားပေါ်ပေါက်လာကြတော့သည်။

၎င်းကိုမြင်သည်နှင့် ညနေမင်း ဒေါသချောင်းချောင်းထွက်လာပြီး ကြိမ်းမောင်းလိုက်၏။

"မင်းကများ မိခင်နတ်ဘုရားကို စော်ကားဝံ့သလား”

အဆိုပါ အာကင်နာနည်းစနစ်မှာကား အာကင်နာမျိုးစိတ်ဝင်များသာ ပိုင်ဆိုင်သည့် နတ်ဘုရားလမ်းညွှန်မှုခေါ် နည်းစနစ်တမျိုးပင် ဖြစ်လေသည်။

နတ်ဘုရားလမ်းညွှန်မှုကို အာကင်နာနိုင်ငံတော်ကြီး အထွတ်အထိပ်ကာလတွင် နတ်ဘုရားများဖြစ်လာရန် အိပ်မက်မက်နေကြသည့် အာကင်နာပညာရှင်များ ဖန်တီးခဲ့သည်ဟု တချို့က ဆိုကြသည်။ မည်သို့ဆိုစေ ဤနည်းစနစ်သည် ဒဏ္ဍာရီလာအာကင်နာနည်းစနစ်ဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်နေသည်ကတော့ အမှန်ပင်။

တကယ်တော့ ဤစွမ်းရည်မျိုးကို စိတ်ဝိညာဥ်အမျိုးအစား အာကင်နာနည်းစစနစ်အဖြစ် သတ်မှတ်ထား၏။ အကြောင်းမှာ အသုံးပြုလိုက်သည့်အချိန်တွင် အနီးအနားရှိ သက်ရှိအားလုံးအပေါ် သက်ရောက်မှုရှိသွားပြီး အသုံးပြုလိုက်သူအပေါ် နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ဆည်းကပ်လိုစိတ်များ ပေါ်ပေါက်လာစေကာ နောက်လိုက်တပည့်များအဖြစ် ထာဝရနေသွားစေသည့် စွမ်းရည်မျိုး ရှိနေသောကြောင့်ပင်။ ထို့ပြင် ရူးသွပ်သွားသည့် ပစ်မှတ်များ၏ ယုံကြည်မှုကို စုပ်ယူခြင်းအားဖြင့် အသုံးပြုသူသည် ပို၍ အစွမ်းထက်လာနိုင်သေး၏။

အရေးကြီးဆုံးအချက်မှာကား နတ်ဘုရားလမ်းညွှန်မှု၏ လွှမ်းခြုံနိုင်စွမ်းမှာ ကြီးမားသော အချင်းဝက်အတွင်းရှိ ဥာဏ်ရည်မြင့်သက်ရှိအားလုံးနီးပါးကို လွှမ်းမိုးနိုင်စွမ်းရှိနေခြင်းပင်။

ထို့ကြောင့် ဤနည်းစနစ်သည် တခြား ဒဏ္ဍာရီလာအာကင်နာနည်းစနစ်များထက် သာလွန်နေပြီး အသုံးမပြုရန် တားမြစ်ခံထားရခြင်းပင်။

အချို့လူများကမူ အာကင်နာနိုင်ငံတော်ကြီးကို ဖျက်စီးခဲ့ခြင်းသည် မူလသားရဲကြီးများကို နှိုးဆွမိခဲ့ခြင်းကြောင့် မဟုတ်ပဲ သူတို့၏ လုပ်ရပ်များက နတ်ဘုရားတစ်ပါးကို စော်ကားခဲ့ခြင်းကြောင့်ဟု ယုံကြည်ထားကြ၏။ ထိုနတ်ဘုရားက အာကင်နာများကို စွန့်လွှတ်လိုက်ခြင်းသည် မူလသားရဲကြီးများကို တိုက်ခိုက်ရန်တွန်းအားဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် အာကင်နာနိုင်ငံတော်ကြီး အလုံးစုံ ပျက်စီးသွားရခြင်းပင်။

ထိုနတ်ဘုရားများက အာကင်နာများကို စွန့်လွှတ်ခဲ့သည့် အကြောင်းရင်းကလည်း နတ်ဘုရားလမ်းညွှန်မှုကို ဖန်တီးခဲ့ခြင်းကြောင့်ပေတည်း။

ထို့ကြောင့် အာကင်နာနိုင်ငံတော်ကြီး ကျဆုံးသွားသည့် ဖြစ်စဥ်ကို တချို့က နတ်ဘုရားလက်စတုံးလိုက်ခြင်းဟု သိထားကြလေသည်။

***

All Chapters