အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း၁၈၁-အထွတ်အထိပ် ဓားစိတ်ဆန္ဒ....
~ကျန်းရူယွီသည် ထိုသို့ပြောဆိုနေသည့် အခိုက်မှာ နောက်ကျောကလေး အေးစက်သွားပြီး ဇက်ပုသွားရသည်။
လျိုနင်ရွှမ်းက သူမ၏ ခေါက်ဆွဲစားနေသော တူကို အောက်သို့ ချလိုက်ပြီး
"ရူယွီ၊ နင် ဒီလို လက်လွတ်စပယ် မပြောရဘူး" ဟု ပြောလာသည်ကို သူမ မြင်လိုက်ရပါတော့သည်။
ကျန်းရူယွီက ရှက်ရွံ့စွာ ရယ်မောရင်း
"ခစ်ခစ်ခစ် ၊ အလကား နောက်တာပါ.. မောင်လေးရီက နင့်ရဲ့ ဂျုနီယာလေ၊ ငါ သူ့ကို ဘယ်လို ခိုးယူရဲမှာလဲ"
ထို့နောက် သူမသည် လုရီကို ကြည့်ပြီး ပြုံးကာ
"နင်ရွှမ်းနဲ့ ငါက ညီအစ်မတွေလို ရင်းနှီးကြတယ်.. မောင်လေးရီ..နင်က နင်ရွှမ်းရဲ့
ဂျူနီယာ မောင်လေးဆိုတော့ အခုက စပြီး ငါ့ရဲ့ဂျူနီယာ မောင်လေးလည်း ဖြစ်သွားပြီနော်.."
လုရီခမျာ မည်သို့ ပြန်လည် ပြောဆိုရမှန်း
မသိဘဲ စကားများ ဆုံးရှုံးနေရသည်။ ပြုံးရုံသာ တုံ့ပြန်နိုင်ခဲ့သည်။
ထိုအချိန်တွင် ကျန်းရူယွီက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ပြောဆို
လာ၏။
"စကားမစပ် မောင်လေးရီ။ ငါတို့နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေးကို သုံးနှစ်အတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး အရှေ့ ဒေသတခွင်က ဓားသမား အားလုံးကို ဓားတာအိုအကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်။ ဒီပွဲက အရှေ့ ဒေသမှာ ရှိတဲ့ ဓားသိုင်းသမားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ စုဝေးမှုပဲ.. နင့်ရဲ့ဓားတာအို အရည်အချင်းနဲ့ ဓားတာအို အစည်းအဝေးကို တက်ရင် သေချာပေါက် ကြီးကြီးကျယ်ကျယ်အကျိုးအမြတ်ရလိမ့်မယ်... နင့်အစ်မတစ်ယောက်အနေနဲ့ ငါက တစ်စုံတစ်ယောက်ကို တိုက်ရိုက် ဖိတ်ကြားခွင့်ရှိတယ်၊ ရော့.. ဒီမှာ..ဒါက ဓားတာအိုအမိန့်ပဲ..ဒီအမိန့်နဲ့ နင်နတ်ဓားဂိုဏ်းကို လာပြီး ဓားတာအို အစည်းအဝေးမှာ ပါဝင်နိုင်တယ်။"
ပြောပြောဆိုဆိုနှင့် ကျန်းရူယွီသည် အနက်ရောင်ဓားပုံသဏ္ဍာန် တံဆိပ်ပြားတစ်ခုကို လေထဲမှ ထုတ်ယူခဲ့သည်။
ဓားပုံသဏ္ဍာန် တံဆိပ်ပြားသည် သေးငယ်သော်လည်း လုရီပင် ရှိန်ရလောက်အောင် အစွမ်းထက်ပြီး လေးနက်သော ဓားစိတ်ဆန္ဒ တစ်ခု ဖျော့တော့စွာ ကိန်းဝပ်နေသည် ။
သူက ဓားပုံသဏ္ဍာန် တံဆိပ်ပြားကို
မသေချာ..မရေရာသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ
"ဒီ..ဓားစိတ်ဆန္ဒက ..."
သူ၏ ရေရွတ်လိုက်သော စကားကြောင့် ကျန်းရူယွီမှာ ထိတ်လန့်သွားပြီး လုရီကို
တအံ့တသြ ကြည့်ရင်း
"နင် ဒီထဲက .. ဓားစိတ်ဆန္ဒကို ..တကယ် အာရုံခံနိုင်တာလား"
ထို့နောက် သူမက ကြည်လင်စွာ ရယ်မောကာ
"နင့်ရဲ့ဓားတာအို နယ်ပယ်က ငါထင်ထားတာထက် ပိုမြင့်နေပုံရတယ်။ ဒီဓား တာအို အမိန့်ကို ဆရာကြိီးကိုယ်တိုင် ထုတ်ထားတာလေ.. သူ့ကိုယ်ပိုင်ဓားတာအို အနှစ်သာရရဲ့ အရိပ်အမြွက် ကိ န်းအောင်းနေတယ်။ ကိုးဆယ်ရာခိုင်နှုန်းကျော် ဓားစိတ်ဆန္ဒ ပိုင်ဆိုင်တဲ့ ဓားသမားကသာ
ဒီဓားစိတ်ဆန္ဒကို ခြေရာခံနိုင်တယ်။"
" ဆရာကြိီးဟာ အဓိပတိဓားနယ်ပယ်ကို နားလည်သဘောပေါက်ထားတဲ့ ပြိုင်စံရှားဓားသမားတစ်ယောက်ပဲ...ကောင်းကင်ဘုံဒုက္ခဖြတ်ကျော်ပြီး အထက်ဘုံကို တက်ဖို့ ခြေလှမ်း တစ်ဝက်ပဲ လိုတော့တယ်..." ဟု သူမက ထပ်လောင်းပြောသည်။
ဒါကို ကြားတော့ အလွန်အံ့အားသင့်မှုနှင့်အတူ လုရီ၏ ခန့်ညားသော မျက်ခုံးအစုံက မြောက်တက်သွားပြီး
"ကောင်းကင်တာအိုဓားကို ကိုင်စွဲပြီးကောင်းကင်မိစ္ဆာတွေကို နှိမ်နင်းခဲ့တဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဒဏ္ဍာရီလာ ရှေ့ဆောင် ဓားဂုရုကြီးလား..အစ်မရူယွီ..."
သူ့စကားကြောင့် ကျန်းရူယွီက ပြုံးလိုက်ပြီး
"အတိအကျပဲ.. အဲ့ဒီဆရာကြီးပဲ"
လုရီသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ဓားတာအိုအမိန့်အတွင်း သိုဝှက်ထားသော ဓားစိတ်ဆန္ဒကို လေးလေးနက်နက် စူးစိုက်ကြည့်ရင်း ရေရွတ်လိုက်တော့သည်။
"ဒါက မထူးဆန်းတော့ပါဘူးလေ..."
ပြောင်မြောက်လှသော ဓားသမားတစ်ယောက် ချန်ရစ်ခဲ့သော လေးနက်သည့် ဓားစိတ်ဆန္ဒက..သူ့အား တုန်လှုပ်စေသည်မှာ အံ့သြစရာ မဟုတ်ပေ။
လုရီ ခဏလောက် သူဦးနှောက်ကို အလုပ် ပေးလိုက်၏။
သူ၏လက်ရှိ ဓားတာအိုနယ်ပယ်သည် ပြီးပြည့်စုံခြင်း အဆင့် ဓားစိတ်ဆန္ဒကို ရရှိရန် လက်သန်းတစ်ထောက်မျှသာ လိုတော့သည်။ အဟန့်အတား၌ ရောက်ရှိနေလေပြီ။
သို့သော် ပြီးပြည့်စုံခြင်းအဆင့် ဓားစိတ်ဆန္ဒကိုရရှိပြီးနောက်၊ တစ်ဦးတစ်ယောက်သည် ဒဏ္ဍာရီဓားပိုင်နက်သို့ ဝင်ရောက်ရန် အထူးအခွင့်အရေး လိုအပ်နေသေးသည်။
..ကြည့်ရတာ ဒီဓားတာအို အစည်းအဝေးက ငါ့ကို တိုးတက်မှုတချို့ ပေးစွမ်းနိုင်မလား။
ထိုသို့ တွေးတောပြီးနောက် သူသည် တိတ်တဆိတ် ကြွေးကြော်လိုက်ပါ၏။
...ငါ..နတ်ဓားဂိုဏ်းရဲ့ဓားတာအို အစည်းအဝေးကို တက်ရောက်ရမယ်...
[အလုပ်]
ဓားတာအို အစည်းအဝေးကို တက်ရောက်ပါ။
ဆုကြေး- ဓားနှလုံးသား သစ်သီး တစ်လုံး၊
'နွေဦးဝါနဲ့ ကောင်းကင်ပြာ'[ဟင်းဟင်းပြင်ဥမင် ဓားသိုင်း]
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
ပေးအပ်သော ဆုကြေးကို မြင်သောအခါ လုရီ စိတ်ထဲတွင် တုန်လှုပ်သွားပြီး အလွန်
ပိီတိဖြာသွားသည်။
ဓားနှလုံးသား သစ်သီး။
ဓားနှလုံးသား သစ်သီးဆိုသည်မှာ
ဒဏ္ဍာရီလာ ဓား တာအို မြင့်မြတ် သစ်သီး ဖြစ်သည်။
ဓားနှလုံးသားသစ်သီးကို စားသုံးခြင်းသည် ဓားနှလုံးသားတစ်ခု မွေးဖွားလာခြင်းနှင့် အလားသဏ္ဍာန် တူပြီး ဓားတာအိုအား နေ့စဉ်နားလည်နိုင်စွမ်းကို လွန်စွာတိုးတက်စေပြီး အလွန်အမင်း ထက်သန်သော ဓား ပါရမီရှင်အဖြစ်သို့ ပြောင်းလဲသွားကြောင်း ဒဏ္ဍာရီများအရ လေ့လာမှတ်သားရပါသည်။
ရှေးဟောင်း မှတ်တမ်းမှတ်ရာများတွင်ပင်၊ငယ်ရွယ်စဉ်က ဓားနှလုံးသား သစ်သီးကို စားသုံးခဲ့သော ကြီးမြတ်သည့် ဓားသမား သည် နောက်ဆုံးတွင် သူ၏ ဓားပိုင်နက်ကို ပေါင်းစည်း၍ ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ကာ မသေမျိုး တစ်ပါးအဖြစ် အထက်ဘုံသို့ တက်လှမ်းသွားသည်
ဟူသည့် ဒဏ္ဍာရီများပင် ရှိခဲ့ချေသည်။
ဓားနှလုံးသား သစ်သီး တစ်လုံးသည် မြင့်မြတ်သော ဓားနှလုံးသားကို ဖန်တီးနိုင်သည် မဟုတ်ပါလော....။
ဤသည်မှာ ထျန်းမင် ဓားသမားများသည် ဓားနှလုံးသား သစ်သီးမှ အရူးအမူး မျှော်လင့်တောင့်တကြသည့်
အရာ ဖြစ်ချေသည်။
ကံမကောင်းစွာပင်.. ဓားနှလုံးသားသစ်သီး များသည် အမြစ်ကင်းစင်ပြီး ပျံ့လွင့်ခြင်းမရှိနေပေ။ ရှေးခေတ်တွင်ပင် ရှားပါးပြီး
ဓားသမား တစ်ဦးတစ်လေသာ ရရှိဖူးပါသည်။ယခုလို..ဓားတာအို အစည်းအဝေး တစ်ခုတည်းမှာ ပါဝင်ရုံနှင့် ဤဆုမျိုး ရလိမ့်မည်ဟု လုရီ တစ်ယောက် တစ်စွန်းတစ်စမျှပင် မမျှော်မှန်းထားခဲ့ပါ။
ထို့အပြင် ၎င်းနှင့် ထပ်တူထပ်မျှ အဖိုးတန်လှသော ဟင်းလင်းပြင် ဥမင် အဆင့်အစွမ်းထက် ဓားသိုင်းလည်း ရှိသေးသည်။
တစ်စက္ကန့်မျှ မတွေးဘဲ လုရီ ထိုအလုပ်ကို လက်ခံလိုက်သည်။
...အဟားဟား။ ဓားတာအို အစည်းအဝေး...အဲ့ဒီကို ကျိန်းသေသွားရမှာပေါ့.. ကြီးမြတ်တဲ့ ဓားသမားတွေ ဓားတာအို ဆွေးနွေးတာကို နားထောင်တာက ထိုးထွင်းသိမြင်မှုအချို့ကို ပေးစွမ်းနိုင်ပြီး ငါ့ရဲ့ဓား တာအိုကို ပိုအားကောင်းတဲ့ နယ်ပယ်ကို ခုန်တက်ဖို့ ကူညီပေးနိုင်တယ်...
ထို့အပြင် သူ လုပ်ချင်သည့် နောက်ထပ်အလုပ် တစ်ခုကတော့...။
နောက်ဆုံးတွင်၊ သူ၏မသေမျိုးဓားကျမ်းသည် အခြေတည် ဝိညာဉ်နယ်ပယ်အထိသာ လေ့ကျင့်နိုင်သည်။ သူသည် ယခုအခါ၌ ရွှေအူတိုင် နယ်ပယ်တွင် လေ့ကျင့်နေပြီးပြီ ဖြစ်သည်။ အချိန်အတန်ကြာသောအခါတွင်၊ သူသည် အခြေတည် ဝိညာဉ်နယ်ပယ်သို့ ဖြတ်ကျော်ရမည်သာ ဖြစ်သည်။ ထိုအချိန်မှာ နောက်ဆက်တွဲ ကျင့်ကြံနည်းစနစ် မရှိနေပါလျှင် သူ့အတွက် အနည်းငယ် ပြသနာ တက်ချေရော့မည်။
မသေမျိုး ဓားမျိုးစေ့သည် ဖန်သားရောင် ရွှေအူတိုင်၏ အပြင်ဘက်တွင် လွင့် မျောနေပြီး ဝိညာဉ်စွမ်းအားရင်းမြစ်ကို အစားထိုးခြင်း မရှိသော်လည်း သီအိုရီအရ ပြောရလျှင် လေ့ကျင့်ရန် အခြားသော သိုင်းသို့ ပြောင်းရန်မှာ ခက်ခဲမည် မဟုတ်ပါ။ သို့ဖြစ်စေကာမူ မသေမျိုး ဓားကျမ်း၏ စွမ်းအားသည် အလွန် ကြီးမားလှသည် မဟုတ်ပါလော။ လုရီသည် ချက်ချင်း ပြောင်းလဲရန်အလို့ငှာ အစီအစဉ် မရှိသေးပါပေ။
အခြားမသေမျိုး သိုင်းကျမ်း မရှိလျှင် လဲလှယ်ရန် မသင့်လှပါ။အကယ်၍ သူသည် ဓားတာအို အစည်းအဝေး သို့သွား၍ အခြားသော အရှေ့ဒေသ ဓားသမားများနှင့် တွေ့ဆုံမှုမှ တဆင့်.. မသေမျိုး ဓားကျမ်းနှင့် ပတ်သက်သော သဲလွန်စကလေး.. ရရှိခဲ့လျှင်မူ...။
ထိုအတွေးတစ်ချက်နှင့်အတူ လုရီ၏ ချောမောခန့်ညားသော မျက်နှာဝယ်..အပြုံးတစ်ခု ဖြစ်တည်သွားကာ
"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါပဲဗျာ.. အစ်မ
ရူယွီ"
သူက လက်လှမ်းပြီး ကျန်းရူယွီ ကမ်းလာသည့် တာအို ဓားအမိန့်ကို ယူလိုက်လေ၏။
ထိုအခိုက်အတန့်၌...
"ငါ့ကို စီနီယာ အစ်မလို့ ခေါ်သင့်တယ်"
ကျန်းရူယွီသည် လုရီ၏ မျက်နှာကို လိမ်ဆွဲလိုက်ပြီး ရယ်လိုက်လေသည်။
လုရီသည် အရှုံးပေးကာ
" စီနီယာ အစ်မရူယွီ" ဟု ခေါ်လိုက်ပါတော့သည်။
ထိုအချိန်တွင် လျိုနင်ရွှမ်းက
" ရူယွီ.. ပြန်ကြစို့" ဟု
တိုးသက်စွာ ပြောလာသည်။
"အာ..ငါ စားလို့ မပြီးသေးဘူး"
ကျန်းရူယွီက လန့်ဖျပ်သွားပြီး အနည်းငယ်တုံ့ဆိုင်းသွားသည်။
လျိုနင်ရွှမ်းက သူမကို ကြည့်ကာ
"ဂျူနီယာ မောင်လေးက လေ့ကျင့်ဖို့ လိုနေသေးတယ်၊ နင် သူ့ကို မနှောင့်ယှက်သင့်ဘူးလေ" ဟု သတိပေးလာသည်။
ထိုစကားကို ကြားသောအခါ ကျန်းရူယွီ လုရီကို စူးစိုက်ကြည့်ရင်း
"ဟုတ်ပါပြီ" ဟု တုံ့ဆိုင်းစွာ သဘောတူလိုက်ပါတော့သည်။
သူမတို့ နှစ်ယောက်သား မတ်တပ်ထရပ်ကာ ဂူအိမ်ကြီး၏ တံခါးဆီသို့ လျှောက်သွားကြသည်။ လုရီသည် လျိုနင်ရွှမ်း၏ အေးဆေးတည်ငြိမ်သောအသံ ပျံလွင့်လာသည်ကို ကြားလိုက်ရပါသည်။
"အချိန်ကျရင် ငါ..ဂျူနီယာ မောင်လေးနဲ့ ဓားတာအိုအစည်းအဝေးကို လာခဲ့မယ်။"
ထိုအခါ ကျန်းရူယွီ၏ ကြည်လင်သော အသံတွင် အနည်းငယ်ရှုပ်ထွေးမှုတို့ ရောစွက်လာသည်။
"နင်ရွှမ်း၊ နင် ဓားသမားမဟုတ်ဘူး လေ၊ ဘာလို့ လာမှာလဲ။"
လျိုနင်ရွှမ်း၏ အေးစက်သောအသံက "လမ်းလျှောက်ဖို့ပဲ" ဟု တုံ့ပြန်လာသည်။
"ကောင်းပြီလေ။"
နှစ်ယောက်သား စကားစမြည် ပြောကြရင်း စကားသံများက အဝေးသို့ လွင့်ပျံ၍ တဖြည်းဖြည်း ပျောက်ဆုံးသွားပါတော့သည်။
လုရီသည် စားသောက်ပွဲမှ ပစ္စည်းများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်ပါသည်။
ထို့နောက် သူ့အား ကျန်းရူယွီ ပေးထားသည့် ဓားတာအို အမိန့်ကို ဆန်းစစ်ကာ အလွန်အမင်း ပြင်းပြသော ဓားစိတ်ဆန္ဒကို အာရုံခံလိုက်သည်။ အလေးအနက် တွေးတောရင်း သူ့မျက်လုံးအစုံ တုန်လှုပ်သွားခဲ့သည်။
ဤဓားစိတ်ဆန္ဒမှာ မထင်မှတ်လောက်အောင် အစွမ်းထက်သော ဓားသမားတစ်ဦးမှ ချန်ရစ်ခဲ့သည် မဟုတ်ပါလော။
..ဒီဓားစိတ်ဆန္ဒကို သူနားလည်နိုင်ရင် သူသည် တိုးတက်လာနိုင်ပါ့မလား။...
ဤအတွေးဖြင့် လုရီ စိတ်လှုပ်ရှားသွားပြီး သူ၏ ကျင့်ကြံခန်းသို့ အမြန်ပြန်သွားခဲ့သည်။
ကျန်းရူယွီနှင့် သူ၏ မကြာသေးမီက လေ့ကျင့်တိုက်ခိုက်မှုမှ ဆုကြေးများကို ပထမဆုံး ထုတ်ယူလိုက်ပါသည်။
သူ့စိတ်ထဲတွင် ဓားမျှင်များ ပေါင်းစပ်ကာ သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒအား တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။
ဤတိုးတက်မှုနှုန်းက အမှန်ပင် အံ့အားသင့်စရာ ဖြစ်ပါသည်။ ၎င်းသည် အလွန်လျင်မြန်သည် မဟုတ်သော်လည်း သူသည် အကြီးအကဲမင်နှင့် ဓားစွမ်းရည်အကြောင်း ဆွေးနွေးခဲ့စဥ် အချိန်ကထက် ပိုမြန်သည်။
...ဒါက.. ကျန်းရူယွီရဲ့ ဓားပါရမီက အကြီးအကဲမင်ထက် ပိုမြင့်မားနေတာ ဖြစ်နိုင်မလား။...
အကြောင်းမူကား...ကျန်းရူယွီမှာ အခြေတည်ဝိညာဥ်နယ်ပယ်၌ ရှိစဉ်တွင်ပင် သူမ ဓားစိတ်ဆန္ဒကို ရှစ်ဆယ်ရာခိုင်နှုန်းမြှင့်တင်ခဲ့ပြီး တာအို မြင့်မြတ်နယ်မြေ.. နတ်ဓားဂိုဏ်း၏ အဖိုးတန် ဓားပညာရှင်လေး ဖြစ်လာလေခြင်းပင်။
အကယ်၍ ဤအရှိန်အဟုန်အတိုင်းသာ ဆက်သွားပါက၊ ကျန်းရူယွီ နှင့် များများလေ့ကျင့်ခြင်းဖြင့် သူ၏ဓားစိတ်ဆန္ဒကို ပြီးပြည့်စုံမှုအထိ မြှင့်တင်နိုင်မည်ဖြစ်သည်။
ဓားစိတ်ဆန္ဒမြက်ပင်အတွက်မူ..
လုရီက သူ့အတွက် သိပ်အသုံးမဝင်တော့သည့်အတွက် သူကိုယ်တိုင် မသုံးတော့မည် ဖြစ်သောကြောင့် ယခု သိမ်းထားလိုက်ပါ တော့သည်။
ထို့နောက် လုရီသည် ဥာဏ်အလင်းလက်ဖက်ခြောက်ရွက်ကိုထုတ်ကာ ဥာဏ်အလင်း လက်ဖက်ရည် တစ်အိုး ကျိုချက်လိုက်ပါတော့၏။ဉာဏ်အလင်း လက်ဖက်ရည် သောက်ရင်း ဓားတာအိုအမိန့်တွင် ထွင်းထိုးထားသော ဓားစိတ်ဆန္ဒကို စတင်နားလည်ရန် ကြိုးစားလိုက်ပါတော့သည်။
-------------
အခန်း၁၈၂- လက်တစ်ချောင်းတည်းနဲ့ မက်မွန် မြေကို ဖန်တီး...
~လုရီ၏ မျက်ခုံးအစုံမှ ရွှေရောင် ဖြာထွက် နေပြီး သူ၏ ဝိညာဉ်စွမ်းအားများအား လည်ပတ်စေကာ ဓားတာအို အမိန့်ကို စူးစမ်း၍ မြင့်မြတ်သော ဓားစိတ်ဆန္ဒကို အာရုံခံလိုက်သည်။
ချွင်..
ကြည်လင်ပြတ်သားသော ဓားတစ်လက်၏ အသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်အာဏာစက်ကဲ့သို့ မမျှော်မှန်းနိုင်သော စွမ်းအားရှိသည့် ဓားစိတ်ဆန္ဒ
ပါဝင်သော ဓားအလင်းတန်းတစ်ခု ယှက်ဖြာလာသည်ကို ခံစားလိုက်ရသည်။
တွန်းလှန်ရန် သူ၏ ကိုယ်ပိုင်ဓားစိတ်ဆန္ဒကို ဆင့်ခေါ်ကာ ဤဓားစိတ်ဆန္ဒအား
ရှေ့မတိုးနောက်မဆုတ်သာဘဲ ပိတ်လှောင်လိုက်သည်။
ဤဓားစိတ်ဆန္ဒမှာ သူ့ဓားစိတ်ဆန္ဒနှင့် မတူပါ။ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိဘဲ ထက်ရှမှုမှာ ကန့်သတ်ထားသည်။
လုရီမှာ ဤဓားစိတ်ဆန္ဒ၌ ကိန်းဝပ်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ရိပ်မိပြီး သူ့စိတ်ထဲတွင် အနည်းငယ် မှင်သက်သွားပါတော့၏။
ဤဓားစိတ်ဆန္ဒမှာ အံ့ဩစရာကောင်းလောက်အောင် ထက်မြက်သော ဓားဂုရုကြီးက နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်း ဖြစ်ပါသလား။ဓားစိတ်ဆန္ဒကို အခြားသူများ နားလည်ရန် ချန်ထားခဲ့ပါသလား။
ဓားတာအို အစည်းအဝေး မှ ထုတ်ပြန်သော ဓားတာအို အမိန့်အား ရရှိသည့် ထူးချွန်ထက်မြက်သည့် ဓားသမားသည် အတွင်းမှ ဓားစိတ်ဆန္ဒကို ဆင်ခြင်နိုင်သည်။ ၎င်းသည် အရှေ့ဒေသ၏ ဓားသမား အားလုံးအတွက် ဓားဂုရုကြီးထံမှ လက်ဆောင်တစ်ခု ဖြစ်သည်။
လုရီသည် မနေသာဘဲ ထိုဆရာကြီးအား အထင်ကြီးလေးစားမိပါတော့သည်။
ဤဆရာကြီးသည် ကြီးမြတ်ပြီး ဖြောင့်မတ်လှသည်။
လုရီ သူ၏ စိတ်ဝိဉာဥ်ကို အာရုံစူးစိုက်ထားပြီး ဤကြီးမားလှသော ဓားစိတ်ဆန္ဒကို အပြည့်အဝ လေ့လာကာ ၎င်းကို သူ့ဓား တာအိုနှင့် နှိုင်းယှဉ်၍ ကိုးကားပြီး သူ့အားနည်းချက်များကို ပြင်ဆင်ခဲ့သည်။
ဉာဏ်အလင်း လက်ဖက်ရည်ကို သောက်ပြီးနောက် သူ၏ နားလည်နိုင်စွမ်းသည် တစ်ရက်အတွင်း သိသိသာသာ အားကောင်းလာပြီး ရုတ်ချည်း ဉာဏ်အလင်း ရခြင်းနှင့် မတူသော်လည်း ၎င်းသည် အလွန် အစွမ်းထက်ဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုရီ၏ ကိုယ်ခန္ဓာအတွင်းရှိ ဒန်တျန် အတွင်းရှိ မြူထုများသည် နှင်းဆီရောင် တိမ်တိုက်များကဲ့သို့ လိပ်တက်လာကာ၊ ရွှေအူတိုင်သည် သက်တန့် အလင်းဖြင့် ရွှန်းလဲ့လာ၏။ တာအို ပုံစံများကို ဖျော့တော့စွာ မြင်လာရပြီး ရိုက်ခတ်နေသော တာအို တေးသံသည် သူ့အား တာအိုနှင့် သဟဇာတ ဖြစ်ကာ ၎င်းအား အလွယ်တကူ နားလည်နိုင်စေပါသည်။
သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လုရီသည် ဤကြီးမားလှသော ဓားစိတ်ဆန္ဒတွင် နှစ်မြုပ်သွားခဲ့သည်။
ဓားစိတ်ဆန္ဒဟူသည်မှာ...အဘယ်အရာလဲ။
ပါရမီ ထူးသော ဓားသမားတိုင်းသည်
သူတို့၏ ကိုယ်ပိုင်ဥာဏ် ရှိကြပြီး အခြေခံအကျဆုံးနားလည်မှုကို အားလုံးကအသိအမှတ်ပြုသည်။
ဆိုလိုသည်မှာ ဓားစိတ်ဆန္ဒ၏ သဘောတရားသည် ကောင်းကင်နှင့် မြေကြီး တာအို၏ အထင်ရှားဆုံး ဖော်ပြချက် ဖြစ်သည်။ ဤသဘောတရားကို ကျွမ်းကျွမ်းကျင်ကျင် သိရုံမျှဖြင့်သာ ပိုင်နက်ကို နားလည်သဘောပေါက်နိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို မိမိကိုယ်တိုင်အတွက် စုစည်းနိုင်မည်ဖြစ်သည်။
သို့သော် ဤအခြေခံအုတ်မြစ်ကို အခြေခံ၍ လူတိုင်း၏ ဓားစိတ်ဆန္ဒကို နားလည်ပုံချင်း မတူညီပါ။
အကြီးအကဲမင် နှင့် ဓားတာအို ဆွေးနွေးမှုတွင် လုရီက ဓားတာအို အကြောင်းကို သူ့ကိုယ်ပိုင် နားလည်သဘောပေါက်ခဲ့ပြီး ယခု ကြီးမားကျယ်ပြန့်သော ဓားစိတ်ဆန္ဒတွင် သူသည် ထိုးထွင်းသိမြင်မှု အသစ်များကို ရရှိခဲ့၏။ ဓားကို ကိုင်စွဲသူသည် မိမိစိတ်အခြေအနေကို နိုင်နင်း၏။ ဓားကို ကျင့်ကြံခြင်းသည် နှလုံးသားကို ကျင့်ကြံခြင်းလည်း ဖြစ်ချေသည်တကား။
'ဓားသမား၏စိတ်ဆန္ဒ' သည် 'ဓားစိတ်ဆန္ဒ'၊ 'ဓားသမား၏ နှလုံးသား' သည် 'ဓားနှလုံးသား' ဟူ၍ ဆိုကြလေသည်။
မသိလိုက်ဘဲ အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး လုရီ၏ ဒန်တျန်တွင်းက မြူထုသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဖန်သားရောင် ရွှေအူတိုင်လည်း အခြေကျသွားသည်။
သူ့လက်ထဲတွင် ရှိသော ဓားတာအိုအမိန့်မှာ ကြီးမားသော ဓားအလင်း ဖြာထွက်မှု ရပ်စဲသွားပြီး လုရီ၏ သမာဓိရနေသော မျက်လုံးအစုံ ပွင့်ဟလာလေပြီ။
လုရီ၏ နက်မှောင်သော မျက်လုံးများသည် စမ်းရေတွင်းများလို ကြည်လင်နေပြီး၊ သူ၏ စိတ်ဝိဉာဥ်သည် အံ့မခန်း ခိုင်မာပါ၏။ ၎င်းသည် စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်း အဆင့်၏ သရုပ်သဏ္ဍာန် ဖြစ်လေသတည်း။
ပြီးပြည့်စုံခြင်းအဆင့် ဓားစိတ်ဆန္ဒဖြင့်.. လှုပ်ရှားမှုတိုင်းမှာ ဓားဆန္ဒ ပါ၀င်သည်။ လွယ်ကူစွာ ထိန်းချုပ်နိုင်ကာ 'ဓားသည် မိမိ၏နှလုံးသားကို လိုက်နာသည်' ဟူသော အစစ်အမှန် အခြေအနေကို ရရှိစေသည်။လုရီသည် ဉာဏ်အလင်းတချို့ပွင့်ခဲ့သည်။ ဤသည်မှာ 'ထိန်းချုပ်မှု' လုပ်ငန်းစဉ်တစ်ခုအတွက် လိုအပ်သော လမ်းကြောင်းဖြစ်လေသည်။
ဤသဘောတရားကို အမှန်တကယ် ကျွမ်းကျင်စွာ တတ်မြောက်မှသာလျှင် လူတစ်ဦးသည် သူ၏ ပိုင်နက်လို ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဤသည်မှာ 'ပိုင်နက်' ၏ သန္ဓေတည်ပုံစံဖြစ်သည်။
ပြီးပြည့်စုံခြင်းအဆင့် ဆင်ခြင်သုံးသပ်မှု သည် ပိုင်နက်၏ အုတ်မြစ်ဖြစ်သည်ဟု ဓားပညာရှင်တို့ မိန့်ကြားခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပါတော့။ဆင်ခြင်သုံးသပ်မှုကို သေချာနားမလည်ပါက၊ သဘာဝအတိုင်း ပင် ပိုင်နက်ကို ဆုပ်ကိုင်နိုင်မည် မဟုတ်ပေ။
လုရီ ရုတ်တရက် သဘောပေါက်သွားပြီး ပိုင်နက် အတွက် သူ့မျှော်လင့်ချက် ပိုကြီးထွားလာခဲ့သည်။ ကံမကောင်းစွာပဲ ပြီးပြည့်စုံခြင်း အဆင့် ဓားစိတ်ဆန္ဒကို အောင်မြင်ပြီးသည့်တိုင် ဓားတာအိုပိုင်နက်သို့ သွားမည့် လမ်းကြောင်းကို ပိုင်းခြား၍
မရသေးပါ။သို့သော် သူ ယခု လုံးဝ စိတ်မပူတော့ပေ။
သူ့မှာ အချိန် အများကြီး ရှိလေသည်။ သူ၏ ရွှေအူတိုင် နယ်ပယ်မှာ ပြီးပြည့်စုံခြင်း အဆင့်အတွက် ဓားစိတ်ဆန္ဒကို ကျွမ်းကျင်နေသည်က လုရီအား သူ့ကိုယ်သူ အတော်လေး ကျေနပ်စေပါသည်။ အကြောင်းမှာ ရှေးခေတ်က မည်သည့်
ဓားသမားမှ ထိုသို့ စွမ်းဆောင်နိုင်သည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပါ။
ပြီးပြည့်စုံခြင်းအဆင့့် ဓားစိတ်ဆန္ဒကို ရရှိပြီးနောက် လုရီသည် တာအိုဓားအမိန့်ကို ဖယ်ထားကာ ဆက်လက် လေ့ကျင့်ခဲ့သည်။ နောက်နေ့များသည် လုရီအတွက် သာယာနေခဲ့ပါ၏။ အကြောင်းကိစ္စ တစ်ခုကြောင့် ဝမ်ကျန်း စံအိမ်သည် တိမ်ဖြူဂိုဏ်းတွင် ရှိနေခဲ့ပြီး ဂိုဏ်းနှင့် တစ်ခုခုကို ဆွေးနွေးနေပုံ ရသည်။ကျန်းရူယွီလည်း ထို့အတူပါပင်.. ဂိုဏ်း၌ တည်းခိုနေခဲ့လေသည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည် နေ့ရက်တိုင်းတွင် လက်ရည် ဖလှယ်ကြသည်။ သူမတို့နှစ်ဦးစလုံးအား ထျန်းမင် တစ်ခွင်လုံးက ထိပ်တန်း ဂုဏ်ထူးဆောင်များအဖြစ် မှတ်ယူထားကြပြီး သူမတို့၏ စွမ်းအားများမှာ မြေကြီး တုန်လှုပ်စေသည်။ သူမတို့သည် ဂိုဏ်းအပြင်ဘက်တွင် လက်ရည် ဖလှယ်ကြသောအခါ လုရီအတွက် တစ်ခါတစ်ရံတွင် ဉာဏ်အလင်း ပွင့်လာလေ့ရှိသည်။နောက်ပိုင်းတွင် လုရီသည် ဂုဏ်ထူးဆောင် နှစ်ယောက်၏ လေ့ကျင့်မှုကို ကြည့်ရှုရန် သုန်းကုန်းမင်ယွဲ့ကိုပင် ခေါ်ဆောင်တတ်ခဲ့သည်။
သူမတို့ တိုက်ခိုက်ပုံကို မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ သုန်းကုန်းမင်ယွဲ့ တစ်ယောက်.. အနေကျုံ့သွားရသည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီ နှစ်ယောက်လုံးမှာ အရည်အချင်း အရှိဆုံး ဉာဏ်ကြီးရှင်များ ဖြစ်လေသည်တကား။
သုန်းကုန်းမင်ယွဲ့မှာ ခပ်မြန်မြန်တိုးတက်လာသည့်အတွက် အစပိုင်းတွင် ဂုဏ်ယူကာ အနည်းငယ် ဘဝင်မြင့်ခဲ့သည်။
သို့သော်..ယခုမူကား ရုတ်တရက်
သူမသည် ကိုယ့်ကိုယ်ကို အမှိုက်ကလေးတစ်စဟုသာ သိမ်နုပ်စွာ ခံစားလိုက်ရပါ၏။
" အို...အစ်မ နင်ရွှမ်းက အရမ်းသန်မာတယ်။အစ်မရူယွီလည်း သန်မာတာပဲ..
..ငါလည်း..ဒီထက် ပိုပြီး ကြိုးစားရမယ်...
သုန်းကုန်းမင်ယွဲ့သည် ဤသို့ ရဲရင့်သောမျက်နှာထားဖြင့် တည်ကြည်စွာ ပြောဆိုလာသောကြောင့် လုရီ အမှန်တကယ် ကျေနပ်သွားမိသည်။
"ကောင်းတယ်..ကောင်းကောင်း ကျင့်ကြံနော်..အစ်ကိုကြီးက မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ပေးမယ်"
အကယ်၍ ဤကလေးမသည် ပြင်းပြင်းထန်ထန် မကြိုးစားပါက၊ သူမသည် ရွှေအူတိုင်နယ်ပယ်ကို မည်သို့ တက်လှမ်းနိုင်ပါမည်နည်း။ ..
ဤသို့ဆိုလျှင် သူ့အတွက် နောက်ထပ်
ဆု ကြေးများကို အဘယ်သို့ ရရှိနိုင်ပါတော့မည်နည်း....။
.....
တစ်နေ့သ၌... လုရီ ဂူတွင်း၌ ကျင့်ကြံနေစဉ်၊
ရုတ်တရက် အပြင်ဘက်က ချိုမြသော အသံကလေး ထွက်ပေါ်လာပါ၏။
"တာအို ရောင်းရင်း လုရီ..ယွင်ရှီး လာလည်တယ်၊ ကျေးဇူးပြုပြီး ထွက်လာခဲ့ဦး.."
လုရီ ရှုပ်ထွေးသွားရသည်။
...ဟမ်..ယွင်ရှီး ဘာလို့ ရောက်ချလာပါလိမ့်...
လုရီ သူ့ဂူအိမ်ကြီးထဲမှ ထွက်သွားကာ တံခါးကို ဖွင့်သည်။ အပြင်သို့ ထွက်ကြည့်လိုက်တော့ ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် ပြစ်မျိုးမှဲ့မထင် ကျောက်စိမ်း ရောင်အသားအရည်အား ပိုင်ဆိုင်သူ မိန်းမလှလေးကို မြင်လိုက်ရပါ၏။
လုရီ ယွင်ရှီးအား ပေါ့ပါးစွာ ရယ်ပြလိုက်ပြီး
"ဟေး..မင်း..ဘာလို့ ပေါ်လာတာလဲ..."
ထိုအခါ.. ယွင်ရှီးက ပြုံးကာ...ပြောပြလာသည်။
"အဘွားနဲ့အတူ လိုက်လာတာဟယ်..
ဝမ်ကျန်းစံအိမ်က အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုခုမှာ ဂိုဏ်းသုံးဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့တယ်။ ငါ နင့်ကို လွမ်းနေလို့လေ.. ဒါကြောင့် ဒီကို လိုက်လာပါရစေလို့ အဘွားကို ပူဆာခဲ့တာပေါ့..."
အပြုံးပန်း ဝေဆာနေသော ယွင်ရှီးကို ကြည့်ပြီး လုရီ၏ နှုတ်ခမ်းတစ်ချက် တွန့်သွားသည်။
အဲ...။ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က သူ့ကို လွမ်းသည်ဟု ပြောသည်ကို ယခု..ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းပါပဲ။
သို့သော် သူ သတိလွတ်သွားသည်။
ဟုတ်ပေသည်။
ယွင်ရှီးတစ်ယောက်သာ ထိုသို့ ပြောတတ်လိမ့်မည်။ယွင်ရှီး၏ ချဉ်းကပ်မှုသည် အမြဲတစေ.. ယခုလို ဖြစ်သည်
မဟုတ်ပါလော။
ထိုအခိုက်အတန့်မှာ..လုရီက သူမအား ပြုံးပြပြီး သူ့ဂူအိမ်ထဲသို့ ဖိတ်မန္တက ပြုလိုက်ပါတော့သည်။
"တာအို ရောင်းရင်းယွင်ရှီး..ငါတို့ မတွေ့ရတာ တကယ့်ကို ကြာပြီပဲ..လာ..အထဲကို ဝင်ခဲ့ပါ..."
----------------
အခန်း၁၈၃- လက်တစ်ချောင်းတည်းနဲ့
မက်မွန် မြေကို ဖန်တီး...
~ယွင်ရှီးနှင့် တိုက်ခိုက်နိုင်တာကြောင့် လုရီစိတ်ထဲမှာ အလွန်ပင် ပျော်နေခဲ့ပါ၏။သို့သော် သူ့စိတ်ထဲမှာလည်း တစ်ချက်လှုပ်ရှားသွားခဲ့ရသည်။
စီနီယာအစ်မ ရူယွီနှင့် အခြားသူများ..
မကြာသေးမီကမှ ထွက်ခွာသွားကြခြင်းမှာ အံ့သြစရာမဟုတ်တော့ချေ။ဝမ်ကျင်းစံအိမ် သည် ဂိုဏ်းသုံးဂိုဏ်း၏ မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် စီစဉ်နေပြီးသား ဖြစ်နိုင်ပါသလား။၎င်းက အမှန်ပဲ သတင်းကောင်းပါပင်င်။
မကြာသေးမီ ရက်များအတွင်းတွင်၊ ဂိုဏ်းခုနစ်ခုကြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ချင်းကျိုးတစ်ခွင် မငြိမ်မသက်ဖြစ်စေခဲ့ပြီး ဂိုဏ်းငယ်များစွာမှာ ကံမကောင်းစွာဖြင့် ထိခိုက် ပျက်စီးခဲ့ကြောင်း လုရီ ကြားသိခဲ့ရသည်။
ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များသည် သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်း လေးဂိုဏ်း၏
ပေါင်းစည်း အင်အားစုများရှေ့တွင် အရေးနိမ့်နေသည်။ ယခု ဝမ်ကျင်းစံအိမ် ပါဝင်လာခြင်းက တိမ်ဖြူဂိုဏ်းနှင့် ကျန်ဂိုဏ်းနှစ်ဂိုဏ်းအတွက် အားဖြည့်မှု တစ်ခု ဖြစ်ခဲ့သည်။
ထိပ်တန်းဂိုဏ်းခုနစ်ဂိုဏ်းက ပါဝင်ပတ်သက်ခြင်းမရှိဟု ဆိုစေကာမူ.. ယခု ဝမ်ကျင်းစံအိမ်က ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သောကြောင့် အတားအဆီးကို ချိုးဖျက်လိုက်ကာ ချင်းကျိုးနယ်၏ အခြေအနေသည် ပိုမိုရှုပ်ထွေးလာနိုင်သည်။
လုရီသည် မကူညီနိုင်စွာ အာမေဍိတ်တမိပါတော့သည်။သူ ခေါင်းယမ်းလိုက်သည်၊ သူသည် သာမန် ရွှေအူတိုင် ကျင့်ကြံသူလေးသာ ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အနည်းငယ် အားကောင်းနေသော်လည်း အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်မလှန်နိုင်သောကြောင့် တည်ငြိမ်စွာ ဆက်လက် လေ့ကျင့်ရမည် ဖြစ်ပါသည်။
ပန်းတစ်သောင်း ဂိုဏ်းခေါင်းဆောင် ကြွရောက်လာပြီး မကြာသေးမီကပင် အေးစက်သော ဆောင်းရာသီ တောင်ကြား၏ ဂိုဏ်းခေါင်းဆောင်သည်လည်း သူနှင့်အတူ ဟန်ယွီအား ခေါ်ဆောင်၍ ကြွရောက်လာခဲ့သည်။ သို့ဖြစ်လေရာ လုရီအတွက်တော့ ပွချေပြီ။သူသည် အချိန်ရသည့်အခါတိုင်း ယွင်ရှီးနှင့် ဟန်ယွီတို့အား လက်ရည် ဖလှယ်ပြီး သူ၏သဘာဝနယ်ပယ်နှင့် ရေခဲနှလုံးသားကို မြှင့်တင်သည်။ နှစ်တစ်ရာပြည့်ဝိညာဉ်ခြင်ဆီများလည်း သိမ်းပိုက်ခဲ့သည်။
ယခု ဓားစိတ်ဆန္ဒမှာ ပြီးပြည့်စုံခြင်းအဆင့့် သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် အချိန်တိုအတွင်း မြှင့်တင်ရန် ခက်ခဲနေပေသည်။ ထို့ကြောင့် ယခု သူလုပ်နိုင်သည်မှာ အခြားသော နိယာမများကို မြှင့်တင်ရန်သာ ဖြစ်သည်။
ကံမကောင်းစွာပဲ၊ ဂိုဏ်းခုနစ်ဂိုဏ်းကြား ကမောက်ကမတိုက်ပွဲကြောင့် စီနီယာအစ်ကိုကျန့်ဖန်၊စီနီယာအစ်ကိုထျဲ့မန်နှင့်
စီနီယာအစ်ကို ပိုင်ယွီလုံတို့က နေ့တိုင်းပင် ဂိုဏ်းအပြင်မှာ စွန့်စားနေတော့သည်။
သူတို့ဂိုဏ်းဆီ ပြန်လာခဲပါသည်။သို့မဟုတ်ပါက လုရီသည် ရေ စိတ်ဆန္ဒ နယ်ပယ်ကိုလည်း မြှင့်တင်ပေးနိုင်လေမည်။
စီနီယာအစ်ကို ကျန့်ဖန်သည် 'ဖန်' နာမည် ပါသော ဖိုးကံကောင်း ဖြစ်လေသည်နှင့်အညီ အမှန်တကယ် ထိုက်တန်သော ကံကြမ္မာအား ပိုင်ဆိုင်ထားသည်ဟု ဆိုရပါမည်။
ထိုသို့သော မငြိမ်မသက်မှုများကြားတွင် သူသည် ထျဲ့မန် နှင့် ပိုင်ယွီလုံ တို့နှင့်အတူ သိသိသာသာ နာမည်ရခဲ့သည်။
လုရီက သူ့ဆရာအတွက် ယွီလန်း စားသောက်ဆောင်တွင် အလုပ်သွားလုပ်ရင်း ညီအစ်ကိုညီအစ်မအချို့..ပြင်ပ စစ်ပွဲအခြေအနေအကြောင်း ဆွေးနွေးနေသည့် ကို မကြာခဏ သတင်းရတတ်သည်။
ထိုစီနီယာအစ်ကို သုံးယောက်၏ သတင်းကို ရံဖန်ရံခါ ကြားနေရပါသည်။
ထိုအချိန်တွင် စီနီယာအစ်ကို ကျန့်ဖန်၏ ကျင့်ကြံမှုသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်၏ ကိုးလွှာသို့ အမှန်တကယ် တိုးလာခဲ့ပြီး စီနီယာအစ်ကို ထျဲ့မန်နှင့် စီနီယာအစ်ကို ပိုင်ယွီလုံတို့သည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း၏ ရှစ်လွှာသို့ တက်လှမ်းခဲ့ကြသည်။ ခွန်အားကို သိသာထင်ရှားစွာ မြှင့်တင်ရန်အတွက် အခွင့်အရေး ကောင်း အချို့ကို ကြုံတွေ့ခဲ့ကြခြင်း ဖြစ်ရမည်။
သူတို့ သုံးဦးသည် ဂိုဏ်းသုံးဂိုဏ်း၏အခြေခံ အုတ်မြစ် တည်ထောင် ခြင်း ကျင့်ကြံသူများ အကြားတွင် အတော်လေး ဟိုးလေးတကျော် ဖြစ်လေသည်။
သူတို့ သုံးယောက်သည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အထွတ်အထိပ် ခွန်အားရှိ ကျင့်ကြံသူ အများအပြားကိုအတူတကွ ချေမှုန်းကြသည်။
ထို့အပြင် စီနီယာအစ်ကိုကျန့်ဖန်၏
ရှေးဟောင်း ပုလင်းငယ်ကလေးသည် ထူးကဲသော အစွမ်းသတ္တိ ရှိချေသည်။
တစ်ချိန်က သူက ထိုပုလင်းကလေး၏ အစွမ်းဖြင့် ထျဲ့မန်နှင့် ပိုင်ယွီလုံ တို့နှင့်အတူ သွေးဝိညာဉ်ဂိုဏ်း၏ ရွှေအူတိုင်ကျင့်ကြံသူထံမှ လွတ်မြောက်ရန် ကူညီပေးခဲ့သည်။
သုံးယောက်သား ပြေးပြေးလွှားလွှား တိုက်ခိုက်ရင်း လမ်းခရီးမှာ ပိုသန်မာလာသည်။
စီနီယာအစ်ကိုကျန့်ဖန် တိုက်ပွဲတစ်လျှောက် ပိုမိုအားကောင်းလာခဲ့ပုံမှာ စစ်နတ်ဆိုး
တစ်ကောင် ဝင်စားလေသလားဟုပင် လုရီ အထင်မှားလာမိသည်။
သို့သော် သူတို့သုံးယောက်သည် သူ ၏သူငယ်ချင်းများဖြစ်သည်မဟုတ်ပါလား။ သူတို့ ခွန်အားသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို တွေ့ရတော့ လုရီ အလွန်ပျော်ပါသည်။သူတို့တစ်စုံတစ်ရာ အတိမ်းအစောင်းဖြစ်၍ မသေဆုံးဖို့ပဲ သူ မျှော်လင့်ခဲ့သည်။နောက်တစ်ကြိမ် စီနီယာအစ်ကို ကျန့်ဖန်နှင့် အခြားသူများ ပြန်လာသောအခါတွင် သူသည် သူတို့အား အဆင့်မြင့် မှော်လက်နက်များကို ထောက်ပံ့ပေးရပါမည်။
မကြာသေးမီက စစ်ဆေးရေး မျှော်စင်တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အလုပ်များမှတစ်ဆင့် မှော်လက်နက်များ ပိုမိုရရှိခဲ့သည်။ အထူးသဖြင့် အလွှာ ဆယ်ခုကို ဖြတ်သန်းပြီးနောက်၊ ဆုကြေးများ တိုးမြင့်လာကာ ယခု သူသည် အဆင့်မြင့် မှော်လက်နက် အနည်းအကျဉ်းကို ရရှိပြီး ထိပ်တန်း အဆင့် မှော်လက်နက်အချို့ပင် ပါသေးသည်။ ကံမကောင်းစွာပဲ၊ သူကိုယ်တိုင်က လက်နက်ကို သုံးသည့်အတွက် ဤမှော်လက်နက်တွေကို မသုံးနိုင်ပေမယ့် တခြားသူတွေကို လက်ဆောင် ပေးနိုင်ပါသည်။
ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၊ အေးခဲ ဆောင်းရာသီ တောင်ကြား၏ ဂိုဏ်းခေါင်းဆောင်နှင့်
ဝမ်ကျင်း စံအိမ်တို့သည် တိမ်ဖြူ ဂိုဏ်းတွင် တစ်လကျော်နေထိုင်ခဲ့သည်ဖြစ်ရာ လုရီတစ်ယောက် အလွန်ပင် ပျော်ရွှင်နေပါ တော့သည်။
ထိုလတွင် ယွင်ရှီး၊ ဟန်ယွီတို့နှင့်အတူ နေ့တိုင်း လက်ရည် ဖလှယ်ခြင်းဖြင့် သူက
နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီ အစက်
လေးထောင်ကျော်ကို ရယူခဲ့ပါတော့၏။ မူလ.. ကျင့်ကြံစဉ်က နှစ်တစ်ရာ
ဝိဉာဉ် ခြင်ဆီအစက်တစ်ထောင်နီးပါးကို အသုံးပြုခဲ့ပြီး ယခုအခါတွင် ရွှေအူတိုင်၏ အထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် လုံလောက်သော ဝိဉာဉ် ခြင်ဆီများ ဖြည့်ဆည်းပေးနိုင်လာပါသည်။ ကောင်းကင်ဘုံ တာအိုကန့်သတ်ချက်၏ အလွှာတစ်ခု သို့မဟုတ် နှစ်ခုကိုပင် ဖြတ်ကျော်နိုင်ပါဦးမည်။
သူ၏ ရေခဲ နှလုံးသားနှင့် သဘာဝနယ်ပယ် နှစ်ခုစလုံးသည် အလွန် တိုးတက်လာပြီး တစ်ခုစီမှ ငါးဆယ် ရာခိုင်နှုန်း ခန့်အထိ၊ ယခင်ကထက် ပိုမိုအားကောင်းလာပြီး ယခု သူ၏ ရေစိတ်ဆန္ဒ နယ်ပယ်နှင့် နှိုင်းယှဉ်လုနီးပါး ဖြစ်နေပါပြီ။
သူ့အား ခေါင်းခဲစေသည့် တစ်ခုတည်းသော အရာမှာ ယွင်ရှီးအလည် လာတိုင်း သုန်းကုန်းမင်ယွဲ့က လည်ဆံမွှေးထောင်သော ရန်လိုနေသည့် ကြောင်မလေးတစ်ကောင်လို ပြုမူပြီး သူမတို့နှစ်ဦး ဆုံသည့်အခါတိုင်း ရန်ဖြစ်လေ့ ရှိခြင်းပါပဲ။
ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ဟာ သူမတို့အကြား ခွန်အားကွာဟချက် ကြီးမားနေ၍သာ။ မဟုတ်ပါက နေ့စဥ်နေ့တိုင်း တိုက်ပွဲသံများ ညံနေမည်မှာ သေချာပါသည်။
တစ်လကျော်အကြာတွင် ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များသည် ၎င်းတို့၏ ပါရမီရှင်များကို တပါတည်း ခေါ်ကာ ထွက်ခွာသွားကြပါသည်။ကျန်းရူယွီပင်လျှင် သူတို့နောက်မှ လိုက်သွားခဲ့သည်။
"မောင်လေး၊ ဓားတာအို အစည်းအဝေး
မေ့မနေနဲ့ နော်..စီနီယာအစ်မ နတ်ဓားဂိုဏ်းကို ပြန်တော့မယ်၊ အဲ့ကျမှ တွေ့မယ်"
ထိုသို့.. ကျန်းရူယွီက မသွားမီ လုရီအား မေ့သွားမှာ ကြောက်၍ အထူး သတိပေးခဲ့ပါသေးသည်။
လုရီက စင်စစ်အားဖြင့် ဓားတာအို အစည်းအဝေးအား မမေ့နိုင်ပါချေ။
ဓားတာအို အစည်းအဝေးက သူ့ဓား တာအိုကျင့်ကြံခြင်းအား ဓားတာအို ပိုင်နက် နယ်ပယ် သို့ မြန်ဆန်စွာ ရောက်ရှိနိုင်သည်နှင့် ဆက်စပ်နေပြီး သူ၏ ကျင့်ကြံနည်းကို ပြောင်းလဲရန် လိုအပ်သည့်အရာနှင့်လည်း သက်ဆိုင်နေပါသည်။
ဂိုဏ်းသုံးဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် လုရီ၏ သူငယ်ချင်းအများအပြားလည်း ထွက်ခွာသွားခဲ့ပြီး သူ၏ တည်ငြိမ်အေးချမ်းသော ကျင့်ကြံမှုဘဝကို ဆက်လက်လုပ်ဆောင်ရန် ငြိမ်းချမ်းသော အချိန် ကျလာခဲ့ပါပြီ။
အချိန်တွေ လျှပ်တပြက်အတွင်း.. ကုန်ဆုံးသွားပြီး အချိန် သုံးနှစ်တာမှာ ရော်ရွက်ဝါများ ကြွေသလို လွင့်ကြွေသွားပါ၏။
ဤသုံးနှစ်အတွင်းတွင်၊ လုရီ၏ ခွန်အားသည် သိသိသာသာကြီးထွားလာခဲ့ပြီး ရွှေအူတိုင် ရှစ်လွှာသို့ ရောက်ရှိလာခဲ့သည်။အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်တုန်းကအချိန်အတွင်း တိုးတက်လာသည်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်နှေးကွေးသည်ဟု ပြောနိုင်ပါ၏။
ဤသို့ဖြစ်စေကာမူ.. ရွှေအူတိုင် နယ်ပယ်၏ ရှစ်လွှာသို့ ရောက်ရှိခဲ့ပြီး ရွှေအူတိုင်နှင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းမှာ ကွာခြားလှချေသည် မဟုတ်ပါလော။
ရွှေအူတိုင် ကျင့်ကြံသူ အများစုသည် နှစ်ပေါင်းလေးဆယ်.. သို့မဟုတ် ငါးဆယ်ကျော်သည့်တိုင် နယ်ပယ်အသေးစား
တစ်ခုကိုပင် တိုးတက်ဖို့ ခဲယဉ်းလှသည်တကား။
လုရီကမူ တစ်အလွှာမှ ရှစ်အလွှာသို့ တိုးတက်ရန် လေးနှစ်သာ အချိန်ယူခဲ့ရပြီး အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုတစ်ခု
ဖြစ်နေပါချေပြီ။
တစ်နေ့တွင် သူသည် သူ၏ဂူအိမ်ကြီးမှ ထွက်ခွာသွားပြီး လျိုနင်ရွှမ်း၏ ဂူအိမ်ကြီးအပြင်ဘက်သို့ ရောက်လာကာ ပြတ်သားသော အသံဖြင့် အသိပေးလိုက်ပါသည်။
"အစ်မ..ကျွန်တော် လာပါတယ်..."
မကြာမီ လျိုနင်ရွှမ်း၏ ဂူအိမ်ကြီးသည် ဖျတ်ခနဲ အလိုအလျောက် တံခါးပွင့်လာပြီး လမင်းကဲ့သို့ အေးမြကြည်လင်သော အဖြူရောင် ၀တ်စုံဝတ် ရေခဲရုပ်တု မိန်းမလှလေး ထွက်ပေါ်လာပါသည်။
လုရီက ရေခဲရုပ်တု မိန်းမလှလေးအား တစ်ချက် ရယ်ပြလိုက်ပြီး အကြံပြုလိုက်ပါ၏။
"ဓားတာအို အစည်းအဝေး ကျင်းပဖို့ နှစ်လပဲ လိုတော့တယ်..ကျွန်တော်တို့ ထွက်သွားသင့်ပြီမလား.."
----------------