← Chapters

အရန်အင်အား

Vol. 86 Ch. 853

အရန်အင်အား

Vol. 86 Ch. 853

“အိုး မဟုတ်သေးပါဘူး နောက်ဆုံးတော့ မင်းတို့ ကျုပ်ကို သိသွားပြီပဲကိုး”

စုချန်း ပုခုံးတချက်တွန့်ရင်း အားရပါးရ ရယ်မောလိုက်၏။

ထိုအချိန်တွင် လီတောက်ဟုန်နှင့် ဟိုလီကင်းတို့၏ အာမေဋိတ်သံကို ညနေမင်းနှင့် ကျန်လူများလည်း ကြားသွားလေသည်။ သူတို့ အထူးပင် အံ့သြကုန်ကြ၏။

“လူသား ဟုတ်လား ဒီကောင်က လူသားလို့ မင်းပြောလိုက်တာလား”

ညနေမင်းက လီတောက်ဟုန်ကို နဝေတိမ်တောင်နှင့် မေးလိုက်လေသည်။

“ဟုတ်တယ် ဒီကောင် လူသားဆိုတာ သိပ်သေချာတယ် ကျူးမျိုးနွယ်စု သံတမန်အဖွဲ့နဲ့အတူ ဒီကောင်ပါ ပါလာတာ ကျုပ် ကောင်းကောင်းသိတယ်”

လီတောက်ဟုန်က ထပ်မံအတည်ပြုလိုက်ပြန်၏။

“မင်း လူမှားနေတာဖြစ်ပါလိမ့်မယ်”

ညနေမင်းက ကန့်ကွက်လိုက်ပြန်သည်။

"ဒီကောင် ကစဥ့်ကလျားမျှော်စင်ထဲ ခိုးဝင်ခဲ့တဲ့ လူပျံတော်ပါကွ"

စုချန်းသည် ကစဥ့်ကလျားမျှော်စင်အတွင်း ခိုးဝင်ခဲ့စဥ် မြစ်နေမင်းဟူသော လူပျံတော်အဖြစ် ဟန်ဆောင်ခဲ့၏။ သို့သော်မျှော်စင်၏ စစ်မှန်သောအလင်းအောက်တွင် သူ့မျက်နှာအမှန် ပေါ်သွားခဲ့လေသည်။ မျှော်စင်တာဝန်ရှိပုဂ္ဂိုလ်များသည် စုချန်း၏ မျက်နှာကို အဆင့်မြင့်လူပျံတော်အားလုံးထံ ဖြန့်ဝေထားပြီး ဖြစ်သည်။ ကံကြမ္မာလက်ချောင်းများအဖွဲ့သည်ပင် ဤအကြောင်းကို ကောင်းကောင်းသိရှိထား၏။

“သေချာပေါက် ဒီကောင်ပါပဲ မယုံရင် ဟိုကောင်ကို မေးကြည့်”

လီတောက်ဟုန်က ဟိုလီကင်းကို မေးငေါ့ရင်း ပြောလိုက်လေသည်။ ဟိုလီကင်းကလည်း ဒေါသတကြီးနှင့် ထောက်ခံလိုက်၏။

"ဒီကောင် လူသားဆိုတာ သိပ်သေချာတာပေါ့ မိုးပြာရောင်မျက်နှာဖုံးဆိုတဲ့ကောင်က ကျုပ်နဲ့လီတောက်ဟုန်ရဲ့ ရန်ငြိုးကို ဘာကြောင့်သိပြီး ကျုပ်ကို အကြောင်းကြားသလဲဆိုတာ အစတုန်းက အံ့သြနေတာ ခုတော့ ဘယ်ဟုတ်မလဲ ကျုပ်တို့ကြားက ရန်ပွဲကို ဒီကောင်ပဲ မီးမွှေးပေးခဲ့တာကိုး”

အီနီဂိုကလည်း ဒေါသထွက်နေသောလေသံဖြင့် ကောက်ချက်ချလိုက်သည်။

“ဒါဆို ဒီကောင်က လူသားသူလျှိုပေါ့လေ"

လူပျံတော်များအားလုံး စုချန်းကို ဒေါသတကြီး ကြည့်နေကြ၏။ လီတောက်ဟုန်ပင်လျှင် စုချန်းကို မလိုမုန်းထားမျက်နှာဖြင့် ကြည့်နေလေသည်။

ထိုစဥ် ညနေမင်းက မေးလိုက်ပြန်၏။

"ဒါဆို မင်းက လူသားပဲပေါ့ ဟုတ်လား ပြောစမ်း မင်းက ဘယ်သူလဲ”

ယခုတော့ စုချန်းက လူတိုင်း၏ ပစ်မှတ် ဖြစ်သွားခဲ့လေပြီ။ သို့သော် စုချန်းကတော့ အနည်းငယ်မျှ ဂရုမစိုက်ပုံမရ။ သူက သက်ပြင်းချရင်း ပြောလိုက်၏။

"ကောင်းပြီလေ ကျုပ်ကို မှတ်မိသွားပြီဆိုတော့ ဆက်ပြီး ဟန်ဆောင်နေစရာမလိုတော့ဘူးပေါ့ ကျုပ် ဘယ်သူလဲ ဟုတ်လား ကျုပ် ဘယ်သူလဲဆိုတာ သိချင်ရင်တော့...”

စုချန်းက ချက်ချင်း မဖြေဘဲ လီတောက်ဟုန်ဘက်သို့ လှည့်ကာ အဓိပ္ပာယ်ပါပါပြုံးလိုက်၏။ ပြီးမှ သူက မေးလိုက်လေသည်။

"လီတောက်ဟုန် ကျုပ်ဘယ်သူလို့ မင်းထင်သလဲ"

“မင်းဘယ်သူလဲဆိုတာ ကျုပ် ဘယ်သိမလဲ ကျုပ်သိတာ မင်းဟာ လူတိုင်းကို ဒုက္ခပေးသွားတယ်ဆိုတာ... ”

ပြောရင်းနှင့် လီတောက်ဟုန်တယောက် တစုံတရာကို သတိရသွားဟန်ဖြင့် ဆွံ့အသွား၏။ ထို့နောက် သူ မျက်လုံးပြူးမျက်ဆန်ပြူးနှင့် စုချန်းကို စိုက်ကြည့်နေလေသည်။

"ကျူးမျိုးနွယ်စု… ကျူးမျိုးနွယ်စု… မင်း… မင်း...မဖြစ်နိုင်ဘူး...မင်း ဘယ်လိုမှမဖြစ်နိုင်ဘူး"

“ဒီကောင် ဘယ်သူလဲ”

ညနေမင်းနှင့် အီနီဂိုတို့ကလည်း ပြိုင်တူ မေးလိုက်ကြ၏။

နောက်ဆုံးတော့ လီတောက်ဟုန်တယောက် စုချန်း မည်သူမည်ဝါမှန်း သိရှိသွားလေပြီ။

"စုချန်း...မင်း စုချန်းပဲ"

ထို့နောက်တွင်တော့ အခြေအနေတရပ်လုံးကို လီတောက်ဟုန် မြန်မြန်ဆန်ဆန်ပင် နားလည်သွားတော့၏။ စုချန်းတယောက်သာ သူ့ကို ဤပုံစံဖြင့် စကားပြောနိုင်ပြီး စုချန်း တယောက်တည်းသာ ဤမျှ ကသောင်းကနင်းနိုင်သည့် တိုက်ပွဲကြီးကို ဖန်တီးနိုင်ပေလိမ့်မည်။

လီတောက်ဟုန်သည် သူ့ဇာစ်မြစ်ကို အမြဲတမ်း လျှို့ဝှက်ထားခဲ့၏။ ထို့နောက်တွင်တော့ စုချန်းသည်လည်း သူ့ကဲ့သို့ပင် သူတောင်းစားအဖိုးကြီးတဦးနှင့် ဆုံခဲ့ရသည်ဟူသော အဖြစ်ကို လီတောက်ဟုန် သိလာရသည်။ ထို့ကြောင့် သူသည် စုချန်းနှင့် အမြဲတမ်း တွေ့ဆုံလိုခဲ့၏။ သို့သော် ဤအခြေအနေမျိုးတွင် စုချန်းနှင့် တွေ့ဆုံရလိမ့်မည်ဟုတော့ လီတောက်ဟုန် တစ်ခါမျှ မမျှော်လင့်ထားချေ။

"စုချန်း...စုချန်း ဟုတ်လား”

ညနေမင်း၊ ဟိုလီကင်းနှင့်အီနီဂိုတို့ကလည်း ပြိုင်တူအော်ဟစ်လိုက်ကြ၏။ စုချန်း၏ လက်ရှိကျော်ကြားမှုမှာ မသေးလှ။ သူသည် သွေးဗီဇမပါဘဲ လူသားများကို အလင်းတုန်ခါခြင်းနယ််ပယ်ထိ ဝင်ရောက်နိုင်မည့် နည်းလမ်းအသီးသီးကို ဖော်ထုတ်နိုင်ခဲ့သည့် လူသားမျိုးနွယ်၏ မဟာပညာရှိ ဖြစ်နေ၏။ ဤမျှ ထူးချွန်ပြောင်မြောက်လှသော လူတယောက်အကြောင်းကို သူတို့ မည်သို့မသိပဲ နေနိုင်မည်နည်း။

ကုန်ကုန်ပြောရလျင် မည်သည့်နည်းလမ်းနှင့် ဖြစ်စေ စုချန်းကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်တာဝန်ပေးအပ်ခံထားရသည့် လူပျံတော်တချို့ပင် ရှိနေခဲ့လေပြီ။ စုချန်းကို သတ်လိုက်ခြင်းသည် လူသားမျိုးစိတ်ကြီးတခုလုံး၏ အောင်မြင်ရေးလမ်းကြောင်းကို အဆုံးသတ်လိုက်သည်နှင့် အတူတူသာ။

ထိုမျှသာမကသေး လူပျံတော်များကဲ့သို့ပင် အတွေးပေါက်နေကြသည့် လူသားများလည်း ထပ်တူပင် ရှိနေ၏။ တကယ်တော့ လျောင်းယဲ့နိုင်ငံရှိ မှူးမတ်များကြားတွင် ထိုစိတ်ကူးစိတ်သန်းမျိုးကို ထုတ်ဖော်ပြောဆိုနေခဲ့သည်ပင် အချိန်အတော်ကြာခဲ့ပေပြီ။

လွန်ခဲ့သောနှစ်များစွာက ရှီကိုင်းဟွမ် ပြောခဲ့သလိုပင် တော်ဝင်မျိုးနွယ်စုများသည် စုချန်း၏ လုပ်ရပ်ကို အနည်းငယ်မျှ မနှစ်မြို့ကြချေ။ သို့သော် စုချန်း၏ လုပ်ရပ်ကို ဟန့်တားရန် သူတို့၏လုပ်ဆောင်ချက်များ ပို၍ လျှို့ဝှက်၏။ အကြောင်းမှာ တချို့လုပ်ဆောင်ချက်များကို သူတို့အနေနှင့် လူသိရှင်ကြား ဖော်ပြ၍ မရသောကြောင့်ပင်။

စုချန်း၏ မျက်နှာပေါ်တွင် လီတောက်ဟုန်၏ စကားကို ငြင်းဆန်သည့်အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရ။ ထိုကြောင့် လီတောက်ဟုန် ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သိသာနေခဲ့လေပြီ။

ထိုအခိုက်မှာပင် ညနေမင်း၏ ခေါင်းထဲတွင် စိတ်ကူးတခု ပေါ်ပေါက်လာ၏။

"ဒီတော့ မင်းက စုချန်းပေါ့လေ ကျုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေက မင်းကို ဘယ်လိုနည်းနဲ့မဆို သတ်ပစ်ဖို့ အမိန့်ပေးထားပြီးပြီ ဟေး အီနီဂို ဒီကောင့်ကိုရှင်းပစ်ဖို့ မင်းအနေနဲ့ ကျုပ်ကို ကူညီမယ်ဆိုရင် ဒီနယ်မြေထဲက ရတနာတွေကို ကျုပ် စွန့်လွှတ်လိုက်မယ် ပြီးတော့ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကိုလဲ လျစ်လျူရှုပေးလိုက်မယ်"

အီနီဂို ရယ်မောလိုက်၏။

“တော်တော်ရက်ရောတဲ့ အပေးအယူပါလား"

ညနေမင်း၏ ဆုံးဖြတ်ချက်မှာ မြန်ဆန်လှသည်။ သူအနေနဲ့ စုချန်းကို ရှင်းပစ်ရန် ဤနေရာရှိ လူပျံတော်တိုင်းနှင့် မဟာမိတ်ဖွဲ့ထားရန် သူ ဆုံးဖြတ်လိုက်၏။

အီနီဂိုကို ညှိုနှိုင်းပြီးနောက် ညနေမင်းက ဟိုလီကင်းဘက်သို့ လှည့်ပြောလိုက်ပြန်သည်။

"ဟိုလီကင်း စုချန်းဟာ ကျုပ်တို့လူပျံတော်တွေအတွက် ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာ မင်းလဲသိနေတာပဲ ဒါကြောင့် သူ့ကို သတ်နိုင်ဖို့က အရေးအကြီးဆုံးပဲ မင်းသာ ကူညီမယ်ဆိုရင် ကျုပ် ဒီထဲက ရတနာတမျိုး မင်းကို လက်လွှဲပေးမယ်”

ဟိုလီကင်း ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ"

တဖန် ညနေမင်းက လီတောက်ဟုန်ဘက်သို့ လှည့်လိုက်ပြန်သည်။ လီတောက်ဟုန်က သဘောပေါက်ဟန်ဖြင့် ရယ်မောလိုက်၏။

"ကျုပ် နားလည်ပါတယ်လေ ဒီခန်းမထဲမှာ ရတနာသုံးမျိုး ရှိတယ် ဒီတော့ ရတနာသုံးမျိုးကို တယောက်တမျိုးစီ ခွဲပြီးယူကြတာပေါ့"

အီနီဂို ရယ်မောလိုက်လေသည်။

"စုချန်း မင်းဟာ အရမ်းကောက်ကျစ်တယ် ဒါပေမယ့် မင်း တခုတော့ မှားသွားပြီ အဲဒါကတော့ မင်းဘယ်သူဘယ်ဝါမှန်း ကျုပ်တို့မသ်ိအောင် ဖုံးမထားနိုင်ခဲ့တာပဲ မဟုတ်ရင် မင်း ဒီကနေ အသက်ရှင်ရက် ထွက်သွားကောင်းထွက်သွားနေအုံးမှာ"

စုချန်း သက်ပြင်းချလိုက်၏။

"မင်းပြောတာ မှန်ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျုပ်ဟာ သရုပ်မှန်ကို မင်းတို့မသိအောင် ဖုံးမထားနိုင်ခဲ့ဘူး မဟုတ်ရင် မင်းတို့ထဲက တချို့ အသက်ရှင်လျက် ထွက်သွားကောင်းထွက်သွားနိုင်ခဲ့လိမ့်မယ် ဒါပေမယ့် အခုတော့ မင်းတို့အားလုံး ဒီနေရာမှာပဲ အသက်ပေးရတော့မယ်"

လူတိုင်းသည် စုချန်း၏ ရဲရင့်မှုကို အံ့အားသင့်သွားကုန်ကြပြီး ခေတ္တမျှ တုံ့ဆိုင်းကုန်ကြ၏။

အကယ်၍ စုချန်းသာ ထိုသို့မပြောခဲ့လျှင် လူတိုင်း သူ့ကို ချက်ချင်း တိုက်ခိုက်ကြပေလိမ့်မည်။ သို့သော် ယခုတော့ သူ ထိုသို့ပြောလိုက်၍ လူတိုင်း တုံ့ဆိုင်းကုန်ကြ၏။

စုချန်းတွင် မည်သို့သော လျှို့ဝှက်လက်နက်မျိုး ပြင်ဆင်ထားမည်ကို သူတို့ မည်သို့သိနိုင်မည်နည်း။ ရှေ့မှဦးဆောင်တိုက်ခိုက်သူသည် အခြားတစ်ဦး၏ဒိုင်းဖြစ်သွားမည်ဆိုလျှင် မည်သို့ရှိမည်နည်း။

လက်ရှိ ဤနေရာတွင် ရှိနေသူတိုင်းသည် စုချန်းကို သတ်ပစ်လိုစိတ် ရှိကြသည်မှာ အမှန်ပင်။ သို့သော် သူတို့အားလုံးသည် အဖွဲ့တဖွဲ့တည်းမှ မဟုတ်၍ ကိုယ့်အကျိုးအတွက်သာ ကိုယ်ကြည့်နေကြ၏။ ထိုအခါ အချင်းချင်း ကပ်တွက်ကုန်ကြသည်မှာ အံ့သြစရာမဟုတ်တော့ချေ။

လီတောက်ဟုန်က မခံချိမခံသာဖြစ်နေသော လေသံနှင့် ပြောလိုက်၏။

“စုချန်း မင်းမှာ လှည့်ကွက်တွေရှိနေသေးတယ်လို့ ကျုပ် မယုံဘူး”

ပါးစပ်ကသာ မယုံဟု ပြောလိုက်သော်လည်း လီတောက်ဟုန်၏ တကယ့်ရည်ရွယ်ချက်မှာကား လှည့်ကွက်များကျန်နေသေးပါက စောစောထုတ်ပြစေရန် စိတ်ကိုဆွပေးလိုက်ခြင်းပင်။

သို့သော် စုချန်းကတော့ လားလားမျှဂရုမစိုက်။

သူ ကောင်းကင်ကို မော့ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်၏။

“မင်းတို့ ယုံချင်ယုံ မယုံချင်နေ ကျုပ်အဖို့ကတော့ ဒီအချိန်ကို ကြိုတင်မျှော်တွေးပြီး အချိန်အကြာကြီးကတည်းက ကြိုတင်ပြင်ဆင်ထားတယ်”

ညနေမင်းနှင့် ကျန်လူများကလည်း မယုံကြည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ကြ၏။ ထိုစဥ် ဟိုလီကင်းက ပြောလိုက်ပြန်သည်။

“ဒီကောင့်မှာ ဘာအစီအစဥ်မှ မရှိဘူးလို့ ကျုပ် ထင်တယ် ဒီကောင် လိမ်လည်လှည့်ဖြားပြီး ကျုပ်တို့ကို ဖြဲခြောက်နေတာ”

“ဒါဆို မင်း ဘာလို့ အရင်သွားမစမ်းတာလဲ”

အီနီဂို ရယ်မောရင်း ဟိုလီကင်း၏ စိတ်ကို ဆွပေးလိုက်သည်။

သို့သော် ဟိုလီကင်းကလည်း လူမိုက်တော့မဟုတ်ချေ။ သူက ရယ်မောရင်း ပြန်ပြောလိုက်၏။

“ကျုပ်က ဒီအထဲမှာ အားအနည်းဆုံးသူပဲလေ ဒီတော့ ကျုပ် စမ်းကြည့်လို့ ဘာမှစိတ်ဝင်စားစရာမရှိလောက်ဘူး ဒါပေမယ့် ခင်ဗျား အရင်ဆုံးပွဲထွက်လိုက်ရင်တော့ ဒါက ပညာရှိအချင်းချင်းကြားက တိုက်ပွဲမျိုး ဖြစ်လာလိမ့်မယ် အဲဒါမျိုးကမှ စိတ်ဝင်စားစရာကောင်းတာမဟုတ်ဘူးလားဗျ"

ညနေမင်းကလည်း ခပ်တည်တည်ပင် ဟိုလီကင်းကို ထောက်ခံလိုက်သည်။

"အဲဒါ မှန်တယ် ပညာရှိအချင်းချင်းကြားတိုက်ပွဲကမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ"

လီတောက်ဟုန်ကလည်း ဝင်ရောက်ထောက်ခံလိုက်ပြန်သည်။

"ဟုတ်တယ်ဗျို့ အဲဒီလိုသာဆိုရင် အတော်လေးကို စိတ်ဝင်စားစရာကောင်းသွားမှာ သေချာသလောက်ပဲ"

ယခုတော့ သူတို့သုံးဦးက အုပ်စုဖွဲ့ပြီး အီနီဂိုကို မြှောက်ပင့်ထိုးကော်လုပ်နေကြလေသည်။

သို့သော် အီနီဂိုကလည်း ဂရုမစိုက်ချေ။

“မင်းတို့က ကျုပ်ကို အရင်ဆုံးပွဲထွက်အောင် မြှောက်ပင့်ထိုးကော်လုပ်နေကြတာလား"

ညနေမင်း ပြုံးလိုက်၏။

“ကျုပ်တို့ကိုယ်စား အရင်ဆုံး လှုပ်ရှားပေးဖို့ တောင်းဆိုရုံပါပဲ အဓိပ္ပါယ်ကတော့ ခင်ဗျား ကြိုက်သလို ဖွင့်နိုင်တယ်"

အီနီဂိုက ပြန်ပြောလိုက်ပြန်သည်။

"ကြည့်ရသလောက် ကျုပ် ရှေ့ကိုမဲနေတုန်း နောက်ကျောကနေ ဓားနဲ့ထိုးဖို့ မင်းတို့ ကြံစည်နေပုံရတယ်”

လီတောက်ဟုန် မျက်မှောင်ကုတ်ပြီး စကားစရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် စုချန်းက စကားဖြတ်ပြောလိုက်၏။

"မင်းတို့ ရန်ဖြစ်လို့ ပြီးကြပြီလား ပြီးရင်လဲ ဝင်လာခဲ့တော့ ကျုပ် စောင့်နေတာ အတော်လေးကြာသွားပြီ"

စုချန်း၏ စကားက သူ့ကို ရန်သူများ အာရုံစိုက်လာအောင် လုပ်လိုက်သည့်သဘောကိုဆောင်နေ၍ လူတိုင်း အံ့သြသင့်သွား၏။

စုချန်းတွင် တကယ်ကြီး အရန်အစီအစဉ် ရှိနေခဲ့လေသလား...

လီတောက်ဟုန်၏ စိတ်ထဲတွင် သံသယစိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။ သို့သော် သံသယဝင်တိုင်း ကြောက်ပြလျင် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်မှာပင် ညနေမင်း၏ဘုန်းတော်ကြီး၊ အီနီဂို၏ ဒုတိယဌာနမှူး၊ ဟိုလီကင်း၏ အဌမလက်စွပ်အဆင့်အာကင်နာပညာရှင်နှင့် လီတောက်ဟုန်၏ စိတ်ကူးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တို့က ပြိုင်တူလှုပ်ရှားရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် အီနီဂို၏ နောက်ကျောဆီမှ ကြီးမားသော စွမ်းအင်လှိုင်းကြီးတလှိုင်း ပေါ်လာပြီး သူ့အပေါ်သို့ ရိုက်ချလာ၏။ ရိုက်ချက်မှာ မြန်ဆန်သည်နှင့်အမျှ အားကောင်းလှပေသည်။

အီနီဂို အကြီးအကျယ် အံ့အားသင့်သွား၏။ ဘယ်ရန်သူက သူ့နောက်ကျောသို့ ဘယ်အချိန်တွင် ရောက်လာခဲ့လေသနည်း။

သို့သော် သူက ကံကောင်းထောက်မစွာပင် အကာအကွယ်တခုကို မြန်မြန်ဆန်ဆန်ပင် ဖော်ထုတ်နိုင်လိုက်၏။ မွေးရာပါအာကင်နာနည်းစနစ်တခုဖြစ်၍ ဤမျှ မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခြင်းပင်။

ထိုနောက်တွင်တော့ အလင်းတန်းတခုသည် ချက်ချင်းဆိုသလိုပင် သူ့ကျောဆီသို့ တိုးဝင်ပေါက်ကွဲသွားပြီး အလင်းရောင်များ အဆက်မပြတ် ဖြာထွက်သွား၏။ သို့သော် လက်တဖက်သည် အီနီဂို၏ အတားအဆီးကို ဖြတ်ကျော်ပြီး သူ့ရင်ဘတ်ကို ရိုက်ချလိုက်တော့သည်။ တချိန်တည်းမှာပင် အီနီဂို၏ ပုံရိပ်သည်လည်း လှစ်ခနဲ ပျောက်ကွယ်သွားပြီး အဝေးတွင် ပြန်ပေါ်လာ၏။

အီနီဂို၏ မျက်နှာမှာ အတော်လေး ဖြူလျော်နေ၍ ဒဏ်ရာရရှိသွားမှန်း မြင်သာနေသည်။

သိပ်မကြာမီ အီနီဂို ပျောက်ကွယ်သွားသည့်နေရာတွင် လူတဦး ပေါ်လာ၏။ ထိုလူ၏ဆံပင်မှာ တခေါင်းလုံး ဖြူဖွေးနေသော်လည်း ကိုယ်ဟန်မှာ ပေါ့ပါးသွက်လက်လှပေသည်။ ထိုလူသည် အီနီဂိုကို ပြုံးလျက်သား စိုက်ကြည့်နေ၏။

“မင်းက ဘယ်သူလဲ”

အီနီဂို ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

“ကျုပ်နာမည် ကျူးချန်းဟွမ်လို့ခေါ်တယ်"

ကျူချန်းဟွမ်က အီနီဂိုအား အရိုအသေပြုရင်း အောက်ပါအတိုင်း ပြောလိုက်၏။

“ခင်ဗျားကို အလစ်အငိုက်တိုက်ခိုက်ဖို့က တကယ်တော့ ကျုပ်ရည်ရွယ်ချက်မဟုတ်ဘူး ဒါကြောင့် ကျုပ် တော်တော် ကိုပဲ ရှက်မိပါတယ် ခင်ဗျား ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ"

***

All Chapters