← Chapters

အဆုံးသတ်လား

Vol. 85 Ch. 849

အဆုံးသတ်လား

Vol. 85 Ch. 849

တကယ်တော့ အီနီဂို၏ နတ်ဘုရားလမ်းညွှန်မှုမှာ ပြီးပြည့်စုံသော ပုံစံမဟုတ်ချေ။ သို့သော် ပြီးပြည့်စုံသောပုံစံကို သိထားလျင်လည်း အီနီဂိုအနေနှင့် ထုတ်သုံးနိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ သူကိုယ်တိုင်က နဝမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်မျှသာ ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ဤနည်းစနစ်သည် ဤနေရာရှိ လူအားလုံးကို ဒူးထောက်ခိုင်းနိုင်လောက်အောင်တော့ မစွမ်းဆောင်နိုင်ချေ။ သို့သော် လူတိုင်း၏ စိတ်အခြေအနေကိုတော့ ထိခိုက်သွားစေ၏။ သတ်လိုဖြတ်လိုသည့် စိတ်ဆန္ဒများ လျော့နည်းသွားစေ၏။ မူလစွမ်းအင်အပေါ် အာရုံခံစားမှုများကို ထုံထိုင်းသွားစေ၏။ ထို့ပြင် ဤနည်းစနစ်သည် ရန်သူ၏ ပတ်ဝန်းကျင်မှ မူလစွမ်းအင်များအား စုဆောင်းနိုင်သည့်နှုန်းထားကိုပါ လျော့နည်းစေသည်ဖြစ်လေရာ တန်ပြန်တိုက်စစ်ဆင်ရန် အကောင်းဆုံး အခြေအနေအခွင့်အလမ်းမျိုးကို ဖန်တီးပေးလာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤနည်းစနစ်သည် ရန်သူ၏ တိုက်စစ်၊ ခံစစ်နှင့်အမြန်နှုန်းတို့ကို တပြိုင်နက်တည်း အားနည်းစေသလို မိမိကိုယ်ပါ အားကောင်းလာစေအောင် စွမ်းဆောင်ပေးနိုင်၏။

၎င်းကိုကြည့်လျင် နဝမလက်စွပ်အဆင့် အာကင်နာနည်းစနစ်များ မည်မျှ အစွမ်းထက်ကြောင်းကို ကောင်းကောင်း မြင်နိုင်ပေသည်။ ထို့ကြောင့်လည်း ဤနည်းစနစ်၏ ပြီးပြည့်စုံသောပုံစံကို တားမြစ်ထားကြခြင်းပင်။

သို့သော် စုချန်းကတော့ သဘောမကျသည့် အမူအရာဖြင့် မျက်မှောင်ကုတ်လိုက်၏။

အီနီဂိုသည် နတ်ဘုရားလမ်းညွှန်မှုကိုပင် အသုံးပြုနိုင်လေရာ အစွမ်းထက်လှကြောင်း ငြင်းစရာမရှိချေ။ သို့သော် ဘာထူးသနည်း။ သူသည် ညနေမင်းတဦးတည်းကိုသာ ရင်ဆိုင်နေရခြင်းဖြစ်လေရာ ကျန်လူများကိုပါ အားနည်းအောင်လုပ်လိုက်၍ ဘာအကျိုးရှိမည်နည်း။ ထို့အပြင် သူသည် နဝမအဆင့် အာကင်နာပညာရှင်ဖြစ်၍ သီအိုရီအရတွက်ကြည့်လျင် ညနေမင်းထက် အပြတ်အသပ် သာနေပြီးသား ဖြစ်ရပေမည်။ သို့ဆိုလျင် မည်သည့်အတွက် အသာစီးရအောင် ထပ်လုပ်နေရသနည်း။

အီနီဂို၏ လုပ်ရပ်မှာ လေလည်ရန် ဘောင်းဘီချွတ်သည်နှင့် တူညီနေသည် မဟုတ်တုံလော။ အီနီဂို၏ နေရာတွင် စုချန်းသာဆိုလျင် အားကောင်းသည့် နဝမအဆင့်အာကင်နာနည်းစနစ်နှင့် ခပ်မာမာပြန်လည်တုံ့ပြန်ပြီး ရန်သူ၏ တုံ့ပြန်မှုကို ပြန်လည်စောင့်ကြည့်မည်သာ။ ယခုကဲ့သို့ အရာရာကို ရှုပ်ထွေးအောင် လုပ်နေရန်မှာ လားလားမျှမလိုအပ်ချေ။

အီနီဂိုကဲ့သို့သော ပညာရှင်များသည် တိုက်ပွဲများတွင် ယုတ္တိမရှိသည့် နည်းလမ်းများကို အမြဲတစေ ပြုမူလေ့ရှိကြချေသည်တကား။ သူတို့ကား အတွေးအခေါ်အယူအဆတစ်ခုထဲတွင်သာ ပိတ်မိနေကြသူများနှင့် တူလှသည်။

သို့တိုင်အောင် နဝမအဆင့်အာကင်နာ နည်းစနစ်၏ စွမ်းအားမှာ အံ့ချီးဖွယ်ရာကောင်းနေသေးသည်ကတော့ အမှန်ပင်။ နတ်ဘုရားလမ်းညွှန်မှု၏ သက်ရောက်မှုများမှာလည်း ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ့တကိုယ်လုံး လေးလံလာသကဲ့သို့ ညနေမင်း ခံစားလိုက်ရ၏။ ၎င်းမှာ ခြေလက်များတွင် အလေးတုံးများ ချိတ်ထားသည်နှင့်ပင် တူနေသေးသည်။

သို့သော် သူသည် ထပ်တိုးလာသော အလေးချိန်ကို လုံးဝလစ်လျူထားပြီး အီနီဂိုထံသို့သာ ဆက်လက်တိုးဝင်နေ၏။ သူ့မျက်လုံးအစုံတွင်လည်း ခါးသီးလှသောအမုန်းတရားများနှင့် ပြည့်နှက်နေပေသည်။

ဘာသာရေးဂိုဏ်း၏ သားတပည့်တဦးအနေနှင့် နတ်ဘုရားလမ်းညွှန်မှုကို အသုံးပြုနေသည့် ရန်သူကို တွေ့သောအခါ သူဒေါသမထွက်ပဲ မည်သို့နေနိုင်အံ့နည်း။ ဤနည်းစနစ်သည် သူတို့၏ မိခင်နတ်ဘုရားမကို စော်ကားသည့် နည်းစနစ်တစ်ခုဟု ညနေမင်း အပြည့်အဝ ယုံကြည်ထား၏။

ထိုအခါ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်လေသည်။

"နတ်ဘုရားလမ်းညွှန်မှု ဟုတ်လား ဘာတွေ လာပြောနေတာလဲ ဒါ နတ်ဆိုးနည်းစနစ်ပဲကွ မင်းတို့ဟာ သန့်ရှင်းသော အလင်းရောင်ရဲ့ ဂုဏ်ဒြပ်ကို ညစ်နွမ်းအောင် လုပ်နေတာပဲ ခွေးမသားတွေ"

ထိုသို့ ပြောနေရင်းနှင့်ပင် သူ့ခန္ဓာကိုယ်မှ နတ်ဘုရားကိုယ်ရောင်ကိုယ်ဝါများ စတင်ထွက်ပေါ်လာ၏။ အနှီ ကိုယ်ရောင်ကိုယ်ဝါများ စတင် ထွက်ပေါ်လာသည်နှင့် အီနီဂို၏ နတ်ဘုရားလမ်းညွှန်မှုမှ ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းများသည် ပုံပျက်သွားပြီး အမှောင်ထုနှင့် လိမ်ယှက်နေသည့် ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

စုချန်းထံမှ ရေရွတ်သံ ထွက်ပေါ်လာ၏။

"နတ်ဘုရားသားမွှေးတောင်"

တချိန်တည်းမှာပင် ကျန်လူတိုင်းဆီမှလည်း အထက်ပါအတိုင်း ပြိုင်တူရေရွတ်လိုက်ကြလေသည်။

သို့သော် အဆိုပါ နတ်ဘုရားသားမွှေး ဘယ်နေရာတွင် ရှိနေသနည်း။ ၎င်းကို ညနေမင်းမှအပ တခြားဘယ်သူမှ မသိကြချေ။

ညနေမင်းတယောက် နတ်ဘုရားသားမွှေး ထုတ်လိုက်သည်ကို မည်သူကမျှ မမြင်လိုက်ရချေ။ သူတို့ မြင်တွေ့လိုက်ရသည့် တစ်ခုတည်းသော အရာမှာ ညနေမင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရောင်ဝါသည် စက္ကန့်နှင့်အမျှ ပိုမိုပြင်းထန်အားကောင်းလာခြင်းပင်။

အီနီဂို မျက်မှောင်တချက်ကုတ်ပြီးစာအုပ်ထဲမှ နောက်ထပ် စာမျက်နှာကို လှန်လိုက်ပြန်သည်။ ဤစာမျက်နှာမှာကား အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ ၎င်းသည် မူလက လွတ်နေသော စာမျက်နှာ ဖြစ်သော်လည်း အီနီဂို ဖွင့်လိုက်သည်နှင့် ၎င်းစာမျက်နှာပေါ်တွင် ရွှေရောင်အလင်းနံရံတခု ပေါ်ပေါက်လာခြင်းပင်။

အဆိုပါ ရွှေရောင်အလင်းနံရံသည် စတင်ပုံပေါ်လာသည်နှင့် ရပ်တန့်မသွားပဲ တစ်စတစ်စ ပိုမို ခိုင်မာလာဟန်ရှိ၏။ အကန့်အသတ်မရှိသောပုံစံနှင့် ခိုင်မာလာခြင်းပင်။

ဤဖြစ်စဉ်ပေါ်လာသည်နှင့် နတ်ဘုရားလမ်းညွှန်မှု၏ နတ်ဆိုးအသွင် ပြောင်းလဲမှုသည် တဖြည်းဖြည်းနှေးကွေးလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားတော့၏။

"ဒါ စုပ်ယူနေတာလား"

စုချန်း မြင်ကွင်းကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

တကယ်တော့ အနက်ရောင်မျှော်စင် စာအုပ်သည် မတူညီသော အာကာနာ နည်းစနစ်များကို သိုလှောင်ပြီး ထုတ်လွှတ်ရန် အသုံးဝင်ရုံသာမကဘဲ ရန်သူ၏ တိုက်ခိုက်မှုတချို့ကိုလည်း ဒိုင်းတခုသဖွယ် ကာကွယ်ကာစုပ်ယူနိုင်၏။

ယခုလည်း ညနေမင်း၏ တိုက်ခိုက်မှုကို ထူးဆန်းသောဖြစ်စဉ်တစ်ခုမှတဆင့် အနက်ရောင်မျှော်စင် စာအုပ်က စုပ်ယူနေခြင်းပင်။ သို့သော် နတ်ဘုရားသားမွှေးမှ ထွက်ပေါ်လာသော အဆုံးမဲ့ စွမ်းအားလှိုင်းများက အနက်ရောင်မျှော်စင် စာအုပ်အတွက်ပင် ထိန်းချုပ်ရန် များပြားလွန်းဟန်တူသည်။

သို့စေကာမူ အီနီဂိုတွင် အနက်ရောင်မျှော်စင်စာအုပ်တမျိုးတည်းသာ ရှိနေသည် မဟုတ်။ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေး၏။

ထို့နောက်တွင်တော့ အီနီဂိုသည် စာအုပ်ကို လှန်ကြည့်ရင်း တိုးလျညှင်းပြောင်းသည့်အသံဖြင့် တစုံတရာကို စတင်ရွတ်ဆိုတော့သည်။

ရွတ်ဆိုသံထွက်ပေါ်လာသည်နှင့် ရုတ်ချည်းပင် ငွေရောင်လမင်းကြီးတစင်း ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပလာ၏။ တချိန်တည်းမှာပင် ငွေရောင် အလင်းရောင်များ လေထဲသို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်စိမ့်ဖြစ်လာတော့သည်။

ညနေမင်း၏ အားကောင်းလှသော နတ်ဘုရားရောင်ဝါသည်လည်း ဤပျော့ပျောင်းသော အလင်းရောင်အောက်တွင် အေးခဲလာပုံပေါ်နေ၏။

လမင်းနှစ်စင်းဟု အမည်ရသော နည်းစနစ်တမျိုးကို အီနီဂို ထုတ်သုံးလိုက်ခြင်းပင်။ မည်သို့ဆိုစေ လမင်းနှစ်စင်းသည် ညနေမင်း၏ နတ်ဘုရားရောင်ဝါကို ရပ်တန့်စေလိုက်သည်ကတော့ အမှန်ပင်။

ထို့နောက် အီနီဂိုက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။

"မင်း ဖုံးကွယ်ထားလို့လဲ ဘာမှ မထူးဘူးညနေမင်း ဒီတော့ အဲဒီစွမ်းအားအစစ်အမှန်ကို ကျုပ်မြင်အောင် ပြစမ်းပါအုံးကွာ"

အော်...

ဒီတော့ သူ့ရဲ့အဓိက ရည်ရွယ်ချက်က နတ်ဘုရားငှက်မွှေးကို မြင်ချင်နေတာပေါ့ ဟုတ်လား...

နောက်ဆုံးတော့ အီနီဂို မည်သည့်အရာကို လိုချင်နေမှန်း စုချန်း နားလည်သွား၏။ သူကား အီနီဂိုကို နားလည်မှုလွဲနေခဲ့ပုံရ၏။

သို့သော် ညနေမင်းသည် ခေါင်းကို နောက်ပြန်စောင်းကာ ကျယ်လောင်စွာ အော်ဟစ်ပြီး ကောင်းကင်ယံသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်ခြင်းဖြင့် အီနီဂို၏ စကားကို တုံ့ပြန်လိုက်လေသည်။

ညနေမင်း၏ မြှားသည် ကြောက်စရာကောင်းလှသော အရှိန်အဟုန်ဖြင့် ကောင်းကင်ယံပေါ်သို့ ထောင်တက်သွား၏။ ကောင်းကင်ယံမှ လမင်းကို ချေမှုန်းပြီး လရောင်၏ အရင်းအမြစ်ကို ဖျက်ဆီးပစ်ရန် ညနေမင်းက ရည်ရွယ်ဟန်တူသည်။

ထိုအခါ အီနီဂိုသည် စာအုပ်ကို တစ်ဖန် ပြန်လှန်ပြီး ညနေမင်း၏ ကြိုးပမ်းမှုကို တားမြစ်ရန် နောက်ထပ် အာကင်နာ နည်းစနစ်တစ်ခုကို ဖော်ထုတ်လိုက်ပြန်၏။

အီနီဂို၏ တိုက်ခိုက်ပုံကား အလွန်ပင် ထူးဆန်းလှသည်။ သူသည် အနက်ရောင်မျှော်စင်စာအုပ်နှင့်ကိုယ်ပိုင် အာကင်နာနည်းစနစ်များကို သုံးကာ အချက်ကျကျပင် တိုက်ခိုက်နေ၏။

ညနေမင်းအတွက်မူကား နတ်ဘုရားသားမွှေး၏ ပံ့ပိုးမှုကြောင့် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦးနှင့် တိုက်ခိုက်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာလေသည်။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးမှ ထုတ်လွှတ်လိုက်သည့် မူလ စွမ်းအင်လှိုင်းများကြောင့် ကောင်းကင်သည်ပင် မှောင်မိုက်လာ၏။

လီတောက်ဟုန်နှင့် ဟ်ိုလီကင်းတို့သည်ပင် ၎င်းတို့တိုက်ပွဲကို ခဏတာ ရပ်နားကာ မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်အောင် ရှောင်ရှားပေးကြရလေသည်။ ထိုနေရာရှိ လူတိုင်းမှာကား ဇာတ်လိုက်နှစ်ဦး၏ တိုက်ပွဲကို ဘေးမှဝိုင်းငေးနေရသည်နှင့် တူလှ၏။

အီနီဂို၏တိုက်ခိုက်ပုံမှာကား ပညာရှိဆန်၏။ ပေါ့ပါးလှ၏။ မည်သည့်ဖိအားမှ ရှိပုံမပေါ်ပဲ သက်တောင့်သက်သာရှိလှသည်။

အခြားတစ်ဖက်တွင်တော့ ညနေမင်း၏ တိုက်ခိုက်ပုံမှာ စစ်နတ်ဘုရားတစ်ပါးနှင့် တူလှသည်။ သူ့တကိုယ်လုံးတွင် ရွှေရောင်အလင်းများ ရစ်သိုင်းနေပြီး သူ့လေးမှ ပစ်လွှတ်လိုက်သော မြှားတိုင်းသည်လည်း သွေးဆာနေဟန်ပေါ်နေသည်။

၎င်းတို့နှစ်ဦးသည် တိုက်ခိုက်ပုံမတူညီသော်လည်း အင်အားမျှနေဟန်တော့ ရှိ၏။ သို့သော်အချိန်ကြာလာသည်နှင့်အမျှ အီနီဂို၏တိုက်ခိုက်ပုံသည် ယခင်အတိုင်းပင် ရှိနေသေးသော်လည်း ညနေမင်း၏ တိုက်ခိုက်မှုကတော့ ပို၍ပို၍ အရှိန်မြင့်လာ၏။ သူ့ အရှိန်အဝါမှာလည်း သိသိသာသာပင် မြင့်တက်လာလေသည်။

အခြေအနေကို အကဲမခတ်နိုင်သူများအဖို့ကား ညနေမင်းဖက်မှ အသာစီးရလာပြီဟု ထင်စရာရှိသည်။ သို့သော် အတွေ့အကြုံရင့် စစ်သည်တော်များအတွက်တော့ ညနေမင်းတွင် အားနည်းချက်ကြီး ရှိနေမှန်း သိကြပေလိမ့်မည်။ သူသည် အီနီဂို၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်ရန် စွမ်းအားနှင့် အမြန်နှန်းကို အမြင့်ဆုံးအခြေအနေအထိမြှင့်တင်ထားရ၏။

တိုက်ပွဲသာ ဤအတိုင်းဆက်သွားပါက ညနေမင်းအဖို့ မရှုမလှ ရှုံးနိမ့်ရပေတော့မည်။

ထိုအချိန်မှာပင် အီနီဂိုက နောက်ထပ် နဝမအဆင့်အာကင်နာ နည်းစနစ်တမျိုးကို ဖော်ထုတ်လိုက်ပြန်၏။ ထိုအခါမူလစွမ်းအင်မုန်တိုင်းတစ်ခုသည် ညနေမင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။

သူ အကြာကြီး မခံနိုင်တော့မှန်း ညနေမင်း ကောင်းကောင်းသတိပြုမိ၏။

သူ့အနေနှင့် တခုခုကိုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရပေတော့မည်။

ထိုအခါ သူသည် လေးညှို့ကိုဆွဲပြီး မြှားတစင်းကို ပစ်လွှတ်လိုက်ပြန်၏။ သို့သော် ဤတကြိမ်ပစ်မှတ်မှာကား အီနီဂိုမဟုတ်။ စုချန်း ဖြစ်နေ၏။

ရွှီ!!!

မြှားသည် စုချန်းဆီသို့ တည့်တည့်မတ်မတ်ပင် ပျံသန်းသွား၏။

ညနေမင်း သူ့ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု စုချန်းကိုယ်တိုင်ပင် ထင်မထားခဲ့ချေ။ စုချန်း အံ့သြသွား၏။ မှန်ပါသည်။ ဤတကြိမ်တွင် စုချန်း တကယ်ကြီး အံ့သြသွားခြင်း ဖြစ်သည်။

မြှားသည် စုချန်း၏ လည်မြိုကို ဖောက်ထွင်းဝင်ရောက်သွားပြီး ကြီးမားသော အပေါက်တပေါက်သာ ကျန်ရစ်စေခဲ့၏။ ထို့နောက် အပေါက်ထဲမှ သွေးများ တလဟော ပန်းထွက်လာတော့သည်။

စုချန်းအနေနှင့် သူ့ကိုယ်သူ ကာကွယ်ရန်၊ ရှောင်ရန်၊ ပြန်လည်တိုက်ခိုက်ရန် မည်သည့် အခွင့်အရေးမျိုးမှ မရလိုက်။ မြှားတစ်စင်းတည်းက သူ့ကို ကြေမွသွားစေခဲ့လေပြီတည်း။

"ငါတို့ကတော့ အသည်းအသန် တိုက်ခိုက်နေရတယ် ပြီးရင်တော့ မင်းက အမြတ်ထုတ်သွားမယ်ပေါ့ ဒီလောက် လွယ်လိမ့်မယ်လို့ မင်း ထင်နေတာလား"

ညနေမင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ မည်သို့ဆိုစေ ဤမြှားကို ထုတ်လွှတ်ရန်အတွက် သူပေးဆပ်ခဲ့ရသည့် တန်ဖိုးမှာကား အီနီဂို၏ အစွမ်းထက်အာကင်နာနည်းစနစ်တခု၏ ရိုက်ခတ်မှုကို သူ ကျကျနန ခံစားလိုက်ရခြင်းပင်။ သို့သော် နတ်ဘုရားသားမွှေး၏ ကာကွယ်မှုကြောင့် ညနေမင်း ရရှိလိုက်သည့်ဒဏ်ရာမှာ သိပ်မပြင်းထန်လှဟုတော့ ဆိုနိုင်သည်။

စုချန်းအား မြှားချက်ထိမှန်သွားသည့် မြင်ကွင်းကြောင့် နုပျိုပြည့်လျံနှင့် လေမျိုးဆုံရာမျိုးနွယ်စုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

သွားပြီး...

သူ သေသွားပြီလား...

အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လှသည့် အပြာရောင်မျက်နှာဖုံးတယောက် ဤသို့ပင် လူမသိသူမသိ သေဆုံးခဲ့ရချေပြီလား...

သူတို့အားလုံး ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပဲ ဖြစ်နေကြလေသည်။

"သေစမ်း"

အီနီဂို စိတ်ပျက်လက်ပျက်နှင့်သက်ပြင်းချလိုက်၏။

"ဒီကောင့်ဆီမှာ ကျုပ်တို့မသိရသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်ကွ ပြီးတော့ ဒီလျှို့ဝှက်နယ်ပယ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သူ ရှာတွေ့ထားနိုင်တယ် ကျုပ်က သူ့ကို အသေးစိတ် မေးမြန်းဖို့ စီစဥ်ထားတာ အခုတော့ အားလုံး ရေစုန်မြောကုန်ပြီ"

"အဲဒီတော့ ဘာဖြစ်သလဲ"

ညနေမင်း သူ့လေးကို ဒေါသတကြီး ပြန်ဆွဲရင်း ပြောလိုက်သည်။

"မိခင်နတ်ဘုရားမကို ဆန့်ကျင်သူတိုင်း သေရမယ် အီနီဂို မင်းလည်း အဲဒီထဲမှာ ပါတယ်"

အထက်ပါအတိုင်း အော်ဟစ်ပြီးသည်နှင့် သူ့ကိုယ်ရောင်ကိုယ်ဝါသည် ရှိန်းရှိန်းတောက်လာပြန်၏။

အီနီဂို ခေါင်းခါလိုက်သည်။

"သူက မသေသင့်ဘူးလို့ ကျုပ်ကလဲ မဆိုလိုပါဘူး ဘာပဲဖြစ်ဖြစ် သူသာ အသက်ရှင်နေသေးရင် သူ့ဆီက တန်ဖိုးရှိမဲ့တခုခုတော့ မျှော်လင့်လို့ရတာပေါ့ကွ ဟေ့ ညနေမင်း မင်းအတွက်လည်း အတူတူပဲကွ နတ်ဘုရားသားမွှေးဟာ... ဟင်"

စကားမဆုံးမီမှာပင် အီနီဂိုတယောက် တခုခုကို အံ့သြသင့်သွားပုံရ၏။

အီနီဂို၏အမူအရာကို မြင်သောအခါ ညနေမင်းကလည်း သူကြည့်နေသောနေရာကို လှည့်ကြည့်လိုက်မိသည်။

ထိုအချိန်မှာပင် သူ ထိတ်လန့်တုန်လှုပ်သွား၏။

အကြောင်းမှာ အပြာရောင်မျက်နှာဖုံး၏ အလောင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောကြောင့်ပင်။ နောက်ဆုံးတွင် ၎င်းသည် ပုံရိပ်တခုသဖွယ် လုံးဝ ပျောက်ကွယ်သွားတော့၏။

ဘာဖြစ်သွားတာလဲ...

အလောင်းက ဘာလို့ ပျောက်သွားတာလဲ...

ထို့နောက် သူတို့နှစ်ယောက် အတွေးတခုကို ပြိုင်တူတွေးမိကြ၏။

ထိုအခိုက်ဝယ် သူတို့နောက်ဘက်မှ စိတ်ပျက်လက်ပျက်နိုင်သော အသံတသံ ထွက်ပေါ်လာလေသည်။

"ကျုပ် မှားတွက်မိသွားတဲ့ပုံပဲ မင်းတို့နှစ်ယောက် ကျုပ်တို့ထည့်မတွက်ပဲ အချင်းချင်းပဲ ဆက်ပြီးတိုက်ခိုက်နေလို့မရဘူးလားကွာ"

ကနဦး အလောင်းရှိနေသောနေရာတွင် စုချန်း၏ ပုံရိပ် ထပ်မံပေါ်ပေါက်လာ၏။

"မင်း မသေသေးဘူးလား"

ညနေမင်း မယုံနိုင်ပဲ ဖြစ်နေ၏။

"အဓိပ္ပာယ်မရှိလိုက်တဲ့စကားကွာ သေစရာလားကွ ဘာလိုပဲဖြစ်ဖြစ် ဒီနေရာမှာ အခြေအနေတခုလုံးကို ထိန်းချုပ်ထားသူက ကျုပ်ပဲလေ ဒါကြောင့် နောက်ဆုံးမှာ အပျော်နဲ့အဆုံးသတ်ရမဲ့သူကလဲ ကျုပ်ပဲ ဖြစ်ရမယ် မဟုတ်ရင် ကျုပ်အနေနှင့် အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ဘယ်ဖြစ်မလဲ"

စုချန်း ပြုံးစေ့စေ့နှင့် ဆက်ပြောလိုက်လေသည်။

"ဒါပေမယ့် ကျုပ် ဝင်ပါမှပဲ နတ်ဘုရားသားမွှေးက သူ့စွမ်းအားကို အပြည့်အဝ ထုတ်ပြမယ်နဲ့တူတယ် ကောင်းပြီလေ ဒါလဲ အဆင်ပြေပါတယ်"

ထို့နောက် စုချန်းက အလင်းမဲ့ဓားကို ဆွဲထုတ်ရင်း အောက်ပါအတိုင်း ကျယ်လောင်စွာ ပြောလိုက်လေသည်။

"မင်းတို့ထဲက ဘယ်သူက အရင်လာမလဲ ဒါမှမဟုတ် နှစ်ယောက်လုံး တပြိုင်နက်တည်း ဝင်လာကြမလား"

***

All Chapters