အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း၁၈၄- လက်တစ်ချောင်းတည်းနဲ့
မက်မွန် မြေကို ဖန်တီး...
~လျိုနင်ရွှမ်းက သိမ်မွေ့စွာ ခေါင်းညိတ်ပြီး
တုံ့ပြန်လာ၏။
"အင်း..အစ်မလည်း အဆင်သင့် ဖြစ်ပါပြီ။ အချိန်မရွေး ထွက်သွားနိုင်ပါတယ်"
"ဒါဆို ကျွန်တော်တို့တတွေ အကြီးအကဲကို သွားရှာရအောင်"
ထိုအခိုက်အတန့်တွင်..အသံတစ်ခုထွက်ပေါ်လာသည်။
"မလိုပါဘူး.. ငါ.. ဒီမှာ.. "
အကြီးအကဲမင်သည် ဂူအိမ်ကြီးနှင့်
မနီးမဝေး သစ်ကိုင်းတစ်ခုပေါ်တွင်
ရပ်လျက် တိတ်တဆိတ် ပေါ်လာသည်။
အကြီးအကဲ၏ လက်နှစ်ဖက် နောက်သို့ ပစ်ကာ ပေါ့ပေါ့ပါးပါး လွင့်မျောနေသည့့် ပုံရိပ်မှာ မသေမျိုး တစ်ပါးနှယ်။
"အားလုံး အဆင်သင့် ဖြစ်ပြီမို့ ခရီးထွက်ကြရအောင်။ ဒီအဘိုးကြီး.. နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေးကို တက်ရောက်ခဲ့ဖူးတာတောင်...အလိုလေး...နှစ်ထောင်ချီကြာခဲ့ပြီပဲ"
ဟု အကြီးအကဲမင်က အတိတ်ကို ပြန်လည် အောက်မေ့ဟန်ဖြင့် ရေရွတ်နေလေသည်။
ထို့နောက် သူက လုရီတို့ဆီ ရောက်ရန် ခြေလှမ်းပြင်လိုက်သည်။
ထိုအခါ၌..လုရီ တုံ့ဆိုင်းသွားပြီး
မေးခွန်းထုတ်လိုက်၏။
"အကြီးအကဲမင်၊ ဂိုဏ်းထဲမှာ တိုက်ပွဲကြီးဖြစ်ပွားနေတော့ ဟင်းလင်းပြင် ဥမင်နယ်ပယ်ရဲ့ သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့...အကြီးအကဲ ထွက်ခွာသွားတာက တိမ်ဖြူဂိုဏ်းအတွက် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလားခင်ဗျာ။"
အကြီးအကဲမင်က သူ့အတွက် လမ်းကို အကာအကွယ်ပေးလိုပြီး ရှည်လျားသော ခရီးစဉ်တလျှောက် လိုက်ပါလိုကြောင်း ပြောလာသော်လည်း လက်ရှိအခြေအနေအရ လုရီသည် ဂိုဏ်းအတွက် စိုးရိမ်ပူပန်မိပါတော့သည်။
အကြီးအကဲမင် သူနှင့် မလိုက်ခဲ့လျှင်တောင် အခု သူ့မှာ ဘေးကြုံလျှင် ထွက်ပြေးဖို့ နည်းလမ်း များစွာ ပိုင်ဆိုင်ထားပြီး အန္တရာယ်တော့ မရှိပါချေ။
သူ့မေးခွန်းကို အကြီးအကဲမင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး မတုန်မလှုပ် ပြောဆိုလာသည်။
"လုံးဝ မဟုတ်ဘူး၊ ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းမှာ ဝှက်ဖဲတွေ ရှိနေတုန်းပဲ၊ နောက်ပြီး အခု စစ်ပွဲက တည်ငြိမ်နေပြီ၊ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး"
အကြီးအကဲမင် ဤသို့ ပြောလာသည်ကို မြင်တော့ လုရီသည် စောဒက မတက်တော့ဘဲ..နာခံစွာ ခေါင်းညိတ်ပြလိုက်ပါသည်။
"ကဲ..စထွက်ကြရအောင်။"
သူတို့သုံးယောက်သည် မိမိကိုယ်ကိုအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဂိုဏ်းပရဝုဏ်မှ မြန်ဆန်သော အရှိန်ဖြင့် ထွက်ခွာသွားကြသည်။ မလိုအပ်သော အာရုံစူးစိုက်မှုကို ရှောင်ရှားရန် ခပ်ရိုးရိုးသာ ပျံသန်းခဲ့ကြကာ ပျံသန်းရေး ယာဉ်ပျံကို အသုံးမပြုခဲ့ကြပါ။ ဆက်လက်၍ ပြင်းထန်သော စစ်ပွဲများ ရှိချေရာ တိမ်ဖြူဂိုဏ်းကို စောင့်ကြည့်နေသည့် ဂိုဏ်းလေးဂိုဏ်းတွင် သွေးဝိညာဉ်ဂိုဏ်းမှ ကင်းထောက်များ သေချာပေါက် ရှိနေပြီး အတွင်းတွင် သစ္စာဖောက်များပင် ရှိနေနိုင်သည် မဟုတ်ပါလား။
မသေမျိုး မျိုးစေ့အနေဖြင့် လုရီ သည် အာရုံစူးစိုက်မှုကို ဆွဲဆောင်ပါက ဂိုဏ်းလေးဂိုဏ်း၏ စွမ်းအားရှင်များကို ခြုံခိုတိုက်ခိုက်ရန် နှိုးဆော်နိုင်သည်။
သူတို့သုံးယောက်သည် ခပ်မြန်မြန်ပင် သက်တန့်အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားကာ မကြာမီ တိမ်ဖြူဂိုဏ်း၏ တောင်တန်းများအလွန်သို့ ပျံသန်းသွားကြလေ၏။
ခဏကြာတော့ လုရီသည် သူ့ရှေ့က ရှုခင်းများအား ရုတ်တရက် ရင်းနှီးနေသည့် ပုံစံဖြင့် တွေ့လိုက်ရ၏။ခဏအကြာမှာတော့
ဘယ်နေရာကို ရောက်နေသည်လဲ သိလိုက်ပါပြီ။
ဤနေရာသည် တခါက.. သူ၊ကျန့်ဖန်နှင့်
ပိုင်ယွီလုံတို့နှင့်အတူ အလုပ်တစ်ခု လုပ်ဖူးသော မိုဟဲ နိုင်ငံပိုင်နက် နယ်နမိတ် ဖြစ်လေသည်။အဝေးကို မျှော်ကြည့်လိုက်တော့ ရှေ့ဆက်ဖို့ ရုန်းကန်နေရသည့် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများနှင့် သာမန်လူများအား လှမ်းမြင်ရပြီး အဝေးက မိုဟဲ နိုင်ငံမြို့တော်ကိုလည်း လုရီ မြင်လိုက်ရသည်။
တစ်ချိန်က ပျားပန်းခတ်မျှ စည်ကားခဲ့သော မြို့တော်သည် ယခုအခါ များစွာ လူဆိတ်သုဉ်းနေပြီး ထူထပ် ခိုင်မာလှသော နံရံတစ်ဖက်မှာ ပြိုကျခဲ့ပြီး ကျန်သုံးဖက်မှာလည်း ပျက်စီးမှု အရိပ်အယောင်များစွာ ရှိနေသည်။
လုရီ အလိုမကျဘဲ မျက်မှောင်ကြုတ်မိလိုက်တော့၏။
“ဒီမှာ ဘာဖြစ်တာလဲပါလိမ့်..”
လျိုနင်ရွှမ်းက တစ်ချက်ကြည့်ကာ နူးညံ့စွာ ပြောလာသည်။
"မကြာခင်က ငါတို့ရဲ့ အစွမ်းထက် ကျင့်ကြံသူတွေက ကောင်းကင်မြွေဂိုဏ်းရဲ့ ကင်းထောက်တွေကို ငါတို့ ဂိုဏ်းအနီးမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကို ဒီနေရာအထိ လိုက်ဖမ်းပြီး နောက်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာပြီး နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မိုဟဲနိုင်ငံရဲ့ မြို့တော်ကို ထိခိုက်စေခဲ့တာ..."
ထိုစကားကို ကြားတော့ လုရီ ငြိမ်ကျသွားသည်။
အကြီးအကဲမင်၏ အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ အကြီးအကဲသည် အနှစ်
တစ်သောင်းနီးပါး နေထိုင်ပြီး မင်းဆက်များစွာ အပြောင်းအလဲကို မြင်တွေ့ခဲ့ရ၍ ကျင့်ကြံခြင်း လောကတွင် စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည် ဖြစ်သည့်အလျောက် အတွေ့အကြုံ ရင့်ကျက်လှသည်။
အကြီးအကဲသည် ထိုဆင်းရဲနွမ်းပါးသော သတ္တဝါတို့ကို ကြည့်ရှုလိုက်ပြီး..ပြောလာသည်။
" ကျင့်ကြံသူတွေ တိုက်ပွဲဖြစ်ကြတဲ့အခါ
မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သေကျေပျက်စီးကြတယ်၊ သေမျိုးလောကလည်းပဲ မပျက်မစီးတော့ မကျန်ရစ်နိုင်ဘူး.. ဂိုဏ်းကြီးတွေရဲ့ နယ်မြေထဲမှာ ဧကရာဇ် နိုင်ငံမြောက်မြားစွာ ရှိပြီး နယ်မြေပြောင်းလာတဲ့အခါ ဧကရာဇ် နိုင်ငံတွေက အနီးနားရှိ ပြိုင်ဘက်နိုင်ငံတွေကို တိုက်ခိုက်ကြတာပေါ့၊ အတွင်းပိုင်း ဖရိုဖရဲဖြစ်မှုတွေ တောင် မြင့်တက်လာနိုင်တယ်..ဒီလိုအချိန်မှာ သေမျိုးလောကမှာလည်း ပရမ်းပတာဖြစ်ကုန်တဲ့ ခေတ်ကာလမျိုးပဲ..နေရာအနှံ့ အရိုးတွေ ပြန့်ကျဲနေတယ်။"
ထိုသို့ ကြားသိလိုက်ရသောအခါ လုရီသည် စိတ်ခံစားမှုများ ရောနှောကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဟူး..ကျင့်ကြံသူတွေ တိုက်ခိုက်ကြတဲ့အခါ သာမန်လူသားတွေ ဒုက္ခရောက်ကုန်ကြတာပေါ့.."
လုရီသည် ပြောပြောဆိုဆိုနှင့် အေးဆေးစွာ လက်တစ်ချောင်း ညွှန်ပြလိုက်သည့်အခါ ပတ်ဝန်းကျင်တွင် သဘာဝတာအို စီးကြောင်း ဖြစ်တည်လာ၏။
လွင်တီးခေါင် ကျပ်တီးမြေ၌.. အသစ်သော အပင်ပေါက်ကလေးများ ထွက်ပေါ်လာပြီး ပဉ္စလက် ပြလိုက်သလိုပင်။
ထိုအပင်ပေါက်ကလေးများက ကြီးမားသော သစ်ပင်ကြီးများအဖြစ်သို့ မြန်ဆန်စွာ ကြီးထွားလာကြပါသည်။
၎င်းတို့သည် မက်မွန်ပင်များ ဖြစ်သည်။ မျက်စိတမှိတ်အတွင်းမှာပင် အပင်များ၌ ကြီးမားသော မက်မွန်သီးများ ပြွတ်သိပ်စွာ ရင့်မှည့်လာကြလေသည်။
ထိုဆန်းကြယ်သော မြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ ရုန်းကန်နေရသည့် ဒုက္ခသည်တွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
တစ်ခဏအကြာ အထိတ်တလန့် ဖြစ်ပြီးနောက် ကောင်းကင်ကို မျှော်ကြည့်လိုက်တော့ လုရီ နှင့် အခြားလူများကို တွေ့လိုက်ရသည့်အခါ ထိုသူတို့က အလျင်အမြန်ပင် ဒူးထောက်လိုက်ကြပြီး ဝမ်းနည်းပူဆွေးသော မျက်ရည်စများကြားမှ ကျေးဇူးတင်ကြောင်း တတွတ်တွတ် ပြောနေကြရှာတော့သည်။
"မိုးနတ်မင်း ကယ်မတာပဲ..ကျေးဇူးတင်ပါတယ်၊ မသေမျိုး ဆရာလေးရယ်.."
"အီးဟီးဟီး..ကျေးဇူးတင်ပါတယ်၊
မသေမျိုး သခင်လေး.."
"..."
လုရီက ကြင်နာစွာ တုံ့ပြန်လိုက်သည်။
" ကျွန်တော့်ကို ကျေးဇူးမတင်ပါနဲ့၊ အသီးတွေ မြန်မြန် ယူစားကြပါ.."
လက်ရှိတွင် နေရာတိုင်းတွင် ပရမ်းပတာဖြစ်နေပြီး သူ တတ်နိုင်သမျှက သူ၏ စွမ်းအားအကန့်အသတ်ဖြင့် ကြုံတွေ့ရသူများကို ကူညီရန်သာ ဖြစ်သည်။
လုရီ ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ဒုက္ခသည် တစ်စုသည် မက်မွန်မြေဆီသို့ အလျင်အမြန် ပြေးသွားကြတော့သည်။
လုရီတစ်ယောက် လက်တစ်ချောင်းတည်းဖြင့် မက်မွန်မြေကို ဖန်ဆင်းလိုက်သည်ကို မြင်သောအခါ အကြီးအကဲမင်နှင့်
လျိုနင်ရွှမ်း နှစ်ယောက်လုံး လန့်သွားသည်။ အကြီးအကဲမင်က အံ့အားသင့်သော လေသံဖြင့်မေးလာသည်။
"ဒါ...သဘာဝ တာအိုလား..ကလေးလု.. မင်း... သဘာဝနယ်မြေကို သိမြင်နိုင်ပြီလား"
သူတို့အနားတွင် ပျံဝဲနေသော
လျိုနင်ရွှမ်း၏ အေးစက်လှသော မျက်နှာကလေးမှာလည်း အံ့အားသင့်သော အရိပ်ကလေး လွှမ်းလာသည်။
"ဂျူနီယာ မောင်လေးလု..နင် သဘာဝနယ်မြေကို ဘယ်တုန်းက နားလည်ခဲ့တာလဲ" ဟု စူးစမ်းသော မျက်ဝန်းကလေးများဖြင့် လုရိီအား စိုက်ကြည့်ကာ မေးလာတော့သည်။
ထိုအခါ...လုရီတစ်ယောက် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အကြောင်းပြချက် ပေးလိုက်သည်။
"ယွင်ရှီးမှာ ပန်းတစ်သောင်း ဝိညာဉ်ခန္ဓာ
ပိုင်ဆိုင်တယ် မဟုတ်လား..သူက သဘာဝ တာအိုကို နက်နက်နဲနဲ နားလည်ထားတယ်လေ..ကျွန်တော် ယွင်ရှီးနဲ့ အသိအမြင် ဖလှယ်ခြင်းကနေ မထင်မှတ်ဘဲ သဘာဝနယ်မြေကို သိမြင်ခဲ့တာပါ..."
သူ့ဖြေရှင်းချက်အား ကြားသိလိုက်ရသောအခါမှာမူကား.. အကြီးအကဲ မင် နှင့် လျိုနင်ရွှမ်း တို့သည် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့လေတော့သည်။
တစ်ခဏမျှ တိတ်ဆိတ်သွားမှုအပြီးမှာတော့"ကလေး၊ မင်းက တကယ့်ကို ဘီလူး တစ်ကောင်ပဲ" ဟု အကြီးအကဲ မင်က
ဖြည်းလေးစွာ ရေရွတ်လိုက်သည်။
လျိုနင်ရွှမ်းမှာ သက်ပြင်းချလိုက်ရင်း သူမ၏ အေးစက်သော မျက်လုံးများ အရောင် တစ်ချက် လက်သွားသည်။
"ဂျူနီယာ မောင်လေးလုမှာ တကယ့်ကို
မသေမျိုး အရှိန်အဝါ ရှိတယ်..."
ထိုအခိုက်မှာ လုရီ မတတ်သာစွာ ပြုံးလိုက်ပါတော့သည်။
"ကျွန်တော်တို့ မြန်မြန် သွားရအောင်ဗျ.."
ကျန် နှစ်ယောက်သား ခေါင်းညိတ်ပြပြီးနောက် သုံးယောက်သားသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားကြသည်။
လမ်းတစ်လျှောက်တွင် လုရီသည် ထိခိုက်ပျက်စီးသော မြင်ကွင်းများစွာကို ကြုံတွေ့ခဲ့ရသည်။အခြားအခက်အခဲ များစွာကြားမှ အရိုးစုများသည် လမ်းဘေးတွင် မရေမတွက်နိုင်အောင် ပြန့်ကျဲနေကြသည်။ကျင့်ကြံခြင်း လောက၏ စစ်ပွဲကြီးတွင် သာမန်လူသားများသည် သနားဖွယ်ကောင်းစွာ ရင်ဆိုင်ခဲ့ရသည်။
လုရီသည် စိတ် နှလုံး မသာယာစွာ ခံစားခဲ့ရသော်လည်း ချင်းကျိုး၏ မငြိမ်မသက်ဖြစ်မှုများကို ချေမှုန်းရန် စွမ်းအားမရှိ၍ သူ တတ်နိုင်သလောက်သာ ကူညီနိုင်ခဲ့ပါသည်။ များမကြာမီ သူတို့သည် တိမ်ဖြူဂိုဏ်း၏ နယ်မြေကို ဖြတ်ကျော်ပြီး ပန်းတစ်သောင်းဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိခဲ့ကြသည်။
သုံးဦးသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ဂိုဏ်းလေးခုမှ အစွမ်းထက်သူများကို ဆွဲဆောင်ခြင်းမှ ရှောင်ရှားရန် လျှို့ဝှက်စွာ ချဉ်းကပ်ကာ မြို့များအတွင်းသို့ ဝင်ရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားကြသည်။
ပန်းတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူများကို သူတို့ လာခဲ့ကြောင်း အသိပေးခြင်း
မပြုခဲ့ပေ။ ရက်အနည်းငယ်ဘကြာပြီးနောက် ပန်းတစ်သောင်းဂိုဏ်း၏ နယ်မြေမှ လွန်မြောက်လာခဲ့ပြီ ဖြစ်သည်နှင့်အမျှ
သူတို့ သုံးယောက်သားမှာ မျက်နှာထား တင်းမာလာခဲ့သည်။
အကြီးအကဲ မင်က ညွှန်ကြားလာသည်။
"ဒီကနေစပြီး ငါတို့ ကောင်းကင်မြွေဂိုဏ်းရဲ့ နယ်မြေထဲကို ချင်းနင်းလာပြီ။ သူတို့လူတွေ မတွေ့မိအောင် သတိထားကြစို့"
လုရီနှင့် လျိုနင်ရွှမ်းတို့ နှစ်ယောက်လုံး တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။
ကောင်းကင်မြွေဂိုဏ်းမှာ ဟင်းလင်းပြင်ဥမင် ပုဂ္ဂိုလ်ကြီး မရှိသော်ငြား သူတို့၏ မဟာမိတ်က ရှိလေသည်။ မိမိတို့ကို ရှာဖွေတွေ့ရှိသွားလျှင် အန္တရာယ်ရှိနေသည်က
မလွဲဧကန်ပင် ဖြစ်လှချေသည်။သူတို့သုံးယောက်သည် လူသူကင်းမဲ့သော တောတောင်များကို ဖြတ်သန်းရင်း ပို၍ပင် သတိထားလာကြသည်။
နှစ်ရက်အကြာတွင် လုရီနှင့် အခြားသူများသည် တောင်တန်း၏ ချောင်းတစ်ခုအနားတွင် ထိုင်၍ အနားယူလိုက်ကြသည်။
ယခုအခါ လုရီက အသား ကင်နေသည်။ သူကင်ထားသော ရွှေအိုရောင် အသားကင်မှာ အဆီများရွှဲကာ မွှေးပျံ့သော ရနံ့ ကြိုင်လှိုင်နေတော့၏။
အကြီးအကဲမင်ခမျာ သူ့တံတွေးအား မထိန်းချုပ်နိုင်ဘဲ ဂလုခနဲ မြိုချမိသည်။သူက ကျောက်စိမ်းဝိုင်အား တစ်ခွက်သောက်ရင်း တအံ့တဩ ချီးကျူးလာသည်။
"ကလေးလု၊ မင်းရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုက ပိုကောင်းလာပြီ။ နောက်ထပ် ရက်အနည်းငယ်ကြာရင်
ယွီလန်းတောင် မင်းနဲ့ ယှဉ်နိုင်ပါတော့
မလားကွ.."
လုရီက ရယ်မောရင်း ငြင်းဆန်သည်။
"အကြီးအကဲ မင်က ..ဂျူနီယာလေးကို မြှောက်ပင့်ပေးပြန်ပါပြီ..ယွီလန်းတောင်ထိပ် သခင်မရဲ့ ဝိဉာဥ်အစာ
ချက်ပြုတ်နည်းနဲ့ ဝိဉာဉ်ဝိုင် ချက်နည်းက အသွင်ပြောင်း အဆင့်ကို ရောက်နေပါပြီ၊ ကျွန်တော်က အခုထိ လိုပါသေးတယ်ခင်ဗျာ"
မကွယ်မဝှက်စတမ်း ဝန်ခံရလျှင်အခြေတည် ဝိဉာဉ် အစာကို ကိုင်တွယ်ရတာတောင် သူ့ အတွက် အတန်ငယ်ခက်ခဲပါသည်။နတ်ဘုရား အသွင်ပြောင်း အဆင့် ဝိဉာဥ်အစာချက်ပြုတ်နည်းဆိုလျှင်
ထည့်မပြောပါတော့နှင့်။
သူ့စကားအား အကြီးအကဲမင် တဟားဟား ရယ်ပြီး
"မင်းရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကို လူတွေ မြည်းစမ်းခွင့်မရကြဘူး..
ယွီလန်းသာ မင်းရဲ့ အရည်အချင်းကို သိရင် လင်းလောင်တောင်ထိပ်ကို သူ ဇောက်ထိုးဖြစ်သွားအောင် သောင်းကျန်းလိမ့်မယ်"
အကြီးအကဲမင်၏ ချီးကျူးစကားအား
လုရီ ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး
"အကြီးအကဲမင်...ချဲ့ကားနေပါပြီဗျာ..."
သူတို့စကားဝိုင်းတွင် လျိုနင်ရွှမ်းသည် သူမ၏ ဝိုင်ကို အရသာခံပြီး တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်တွင်ပင် မကောင်းဆိုးဝါး ဆန်သော ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာသည်။
"ဟားဟားဟားဟားဟား......ခွေးအိုကြီးမင်၊ ငါတို့ ပိုင်နက်ပေါ်ကို လာကျူးနေတာလား... မင်း ငါတို့ကို ကြိုပြီး အသိပေးသင့်တယ် မဟုတ်လား..."
ထိုစကားသံ အဆုံးတွင် ရုတ်တရက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု ပေါက်ကွဲလာပြီး ထိုအားလှိုင်း၏ ဖိအားအောက်တွင် ပတ်ဝန်းကျင်တောင်တန်းများဆီမှ ပိုးကောင်များ၏ နားဆူလှသော တကျည်ကျည် မြည်သံများပင် ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်။
-------------
အခန်း၁၈၅ -မကြုံစဖူး ရက်ရောသော အလုပ်ဆုများ...
~၎င်း အသံကို ကြားလိုက်ရတော့ လုရီ၊အကြီးအကဲမင်နှင့် လျိုနင်ရွှမ်းတို့ အလျင်အမြန် ထရပ်လိုက်ရင်း သူတို့၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။
တောင်ထိပ်တစ်ခုဆီကို လှမ်းကြည့်လိုက်တော့ အကြီး အကဲမင် မျက်ခုံးတွေ တွန့်သွားသည်။မည်သည့်အချိန်က ရှိနေသည်မသိ..တောင်ထိပ်၌ အဘိုးကြီး တစ်ယောက် မတ်တပ်ရပ်နေလေသည်။
အဘိုးအို၏ ကိုယ်တဝိုက်၌ မကောင်းဆိုးရွားဆန်သော အမှောင်ဝိညာဉ် မြူထု ပြင်းထန်စွာ ရစ်သိုင်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အားလှိုင်းက နေရာလပ်ကို ပုံပျက်စေခဲ့သည်။ အခြားနေရာများတွင်လည်း နက်နဲသော ချောက်ကြီးသဖွယ် အရှိန်အဝါများစွာ ထွက်ပေါ်လာသည်။
အကြီး အကဲမင်က ပြင်းထန်သော ဓားစိတ်ဆန္ဒအား သူ့ကိုယ်တွင် လွှမ်းခြုံစေလိုက်ရင်း အဘိုးအိုကို ကြည့်ကာ အေးစက်စွာ ကဲ့ရဲ့သည်။
" ဟေ့လူ ယူယင်..အရင်တခါ ငါ့ရဲ့ဓားချက်ကနေ ပြန်သက်သာလာပြီလား၊ ဒါတောင် မင်း ငါ့ရှေ့မှာ ပေါ်လာရဲသေးတယ်"
ထိုအခါ ယူယင်ဟု ခေါ်ခံရသော ထိုအဘိုးအိုက တဟိီးဟီး ရယ်နေပြီး သူ့ပတ်ဝန်းကျင်မှာလည်း အမှောင်ဝိညာဉ် အလင်းများ ဖြာထွက်နေခဲ့သည်။
"ခွေးအိုကြီးမင်..မင်းရဲ့ ခွန်အားက တကယ့်ကို ကြောက်စရာပဲ၊ ကောင်းကင်ထိ မြင့်တက်နေတဲ့ မင်းရဲ့ဓားစိတ်ဆန္ဒနဲ့ ငါတို့ မင်းကို မဖမ်းနိုင်ဘူး၊ ဒါပေမယ့် မင်းက ငါတို့ရဲ့ ပစ်မှတ် မဟုတ်ဘူး"
ရုတ်တရက် လုရီသည် ကျွမ်းကျင်ပညာရှင်များစွာက သူ့အား သူတို့၏ အရှိန်အဝါဖြင့် ပိတ်လှောင်ထားသည်ဟု ခံစားလိုက်ရ
သဖြင့် အလိုအလျောက် မျက်မှောင်ကြုတ်သွားရသည်။
.. ဒီလူယုတ်မာတွေက တကယ်ပင်...သူ့အား လာဖမ်းကြခြင်းပင်။
ထိုအခိုက်အတန့်၌ လျိုနင်ရွှမ်း၏ ချောမောလှပသော မျက်နှာသည် အေးစက်နေကာ သူ့အား ခပ်တိုးတိုး ပြောလာသည်။
"ငါတို့ သတိထားနေပေမဲ့ မထင်မှတ်ပဲ ငါတို့ကို ရှာတွေ့သွားတယ်၊ ဂျူနီယာမောင်လေး..၊ အချိန်ကျရင် ငါ့နောက် လိုက်ခဲ့ နော်"
လုရီ သဘောပေါက်သလို ခေါင်းညိတ်လိုက်သည်။
အကြီး အကဲမင်သည် ဝန်းကျင်ကို အကြည့်များ လှည့်ပတ်လိုက်ရင်း
အထင်တသေး ကဲ့ရဲ့လိုက်သည်။
"ဟင်းလင်းပြင် ဥမင် ပုဂ္ဂိုလ်တစ်ယောက်..နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ် သုံးယောက်နဲ့..အခြေတည် ဝိညာဉ် ပုဂ္ဂိုလ်ဆယ်ယောက်၊ ဟမ့်..ဒိီလူတွေအကုန်လုံးက ရွှေအူတိုင်ချာတိတ်ကလေးကို ပစ်မှတ်ထားနေတာလား.. တကယ့်ကို ကြီးမြတ်လှတယ်။"
ယူယင်သည် အကြီးအကဲမင်၏ ရှုတ်ချမှုကို လုံးဝ ဂရုမစိုက်ဘဲ မှင်သေသေပြောသည်။
"ဒီရွှေအူတိုင် ချာတိတ်လေး က သာမန်မဟုတ်ဘူး၊ သူ့ရဲ့ အောင်မြင်မှုက ဆယ့်နှစ်မိုင် အလျား ကောင်းကင်ဘုံဒုက္ခကို ဆွဲဆောင်ခဲ့ပြီး ငါတို့အတွက် ဖိအားရှိတယ်... ခွေးအိုကြီးမင်..မင်း ထွက်ပြေးဖို့ ငါတို့က စိတ်မဝင်စားလို့ပဲ၊ မဟုတ်ရင် ဒီထက် ပိုပြီး လူတွေ ခေါ်လာဦးမယ်...ဒါပေမယ့် အခုက လုံလောက်ပြီပဲ ဟုတ်တယ်မလား..ဟီးဟီးဟီး"
အကြီးအကဲမင်၏ ပတ်၀န်းကျင်ရှိ ဓားစိတ်ဆန္ဒ အားလှိုင်းမှာ ပိုမို ပြင်းထန်လာကာ
" ခွေးကောင် ယူယင်..မင်း တကယ် အရှက်တရားဆိုတာကို မသိတာကိုး" ဟု
မတုန်လှုပ်သော အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။
"ဟီးဟီး၊ မင်းရဲ့တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုးမျိုးစေ့ကို အမြစ်ဖြတ် သုတ်သင်ဖို့အတွက် ငါတို့ ဘာကို ရှက်နေရမလဲ။"
ပြောပြောဆိုဆိုနှင့် ယူယင်၏ အရှိန်အဝါသည် အကြီးအကဲမင်နည်းတူ တဟုန်ထိုး မြင့်တက်လာပြီး နှစ်ယောက်စလုံးသည် စက္ကန့်မဆိုင်း တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေကြလေပြီ။
ထိုအချိန်တွင် အကြီးအကဲ မင်က
လျှို့ဝှက်အသံ ပေးပို့လာသည်။
"ယူယင်နဲ့ နတ်ဘုရားအသွင်ပြောင်း သုံးယောက်ကို ငါ ကိုင်တွယ်လိုက်မယ်၊
မင်းတို့နှစ်ယောက် အရင် ထွက်ပြေးကြတော့..
ချင်ကျိုးနယ်ရဲ့ ထျန်းလူမြို့မှာ ဆုံကြမယ်"
အကြီးအကဲမင်၏ အမိန့်ကို လုရီနှင့်
လျိုနင်ရွှမ်း နှစ်ယောက်စလုံး လျှို့ဝှက်အသံပေးပို့ကာဖြင့် ပြန်လည် တုံ့ပြန်လိုက်ကြ၏။
ချက်ချင်းပင် ထန်ခနဲ မြည်သော သတ္တုအသံတစ်ခု ပေါက်ကွဲလာပြီး အကြီးအကဲမင်၏ ကိုယ်တဝိုက်၌ အေးစက်သော ငွေရောင်အလင်းတန်းတစ်ခု
ဖြာကျသည်။ မယုံနိုင်လောက်အောင် ထက်မြက်သော ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ ထိုးတက်ကာ နဂါးငွေ့တန်းအသွင် လည်ပတ်နေလျက် လေးဘက်လေးတန် ခွဲဖြာသွားသည်။
အထူထပ်ဆုံးသော ဓားအလင်းတန်းသည် ယူယင်ဆီသို့ ပစ်ခတ်သည်။
အခြားအလင်းတန်းသုံးခုသည် နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူသုံးဦးကို ပစ်မှတ်ထားခဲ့သည်။
ယူယင်က အမိန့်ပေးလိုက်၏။
"သတ်စမ်း..မင်းတို့အင်အားကို အပြည့်အဝထုတ်ဖော်ပြီး လုရီကို သတ်ကြ"
ပြောပြောဆိုဆိုနှင့် ယူယင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်သွားချိန်တွင် မူလ ရပ်နေသည့် နေရာ၌ လက်ကျန် ကိုယ်ပွားတစ်ခုသာ ချန်ထားခဲ့ရင်း အမည်းရောင် အလင်းလွှာတစ်ခု ဝန်းရံထားသည့် ကြီးမားသော လက်တစ်စုံအဖြစ် ပြောင်းလဲသွားကာ ဓားစိတ်ဆန္ဒအား ပိတ်ဆို့သည်။
အခြားနတ်ဘုရား အသွင်ပြောင်းနယ်ပယ်ကျင့်ကြံသူ သုံးဦးလည်း ဒေါသတကြီး မာန်သွင်းကာ အစွမ်းထက် တိုက်ခိုက်ရေး ရတနာများကို ကိုယ်စီ ထုတ်ဖော်လိုက်ကြသည်။ တိုက်ခိုက်ရေး ရတနာများ၏ ဝိညာဉ်အလင်းရောင်များ လင်းလက်လာပြီး ဓားအလင်းကို ထိပ်တိုက်တွေ့၍ အာကာသကို တုန်ခါစေသည်။
...
အကြီးအကဲမင် ထိုသို့ လှုပ်ရှားလိုက်သည့်အခိုက်တွင် လုရီနှင့် လျိုနင်ရွှမ်း တို့သည် သူတို့၏ မူလနေရာမှ ပျောက်ကွယ်သွားပြီး ဖြစ်၍ သက်တန့်အလင်းအဖြစ် ပြောင်းလဲကာ ချင်းကျိုး မှ ဝေးသော ဦးတည်ရာဆီသို့ ပျံသန်းသွားကြသည်။
" မပြေးနဲ့..ရပ်စမ်း!"
အခြေတည် ဝိဉာဉ်ကျွမ်းကျင်သူအုပ်စုသည် ဒေါသတကြီးအော်ကာ လုရီနှင့်
လျိုနင်ရွှမ်းအား ကမူးရှူးထိုး လိုက်ဖမ်းကြသည်။
လျိုနင်ရွှမ်း၏ လှပသော မျက်နှာကလေးသည် အေးစက်နေခဲ့သည်။
သူမ၏ ကိုယ်ပတ်ပတ်လည်၌ နှင်းခဲများ ဖွဲ့တည်လာပြီး သူမ၏ လက်ထဲတွင် ဓားရှည်တစ်လက် ရုတ်တရက် ပေါ်ထွက်လာသည်။ နှင်းခဲလွှာများသည် သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အလင်းတန်းများအဖြစ် စုရုံးကာ အခြေတည် ဝိညာဉ် ကျင့်ကြံသူများဆီသို့ မြှားအသွင် ပစ်ခွင်း၍ သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နှင်းခဲ
အားလှိုင်းသည် အခြေတည် ဝိညာဉ်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအား အေးခဲသွားစေ၏။ အစွမ်းရှိသမျှ ခုခံရင်း သူတို့၏ အရေပြားများ အေးခဲ ထုံကျင်လာကြသည်။
လုရီတို့ကို ပိတ်ဆို့ထားသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူ နှစ်ဦးလုံး မျက်နှာ အမူအရာ မည်းမှောင်သွားကြသည်။
သည်လူတွေက တိုက်ခိုက်ရေး ရတနာနှစ်ခုကို ထုတ်သုံးလာသည်။
တစ်ခုက အစိမ်းရောင် ပုလဲလုံး..။
အစိမ်းရောင် မြူခိုးများကို မရပ်မနား ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြေမွသွားအောင်ပင် လေထုကို တုန်လှုပ်စေလာသည်။
တိုက်ခိုက်ရေး ရတနာ နောက်တစ်ခုမှာ ထူထဲသော သွေးစွမ်းအင်များ ပြည့်နှက်နေသော အနီရင့်ရောင် အလံတစ်ခု ဖြစ်လေ၏။ အလံသည် လေထဲတွင် တဟူးဟူး လွင့်နေကာ လုရီ နှင့် လျိုနင်ရွှမ်းအား ဦးတည်၍ အလံမှ သွေးအလင်းတန်းများ ပစ်လွှတ်လာသည်။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ
လျိုနင်ရွှမ်းသည် တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်ရင်း သူမ၏ မျက်လုံးများတွင် နှင်းခဲများ အရိပ်အမြွက် ပြလာသည်။ ကျောက်စိမ်းလို လှပသော လက်များသည် လေထဲ၌ မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်နှင့်တပြိုင်နက် ကောင်းကင်မှ နှင်းခဲများ ကြွေကျလာသည်။
လောကအား ပြင်းထန်သော အအေးဓာတ်က လွှမ်းခြုံထားတော့သည်။ နှင်းခဲများသည် အစိမ်းရောင် မြူခိုးများနှင့် သွေးအလင်းတန်းတို့ကို ထိတိုက်လိုက်သည်နှင့်တပြိုင်နက် ၎င်းတို့က အေးခဲသွားကာ ရေခဲတုံးများအဖြစ် မြေပြင်ပေါ်သို့ ကျသွားသည်။
ထိုမြင်ကွင်းအား မြင်တွေ့ရသောအခါအခြေတည် ဝိညာဉ်ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာဝယ် အံ့အားသင့်သော အရိပ်များ ဖြတ်ပြေးသွားပြီး သူတို့ နှစ်ဦးစလုံး ကြောက်အားလန့်အားနှင့် အလျင်အမြန် နောက်ဆုတ်သွားကြသည်။
တစ်ယောက်က ထိတ်ထိတ်ပျာပျာနှင့် သူ့အဖော်ကို မေးသည်။
"ဒီကောင်မလေးက..တကယ်ပဲ ဘယ်သူလဲဟ.."
"သတိထား..ဒီကောင်မလေးက အရှေ့ဒေသရဲ့ ထိပ်သီး လူငယ်ပါရမီရှင် စာရင်းမှာ ထိပ်တန်းငါးဦးထဲက တစ်ယောက်ပဲ.. အရမ်း အစွမ်းထက်တယ်.."
လျိုနင်ရွှမ်းသည် ရေခဲနတ်ဘုရားမလေးတစ်ပါးအသွင် လှပစွာ သိုင်းကွက်ထုတ်ဖော်နေသည်။ သူမသည် အေးခဲသော မျက်နှာ ရှိနေပြီး လက်ဟန်များ အဆက်မပြတ် ပြောင်းလဲနေကာ နောက်အခိုက်အတန့်တွင် အေးစက်သော လေပြင်းကြီး တဟူးဟူး တိုက်ခတ်လာကာ နှင်းမုန်တိုင်းသည် ပိုမို သည်းထန်လာသည်။
ထူထပ်သော နှင်းထုအတွင်း၌၊ အေးစက်သောလေနှင့် နှင်းခဲများက ကောင်းကင်ကိုဖုံးလွှမ်းသွားသော ဧရာမလက်ကြီးနှစ်ဖက်အသွင် ဖြစ်တည်ကာ အခြေတည် စိတ်ဝိညာဉ်ကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်သည်။
အခြေတည် ဝိဥာဉ်ကျင့်ကြံသူ နှစ်ဦးမှာ မာန်သွင်း၍ အော်ဟစ်ကာ အဆက်မပြတ် ခုခံသော်လည်း ဧရာမ ရေခဲလက်ကြီးနှင့် မယှဉ်နိုင်ဘဲ အဝေးသို့ လွင့်သွားအောင်
ရိုက်ချခံရတော့၏။
သူတို့ ကိုယ်မှ ဝိညာဉ်အလင်းများ မှိန်ဖျော့သွားကာ ခန္ဓာကိုယ်များက တစ်ဝက်တစ်ပျက် ရေခဲအဖြစ် အေးခဲသွားကာ အရိုးများ ကျိုးပဲ့ကာ အရွတ်များ ပေါ်လာသည်။
သန်မသော အခြေတည် ဝိညာဉ်ကျင့်ကြံသူ နှစ်ဦးသည် လျိုနင်ရွှမ်း၏ တိုက်ကွက် တစ်ကွက်ကိုတောင် ခံနိုင်ရည်
မရှိခဲ့ပေ။
"ဂျူနီယာ မောင်လေး... သွားကြစို့!"
လျိုနင်ရွှမ်း၏ မျက်နှာသည် ပကတိ တည်ငြိမ်နေပြီး သူမသည် လုရီအား ဝန်းရံထားသောနေရာမှ ခေါ်ထုတ်ပြီး အဝေးဆီသို့ ပျံသန်းသွားသည်။
...
သူမတို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး ကောင်းကင်နှင့်မြေကြီးတစ်လျှောက် နားအူဖွယ် တဝုန်းဝုန်း ပေါက်ကွဲသံကြီးများ ဘဝဂ်ညံနေသည်။ တောင်တန်းတစ်ခုလုံး တသိမ့်သိမ့် တုန်ကာ တောင်ထိပ်များ ပြင်းထန်စွာ ကျိုးပဲ့ကာ မြေပြင်တွင် နက်ရှိုင်းသော အက်ကွဲရာများ ချန်ရစ်သည်။
စမ်းချောင်းအနီးရှိ သူတို့ ကနဦးက အသားကင်ထားသည့်တုတ်ချောင်းမှာ မီးခိုးငွေ့အဖြစ် ချက်ချင်း အငွေ့ပျံသွားပြီး စမ်းချောင်းအောက်မှ ကျောက်တုံးများ စိစိညက်ညက် အမှုန့်ကြေ သည်။
မြေငလျင်ကြီးတစ်ခုလိုပင် ဖြစ်ချေ၏။
၎င်းက ဟင်းလင်းပြင်ဥမင် ပုဂ္ငိုလ် နှစ်ဦး ထိပ်တိုက်တွေ့မှု၏ ကပ်ဘေးပင်။
လုရီ သူ့တကိုယ်လုံး အေးစက်သွားသည်ကို ခံစားလိုက်သည်။
နောက်ဆက်တွဲငလျင်အဆင့်ကပင် အကြီးအကျယ် အားကောင်းနေသည်။ ထိပ်တိုက်ရင်ဆိုင်မှု ဗဟိုချက်တွင် မည်သို့မည်ပုံ ဖြစ်မည်ကို မှန်းဆရခက်ပါသည်။ သို့သော်၊ ယခုအချိန်တွင် ၎င်းက သူ စွမ်းနိုင်သော အတိုင်းအတာထက် ကျော်လွန်လေသည်။ ပိတ်ဆို့ထားသော အခြေအနေမှ လွတ်မြောက်ပြီး သူတို့သည် ဝေးကွာသော မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေတော့သည်။
.....
လုရီတို့နောက်တွင်မူ သူတို့ကို လိုက်လံဖမ်းဆီးနေကြသည့် အခြေတည်ဝိဥာဉ် ကျင့်ကြံသူများ ပိုင်ဆိုင်သည့် ပြင်းထန်သော အရှိန်အဝါများ ဆက်တိုက်လိုက်လာကြလေသည်။
-------------
အခန်း၁၈၆ -မကြုံစဖူး ရက်ရောသော အလုပ်ဆုများ...
~လုရီသည် ဓားရှည် တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ မသေမျိုး
ဓားချီဖြင့် လွှမ်းခြုံထားကာ သူ၏ အရှိန်မှာ အလွန်အမင်း လျင်မြန်သည်။
ယခု အသုံးပြုနေသော ပျံသန်းရေးသိုင်းသည် ယခင်က သူအသုံးပြုခဲ့သော မိုးကြိုးအရိပ် ခြေလှမ်း မဟုတ်တော့ပါ။အကြောင်းမှာ မိုးကြိုးအရိပ် ခြေလှမ်းမှာ ယခုအခါ သူ၏ အရှိန်အဟုန်ကို လိုက်မမီနိုင်တော့သည့် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အဆင့် သိုင်းပညာတစ်ခုမျှသာ ဖြစ်နေ၍ပင်။
ယခု ထုတ်ဖော်လိုက်သော သိုင်းပညာမှာ အခြေတည် ဝိဉာဉ် အဆင့်..လွတ်မြောက်ရေးဓားသိုင်း ဖြစ်သည်။ သိုင်းကျမ်းဆောင်မှာ သူတွေ့ခဲ့ရပြီး ၎င်းကို မူလလွတ်မြောက်ဓားဟု ခေါ်ပါသည်။
ယခုအခါတွင် သူသည် သိုင်းကျမ်းဆောင်၌ ရှိနေသဖြင့် နည်းစနစ်အနည်းငယ်ကို ရှာရန် မဆိုထားနှင့်။ ဂိုဏ်းနှိပ်ကွပ်ရေးစွမ်းရည်များကိုပင် ပေါ့ပေါ့ပါးပါး လေ့လာနိုင်ခဲ့သည်။
ရွှေအူတိုင်နယ်ပယ်သို့ ဖြတ်ကျော်ခဲ့ချိန်မှာ မူလလွတ်မြောက်ဓားကို သင်ယူခဲ့ပြီးသားဖြစ်လေရာ ယခုအချိန်မှာတော့ သူ၏
စွမ်းရည် အဆင့်မှာ အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့ပါပြီ။
မူလလွတ်မြောက်ဓားသည် အခြေတည်
ဝိဉာဉ် သိုင်းပညာ ဖြစ်သည့်အလျောက်
လုရီ၏ ထူးကဲလှသော အရည်အချင်းဖြင့်ပင် လေးနှစ်အတွင်း ဤအဆင့်သို့ ရောက်ရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် လုရီမှာ အလွန် အစွမ်းထက်သော ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသောကြောင့် ကျင့်ကြံမှုကို တစ်ဝက်တစ်ပျက် လေ့ကျင့်ရုံဖြင့် နှစ်ဆ အောင်မြင်စေပါသည်။ သို့ဖြစ်လေရာ..လေးနှစ်မျှနှင့် အစွမ်းထက် အခြေတည် ဝိဉာဉ် အဆင့် သိုင်းစွမ်းရည်ကို ယခုလိုအဆင့်အထိ လေ့ကျင့်နိုင်ခဲ့လေသည်။
သို့သော် သူ့အတွက် အဆင့်ကိုး မူလလွတ်မြောက်ဓား စွမ်းရည်ကိုအသုံးပြုရန်
မလိုအပ်ပါ။ စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်း နယ်ပယ်မှ စွမ်းရည်များကို အသုံးပြုရုံဖြင့်ပင်၊ သူသည် ခိုင်မာသော
အမြန်နှုန်းကို ထိန်းသိမ်းပြီး သူ့နောက်မှ လိုက်ဖမ်းနေသော အခြေတည် ဝိညာဉ် ကျင့်ကြံသူများ၏ လက်တွင်း ကျရောက်မည် မဟုတ်ပေ။
လျိုနင်ရွှမ်းသည် နှင်းခဲများရှေ့သို့ တွန်းပို့လိုက်သကဲ့သို့ အေးစက်သော အားလှိုင်းဖြင့် ဝန်းရံထားကာ သူမ၏အမြန်နှုန်းမှာ ၎င်းနှင့် ကန့်သတ်ထားခြင်း မဟုတ်သည်မှာ ထင်ရှားသော်လည်း လုရီ၏ အရှိန်အဟုန်နှင့် ကိုက်ညီအောင် ထိန်းသိမ်းထားခြင်း ဖြစ်လေသည်။
လုရီ၏ အရှိန်ကို မြင်လိုက်သောအခါ
လျိုနင်ရွှမ်း၏ မျက်လုံးများသည် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ်လာကာ ပေါ့ပါးစွာ ပြုံးလိုက်ပြီး
"မောင်လေးလုရဲ့အမြန်နှုန်းက တကယ်မြန်လိုက်တာ၊ အစတုန်းက နင့်ကို ခေါ်ပြီး ပျံသန်းဖို့ ငါ တွေးထားပေမယ့် အခုတော့
မလိုအပ်ဘူး ထင်ပါတယ်"
၎င်းကို ကြားလိုက်ရသောအခါ လုရီ လန့်ဖျပ်သွားပြီး သူက အတည်ပေါက် မျက်နှာထားဖြင့် ပြောလိုက်သည်။
"စီနီယာ အစ်မ၊ ကျွန်တော့်ရဲ့ လက်ရှိအမြန်နှုန်းက အကန့်အသတ် ရောက်နေပြီဗျ.. ဒီလိုမျိုးတောင် ကျွန်တော်တို့နောက် လိုက်ဖမ်းနေတဲ့ လူတွေကို တွန်းလှန်နိုင်ပါ့
မလား မသေချာဘူး။ စီနီယာအစ်မက...
ကျွန်တော့်ကို ခေါ်ပြီး ပျံသန်းနိုင်မလား။
ပိုလုံခြုံအောင် ကျွန်တော်တို့ မြန်မြန်ထွက်သွားရမယ်လေနော်..."
ဒါကို ကြားတော့ လျိုနင်ရွှမ်းက ခဏလောက် စဉ်းစားပြီး
"ဒီလို ဆိုလည်း ကောင်းပြီလေ" ဟု သိမ်မွေ့စွာ ခေါင်းညိတ်လိုက်သည်။
လျိုနင်ရွှမ်းသည် ညင်သာစွာ လက်
တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက်အခိုက်အတန့်မှာတော့ အေးစက်သော လေပြင်းတစ်ခုက လုရီအား ရစ်ပတ်ကာ
လုရီ တစ်ကိုယ်လုံးကို အေးစက်သွားစေခဲ့သည်။
.. နည်းနည်းအေးတယ်ဟ။..
သူသည် အသံတ်ိတ် အာမေဍိတ်တမိသည်။..
ထို့နောက် လျိုနင်ရွှမ်းက သူ့အား သယ်ဆောင်ကာ ပျံသန်းသွားခဲ့သည်။
...
လုရီ၏ မျက်နှာသည် အအေးဓာတ်ကြောင့် အနည်းငယ် ဖျော့တော့သွားရသည်။ သူ့ကို ခေါ်ပြီး ပျံသန်းခြင်း ဆိုသည်မှာ သူ့ကို ပွေ့ဖက်ထားခြင်း.. သို့မဟုတ် ..၎င်းနှင့် တူညီသော တစ်ခုခုဟု မူလက တွေးထင်ထားမိခြင်းပါ။
...အခုတော့ ဒီလိုတဲ့လား။ ကျဥ ကျဥ...
နည်းနည်းတော့ ဝမ်းနည်းမိသည်။ အတော်လေး အေးပါသည်။
သို့သော် သူသည် စကားထပ်မဆိုတော့ဘဲ သူ့နောက်သို့ လှည့်ကြည့်လိုက်တော့ အခြေတည်သော ဝိဉာဉ်ကျင့်ကြံသူများ
တစ်ယောက်ပြီး တစ်ယောက် နောက်ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။
...စီနီယာအစ်မက အခြေတည် ဝိညာဉ်ကျင့်ကြံသူတွေထဲက ထိပ်တန်း ပါရမီရှင်
ပိီသပါပေတယ်..သာမန် အခြေတည်ဝိညာဉ်ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လို့တောင် မရဘူး။...
လုရီသည် အထင်ကြီးစွာ ပင့်သက်ချမိသည်။
ထိုအခြေတည် ဝိညာဉ်ကျင့်ကြံသူများ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ရာ တောက်ပသော ဝိညာဉ် အလင်းတန်း ဝေ့ဝဲနေသည်။
မူလက ကြည်လင်သော ကောင်းကင်ကြီးအား လမိုက်ည အဖြစ်သို့ ပြောင်းလဲသွားရ၏။ ည၏ တိတ်ဆိတ်မှုက အဆုံး မသတ်နိုင်သော လူသတ်စိတ်ဆန္ဒများဖြင့် အုံ့မှိုင်းနေသည်။ အမှောင်ညကို ဖြတ်ပိုင်းကာ အမှောင်ထုကို ငြိမ်းသတ်ပြီး နေရောင်ခြည်ကို ပြန်လည် ဆောင်ကျဉ်း၍ ကောင်းကင်သို့ ပျံတက်လာသော ငွေရောင်ဓားချီကိုလည်း လုရီ တွေ့မြင်ခဲ့ရ၏။
တောင်တန်းများကို အုပ်မိုး.. မြစ်များကို ကြမ်းတမ်းစွာ ရိုက်ပုတ်၍ လောကအား တုန်လှုပ်စေသည့် ဧရာမ လက်မည်းကြီးတစ်ဖက်အား မြင်လိုက်ရသည်။ တောင်တန်းများသည် ချိုင့်ခွက်များ ဖြစ်ပေါ်ကာ မြေပြင်သည် အက်ကြောင်းများ
ဖြင့် ပြည့်နေသည်။
ဝေးကွာလှသော အကွာအဝေးမှပင် သူ့အောက်ရှိ မြေပြင်.. ပြင်းထန်စွာ လှုပ်ရမ်းသွားသည်ကို ခံစားနိုင်သေးသည်။
ကောင်းကင်နှင့် မြေကြီးကို အလင်း ထွန်းညှိ ပေးသော ငွေရောင် တောက်တောက် အလင်းတန်းကိုလည်း တွေ့မြင်ခဲ့ရပြီး၊ ၎င်း၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးသည် ဖုန်မှုန့်များအဖြစ် ပြိုကျကာ မူလ ရှေးဦး အခြေအနေသို့ ပြန်သွားခဲ့လေသည်။
ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူများ၏ တိုက်ပွဲသည် သူ့ယခင် ကမ္ဘာမှ နျူကလီးယားဗုံးထက် ပိုမို တုန်လှုပ်ချောက်ချားဖွယ် ကောင်းပြီး မြေကြီး တုန်စေသည်။
ထိုအချိန်တွင်ပင် ထိုအရပ်မျက်နှာဘက်မှ ပြင်းထန်သော ဟိန်းဟောက်သံ တစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး အနက်ရောင်နှင့် ငွေရောင် အလင်းတန်းသည် အခြားသော အလင်းရောင်များနှင့် ရောနှောကာ အဝေးမှ တောက်လျှောက် လင်းလက်လာသည်။
ထို့နောက်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လုရိီတို့ထံ မြန်ဆန်သော အဟုန်ဖြင့် ဦးတည်လာသည်။
..ဒါ ..နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူရဲ့ အရှိန်အဝါပဲ။
ဤဖိနှိပ်သော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် လျိုနင်ရွှမ်း၏ ငြိမ်သက်နေသော မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားကာ မျက်မှောင်ဖွဖွ ကြုတ်ကာ ရေရွတ်သည်။
"နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ ..
ငါတို့နောက် လိုက်လာပြီ"
လုရီလည်း မျက်မှောင်ကြုတ်ကာ
"ဟုတ်တယ်၊ အကြီးအကဲမင် သူ့ကို မတားနိုင်ဘဲ ဒီလူ လွတ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်"
"အမြန် သွားကြရအောင်!"
လျိုနင်ရွှမ်းသည် တစ်စက္ကန့်မျှပင် မတွေးဘဲ သူမ၏ ဝိညာဉ်စွမ်းအားကို ပိုမိုပြင်းထန်စွာ လည်ပတ်လိုက်ပြီး အရှိန်ကို တိုးမြင့်စေကာ အနောက်မှ အရူးအမူး လိုက်လံဖမ်းဆီးနေသော အခြေတည် ဝိညာဉ်ကျင့်ကြံသူများအား ပို၍..ပို၍ နောက်ကျ ကျန်စေခဲ့သည်။
သို့သော်ငြားလည်း ထိုသို့ မြန်ဆန်နေလျှင်ပင် လျိုနင်ရွှမ်းမှာ သူမတို့ နှစ်ဦးနောက်သို့ အဆက်မပြတ် လိုက်လာနေသော အလွန်အမင်း မြန်ဆန်လှသည့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို တွန်းလှန်၍
မရသေးပေ။
လျိုနင်ရွှမ်း၏ လှပသော မျက်ခုံးတန်းလေးများ တွန့်ချိုးသွားရပြီး
"ဒီအတိုင်းဆို၊ ငါတို့ အဖမ်းခံရတော့မယ်"
ထို့နောက်.. သူမက ခဏလောက် စဉ်းစားသလိုလေး လုပ်ကာ ပြောလာသည်။
"မောင်လေးလု.. ဒီနတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို ငါ ခဏအချိန်ဆွဲထားလိုက်မယ်၊ နင် အရင်သွားလိုက်ပါ"
ထိုအခိုက်အတန့်၌..လုရီ ထိတ်လန့်သွားပြီး လျိုနင်ရွှမ်းအား ပြန်ကြည့်ရင်း...
"ဒါက ဘယ်လိုဖြစ်မလဲ။ စီနီယာအစ်မက အစွမ်းထက်ပေမယ့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ..."
ထိုအခါ..လျိုနင်ရွှမ်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"ငါ့ပြိုင်ဘက် မဟုတ်ရင်တောင် ငါထွက်သွားနိုင်တယ်၊ သူ.. ငါ့ကို မတားနိုင်ပါဘူး။"
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ လုရီ လျိုနင်ရွှမ်းကို အံ့အားသင့်စွာ ကြည့်လာကာ ခဏမျှ ငြိမ်သက်သွားပြီးနောက်
"စီနီယာအစ်မ.. နတ်ဘုရားအသွင်ပြောင်းတဲ့ ကျင့်ကြံသူကို တကယ် တိုက်ခိုက်နိုင်တာလား" ဟု ပြန်၍ မေးလိုက်လေသည်။
"ခဏလောက် ထိန်းထားဖို့က ပြသနာ မရှိပါဘူး"
လုရီ၏ မျက်လုံးများ တောက်ပလာပြီး
"ငါတို့ နောက်က လိုက်ဖမ်းသူတွေကို ငါ သတ်ပစ်မယ်" ဟု စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်သည်။
[အလုပ်]
အနောက်မှ လိုက်ဖမ်းသူများကို သတ်ပါ။
ဆုကြေး- အနှစ်တစ်ထောင် သက်တမ်းရှိ ဝိညာဉ်ခြင်ဆီ အစက် ၁၀၀၊
အဆင့်နိမ့် ဝိညာဉ်လက်နက် 'ငြိမ်သက် ဝိညာဉ်ပုလဲ'၊ အစစ်အမှန် နဂါးသွေး ၁၀ စက်။
အလုပ်အား လက်ခံပါ- အလုပ်ကို လက်ခံမည်လား/ငြင်းမည်လား။
လုရီတစ်ယောက် ဆုကြေးကို
မြင်သောအခါ သူ့အသက်ရှူနှုန်းများ တခဏမျှ မြန်ဆန်လာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ဝိညာဉ် လက်နက်တစ်ခု။
သူ့အား ဝိညာဉ်လက်နက် တစ်ခုနှင့် ဆုချီးမြှင့်ခံရမည်လား။
သာမာန်သေမျိုး ကျင့်ကြံသူများအတွက်၊ ဝိညာဉ်လက်နက်ဟူသည် ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်နိုင်သော အစွမ်းထက်ဆုံး ကျင့်ကြံမှု ရတနာ ဖြစ်ပြီး နောက် ခြေလှမ်းတစ်ဆင့်တွင် မသေမျိုး လက်နက် တစ်ခု ဖြစ်လာနိုင်လေသည် မဟုတ်ပါလော။
ယေဘူယျအားဖြင့်ပြောရလျှင် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများပင်လျှင် ဝိညာဉ်လက်နက် တစ်ခုအား ပိုင်ဆိုင်ခွင့် ရနိုင်မည် မဟုတ်ပေ။ပေါင်းစည်းရေး နယ်ပယ်မှာတောင် ဝိညာဉ်လက်နက်တစ်ခုအား ပိုင်ဆိုင်ရဖို့ ရှားပါးလေသည်။
ဤသည်မှာ ဝိညာဉ်လက်နက် တစ်ခု
မည်မျှ အဖိုးတန်ကြောင်း ပြသနေပါသည်။ထို့အပြင် အစစ်အမှန် နဂါးသွေး ၁၀စက်လည်း ပါရှိလေသေး၏။ ယခင်က နဂါးသွေး တစ်စက်ကို ရရှိခဲ့သည်ကပင် ၎င်းသည် သူ့ကို များစွာ တိုးတက်စေခဲ့သည် မဟုတ်ပါလော။ ယခုတော့ ဆယ်စက် အပြည့်တဲ့လား။
နှိုင်းယှဉ်ကြည့်လျှင် အနှစ်တစ်ထောင်သက်တမ်းရှိ ဝိဉာဉ်ခြင်ဆီ အစက် ၁၀၀ သည် အထင်ကြီးလောက်စရာ အနည်းဆုံးဆုကြေးဟု ထင်ရပါသည်။
..အလုပ်က ပေးတဲ့ဆုတွေက ရက်ရောလှပါလားဟေ။..
လုရိီမှာ အူမြူးသွားတော့၏။
----------------