စိတ်ပျံ့လွင့်ခြင်း
Vol. 85 Ch. 850
ဘယ်သူကအရင်လဲ...
ဒါမှမဟုတ် နှစ်ယောက်လုံးတစ်ပြိုင်တည်းလာမှာလာ...
အထက်ပါစကားလုံးများသည် ရိုးရှင်း၏။ သို့သော် စုချန်း၏ လေသံမှာကား မယုံနိုင်လောက်အောင် ခက်ထန်နေလေသည်။
လူတိုင်း တယောက်မျက်နှာက်ိုတယောက် လှည့်ကြည့်လိုက်ကြ၏။
ထိုအချိန်မှာပင် လူပျံတော်တဦး ရှေ့ထွက်လာပြီး ပြောလိုက်၏။
"မင်းက မာန်ထောင်လှချည်လား ကျုပ်နဲ့ပဲ အရင်စမ်းကြည့်ပါအုံး ကျုပ်နာမည် သမုဒ္ဒရာသက်သေလို့ခေါ်တယ် မင်းမသေခင် ကျုပ်နာမည်ကို မှတ်ထား..."
သူ့စကားမဆုံးမီမှာပင် စုချန်း၏အလင်းမဲ့လက်စွပ်က သူ့အပေါ်သို့ ရိုက်ချလာ၏။ သမုဒ္ဒရာသက်သေဟုခေါ်သည့် လူပျံတော် အကြီးအကျယ်ထိတ်လန့်သွားသည်။ တကယ်တော့ အာကင်နာပညာရှင်များသည် ၎င်းတို့၏ အာကင်နာနည်းစနစ်များကို ထုတ်ဖော်ရန် အချိန်ယူရတတ်၏။ စုချန်း၏ ပြိုင်ဘက်တချို့သည် အာကင်နာနည်းစနစ်များကို လျင်မြန်စွာ ထုတ်လွှတ်ဖော်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ၎င်းတို့သည် မယုံနိုင်လောက်အောင်ပင် ထူးချွန်နေခြင်းသို့မဟုတ် မွေးရာပါအာကင်နာစွမ်းရည်တို့ကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။ လျင်မြန်မှုကို အာရုံစိုက်သည့် အာကင်နာနည်းစနစ်တချို့ရှိသော်လည်း အာကင်နာနည်းစနစ်အများစုကတော့ ထိုသို့မဟုတ်ချေ။
သမုဒ္ဒရာသက်သေအသုံးပြုနေသော နည်းစနစ်များသည်လည်း ထိုအတိုင်းပင်။ ထို့ကြောင့် သူက သူ့အတွက် အချိန်ရစေရန် တိုက်ပွဲမစမီ ရန်သူကို စကားစစ်ထိုးကာ အချိန်ဆွဲတတ်၏။
သို့သော် စုချန်းကတော့ ရန်သူကို ထိုအခွင့်အရေးမျိုးပေးရန် စိတ်ကူးမရှိ။ တိုက်ပွဲစမည်ဟု ကြေငြာပြီးတော့မှ မည်သည့်အတွက် စောင့်ဆိုင်းနေအုံးမည်နည်း။
ထို့ပြင် စုချန်းသည် လူသားတစ်ဦးဖြစ်၍ လူသားတစ်ဦးကဲ့သို့ပင် တိုက်ခိုက်၏။ မည်သို့ပင်သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရစေကာမူ လက်ဦးမှုရယူရန်မှာ အရေးကြီးသည် မဟုတ်ပါလား။
သမုဒ္ဒရာသက်သေ လုံးဝ အငိုက်မိသွား၏။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများကို အတိုင်းသားပေါ်နေပြ၏။ ထို့နောက် သူ အကာအကွယ်တခုကို အမြန်ဆုံး ထုတ်ဖော်လိုက်လေသည်။ ၎င်းမှာ သူထုတ်လွှတ်နိုင်သည့် အမြန်ဆုံးအာကင်နာနည်းစနစ်ပင်တည်း။
သို့သော် စုချန်း၏ဓားသွားသည် မြန်မြန်ဆန်ဆန်ပင် အောက်သို့နိမ့်ဆင်းလာ၏။ တချိန်တည်းမှာပင် ဓား၏မျက်နှာပြင်မှ အလင်းတန်းတစ်ခုတောက်ပလာပြီး အကာအကွယ်ကို ရိုက်ချလိုက်ကာ ကြေမွသွားစေလေသည်။ ဓားမှာကား အရှိန်အဟုန်မပျက် ဆက်လက်ရွေ့လျားနေပြီး ရန်သူကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်တောက်သွားစေ၏။
"ဒါက တိုက်ပွဲကွ စကားစစ်ထိုးနေတာ မဟုတ်ဘူး"
စုချန်း၏ လေသံမှာ အေးစက်တင်းမာလှသည်။
"မင်းတို့တိုက်ချင်ရင် ငါ ပျော်ပျော်ကြီး လက်ခံတယ် ဒါပေမဲ့ ကိုယ့်အသက်ကိုတော့ ဖက်နဲ့ထုပ်ထားရလိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူသည် မိခင်နတ်ဘုရားအဖွဲ့၏ တပည့်များဆီသို့ ပြေးဝင်သွားပြန်သည်။ ၎င်းတို့ကလည်း များပြားလှသော အာကင်နာနည်းစနစ်များကို ပြိုင်တူပင် ဖော်ထုတ်ပြီး စုချန်းကို ပြန်လည်တုံ့ပြန်လိုက်ကြသည်။
သို့သော် ၎င်းတို့ ပြန်လည်တိုက်ခိုက်လိုက်သည့် အချိန်မှာပင် စုချန်း၏ ပုံရိပ်က ဖြတ်ခနဲ လင်းလက်သွားပြန်၏။ ယခုတစ်ကြိမ်တွင်တော့ သူ ကံကြမ္မာလက်ချောင်းများအဖွဲ့အနီးတွင် ပြန်ပေါ်လာ၏။ သူ့ဓားသည် နောက်တကြိမ် ဝင်းလက်သွားပြီး တခနအကြာ လူပျံတော်တဦး၏ ဗိုက်မှ ပြန်ထွက်လာလေသည်။
မိခင်နတ်ဘုရားအဖွဲ့သားများ စုချန်းကို ဒေါသူပုန်ထနေစဥ်မှာပင် သူက ကံကြမ္မာလက်ချောင်းများကို ရန်စလိုက်ခြင်းပင်။
ကံကြမ္မာလက်ချောင်းများအဖွဲ့ဝင်များသည်လည်း စုချန်း၏ လုပ်ရပ်ကြောင့် အကြီးအကျယ် ဒေါသထွက်ပြီး ပြိုင်တူပြန်လည်တိုက်ခိုက်လိုက်ကြပြန်သည်။
သို့သော် မမျှော်လင့်ပဲ စုချန်း၏ ပုံရိပ်မှာ ထပ်မံပျောက်ကွယ်သွားပြီး ဤတစ်ကြိမ်တွင်မူ သူသည် လီတောက်ဟုန်၏ အသေခံတပ်သားများအနက် တဦး၏နောက်တွင် ပြန်ပေါ်လာ၏။ ကံမကောင်းစွာပင် ထ်ိုလူ၏ ဦးခေါင်းမှာလည်း စုချန်းလက်ချက်ကြောင့် မြေသို့ပြုတ်ကျသွားရရှာသည်။
ယေဘုယျသုံးသပ်ကြည့်လျင် စုချန်းရွေးချယ်ခဲ့သည့် ပစ်မှတ်အားလုံးသည် ကျင့်ကြံမှုအခြေခံအရ သူ့ထက် အစစအရာရာ နိမ့်ကျနေသူများမှန်း မြင်သာပေသည်။ ထို့ကြောင့်၊ ၎င်းတို့အနက် တဦးတလေမျှ သူ့တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိပဲ အလွယ်တကူ အသက်ပျောက်ကုန်ကြခြင်းပင်။
ထိုအခါ ကျန်လူပျံတော်များအနေနှင့် သူ့လုပ်ရပ်ကြောင့် ဒေါသမထွက်ပဲ အဘယ်မှာနေနိုင်တော့မည်နည်း။ ထိုအခါ ၎င်းတို့အားလုံးသည် စုချန်းကိုဒုက္ခပေးရန် ပြိုင်တူ ခုန်ထွက်လာကြ၏။
သို့သော် စုချန်းကား အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကို အဆက်မပြတ် ရွေ့လျားနေရာ သူ့တည်နေရာကို ဖော်ထုတ်ရန်မှာ လွန်စွာ ခက်ခဲနေတော့၏။ စုချန်း၏ ဤတကွက်သည် အာကင်နာနည်းစနစ်အများစုကို အသုံးမဝင်တော့အောင် ဖန်တီးလိုက်သလို ဖြစ်သွားစေ၏။ ထို့ပြင် အနှီ လက်အောက်ငယ်သားများသည် အဆင့်မြင့်လေဟာနယ်နည်းစနစ်များကို အသုံးပြုနိုင်လောက်အောင် မထူးချွန်ကြလေရာ ၎င်းတို့သည် ဧရိယာတခုလုံးကို သက်ရောက်စေနိုင်သည့် အာကင်နာနည်းစနစ်မျိုးစုံကိုသာ ဖော်ထုတ်တိုက်ခိုက်ကြတော့၏။ ၎င်းတို့၏စိတ်ထဲတွင်လည်း တယောက်ယောက်၏ တိုက်ခိုက်မှုတခုခုက စုချန်းကို ထိသွားပါစေဟု ဆုတောင်းနေမိကြတော့သည်။
မတူညီသောအဖွဲ့အသီးသီးမှ လူပျံတော်များသည် ထိုအချက်ကို သဘောပေါက်သွားကြ၏။ စုချန်းသည် ၎င်းတို့၏ရန်သူဟုဆိုလျင် တခြားအဖွဲ့သားများသည်လည်း ၎င်းတို့၏ရန်သူများပင် မဟုတ်ပါလား။ ထိုအခါ သူတို့အနေနှင့် ဟိုဖက်ဒီဖက် ပျော်ပျော်ကြီးပင် တိုက်ခိုက်နေကြတော့သည်။
အမျိုးအစားစုံလင်လှသော အာကင်နာနည်းစနစ်ပေါင်းစုံနှင့် တိုက်ခိုက်နေကြလေရာ ပတ်ဝန်းကျင်တခုလုံး မူလစွမ်းအင်စီးကြောင်းများနှင့် ဗြောင်းဆန်နေတော့သည်။
ပေါက်ကွဲသံများကား နေရာအနှံ့အပြားတွင် ပဲ့တင်ထပ်နေ၏။ မူလစွန်းအင်လှိုင်းလုံးကြီးများသည်လည်း အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားခဲ့လေသည်။ ဤအခြေအနေမျိုးတွင် မည်သူတဦးတလေမျှ ဘေးထွက်ထိုင်နေခြင်းမရှိတော့။
တိုက်ပွဲသည် ရှုပ်ထွေးနေသည်ဟု ထင်စရာတော့ရှိ၏။ သို့သော် ယေဘုယျအားဖြင့် စည်းချက်တစ်ခုတော့ ရှိနေသေးသည်။
လီတောက်ဟုန်နှင့်သူ့လူများသည် ဟိုလီကင်းကို တိုက်ခိုက်နေကြပြီး မိခင်နတ်ဘုရားအဖွဲ့မှာ ကံကြမ္မာလက်ချောင်းများအဖွဲ့နှင့် တိုက်ခိုက်နေ၏။ ၎င်းတို့အချင်းချင်း၏ ရန်ငြိုးများကို ဤအချိန်တွင် မြင်တွေ့နေရလေသည်။ မည်သူတဦးတယောက်မျှ ဟန်ဆောင်နေခြင်းမရှိတော့ပဲ တယောက်ကိုတယောက် ရက်ရက်စက်စက်ပင် တိုက်ခိုက်နေကြလေပြီတည်း။
မှန်ပါသည်။ ၎င်းတို့အားလုံး စုချန်းအပေါ် တူညီသောသဘောထားရှိကြ၏။
ထိုအချိန်တွင် စုချန်းက ဘေးမှာ ရပ်ကြည့်မနေတော့သည့်အတွက် ညနေမင်းနှင့် အီနီဂိုတို့ကလည်း စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နေကြလေပြီ။ အနည်းဆုံးတော့ သူတို့အား တစုံတဦးက အသုံးချနေသည်ဟူသော ခံစားချက်မျိုး ပျောက်ကွယ်သွားခဲ့ပြီမဟုတ်ပါလား။
လက်ရှိတွင် စုချန်းသည် တိုက်ပွဲအတွင်း ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်နေပြီဟု ဆိုနိုင်သော်ငြား သူ့အင်အားကိုတော့ အပြည့်အဝ ထုတ်သုံးခြင်းမရှိသေးချေ။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးပြီး တိုက်ပွဲစည်းဝိုင်းအတွင်း လှည့်ပတ်လျှောက်သွားနေသည့် သဘောမျှသာ ရှိသေး၏။
တနည်းအားဖြင့် စုချန်းသည် မီးကိုအစပျိုးပေးလိုက်သူ ဖြစ်သည်။ ယခုတော့ မီးတောက်မီးလျံများက မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားခဲ့လေပြီ။
မူလစွမ်းအင်စီးကြောင်းများကား လေထဲတွင် ရှုပ်ရှက်ခတ်အောင် ဝဲပျံနေ၏။
လူပျံတော်များကား အာကင်နာနည်းစနစ်ကို အဓိကအသုံးပြုကြသူများ ဖြစ်လေရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအပေါ်တွင် အများကြီး မှီခိုနေရ၏။ ထို့ကြောင့် လူပျံတော် ရာဂဏန်းမျှသာ တိုက်ခိုက်နေကြသော်လည်း မူလစွမ်းအင်စီးဆင်းမှုမှာကား သတ်ဖြတ်သူများနှင့် သားရဲများတိုက်ခိုက်ခဲ့ကြသည့်အချိန်ကထက်ပင် ပိုမို ရှုပ်ထွေးနေလေသည်။
တိုက်ပွဲ၏ အတိုင်းအတာအားဖြင့် သတ်ဖြတ်သူများနှင့် သားရဲများ၏ တိုက်ပွဲက ပိုကြီးခဲ့သော်ငြား မူလစွမ်းအင်စီးဆင်းမှုမှာ လက်ရှိတိုက်ပွဲက အပုံကြီးသာလွန်နေ၏။ ထိုအခါ နောက်ဆုံးတွင် မူလစွမ်းအင်လေပွေကြီးတခုပင် ပေါ်ပေါက်လာလေသည်။
ဒီလေပွေအတွင်းဝယ် မူလစွမ်းအင်များသည် ကသောင်းကနင်းနှင့်အလွန်ရှုပ်ထွေးစွာ စီးဆင်းနေကြ၏။ အပြင်ဘက်မှကြည့်လျင် အဆိုပါ မူလစွမ်းအင်များသည် အနက်ရောင်တွင်းပေါက်တခု၏ အလယ်ဗဟိုဆီသို့ ဦးတည်စီးဆင်းနေကြောင်း တွေ့မြင်နေရ၏။
မှန်ပါသည်။ အနှီထူးဆန်းသော ဖြစ်စဉ်ကို သာမာန်မျက်စေ့နှင့် မမြင်နိုင်ချေ။ အတိုင်းအတာတခုအထိ စိတ်ဝိညာဥ်စွမ်းအင်ရာပြည့်ဝသူများသာ မြင်နိုင်၏။ ထို့ကြောင့် ဤမြင်ကွင်းကို စုချန်းလောက် ရှင်းရှင်းလင်းလင်း မြင်နိုင်သူ တယောက်မှ မရှိချေ။
စုချန်း၏ စိတ်ထဲတွင်တော့ အဆိုပါမူလစွမ်းအင်လေပွေသည် ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်အနေနှင့် တည်ရှိနေ၏။ ထို့နောက် မူလစွမ်းအင်၏ သဘောသဘာဝအရ အရောင်များ၊ အာကင်နာနည်းစနစ်ပုံသဏ္ဍာန်များနှင့် ဖွဲ့စည်းထားပေသည်။ ယေဘုယျအားဖြင့် စုချန်း၏ စိတ်အာရုံထဲတွင် ထင်ဟပ်နေသောပုံရိပ်တစ်ခုလုံးသည် ဤနေရာအတွင်းရှိ မူလစွမ်းအင်၏ ရှုပ်ထွေးသော စီးဆင်းမှုပုံစံများကို ကိုယ်စားပြုနေ၏။ ၎င်းပုံရိပ်မှာ ဆီဆေးပန်းချီကားတစ်ချပ်သို့နှယ် အသက်ဝင်လှပြီး တကယ့်အစစ်သဖွယ်ပင် ထင်မှတ်ရသည်။
ထိုအချိန်မှာပင် ရောင်စုံလေပွေကြီး၏ အလယ်ဗဟိုတွင် သေးငယ်သည့်အနက်ရောင်တွင်းပေါက်ငယ်တခုကို စုချန်း မြင်လိုက်ရ၏။ လေပွေအတွင်းရှိ ရောင်စုံအလင်းရောင်တချို့က အပေါက်ပေါ်ကို ဖြတ်သန်းသွားချိန်တွင် အပေါက်ထဲမှ အလင်းတန်းတချို့ ရံဖန်ရံခါ ထွက်လာနေကြောင်း စုချန်း ဖြတ်ခနဲ မြင်လိုက်ရသည်။
ဒါ ဘာကြီးလဲ...
စုချန်း ထိတ်လန့်သွားလေသည်။
ထို့နောက် ထိုမြင်ကွင်းကို သဲသဲကွဲကွဲ မြင်ရရန် သူ အားစိုက်ကြိုးစားကြည့်သေး၏။ သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ မြင်ကွင်းမှာ ရှင်းလင်းသွားခြင်းမရှိချေ။ ထိုအပေါက်လေးမှ သေးငယ်လွန်း၍ အစက်အပြောက်လေးတခုသဖွယ်သာ မြင်နေရ၏။ ထို့ကြောင့် ထိုအပေါက်ထဲမှ ယိုစိမ့်ထွက်လာသော အလင်းရောင်အစက်အပြောက်လေးကို မြင်ရဖို့ဟူသည်မှာ သူ့အတွက် ခက်ခဲလှသည်။
ထိုအခါ စုချန်းက ပရမတ်မျက်လုံးများကို နှိုးဆွရန် ဆုံးဖြတ်လိုက်၏။ သို့သော် ပရမတ်မျက်လုံးကို နှိုးဆွလိုက်သည့်တိုင် အနက်ရောင်တွင်းပေါက်ငယ်မှာ ကြီးမလာသည့်အတွက် သူ အံ့သြသွားသည်။
ဒါက ဘာကိုဆိုလိုနေတာလဲ...
ပရမတ်မျက်လုံးများသည် စုချန်းကို ပရမတ်အမှုန်များနီးပါး မည်သည့်ပစ္စည်းကိုမဆို မြင်နိုင်သည်ဖြစ်၍ သူ မည်သည့်အတွက် အနက်ရောင်အစက်အပြောက်ကို မမြင်ရပဲ ဖြစ်နေသနည်း။ အကယ်၍ ဤအစက်ပြောက်သည် အရာဝတ္တုများနှင့် မပတ်သက်ပဲ သီးခြားဖြစ်တည်မှုတခုသာ ဖြစ်နေခဲ့လျင်...
ထူးဆန်းလှသော တွေ့ရှိမှုအသစ်က သူ့ကို ဆွဲဆောင်ထားလေရာ တိုက်ပွဲအပေါ် စုချန်း၏ အာရုံစူးစိုက်မှုမှာ သိသိသာသာပင် လျော့နည်းလာ၏။ ထိုအချိန်မှာပင် အာကင်နာပညာရှင်နှစ်ဦးနှင့်မြားသမားတစ်ဦး သူ့ကို တိုက်ခိုက်လာ၏။ စုချန်းကား ရှောင်တိမ်းလိုက်လျင် အာရုံပျက်သွားမည်စိုး၍ အားကောင်းသော အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီး တွက်ချက်မှုတချို့ကို အလောသုံးဆယ်ပင် စတင်လိုက်တော့သည်။
စုချန်း၏ ခေါင်းထဲမှာ အမျိုးမျိုးအဖုံဖုံသော စိတ်ကူးစိတ်သန်းများ လျှပ်စီးလက်သည့်နှယ် ပြေးလွှားနေခဲ့လေပြီ။
စိတ်ဝိညာဥ်သလင်းကြောင့် စုချန်း၏ တွက်ချက်နိုင်စွမ်းမှာ များစွာ တိုးပွားလာခဲ့၏။ သို့သော် အချိန်အများစုတွင် စုချန်းသည် သူ့တွက်ချက်နိုင်စွမ်းကို မိမိအင်အားတိုးမြှင့်ရန်အတွက်သာ အများဆုံး အသုံးပြုခဲ့ပေသည်။ ယခုတော့ မတူညီသောအရာတခုအတွက် စုချန်းသည် သူ့တွက်ချက်နိုင်စွမ်းကို အမြင့်ဆုံးအနေအထားထိ နှိုးဆွ၍ တွက်ချက်နေခဲ့လေပြီ။
သိပ်မကြာမီ မတူညီသော သီအိုရီအများအပြား စုချန်းခေါင်းထဲတွင် ပေါ်ပေါက်လာ၏။ ထိုအခါ စုချန်းသည် သီအိုရီတခုချင်းစီကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဖြစ်နိုင်ချေများကို ချန်ထားကာ မဖြစ်နိုင်သည့် သီအိုရီမှန်သမျှကို ဖယ်ထုတ်ပစ်လိုက်သည်။ ဤနည်းအားဖြင့် နောက်ဆုံးတွင် ဖြစ်နိုင်ချေတခုတည်းသာကျန်တော့သည်အထိ စုချန်း ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ချေပြီတည်း။
လေဟာနယ်နယ်မြေ တနည်းအားဖြင့် အာကာသနယ်မြေ။
အနက်ရောင်တွင်းပေါက်ငယ် သို့မဟုတ် အစက်အပြောက်သည် မူလစွမ်းအင်နှင့် ဖွဲ့စည်းတည်ဆောက်ထားရန်မှာ ဖြစ်နိုင်ချေနည်းလှ၏။ အကြောင်းမှာ စုချန်း၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အနက်ရောင်ဟူသည် ဘယ်သောအခါမှ မူလစွမ်းအင်ကို ကိုယ်စားပြုသည့် အရောင်မျိုး ဖြစ်မနေသောကြောင့်ပင်။
သို့ဆိုလျင် အနက််ရောင်တွင်းပေါက် သို့မဟုတ် အစက်အပြောက်အား သူ မြင်နိုင်ရသည့် အကြောင်းရင်းမှာ ပရမတ်အမြင်အာရုံကြောင့် မဖြစ်နိုင်တော့။ သူ၏ လေဟာနယ်အာရုံခံနိုင်စွမ်းကြောင့်သာ ဖြစ်ရပေလိမ့်မည်။
တကယ်တော့ စုချန်း၏ လေဟာနယ်အာရုံခံနိုင်စွမ်းမှာ အခြေခံအဆင့်မျှသာရှိသေး၍ အနက်ရောင်တွင်းပေါက်၏ အလွန်သေးငယ်သောအစိတ်အပိုင်းအနည်းငယ်မျှကိုသာ မြင်နိုင်ပေလိမ့်မည်။ သူ၏ လေဟာနယ်အာရုံခံနိုင်စွမ်းကို တိုးမြှင့်မှသာလျှင် အနက်ရောင်တွင်းပေါက်ကို ယခုထက်ပို၍ အသေးစိတ် မြင်နိုင်လိမ့်မည်။
၎င်းမှာ လက်ရှိတွင် စုချန်း၏ ထင်မြင်ယူဆချက်သက်သက်မျှသာ ဖြစ်သော်ငြား ကျန်ဖြစ်နိုင်ခြေအားလုံးကို ဖယ်ထုတ်ထားလိုက်ပြီဖြစ်၍ ရှေ့ဆက်ရန် ဤတလမ်းသာ ကျန်တော့၏။
မူလကမ္ဘာကြီးတခုလုံးတွင် ရှိနေသည့်မူလစွမ်းအင်၏ စုစုပေါင်းပမာဏထုကြီး ထောင်ပေါင်းများစွာသောနှစ်များအတွင်း ပါးလျားလာခဲ့ပြီးနောက် မူလသားရဲကြီးများ ရှင်သန်ရပ်တည်နိုင်စွမ်းမရှိတော့ပဲ ဆောင်းခိုသွားကြပုံကို ပြန်လည်သုံးသပ်ကြည့်လျင် ဤအနက်ရောင်တွင်းပေါက်၏ တည်ရှိမှုမှာ ရင်သပ်ရှုမောလောက်စရာ သီအိုရီတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ချေပြီတည်း။
ကြည့်ရသလောက် မဟာတိုက်ပွဲကြီးများသည် လေဟာနယ်အက်ကွဲကြောင်းများကို ပွင့်သွားစေပြီး မူလစွမ်းအင်ကို ထာဝရပျောက်ကွယ်သွားစေခြင်းပေလော။
တကယ်တော့ ပုံမှန်အခြေအနေတွင် ကမ္ဘာကြီး၏ မူလစွမ်းအင်ထုပမာဏသည် ပုံစံမျိုးစုံနှင့် လည်ပတ်နေသည်ဖြစ်၍ အမြဲတမ်းတူညီနေသင့်၏။ အခြေခံအားဖြင့် အင်အားကြီးမားသော သတ္တဝါများသည် မူလစွမ်းအင်ကိုလည်း ပမာဏအများအပြား စုဆောင်းနိုင်ကြ၏။ ပြန်လည်ထုတ်လွှတ်နိုင်ကြ၏။ သို့သော် သူတို့အနေနှင့် မူလစွမ်းအင်ကို မည်မျှပမာဏထိ စုဆောင်းနိုင်သည်ဆိုစေကာမူ ဥပမာ; မူလသားရဲကြီးများ၊လူသားချီစွမ်းအားပညာရှင်များ၊ သို့တည်းမဟုတ် လူပျံတော်အာကင်နာပညာရှင်များပင် ဖြစ်စေကာမူ သူတို့အားလုံး၏ မူလစွမ်းအင်ပမာဏသည် စကြဝဠာကြီး၏ စုစုပေါင်းစွမ်းအင်ပမာဏကိုတော့ ထိခိုက်စေရန် မည်သို့မျှ မသင့်ချေ။ အကြောင်းမှာ ၎င်းတို့အားလုံး အသုံးပြုလိုက်သည့် စွမ်းအင်အားလုံးသည် ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသွားကြသောကြောင့်ပင်။
သို့သော် အနှီအနက်ရောင်တွင်းပေါက်ကတော့ နောက်ထပ်သီအိုရီတစ်ခုကို ဖော်ပြပေးနေ၏။
တကယ်တော့ မူလစွမ်းအင်သည် လားရာတခုထဲသို့ စီးဆင်းနေခြင်းပင် ဖြစ်ရပေမည်။
တဖြည်းဖြည်းနှင့် လားရာတစ်ခုထဲသို့သာ ထာဝရ စီးဆင်းနေခြင်းတဲ့လား...
နောက်ဆုံးတော့ ဒါက ဒီလိုတဲ့လား...
တကယ်တော့ စုချန်း မသိနိုင်သေးချေ။
ကနဦးသီအိုရီမှာ အနက်ရောင်တွင်းပေါက်ကို ကြည့်ရင်းနှင့် သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်ပေါက်လာသည့် စိတ်ကူးစိတ်သန်းမျှသာ ဖြစ်နေသေး၏။ သို့သော် ၎င်းမှာ လုံးဝအခြေအမြစ်မရှိသော သီအိုရီတော့ မဟုတ်ချေ။ ထို့ပြင် ဤသီအိုရီသည် စုချန်း နှစ်ပေါင်းများစွာ လေ့လာထားသည့် သီအိုရီများနှင့် အတွေ့အကြုံဗဟုသုတများအပေါ်တွင် အခြေခံထားသည် မဟုတ်ပါလား။
ဤသီအိုရီသာ မှန်ကန်နေခဲ့လျင် စကြဝဠာ၏ မူလစွမ်းအင်လေထုအလွှာကြီး ပျက်စီးယိုယွင်းလာရသည့် အကြောင်းရင်းအစစ်အမှန်ကို စုချန်းတယောက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သို့ဆိုလျင် အနှီမူလစွမ်းအင်များ ဘယ်နေရာကို စီးဆင်းနေသနည်း။
အနက်ရောင်တွင်းပေါက်၏ အခြားတစ်ဖက်တွင် ဘာရှိသနည်း။
အဖြေတစ်ခုက နောက်ထပ်မေးခွန်းပေါင်းများစွာကို ပေါ်ပေါက်လာစေပုံရ၏။ စုချန်းအဖို့ကား ဤမေးခွန်းများ၏ အဖြေကို လားလားမျှ မသိချေ။ သို့သော် ဤစကြဝဠာ၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ပို၍တိုးပွားလာနေကြောင်းကိုတော့ သူရှာဖွေတွေ့ရှိလိုက်ရ၏။
မူလတွင် စုချန်းသည် လူသားများ၏ ကျင့်ကြံခြင်းစနစ် မည်သို့အားကောင်းအောင်လုပ်ရမည်ဆိုသည့်အချက်အပေါ်တွင်သာ အာရုံစိုက်ထားခဲ့၏။
သို့သော် သူ၏ ကျင့်ကြံမှုနှင့်အင်အားများ တဖြည်းဖြည်းတိုးပွားလာသည်နှင့်အမျှ သူ့အာရုံမှာ လူသားများ၏ ကျင့်ကြံခြင်းစနစ်နှင့်တင် ရပ်မနေတော့ပဲ ဤကမ္ဘာလောကကြီး၏ နောက်ကွယ်မှ အမှန်တရားများကို ဖော်ထုတ်နိုင်ရန်ကိုပါ စတင်ပြောင်းလဲလာခဲ့ချေပြီတည်း။
ဤကမ္ဘာလောကကြီး၏ အပြင်ဘက်တွင် ဘာတွေရှိနေသနည်း။
ဤမျိုးစေ့ကား စုချန်း၏ နှလုံးသားထဲတွင် အညှောင့်ကလေးအဖြစ် စူ၍ထွက်လာခဲ့လေပြီ။ ယခုအချိန်တွင်တော့ သူလျှောက်လှမ်းနေသောလမ်းမှာ လူသားမျိုးနွယ်အတွက်သာ မဟုတ်ပဲ လူသားများကို ကျော်လွန်၍ ကမ္ဘာကြီး၏ ကံကြမ္မာနှင့် သက်ဆိုင်သော လမ်းတလမ်းဟူသည်ကို စုချန်း ရုတ်တရက် ကြိုတင်သိမြင်လာတော့၏။
ဤအချက်ကို စဉ်းစားမိသောအခါ သူ မည်သို့မှ မရယ်မောပဲ မနေနိုင်တော့။
ထိုအချိန်ထိ လူပျံတော်များက စုချန်းကို ဒေါသတကြီး တိုက်ခိုက်နေကြဆဲပင်။ စုချန်းဘက်မှ ပြန်လည်တုံ့ပြန်ခြင်းမရှိမှန်း သူတို့သတိထားမိသည့်အချိန်တွင် သူတို့အဖို့ ဒေါသထွက်နေပြီးသားပင်။ ထိုအချိန်တွင် စုချန်း၏ ထိနမိဒ္ဓများနေသော၊ အတွေးကမ္ဘာထဲနစ်မြုပ်နေသော အမူအရာကို မြင်လိုက်ရသောအခါ သူတို့၏ ဒေါသမှာ ပို၍ပင် ပြင်းထန်လာခဲ့၏။
တိုက်ပွဲကြီးအလယ်ရောက်နေတာတောင် စိတ်ပျံ့လွင့်နေသတဲ့လား...
ဒါကြီးကတော့ အရမ်းလွန်သွားပြီမဟုတ်ဘူးလား...
ရုတ်တရက်ဆိုသလို အားကောင်းလှသော မီးတောက်ကြီးတခု စုချန်းဆီသို့တိုးဝင်လာ၏။
သို့သော် မီးတောက်မီးလျံများ စုချန်းအား လွှမ်းခြုံသွားချိန်တွင် လူပျံတော်များ မြင်တွေ့လိုက်ရသည်မှာကား စုချန်း၏ နှုတ်ခမ်းပေါ်ရှိ အားရကျေနပ်ဟန်ရှိသော အပြုံးသာ ဖြစ်လေသတည်း။
***