အင်အားကြီး အကူအညီများ
Vol. 86 Ch. 854
အီနီဂို တိုက်ခိုက်ခံနေရချိန်တွင် ညနေမင်းကိုယ်တိုင်လည်း လက်ပိုက်ကြည့်နေသည်တော့ မဟုတ်ချေ။ တကယ်တော့ အခြားတစ်ယောက်ယောက် ရှိနေခြင်းကို အီနီဂိုထက် စော၍သိနေသူမှာ ညနေမင်း ဖြစ်သည်။ နတ်ဘုရားသားမွှေးတောင်ရှိနေသောသူ့က်ို ခြုံခိုတိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလှသည် မဟုတ်ပါလား။
သို့သော် ရန်သူ ရှိနေကြောင်းကို ကြိုတင်သိထားရုံနှင့် ရန်သူ၏ တိုက်ခိုက်မှုကို မရှောင်လွဲနိုင်သလို ချေဖျက်နိုင်သည်လည်း မဟုတ်ချေ။
ရန်သူ၏ တိုက်ခိုက်မှု ပေါ်ထွက်လာသည်နှင့် သူ့အတွက် အတော်လေး အကြပ်ရိုက်သွားပြီဖြစ်ကြောင်း ညနေမင်း ချက်ချင်းသဘောပေါက်လိုက်၏။ အကြောင်းမှာ သူ့ကို လူနှစ်ယောက်က ပြိုင်တူပင် တိုက်ခိုက်လာပြီး နှစ်ဦးလုံး၏ တိုက်ခိုက်မှုကလည်း အလွန်လျင်မြန်နေသောကြောင့်ပင်။ သူအနေနှင့် လူတစ်ယောက်၏ တိုက်ခိုက်မှုကိုသာ ရှောင်ရှားနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ကျန်တစ်ယောက်၏ တိုက်ခိုက်မှုက သူ့ကို ဒုက္ခပေးသွားပေလိမ့်မည်။
သို့ဆိုလျင် မည်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး မည်သူ၏ တိုက်ခိုက်မှုကို ညနေမင်း ခံဆောင်ရမည်နည်း။
ညနေမင်း မသိချေ။
သူသည် ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေသူများနှင့် တစ်ခါမှ မတွေ့ဖူးလေရာ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာ၊ ခွန်အားနှင့် စွမ်းရည်များကို မည်သို့မှမသိနိုင်။ ထို့ပြင် မည်သူနှင့် ရင်ဆိုင်ရမည်ကို မသိသည့်အပြင် စဉ်းစားရန် အချိန်လည်းမရှိတော့ချေ။
ထိုအခါ ညနေမင်းက မျက်စေ့ကို ဇွတ်မှိတ်ပြီး ဘယ်ဘက်သို့ ရှောင်တိမ်းလိုက်၏။ သို့နှင့် ညနေမင်းသည် ရန်သူတဦး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်ပြီး ကျန်တဦး၏ တိုက်ခိုက်မှုကြောင့် အထိနာသွားတော့သည်။
ကြက်ဥကွဲသကဲ့သို့ အက်ကွဲသံတခု ထွက်ပေါ်လာပြီး ညနေမင်း၏ နာနာကျင်ကျင် အော်ဟစ်သံကြီးကို အခန်းထဲရှိလူတိုင်း အလွယ်တကူ ကြားလိုက်နိုင်၏။ သူသည် အီနီဂိုကဲ့သို့ တနေရာမှ တနေရာသို့ ရွေ့လျားနိုင်သည့် စွမ်းရည်မရှိလေရာ နတ်ဘုရားသားမွှေးတောင်အားကိုးနှင့် ရန်သူ၏ တိုက်ခိုက်မှုကို ခံဆောင်လိုက်ရခြင်း ဖြစ်သည်။
သို့သော် နတ်ဘုရားသားမွှေးတောင်၏စွမ်းအင်သည်ပင် ထိုတိုက်ခိုက်မှုကို အပြည့်အဝ ခုခံကာကွယ်နိုင်စွမ်း မရှိချေ။ တဖက်ရန်သူ၏ တိုက်ခိုက်မှုသည် အပေါ်ယံမျှသာဟု ထင်ရသော်လည်း ဒဏ်ရာမှတဆင့် ထုံကျင်သည့်ခံစားချက်တရပ် တိုးထွက်လာသည်ကို ညနေမင်း ချက်ချင်းသိလိုက်၏။
အဆိပ်....
ညနေမင်း စိတ်ဆိုးမာန်ဆိုးဖြင့် ရန်သူကို ပြန်လည်တွန်းထုတ်လိုက်ပြီး ဆဲဆိုလိုက်၏။
"ထွီ ရှက်စရာကောင်းလိုက်လေ အဆိပ်နဲ့ ချောင်းမြောင်းလုပ်ကြံတယ်ဆိုတော့ မင်းက ယောကျာ်းကောဟုတ်ရဲ့လား”
အမျိုးသမီးတဦး၏အသံက ပြန်လည်ထွက်ပေါ်လာ၏။
"ကျွန်မက ယောကျာ်းမှမဟုတ်တာ ဘာကိစ္စကြောင့် ဂုဏ်သိက္ခာကို ထည့်တွက်နေရအုံးမှာတဲ့လဲ”
တင်းမာခက်ထန်လှသော အမျိုးသမီးတစ်ဦး ညနေမင်းရှေ့တွင် ပေါ်ပေါက်လာ၏။ သူမ၏ လက်ထဲတွင် ရှည်လျားလှသော ငွေရောင်လှံကြီးတလက် ရှိနေသည်။ သူမကား ချူးယင်ဝမ်ပေတည်း။ ယခုဆိုလျင် သူမသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။
သူမ၏ ဘေးတွင် ရှီကိုင်းဟွမ် ရပ်နေ၏။
ထိုအချိန်တွင် လီတောက်ဟုန်နှင့် ဟိုလီကင်းတို့လည်း အလုပ်များနေကြသည်။
များပြားလှသော တိုက်ခိုက်မှုများ သူတို့အပေါ် ကျရောက်လာလေရာ နှစ်ယောက်လုံး လေဟုန်စီးကုန်ကြ၏။ သွေးများပွက်ခနဲ အန်ထုတ်လိုက်ပြီး သူ့ကို တိုက်ခိုက်လာသူအား လီတောက်ဟုန် ဒေါသတကြီးနှင့် ကြည့်လိုက်၏။
“ကောင်းကင်ဘုံတပ်ရင်းက လီချုံရှန်းမလား"
လီချုံရှန်း မသိမသာ ပြုံးလိုက်၏။
“အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီလေ ခုအချိန်မှာတော့ ကျုပ်က အချုပ်အနှောင်မဲ့ဂိုဏ်း မီးဌာနခွဲရဲ့ ဌာနမှုးပဲ ဆိုပါတော့"
သူ့ဘေးနားရှိ လူသုံးယောက်ကလည်း တည်တည်ငြိမ်ငြိမ်နှင့် ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ကြသည်။
"အချုပ်အနှောင်မဲ့ဂိုဏ်းက ချန်ထန်းဟိုင်ပါ"
"အချုပ်အနှောင်မဲ့ဂိုဏ်းက ဂျန်မောက်စီဖြစ်ပါတယ်"
“အချုပ်အနှောင်မဲ့ဂိုဏ်းက လင်ရှောက်ချွမ်ပါ"
အတိတ်ကာလဆီမှ ကောင်းကင်ဘုံတပ်ရင်း၏တပ်မှူးခုနစ်ဦးအနက် ခြောက်ဦး ပေါ်ထွက်လာခဲ့လေပြီ။ ကောက်ဝမ်ချန်းတယောက်သာ အချုပ်အနှောင်မဲ့ဂိုဏ်း၏ ကျန်ဂိုဏ်းသားများကို စောင့်ရှောက်ရန် ဂိုဏ်းတွင် ကျန်နေရစ်ခဲ့၏။
အထက်ပါပုဂ္ဂိုလ်ကြီးများအပြင် ဓားအစေခံ ၇၃ဦးနှင့် ကောင်းကင်ဘုံတပ်ရင်း၏ အောက်ခြေအဆင့်အရာရှိတချို့လည်း လိုက်ပါလာကြ၏။ အဆိုပါအရာရှိများမှာ အယောက်၂၀ ခန့်ရှိလေရာ သူတို့အားလုံး ပေါင်းလိုက်လျင် စစ်သည်၁၀၀ခန့် ရှ်ိပေလိမ့်မည်။ ထိုစစ်သည်များသည်လည်း လီချုံရှန်းကဲ့သို့ ခေါင်းဆောင်များက စတင်တိုက်ခိုက်လိုက်သည့်အခါ အားလုံးဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ဤမျှ လူအများအပြား လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာကြောင်း မြင်သည်နှင့် ညနေမင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
စုချန်း တကယ်ပင် လိမ်မပြောခဲ့ချေ။
သူသည် ဤနေ့ရက်အတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့၏။
မှန်ပါသည်။ တကယ်လည်း စုချန်း ကြိုတင် ပြင်ဆင်ထားခဲ့သည်မှာ အမှန်ပင်။
လီတောက်ဟုန်၊ ညနေမင်းနှင့် ကျန်လူများ ရောက်ရှိနေပြီကို သိလိုက်ချိန်တွင် စုချန်းသည် မူလအရိုးတောင်ဝှေးကို အသုံးပြု၍ နမိတ်ဖတ်စေကာ ဖြစ်ပျက်လာနိုင်မည့် အရာများကို အခြေခံအားဖြင့် ဆုံးဖြတ်နိုင်ခဲ့၏။ သို့သော် ရန်သူအချင်းချင်းတိုက်ခိုက်စေရုံမျှကိုသာ အားကိုး၍ အရဲစွန့်ခြင်းမျိုးကို စုချန်းလို လူစားမျိုးက ဘယ်သောအခါမှ လုပ်လိမ့်မည်မဟုတ်ချေ။
တကယ်တော့ ရန်သူများအချင်းချင်း တိုက်ခိုက်စေအောင် ရန်တိုက်ပေးခဲ့သည့် စုချန်း၏ အဓိကရည်ရွယ်ချက်မှာ ပွဲသိမ်းတိုက်ပွဲအတွက် နေရာကျယ်ကျယ်ဝန်းဝန်း ရရှိစေရုံမျှသာ ဖြစ်သည်။ သူ၏ တကယ့်အားသာချက်မှာ အချုပ်အနှောင်မဲ့ဂိုဏ်းသာတည်း။
လျှို့ဝှက်နယ်မြေကို ချက်ချင်းမဖွင့်သေးပဲ တိမ်တိုက်မြို့တော်တွင် စုချန်းတယောက် ဆယ်ရက်ခန့်စောင့်ဆိုင်းနေခဲ့သည်မှာလည်း တခြားမဟုတ်။ ကျူးမျိုးနွယ်စုနှင့် အချုပ်အနှောင်မဲ့ဂိုဏ်းကို စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်၏။
အချုပ်အနှောင်မဲ့ဂိုဏ်းသည် လျှို့ဝှက်နယ်မြေကို အချိန်မီရောက်ရှိရန်အတွက် ငွေကြေးအများအပြားကို သုံးစွဲခဲ့ရ၏။ သူတို့သည် အမြန်ဆုံးဆိုသော လွန်းပျံယာဥ်များကို တိုက်ရိုက် ဝယ်ယူပြီး လျောင်ယဲ့နိုင်ငံသို့ အမြန်ဆုံးရောက်အောင် ပျံသန်းခဲ့ကြ၏။ ထို့နောက် ကျုးမျိုးနွယ်စု၏ အကူအညီဖြင့် ကောင်းကင်နိုင်ငံတော်နယ်စပ်မျဥ်းကို ဖြတ်ကာ လျှို့ဝှက်နယ်မြေသို့ရောက်အောင် အပြေးအလွှား ခရီးနှင်ခဲ့ကြရသည်။ နောက်ဆုံးတွင် သူတို့သည် လျှို့ဝှက်နယ်မြေထဲဝင်ရောက်ပြီး အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြသည်မှာ ယခုအချိန်အထိပင်။
စုချန်းဘက်မှ ရောက်ရှိလာသည့် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် လူအင်အားတရာကျော်ခန့်ပင် ရှိ၏။
သို့သော် အီနီဂိုသည် ဂရုစိုက်ဟန်မတူပဲရယ်မောလိုက်၏။
"ဒါလားကွ မင်းရဲ့ အားသာချက်ဆိုတာ ဟုတ်သလား စုချန်း မင်းဟာ ကျုပ်တို့ကို ရင်ဆိုင်ဖို့ အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင်တယောက်နဲ့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်နှစ်ယောက်ကို အားကိုးမလို့ပေါ့ ဟုတ်လား"
အီနီဂိုသည် နဝမလက်စွပ်အဆင့်အာကင်နာပညာရှင်တယောက်ဖြစ်ပြီး သူ့ဘေးတွင် အဌမလက်စွပ်အဆင့် ဒုဌာနမှုး တယောက်ရှိနေ၏။ ညနေမင်း၏ ဘေးတွင်လည်း အဌမလက်စွပ်အဆင့် ဘုန်းတော်ကြီးတပါး ရှိနေသေးသည်။ လီတောက်ဟုန်ဘေးတွင်လည်း အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်နှစ်ဦး ရပ်လျက်ရှိသည်။ ဟိုလီကင်းတွင်လည်း အဌမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦး ကျန်နေသေးသည်။ ထို့ကြောင့် သူတို့၏အင်အားမှာလည်း မသေးလှချေ။
အချုပ်အနှောင်မဲ့ဂိုဏ်းမှာကား သက်တမ်းအားဖြင့် နုနယ်သေး၏။ သူတို့ထဲတွင် အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင်ပင် တဦးတလေမျှ မပါချေ။
ထို့ကြောင့် အီနီဂိုက လှောင်ပြောင်လိုက်ခြင်းပင်။
သို့သော် စုချန်းက မသိမသာ ပြုံးလိုက်၏။
"ကျုပ်တို့ထဲမှာ ချီစွမ်းအားနယ်ပယ် အမြင့်ပိုင်းပညာရှင်တွေ နည်းတာတော့မှန်တယ် ဒါပေမဲ့ မင်းတို့နဲ့ ကျုပ်တို့နဲ့အကြားမှာ လူအင်အားကွာဟချက်က အရမ်းကြီးမားလွန်းနေတော့ အဲ့ဒီကွာဟချက်နဲ့ ပြန်ချေလိုက်လို့ရပါတယ်လေ"
လီတောက်ဟုန် ဒေါသတကြီးဖြင့် ဝင်ပြောလိုက်လေသည်။
"ချီစွမ်းအင်နယ်ပယ် ကွာဟမှုကို လူအင်အားနဲ့ ထေပစ်မဲ့ပေါ့ ဟုတ်လား ကြည့်လိုက်လေ မင်းဘက်က စစ်ကူလိုက်လာတဲ့ကောင်တွေမှာ အမြင့်ဆုံးဆိုတဲ့ကောင်က အလင်းတုန်ခါခြင်းနယ်ပယ်ထက် ပိုမြင့်စရာအကြောင်းမရှိဘူး ဒါကို မင်းက ဒီကောင်တွေအားကိုးနဲ့ ကျုပ်တို့ကို ယှဥ်မယ်ပေါ့ ဟုတ်လား ကျုပ်တို့က……”
သို့သော် သူ့စကားမဆုံးသေးခင်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်၁၀၀ကျော်၏ နဖူးများရှေ့တွင် ပေါ်ပေါက်လာသော ကြာပန်းအုတ်မြစ်များကို လီတောက်ဟုန် ရုတ်တရက် မြင်လိုက်ရ၏။
“အလင်း...အလင်းတုန်ခါခြင်းနယ်ပယ်..."
လီတောက်ဟုန်၊ ညနေမင်းနှင့် ကျန်လူများအားလုံး အံ့အားသင့်ကုန်ကြ၏။
အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် အယောက်၁၀၀။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြ၏။ စုချန်း မသိမသာ ပြုံးရင်း ပြောလိုက်လေသည်။
"ကဲ ခုလောက်ဆိုရင် ကျုပ်တို့က ခင်ဗျားတို့နဲ့ တိုက်ပွဲဝင်ဖို့ လုံလောက်ပြီလား"
ကျင့်ကြံခြင်းနယ်ပယ်အရ အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် အမှန်တကယ်ကြီး အားနည်းနေသော်လည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အများအပြားကို ပိုင်ဆိုင်ထားသည်ဖြစ်၍ ၎င်းမှာ အံ့ချီးဖွယ်ရာကောင်းလှ၏။
လီချုံရှန်းက ရယ်မောရင်း အောက်ပါအတိုင်း အော်ဟစ်လိုက်လေသည်။
“ဒီကောင်တွေနဲ့ စကားပြောပြီး ဘာလို့ အချိန်ကုန်ခံနေမှာလဲ ကျုပ်တို့ဖက်က မဟုတ်တဲ့သူ မှန်သမျှကို အကုန်သတ်ကြ”
အမိန့်သံထွက်ပေါ်လာသည်နှင့် အချုပ်အနှောင်မဲ့ ဂိုဏ်းဝင်များ စတင်လှုပ်ရှားလာ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အယောက်၁၀၀ကျော်၏ ပြိုင်တူတိုက်ခိုက်မှုကို နဝမလက်စွပ်အဆင့် အာကင်နာပညာရှင် အီနီဂိုပင်လျှင် မခံနိုင်။
တိုက်ပွဲစတင်လိုက်ပြီဖြစ်၍ စုချန်းကလည်း လီတောက်ဟုန်ဆီသို့ ခုန်ဝင်လိုက်၏
“လီ တောင်ဟုန် မင်းကတော့ကျုပ်အတွက်ပဲ”
လီတောက်ဟုန်၏ မျက်နှာ တင်းမာသွား၏။ သို့သော် သူက ခုခံရမည့်အစား လေပြေထိုးရန် ကြိုးစားလိုက်လေသည်။
“စုချန်း ကျုပ်ဟာလည်း လူသားတယောက်ပဲလေကွာ ဒါကို မင်းက ဘယ့်နှယ်ကြောင့် ဇွတ်အတင်း ဒုက္ခပေးဖို့ ကြိုးစားနေရတာလဲ”
စုချန်းက ပြန်ဖြေလိုက်သည်။
"မင်းကသာ ကျုပ်ကို ဒုက္ခပေးဖို့ ဇွတ်အတင်း ကြိုးစားနေတာပါကွာ ကျုပ်အနေနဲ့ကတော့ ဒီကိုလာဖို့ မင်းကို ဘယ်တုန်းကမှ ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးထင်တာပဲ”
ပါးစပ်က စကားပြောနေသကဲ့သို့ပင် စုချန်း၏ လက်ထဲရှိ စီးဆင်းရွှေဓားသည်လည်း အဆက်မပြတ်လှုပ်ရှားနေ၏။
စုချန်း၏ တိိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ရင်း လီတောက်ဟုန် ထပ်မံအတွန့်တက်လိုက်ပြန်သည်။
“မင်းအနေနဲ့ ကျုပ်ကို မသတ်ဘူးဆိုရင် မင်းနဲ့ကျုပ် မဟာမိတ်ဖွဲ့လို့ရတယ်”
“မင်းလို မဟာမိတ်မျိုး မရှိတာက ပိုကောင်းတယ်”
စီးဆင်းရွှေဓားသည် ၏ မျက်နှာပြင်သည် ထပ်မံ လှုပ်ရှားသွားပြန်၏။
“ဟေ့ စုချန်း ကျုပ်ဟာ လျောင်ယဲ့နိုင်ငံတော် တော်ဝင်မိသားစုဝင်ပဲ မင်း ကျုပ်ကို သတ်ရဲလို့လား”
လီတောက်ဟုန်၏ အခြေအနေမှာ တိုက်ပွဲမစမီကပင် ရှုံးနိမ့်မည်ကို ကြိုသိနေ၍ သေရမည်ကို ကြောက်ရွံ့နေပြီး ကြိုတင်လက်နက်ချသည့်လေသံမျိုး ဖြစ်နေ၏။ တကယ်တမ်းတွင်လည်း အတ္တကြီးပြီး မိမ်ိအကျိုးသာ အလွန်ကြည့်တတ်သောလူမျိုးတွင် တိုက်ပွဲဝင်လိုစိတ်မှာလည်း မြန်မြန်ဆန်ဆန်ပင် ဆုံးရှုံးသွားတတ်၏။
စုချန်းက အေးစက်သောလေသံနှင့် ပြန်ဖြေလိုက်သည်။
“မင်းက နန်းတွင်းမိသားစုဝင်ဆိုရင်ရော ဘာဖြစ်သလဲ ဒီကလူတွေအားလုံးကို သတ်လိုက်ရင် ဘယ်သူမှ ဘာမှ မပြောနိုင်တော့ဘူးမလား နောက်ပြီး မင်းလိုကောင်ရှိနေတာ ဘုရင့်မျိုးနွယ်စုအတွက် ရှက်စရာပဲ ကျုပ်သာ မင်းကို သတ်လိုက်ရင် လီဝုယီက သူ့အတွက် ခေါင်းကိုက်စရာဖြစ်နေတဲ့ပြသနာကို ဖယ်ရှားပေးလိုက်လို့ ကျုပ်ကို ကျေးဇူးတောင်ပြန်တင်သွားအုံးမယ်"
အထက်ပါအတိုင်းပြောနေရင်း စုချန်း၏ နောက်တွင်လေးမျက်နှာ ကမ္ဘာဦးသွေးပုံရိပ် ထွက်ပေါ်လာ၏။ ထိုအခါ စီးဆင်းရွှေဓား၏ စွမ်းအားသည်လည်း အရှိန်အဟုန် တိုးလာကာ စုချန်းတယောက် သူ့အစွမ်းအထက်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့၏။ ထို့နောက် ဓားချက်များ တချက်ချင်းစီ လီတောက်ဟုန်ပေါ်သို့ မှန်မှန်ကြီး ကျရောက်နေလေသည်။
လီတောက်ဟုန်သည် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ဖြစ်သည့် အိပ်မက်အလှ၏ သွေးဗီဇကို ပိုင်ဆိုင်ထားသော်လည်း ထိုသွေးဗီဇမှာ အနီးကပ်တိုက်ခိုက်ရေးတွင် ခုနှစ်နိုင်ငံဘုရင်မျိုးရိုးခုနစ်မျိုးအနက် အားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် စုချန်းလိုလူစားမျိုးအတွက် လီတောက်ဟုန်ကို ရင်ဆိုင်ရခြင်းသည် ပြဿနာကြီးမဟုတ်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လီ တောက်ဟုန်သည် စုချန်း၏ ဖိအားပေးခြင်းအောက်သို့ လုံးဝကျရောက်သွားခဲ့ပြီ ဖြစ်သည်။
လီတောက်ဟုန် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
"စုချန်း ကျုပ် မင်းကို သိတယ်မင်းနဲ့ကျုပ်တို့ နှစ်ယောက်လုံးဟာ တခါက လူတယောက်တည်းနဲ့ ဆုံခဲ့ဖူးတယ် ကျုပ်တို့နှစ်ယောက်လုံးဟာ ကောင်းကင်က ရွေးချယ်ခံထားရတဲ့သူတွေပဲ တစ်ယောက်ကိုတစ်ယောက် သတ်ဖို့အတွက် အချိန်ဖြုန်းတီးနေလို့ မရဘူး”
စုချန်းက ရယ်မောလိုက်၏။
“အဲ့ဒါ မင်း မြင်တဲ့ပုံစံ ကျုပ်အနေနဲ့ကတော့ အဲ့လို မမြင်ဘူး"
ထိုအချိန်မှာပင် စုချန်း၏ဓားချက်ကြောင့် လီတောက်ဟုန်၏ ခြေထောက် အကြီးအကျယ် ဒဏ်ရာရသွားပြီး နေရာအနှံ့ သွေးများပြန့်ကျဲကုန်၏။ ဤမျှဆိုလျင် စုချန်း၏သဘောထားကို လီတောက်ဟုန် သဘောပေါက်လိုက်ပေပြီ။ ထိုအခါ သူက အံတင်းတင်းကြိတ်ရင်း အောက်ပါအတိုင်း ရေရွတ်လိုက်၏။
“ကောင်းပြီလေ မင်းက ကျုပ်ကို ထွက်ပေါက် မပေးဘူးဆိုတော့လဲ ဒီမှာပဲ အားလုံးအတူတူသေကြတာပေါ့"
ထို့နောက် သူ မူလလက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းမှာ အလွန်ပြင်းထန်ကြမ်းတမ်းလှသည့် စွမ်းအင်တမျိုးကို ထုတ်လွှတ်နေသော တံခွန်တခုပင် ဖြစ်လေသည်။ အော်ဟစ်ငြီးငြူသံများ၊ မြည်ဟီးသံများ တံခွန်ထဲမှ အဆက်မပြတ်ပင် ထွက်ပေါ်နေ၏။
“ဒါက…”
စုချန်းပင် ဤတံခွန်မျိုးကို တစ်ခါမျှ မမြင်ဖူးချေ။
လီတောက်ဟုန်၏မျက်နှာတွင် သွေးဆာဟန်များ အတိုင်းသားပေါ်လွင်နေ၏။
“မင်းက ကျုပ်ကို ဒီအခြေအနေထိရောက်အောင် ဇွတ်တွန်းပို့လိုက်တာပဲကွ"
အထက်ပါအတိုင်းပြောရင်း သူ တံခွန်ကို ဝှေ့ယမ်းလိုက်ရာ အော်ဟစ်သံများ၊ မြည်ဟီးသံများသည် ပို၍ကျယ်လောင်လာ၏။ ထို့နောက် မှိန်ဖျော့သော်လည်း ကြည်လင်သည့်အရိပ်များ လေထဲသို့ တိုးထွက်လာကြလေသည်။
“စုချန်း သတိထား အဲ့ဒါ တကယ့် ဝိညာဥ်တွေပဲ”
လီချုံရှန်းက ကမန်းကတန်း အော်ဟစ်သတိပေးလိုက်၏။
မူလကမ္ဘာကြီးဝယ် သက်ရှိတဦး သေဆုံးပြီးနောက်တွင် သူတို့၏ဝိဉာဉ်မှာလည်း ပြိုကွဲသွားတတ်၏။ သို့သော် မသေနိုင်သောဘဝကို ရရှိရန် ကြိုးစားနေသူတချို့မှာ အမြဲတမ်းရှိနေတတ်၏။ ထိုအထဲမှ တချို့မှာကား နောက်ဆုံးတွင် မလိုလားအပ်သည့် လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားကြတော့သည်။
အာကင်နာပညာရှင်များသည် ထွက်ခွာသွားသည့် ဝိဉာဉ်များကို ဆင့်ခေါ်ရန် နည်းလမ်းမျိုးစုံကို တီထွင်ခဲ့ကြသလို လူသားများသည်လည်း အလားတူနည်းစနစ်များကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထိုနည်းစနစ်များအနက် အယုတ်မာဆုံးနှင့် အဆိုးညစ်ဆိုးဟု သတ်မှတ်ရမည့်နည်းစနစ်တခုမှာကား ဝိညာဥ်ဖန်တီးခြင်းဟု အမည်ရသည့် နည်းစနစ်ပင် ဖြစ်လေသည်။
ဤနည်းစနစ်ဖြင့် ဖန်တီးထားသည့် ဝိဉာဉ်များသည် သရုပ်မှန်ဝိညာဥ်များဖြစ်ကြသည်။ သူတို့သည် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပြီး အင်အားကြီးမားကာ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အလွန်မြင့်မားလှ၏။ သို့သော်မုန်းတီးမှု၊ ဆာလောင်မှုတို့ ၎င်းတို့၏အသွေးအသားထဲတွင် ကိန်းအောင်းနေစေရန် ဝိညာဥ်အဖြစ် ဖန်တီးခံရမည့်သူများကို အယုတ်မာဆုံးဟု သတ်မှတ်ရမည့် နည်းလမ်းပေါင်းများစွာနှင့် ညှင်းပန်းနှိပ်စက်ထားရန် လိုအပ်ပေသည်။ ထို့ကြောင့် ဝိညာဥ်ဖန်တီးခြင်းနည်းစနစ်ကို အလွန် ဆိုးယုတ်သည့် နည်းစနစ်အဖြစ် သတ်မှတ်ကာ အသုံးမပြုရန် တားမြစ်ထား၏။ မထင်မှတ်ပဲ လီတောက်ဟန်သည် ကိုယ်ပိုင်ဝိညာဥ်များ ဖန်တီးနေခဲ့သည်ဆိုပါကလား၏
တံခွန်ထဲတွင် ဝိညာဥ်ပေါင်း ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ ရှိနေလေရာ လီတောက်ဟုန်သည် သူ့ဘဝတစ်လျှောက်လုံး လူအမြောက်အမြားကို နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း သိသာနေ၏။
ဤဝှက်ဖဲကို နောက်ဆုံးအချိန်ကျမှ လီတောက်ဟုန် ထုတ်သုံးခြင်းမှာ အံ့သြစရာမရှိ။ အကြောင်းမှာ ဝိညာဥ်ဖန်တီးခြင်းနည်းစနစ်ကို သူ အသုံးပြုနေကြောင်း လူအများသိရှိသွားပါက သူသည် ဘုရင့်မျိုးနွယ်ဖြစ်စေကာမူ လူထု၏ နံပါတ်တစ် ရန်သူ ဖြစ်သွားမည်မှာ သေချာနေသောကြောင့်ပင်။
***