လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခြင်း
Vol. 86 Ch. 851
စုချန်းအဖို့ကား မပျော်ပဲမနေနိုင်လောက်အောင်ပင်။ အကြောင်းမှာ သူ ရှာဖွေတွေ့ရှိလိုက်သည့်အရာသည် အနာဂတ်တွင် ဖြစ်လာမည့် အရာများကို ပုံဖော်ပေးနေရုံသာမကပဲ ရှုပ်ထွေးစွာ လှုပ်ရှားနေသော မူလစွမ်းအင်စီးကြောင်းများအပေါ် ထိန်းချုပ်နိုင်စွမ်းကိုပါ ပိုမို တိုးမြှင့်ပေးစေခဲ့သည် မဟုတ်ပါလား။
သာမာန်အားဖြင့်ဆိုလျင် ဤမျှရှုပ်ထွေးနေသည့် မူလစွမ်းအင်စီးကြောင်းများသည် တိုက်ပွဲစည်းဝိုင်းအတွင်းရှိ လူတိုင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို အတိုင်းအတာတခုအထိ လျှော့ချပစ်တတ်၏။ သို့သော် စုချန်းကတော့ ခြွင်းချက်ဖြစ်သွားလေပြီ။
သူသည် ရှုပ်ထွေးနေသော စီးကြောင်းများ၏ ဦးတည်ရာကို နားလည်နိုင်ခဲ့ပြီဖြစ်၍ ၎င်းတို့၏ လွှမ်းမိုးမှုအောက်တွင်ပင် အကန့်အသတ်မရှိ တိုက်ခိုက်နိုင်ခဲ့လေပြီ။ ထိုသို့ နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားလာသည်နှင့်အမျှ ဤစွမ်းအားများကို သူကိုယ်တိုင်ပင် အသုံးချနိုင်ကြောင်း စုချန်း တွေ့ရှိလာ၏။
တိုက်ပွဲအချိန်ကြာလာသည်နှင့်မျှ လူတိုင်း၏ မူလစွမ်းအင်သည် ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားကြသော်လည်း စုချန်းမှာမူကား ဆယ်ရာခိုင်နှုန်းခန့်ပင် တိုးပွားလာသေး၏။ ဤအခြေအနေမျိုးတွင် စုချန်း မပျော်ပဲ မည်သို့နေနိုင်တော့မည်နည်း။
သို့သော် ထိုအပြုံးမှာ သူ့ကိုဝန်းရံတိုက်ခိုက်နေကြသည့်အာကင်နာပညာရှင်များအတွက်တော့ အကြီးအကျယ် အရှက်ရစရာဖြစ်နေခဲ့လေသည်။
အာကင်နာပညာရှင်နှစ်ဦးသည် အားကုန်ထုတ်ကာ စုချန်းကို တိုက်ခိုက်လိုက်ကြ၏။ ထိုအခိုက်အတန့်ဝယ် ၎င်းတို့အချင်းချင်း ရန်ငြိုးကိုပင် ခေတ္တခနဘေးဖယ်ထားလိုက်ကြ၏။ အရှက်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ၎င်းတို့အချင်းချင်း ပူးပေါင်းလိုက်ကြသည့်သဘောပင်။
“အော် မင်းတို့က ခုကျတော့ အချင်းချင်း ပူးပေါင်းလိုက်တာပေါ့လေ ကောင်းကွာ”
ထိုအချိန်တွင် အာကင်နာပညာရှင်နှစ်ဦးသည် ၎င်းတို့၏ အစွမ်းထက်နည်းစနစ်နှစ်ရပ်ဖြစ်သော မိုးကြိုးစက်လုံးနှင့် ဒေါသမီးလျံဓားတို့ကိုဖော်ထုတ်ကာ စုချန်းကို လက်စတုံးရန် ကြံစည်လိုက်ကြ၏။ သို့သော် စုချန်းကတော့ စီးဆင်းရွှေဓားကို သာမာန်မျှသာ ဝှေ့ယမ်းရင်း တုံ့ပြန်ခဲ့လေသည်။
စုချန်း၏ ဤတကွက်တွင် ကမ္ဘာဦးသွေးပုံရိပ်ကိုသော်လည်းကောင်း၊ အနက်ရောင်မီးလျှံများကိုသော်လည်းကောင်း ထည့်သွင်းထားခြင်း မရှိချေ။ ယုတ်စွအဆုံး သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များကိုပင် အပြည့်အဝ ထုတ်သုံးထားခြင်းမရှိချေ။
သို့သော် ဤမျှ ရိုးရှင်းသောဓားချက်သည် မိုးကြိုးစက်လုံးကို ပြတ်တောက်သွားစေပြီး ဒေါသမီးလျံဓား၏ အရှိန်အဟုန်ကိုပါ ချေဖျက်ပစ်နိုင်လိက်၏။ ထိုမျှသာမကသေး စီးဆင်းရွှေဓားသည် အရှိန်မပျက် ဆက်လက်ရွေ့လျားသွားပြီး ရန်သူနှစ်ဦးကို အပိုင်းပိုင်း ပြတ်တောက်သွားစေလေသည်။
“လှလိုက်တာ”
နုပျိုပြည့်လျံ အံ့သြတကြီးနှင့် ထအော်မိလေရာ လေမျိုးဆုံရာအမြဲစိမ်း အကြီးအကျယ် ထိတ်လန့်သွားပြီး သူမ၏ပါးစပ်ကို လှမ်းပိတ်ထားလိုက်လေသည်။
တကယ်တမ်းတွင် ညနေမင်းနှင့် အီနီဂိုတို့သည်လည်း လေမျိုးဆုံရာမျိုးနွယ်စုဝင်များ ဤပတ်ဝန်းကျင်တွင် ကျန်နေသေးသည်ကို သိထားကြပြီးသားပင်။ သို့သော် အန္တရာယ်ကြီးမားသော ရန်သူကိုယ်စီနှင့် ရင်ဆိုင်နေကြရ၍ သူတို့ကို မည်သူမှ အာရုံမစိုက်နိုင်ချေ။
အရေးမပါသော ရန်သူနှစ်ယောက်ကို ရှင်းပြီးသည်နှင့် နောက်ထပ်ရန်သူလေးယောက် သူ့ဆီသို့ ဦးတည်လာနေသည်ကို စုချန်း မြင်လိုက်ရ၏။
ထိုအခါ စုချန်း သက်ပြင်းချရင်း ရေရွတ်လိုက်လေသည်။
“ဒီလိုဖြစ်လာမယ်ဆိုတာ ကျုပ် မြင်ထားပြီးသားပါကွာ"
စကားဆုံးသည်နှင့် စုချန်းသည် တိုက်ပွဲအစပိုင်းကဲ့သို့ပင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကာ ဟိုမှသည်မှ လှည့်လည်သွားလာနေပြန်၏။
ထိုစဥ် ညဏ်နည်းလှသည့် လေးသမားတဦးက စုချန်းကို လှမ်းအော်လိုက်၏။
"ဟေ့ မိုးပြာရောင်မျက်နှာဖုံး မင်းက ကျုပ်တို့ကို အထင်သေးနေတာလား သတ္တိရှိရင် မင်းရဲ့ စွမ်းအားအစစ်အမှန်ကို ပြလိုက်စမ်းပါ"
သို့သော် ထိုလေးသမားကို ဘေးနားရှိ သူ့အဖော်က နားပန်ကျင်းပစ်လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း"
တိုက်ပွဲအတွင်းတွင် မောက်မာစွာ ပြုမူခြင်းမှာ သေခြင်းတရားကို ဖိတ်ခေါ်သည်နှင့် အတူတူပင် မဟုတ်ပါလား။ စုချန်း အားကုန်သုံး၍မတိုက်ခိုက်ခြင်းကို အကောင်းမြင်ထားကြသည့် ဉာဏ်ကောင်းသူတချို့လည်း ဧကန်ပင် ရှိနေ၏။
ထိုအချိန်တွင် ညနေမင်းနှင့် အီနီဂိုတို့၏ တိုက်ပွဲမှာ အထွပ်အထိပ်သို့ ရောက်ရှိနေခဲ့ပေပြီ။
အီနီဂိုသည် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦးဖြစ်သည်။ နဝမလက်စွပ်အဆင့်အာကင်နာပညာရှင်တဦးက နဝမအဆင့်အာကင်နာနည်းစနစ်များကို အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်နေသောအခါ နတ်ဘုရားသားမွှေးအကူအညီကို ရထားစေကာမူ အချိန်ကြာလာသည်နှင့်မျှ ညနေမင်းမှာတားဆီးရန် ခက်ခဲလာတော့၏။
“ညနေမင်း ဘာလို့ဒီလောက်တောင် ခေါင်းမာနေရတာလဲ”
စာအုပ်ထဲက နောက်ထပ် စာရွက်တရွက်ကို လှန်ရင်း အီနီဂို သက်ပြင်းချကာ ပြောလိုက်၏။
ထိုအချိန်မှာပင် အနက်ရောင်တိမ်တိုက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ပြင်းထန်လှသော အားလှိုင်းကြီးတခုက ကောင်းကင်ပေါ်မှနေ၍ အောက်သို့ဖိချလာ၏။
“အား"
ညနေမင်း ခေါင်းမော့ပြီး ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူ့အဖို့ကား တိမ်တိုက်ကြီး၏ အောက်တည့်တည့်တွင် ရောက်နေသည်ဖြစ်၍ ဤဖိအားကို တောင့်ခံနိုင်ရန်မှာ အလွန်ခက်ခဲနေ၏။ ကြည့်နေရင်းနှင့်ပင် သူ ဖိအားအောက်တွင် အလဲလဲအပြိုပြို ဖြစ်လာသည်။ သို့သော် သူ့အတောင်ပံများမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာမူ ပို၍သာ တောက်ပလာ၏။
နောက်ဆုံးတွင်တော့ ညနေမင်း၏ ကျောဘက်မှ ရွှေရောင် အမွေးအတောင်တစ်ခု ပေါ်လာသည်ကို အီနီဂိုတွေ့လိုက်ရသည်။
“နတ်ဘုရားသားမွှေး"
အီနီဂို စိတ်လှုပ်ကြီးစွာနှင့် ထအော်မိလေသည်။ နောက်ဆုံးတော့ နတ်ဘုရားသားမွှေး ပေါ်လာခဲ့ချေပြီတည်း။
အီနီဂို၏ မျက်လုံးအစုံတွင် လောဘအရိပ်အယောင်များ ယှက်သန်းလာ၏။ ထို့နောက် သူ လက်ကို ဆန့်တန်းလိုက်လေရာ ကောင်းကင်ဆီမှ နက်မှောင်သော လက်ကြီးတဖက်က သားမွှေးတောင်ကို လှမ်းယူလိုက်လေသည်။
ညနေမင်း ကျယ်လောင်စွာအော်ဟစ်ပြီး မြှားသုံးချောင်းကို ကောင်းကင်ပေါ်ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်၏။ မြှားသုံးချောင်းသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသောအရှိန်အဝါသည်လည်း လေးဘက်လေးတန်ကို ပျံ့နှံ့သွားလေရာ အနီးအနားရှိ အာကင်နာပညာရှင်များပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်ကြသည်။ သူတို့ထဲမှ တဦးမှာကား ချက်ချင်းပင် သေဆုံးသွားခဲ့၏။
သို့သော် အီနီဂိုသည် စာအုပ်ကို ပေါ့ပေါ့ပါးပါးပင် ဆက်၍လှန်နေ၏။ နက်မှောင်သော လက်ကြီးသည်လည်း ရပ်တန့်ရန် စိတ်ကူးရှိပုံမရပဲ ခေါင်းမာမာပင် ရှေ့ဆက်တိုးနေခဲ့လေသည်။
အီနီဂိုကား နတ်ဘုရားသားမွှေးကို ရရှိရန် သူ့စွမ်းအားအစစ်အမှန်ကို မခြွင်းမချန် အသုံးပြုနေခဲ့လေပြီ။
တိုက်ပွဲမှာ အရေးကြီးသောအခြေအနေကို ရောက်နေပြီမှန်း ညနေမင်း သိလိုက်၏။ ထိုအခါ သူက နောက်တကြိမ် ကျယ်လောင်စွာအော်ဟစ်ပြီး သူ့ဘဝတသက်တာအတွင်း အစွမ်းအထက်ဆုံးမြှားကို ပစ်ထုတ်လိုက်တော့သည်။
ရွှေရောင်မြှားတစ်စင်းက အနက်ရောင်နတ်ဆိုးလက်ကြီးဆီသို့ လေထုကိုဖြတ်ကာ တိုးဝင်သွား၏။ ဤတကြိမ် ရွှေရောင်မြှားဆီမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် စုချန်းပင် နောက်ဆုတ်ပေးလိုက်ရသည်။
သို့သော် ထိုသို့နောက်ဆုတ်ပေးလိုက်ရခြင်းက စုချန်းအတွက် ရှုပ်ထွေးမှုတခုတော့ ဖြစ်သွားစေ၏။ အကြောင်းမှာ အာကင်နာပညာရှင်အဖွဲ့ကြီးတစ်ဖွဲ့က သူ့ကို တိုက်ခိုက်ရန် ဦးတည်လာခြင်းကြောင့်ပင်။
၎င်းကိုကြည့်ရင်း စုချန်း အေးစက်သောလေသံနှင့် ရေရွတ်လိုက်၏။
"မင်းတို့ဘက်မှာပဲ အင်အားများတယ်လို့ တကယ်ထင်နေတာလား”
ထို့နောက် သူက လက်ကိုဝေ့ယမ်းလိုက်ရာ အတင်းအကျပ်စေခိုင်းခဲ့တဲ့ စုချန်း၏ ထိန်းချုပ်ခြင်းကိုခံထားရသည့် သတ္တသတ္တဝါများ ရှေ့သို့တိုးလာကြလေသည်။ ထိုမျှပင်မကပဲ စုချန်းက လောဘကပ်ပါးကောင်ကိုပါ ထုတ်ယူလိုက်၏။ ဤကပ်ပါးကောင်သည် မီးလျံညှို့ငင်ကို စားသုံးလိုက်ပြီးကတည်းက အင်အားကြီးမားလာပြီး ကျန်လူပျံတော်အာကင်နာပညာရှင်များကိုပါ ထပ်မံစားသုံးလိုက်သည့်နောက်တွင်တော့ ပို၍ပင် ကြောက်စရာကောင်းလာ၏။ ယခုလည်း သူ့ထံသို့ ဦးတည်တိုးဝင်လာသည့် အာကင်နာစွမ်းရည်ဆယ်မျိုးလောက်ကို အတိုင်းသားခံယူလိုက်ပြီး ထိုစွမ်းရည်များနှင့်အတူပါလာသည့် မူလစွမ်းအင်များကို အငမ်းမရပင် ဝါးမြိုစားသောက်လိုက်လေသည်။ မြင်ကွင်းကိုကြည့်ရင်း လူပျံတော်များ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြ၏။
ထိုအချိန်မှာပင် အလင်းတန်းတခု ကောင်းကင်ပေါ်သို့ ရုတ်တရက် တိုးထွက်လာ၏။ ထိုအလင်းတန်းမှာ မြေအောက်ဆီမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလင်းတန်းစတင်ထွက်ပေါ်လာသည့် မြေပြင်မှာကား အက်ကွဲကာ အပေါက်ကြီးတပေါက် ကျန်ရစ်ခဲ့၏။
တဆက်တည်းမှာပင် ကောင်းကင်ဆီမှ ကြီးမားသော နန်းတော်ကြီးတဆောင် အောက်သို့တရွေ့ရွေ့နိမ့်ဆင်းလာသည်ကို လူတိုင်း မြင်လိုက်ရလေသည်။
တိုက်ပွဲမှာ ချက်ချင်းရပ်တန့်သွား၏။ လူတိုင်း နန်းတော်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
“ပေါ်လာပြီ ကျောက်စိမ်းမြူရဲ့ တကယ့်အစစ်အမှန် လျှို့ဝှက်နယ်မြေ ပေါ်လာပြီ”
နန်းတော်အပေါ်တွင်တော့ မျက်စေ့ကျိန်းစပ်မတတ် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းကြီး၏ အောက်တွင် ပါးလွှာသောရွှေရောင်သားမွှေးတောင်တခုကို ရေးရေးမျှ မြင်နေရပေသည်။
“နောက်ထပ် နတ်ဘုရားသားမွှေးတောင်တစ်ခု”
အီနီဂိုက စုချန်းကို မယုံသင်္ကာဟန်ဖြင့်လှမ်းကြည့်ပြီး ရေရွတ်လိုက်၏။
အရာအားလုံးမှာ မိုးပြာရောင်မျက်နှာဖုံးမျှော်လင့်ထားသည့်အတိုင်း တသွေမတိမ်း ဖြစ်လာခဲ့ချေပြီတည်း။
"ကျုပ် အစောကြီးကတည်းက ပြောပြီးသားပဲလေ မင်း အစောကြီးကတည်းက ထုတ်ပေးလိုက်ရင် အလုပ်ရှုပ်တော်တော်သက်သာသွားမှာ"
ပြောရင်းနှင့် စုချန်း အားရပါးရ ရယ်မောလိုက်၏။ စုချန်း၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူပျံတော်အားလုံး ဒေါသထွက်သွားကြ၏။ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲကို စတင်အောင် လှုံ့ဆော်ခဲ့သူမှ သူပင်မဟုတ်ပါလား။ ထို့ကြောင့် စုချန်း၏ လှောင်ပြောင်သောစကားကို တယောက်မှ မကြားလိုကြချေ။
ထိုအချိန်မှာပင် စုချန်းသည် လူတိုင်းထင်မှတ်မထားသည့် လုပ်ရပ်တခုကို လုပ်ဆောင်လိုက်ပြန်၏။ ၎င်းမှာကား ထိုသို့ ရယ်မောလှောင်ပြောင်ပြီးသည်နှင့် သူက နန်းတော်ဆီသို့ ခုန်ထွက်ပျံသန်းသွားလိုက်ခြင်းပင်။
စုချန်း၏ လုပ်ရပ်ကို မြင်သည်နှင့် လူတိုင်း အကြီးအကျယ် လန့်ဖြတ်ကုန်ကြ၏။ ထို့နောက် သူတို့အားလုံး အာကင်နာနည်းစနစ်အများအပြားကို ပြိုင်တူဖော်ထုတ်လိုက်ကြရင်း စုချန်းနောက်သို့ အူယားဖားယားနှင့် ပြေးလိုက်ကြတော့သည်။
သို့သော် အဆိုပါအာကင်နာနည်းစနစ်များအားလုံးမှာ စုချန်းကို ဦးတည်နေခြင်းမျိုးတော့ မဟုတ်ချေ။ အချင်းချင်းနောက်ကောက်ချနိုင်ရန်ရည်ရွယ်ထားကြ၍ နည်းစနစ်အများစုသည် သက်ဆိုင်ရာရန်သူများထံသို့သာ ဦးတည်နေ၏။
ကနဦးတိုက်ပွဲတွင် သူတို့အားလုံးအတွက် အခြေခံမှာ အနှစ်နှစ်အလလ စုဆောင်းထားသော ရန်ငြိုးများကို ဖောက်ခွဲပစ်ရန် ဖြစ်သည်။ သို့သော် ထပ်မံပေါ်ပေါက်လာသောတိုက်ပွဲကတော့ ပို၍ရိုးရှင်းသော အကြောင်းပြချက်တစ်ခုအတွက် တိုက်ခိုက်နေကြခြင်းပင်။ ၎င်းမှာ တခြားမဟုတ်။ အကျိုးအမြတ်အတွက်ပင်တည်း။
ဤသို့နှင့် ကသောင်းကနင်းနိုင်လှသောတိုက်ပွဲကြီး နောက်တကြိမ် ပေါ်ပေါက်လာပြန်၏။ လီတောက်ဟုန်၊ညနေမင်း၊ ဟိုလီကင်းနှင့် အီနီဂိုတို့အပါအဝင် လူတိုင်း၏ သတ်ဖြတ်လိုစိတ်များမှာ မိုးသို့တိုင် ထိုးနေခဲ့လေပြီ။
ဤတိုက်ပွဲတွက် အဖွဲ့အားလုံးသည်တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့၏။ ဤမျှတန်ဖိုးကြီးကြီး ပေးဆပ်ထားပြီးမှ မည်သူက နောက်ဆုတ်တော့မည်နည်း။
ဤသို့နှင့် အောက်ပိုင်းရှိ အဖွဲ့သားများ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြချိန်တွင် အဖွဲ့ခေါင်းဆောင်အသီးသီးသည်လည်း ထိပ်ဆုံးမှ ပန်းဝင်နိုင်ရန် ကြိုးစားနေကြ၏။
ညနေမင်းသည် အတောင်ပံများကို ကျယ်ပြန့်စွာ ဖြန့်ကားထားပြီး နန်းတော်ဆီသို့ ဦးတည်ကာ လေဟုန်စီးနေ၏။
"နတ်ဘုရားတွေ သတ်မှတ်ထားပေးတဲ့ ပိုင်ရှင်တွေဆီကနေ ရတနာတွေကို မင်းတို့ လုယူဖို့ မစဉ်းစားနဲ့”
ထိုအခါ အီနီဂိုက လေပြေလေးနှင့်ပင် ပြန်ပြောလိုက်သည်။
"မင်းတို့တွေ ဒီလောက်တောင်သန့်ရှင်းစင်ကြယ်တယ်ဆိုရင် အခုလဲ အဲ့ဒီစံနှုန်းကိုပဲ ဆက်ထိမ်းထားသင့်တယ် ဒီလိုလောကီအကျိုးအမြတ်ကို ကျုပ်တို့လို ဒုစရိုက်သမားတွေနဲ့ ယှဥ်လုနေတာမျိုးက မသင့်တော်ပါဘူးကွာ”
ပြောရင်းနှင့် အီနီဂိုသည် ရှေ့သို့ရိပ်ခနဲ တိုးထွက်သွား၏။ အီနီဂို၏ ဤစွမ်းရည်မှာ စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းလောက် မစွမ်းသော်ငြား သူ့ကို ရှေ့သို့ မယုံနိုင်လောက်အောင်ပင် ပို့ပေးနိုင်ခဲ့သည်။
ထိုအခါ လီတောက်ဟုန်ကလည်း သူ့လက်ချောင်းများကြားမှ တစုံတခုကို ညင်သာစွာ ပွတ်သပ်လိုက်၏။ တစ်စက္ကန့်အကြာမှာပင် သူ့ပုံစံသည် တဖြတ်ဖြတ်တုန်ခါလာပြီး ညနေမင်းထက် မနှေးသောအရှိန်ဖြင့် ရှေ့ကိုရောက်ရှိသွားစေ၏။
နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော ဟိုလီကင်းကား အရှိန်မြှင့်တင်နိုင်သည့် နည်းစနစ်မျိုးကို မတတ်ကျွမ်းထားချေ။ သို့သော် သူ့အနေနှင့် ကျန်လူများကိုနှေးကွေးသွားအောင်တော့ လုပ်နိုင်စွမ်းရှိနေ၏။
ထိုအခါ သူက အရုပ်တစ်ရုပ်ကို ထုတ်ယူပြီး အမိန့်ပေးလိုက်၏။
"ဘယ်သူမှ ဝင်လို့မရအောင် အပေါက်ဝကို ပိတ်ထားလိုက်စမ်း”
ရုပ်းသေးရုပ်သည် ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ မိုးခြိမ်းသံတသံ လေထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး နန်းတော်ရဲ့ ဝင်ပေါက်မှာလည်း ပိတ်ဆို့ခြင်းခံလိုက်ရသည်။
အီနီဂို၏ အနက်ရောင်နတ်ဆိုးလက်ကြီးက အဝင်ပေါက်ကို တွန်းထိုးကြည့်သေးသည်။ သို့သော် နန်းတောင်ဝင်ပေါက်ကို မျက်စေ့နှင့်မမြင်ရသော တစုံတရာကို ပိတ်ဆို့ထားလေရာ သူ့ကြိုးစားမှုက အချည်းနှီးသာ ဖြစ်သွားရ၏။
“ကောင်လေး မင်းမှာ ဒီလိုအရည်အချင်းတွေလဲ အရှိသားပဲ”
အီနီဂို အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
ဟိုလီကင်း အားရပါးရ ရယ်မောလိုက်လေသည်။
“ကျုပ်ရဲ့ခွင့်ပြုချက်မပါဘဲ ဘယ်သူမှအထဲကိုဝင်ဖို့ မစဉ်းစားသင့်ဘူး”
“သေချာရဲ့လား”
စုချန်းက ပြန်ပြောလိုက်၏။
"ကျုပ်အနေနဲ့ မင်းနဲ့ ဘာရန်ညှိုးရန်စမှ မရှိဘူး မင်းကိုလဲ မျက်နှာပူအောင် မလုပ်ချင်ဘူး ဒါပေမဲ့… ကျုပ် ဝင်လို့ရမယ်လို့ ခံစားနေရတယ်”
ဟိုလီကင်းက ရယ်ရယ်မောမောပင် ပြန်ပြောလိုက်လေသည်။
“မင်းသာ ဝင်နိုင်တယ်ဆိုရင် မင်းလုပ်ချင်ရာ လုပ်နိုင်တယ်”
စုချန်း သက်ပြင်းချလိုက်၏။
"ကျုပ်က ဝင်လို့ရရုံတင်မကဘူး တခြားသူတွေကိုပါ ကျုပ်နဲ့အတူ ခေါ်သွားနိုင်သေးတယ်”
ထို့နောက် သူက အင်္ကျီလက်များကို လေထဲတွင် ဝှေ့ယမ်းလိုက်ပြီး လောဘကပ်ပါးကောင်နှင့် အနီးအနားရှိ လေဟာနယ်သတ္တုသတ္တဝါများကိုပါ ရစ်ပတ်လိုက်ကာ ဝင်ပေါက်ကို ဖြတ်သန်းဝင်ရောက်သွား၏။
အီနီဂို၊ ညနေမင်းနှင့် ဟိုလီကင်းတို့သုံးယောက်သား စုချန်း ဝင်သွားသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။
ဝင်သွားပြီ..
ဒီကောင် ဝင်သွားပြီ...
ဒီလောက်တောင်လွယ်သလား...
ဘယ်လိုများ လုပ်လိုက်တာလဲ...
လူတိုင်း အံ့အားသင့်ကုန်ကြ၏။
ဟိုလီကင်း ကြိတ်မနိုင်ခဲမရနှင့် ရေရွတ်လိုက်လေသည်။
"ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါက လေဟာနယ်ကို တိုက်ရိုက်ပိတ်ဆို့ထားတာလေ ဒီကောင် ဘယ်လိုများ လုပ်လိုက်တာလဲ"
သို့သော် အီနီဂိုကား တစုံတရာကို နားလည်သွားဟန်တူ၏။
“ငါ မင်းကို အထင်သေးမိသွားပြီ”
ထို့နောက် သူ အနက်ရောင်မျှော်စင်စာအုပ်ကို အလျင်စလို လှန်လိုက်ရာ သူ့တကိုယ်လုံးအား အလင်းရောင်များ ဝန်းရံသွားပြီး ဝင်ပေါက်ကို လှစ်ခနဲ ဖြတ်သန်းသွားလေသည်။
ဟိုလီကင်း နောက်တစ်ကြိမ် အံ့သြသင့်သွားရပြန်၏။
ထိုနည်းတူပင် ညနေမင်းကလည်း နတ်ဘုရားသားမွှေးတောင်ကိုသုံးပြီး ဝင်ပေါက်ကို ဖြတ်သန်းသွားပြန်သည်။
“သေစမ်း”
ဟိုလီကင်း ထအော်လိုက်၏။ ထို့နောက် သူ လီတောက်ဟုန်ကို လှမ်းကြည့်လိုက်သည်။
လီတောက်ဟုန် ပခုံးတွန့်လိုက်၏။
"မင်း ပိတ်ထားတာကို ကျုပ်မဖြတ်နိုင်ဘူး ဒါပေမဲ့ ကျုပ်အနေနဲ့ မင်းနောက်က လိုက်ဝင်နိုင်တာပဲလေ အခုကြည့် သူတို့တွေက အကုန် ဝင်သွားကြပြီ ဒါကို မင်းက တံခါးစောင့်လုပ်မလို့လား"
ဟိုလီကင်း စိတ်ဆိုးမာန်ဆိုးနှင့် ဆဲဆိုလိုက်လေသည်။ ထို့နောက် သူ အလုံပိတ်ထားခြင်းကို ပယ်ဖျက်လိုက်ပြီး သူကိုယ်တိုင်လည်း နန်းတော်ထဲသို့ အပြေးအလွှားဝင်ရောက်သွားခဲ့၏။
လီတောက်ဟုန် တချက် ရယ်မောလိုက်၏။ ပြီးမှ သူက မျက်နှာတင်းတင်းနှင့် အောက်ပါအတိုင်း အော်ဟစ်အမိန့်ပေးလိုက်လေသည်။
"အသေခံတပ်သားတွေ အားလုံးငါ့ဆီလာကြစမ်း"
***