အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း ၁၇၈- ဓားစိတ်ဆန္ဒ ...
~ ချင်းကျိုး၌..ထိပ်တန်းထိပ်တန်းဂိုဏ်း ဆယ့်သုံးဂိုဏ်း ကြီးစိုးသည်။
ယခုအခါသမယ၌.. ဂိုဏ်းခုနစ်ဂိုဏ်းမှာ စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့လေရာ ကျန်ဂိုဏ်း ခြောက်ဂိုဏ်းမှာ မလှုပ်ရှားဘဲ နေကြသည်။ စစ်ပွဲ မီးတောက်များက ဆက်လက် တောက်လောင်နေလေသည်။ အခြားဂိုဏ်းများက စစ်ပွဲတွင် ပါဝင်ရန် ဆန္ဒ မရှိကြသော်လည်း ၎င်းတို့သည် အလွယ်တကူ ထိခိုက်ခံရပြီးကိုယ့်ကိုယ်ကို မထိခိုက်စေရန်အလို့ငှာ ခဲယဉ်းလေမည်။
လွန်ခဲ့သောသုံးလက ဂိုဏ်းခုနစ်ဂိုဏ်းမှ တစ်ဂိုဏ်းစီသည် အခြားဂိုဏ်းခြောက်ဂိုဏ်းဖြစ်သည့် ငွေလမင်းတောင်ကြား၊ သံမဏိ နှလုံးသားဂိုဏ်း၊ တိမ်တိုက်နီဂိုဏ်း၊ကျောက်စိမ်းနက် တောင်၊ ဝမ်ကျန်း စံအိမ်၊ မိုလင် တောင်ကြား... ဤဂိုဏ်းများကို ၎င်းတို့၏ သက်ဆိုင်ရာ စခန်းများသို့ ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဂိုဏ်းခုနစ်ဂိုဏ်းမှ သန်မာသော ကျင့်ကြံသူများအား သံတမန်အဖြစ်များ စေလွှတ်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းခုနစ်ဂိုဏ်းကြားတွင် စစ်ပွဲကြီးသည် မပြီးဆုံးသေးပေ။ ချင်းကျိုး နယ်ကြီးတစ်ခွင်.. ပရမ်းပတာဖြစ်နေချေပြီ။
လုရီသည် သူ၏ ကျင့်ကြံမှု အရင်းအမြစ်များ လုံလောက်နေသေးသည့်အတွက် သူ့အတွက် ကံကောင်းသည်ဟု ကြိတ်၍ သက်ပြင်းချမိတော့သည်။ ကျင့်ကြံမှု အရင်းအမြစ်များရရှိရန် အလုပ်များအတွက် သူ့ဂူအိမ်မှ ထွက်ခွာဖို့ မလိုအပ်ပါ။
ထိုသို့သာ မဟုတ်လျှင် သူ၏ လက်ရှိခွန်အားဖြင့်ပင် စွန့်စားခန်း ခရီးထွက်သည်က အထူး မလုံခြုံပါချေ။
တစ်နေ့တွင် လုရီ ပုံမှန်အတိုင်း ကျင့်ကြံနေသည့်အခိုက်..သူ့ဂူအိမ်အပြင်ဘက်တွင် လျိုနင်ရွှမ်း၏ ကြည်လင်သော အသံကို ရုတ်တရက် ကြားလိုက်ရပါသည်။
"ဂျူနီယာ မောင်လေး၊ ထွက်လာပြီး တွေ့ပါ"
လုရီ လန့်သွားပြီး အနည်းငယ် အံ့သြသွားရပါ၏။
...သူ့စီနီယာ အစ်မသည် များသောအားဖြင့် အေးတိ အေးစက် နေတတ်ပြီး သူ့ကို လာရှာခဲသည်လေ။
စီနီယာ အစ်မ.. ဘာကြောင့် ရုတ်တရက် ရောက်လာရသလဲ။...
လုရီသည် ဂူအိမ်ကြီးမှ ထွက်လာသောအခါ အပြင်ဘက်တွင် ရပ်နေသော လျိုနင်ရွှမ်းအား မြင်တွေ့လိုက်ရပါ၏။ အဖြူရောင် ဂါဝန်ရှည်အား ၀တ်ဆင်ထားသည့် အေးစက်၍ သိမ်မွေ့သော
လျိုနင်ရွှမ်း၏ ပြိုင်ဘက်ကင်း အလှမှာ အပြစ်အနာအဆာ ကင်းသော ကျောက်စိမ်းရုပ်တုကလေး..ထွင်းထုထားသည့်အသွင်...။
လျိုနင်ရွှမ်း၏ ဘေးမှာ ရပ်နေသော အခြား မိန်းကလေးတစ်ဦးကိုလည်း တွေ့ခဲ့ပါသည်။မိန်းကလေးသည် ရိုးရှင်းသော ချည်ထည်အဝတ်အစားကို ၀တ်ဆင်ထားပြီး လက်ထဲမှာတော့ အဖြူရောင် ကျောက်စိမ်းဓားရှည် တစ်လက်ကို မာန်ပါပါ ကိုင်ဆောင်ထားလေသည်။
သူမ၏ မျက်ခုံးတန်းကလေးများက ဓားသွားအသွင်သွယ်တန်းနေသည်။
နှုတ်ခမ်းပါးမှာ နီစွေး၏။ နှာတံမှာ ချွန်ထက်၍ မိန်းကလေးမှာ အလုံးစုံ ခြုံငုံရလျှင် ထူးထူးခြားခြား လှပ ချောမောသော အသွင်အပြင်အား ပိုင်ဆိုင်ထားလေသည်။
ထိုမျှမကသေး..။မိန်းကလေးတစ်ဦး ဖြစ်သည့်တိုင် သူမသည် ရှားပါးသူရဲကောင်း အရှိန်အဝါကို ပိုင်ဆိုင်ထားချေသည်။
လုရီသည် လန့်သွားပြီး သူမကို အံ့သြစွာ အကဲခတ်လိုက်သည်။
.. ဒီမိန်းကလေးက... ဘယ်သူလဲ။
ငါ သူ့ကိုလင်းလောင်တောင်ထိပ်မှာ တစ်ခါမှ မမြင်ဖူးပါဘူး။..
လုရီက လျိုနင်ရွှမ်းအား ပြုံးပြပြီး မေးလိုက်တော့၏။
"စီနီယာ အစ်မ..ကျွန်တော့်ဆီကို ဘာလို့ ရောက်လာပါလိမ့်.. အစ်မနဲ့ ပါလာတဲ့ဂျူနီယာ ညီမက ဘယ်သူပါလိမ့်ဗျ"
ပုံမှန်အားဖြင့် လျိုနင်ရွှမ်း ရောက်လာတိုင်း သူမနှင့်အတူ သုန်းကုန်းမင်ယွဲ့သာ လိုက်လာတတ်သည် လေ။ သို့သော် ယခုတစ်ကြိမ်တွင် အံ့အားသင့်စရာပင် အခြား မိန်းကလေး တစ်ဦးကို ခေါ်ဆောင်လာခဲ့လေသည်။
သူ့အမေးကို ကြားတော့ လျိုနင်ရွှမ်းက
ပေါ့ပေါ့ပါးပါး ပြုံးပြီး မိတ်ဆက်ပေးလာသည်။
"သူက ဝမ်ကျန်း စံအိမ်ရဲ့ သခင်မလေး ကျန်းရူယွီ တဲ့..၊ သူက နတ်ဓားဂိုဏ်းကို ဝင်ရောက်ခဲ့တာပေါ့.. နတ်ဓားဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်လေ..
ဒီအစ်မက လှည့်လည် ခရီးတွေသွားရင်းနဲ့ ရူယွီနဲ့ သူငယ်ချင်းကောင်း ဖြစ်ခဲ့တာပေါ့..ဒီနေ့ သူက စံအိမ်သခင်နဲ့အတူ တိမ်ဖြူဂိုဏ်းကို လာလည်တယ်.. နင့်ရဲ့ဓားတာအိုကို သူတို့ အရမ်းစိတ်ဝင်စားနေတာကြောင့် ဝမ်ကျန်း စံအိမ်ကနေ ဒီကို ရောက်လာခဲ့ကြတာ..."
ဒါကို ကြားတော့ လုရီ၏ မျက်လုံးများသည် အနည်းငယ် မှေးကျဉ်းသွားပြီး ရင်ထဲမှာ တစ်ချက် လှုပ်ရှားသွားသည် ။
ဝမ်ကျန်း စံအိမ်...။
ချင်းကျိုး၏ ထိပ်သီး ဆယ့်သုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သော ဝမ်ကျန်း စံအိမ်မှာ
စင်စစ်အားဖြင့် သိသာထင်ရှားသော ခွန်အား ပိုင်ဆိုင်ပြီး ၎င်းတို့၏ သခင်မလေးသည် အခြားဂိုဏ်းနှင့် ချိတ်ဆက်မည်ဟု
သူ မမျှော်လင့်ထားပေ။
ဤအချက်ဖြင့်.. နတ်ဓားဂိုဏ်းက မည်မျှ အစွမ်းထက်ကြောင်း ပြသနေပါသည်။သို့သော်၊ ယခုအချိန်တွင် ဝမ်ကျန်းစံအိမ်၏ တိမ်ဖြူဂိုဏ်းသို့ လာရောက်လည်ပတ်မှုသည် တိမ်ဖြူဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ဝင်စားမှုကို ဖော်ပြနေသည် မဟုတ်ပါခော။
၎င်းကိစ္စဟာ တိမ်ဖြူဂိုဏ်းအတွက် သတင်းကောင်းပါပင်။ထို့အပြင်
ဤမိန်းကလေးသည် သူ့စီနီယာအစ်မ၏ သူငယ်ချင်းကောင်း ဖြစ်သောကြောင့်
သူ့အနေနှင့်မချေမငံ ဆက်ဆံဖို့ မသင့်ပေ။
လုရီ ထိုသို့..တွေးလိုက်အပြီး သူမအား ပြုံးပြကာ လောကွတ်ပြုလိုက်သည်။
"ဒါဆို ခင်ဗျားက စံအိမ် သခင်မလေး ကျန်း ပေါ့.. ကျွန်တော် လုရီ.. သခင်မလေးကျန်းကို နှုတ်ဆက်ပါတယ်"
ထိုအခါ.. ကျန်းရူယွီသည် လုရီကို ကြည့်ကာ ခပ်မြူးမြူး ရယ်လိုက်ပြီး
"အိုက်ယား..နင်က နင်ရွှမ်းရဲ့ ဂျူနီယာလေးမလား၊ ငါတို့ချင်း..ရင်းရင်းနှီးနှီး ပြောလို့ ရပါတယ်..။ ငါ့ကို အစ်မရူယွီလို့ပဲ ခေါ်လေ"
"ဟုတ်ကဲ့ပါ...အစ်မ ရူယွီ"
ကျန်းရူယွီသည် လုရီအား စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီး သူမ၏ ကြည်စင်သော မျက်ဝန်းများအတွင်း စူးစမ်းလိုသော အရိပ်အမြွက်ကလေး တောက်ပလာသည်။
"မောင်လေးရီ..နင်ရွှမ်းက နင့်ရဲ့ ဓားပညာကို တလျှောက်လုံး ..ချီးကျူးနေတာ.. အကြီးအကဲမင်ကတောင် သူက နင့်ထက် အားနည်းတယ်လို့ ထုတ်ပြောဖူးတယ်ဆို.. ..နင့်ရဲ့ ဓားပညာက အရမ်း ထက်မြက်တာပဲလား "
သူမ မေးခွန်းအား လုရီက အသာအယာ ငြင်းဆန်လိုက်သည်။
သူက ဖျော့တော့စွာ ပြုံးလိုက်ပြီး
"ဒါက စီနီယာ အစ်မနဲ့ အကြီးအကဲမင်က ကျွန်တော့်ကို အရမ်း ဂုဏ်ယူလွန်းနေတာပါ..ကျွန်တော့်ရဲ့ ဓားပညာက ရိုးရိုးရှင်းရှင်းပါပဲ!"
သူ့စကားအား ကြားရသော်..ဓားရေး စမ်းသပ်လိုစိတ် ပြင်းပြနေသော ကျန်းရူယွီက ငြိမ့်ညောင်းစွာ ရယ်မောရင်း..
"မောင်လေးရီ..ငါ နင်နဲ့ ဆုံဖူးချင်လို့ အဓိကရည်ရွယ်ချက်နဲ့ တိမ်ဖြူဂိုဏ်းကို အဖေနဲ့ အတူ လိုက်လာတာဟဲ့၊ နင်နဲ့ နည်းနည်း ယှဉ်ပြိုင်ချင်တယ်"
သူမစကားကြောင့် လုရီ ထိတ်လန့်သွားရပါ၏။
သူသည် ကမောက်ကမ အမူအရာဖြင့် မေးလိုက်သည်။
"အိုး..အစ်မရူယွီ၊ ခင်ဗျားရဲ့ ကျင့်ကြံမှုအခြေခံက အခြေတည် ဝိညာဉ်အဆင့်ကို ရောက်နေပြီ၊ ကျွန်တော်နဲ့ ပြိုင်ချင်တာလားဗျာ"
အကယ်၍ ၎င်းသည် သမားရိုးကျ အခြေတည် ဝိဉာဉ် ကျင့်ကြံသူသာ ဖြစ်မည်ဆိုလျှင် ပြသနာ မရှိသေးချေ။
ဤနေရာတွင် ကျန်းရူယွီမှာမူ နတ်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်း ဓားပါရမီရှင် ဖြစ်ပြီး သူ၏ စီနီယာအစ်မထက် နိမ့်ကျမည် မဟုတ်ပေ။
သူ့အနေနှင့် ထိုမိန်းကလေးအား အနိုင်ယူနိုင်မည်ဟု ကိုယ့်ကိုယ်ကို သိပ်မယုံကြည်ရဲပါ။
ထိုအခိုက်..ကျန်းရူယွီက လှပစွာ ပြုံးလိုက်ပြီး...
"ဟုတ်တယ်.. ဓားပညာသက်သက်ပါပဲ..ငါတို့ တခြား ဘာကိုမှ ယှဉ်ပြိုင်မှာ မဟုတ်ဘူး"
ဒါကို ကြားတော့ လုရီ မျက်ခုံးပင့်လိုက်ပြီး
.."ငါ ကျန်းရူယွီနဲ့ ဓားပညာ ယှဉ်ပြိုင်မယ်" ဟု သူ့စိတ်ထဲမှာ အသံတိတ် ကြုံးဝါးလိုက်သည်။
သူ့စနစ် မျက်နှာပြင်ပေါ်မှာ တောက်ပသော အလုပ်စာသားများ ပြေးလွှားလာတော့၏။
[အလုပ်]
ကျန်းရူယွီနှင့် ဓားပညာ ယှဉ်ပြိုင်ပါ။
ဆုကြေး- ဓားစိတ်ဆန္ဒကို မြှင့်တင်ခြင်း၊ ဓား စိတ်ဆန္ဒ မြက်ပင် တစ်ပင်။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
အလုပ်အား လုရီက ထုံးစံအတိုင်း မငြင်းဘဲ လက်ခံလိုက်ပါသည်။
ကျန်းရူယွီသည် နတ်ဓားဂိုဏ်း၏ ဉာဏ်ကြီးရှင် ဖြစ်သောကြောင့် သူမ၏ ဓားစွမ်းရည်မှာ မဆိုးပါပေ။
သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒက ကိုးဆယ့်ကိုး ရာခိုင်နှုန်းမှာ မတိုးတက်ဘဲ ရပ်တန့်နေခဲ့သည်မှာ ကြာချေပြီ။ကျန်းရူယွီနှင့် လေ့ကျင့်စဉ်မှာ ဓားစိတ်ဆန္ဒကို တိုးမြှင့်နိုင်လျှင် အမှန်တကယ် ကိစ္စကောင်း တစ်ခု ဖြစ်ပါမည်။
ထို့အပြင် ပစ္စည်းကောင်းလေး ဖြစ်သည့် ဓားစိတ်ဆန္ဒ မြက်လည်း ရပါဦးမည်။
ဓားစိတ်ဆန္ဒ မြက်...
ဓားစိတ်ဆန္ဒ မြက်ဟူသည်မှာ အဘယ်ရတနာနည်း။
သူသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အဆင့်တွင် ရှိနေစဉ်တွင် သူ့ဆရာ လင်းလောင်တောင်ထိပ် သခင်မသည် နတ်ဓားဂိုဏ်းကို အထူး တောင်းဆိုခဲ့ရသော အရာပါပင်။
ထိုသို့ သုံးသပ်လိုက်ပြီးနောက် လုရီက
တစ်ချက်ပြုံးကာ ကတိပြုလိုက်ပါ၏။
"အစ်မ ရူယွီက ဒီလို ပြောလာတော့ ကျွန်တော် မငြင်းတော့ပါဘူး"
သူ့သဘောတူမှုကြောင့် ကျန်းရူယွီ၏ မျက်လုံးများ အရောင်လက်ကာ သူမသည် ရယ်မောရင်း...
"ခစ်ခစ်ခစ်..ကောင်းပါပြီ၊ ဒီနေ့ထက် ပိုကောင်းတဲ့နေ့ မရှိဘူး၊ အခုပဲ တိုက်ခိုက်ရအောင်!"
ထိုသို့ ပြောဆိုနေချိန်အတွင်း ကျန်းရူယွီ၏ ကိုယ်မှ..အလွန်အမင်း ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခု တဟုန်ထိုး ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော
ဤဓားစိတ်ဆန္ဒသည် ကောင်းကင်ကို ထိုးဖောက်ကာ အရာခပ်သိမ်းကို ခုတ်ထစ်တော့မလို အထက်သို့ ပျံတက်သည်။
လင်းလောင်တောင်ထိပ် အထက်ရှိထူထပ်သော တိမ်လိပ်များမှာ ထိုဓားစိတ်ဆန္ဒ ၏ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲကုန်သည်။
ထိုသို့သော ရုန်းရင်းဆန်ခတ်သည်
မလွဲမသွေပင်.. လူတိုင်း၏ အာရုံကို ဆွဲဆောင်လာတော့သည်။
မရှေးမနှောင်းမှာပင် တဝီဝီ လေတိုးသံများ ထွက်ပေါ်လာပြီး ဤနေရာသို့ ဝူချင်းဖုန်း နှင့် ကျန်းရူယွီ နှင့် ဆင်တူသည့် ဥပဓိရုပ် ခန့်ညားသော လူလတ်ပိုင်းအရွယ် လူကြီးတစ်ဦး ရောက်ရှိလာသည်။
ထိုသူတို့အပြင် အကြီးအကဲ ချီလင် နှင့် အဓိပတိ အကြီးအကဲ အများအပြားလည်း အနီးကပ်လိုက်ပါကြသည်။
လင်းလောင်တောင်ထိပ်၏ အခြေတည် စိတ်ဝိညာဉ် အကြီးအကဲများနှင့် ညီအစ်ကို မောင်နှမ မြောက်မြားစွာတို့သည် တံခါးပိတ် ကျင့်ကြံရာက သုတ်သီးသုတ်ပျာ ထွက်ပေါ်လာကြပြီး အားလုံးက အံ့သြစွာ အော်ဟစ်ကြသည်။
"အလိုလေး.. ဘယ်လောက်ထိ အစွမ်းထက်လိုက်တဲ့ ဓားစိတ်ဆန္ဒလဲဟ"
"ဒီဓားစိတ်ဆန္ဒက ဂျူနီယာ ညီလေးလု ရဲ့ဓားစိတ်ဆန္ဒများလား.. အရမ်းကို ထက်မြက်လိုက်တာ၊ ဒီဓားစိတ်ဆန္ဒရှေ့မှာ အရာအားလုံး အပိုင်းပိုင်း ပြတ်သွားတော့မလိုပါပဲ!"
"လာ..ဘာတွေ ဖြစ်နေတာလဲ၊ သွားကြည့်ရအောင်!"
"ဟေး၊ ငါ့ကိုလည်း စောင့်ပါဦး.."
ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လုရီ၏ဂူအိမ်ဆီသို့ ကိုယ်ကို ဖော့၍ ခပ်မြန်မြန် ပျံသန်းလာကြတော့သည်။
တစ်ဖက်တွင်၊ အကြီးအကဲ မင်မှာ ပင်စည်တုတ်ခိုင်သော သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် မှီ၍ ငြိမ်သက်နေပြီး တိတ်တဆိတ် စောင့်ကြည့်နေပါသည်။
ကောင်းကင်ယံအမြင့်၌ ဝူချင်းဖုန်းသည် ကောင်းကင်ဘုံသို့ ထိုးတက်လာသော ဓားစိတ်ဆန္ဒ ပိုင်ရှင် ကျန်းရူယွီအား ငုံ့ကြည့်ရင်း သူ့ဘေးက လူအား
"အစ်ကို ကျင်းထျန်၊ တူမလေး ရူယွီရဲ့ဓားစိတ်ဆန္ဒက အသွင်ကူးပြောင်းအဆင့်ကို ရောက်နေပြီ၊ တကယ်ကို အထင်ကြီးစရာပဲ" ဟု တအံ့တဩ ပြောဆိုလိုက်လေသည်။
ကျန်းကျင်းထျန်က အောက်မှ သူ့သမီးကို ကြည့်ကာ ဂုဏ်ယူသည့် ဟန်ဖြင့်...
"ညီ ချင်းဖုန်းက ဒီကောင်မလေးကို မြှောက်ပင့်ပေးနေပါပြီ၊ ယွီအာရဲ့ ဓားစိတ်ဆန္ဒ ဒီအဆင့်အထိ ရောက်သွားတာက
နတ်ဓားဂိုဏ်းရဲ့ ကျေးဇူးတွေကြောင့်ပဲကွ.. တကယ့်ကို ဓားတာအိုရဲ့ အထွတ်အမြတ် နယ်မြေဆိုတဲ့ အဆင့်အတန်းနဲ့ ထိုက်တန်လှတယ်.."
သူသည် ကျန်းရူယွီအရှေ့တွင် ရပ်နေသော လုရီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ပြုံးကာ
"ဒီသူငယ်က အကြီးအကဲမင် ခဏခဏ
အမွှန်းတင်နေတဲ့ တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ လုရီ မဟုတ်လား.. ဒီလို ဓားစိတ်ဆန္ဒကို မတုန်မလှုပ် ရင်ဆိုင်နိုင်တာ..
တကယ့်ကို လေးစားစရာပဲ။"
ထိုအခါဝူချင်းဖုန်းက တစ်ချက် ခေါင်းညိတ်ပြီး ရယ်မောကာ ပြောကြားလိုက်တော့သည်။
"ဟုတ်တယ်ဗျ..တကယ်ပဲ လုရီပါ။ တူမလေး ရူယွီ က လုရီနဲ့ ဓားစိတ်ဆန္ဒ ယှဉ်ပြိုင်ချင်ပုံ ရတယ်၊ တူမလေးရူယွီဟာ နတ်ဓားဂိုဏ်းရဲ့ ကျော်ဇောတဲ့ တာအို ဉာဏ်ကြီးရှင်လို့ ကျော်ကြားတယ်မလား..၊ အဲ့ဒီလိုပဲ..ကျုပ်တို့လုရီရဲ့ ဓားစိတ်ဆန္ဒကလည်း ထပ်တူထပ်မျှ ရှိန်လောက်စရာပါပဲ..ကြည့်ရတာ..ဒီပွဲက လှတော့မယ်"
-------------
အခန်း ၁၇၉-အထွတ်အထိပ် ဓားစိတ်ဆန္ဒ ပါဝင်တဲ့ ဓားတာအိုအမိန့် ...
~ ကျန်းကျင်းထျန်က အနည်းငယ် ခေါင်းညိတ်ပြပြီး မြေပြင်သို့ စိုက်ကြည့်ကာ..လေးလေးနက်နက် မှတ်ချက်ပြုလေသည်။
"အခုခေတ်လူငယ်တွေက အတော်လေး ထူးချွန်ကြတယ်..ဒီမျိုးဆက်သစ်တွေရဲ့ ဓားစိတ်ဆန္ဒက ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ ကျုပ် မြင်ဖူးရတော့မယ်..."
သူတို့၏ စကားဝိုင်းများမှ တဆင့် လူတိုင်းသည် အခြေအနေကို နားလည်သဘောပေါက်လာကြပြီး ယခုအခါ မျှော်လင့်ချက်တို့ အပြည့်ဖြင့် မမှိတ်မသုန် ကြည့်ရှုနေကြသည်။
ကျန်းရူယွီသည် ထူးထူးခြားခြား ခွန်အား လက်ဆောင်ရထားသော နတ်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။
တစ်ဖက်၌ လုရီမှာ တိမ်ဖြူဂိုဏ်း၏ မသေမျိုး မျိုးစေ့အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။သူ၏ အမျိုးမျိုးသော တိုက်ခိုက်မှုများကို ဂိုဏ်းတွင်းရှိ လူတိုင်းက အမြဲစောင့်ကြည့်ခဲ့ကြပြီး ပြိုင်ဘက်ကင်းသော စွမ်းရည်များကို မျက်ဝါးထင်ထင် မြင်ဖူးကြလေသည်။
နှစ်ယောက်စလုံးသည် ထူးထူးခြားခြား ပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့် လူထုက ဤဓားပြိုင်ပွဲကို မြင့်မားစွာ မျှော်လင့်ချက် ထားကြသည်။
လျိုနင်ရွှမ်း အဝေးသို့ ပျံသန်းသွားပြီး လုရီ နှင့် ကျန်းရူယွီအားသာ ဂူစံအိမ်အဝင်ဝတွင် ကျန်ရစ်စေသည်။
ကျန်းရူယွီ၏ မျက်လုံးများသည် ဓားအလင်းများဖြင့် တောက်ပနေပြီး လုရီကို အာရုံစိုက်နေသည်။
သူမက ရုတ်တရက် တိုးတိုးလေး သတိပေးလိုက်၏။
"မောင်လေးရီ.. ဒီအစ်မ လာပြီနော်..."
နောက် အခိုက်အတန့်တွင် ကျန်းရူယွီက သူမ၏ ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ
ဓားစိတ်ဆန္ဒအား သယ်ဆောင်လာသော ကျောက်စိမ်း ဓားတစ်စင်း လုရီဆီသို့ ပြင်းထန်စွာ ပစ်ခွင်းသည်။
ကျောက်စိမ်း ဓား၏ ထက်ရှသော ဓားစိတ်ဆန္ဒသည် နေရာလပ်အား ဖြိုခွဲ၍ ဟင်းလင်းပြင်ကို ဝရုန်းသုန်းကား လှုပ်ခါစေသည်။ ကြည့်ရှုနေသူများ မျက်စိမျက်နှာ ပျက်ယွင်းကာ ရင်ထဲ အတော်လေး တုန်လှုပ်သွားကြတော့သည်။
လုရီ၏ အမူအရာမှာ ပကတိ တည်ကြည်နေပြီး သူ့လက်အား လေထဲသို့ အသာအယာ မြှောက် လိုက်သည်နှင့်တပြိုင်နက် ကောင်းကင်ယံ၌ ချောက်ကြီးတစ်ခုကို ဆွဲတင်လိုက်သကဲ့သို့ သူ့ရှေ့တွင်ရွှေဓား အလွှာကြီးတစ်ခု ရုတ်ချည်းပိတ်ဆို့သည်။
ကျောက်စိမ်းဓားစိတ်ဆန္ဒနှင့်
ရွှေဓား အလွှာတို့ ထိတိုက်မိသည့်အခါ အနည်းငယ် တုန်လှုပ်သွားသော်လည်း ရွှေဓား အလွှာကြီးသည် ကျိုးပျက်သွားသည့် အရိပ်အယောင် တစ်စက်မျှ မရှိနေပါချေ။
ဤအဖြစ်ကို မြင်တော့ ကျန်းရူယွီ၏ မျက်လုံးများ တောက်ပလာပြီး သူမက သဘောကျသလို ပြုံးကာ အော်ဟစ်သည်။
"ကောင်းတယ်.."
ကျန်းရူယွီ၏ ခန္ဓာကိုယ်မှ ဓားစိတ်ဆန္ဒမှာ ပို၍ပင် ထက်မြက်၍ ပြင်းထန်လာလာသည်။ သူမ၏လက်များသည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံအတိုင်း လှပစွာ လှုပ်ရှားနေစဥ် ကျောက်စိမ်းဓားအလင်းတန်းများက သူမ အရှေ့တွင် စုစည်းကာ ဓားနဂါးကြီးတစ်ကောင်အဖြစ် ယိမ်းနွဲ့လာသည်။
ကျောက်စိမ်းဓား နဂါးကြီးသည် ဝူးခနဲ ဟိန်းဟောက်ရင်း လုရီထံ ပြေးဝင်တိုက်ခိုက်သည်။
ဓားနဂါးသည် ဓားအလင်းလွှာနှင့် ပြင်းထန်စွာ ထိတိုက်သည်။
ဓားအလင်းလွှာသည် သိမ့်ခနဲ လှုပ်ခါပြီးနောက်.. တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ စတင် အက်ကွဲလာသည်။
လုရီ စိတ်ထဲ.. အနည်းငယ် မှင်သက်ရပါတော့သည်။
ဤကျန်းရူယွီ၏ ဓားစိတ်ဆန္ဒမှာ ရှစ်ဆယ် ရာခိုင်နှုန်းအထိ အားကောင်းသည်ဟု ဆိုရပေမည်။ဤတွင် သတိချပ်ရမည်မှာ
ကျန်းရူယွီသည် အခြေတည် ဝိဉာဉ်တွင်သာရှိသေးသည်။ နတ်ဘုရား အသွင်ပြောင်း နယ်ပယ်သို့ပင် မရောက်ရှိသေးပါ။
သူမ၏ ပြင်းထန်လှသော ဓားစိတ်ဆန္ဒမှာ စင်စစ်ပင် မယုံကြည်နိုင်ဖွယ်ကောင်းလှပါသည်။
အစပိုင်းတွင် နတ်ဘုရား အသွင်ပြောင်း နယ်ပယ် အထွတ်အထိပ် ခွန်အား ရှိသော အကြီးအကဲမင် ပင်လျှင် ဓားစိတ်ဆန္ဒ ခြောက်ဆယ် ရာခိုင်နှုန်းထက် အနည်းငယ်မျှသာ ကျော်လွန်ခဲ့သည်။
ကျန်းရူယွီသည် မည်မျှ အရည်အချင်း ရှိသည်ကို တွေးကြည့်နိုင်ပါသည်။
သူမအား နတ်ဓားဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည်မှာ သူ မအံ့ဩမိတော့ပါ။လုရီစိတ်ထဲမှာ မနေသာဘဲ ကြိတ်၍ လေးစားမိတော့သည်။ ဓား တာအို အထွတ်အမြတ် နယ်မြေဟု လူသိများသော နတ်ဓားဂိုဏ်းသည် အမှန်တကယ်ပင် ထူးချွန်သော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့သည်ပင်။
ကံမကောင်းစွာပဲ၊ သူ့ကိုယ်ပိုင် စွမ်းရည်နှင့် နှိုင်းယှဥ်ကြည့်သောအခါ ထိုကဲ့သို့ ဓားကျင့်ကြံမှု အဆင့်သည်ပင် နိမ့်ပါးနေသေးသည်။ဓားစိတ်ဆန္ဒ ပိုနက်နဲလေလေ ကွာဟချက်က ကြီးမားလေပင် ဖြစ်ပါ၏။ ဓားစိတ်ဆန္ဒ ကိုးဆယ့်ကိုး ရာခိုင်နှုန်းနှင့် ဓားစိတ်ဆန္ဒ ရှစ်ဆယ် ရာခိုင်နှုန်းအကြားတွင် အသူတရာ နက်သော ချောက်ကမ်းပါးကြီး တစ်ခု တည်ရှိလေ၏။
ဓားအလင်းများ ဝေ့သီနေသော လုရီ၏ မျက်လုံးများ ဖျတ်ခနဲရွေ့လျားသွားစဉ် သူ၏ မသေမျိုး စိတ်ဆန္ဒအား ထုတ်ဖော်
လိုက်ပြီး ဓားအလင်းလွှာအား တစ်ဖန် ဖန်တီးပြန်၏။ မသေမျိုး စိတ်ဆန္ဒ၏ စွမ်းအားမျှင်ဖြင့် ဖွဲ့တည်သော ဤဓားအလင်းလွှာသည် တောင်ကဲ့သို့ ထူထဲသည်။ ရွှေသားကဲ့သို့ လင်းဖြာနေသည်။
ကျောက်စိမ်းဓား နဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ဓားအလင်းလွှာအား အပြင်းအထန် တိုးဝင်တိုက်ခိုက်သည်။
ဓားအလင်းလွှာသည် တုန်လှုပ်ကာ အနည်းငယ် မှိန်ဖျော့သွားသော်လည်း စိတ်ကူးမယဉ်နိုင်သော ခိုင်ခံ့မှုကို ပြသကာ ကျောက်စိမ်းဓားနဂါးက မည်မျှပင် ဖျက်ဆီးသည် ဖြစ်စေ ပြန့်ကျဲမသွားဘဲ တည်ငြိမ်နေခဲ့သည်။
ကျန်းရူယွီ၏ ဓားနည်းစနစ်သည် အဆက်မပြတ် ပြောင်းလဲနေပြီး သူမ၏ ဓားစိတ်ဆန္ဒသည် ဗုံးတစ်လုံးလို ပေါက်ထွက်လာသော်လည်း အခြေအနေအား
မပြောင်းလဲနိုင်သေးပေ။
သူမ၏ သူရဲကောင်းဆန်သော မျက်နှာသည် အံ့ဩမှု အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ်သွားပြီး ထိုရွှေဓားအလင်းလွှာကို စူးစိုက်ကြည့်ကာ ရေရွတ်တော့သည်။
"ဒီလောက် အားကောင်းတာလား"
မိန်းမလှလေးသည် မျက်မှောင် ဖွဖွကြုတ်ကာ ခပ်နိမ့်နိမ့် မာန်သွင်းလိုက်စဉ် ကျောက်စိမ်း ဓားနဂါးကြီးသည် ခေါင်းမော့လာကာ နဂါးကြီး၏ ကျောက်စိမ်းရောင် အရှိန်အဝါသည် ဗုံးတစ်လုံးလို ပေါက်ထွက်လာသည်။ ၎င်း၏ မူလကျောက်စိမ်းနှင့်တူသော ခန္ဓာမှာ တဖြည်းဖြည်း အတွင်းသို့ ဖောက်ထွင်းမြင်ရအောင် ကြည်လင်လာပြီး နောက်ဆုံးတွင် မီတာတစ်ရာ ရှည်သော ဓားရှည်ကြီးအဖြစ် ပြောင်းလဲသည်။
ရင်တုန်ဖွယ် အငွေ့အသက်များ လွှမ်းခြုံသည့် ဓားရှည်သည် လေထုအား လှီးဖြတ်ကာ နေရာလပ်ကို ဆိုးဆိုးရွားရွား တွန့်လိမ်၍ လှိုင်းထသွားစေသည်။
ကျန်းရူယွီသည် မာန်သွင်း၍ သူမ၏
ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
"ဓားချက် ပစ်လွှတ်ပြီ!"
ကျောက်စိမ်းဖြူ ဓားစိတ်ဆန္ဒမှ ဖန်တီးထားသော မီတာတစ်ရာ ဓားရှည်သည်
ဓားအလင်းလွှာဆီသို့ အရူးအမူး ခုတ်ပိုင်းလာသည်။
ထန်..
ကျယ်လောင်သော ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဓားချီ ထွက်လာကာ မြေပြင်မှာပင် အက်ကွဲ၍ ပတ်ဝန်းကျင် တောင်တန်းများ တသိမ့်သိမ့်တုန်ခါသွားသည်။
ထိုအချိန်တွင်ပင် ဓားချီသည် သဲလွန်စ မရှိဘဲ ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ မည်သို့ ပျောက်ကွယ်သွားသည်ကို မည်သူမျှ မသိနိုင်လိုက်ကြပေ။
ထိုအခိုက်အတန့်၌...လင်းလောင် တောင်ထိပ် သခင်မသည် မလှမ်းမကမ်းတွင် သရဲတစ္ဆေလို ဘွားခနဲ ပေါ်လာပြီး ကျိုးကျနေသော သစ်ပင်များကို ဝေ့ဝဲကြည့်သည်။
"တကယ်ပဲ ..သူတို့တွေ..အပြင်မှာ တိုက်ခိုက်လို့ မရဘူးလား" ဟူ၍ စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။
လင်းလောင် တောင်ထိပ် သခင်မသည်
လုရီအား အဝေးမှ မျက်စောင်းခဲ၍ ကြည့်ကာ အတော်လေး မကျေမနပ် ဖြစ်နေသည်။
.....
မီတာတစ်ရာ အရှည်ရှိသော ဓားရှည်သည် အဆက်မပြတ် ဖိနှိပ်နေချိန်တွင်ပင် ရွှေဓားအလင်းလွှာက မှိန်ဖျော့သွားသော်လည်း စိတ်ကူးမယဉ်နိုင်သော ခိုင်ခန့်မှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ခဏအကြာတွင် မီတာတစ်ရာရှည်သောဓားသည် တဖြည်းဖြည်းပြိုကျလာပြီး ရွှေဓားအလင်းလွှာကမူ မှိန်သွားသော်လည်း လုံး၀ ပကတိ တည်ရှိနေဆဲသာ။
ကျန်းရူယွီသည် မဖောက်ထွင်းနိုင်သော ဓားအလင်းလွှာကို ခဏမျှ တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ လုရီကို အံ့အားသင့်ဟန်ကလေးဖြင့် ပြန်ကြည့်လာတော့သည်။
"မောင်လေးရီ... နင်က တကယ့်ကို ကြောက်စရာကောင်းပြီး နင့်ရဲ့ဓားစိတ်ဆန္ဒက ငါ့ထက် ပိုအစွမ်းထက်တယ်"
လုရီက ပြုံးပြီး..
"သိပ်အများကြီး မဟုတ်ပါဘူး။ ကျွန်တော်လည်း ခက်ခက်ခက်ခဲခဲ ခုခံခဲ့ရတယ်.."
ကျန်းရူယွီက ခေါင်းခါလိုက်ပြီး
"အစွမ်းထက်တာဟာ မငြင်းနိုင်ပါဘူး..နည်းနည်း ပိုအစွမ်းထက်လည်း အစွမ်းထက်တာပါပဲ..."
ကောင်းကင်ယံတွင် ဓားပြိုင်ပွဲအား ထက်သန်သော အာရုံဖြင့် စောင့်ကြည့်နေကြသော ကျင့်ကြံသူများက အောင်နိုင်သူကို အဆုံးအဖြတ်ပေးလိုက်သည်ကို မြင်ရတော့ တက်ကြွစွာ ဆွေးနွေးလာကြသည်။
"ကြည့်ရတာ ဂျူနီယာညီလေးလု နိုင်သွားပြီကွ..."
"ဟားဂား.. လုံးဝ မအံ့သြပါဘူး၊ဂျူနီယာညီလေးလုက အတွင်းဂိုဏ်းထဲ ဝင်ပြီးကတည်းက အံ့ဩစရာတွေ ဘယ်လောက်ဖန်တီးထားလဲ မင်း ကြည့်လေ၊ သူ့ပြိုင်ဘက်က နတ်ဓား ဂိုဏ်းထဲက ပါရမီရှင်တစ်ယောက်ဖြစ်နေပေမယ့် ဂျူနီယာညီလေးလု အောင်နိုင်မယ်လို့ ငါ အာရုံတွေ ရနေတယ်..."
"ငါလည်း အဲ့သလိုပဲကွ.. ဂျူနီယာညီလေးလု အပေါ်မှာ မှော်ဆန်ဆန် ယုံကြည်ထားတာ။"
"..."
.....
လီကျင်းထျန်က လုရီကို အချိန်အတော်ကြာ တိတ်တဆိတ် အကဲခတ်နေပြီးနောက်
ဝူချင်းဖုန်းအား ပြန်ကြည့်ကာ တိုးသက်စွာ သက်ပြင်းချလိုက်ရင်း..
"ညီချင်းဖုန်း၊ မင်းဂိုဏ်းက ကံကောင်းတဲ့ ကံကြမ္မာရှိနေတယ်.. တိမ်ဖြူဂိုဏ်းမှာ
တကယ့် အံ့မခန်းဉာဏ်ကြီးရှင် ရှိနေတာကိုး.. သူသာ မချွတ်ချော်ခဲ့ရင်၊ တိမ်ဖြူဂိုဏ်းဟာ တစ်နေ့မှာ ဒဏ္ဍာရီလာ မသေမျိုး ဂိုဏ်းကြီး ဖြစ်လာတော့မယ်..."
ထိုအခါ.. ဝူချင်းဖုန်းသည် အမူအရာမှာ အလွန်နှိမ့်ချနေသော်လည်း စိတ်ထဲမှာတော့ အလွန် ပျော်မြူး နေတော့သည်။
ဝူချင်းဖုန်း ပြုံးလိုက်ပြီး..
"အစ်ကို ကျင်းထျန်က ချဲ့ကားနေပါပြီ.. အဟဲ..တိမ်ဖြူဂိုဏ်းက နောက်တစ်ဆင့်တက်နိုင်မယ်လို့ ကျုပ်လည်း မျှော်လင့်မိပါတယ်။"
ထို့နောက် သူက သက်ပြင်းချကာ စိတ်လေးလံဟန်ဖြင့်...
"သနားစရာပဲ၊ ချင်းကျိုးက အတော်ကြာ ပရမ်းပတာဖြစ်နေတော့ ကျုပ်တို့ တိမ်ဖြူဂိုဏ်းခမျာ အကြပ်ရိုက်နေပြီး ရုန်းထွက်နိုင်ဖို့ ရုန်းကန်နေရတယ်လေ..."
ထိုအခိုက်အတန့်မှာ..လီကျင်းထျန်
တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက်.. ဝူချင်းဖုန်းကို ကြည့်ကာ ခပ်ပြုံး ပြုံး ပြောလာသည်။
"ညီချင်းဖုန်း၊ ငါတို့ဂိုဏ်းနှစ်ဂိုဏ်း မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးကြရအောင်..."
-------------
အခန်း ၁၈၀-အထွတ်အထိပ် ဓားစိတ်ဆန္ဒ ပါဝင်တဲ့ ဓားတာအိုအမိန့်...
~ဤအရာကို ကြားတော့ ဝူချင်းဖုန်း မှင်သက်သွားပြီး လီကျင်းထျန်ကို
ပြူးပြူးပြဲပြဲ ကြည့်ကာ မယုံသလို မေးသည်။
"အစ်ကိုကျင်းထျန်၊ ခင်ဗျား အတည် ပြောနေတာလား..."
အနီးနားရှိ အကြီးအကဲများလည်း အလွန်အံ့သြသွားကြသည်။
"ဟုတ်ပါတယ်၊ ကျုပ် အတည် ပြောတာ..
ယွီအာနဲ့ တိမ်ဖြူဂိုဏ်းရဲ့ မိန်းကလေး လျိုက သူငယ်ချင်းကောင်းတွေ ဖြစ်တယ်၊
အခု ယွီအာက ညီငယ်လေး ရီနဲ့လည်း အရမ်း ခင်နေတယ်။ ကျုပ်တို့မိသားစုရဲ့ ပါရမီရှင် နှစ်ယောက်က အရမ်းသဟဇာတဖြစ်နေမှတော့ ကျုပ်တို့ဂိုဏ်းတွေ အတူတကွ ရင်ဆိုင် ဖြတ်သန်းရရင်လည်း ဆိုးရွားတဲ့ စိတ်ကူး မဟုတ်ဘူးပဲ"
လီကျင်းထျန်သည် လုရီနှင့် လျိူနင်ရွှမ်းနှင့် စကားပြောနေသော ကျန်းရူယွီကို
တစ်ချက် ကြည့်လိုက်စဥ် သူ့မျက်လုံးများတွင် ချစ်ခင်ကြင်နာသော အကြည့်များ လင်းလက်လာပြီး ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
ဝူချင်းဖုန်းသည် လုရီနှင့် လျိူနင်ရွှမ်းကို ကြည့်ကာ သူ့မျက်လုံးများတွင် အံ့ဩမှုတို့ ခြုံလွှမ်းသွား၏။
"ကောင်းပါပြီ၊ ဂိုဏ်းနှစ်ဂိုဏ်း အတူတူ ရင်ဆိုင် ဖြတ်သန်းနိုင်ရင် အကောင်းဆုံး ဖြစ်မှာပါ။ ဒါကို သေချာဆွေးနွေးကြရအောင်!"
"ဟားဟား! သွားကြစို့"
ခေါင်းဆောင်များ အဖွဲ့မှ ထွက်ခွာသွားပြီး စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် အခြေတည် ဝိညာဉ်အကြီးအကဲများနှင့် တပည့်များသည်လည်း အချင်းချင်း အုံကြွစွာ ဆွေးနွေးကာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
ထို့နောက်တွင်တော့ သစ်ပင်ကြီး ပေါ်မှ ပွဲကြည့်သူ အကြီးအကဲမင်သည်လည်း ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့လေပြီ။
လင်းလောင် တောင်ထိပ် သခင်မသည် နောက်ထပ် လုပ်ဆောင်မှု မရှိတော့သည်ကို မြင်လိုက်ရသဖြင့် မသဲမကွဲ..တစ်စုံတစ်ခုကို ရေရွတ်ပြီးနောက် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့၏။
များမကြာမီတွင် လုရီ၊လျိူနင်ရွှမ်းနှင့်
ကျန်းရူယွီတို့သာ လုရီ၏ ဂူအိမ်ကြီး ဝင်ပေါက်တွင် ကျန်ရစ်တော့သည်။
လုရီက ပြုံးပြီး ဖိတ်ခေါ်လိုက်၏။
"အစ်မ ရူယွီ..ဒီကို ရောက်နေပြီဆိုတော့ ခဏ ဝင်ထိုင်ပါလား ခင်ဗျာ.."
လျိူနင်ရွှမ်းက သိမ်မွေ့စွာ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ကောင်းပြီ"
ကျန်းရူယွီသည် သဘာဝအတိုင်း ကန့်ကွက်ခြင်း မရှိပေ။
သူမက ရွှင်လန်းသော မျက်နှာထားနှင့် စကားစလာသည်။
"နင့်ရဲ့ ဝိညာဉ်အစားအစာ ချက်ပြုတ်စွမ်းရည်က အရမ်းကောင်းတယ်လို့ လျိူနင်ရွှမ်းဆီက ကြားခဲ့ပါတယ်၊ နင့့်မှာ ကြီးကျယ်တဲ့ ဝိဉာဉ်ဝိုင်ချက် စွမ်းရည်လည်း ရှိတယ်ဆို၊ ငါ...ဒါတွေကို .. မြည်းစမ်းကြည့်ချင်နေတာ..၊ နောက်ဆုံးတော့ ဒီနေ့ အခွင့်အရေးရခဲ့ပြီ"
ထိုအခါ လုရီက အသာ ပြုံးပြီး
"အစ်မ ရူယွီက ဆန္ဒရှိတဲ့အတွက် စားပွဲလေး ကျင်းပလိုက်ရအောင်။"
သူတို့ သုံးယောက်သည် ဂူအိမ်ကြီးထဲသို့ ဝင်လိုက်ကြပြီး လုရီသည် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်အစာနှင့် ဝိညာဉ်ဝိုင်တို့ကို လျှပ်တပြက် ထုတ်ယူလိုက်သည်။
ကုန်ဆုံးခဲ့သည့် ဤနေ့ရက်များတွင်၊ အားသွန်ခွန်စိုက် ကျင့်ကြံခြင်း၊ သူ့ဆရာအတွက် အလုပ်များ လုပ်ဆောင်ခြင်းနှင့် ရံဖန်ရံခါ ဝိညာဉ် အစာ ချက်ပြုတ်နည်းများနှင့် ဝိဥာဉ်ဝိုင် ချက်နည်းများကို ဆုကြေးများအဖြစ် လက်ခံ ရရှိခြင်းအပြင်တစ်ခါတစ်ရံတွင် စမ်းသပ်ရေး မျှော်စင် အလုပ်များမှ ဆုကြေးများကိုလည်း ရရှိခဲ့ပါသည်။
သူ့လက်ထဲတွင် ဝိညာဉ်အစာချက်ပြုတ်နည်း အနည်းငယ် ရှိသော်လည်း အများစုမှာ လေ့ကျင့်ရန် အလွန်ပျင်းရိဖွယ် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်အတွက်သာ ဖြစ်နေကြသည်။
အဆင့်မြင့် ဝိဉာဉ်အစာဟူ၍ ရွှေအူတိုင် အဆင့် ဝိဉာဉ်အစာ' ဝက်သားနှပ်'နှင့် အခြေတည် ဝိဉာဉ် အဆင့် အစာ
'ရွှေပိုးဝိဉာဉ် နှင်းစက် ခေါက်ဆွဲ' တို့သာ
ရှိချေသည်။ ဝက်သားနှပ်သည် ကျင့်ကြံမှုအရှိန်ကို တိုးမြင့်စေသည့် ဝိညာဉ်အစားအစာဖြစ်သည်။ ရွှေပိုးဝိဉာဉ် နှင်းစက် ခေါက်ဆွဲကမူ အချိန်တိုအတွင်း နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အဖိုးတန် အစားအစာဖြစ်သည်။
ဝက်သားနှပ်ကို အကန့်အသတ်နယ်ပယ်အထိ ကျွမ်းကျင်နေပြီ ဖြစ်သော်လည်း
ရွှေပိုးဝိဉာဉ် နှင်းစက် ခေါက်ဆွဲကိုမူ လုရိီက မကြာသေးမီကမှ ရရှိခဲ့သည်သာ။ အခက်အခဲကို တွေးကြည့်လျှင်တော့ အဆင့် ငါးအထိ ရောက်နေပါပြီ။ ထိုသို့ ဖြစ်လေရာ ဉာဏ်အလင်းလက်ဖက်ရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ အာနိသင်က
မယုံနိုင်လောက်အောင် ကောင်းနေပါသေး၏။ ဝိညာဉ်ဝိုင်အတွက်၊ ကျောက်စိမ်းနှင်းစက်ဝိုင်မှလွဲ၍ လုရီသည် ချီသန့်စင် နယ်ပယ်နှင့် အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ဝိုင် ချက်နည်းများစွာသာ ရရှိခဲ့သည်။ ၎င်းတို့၏အဆင့်များက အလွန်နိမ့်သောကြောင့် အချိန်ဖြုန်းရာ ကျမည်။
လုရီ ဝိညာဉ်အစာမျိုးစုံကို ထုတ်ယူလိုက်သောအခါ... ကြွယ်ဝသော ရနံ့သည်
ကျန်းရူယွီ၏ မျက်လုံးများကို တောက်ပစေခဲ့ပြီး ကျင့်သားရနေသော
လျိုနင်ရွှမ်းကတော့ ငြိမ်သက်နေပြီး သက်ရောက်မှု မရှိခဲ့ပေ။
လုရီသည် ကျောက်စိမ်းနှင်းစက်ဝိုင် အချို့ကို ထုတ်ကာ နှစ်ယောက်စလုံးအတွက် ခွက်တစ်ခွက်စိီ လောင်းကာ သူ့ခွက်အားလည်း ဖြည့်လိုက်သည်။
လုရီက ခန့်ညားစွာ ပြုံးလိုက်ပြီး
"အစ်မရူယွီအတွက် .." ဟု ဟစ်ကြွေးကာ ဝိုင်ခွက်အား လေထဲ မြှောက်လိုက်သည်။
ထိုအခါ အလွန်ပွင့်လင်းသော ကျန်းရူယွီသည် ကြည်လင်စွာ ရယ်မောလိုက်ပြီး လုရီနှင့်ခွက်ချင်း တိုက်ကာ သူမ၏ ဝိုင်ကို
တစ်ကျိုက်တည်း အပြီးသတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအား အပြောင်းအလဲကို ခံစားလိုက်ရစဉ် ကျန်းရူယွီ၏ လှပသော မျက်နှာသည် နီရဲတက်လာပြီး ယမကာနံ့ သင်းသော သက်ပြင်းတစ်ခု ရှူထုတ်လိုက်ကာ...
"နင်ရွှမ်း ပြောတာ ဟုတ်သားပဲ..ဒီ ဝိုင်က အရမ်းကောင်းတယ်..၊ မကြာသေးခင်
ရက်တွေက အရင်ကထက် သူ ကျင့်ကြံတာပိုမြန်လာတာ ငါ မအံ့သြတော့ပါဘူး။"
ထိုအခါ.. လျိုနင်ရွှမ်းသည် ဝိုင်ကို အနည်းငယ် ..သောက်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ရွှေပိုး ဝိဉာဉ်နှင်းစက်ခေါက်ဆွဲ ပန်းကန်လုံးများကို မြင်လိုက်ရသောအခါ...အံ့ဩသလိုလေး မေးလာ၏။
"ဂျူနီယာ မောင်လေး..နင် ဝိဉာဉ်အစားအစာ လေ့ကျင့်နေတာလား"
"ဟုတ်ပါတယ်၊ ဒါက အခြေတည် ဝိဥာဉ် နယ်ပယ် ဝိညာဉ်အစာ၊ ရွှေပိုးဝိညာဉ် နှင်းစက်ခေါက်ဆွဲပါ။ လုပ်ဖို့က တော်တော်ခက်တယ်၊ တလောကမှ ဒါကို တတ်ကျွမ်းခဲ့တာပါ။ မကြာသေးခင်ကမှပဲ ကျွန်တော် တိုးတက်မှုတွေ ရခဲ့လို့လေ"ဟု လုရီ
ပေါ့ပေါ့ပါးပါး ရယ်မောရင်း ဖြေရှင်းလာသည်။
လျိုနင်ရွှမ်းသည် သိချင်စိတ်ကို ထုတ်ဖော်လိုက်သည်။
"ဒီအစားအစာက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲ..."
လုရီက ထူးခြားသော အပြုံးတစ်ခုအား ထုတ်ဖော်လိုက်ပြီး
"ဘာလို့ မစမ်းသပ်ကြည့်တာလဲ..စီနီယာအစ်မ.. ကိုယ့်ဘာသာ မြည်းစမ်းကြည့်လေ.."
လုရီ၏ လျှို့ဝှက်ဆန်းကြယ်သော အမူအရာကို မြင်လိုက်ရသဖြင့် လျိုနင်ရွှမ်းက ရယ်မောကာ
"ဒါဆို ငါ စမ်းကြည့်မယ်"
လျိုနင်ရွှမ်းက ပါးစပ်ကို အနည်းငယ် ဖွင့်ပြီး ခေါက်ဆွဲကို စားလိုက်သည်။
မကြာမီမှာပင် သူမ၏ အမူအရာ ပြောင်းလဲသွားကာ ပုံမှန်အားဖြင့် သူမ၏ အေးစက်သော မျက်လုံးများက ထိတ်လန့်သော အကြည့်များအဖြစ် ပြောင်းလဲသွားပြီး
"ဒီခေါက်ဆွဲက..."
ပုံမှန်အားဖြင့် တည်ငြိမ်သော လျိုနင်ရွှမ်းဆီမှာ ပထမဆုံးအကြိမ်အဖြစ် ကျန်းရူယွီအတွက်.. ထိုသို့သောအမူအရာကို မြင်တွေ့ဖူးခြင်းပါ။ ကျန်းရူယွီ၏မျက်နှာပေါ်တွင် သံသယ အသွင်အပြင်ကလေး ဖြစ်ပေါ် သွားကာ သိလိုစွာ မေးလာသည်။
"နင်ရွှမ်း.. ဒီခေါက်ဆွဲက တစ်ခုခုမှားနေပြီလား။"
လုရီကို ကြည့်ရင်း လျိုနင်ရွှမ်းမျက်လုံးများဆီမှ တုန်လှုပ်ခြောက်ခြားမှုက
မပျောက်ပြယ်သေးဘဲ ဖြည်းညှင်းစွာ ပြောလာသည်။
"ဒီခေါက်ဆွဲက ငါ့ရဲ့ နားလည်နိုင်စွမ်းကို .., မြှင့်တင်ပေးတယ်"
ထိုစကားကို ကြားလိုက်ရတော့ ကျန်းရူယွီ တစ်ယောက် တိတ်ဆိတ်သွားသည်။
သူမ တိတ်တဆိတ်ပင် တူတစ်ချောင်းကို ယူကာ ခေါက်ဆွဲဖတ် တစ်ဖတ်ကို ကောက်ယူ မြည်းစမ်းပြီးနောက် အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
ကျန်းရူယွီသည် သူမ၏ ပုံရိပ်အတွက် မစိုးရိမ်ဘဲ သူမအရှေ့မှ ခေါက်ဆွဲပန်းကန်လုံးကို ခေါင်းမဖော်စတမ်း.. အလျင်အမြန် စားသောက်ပါတော့သည်။
လူရိုင်းကဲ့သို့ ခေါက်ဆွဲစားနေသော
ကျန်းရူယွီကို ကြည့်ရင်း လုရီမှာ ဆွံ့အသွားရှာသည်။
"အစ်မရူယွီ၊ ဖြည်းဖြည်းစားပါ။ ဒါက ခေါက်ဆွဲလေးပါပဲ၊ ဒီတုံ့ပြန်မှုနဲ့ ထိုက်တန်ရဲ့လား"
သို့သော်လည်း ကျန်းရူယွီမှာ ခေါက်ဆွဲကို အပြီးသတ်ဖို့ ရုန်းကန်ပြီးနောက် သူ့အား မျက်လုံးပြူးပြကာ
"ခေါက်ဆွဲလေး ပါပဲဆိုတာ ဘာကိုဆိုလိုတာလဲ..မောင်လေးလု.. နားလည်မှုတိုးဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နင် စိတ်ကူးနိုင်ရဲ့လား။"
"... "
လုရီ တိတ်တိတ်လေး ငြိမ်ကျသွားသည် ။
သူ့အတွက်တော့ ခက်ခဲပါရဲ့လား။
စင်စစ်တွင်၊ သူသည် လစဉ် ရုတ်ချည်း ဉာဏ်အလင်း ပွင့်ဖို့အတွက် အခွင့်အရေးရခဲ့ပြီး ဉာဏ်အလင်း လက်ဖက်ခြောက် တစ်ပေါင်ပင် ရှိသေးသည်။ နားလည်နိုင်စွမ်း တိုးတက်ရန် ခက်ခဲသည်ဟု သူ အမှန်တကယ်ပင် မတွေးတောမိပါ။
သို့သော်ငြားလည်း လုရီသည် ၎င်းကို အသံကျယ်ကျယ် ထုတ်မပြောခဲ့ပါချေ။
လေးနက်သော မျက်နှာထားဖြင့်
“တိုးတက်ဖို့က တကယ့်ကို ခက်ခဲပါတယ်” ဟု ဆိုလိုက်သည်။
ကျန်းရူယွီ ခေါင်းညိတ်ပြီး
"စဥ်းစားကြည့်လေ..နင့်ရဲ့ ရွှေရောင်ပိုးဝိညာဉ် နှင်းစက်ခေါက်ဆွဲက နားလည်မှု တိုးစေတယ်၊ အဲဒါ ဘယ်လောက် အဖိုးတန်လိုက်လဲ!"
လုရီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး
သံယောင်လိုက်ပေးလိုက်သည်။
"ဟုတ်ပါရဲ့..တကယ် အဖိုးတန်ပါတယ်"
လုရီကို စိုက်ကြည့်ရင်း ကျန်းရူယွီ၏ မျက်လုံးများ အရောင်တောက်လာခဲ့ကာ.. သူမက ပြုံးလိုက်ပြီး...
"မောင်လေးရီ.. နင်က တကယ်ကို ရတနာလေးပဲ..ငါတို့နတ်ဓားဂိုဏ်းမှာ လာနေမလား၊နင့်ရဲ့ အရည်အချင်းနဲ့ဆို နတ်ဓားဂိုဏ်းရဲ့ သူတော်စင် အမွေခံ ဖြစ်လာနိုင်တယ် နော်..."
------------