← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း၁၉၀- မသေမျိုး ဘုရင်ငယ်လေး...

~ အခြေတည် စိတ်ဝိညာဉ်နယ်ပယ်၏အထွတ်အထိပ်တွင် ရှိနေသည့် အဘွားကြီးသည် ကံမကောင်းစွာဖြင့် လုရီ ၏ ဓားချက်ကို မရှောင်နိုင်ဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။အခြေတည်ဝိဉာဉ် ကျင့်ကြံသူ သုံးဦးသည် ထိတ်လန့်မှုတို့ ပြည့်နှက်နေသော မျက်နှာများဖြင့် လုရီကို စိုက်ကြည့်နေကြသည်။

လုရီ၏ ခန္ဓာကိုယ်တွင် မိုးကြိုးပုံစံများ ထွက်ပေါ်နေပြီး၊ မိုးကြိုးစီး‌ကြောင်းများက သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေ၏။ပြင်းထန်သော သွေးချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ ရောယှက်၍ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူ၏ အနက်ရောင်ဆံပင်များက လေထုတွင် တဖျပ်ဖျပ် ယိမ်းနွဲ့ကခုန်နေကာ သူ၏ အရှိန်အဝါသည် ချောက်ချားဖွယ် ဖြစ်သည်။

ရွှေအူတိုင် ကျင့်ကြံသူမျှသာဖြစ်သော်လည်း တိုက်ခိုက်မှုတိုင်းတွင် အခြေတည် ဝိဉာဉ်ကျင့်ကြံသူများပင်လျှင် ပြာအဖြစ်သို့ ပြောင်းလဲသွားရသည်။သူတို့သုံးဦးသည် မသေမျိုးဘုရင်ငယ်တစ်ပါးအား တွေ့လိုက်ရသလိုပင်။

သူ့ကိုယ်တဝိုက်တွင် မိုးကြိုးအလင်းရောင်ဖြင့် ဝန်းရံထားသော လုရီက ထိုသူတို့ သုံးဦးကို တည်ငြိမ်စွာ ကြည့်လာသည်။

သူ့အတွက် နောက်ဆက်တွဲ အကျိုးဆက်အတွက် စိုးရိမ်စရာ မရှိအောင် တိုက်ခိုက်ခဲ့ရသည်မှာ အချိန် အတော်ကြာခဲ့လေပြီ။

အကြောင်းမှာကား ယခင်က တိုက်ပွဲတိုင်းက ရင်းနှီးသော တိုက်ပွဲ တစ်ခု ဖြစ်လေသည်။ ယွင်ရှီးနှင့် အခြားသူများနှင့် ယှဉ်ပြိုင်ရာတွင် သူ၏ အစစ်အမှန် ခွန်အားကို မည်သည့်အခါကမျှ အသုံးပြုရန်

မလိုအပ်ခဲ့ပေ။

ဤကဲ့သို့ ပြတ်ပြတ်သားသား လုပ်ဆောင်ချက်ဖြင့် ယခုမှသာလျှင်

သူ၏ စွမ်းအားများ မည်မျှအထိ တိုးတက်လာသည်ကို လုရီ သိရှိနားလည်လာခဲ့သည်။

သူသည် ရှေ့သို့ လှမ်းတက်ကာ ဓားအလင်းအဖြစ် ပြောင်းလဲ၍ ကျန်နေသော အခြေတည် ဝိဥာဉ်ကျင့်ကြံသူ

သုံးဦးထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။

"ပြေးကြ!"

လုရီက သူတို့ဆီ ပြေးဝင်လာသည်ကို မြင်တော့ သူတို့ သုံးယောက်၏ မျက်နှာများ အကြီးအကျယ် မည်းမှောင်သွားပြီး

တစ်ယောက်နှင့် တစ်ယောက် အသီးသီးပင် မတူညီသော လမ်းကြောင်းများသို့ ထွက်ပြေးသွားကြသည်။

သို့သော်ငြား..လုရီ၏ အရှိန်က မည်မျှ မြန်ဆန်လိုက်ပါသနည်း။ တခဏချင်းမှာပဲ သူသည် ဦးတည်ချက် ပြောင်းလဲပြီး

အဘိုးကြီးကို လိုက်မီလာသည်နှင့်တပြိုင်နက် ကြက်သွေးရောင် ဓားအလင်းတန်း စီးကြောင်းက ကောင်းကင်သို့ ဖြာထွက်သွားသည်။ အဘိုးကြီးထံမှ ဒေါသတကြီးဟိန်းဟောက်သံများ ထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအားကို အပြင်းအထန်ထုတ်ဖော်လိုက်သော်လည်း ခုခံရန် စွမ်းအား မရှိခဲ့ဘဲ ဓားအလင်းကြောင့်

အဘိုးကြီး၏ ကိုယ်သည် ပြာများအဖြစ်သို့ ဇီဝိန်ချုပ်ခဲ့သည်။

လုရီသည် အဘိုးကြီးအား နောက်

တစ်ကြိမ်ပင် ပြန်လည် မကြည့်ဘဲ နောက်ဆက်တွဲအရိပ် တစ်ခုအဖြစ် ချက်ချင်းပြောင်းလဲကာ လှပသော အမျိုးသမီးကို ပိတ်ဆို့ခဲ့သည်။

လုရီ ချဉ်းကပ်လာသည်ကို မြင်တော့ လှပသော အမျိုးသမီး၏ မျက်နှာသည် သိသိသာသာ ပျက်ယွင်းသွားကာ အသက်ချမ်းသာပေးရန် တောင်းပန်လာသည်။

"ငါ့.. ငါ့ကို မသတ်ပါနဲ့.."

သို့သော် သူမ စကားမဆုံးခင်မှာ ဓားအလင်းက သူမအား ဝါးမြိုသွားသည်။

လုရီသည် သနားညှာတာခြင်း ကင်းမဲ့သော လုပ်ကြံသတ်ဖြတ်သူကဲ့သို့ နောက်ဆုံး ခန္ဓာကိုယ် ထွားကျိုင်းသောလူ ဆီသို့

တစ်ဖန် ခုန်တက်သွားသည်။ထိုလူသည် နှေးကွေးသည် မဟုတ်ပဲ ခပ်ဝေးဝေးသို့ ပြေးသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမယ့် လုရီကတော့ သူ့ကို အလွယ်တကူ ဖမ်းမိနိုင်သေးသည်။

သူ့ထက် ခွန်အား မနိမ့်ကျသည့် ကျင့်ကြံသူ နှစ်ယောက် အလွယ်တကူ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရတော့ ထွားကျိုင်းသော လူသည် နောက်ဆုံးအနေဖြင့် အံတုပြီး အော်ဟစ်ကာ တိုက်ကွက်ထုတ်ဖော်လိုက်သည်။ သို့သော်

ကံမကောင်းစွာပဲ၊ ရထားတစ်စီးကို ရပ်တန့်ဖို့ ကြိုးစားနေသော ပုစဉ်းတစ်ကောင်လိုပင် အချည်းနှီး ဖြစ်ခဲ့လေသည်။လုရီက သူ့ကို ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

ဤသို့ဖြင့် အခြေတည် ဝိညာဉ်ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီးနောက် လုရီသည် သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်ပြီး အဝေး..ကောင်းကင်ယံဆီသို့ မျှော်ကြည့်လိုက်သည်။

၎င်းက လျိုနင်ရွှမ်းနှင့် ရှဲ့ယွီတို့ တိုက်ပွဲ ဖြစ်ပွားရာနေရာ ဖြစ်သည်။

ကောင်းကင်ယံ၌ တိမ်မည်းများ လွင့်ပျံလာကာ နှင်းမုန်တိုင်းများ သည်းထန်ကာ တောင်တန်းတစ်ခုလုံး နှင်းများဖုံးလွှမ်းကာ အရိုးထိ အေးခဲသွားသည်။ အဖြူရောင်ဝတ်ထားသော လျိုနင်ရွှမ်းသည် မသေမျိုး တစ်ပါးအသွင် တင့်တယ်လှပြီး လေထဲတွင် လွင့်မျောနေ၏။

တစ်ဖက်တွင် သွေးမြူထုကြီး လွင့်ပျံ့လာကာ သွေးနံ့များ ပြင်းထန်စွာ ညှီစော်နံနေသည်။

သွေးမြူများအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော သွေးရောင်အလင်းတန်းများ ဖွဲ့တည်ပြီး အချို့မှာ သွေးဓားရှည်များအဖြစ်သို့ ပြောင်းလဲသွား၏။ အချို့မှာ ဧရာမ သွေးလက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားကာ အချို့မှာ သွေးတောင်များအဖြစ်သို့ ပြောင်းလဲ၍ လျိုနင်ရွှမ်းထံ ပျံလွှားတိုက်ခိုက်ကြသည်။

လျိုနင်ရွှမ်းသည် အေးခဲဖန်ဓားကို ကိုင်ဆောင်ကာ တိုက်ခိုက်မှုများကို အဆက်မပြတ် ခုခံနေစဉ် အေးစက်ပြီး လေးနက်သော အမူအရာ ရှိနေသည်။

သို့သော်လည်း သူမသည် ရှဲ့ယွီ၏ ထိုးစစ်ကို အပြည့်အ၀ မခုခံနိုင်ဘဲ နောက်ဆုတ်နေရသည်။

နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် အားကောင်းကြသည်။ အခြေတည် ဝိညာဉ်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ထိုသူတို့သည် လမင်းကြီးနှင့် ကြယ်အမှုန်အမွှားများကဲ့သို့ ဖြစ်ပြီး လုံးဝပင် အဆင့် ကွဲပြားပါသည်။

အခြေတည် ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင်လျှင် ကနဦးအဆင့်

နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ တိုက်ကွက်တစ်ကွက်အား တွန်းလှန်ရန် အားနည်းလွန်းလှသည်။ လျိုနင်ရွှမ်းသည် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အခြေတည် ဝိညာဉ် အဆင့်မျှဖြင့် ခုခံနိုင်နေသည်က မှင်သက်စရာ စွမ်းရည် ပြသမှုတစ်ခု ဖြစ်နေလေပြီ။

လျိုနင်ရွှမ်း အရေးနိမ့်နေ၍ အဆက်မပြတ်ဆုတ်ခွာသွားကာ သူမ၏ အရှိန်အဝါသည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် လုရီသည် ကူညီရန် သူ့ကိုယ်သူ အလင်းတန်းတစ်ခုအဖြစ်သို့ အမြန် ပြောင်းလဲပြီး သူတို့၏ တိုက်ပွဲဆီသို့ ဦးတည်သွားခဲ့သည်။

သွေးမြူခိုးများသို့ နီးကပ်လာသည်နှင့်အမျှ သူ၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ ပျံတက်သွားကာ သူ့ခန္ဓာကိုယ်သည် ရွှေရောင်ချပ်ဝတ် ဆင်မြန်းထားသည့်နှယ်.. ရွှေရောင် ဝိညာဥ် အလင်းလွှာဖြင့် တောက်ပနေသည်။

သူ၏ ပြီးပြည့်စုံခြင်းအဆင့် ဓားစိတ်ဆန္ဒကို အပြည့်အဝ ထုတ်ဖော်လိုက်သည့်အခါ နက်နဲနေမင်းဓားသည် အသက်ဝင်လာပြီး မြည်ဟည်းသံတစ်ခုကို ထုတ်လွှတ်သည်။

မိုးကြိုး အဖျက်စွမ်းအားနှင့် တွဲဖက်လာသော မသေမျိုး နယ်ပယ်သည် နက်နဲနေမင်းဓားအတွင်းမှ နေတစ်စင်းလို စွမ်းအင်ဖြင့် ပဲ့တင်ထပ်ကာ လေထဲတွင် ဓားချီခုနစ်ခုအား ဖြာထွက်စေသည်။

လုရီသည် ဆန်းကြယ် မှော်ဓားခုနစ်လက်သိုင်းအားလည်း ထုတ်ဖော်လိုက်ရာ ဓားချီခုနစ်ခုမှာ ကြက်သွေးရောင် ဥက္ကာပျံများကဲ့သို့ သွေးမြူထဲသို့ စိမ့်ဝင်သွားစေပြီး သွေးမြူ တုန်လှုပ်သွားသည်။

ရှဲ့ယွီသည် ဓားချီ တစ်ခုစီကို အာရုံခံမိစဉ် ခေါင်း လှည့်ကြည့်လိုက်ရာ

လုရီ ကောင်းကင်တွင် ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

ရှဲ့ယွီသည် ချက်ချင်းပင် အမူအရာ ပျက်ယွင်းသွားပြီး အဝေးသို့ စစ်ဆေးကြည့်လိုက်သည်။အခြေတည် ဝိညာဉ်ကျင့်ကြံသူဆယ့်သုံးယောက် ပျောက်ချင်းမလှ ပျောက်နေသည်။ သူတို့၏ အရှိန်အဝါသည် မည်သည့်အချိန်ကမှ မတည်ရှိခဲ့သလိုပင်။

ရှဲ့ယွီသည် သူ၏ လက်များအား ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။ သွေးမြူများ ပိုမိုသိပ်သည်းလာကာ သွေးအလင်းတန်းများ ပစ်လွှတ်၍ ဓားချီနှင့် ထိတိုက်မိသည့်အခါ ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ကျယ်လောင်သော အသံများ ထစ်ချုန်းလာတော့သည်။ နောက်ဆက်တွဲ အားလှိုင်းများ ပြင်းထန်စွာ လှုပ်ခတ်လာပြီး နှင်းဖုံးနေသော တောင်ကို ထိမှန်သောအခါ တောင်သည် ပြင်းထန်စွာ တုန်လှုပ်ကာ အက်ကွဲလာသည်။

မသေမျိုး နယ်မြေနှင့် ပေါင်းစပ်ထားသော ဓားအလင်းသည် မယုံနိုင်လောက်အောင် ခိုင်ခံ့သည်။ သွေးအလင်းတန်းကို ခုခံပြီးနောက်တွင်ပင် သိသိသာသာမှိန်ဖျော့သွားသော်လည်း မပြိုကွဲခဲ့ပေ။

ရှဲ့ယွီ မျက်နှာ အမူအရာ ပြောင်းလဲသွားကာ သူ့မျက်နှာမှာ ထိတ်လန့်သွားသည့် အရိပ်များ ဖြစ်ပေါ်လာသည်။

"မဖြစ်နိုင်ဘူး..ရွှေအူတိုင် ငချွတ်လေးက ငါ့ရဲ့ တိုက်ကွက်ကို ဘယ်လို ခုခံနိုင်တာလဲ..."

သူသည် သွေးအလင်းတန်းကို ထပ်မံပစ်ခတ်ပြီးမှသာ ဓားချီခုနစ်ခု၏ ဓားအလင်းကို အပြီးအပိုင် ဖျက်ဆီးနိုင်ခဲ့သည်။

ဤသည်မှာ ရှဲ့ယွီကို မကျေမနပ်အမူအရာဖြင့် ကျန်ရစ်စေခဲ့သည်။

ထိုအချိန်တွင် လုရီသည် လျိုနင်ရွှမ်း၏ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လျိုနင်ရွှမ်းသည် နီစွေးသော နှုတ်ခမ်းကလေး အနည်းငယ် ဟ၍ အသက်ရှုရှိုက်နေပြီး သူမသည် အဝေးက ရှဲ့ယွီကို သတိထား၍ ကြည့်နေစဉ်..

"ဂျူနီယာ မောင်လေး၊ နင် .. အဆင်ပြေရဲ့လား"ဟု တိုးသက်စွာ မေးလိုက်သည်။

လုရီက ပြုံးပြီး

"ကျွန်တော် အဆင်ပြေပါတယ်၊ အဲဒီ အခြေတည် ဝိညာဉ် ကျင့်ကြံသူတွေက သိပ်မများပါဘူး" ဟု ဖြေလိုက်လေသည်။

ထိုအခါ ရွှဲ့ယွီ၏ မျက်နှာသည် အလွန် အရုပ်ဆိုးသွားကာ

"ကောင်စုတ်လေး..သူတို့ ဘာဖြစ်သွားတာလဲ" ဟု ဒေါသတကြီးဖြင့် လုရီအား စူးစူးဝါးဝါးကြည့်ကာ မေးလာသည်။

တိုက်ပွဲ၌.. လျိုနင်ရွှမ်း ထုတ်ဖော်သည့် စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလေသည်။ ရှဲ့ယွီသည်ပင် သူမကို

လျှော့မတွက်ရဲဘဲ သူမအပေါ် အာရုံအားလုံး စူးစိုက်ထားခဲ့ရသည်။ သို့သော်လည်း ထိုမျှ အချိန်တိုလေးအတွင်းမှာပင် ထိုအခြေတည်ဝိဉာဉ် ကျင့်ကြံသူ ဆယ့်သုံးယောက်သည် လောကတွင်

မည်သည့်အခါကမှ မရှိခဲ့သလိုပင် သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားရလေသည်လား။

တစ်ခုခု မှားနေပြီဟု ရှဲ့ယွီ ခံစားမိလိုက်သည်။

ထိုအခါ..လုရီက ရှဲ့ယွီကို ကြည့်ပြီး ရယ်မောကာ ဖြေသည်။

"ဟားဟား..အမှန်ပဲ.. သူတို့သေသွားကြပြီ"

လျိုနင်ရွှမ်း အံ့အားသင့်သွားကာ လုရီကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

"ဂျူနီယာ မောင်လေး..နင်"

ရှဲ့ယွီ၏ မျက်လုံးအိမ်များ ကျုံ့သွားကာ ဒေါသတကြီး ကြိမ်းမောင်းသည်။

"မကောင်းဆိုးဝါးလေး၊ ငါ့ကို လှည့်စားမယ် စိတ်ကူးနေတာလား..မင်းဘယ်လောက်ပဲ အရည်အချင်းရှိပါစေ.. ရွှေအူတိုင် အဆင့်နဲ့ အခြေတည်ဝိညာဉ် ကျင့်ကြံသူကြားက တွင်းနက်ကြီးဟာ ကျယ်ပြောတယ်...မင်းဟာ အခြေတည်ဝိညာဉ် ကျင့်ကြံသူ ဆယ့်သုံးယောက်ကို သတ်လိုက်တယ်လို့ အခု ပြောနေတာလား။"

ထိုအခါ လုရီက ရှဲ့ယွီကို ပြုံးပြပြီး

"ခင်ဗျား စိတ်ထဲမှာလည်း ဒီလိုပဲ တွေးနေတာ မဟုတ်ဘူးလား.."

ထိုစကားကို ကြားသောအခါ

ရှဲ့ယွီ၏မျက်နှာသည် ပို၍ နက်မှောင်လာကာ လုရီအား စိုက်ကြည့်လာသည်။

သူသည် ဤကောင်လေး၏ ဓားချီခုနစ်ခုကို ကိုယ်တိုင် တွေ့ကြုံလိုက်ရသည်။

ထိုသို့သော ဓားချီဖြင့်၊ အခြေတည် ဝိဥာဉ်အထွတ်အထိပ် ကျင့်ကြံသူပင်လျှင် အထူးနည်းလမ်း မရှိပါက ခုခံကာကွယ်ရန် ရုန်းကန်ရလိမ့်မည်။ မဟုတ်လျှင် အခြေတည် ဝိဥာဉ် အထွတ်အထိပ်

ကျင့်ကြံသူအား တစ်ချက်တည်း ထိုးသတ်နိုင်လေသည်။

ရှဲ့ယွီသည် အချိန်အတော်ကြာစိတ်ဓာတ်

ကျဆင်းသွားသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက်

သူ့ကိုယ်ရှိ သွေးမြူများက ပြင်းထန်စွာ ရစ်သိုင်းလာကာ သူ၏ လူသတ် စိတ်ဆန္ဒ

တဟုန်ထိုး မြင့်တက်လာစဉ် သူသည်

အေးစက်စွာ ပြောလိုက်သည်။

"မကောင်းဆိုးဝါးလေး၊ ကြည့်ရတာ ငါတို့အားလုံး မင်းကို လျှော့တွက်ထားမိပြီပဲ... ဒီလို ဖြစ်လေလေ ...မင်း အသက်ရှင်ဖို့ အခွင့် နည်းလေပဲ.. မင်းကို ငါ ကိုယ်တိုင် ရှင်းမယ်!"

--------------

အခန်း၁၉၁-နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို ချေမှုန်းခြင်း...

~ "ဟမ့်..ဘယ်သူမဆို အပြောကြီးလို့ ရတယ်..ဒါပေမယ့် ခင်ဗျား အပြောနဲ့ မညီနိုင်တော့မှာက ဝမ်းနည်းစရာပဲ"

ထိုသို့ လုရီက ရွဲ့စောင်းစွာ ပြန်ပြောလိုက်သည်။

သူ့တစ်ကိုယ်လုံး၌ အရှိန်အဝါများ

အရူးအမူး ထွက်ပေါ်လာသည်။

လုရီ၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ ကြောက်မက်ဖွယ် စွမ်းအားတွေကို ချန်လှပ်ထားခြင်း မရှိပဲ ထုတ်ဖော်ပြသလာသည်။

လျိုနင်ရွှမ်းသည် လုရီ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အနည်းငယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး မထိန်းချုပ်နိုင်ဘဲ သူ့ကို လှမ်းကြည့်လာခဲ့သည်။

လုရီက လျိုနင်ရွှမ်းအား အပြုံးတစ်ခုနှင့်အတူ ပြောဆိုလာသည်။

"စီနီယာအစ်မ၊ ဒီနေ့ ကျွန်တော်တို့ နှစ်ယောက် ပေါင်းပြီး နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို နှိမ်နင်းလိုက်ကြရအောင်"

လျိုနင်ရွှမ်း၏ မျက်လုံးများတွင််

ရယ်မြူးရိပ်အနည်းငယ် တောက်ပလာပြီးခေါင်းညိတ်၍ သူမ၏ လှပသော မျက်နှာ ကလေးမှာ အေးစက်သော အရောင်အသွေး ခြုံလွှမ်းလာသည်။

"ကောင်းပြီ!"

"ဟမ့်..မောက်မာလိုက်တာ..ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ကိုယ့်ရဲ့အကန့်အသတ်ကိုပဲ

မသိဘူးပဲ..မင်းတို့ နှစ်ယောက်စလုံးဟာ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူနဲ့ ဘယ်လောက်တောင် မယှဉ်နိုင်သလဲဆိုတာကို ငါ ပြမယ်"

ထိုသို့ ရှဲ့ယွီ ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက်..သူ့ခန္ဓာကိုယ်မှာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ် နေသည့် သွေးမြူတို့ဖြင့် ဝန်းရံလာတော့သည်။ သူသည် မှော်မန္တန်တစ်ခုအား ရွတ်ဆိုလိုက်သည်နှင့် သွေးမြူထုထဲမှ သိပ်သည်း၍ မရေမတွက်နိုင်အောင် များပြားလှသော သွေးဓားရှည်များဖွဲ့တည်သည်။

"သွေးဓားသုံးထောင်နဲ့...မင်းတို့

ပုရွက်ဆိတ်လေးတွေ နှစ်ယောက်လုံးကို မြစ်ဝါမြစ်ဆီ ပို့ပေးမယ်" ဟု ရှဲ့ယွီက အတိအလင်း ပြောဆိုလိုက်သည်။

( တရုတ်လူမျိုးများစွာသည် မြစ်ဝါမြစ်အား ဝိညာဉ်ရေးဆိုင်ရာ အရာတစ်ခုအဖြစ် ရှုမြင်ကြပါသည်။ သခ်ျုင်းဟုလည်း ရည်ညွှန်းပါသည်။)

သွေးဓားရှည်များသည် လုရီနှင့်

လျိုနင်ရွှမ်းတို့အား ပစ်ခွင်းလာနေသည်။ပြင်းထန်သော ဓားချီ ပေါက်ကွဲကာ အောက်ဘက်တွင် ရှိသော တောင်တန်းများမှာ ကြောက်မက်ဖွယ် ကောင်းသော အက်ကွဲကြောင်းများအဖြစ် ပြောင်းလဲကုန်သည်။

လုရီနှင့် လျိုနင်ရွှမ်းတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ ကိုယ်မှ ဝိညာဉ်စွမ်းအားများ လည်ပတ်စေလိုက်သည်။

အေးခဲသော လေသည် လျိုနင်ရွှမ်း တစ်ဝိုက်တွင် အထိန်းအကွပ် မရှိ ပတ်ချာလည်နေပြီး၊ သူမ၏ ဖြောင့်စင်းနက်မှောင်သော ဆံနွယ်များက လေထဲတွင် လှပစွာ ကခုန်နေသည်။ ပတ်ဝန်းကျင်တွင် နှင်းများဝေ့ဝဲကာ သူမတို့ နှစ်ယောက်၏ အရှေ့တွင် ထူထဲလှသော ရေခဲသလင်းအလွှာများ တစ်ခုပြီးတစ်ခု ပိတ်ဆို့လာတော့သည်။

လုရီ၏ ကိုယ်မှာ တောက်ပသော မသေမျိုး ဓားတာအို ပုံစံများဖြင့် လွှမ်းခြုံနေပြီး လေထုတွင်း နက်နဲ နေမင်းဓားအား

တစ်ချက် ဝှေ့လိုက်ခြင်းဖြင့် သူတို့ရှေ့တွင် မသေမျိုးဓား အလင်းလွှာကို နောက်တစ်ကြိမ် ဖန်တီးလိုက်သည်။

သွေးဓားသုံးထောင်သည် ရေခဲသလင်းအလွှာများနှင့် ထိပ်တိုက်တွေ့သည်။

ထန် ..

ထန်..

ထန် ..

ဝိညာဉ်အလင်းတန်းများ သိပ်သည်းလာပြီး သွေးဓားများက ရေခဲသလင်းဒိုင်းများကို ဖြိုခွဲကာ သွေးဓားများ၏ အရေအတွက်သည် တဖြည်းဖြည်း လျော့နည်းလာသည်။

နောက်ဆုံးတွင်၊ သွေးဓားရာပေါင်းများစွာ

သည် မသေမျိုးဓား အလင်းလွှာပေါ်တွင် ဆင်းသက်လာ၏။ ဓားအလင်းလွှာသည် မှိန်ဖျော့ဖျော့ လင်းလက်ပြီး အုံ့ဆိုင်း နေသည်။ သို့သော် အကန့်အသတ်မရှိ၊ အလွန်ခံနိုင်ရည် ရှိပြီး ကျန်ရှိသော သွေးဓားများကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည်။

သူ့သိုင်းကွက်များ ပျက်ပြားသွားသည်ကို မြင်လိုက်ရတော့ ရှဲ့ယွီ၏ မျက်နှာမှာ ပိုမို အုံ့မှိုင်းသွားရသည်။

ထိုအချိန်တွင် လျိုနင်ရွှမ်းသည် လက်ဟန်များ ထုတ်ဖော်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင် ဝင်းမွတ်သော သူမ၏ လက်များသည် ပင်လယ်သမုဒ္ဒရာရေနက်ထဲက ထွက်ပေါ်လာသော နဂါး တစ်ကောင်အလား.. ကောင်းကင်၌ ရေခဲနှင့် ပြင်းထန်သော လေပြင်းများ ပေါင်းစပ်ထားသည့် ဧရာမ လက်ဝါးကြီးတစ်ဖက် ဖန်ဆင်းလိုက်၏။ လျိုနင်ရွှမ်းသည် ထိုဧရာမ လက်ဝါးကြီးအား ရှဲ့ယွီဆီသို့ အရှိန်

ပြင်းပြင်း ပစ်လွှတ်လိုက်တော့သည်။

"သေစမ်း"

ရှဲ့ယွီသည် ဒေါသတကြီး ဟိန်းဟောက်ကာ သွေးရောင် ပုလဲလုံးတစ်လုံးအား ပါးစပ်မှ အန်ထုတ်လိုက်ပြီး ထိုရေခဲလက်ဝါးကြီးအား ခုခံသည်။ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်စေသော ကျယ်လောင်သည့် အသံများ မြည်ဟည်းလာပြီး တိုက်ပွဲနေရာ

တလျှောက် နေရာလပ်သည် စုတ်ပြဲ တွန့်လိမ်သွားသည်။

ရှဲ့ယွီ၏ ဟိန်းဟောက်မှုအောက်တွင် ထိုရေခဲလက်ဝါးကြီးသည် ရုတ်တရက် ကောင်းကင်တခွင် ရေခဲများ ပျံ့လွင့်သွားစေပြီး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားသည်။ ထိုအခိုက်အတန့်မှာပင် ဓားအလင်းစီးကြောင်းတစ်ခု ရိပ်ခနဲ လက်လာပြီး လုရီသည် သွေးမြူထုအတွင်းသို့ ပြေးဝင်သွားပြီး ရှဲ့ယွီ အရှေ့သို့ ရောက်ရှိလာသည်။

လုရီ၏ အရေပြားပေါ်တွင် မျက်စိကျိန်းစပ်မတတ် လင်းလက်သော ခရမ်းရောင် အလင်းတန်းနှင့်အတူ မိုးကြိုးပုံစံများ ထင်ဟပ်လာသည်။ သူ့နဖူးပေါ်ရှိ အမှတ်အသားသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသည်။ သူ၏ အရေပြားသည် ရွှေနှင့် ကျောက်စိမ်း ရောယှက်သလို ဝင်းလက်နေသည်။ သူ၏ သွေးချီသည် လောင်မြိုက်သော မီးဖို တစ်ခုလို

အလျှံငြီးငြီး မြင့်တက်လာ၍ ကြောက်မက်ဖွယ် ကောင်းသော မူလစွမ်းအားကို အပြည့်အဝ ထုတ်ဖော်သည်။ သူ၏

ဘယ်ဖက်လက်ဖြင့် ရှဲ့ယွီ၏ ခေါင်းအား အညှာအတာကင်းမဲ့စွာ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။လက်သီးအားလှိုင်းအောက်တွင် သွေးမြူသည် လွင့်ပါးသွားကာ လေဟာနယ် ချိုင့်ဝင်သွားပြီး မီးခိုးတန်းအဖြူများ တလူလူ ထွက်လာသည်။

ဤသို့ ကြောက်မက်ဖွယ်ရာ အင်အားအောက်တွင် ရှဲ့ယွီပင် လန့်ဖြန့်သွားသည်။

ရှဲ့ယွီသည် သူ၏ ဝတ်ရုံလက်များကို

ဝှေ့ရမ်း၍ အဆုံးအစ မဲ့သော သွေးပင်လယ်ကြီး ဖြစ်တည်လာသည်နှင့်တပြိုင်နက် သွေးပင်လယ်သည် လုရီဆီသို့ တဟုန်ထိုးရိုက်ခတ်သည်။

လက်သီးနှင့် သွေးပင်လယ်တို့ ရင်ဆိုင်တွေ့သာအခါ မိုးခြိမ်းသံလို ကျယ်လောင်စွာ ထစ်ချုန်းတော့သည်။လုရီတစ်ယောက် သူ့ကိုယ်သို့ ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်ခု ဖိစီးလာသည်ကို ခံစားလိုက်ရသည်။

ဆယ့်နှစ်မိုင် ကောင်းကင်ဘုံဒုက္ခစစ်ဆေးမှုမှာပင် မထိမခိုက် ရှိခဲ့သော သူ၏ ခန္ဓာသည် ယခုအခါ စူးခနဲ နာကျင်ခံစားခဲ့ရပြီး ချက်ချင်းပင် အဝေးသို့ လွင့်စင်သွားသည်။

မသေမျိုးလမ်းစဉ်သို့ လျှောက်လှမ်းရာတွင်.. ကျင့်စဉ်အဆင့် မြင့်မားလေလေ၊ နယ်ပယ်တစ်ခုစီအတွက် ကွာဟချက်က ကြီးမားလေလေ..ဖြစ်လေ၏။

ရွှေအူတိုင်နယ်ပယ်နှင့် အခြေတည်ဝိညာဉ်နယ်ပယ်ကြားမှ ကွာဟချက်သည် စဉ်းစားဆုံးဖြတ်၍ ရနိုင်သေးသည်။သ်ို့သော်ငြားလည်း နတ်ဘုရားအသွင်ပြောင်း နယ်ပယ်နှင့် အခြေတည်ဝိညာဉ်နယ်ပယ်အကြားမှ ခွန်အားကွာဟချက်သည်မူ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ပိုင်းခြားထားသည့်နှယ် ဖြတ်သန်းရန် ခက်ခဲလေသည်။

ရွှေအူတိုင်နယ်ပယ် အဆင့်နှင့် လုရီသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ

တစ်ယောက်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်မှာ မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် အလွန်အမင်း အစွမ်းထက်နေလေပြီ။ထိုသို့ပင်ဖြစ်သော်ငြားလည်း ..သူသည် အခြေတည်

ဝိဉာဉ် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို လက်ဗလာသက်သက်ဖြင့် ထိုးနှက်နိုင်သည် ဖြစ်သော်ငြား.. ရှဲ့ယွီ၏ သွေးပင်လယ်ကိုချိုးဖျက်ရာတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။

လုရီသည် မီတာ ရာပေါင်းများစွာအကွာအဝေးသို့ လွင့်စင်သွားခဲ့ပြီးနောက် အောက်ဘက်၌ ရှိသော တောင်ထိပ်တစ်ခုတွင်

ဝရုန်းသုန်းကား ကျသွား၍ တောင်ထိပ်အားကျောက်တုံး အပိုင်းအစများအဖြစ် ပြိုကွဲသွားစေသည်။

နောက်အခိုက်အတန့်တွင် လုရီသည် ကောင်းကင်သို့ ခမ်းနားသည့် ဟန်ပန်ဖြင့်

ပြန်လည် ပျံဝဲလာသည်။ ဒဏ်ရာဟူ၍

အပွန်းအစင်းမျှပင် မရရှိခဲ့ဘဲ သူ့ခန္ဓာကိုယ်တွင် မိုးကြိုးပုံစံများ တောက်ပနေကာ သူ၏အရှိန်အဝါသည် လောင်ကျွမ်းနေသော နေမင်းတစ်စင်းနှယ် ပြင်းထန်နေသည်။

လုရီအား အကောင်းပကတိဖြင့် ပြန်လည် ပေါ်ထွက်လာသည်ကို တွေ့ရှိရသောအခါ

ရှဲ့ယွီ၏ မျက်လုံးများသည် မယုံကြည်နိုင်သည့်အလား ကျုံ့သွားကာ သူ၏မျက်နှာသည် အံ့ဩမှုတို့ဖြင့် ပြည့်နှက်၍လာသည်။

"မကောင်းဆိုးဝါးလေး..ဘယ်လို ခန္ဓာသန့်စင်နည်းစနစ်ကို ကျင့်ထားတာလဲ၊ မင်းရဲ့ ရုပ်ခန္ဓာက အရမ်းကို သန်မာပါလား.."

လုရီသည် သူ့ကိုယ်တွင်းမှ ဖိစီးလာသောပြင်းထန်သော နာကျင်မှုကို အံကြိတ်၍ တောင့်ခံလိုက်ပြီး သွားကြားထဲမှ ထွက်သော လေသံဖြင့် ကြုံးဝါးလိုက်သည်။

"ကျုပ်ကို မကောင်းဆိုးဝါးလေးလို့ ပဲ ဆက်တိုက်ခေါ်နေတယ်၊ ခင်ဗျားကသာ မကောင်းဆိုးဝါးအိုကြီး..ခင်ဗျား လူ့ဘဝမှာ အကြာကြီး နေထိုင်ခဲ့ပြီးပြီ...ဒီနေ့ ခင်ဗျားကို ကျုပ် အဆုံးသတ်ပေးမယ် ..."

လုရီသည် အရှေ့သို့ ခြေတစ်လှမ်းတက်ကာ သူ့ကိုယ်သူ ဓားရိပ်တစ်ခုအသွင် ‌ဖန်တီးလိုက်ပြီး ရှဲ့ယွီထံ ပြင်းထန်စွာ တိုးဝင်သွားသည်။

ရှဲ့ယွီ၏ မျက်နှာသည် အလွန်အမင်း ခက်ထန်သွားကာ လေသံကို နှိမ့်၍

လှောင်ပြောင်သည်။

"ဆိုတော့ မင်းမှာ သန်စွမ်းလှတဲ့ ရုပ်ခန္ဓာရှိလည်း ဘာအရေးလဲ..ငါ မင်းရဲ့ခန္ဓာကို ကျင့်ကြံခြင်း လက်နက်အဖြစ် အသွင် ပြောင်းပစ်မယ်..ဟီးဟီး.."

ရှဲ့ယွီသည် ပြောပြောဆိုဆိုနှင့် သူ၏ လက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ သွေးရောင် အလင်းတိုင်များစွာ ကောင်းကင်သို့ ထိုးတက်လာပြီး နဂါးနှင့်တူသော အလင်းတန်းများသည် ကောင်းကင်နှင့် မြေကြီးအား ပိုက်ကွန်တခုအဖြစ် ဖန်ဆင်းကာ လုရီအား ဖမ်းချုပ်လာသည်။

ထိုအခိုက်အတန့်တွင်...အဝေးမှ ပြင်းထန်သော အေးစက်မှုတစ်ခု သိပ်သည်းလာတော့သည်။လျိုနင်ရွှမ်း၏ ပိတုန်းရောင် မည်းနက်သော ဆံနွယ်များသည် အဖြူရောင် ပြောင်းလဲသွားပြီး သူမ၏ ပြေပြစ်သော နဖူးတွင် လျှို့ဝှက် ဆန်းကြယ်သော ရေခဲအမှတ်အသားတစ်ခု ဖြစ်တည်လာ၏။

နှင်းထုကြားတွင် ..သူမ၏ လှပနူးညံ့သော မျက်နှာကလေးမှာ ရေခဲနတ်ဘုရားမတစ်ပါးနှယ် အေးစက်လှသည်။သူမကိုယ်ပတ်ပတ်လည်မှ အေးစက်မှုသည် လေဟာနယ်ကိုပင် ရေခဲစေတော့မည့်အသွင်..လေထုတွင် တဂျွပ်ဂျွပ်အသံများ ဖန်တီးသည်။

ထိုအခိုက်အတန့်တွင် လျိုနင်ရွှမ်းသည် နီစွေးသော နှုတ်ခမ်းအား အနည်းငယ်

ဖွင့်ဟလိုက်သည်။ သူမ တိုးသက်စွာ ‌ရွတ်ဆိုလိုက်သည်က..

"ရေခဲနတ်ဘုရားချိတ်ပိတ်မှု စတင်မယ်.."

တစ်ဆက်တည်း‌‌၌..အေးခဲဖန်ဓားသည် လျိုနင်ရွှမ်း၏ မျက်နှာရှေ့တွင် လွင့်မျောနေပြီး ဝိဉာဥ်အလင်းတို့ ထုတ်လွှတ်လျက် ရှိသည်။ လျိုနင်ရွှမ်း၏ သွယ်လျသောဘလက်နှစ်ဖက်မှာ ကကြိုးဆင်သည့်နှယ် လက်ဟန်များ အဆက်မပြတ် ထုတ်ဖော်မှုကြောင့် သူမ၏ ဦးခေါင်းထက်ဝယ် တုန်လှုပ်ခြောက်ခြားဖွယ် အအေးလှိုင်းကြီး စုရုံးလာတော့သည်။ အဆုံးသတ်၌ အအေးလှိုင်းကြီးသည် ထုထည် ကြီးမားလှသော ရေခဲပြာရောင် ဧရာမ ချိတ်တံဆိပ်တစ်ခုအသွင် ပြောင်းလဲသွား၏။ တောင်တန်းကြီးလိုပင် ကြီးမားသော အရွယ်အစားရှိသည့် ချိတ်တံဆိပ်သည် သွေးမြူထုအတွင်း အရှိနါပြင်းပြင်း ဖောက်ဝင်သည်။ သွေးမြူသည် ရေခဲသွေးမြူခဲကြီး ဖြစ်သွားပြီး ချိတ်တံဆိပ်သည် ရှဲ့ယွီအား အပေါ်မှ ဖိနှိပ်သည်။ သူ့အား တောင်တန်းကြီးတစ်ခုနှယ် ဖိတွန်းနေသည်။

ရှဲ့ယွီ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ ရေခဲနတ်ဘုရား ချိတ်တံဆိပ်အား

ကျန်လက်တစ်ဖက်ဖြင့် အသည်းအသန် ခုခံသည်။သူ၏ ဝိဉာဉ်အလင်းသည် သွေးတံတိုင်းတစ်ခုကဲ့သို့ ရေခဲနတ်ဘုရား ချိတ်တံဆိပ်အား ပြန်လည် ‌ထိတိုက်သည်။

ဂျွပ် ..ဂျွပ် ..

ဂျွပ်..

ရေခဲနတ်ဘုရား ချိတ်တံဆိပ်သည် ဆက်လက် ဖိနှိပ်၍ လာခဲ့ပြီး သွေးနီရောင် တံတိုင်း၏ အစိတ်အပိုင်းများသည် စတင်အေးခဲ၍ လာခဲ့သည်။

ရှဲ့ယွီ ကွက်ခနဲ မျက်နှာ ပျက်သွားတော့၏။

"ဘယ်လို ဖြစ်ရတာလဲ"

ဝုန်း....

သွေးနီရောင် တံတိုင်းက အပိုင်းပိုင်း ကွဲအက်လာခဲ့ပြီး ရေခဲနတ်ဘုရား ချိတ်တံဆိပ်သည် ရှဲ့ယွီအား အရှိန်ပြင်းပြင်း ထိမှန်ကာ သူ့အား တောင်ထိပ်တွင် မလှုပ်သာအောင် ချုပ်နှောင်ထားတော့သည်။

---------------

အခန်း ၁၉၂-နတ်ဘုရား အသွင်ပြောင်း ကျင့်ကြဲသူကို ချေမှုန်းခြင်း...

~ တောင်ထိပ်သည် ရုတ်ချည်းပင် ကွဲအက်သွားကာ လေတွင် ပျံသန်းနေသော အစအနများအဖြစ် ပြောင်းလဲသည်။ ၎င်း၏

အနီး အနားပတ်ဝန်းကျင်သည် အလွန်အမင်း အေးခဲလှသော အအေးဓာတ်ကြောင့် ရေခဲကမ္ဘာကြီး ဖြစ်လာတော့သည်။

ထိုအချိန်တွင်ပင် အသံအကျယ်ကြီး ပေါက်ကွဲသွားစဥ် ရေခဲနတ်ဘုရားချိတ်တံဆိပ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး အတွင်းမှ ရှဲ့ယွီ ခုန်ပျံ၍ ထွက်လာသည်။

သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း

အတော်များများမှာ နှင်းခဲများ ဖုံးလွှမ်းနေသေးပြီး သူသည် ပါးစပ်မှ ရေခဲ အငွေ့အသက်များ မှုတ်ထုတ်လိုက်သည်။

သို့သော်လည်း ရှဲ့ယွီ၏ အရှိန်အဝါသည် အနည်းငယ်မျှ အားနည်းသွားခြင်း မရှိနေပေ။ လုရီတို့ နှစ်ယောက်သားအား စေ့စေ့စပ်စပ် အကဲခတ်ကာ သူ့မျက်လုံးများ

အေးစက်နေသည်။

"မင်းတို့မှာ အရည်အချင်းတွေ ရှိတာပဲ" ဟု သူက အေးခဲစွာ ပြောလိုက်သည်။

ရှဲ့ယွီ၏ စကားများ အဆုံးမသတ်မီ လုရီသည် ရှဲ့ယွီ၏ နောက်တွင် ရိပ်ခနဲ ပေါ်လာရင်း မထင်မှတ်လောက်အောင် ပြင်းထန်လှသော အရှိန်အဝါအား သယ်ဆောင်ထား

သည့် နက်နဲနေမင်းဓားဖြင့် ထိုသူ့ကိုယ်အား ကြမ်းတမ်းစွာ လွှဲခုတ်လိုက်လေသည်။

ဤဓားသိုင်းမှာ လုရီ..မကြာသေးမီက နားလည်ခဲ့သော ဒုက္ခဓားပုံစံ ဖြစ်သည်။

ဓားသိုင်းအား စတင် အသက်သွင်းခဲ့စဉ်က ၎င်းသည် အလွန်အမင်း ခိုင်ခန့်ပြီး သူမတူအောင် ပြင်းထန်သော ကောင်းကင် မိုးကြိုးကို ဓားစိတ်ဆန္ဒ ထုတ်ဖော်ကာ အံတုခဲ့ခြင်း ဖြစ်သည်။

..

ကောင်းကင်ဓားကြီးတစ်လက်ကဲ့သို့ မီတာရာနှင့် ချီသော ဓားအလင်းများ သက်ဆင်းလာမှုကြောင့် ရှဲ့ယွီ၏ မျက်နှာထားမှာ ထပ်မံ ပြောင်းလဲသွားရသည်။

ရုတ်ချည်းဆိုသလိုပင် သူ့ခန္ဓာကိုယ် သွေးမြူထုအဖြစ် တိုးလျှိုးပျောက်ကွယ်သွား၏။ လုရီ၏ ဓားအလင်းသည် သွေးမြူထုကို ဖြတ်၍ မြေပြင်ကို အဖျားခတ်ကာ မြေကြီး၌ အက်ကွဲကြောင်းများ ကျန်ရစ်စေသည်။

နောက်အခိုက်အတန့်တွင် ရှဲ့ယွီသည် အဝေးတစ်နေရာမှ သွေးမြူထုထဲတွင် ပေါ်လာသည်။ သူ့လက်ကို တစ်ချက် လှည့်ပြီး ခရမ်းရောင် လှံ တစ်ချောင်း ဆွဲထုတ်လိုက်သည်။ ခရမ်းရောင် လှံသည် ဟောင်းနွမ်းနေပြီး အက်ကွဲကြောင်းများစွာရှိကာ ၎င်း၏ သက်တမ်းကို ပြသထားသည်။

ရှဲ့ယွီသည် ဝိညာဉ်စွမ်းအားများ တဟုန်ထိုးထုတ်ဖော်လိုက်ပြီး ခရမ်းရောင် လှံထဲသို့ စီးဆင်းစေသည်။ နောက်အခိုက်အတန့်တွင်၊ လှံသည် ကောင်းကင်သို့ ပျံတက်သွားပြီး မီတာများစွာ အရွယ်အစား အဆမတန်

ကြီးမားလာပြီး လုရီနှင့် လျိုနင်ရွှမ်းတို့အား ဖုံးအုပ်ထားသည်။

ခရမ်းရောင် လှံ၏ ဦးခေါင်းပိုင်း အပေါက်ကြီးသည် အတွင်းပိုင်းရှိ အရာအားလုံးကို စုပ်ယူနိုင်သော တွင်းနက်ကြီးတစ်ခုနှင့် တူသည်။

လုရီနှင့် လျိုနင်ရွှမ်း နှစ်ဦးစလုံးသည် ခရမ်းရောင် လှံမှ သူတို့အား ဆွဲခေါ်နေသော ခံနိုင်ရည် မရှိသည့် စုပ်ယူမှုအား ခံစားလိုက်ရသည်။

နှစ်ယောက်သား မျက်နှာ အရောင်ပြောင်းလဲသွားကာ မိမိတို့၏ ခန္ဓာကိုယ်

ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအား လည်ပတ်မှုအား အရှိန် မြှင့်တင်လိုက်သည်။ လျိုနင်ရွှမ်း၏ ကိုယ်တစ်ဝိုက်တွင် အရှိန်ပြင်းပြင်း စီးဆင်းနေသော ရေခဲများနှင့် ဆီးနှင်းများကို နောက်ခံထားပြီး နှစ်ယောက်လုံးသည် သူတို့၏ အခြေအနေကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားကြသည်။

၎င်းကို မြင်တော့ ရှဲ့ယွီက အထင်တသေး ကဲ့ရဲ့သည်။

"အသုံးမဝင်ဘူး! ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ ငါရထားတဲ့ အဆင့်မြင့် အဆင့် ရတနာပဲ။ ဆိုးဆိုးရွားရွား ပျက်စီးသွားပေမယ့် ရတနာရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားဆဲပဲ!"

ပြောပြောဆိုဆိုနှင့် ရှဲ့ယွီသည် မန္တန်တစ်ခု ဆင့်ခေါ်၍ သွေးမြူများ ဖွဲ့တည်ကာ နှစ်ယောက်သားဆီသို့ ပစ်ခွင်းသော သွေးမြှားများအဖြစ် ပြောင်းလဲစေသည်။

ခရမ်းရောင် လှံ၏ ဆွဲငင်မှုကို တွန်းလှန်ရန် ရုန်းကန်နေရသော သူတို့နှစ်ဦးသည် သွေးမြှားများအား ကာကွယ်ရန်အတွက် ၎င်းတို့၏ သိုင်းကွက်များ ဖော်ထုတ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ယင်းကြောင့် ခရမ်းရောင် လှံ ၏ ဆွဲအားကို မခုခံနိုင်ဘဲ သူတို့နှစ်ဦးစလုံး ၎င်းဆီသို့ ဆွဲငင်သွားခဲ့သည်။

သူတို့ကို ခရမ်းရောင် လှံ ထဲသို့ စုပ်ယူခါနီးဆဲဆဲ၌.. လုရီ၏ ခန္ဓာကိုယ်သည် သွေးနီရောင် မီးတောက်အဖြစ် ပေါက်ကွဲလာပြီး သူ့ကိုယ်သည် အနီရောင် မီးတောက်များ ဖုံးလွှမ်းသွားကာ သူ၏ အရှိန်အဝါသည် အဆပေါင်းများစွာ ပြင်းထန်သွားခဲ့သည်။

သူသည် လျိုနင်ရွှမ်း၏ နူးညံ့သိမ်မွေ့သော ကိုယ်လေးအား ဖက်ထားလိုက်ပြီး လှံ၏ ဘေးနှစ်ဖက်အား သူ့ ခြေထောက်နှစ်ဖက် ဖြင့်ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

ဒိုင်း!

ညနေခင်း ဗုံနှင့် နံနက်ခင်း ခေါင်းလောင်းတီးသံကဲ့သို့ ကျယ်လောင်သော ဆူညံသံကြီး ထွက်ပေါ်လာပြီး အားလှိုင်းကြောင့် အဝေးသို့ ပြင်းထန်စွာ တိုးဝင်သော လေပြင်းတစ်ခုတိုက်ခတ်သွားသည်။ အရပ် ရှစ်မျက်နှာ၌ ကျောက်တုံးကြီးများ ပျံဝဲပြီး နှင်းများ

တဖွဲဖွဲ မျောလွင့်နေ၏။

ခရမ်းရောင် လှံသည် တုန်ခါနေပြီး လုရီ ကန်ထုတ်လိုက်သော အရှိန်ဖြင့် ၎င်းသည် တောင် တစ်ခုပေါ်သို့ ပြင်းထန်စွာ ထိမှန်ကာ ကိုယ်ထည်တွင် အက်ကြောင်းများ ထလာသည်။

ရှဲ့ယွီ.. ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်သည့်အလား..တအံ့တဩ အော်ဟစ်တော့သည်။

"ဒီလှံက ဟောင်းနွမ်းနေပေမယ့် အဆင့်နိမ့်အဆင့် ရတနာ စွမ်းအားကို ပိုင်ဆိုင်နေတုန်းပဲလေ။ ဒါကို ဘယ်လို ကန်ထုတ်နိုင်ရတာလဲ!"

လုရီအား စူးစူးစိုက်စိုက် ကြည့်ရင်း ရှဲ့ယွီမျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်တို့ ယှက်သန်းလာသည်။

ဤအခိုက်အတန့်တွင် လုရီကိုယ်၌ သွေးမီးတောက်များ ဖြည်းညှင်းစွာ တောက်လောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအား ထုတ်လွှတ်ကာ ရှဲ့ယွီပင် သေစေနိုင်သည့် ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။

လုရီ သူမကို ဖက်ထားခြင်းအတွက် အမှုမထားဘဲ လျိုနင်ရွှမ်းသည် လုရီ၏ အခြေအနေ ထူးဆန်းနေသည်ကို သတိပြုမိသွားသည်။

သူမ၏ အေးစက်သော မျက်နှာကလေး အနည်းငယ် ပြောင်းလဲသွားပြီး

မျက်မှောင်ကြုတ်ကာ

"ဂျူနီယာ မောင်လေး၊ ဘာဖြစ်တာလဲ။"

လုရီသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း လျိုနင်ရွှမ်းအား လွှတ်ပေးလိုက်ကာ ရှင်းပြသည်။

"ဒါက အချိန်တိုအတွင်း ကျွန်တော့်ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ကောင်းကောင်းမြှင့်တင်ပေးနိုင်တဲ့ သွေးအနှစ်သာရ လောင်ကျွမ်းပြီး အသက်ဝင်နိုင်တဲ့ လျှို့ဝှက်သိုင်း တစ်ခုပါ.."

လျိုနင်ရွှမ်း၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။

"သွေးအနှစ်သာရ လောင်ကျွမ်းတဲ့ သိုင်းပညာက အရင်းအနှီး များတယ် မဟုတ်လား"

သူမ၏ လှပနုနယ်သော မျက်နှာကလေးတွင် ပူပန်သော အရိပ်တို့ ထွက်ပေါ်လာသည်။

ထိုအခါ လုရီက နူးညံ့စွာ ပြုံးလိုက်ပြီး နှစ်သိမ့်သည်။

"စီနီယာအစ်မ... စိတ်မပူပါနဲ့၊ကျွန်တော်

အရင်က ကံကောင်းခဲ့လို့ သွေးအနှစ်သာရကို ပြန်ဖြည့်တင်းနိုင်တဲ့ ကောင်းကင်နဲ့ မြေကြီးရတနာတွေ ရထားပါတယ်..."

ထိုသို့ပြောဆိုနေစဉ်အတွင်း လုရီသည် နှစ်တစ်ထောင်သက်တမ်း ဂျင်ဆင်းသွေးမြစ်ကို ထုတ်ယူပြီး မတုံ့ဆိုင်းဘဲ ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်ပါတော့သည်။

နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းသွေးသည် သူ၏ ဗိုက်ထဲသို့ ဝင်ရောက်လာသောအခါ လုရီသည် သွေးလောင်ကျွမ်းနည်းပညာကို အသုံးပြု၍ လောင်ကျွမ်းခဲ့သော သွေးအနှစ်သာရကို ချက်ချင်းအစားထိုးခဲ့သည်။

ယခုအခါ သူ့ခန္ဓာကိုယ်အတွင်းမှ

ကြီးမားလှသည့် စွမ်းအားကို ခံစားလိုက်ရင်း လုရီလည်း အံ့အားသင့်သွားသည်။

သူ့ကိုယ်ခန္ဓာက လုံလုံလောက်လောက် သန်မာနေသည်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ၏ ကာယခွန်အားသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူနှင့် တန်းတူ မဟုတ်သော်ငြား သာမာန် ခြေတည် ဝိဉာဉ် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက် ထက် အဆပေါင်းများစွာ သာလွန်ပေသည် မဟုတ်ပါလော။

သူ၏ အနှစ်သာရသွေးကို လောင်ကျွမ်းစေခြင်းသည် စွမ်းအား ကြီးမားစွာ တိုးမြင့်လာစေသည်။

ထို့အပြင် ဤရက်များအတွင်း သူ၏ သွေးလောင်ကျွမ်းမှုနည်းပညာသည် တိုးတက်ကောင်းမွန်လာပြီး ကန့်သတ်ချက်သို့ရောက်ရှိသွားကာ ၎င်းမှထုတ်လုပ်လိုက်သော အကျိုးသက်ရောက်မှုများမှာ အလွန်အစွမ်းထက်ပါသည်။ ခွန်အားကို အဆပေါင်းများစွာ တိုးလာစေ၏။

ဤအခိုက်အတန့်တွင် သူ၏ ကိုယ်ပိုင်စွမ်းအားသည် လျိုနင်ရွှမ်း ထက် များစွာသာလွန်သွားသည်ဟု လုရီတစ်ယောက် ခံစားမိသည်။

လုရီ၏ အခြေအနေမှာ တည်ငြိမ်နေပုံရသည်ကို မြင်လိုက်ရသဖြင့် လျိုနင်ရွှမ်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ခရမ်းရောင် လှံကို သတိအနည်းငယ် စွက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ

"ငါတို့ ဒီလှံထဲကို စုပ်ယူခံရရင် တကယ်ဒုက္ခရောက်ပြီပဲနော်.." ဟု ပြောလိုက်လေသည်။

လုရီ ညင်သာစွာ ခေါင်းညိတ်ပြီး ရယ်မောလိုက်သည်။

"ဟဲဟဲ..စီနီယာအစ်မ ဒုက္ခရောက်မှာကို ကျွန်တော် ဘယ်လို ခွင့်ပြုနိုင်ပါ့မလဲဗျာ.."

"မကောင်းဆိုးဝါးလေးနှစ်ကောင်၊ မင်းတို့

ငါ့ကို ပေါ့ပေါ့တန်တန် သဘောထားနေတာပဲ"

အဝေးက ရှဲ့ယွီမှာ သူ့အတွင်းစိတ်ရုန်းရင်းဆန်ခတ် အခြေအနေအား ငြိမ်သက်သွားအောင် ပြုပြင်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ လက်ဟန်များ ထုတ်ဖော်ကာ မန္တန်တစ်ခု ဆင့်ခေါ်လိုက်စဉ် ဝေးကွာသော နေရာမှ ခရမ်းရောင် လှံ သည် လုရီနှင့် လျိုနင်ရွှမ်းတို့အပေါ်သို့ ပြန်လည် ပျံဝဲလာပြန်သည်။

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည့်အခါ လုရီ၏ အမူအရာက လေးနက်လာသည်။

"ဒီရတနာက အားမနည်းဘူးပဲ .. ..စီနီယာအစ်မ..အဲဒီ မြွေအိုကြီးကို ကိုင်တွယ်လိုက်ပါ...ကျွန်တော်က ဒီရတနာကို ဖြေရှင်းလိုက်မယ်!"

လျိုနင်ရွှမ်း ခေါင်းညိတ်ပြသည်။

ဆံပင်ဖြူများ လေထဲ၌ တဟူးဟူး ယိမ်းနွဲ့လျက် သူမသည် အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှဲ့ယွီ ဆီသို့ ပျံသန်းသွားခဲ့သည်။

ပျံသန်းနေစဉ်အတွင်း လျိုနင်ရွှမ်းသည် လေထဲ၌ လက်ဟန်များ အဆက်မပြတ်ရေးဆွဲကာ ကြီးမားသော ရေခဲလက်ကြီးများ တစ်ခုပြီးတစ်ခု ပစ်လွှတ် တိုက်ခိုက်နေသည်။

ရှဲ့ယွီ မထီမဲ့မြင်ပြုပြီး ခရမ်းရောင် လှံ ကို လျိုနင်ရွှမ်း ဆီသို့ မြှားဦးလှည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုရီက လှံအရှေ့တွင် ရုတ်တရက် ပိတ်ဆို့လာသည်။လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လှံတံပေါ်သို့ အပြင်းအထန် ထိုးနှက်လေသည်။

ဝုန်း!

ခရမ်းရောင် လှံက တုန်ခါသွားပြီး လုရီ လည်း သူ့လက်သီးမှာ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။

အဆင့်မြင့် ရတနာ လှံသည် အလွန်မာကျောသည်။လုရီ၏ အင်အားသည် အဆပေါင်းများစွာ မြင့်တက်လာသည်

ဖြစ်သော်ငြား ...၎င်းကို မဖြိုခွဲနိုင်သေးဘဲ သူ၏ လက်သီးတွင်း ပြင်းပြင်းထန်ထန် နာကျင်နေသည်ကို ခံစားခဲ့ရသည်။

သို့သော်လည်း လက်သီးတစ်ချက် အင်အားဖြင့်၊ မူလက ဥက္ကာပျံကဲ့သို့ ထိုးဆင်းနေသည့် လှံသည် ၎င်း၏ လမ်းကြောင်းတွင် တိခနဲရပ်တန့်သွားခဲ့သည်။

-------------

All Chapters