← Chapters

လှုံ့ဆော်ဆေးရည်

Vol. 86 Ch. 852

လှုံ့ဆော်ဆေးရည်

Vol. 86 Ch. 852

နန်းတော်ထဲသို့ဝင်လိုက်သည်နှင့် အလွန်ကျယ်ဝန်းသည့် ခန်းမကြီးကို စုချန်း တွေ့လိုက်ရသည်။ ခန်းမကြီး၏ ထိပ်တွင် အမျိုးသမီးရုပ်တုတစ်ခုရှိနေ၏။ ရုပ်တု၏အောက်ခြေရှိ ပူဇော်ခံစားပွဲပေါ်တွင်တော့ ပစ္စည်းသုံးမျိုးရှိကြောင်း အတိုင်းသား မြင်နေရသည်။

အလယ်ရှိပစ္စည်းမှာ ရွှေရောင်သားမွှေးတောင်တခုဖြစ်ပြီး ၎င်းကို သလင်းပေါင်းချောင်အတွင်း ထည့်သွင်းထား၏။ ၎င်းသည် နတ်ဘုရားသားမွှေးတောင်ပင် ဖြစ်လေသတည်း။

နတ်ဘုရားသားမွှေးတောင်သည် နတ်ဘုရားများ၏ လက်ဆောင်ဖြစ်ရာ နတ်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ သို့သော် လူ့ဘုံလောကတွင် နတ်စွမ်းအင်ဟူ၍ မရှိလေရာ အသုံးပြုလိုက်သည့်နောက်တွင် ယင်းစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် မည်သည့်နည်းလမ်းမျှ မရှိချေ။ ထို့ကြောင့် နတ်ဘုရားသားမွှေးတောင်ကို အလုံပိတ်ထားရန် လိုအပ်၏။ သို့မဟုတ်လျင် သားမွှေးတောင်၏စွမ်းအားမှာ တဖြည်းဖြည်းလျော့နည်းသွားပေလိမ့်မည်။

ညနေမင်းတယောက် ယခင်က နတ်ဘုရားသားမွှေးတောင်ကို ချက်ချင်းထုတ်မသုံးခဲ့ခြင်းမှာ စွမ်းအင်ကုန်ကျမှု များပြားလွန်းသောကြောင့်ပင်။ အကယ်၍ သားမွှေးတောင်ကို အချိန်တိုင်းအသုံးပြုနေပါက ယင်း၏နတ်စွမ်းအင်များ ယိုစိမ့်ကုန်ခန်းသွားပေလိမ့်မည်။

ထို့ကြောင့် ညနေမင်းသည် အလွန်လိုအပ်သည့်အခြေအနေမျိုးမှလွဲ၍ နတ်ဘုရားသားမွှေးတောင်ကို အသုံးပြုလေ့မရှိ။ သို့သော် ဤသို့အသုံးပြုလိုက်၍လည်း ကျောက်စိမ်းမြူ၏ နန်းတော်ကို သူတို့ရှာတွေ့ခဲ့ခြင်းပင် မဟုတ်ပါလား။

ယခု စုချန်းရှေ့ရှိ နတ်ဘုရားသားမွှေးတောင်ကိုမူ အထူးသလင်းပေါင်းချောင်တမျိုးထဲ အလုံပိတ်ထည့်သွင်းထား၏။ သားမွှေးတောင်၏ စွမ်းအင်များကို ထိမ်းသိမ်းရန် ဤသို့ထည့်သွင်းထားခြင်းပင်။

နတ်ဘုရားသားမွှေးတောင်ဘေးတွင် တခြားပစ္စည်းနှစ်မျိုးလည်း ရှိနေသေး၏။

ထိုပစ္စည်းနှစ်မျိုးအနက် တမျိုးကိုတော့ စုချန်း ရင်းရင်းနှီးနှီး သိနေ၏။ ၎င်းမှာ အရုပ်လေးတရုပ်ဖြစ်ပြီး လေနှင့်ပတ်သက်သောစာလုံးများကို ၎င်းအပေါ်တွင် ရေးထွင်းထား၏။

လေဝိညာဥ်ဆေးမင်ရုပ်ပေတည်း။

နှစ်ပေါင်းသောင်းချီကြာမြင့်ပြီးနောက် သတ်ဖြတ်သူများသည် ၎င်းတို့၏ ဆေးမင်ရုပ်များစွာကို ဆုံးရှုံးခဲ့ရ၏။ ထိုအထဲမှ တချို့မှာ အချိန်၏တိုက်စားမှုကြောင့် ပျက်စီးခဲ့ရပြီး တချို့မှာကား စစစ်အောင်နိုင်ခြင်းအထိမ်းအမှတ်ပစ္စည်းများအဖြစ် တခြားမျိုးစိတ်များ၏ သိမ်းပိုက်မှုခံခဲ့ရခြင်းကြောင့် ဖြစ်လေသည်။ ယခု စုချန်း မြင်တွေ့နေရသည့် လေဝိညာဥ်ဆေးမင်ရုပ်သည်လည်း အလားတူ ဥပမာတစ်ခုပင်။ သို့သော် ဤဆေးမင်ရုပ် ကျောက်စိမ်းမြူလက်ထဲသို့ မည်သို့ရောက်ရှိလာသည်ကိုတော့ စုချန်း မသိ။

မည်သို့ဆိုစေ လေဝိညာဥ်ဆေးမင်ကို မြင်သည်နှင့် စုချန်း ဝမ်းသာသွား၏။ ဤဆေးမင်ရုပ်သည် အလွန်တန်ဖိုးကြီးမှန်း သူ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။ တခါက အသက်စွမ်းအားဆေးမင်သည် စုချန်း၏ အသက်စွမ်းအားကို များစွာတိုးမြှင့်ပေးခဲ့၏။ ထိုဆေးမင်တန်ခိုးကြောင့် စုချန်း၏ အသက်စွမ်းအင်သည် သာမာန်သတ်ဖြတ်သူများထက်ပင် ပိုမိုအားကောင်းလာသည်မဟုတ်ပါလား။ သို့သော် ဆေးမင်များကို အသုံးပြုပုံမှာ အလွန်နက်နဲဆန်းကြယ်သဖြင့် ယခုတိုင်အောင်ပင် မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်ကို မည်သို့အသုံးပြုရမည်ကို စုချန်း နားမလည်သေးချေ။

နောက်ဆုံးတမျိုးမှာ သွေးကို ပြင်းပြင်းထန်ထန်ဆာလောင်နေဟန်အငွေ့အသက်များ ပေါ်ထွက်နေသည့်အနီရောင်စက်လုံးတစ်လုံး ဖြစ်သည်။ ၎င်းကို ဘယ်အရာမှန်း မသိသည့်တိုင် ဤပစ္စည်းတိုင်းသည် အလွန်တန်ဖိုးကြီးမားသည်မှာ သေချာနေ၏။

အကယ်၍ စုချန်းနေရာတွင် အခြားတယောက်သာဆိုပါက ရတနာများကိုမြင်သည်နှင့် အငမ်းမရ လှမ်းယူမည်မှာ သေချာနေသည်။ သို့သော် စုချန်းကတော့ ရတနာများကို ယူမည့်အစား တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား ငြိမ်သက်စွာရပ်နေ၏။

အတန်ကြာစဥ်းစားပြီးနောက် သူက ဆေးပုလင်းနှစ်ပုလင်းကို ထုတ်ယူပြီး တပုလင်းကို မြေကြီးပေါ်သွန်ချကာ ကျန်တပုလင်းကို သူ့ကိုယ်ပေါ် လောင်းချလိုက်၏။

မြေကြီးပေါ် လောင်းချလိုက်သည့် ဆေးရည်ကို လှုံ့ဆော်ဆေးဟုသိကြပြီး သူ၏ကိုယ်ပေါ်တွင် လောင်းချလိုက်သည့်ဆေးမှာ လှုံ့ဆော်ဆေး၏ ဖြေဆေးပင် ဖြစ်သည်။

လှုံ့ဆော်ဆေးဟူသည်ကား မည်သည့်စိတ်ခံစားချက်ကိုမဆို ပြင်းထန်လာစေတတ်သော သဘောရှိ၏။ ဆိုလိုသည်မှာ လောဘကြီးသူများသည် ပို၍လောဘကြီးလာမည်။ ဒေါသကြီးသူများသည် ပို၍ဒေါသကြီးလာမည်။ မနာလိုသူများသည် ပို၍မနာလိုဖြစ်လာမည်။ အမုန်းတရားပြည့်နေသူများသည် ပို၍မုန်းတီးလာမည်။ ဤကား လှုံ့ဆော်ဆေး၏ ဆေးစွမ်းပေတည်း။

တနည်းအားဖြင့် လှုံ့ဆော်ဆေးသည် တစုံတဦး၏ ရှိပြီးသားစိတ်ခံစားချက်ကို ချဲ့ထွင်ပေးသည့် ဆေးတမျိုး ဖြစ်သည်။ ထို့ကြောင့် ဆေး၏ အကျိုးသက်ရောက်မှုသည် သိပ်မထူးခြားဟု ထင်ရသော်လည်း သင့်လျော်သည့်နေရာတွင် ချိန်သားကိုက် အသုံးပြုပါက အလွန်အသုံးဝင်သည့် ဆေးစွမ်းကောင်းတလက်ပင်။

အကျဥ်းဆိုရလျင် ဥာဏ်ရည်ထက်မြက်သူများသည် ၎င်းတို့၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သောကြောင့် ဥာဏ်ရည်ထက်မြက်ခြင်းဖြစ်သည်။ လူတစ်ဦး၏စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားလေလေ ၎င်းတို့၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမှာ ပို၍ကောင်းလာလေလေပင်။

ညနေမင်းသည် ကျဥ်းထဲကျပ်ထဲအခြေအနေမှာပင် ထပ်မံအမြတ်မထုတ်နိုင်အောင် စုချန်းကို သတ်ပစ်ရန်ကြံစည်သောကြောင့် ညဏ်နီညဏ်နက် များပြားသူမှန်း သိသာနေသည်။ ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်သည့် အီနီဂို၏ ညဏ်ရည်မှာလည်း အထူးပြောစရာမရှိ။ ကာကွယ်သူဦးနှောက်ပိုင်ရှင်ဖြစ်ပြီး စုချန်းနှင့် ကံကြမ္မာချင်းဆက်စပ်နေသည့် လီတောက်ဟုန်သည်လည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်နေ၏။ ဟိုလီကင်းသည်လည်း ခေသူမဟုတ်ချေ။

ဤသို့ ညဏ်နီညဏ်နက်များပြားသူများအပေါ် စုချန်းအနေနှင့် ၎င်းတို့အား အမြတ်ထုတ်ရန်မှာ အတော်ပင် ခက်ခဲလှ၏။ သို့သော် လက်ရှိအခြေအနေမှာ မတူညီတော့။ အလွန်တရာ တန်ဖိုးကြီးမားသောဘဏ္ဍာများကို ၎င်းတို့မျက်စေ့ရှေ့မှောက်တွင် မြင်တွေ့နေရပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏စိတ်မှာ မည်သို့မှ မတည်ငြိမ်နိုင်တော့ချေ။ ထိုအချိန်တွင် စုချန်း၏ ဆေးရည်က မီးထိုးပေးလိုက်ပါက မည်သို့ရလာဒ်မျိုး ပေါ်ပေါက်လာမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်၏။

ဆေးရည်ကို မြေကြီးပေါ် လောင်းချပြီးချိန်မှာပင် နောက်ဘက်မှ လေတိုက်ခတ်သံကို စုချန်း ကြားလိုက်ရ၏။

အီနီဂိုနှင့် ညနေမင်းတို့ ရောက်လာကြလေပြီ။ ရတနာများကို မြင်သည်နှင့် သူတို့နှစ်ယောက်၏ မျက်လုံးအစုံမှာ အရောင်တောက်သွားပြီး လက်ကို ရှေ့သို့လှမ်းလိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ညနေမင်းသည် အီနီဂိုဘက်သို့ မြှားတစ်စင်း ပစ်လွှတ်လိုက်၏။ တချိန်တည်းမှာပင် အီနီဂိုကလည်း ညနေမင်းကို ပြန်လည်တိုက်ခိုက်လိုက်ပြန်သည်။ ၎င်းတို့သည် စူးချန်ကို တိုက်ခိုက်ရန်ကိုလည်း မမေ့ထားချေ။

သို့သော် စုချန်းကတော့ ကိုယ့်ကိုယ်ကို ခံစစ်လုံရန်သာ ကာကွယ်ထားပြီး ပြန်လည်တိုက်ခိုက်ရန်တော့ အနည်းငယ်မျှ ကြိုးစားခြင်းမရှိ။ လက်ရှိအနေအထားတွင် မည်သူမဆို ပြန်လည်တုံ့ပြန်ပါက အာရုံစိုက်ခံရပေတော့မည်။

တကယ်လည်း သိပ်မကြာမီ အီနီဂိုနှင့်ညနေမင်းတို့နှစ်ယောက် အသည်းအသန်တိုက်ခိုက်ကြတော့၏။ လှုံ့ဆော်ဆေးသည် ရှားပါးအဆင့်ဆေးရည်မျှသာဖြစ်သော်လည်း ၎င်း၏အာနိသင်မှာ ရှိပြီးသားစိတ်ခံစားချက်များပေါ်တွင် သက်ရောက်မှုရှိ၍ အလွန်ပြင်းထန်လှ၏။ နဝမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင်ဖြစ်သည့် အီနီဂိုပင်လျှင် လှုံ့ဆော်ဆေး၏ အကျိုးသက်ရောက်မှုကို ရှောင်နိုင်ခြင်းမရှိချေ။

သူနှင့်ညနေမင်းတို့သည် တစ်ဦးနှင့်တစ်ဦး ဒေါသတကြီး ကြည့်နေကြ၏။ သူတို့ဘေးတွင် ရတနာများရှိနေပြီး သူတို့ရှေ့တွင် သေလောက်အောင်မုန်းတီးရသည့်ရန်သူရှိနေသောအခါ ရန်သူကို သတ်ပြီး ရတနာများကိုသိမ်းပိုက်လိုက်ခြင်းမှာ အလွန်သင့်လျော်ပြီး မှန်ကန်သည်ဟု သူတို့နှစ်ဦးလုံး ယူဆာထားကြ၏။

လက်ရှိအချိန်တွင် သူတို့အဖို့ ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒကို နောက်မှာချန်ထားရစ်ခဲ့လေပြီ။ သူတို့၏ အတွေးများထဲတွင် အသာစီးယူပြီး တစ်ဖက်လူကို သတ်ပစ်ရန်သာ ဆန္ဒရှိကြတော့သည်။

အခြေအနေကိသုံးသပ်ရင်း စုချန်း နောက်သို့တဖြည်းဖြည်းဆုတ်သွား၏။

အလွန်တန်ဖိုးကြီးမားသော ရတနာများနှင့် နဖူးတွေ့ဒူးတွေ့ တွေ့နေရသည့်အခါ မည်သူမဆို တည်တည်ငြိမ်ငြိမ် မရှိကြသည်မှာ ဓမ္မတာပင်မဟုတ်ပါလား။

သို့သော် စုချန်းမှာကား အလွန်ပင် တည်ငြိမ်လှ၏။ သူ့မျက်လုံးထဲတွင် ရတနာများအစား ရန်သူများကိုသာ မြင်တွေ့နေရပေသည်။

စုချန်းအဖို့တော့ ရတနာများဟူသည် ငါးစာအဖြစ်သာ အသုံးဝင်၏။ လုံလောက်သော ငါးစာသာရှိလျင် ၎င်းတို့အနက် မည်သူမှနောက်ပြန်မဆုတ်တော့ပဲ အသေအကြေတိုက်ခိုက်ကြမည်မှာ အသေအချာပင်။

ထိုအချိန်တွင် စုချန်းသည် ခန်းမ၏ အဝေးဆုံးထောင့်တနေရာသို့ တဖြည်းဖြည်းဆုတ်သွားပြီး မှောင်ရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ကို အသက်သွင်းလိုက်၏။ ထို့နောက် သူ့တကိုယ်လုံး အမှောင်ရိပ်ထဲသို့ အလုံးစုံ ပျောက်ကွယ်သွားတော့သည်။

တချိန်တည်းမှာပင် လီတောက်ဟုန်နှင့်ဟိုလီကင်းတို့လည်း ဝင်လာကြ၏။

စားပွဲပေါ်ရှိ ရတနာများကို မြင်သည်နှင့် ၎င်းတို့၏မျက်လုံးအစုံမှာ လောဘကြောင့် မီးဝင်းဝင်းတောက်လာလေသည်။

သိပ်မကြာမီ နန်းတော်အတွင်းသို့ လူများပိုမိုရောက်ရှိလာ၏။ သူတို့အဘဏ္ဍာများကို မြင်သောအခါ ၎င်းတို့သည် ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားကြသည်။ ထိုဆင်ခြင်တုံတရားနေရာတွင် အမျက်ဒေါသနှင့် တိုက်ခိုက်သတ်ဖြတ်လိုသည့်စိတ်များက အစားထိုးဝင်ရောက်လာကြ၏။

စုချန်းကား တိုက်ပွဲစည်းဝိုင်းထဲ ဝင်လာခြင်းမရှိ။ သို့သော် သူခေါ်လာသည့် လောဘကပ်ပါးကောင်နှင့် သတ္တုသတ္တဝါများမှာ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတွင် ဝင်ပါပြီး ကြုံသမျှလူတိုင်းကို အားရပါးရပင် သတ်ဖြတ်နေကြ၏။

ထိုအချိန်တွင် စုချန်းသည် ထောင့်တနေရာတွင်ထိုင်ကာ ပြင်းထန်သောတိုက်ပွဲကို အေးအေးဆေးဆေးပင် စောင့်ကြည့်နေ၏။ သူ၏စိတ်နှလုံးအစုံမှာ အလွန်တည်ငြိမ်ပြီး ငြိမ်းချမ်းနေလေသည်။

ဤသို့ တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်းမှာ တန်ပြန်ဆေးရည်တစ်ခုတည်းကြောင့်မဟုတ်ပဲ ပစ္စည်းဥစ္စာနှင့်ပတ်သက်၍ သာလွန်သော သူ့ သဘောထားကြောင့်လည်း ဖြစ်သည်။ စုချန်းသည် အသိပညာကိုသာ ရှေ့တန်းတင်၏။ အသိပညာနှင့် နှိုင်းယှဥ်လျင် ကျန်အရာအားလုံးသည် သူ့အတွက် ဖွဲ့နှင့်စကွဲသာ။

အီနီဂိုသည်လည်း အသိပညာကို တန်ဖိုးထားသည့် အာကင်နာပညာရှင်တဦးဖြစ်သော်လည်း ရတနာများကို မြင်ရသည့်အခါတွင်ကား မည်သို့မှ တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ချေ။

စုချန်းသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသောတိုက်ပွဲကို အေးအေးဆေးဆေးပင် ထိုင်ကြည့်နေ၏။

ထိုအခိုက်အတန့်တိုင်းတွင်ကား အသက်ပေါင်းများစွာ တဖြုတ်ဖြုတ် ကြွေနေကြလေသည်။ ပင်မခန်းမရှိရတနာသုံးမျိုးမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသော ငါးစာဖြစ်နေ၏။ ၎င်းသည် ထိုနေရာတွင်ရှိသော လူတိုင်းကို တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရန် လုံလောက်နေစေလေသည်။

တိုက်ပွဲသည် ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးတော့ အီနီဂိုတယောက် သူ့အစွမ်းအစကို အပြည့်အဝ ဖော်ထုတ်လိုက်တော့၏။

သူသည် ကျိန်စာတစ်ခုကို အသံတိုးတိုးဖြင့် စတင်ရွတ်ဆိုလိုက်လေသည်။ အနှီထူးဆန်းသည့် ကျိန်စာသံသည် လေထဲသို့ တမုဟုတ်ချင်း ပျံ့နှံ့သွားပြီး ထိတ်လန့်ဖွယ်ကောင်းသည်နှင့်အမျှ နက်နဲဆန်းကြယ်သည့် အရှိန်အဝါတခုကို စတင်ပေါ်ပေါက်စေတော့သည်။တစ်ခုခုမှားနေမှန်း ညနေမင်း ချက်ချင်းလိုလို ခံစားမိဟန်ဖြင့် နတ်ဘုရားသားမွှေးတောင်ကို အသက်သွင်းလိုက်၏။

ထိုအချိန်တွင် ကျန်လူများသာဆိုပါက တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ သို့သော် စုချန်းကတော့ အေးစက်စက်နိုင်လှသောအမူအရာနှင့် ပွဲကြည့်ပရိတ်သတ်လုပ်နေဆဲပင်။

နတ်ဘုရားသားမွှေးတောင်မှ အလင်းရောင်သည် အီနီဂို၏ နတ်ဆိုးဆူညံသံကို ပိတ်ဆို့ရန် ကြိုးစားနေ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ အီနီဂိုသည် အနီးနားရှိ ပစ်မှတ်အားလုံးကို ရည်ရွယ်တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ လူအများစုထဲတွင် ညနေမင်းသာလျင် ကျိန်စာ၏အကျိုးသက်ရောက်မှုကို တွန်းလှန်နိုင်သော်လည်း ကျန်လူများမှာ အကြီးအကျယ် ထိခိုက်ကြကုန်၏။ ထိုအခါ ကျိန်စာ၏ တိုက်စားမှုကို ခံလိုက်ကြရသည့် အဖွဲ့အသီးသီး၏ လက်အောက်ငယ်သားအများစုမှာ နာနာကျင်ကျင် အော်ဟစ်ငြီးငြူရင်း ကြေကွဲဖွယ်ရာ အသက်ပျောက်ကုန်ကြ၏။

ထိုအချင်းအရာကို မြင်လိုက်သည်နှင့် ညနေမင်းတယောက် ဒေါသထွက်လာ၏။

"မင်းတစ်ယောက်တည်းပဲ ဒီလိုလုပ်တတ်တယ် ထင်နေတာလား နတ်ဘုရားသားမွှေးတောင် အသက်ဝင်လာစမ်း"

ထိုသို့ ကြွေးကြော်လိုက်သည်နှင့် ရွှေရောင်အလင်းရောင်များ စူးရှစွာ ထွက်ပေါ်လာ၏။ ထိုအလင်းရောင်၏ သက်ရောက်မှုကို စုချန်းပင်လျင် ခံစားရလေသည်။ သို့သော် စုချန်းကတော မည်သူမှ အာရုံမစိုက်မိရလေအောင် အတတ်နိုင်ဆုံးပင် တင်းခံထား၏။

သို့သော် ကံကြမ္မာလက်ချောင်းများအဖွဲ့ဝင်များသည် အကြီးအကျယ် ထိခိုက်ကုန်ကြ၏။ ဟိုလီကင်း၏ လက်အောက်ငယ်သားများပင် ကသောင်းကနင်းနှင့် ဒုက္ခများကုန်ကြတော့သည်။

ဟိုလီကင်းတယောက် ဒေါသအမျက် ချောင်းချောင်းထွက်သွား၏။

"မင်းတို့ပဲ ဒါမျိုးလုပ်တတ်သလား ခွေးမသားတွေ ငါလဲလုပ်တတ်တယ်ကွ... ပေါက်ကွဲလိုက်စမ်း"

ထိုသို့အမိန့်ပေးလိုက်သည်နှင့် ရုပ်သေးများမှာ ရုတ်တရက် ပေါက်ကွဲကုန်ကြတော့၏။ ထိုအခါ အင်အားပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။

လီတောက်ဟုန်သည်လည်း အကြီးအကျယ် ဒေါသထွက်လာ၏။ ဟိုလီကင်းနှင့် အီနီဂိုတို့၏ တိုက်ခိုက်မှုများသည် သူ့ကိုလဲ ချန်မထားခဲ့ချေ။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် သူ့စစ်သည်တော်အများအပြား အသက်ပျောက်ကုန်ကြ၏။

ထိုအခါ အလကားသက်သက် အသတ်ခံရမည်အစား အသေခံတိုက်ခိုက်ခြင်းက ပိုကောင်းသည်ဟု လီတောက်ဟုန် ယူဆလိုက်၏။ ထိုအခါ လီတောက်ဟုန်က အောက်ပါအတိုင်း အော်ဟစ်လိုက်လေသည်။

"အသေခံစစ်သည်တော်တွေ မင်းတို့ရဲ့သန္နိဋ္ဌာန်တွေကို ငါ့ဆီပေးလိုက်ကြတော့"

ထိုအခါ လီတောက်ဟုန်၏ စစ်သည်များက ၎င်းတို့၏လက်များကို ပြိုင်တူ မြှောက်လိုက်ကြပြီး ၎င်းတို့၏မျက်လုံးများကို လက်များဖြင့် ထိုးဖောက်လိုက်ကြတော့သည်။ မျက်စေ့တမှိတ်အတွင်းမှာပင် သူတို့၏လက်ချောင်းများက မျက်လုံးအိမ်များအတွင်း ဖောက်ဝင်ကုန်ကြ၏။

သွေးများ နေရာအနှံ့ ပြန့်ကျဲသွားလေသည်။ ထို့အတူ အသေခံစစ်သည်တော်များသည်လည်း အိပ်မက်အလှဝိညာဥ်များအဖြစ် ပြိုင်တူ ပြောင်းလဲသွားကြ၏။ အဆိုပါဝိညာဥ်များသည် လီတောက်ဟုန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အိပ်မက်အလှ၏ပုံရိပ်ကို တကယ်ကြီး ဖြစ်တည်လာစေ၏။ ထို့နောက် အိပ်မက်အလှသည် စိတ်ဝိညဥ်ကိုထိုးဖောက်နိုင်သည့် အသံလှိုင်းကို ထုတ်ဖော်အော်ဟစ်လိုက်တော့သည်။ အော်သံကြောင့် စုချန်းနှင့်အီနီဂိုအပါအဝင် လူတိုင်းသည် ၎င်းတို့၏စိတ်ဝိညာဥ်တခုလုံး တုန်ခါသွားသည့်နှယ် ခံစားလိုက်ရ၏။

အလွန်အစွမ်းထက်သည့် စိတ်ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခုသည် နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ နှလုံးသားနံရံများကို အသုံးပြုနေသည့် စုချန်းပင်လျှင် အသံ၏ သြဇာလွှမ်းမိုးမှုကို မရှောင်တိမ်းနိုင်ခဲ့ချေ။ အီနီဂိုနှင့်ညနေမင်းတို့၏ မျက်နှာ သိသိသာသာပင် ပျက်သွားပြီး ကျန်လူသားများနှင့် လူပျံတော်များမှာ နာကျင်စွာ အော်ဟစ်လိုက်ကြ၏။

ဤသို့ဤနှယ် အဖွဲ့ခေါင်းဆောင်အသီးသီးက အုံလိုက်ကျင်းလိုက် ထိခိုက်စေသည့် နည်းစနစ်များကို ပျော် ပျော်ကြီး ထုတ်သုံးနေကြလေရာ နောက်ဆုံးတွင် အဖွဲ့အသီးသီး၏ လက်အောက်ငယ်သားများသည် အုံလိုက်ကျင်းလိုက် သေဆုံးကုန်ကြတော့၏။ ပြင်းထန်သည့်ဖိအားများအောက်တွင် နန်းတော်ကြီးထံမှပင် အသံများထွက်ပေါ်လာသည်ဟု ထင်ရသည်။

ဖုန်မှုန့်များ ကင်းစင်သားသည့်အချိန်တွင်တော့ အဖွဲ့တစ်ခုစီမှ လူအနည်းငယ်သာ ကျန်ရစ်တော့၏။

လီတောက်ဟုန်၏ဘေးတွင် စိတ်ကူးပုံဖော်ခြင်းနယ်ပယ်ပညာရှင်တဦးနှင့်ဝိညာဥ်လောင်ကျွမ်းနယ်ပယ်ပညာရှင်နှစ်ဦးသာ ကျန်ရစ်တော့သည်။ သို့သော် ထိုသုံးဦးအနက် ဝိညာဥ်လောင်ကျွမ်းနယ်ပယ်ပညာရှင်နှစ်ဦးမှာ အခြေအနေမဟန်လှတော့။

ဟိုလီကင်းမှာ ပို၍ပင် အခြေအနေဆိုးနေသေး၏။ သူ့ဘေးတွင် အဋ္ဌမလက်စွပ်အဆင့်အာကင်နာပညာရှင်တဦးသာ ကျန်ရစ်တော့သည်။ ညနေမင်း၏ လူပျံတော်တပည့်များမှာလည်း သိပ်အခြေအနေမကောင်းလှ။ ဘုန်းတော်ကြီးတဦးနှင့် ဂိုဏ်းစောင့်သုံးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့လေသည်။ ကံကြမ္မာလက်ချောင်းများအဖွဲ့တွင်လည်း ဒုဌာနမှူးနှင့် နည်းပြဆရာသုံးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့၍ အခြေအနေမှာ သိပ်မထူးလှချေ။

စုချန်းသာလျင် တဦးတည်းသော ထိခိုက်မှုအနည်းဆုံးဆုံးသူ ဖြစ်နေ၏။

သူသည် ခန်းမ၏ ထောင့်တွင် ထိုင်နေရင်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် အပြည့်အဝ အာရုံစိုက်ထား၏။ ဤအခြေအနေမျိုးတွင် သူသာ မဆီမဆိုင် ဒဏ်ရာရသွားပါက အကြီးအကျယ် ရှက်စရာကောင်းသွားပေလိမ့်မည်။

တကယ်လည်း စုချန်းအနေနှင့် မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။ သို့သော် ကံမကောင်းအကြောင်းမလှစွာနှင့် သူ၏မိုးပြာရောင်မျက်နှာဖုံးမှာ ပျက်စီးသွားခဲ့ပြီး လူပျံတော်အဖြစ် အယောင်ဆောင်ထားခြင်းပါ ပေါ်ပေါက်သွားခဲ့တော့သည်။

စုချန်း ရုတ်တရက်ဆိုသလို ပြန်ပေါ်လာခြင်းသည် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်၏။

မျက်နှာဖုံးမရှိတော့သော စုချန်းကို မြင်လိုက်သည်နှင့် လီတောက်ဟုန်နှင့် ဟိုလီကင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

"ဟာ...မင်း...မင်းက လူသားပါလား"

ညနေမင်းနှင့် အီနီဂိုတို့ကလည်း တအံ့တသြ ရေရွတ်လိုက်ကြသည်။

"မြစ်နေမင်း"

***

All Chapters