← Chapters

မလုံလောက်သေးဘူးလား

Vol. 86 Ch. 855

မလုံလောက်သေးဘူးလား

Vol. 86 Ch. 855

တချို့သောအခြေအနေများတွင် ကိစ္စတချို့ဟူသည်မှာ စလိုက်မိသည်နှင့် နောက်ပြန်လှည့်၍ မရတော့ချေ။

ဝိညာဥ်ဖန်တီးခြင်းနည်းစနစ်ကြောင့် မည်သို့သောဆိုးကျိုးများ ရင်ဆိုင်ရမည်ကို လီတောက်ဟုန် မသိမဟုတ်။ ကောင်းကောင်းကြီး သိနေ၏။ တကယ်တော့ သူသည် သာမာန်လူတယောက် မဟုတ်။ အခွင့်ထူးခံ မင်းမျိုးမင်းနွယ်လည်း ဖြစ်နေသေး၏။ သို့ဆိုလျင် ဤမျှ နောက်ဆက်တွဲဆိုးကျိုးများပြားလှသော၊ အနာဂတ်တွင် ပြသနာများစွာ ပေါ်ပေါက်လာစေနိုင်သော အရာတခုကို အဘယ်ကြောင့် အပင်ပန်းဖန်တီးခဲ့ရလေသနည်း။ ၎င်းမှာ သူ့အတွက် မလိုအပ်ချေ။

တကယ်တော့ သူ ဤသို့လုပ်ခဲ့ရခြင်း၏အဓိကအကြောင်းရင်းမှာ ဤလုပ်ရပ်မျိုးက သူ့ကို စိတ်လှုပ်ရှားစေသောကြောင့်ပင်။

မထင်မှတ်ပဲ သူတောင်းစားအဖိုးကြီးလက်ချက်ကြောင့် သွက်ချာပါဒဖြစ်သွားပြီးနောက် လူတိုင်း၏ အနိုင်ကျင့်မှုကြောင့် သူ အကြီးအကျယ် အရှက်ရခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ သူ့စိတ်နှလုံးအိမ်တွင်လည်း ရိုးသားမှုဟူသည် အစအနပင် ရှာမရအောင် ပျောက်ဆုံးသွားခဲ့တော့သည်။

သုံးနှစ်အကြာတွင် သူ ပါရမီရှင်တဦး ဖြစ်လာပြီး ယခင်ရာထူးနှင့်အဆင့်အတန်းကို ပြန်လည်ရရှိခဲ့သော်ငြား ထိုမတိုင်မီ ခံစားခဲ့ရသည့် နှိပ်စက်မှုများသည် သူ့အပေါ် သက်ရောက်မှုကြီးမားခဲ့သည်ဟုပင် ဆိုရပေတော့မည်။ တနည်းအားဖြင့် ထိုအတွေ့အကြုံများသည် လက်ရှိ ပစ္စုပ္ပါန်လီတောက်ဟုန်၏ ကိုယ်ရည်ကိုယ်သွေးကို ဖြစ်တည်လာစေခဲ့၏။ ထိုအခါ သူ၏ အမှောင်ဘက်ခြမ်းဟု သတ်မှတ်ရမည့် ယုတ်မာကောက်ကျစ်သော၊ ဆိုးယုတ်သောကိုယ်ရည်ကိုယ်သွေးတို့သည်လည်း လီတောက်ဟုန်ဟူသော လူသားတဦး၏ ဖြစ်တည်မှုထဲတွင် ပေါင်းစပ်ပါဝင်သွားခဲ့တော့သည်။

လူအများစု၏ စိတ်ထဲတွင် လီတောက်ဟုန်၏ လက်တုံ့ပြန်မှုများနှင့်ပင် ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း ရပ်တန့်သွားခဲ့ပြီဟု ယူဆခဲ့ကြ၏။

သို့သော် ထိုယူဆချက်မှာ တက်တက်စင်အောင် မှားနေပေသည်။

လျောင်ယဲ့မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းတခုလုံးကို ပွက်လောရိုက်စေခဲ့သော လီတောက်ဟုန်၏ လက်စားချေမှုများသည် ရေခဲတောင်၏ ထိပ်ပိုင်းလေးမျှသာ ဖြစ်နေသေး၏။ တကယ်တော့ အဆိုပါလက်စားချေမှုများသည် လီတောက်ဟုန် ကိုယ့်ကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ထားခြင်း၏ ရလဒ်မျှသာ ဖြစ်နေသေးသည်ကို မည်သူမှ မျှော်လင့်ထားလိမ့်မည်မဟုတ်။ ထို့ကြောင့် အတိအကျပြောရလျင် လီတောက်ဟုန်သည်ကား ရူးသွပ်နေသူပေတည်း။

ဤသို့ လူမသ်ိသူမသိ ရူးသွပ်မှုကြောင့်သူ့လက်ထဲရှိ ဝိညာဥ်တံခွန် ပေါ်ပေါက်လာခြင်းပင်။

တကယ်တော့ လီတောက်ဟုန်အနေနှင့် ဝိညာဥ်တံခွန်ကို ဖန်တီးခဲ့ရခြင်းမှာ ပင်မရည်ရွယ်ချက်မှာ တခြားမဟုတ်။ သူသည် ကျန်တခြားလူများကို ညှင်းပန်းနှိပ်စက်ရခြင်းကို အလွန် နှစ်သက်၏။ ၎င်းတို့ လှုပ်ရှားရုန်းကန်နေခြင်းကို အရသာခံ ကြည့်နေရသည့်အခါ သူ အလွန်ပျော်၏။ တစ်နည်းအားဖြင့်ပြောရလျင် သူသည် တခြားလူများ၏ ဆင်းရဲဒုက္ခများတွင် ပျော်မွေ့နေခြင်းပင်။

ဝိညာဥ်များကို တိုက်ပွဲတွင် အသုံးပြုရန်မှာ လီတောက်ဟုန်အတွက် ဒုတိယရည်ရွယ်ချက်မျှသာ ဖြစ်လေသည်။

ဝိညာဥ်များ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်လာ၏။ ထို့နောက် ကြောက်မက်ဖွယ် အော်သံများနှင့် ငိုငြီးသံများ လေထဲတွင် ပြည့်နှက်သွားလေသည်။

ထို့နောက်တွင်တော့ အဆိုပါ ဝိညာဥ်များသည် စူချန်ကို ဒေါသတကြီးနှင့် ကုတ်ခြစ်တိုက်ခိုက်ကြတော့သည်။ ဤတကြိမ်တွင်တော့ စီးဆင်းရွှေဓားသည် ဝိညာဥ်များအပေါ် ဘာသက်ရောက်မှုမှ ရှိမနေတော့၍ စုချန်း အံ့သြသွား၏။ အရိပ်မီးလျံများ၏ အစွမ်းမှာလည်း ဝိညာဥ်များအပေါ်တွင် ရာနှုန်းပြည့် သက်ရောက်မှု မရှိတော့ချေ။

"စုချန်း သတိထား ဒီဝိညာဥ်တွေဟာ အန္တရာယ်ရှိတဲ့စွမ်းအင်တွေ စုစည်းထားတာ အဖိုစွမ်းအင်တွေသာ သူတို့အပေါ် သက်ရောက်မှုရှိနိုင်မယ် မင်းရဲ့ အရိပ်မီးလျှံမှာ အဖိုစွမ်းအင် လုံလောက်မှုမရှိဘူး ဒါကြောင့် သူတို့ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"

လီချုံးရှန်က အော်ဟစ်သတိပေးလိုက်ပြန်၏။

အရိပ်မီးလျှံ များသည် အခြေခံအားဖြင့် ပုပ်ရိစေတတ်သော သဘောရှိနေ၍ အမဓာတ်ကဲသော မီးလျှံများဟု သတ်မှတ်နိုင်၏။

ထိုအခါ လက်ရှိအခြေအနေမှာ စုချန်းအဖို့ ဆိုးရွားလှသည်ဟု ဆိုနိုင်ပေသည်။ စီးဆင်းရွှေဓားမှာ ဘာသက်ရောက်မှုမှ မရှိတော့လေရာ စုချန်းလိုလူစားမျိုးပင် ဝိညာဥ်များ၏ ဖိအားပေးခြင်းကို ခံစားနေခဲ့ရလေပြီ။

"အဖိုစွမ်းအင်ပေါ့ ဟုတ်လား"

စုချန်း ခေတ္တ စဥ်းစားလိုက်၏။

"ဒါဆိုရင်လဲ ဒါကိုပဲ သုံးရတော့မှာပေါ့လေ"

အထက်ပါအတိုင်း ရေရွတ်ရင်း သူ အသက်စွမ်းအင်ဖယောင်းတိုင်တချောင်းကို ထုတ်ပြီး မီးညှိုလိုက်လေသည်။ တဖန် သူသည် မိုးကြိုးမူလသလင်းကိုထုတ်ယူကာ စတင်စုပ်ယူလိုက်တော့၏။

မီးလျှံများသည် အဖိုစွမ်းအင်အဖြစ် သတ်မှတ်ခံရသည်မှာ သေချာနေ၏။ ထိုအထဲတွင် မိုးကြိုးနှင့်လျှပ်စီးတို့လည်း ပါဝင်နေပေသည်။

စုချန်းသည် မိုးကြိုးဓားကို ကျင့်ကြံထား၍ မိုးကြိုးဒြပ်စင်နှင့်ပတ်သက်၍ သူသည် အတိုင်းအတာတခုထိ နားလည်ထား၏။ သို့သော် မိုးကြိုးဓားသည် ဝိညာဥ်များကို သတ်ဖြတ်ရန် လုံလောက်သော စွမ်းအားမရှိချေ။

ထို့ကြောင့် စုချန်းသည် အချိန်မဖြုန်းတော့ပဲ မိုးကြိုးစွမ်းရည်ကို ချက်ချင်းပင် မြှင့်တင်လိုက်တော့၏။ သိပ်မကြာမီ မိုးကြိုးသလင်းနှင့် အသက်စွမ်းအင်ဖယောင်းတိုင်များ၏ အကူအညီနှင့် စုချန်း၏ မိုးကြိုးမူလစွမ်းရည်မှာ ယာယီအားဖြင့် သတ္တမလက်စွပ်အဆင့်သို့ ရောက်ရှိသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်း၏လက်ချောင်းထိပ်တွင် လျှပ်စီးစက်လုံးအသေးစားတလုံး စတင်ပေါ်ပေါက်လာ၏။

"ဒါ..."

လီတောက်ဟုန် အကြီးအကျယ် အံ့သြသင့်သွား၏။

သတ္တမလက်စွပ်အဆင့် အာကင်နာနည်းစနစ်၊မိုးပေါ်က လျပ်စီးကြောင်း။

ထူထဲသိပ်သည်းလှသော လျှပ်စီးကြောင်းတခုသည် လီတောက်ဟုန်၏ ဝိညာဥ်တံခွန်ကို ပြင်းထန်စွာ ပစ်ချလိုက်၏။ ထို့နောက် လျှပ်စီးနှင့်မိုးကြိုးများ ဆက်တိုက်ဆိုသလိုပင် ဝိညာဥ်များအပေါ် ကျရောက်ပေါက်ကွဲနေလေသည်။ ဝိညာဥ်များထံမှ နာနာကျင်ကျင်ငြီးတွားသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သို့သော် သတ္တမလက်စွပ်အဆင့် အာကင်နာနည်းစနစ်သည်ပင် ဝိညာဥ်များကို အလုံးစုံ ချေမှုန်းနိုင်ပုံမရချေ။ အသက်စွမ်းအင်ဖယောင်းတိုင်သည် ဆက်လက်လောင်ကျွမ်းနေ၏။ မိုးကြိုးမူလသလင်းထဲရှိ စွမ်းအင်များမှာလည်း ဆက်လက်အငွေ့ပျံနေလေသည်။ သို့သော် ငွေကြေးအလွန်ကြွယ်ဝလွန်းသူအဖို့ နည်းနည်းပါးပါး ဖြုန်းတီးလိုက်ခြင်းမှာ ဘာပြသနာမှ မရှိ။ ရန်သူကို အနိုင်ရရှိရေးကသာ ပို၍ အဓိကကျနေသည် မဟုတ််ပါလား။

ရုတ်တရက်ဆိုသလိုပင် စုချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပို၍မြင့်မားလာ၏။ စက္ကန့်ပိုင်းအတွင်း စုချန်းကား အဌမလက်စွပ်အဆင့်သို့ မြင့်တက်သွားခဲ့ပြန်လေပြီ။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လီတောက်ဟုန် အကြီးအကျယ် ကြံရာမရဖြစ်နေ၏။ အီနီဂိုပင်လျင် စုချန်းကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ ထိုနေရာရှိ လူတိုင်း ဆွံ့အသွားခဲ့ကြပြီ ဖြစ်သည်။

စုချန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဌမလက်စွပ်အဆင့် အာကင်နာ ပညာရှင်တစ်ဦး ဖြစ်သွားခဲ့လေပြီ။

၎င်းမှာ ရူးကြောင်ကြောင်နိုင်လှ၏။

အာကာနာ ပညာရှင်များသည် ဤမျှပင် အပေါစားဆန်နေလေသလား။

မဟုတ်ပါ။ အာကင်နာပညာရှင်များသည် များစွာတန်ဖိုးရှိပါသည်။

တကယ်တော့ အထက်ပါအခြေအနေမျိုးကို ရရှိရန် စုချန်းသည် အသက်စွမ်းအင်ဖယောင်းတိုင် ဒါဇင်ပေါင်းများစွာနှင့် မိုးကြိုးမူလသလင်းအများအပြားကို အလဟဿအသုံးပြုခဲ့ရသည် မဟုတ်ပါလား။

သူ ယနေ့ သုံးစွဲခဲ့သည့် ပိုက်ဆံပမာဏမှာ နိုင်ငံငယ်တနိုင်ငံ၏ စုစုပေါင်းကြွယ်ဝမှုနှင့်ပင် ညီမျှနေ၏။

အဌမအဆင့် ရောက်သွားသည်နှင့် စုချန်း၏ လက်ချောင်းထိပ်မှ နောက်တကြိမ် ပြင်းထန်သော လျှပ်စီးလှိုင်းတစ်ခု ထွက်ပေါ်လာပြန်၏။

လျှပ်စစ်သံလိုက်မုန်တိုင်းပေတည်း။

သောင်းနှင့်ချီသော နတ်ဆိုးများ စိတ်ပျက်အားငယ်စွာနှင့် အော်ဟစ်နေကြ၏။ သူတို့ကား အပြီးတိုင် ဖျက်ဆီးခံရပေတော့မည်။ ထိုအချိန်မှာပင် လီတောက်ဟုန်က နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်၏။

လီတောက်ဟုန်၏ လက်ထဲတွင် အဝါရောင်ရေဘူးတဘူး ပေါ်ပေါက်လာပြီး ထိုရေဘူးထဲမှ သဲစီးကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် အဆိုပါ သဲစီးကြောင်းသည် နံရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူချန်၏ မိုးကြိုးများကို တိုက်ရိုက်ပင် ပိတ်ဆို့ထားလိုက်လေသည်။

လီတောက်ဟုန်ကိုင်ထားသည့် ရေဘူးကို မြင်သည်နှင့် ကျူးချန်းဟွမ်က လှမ်းအော်လိုက်သည်။

"သဲမြစ်ရေဘူး ဒါဆို သဲမျိုးနွယ်စုကို ရှင်းပစ်လိုက်တာ မင်းပဲပေါ့"

သဲမျိုးနွယ်စုဟူသည် ခက်ခဲသောအချိန်များတွင် လူအများကို ဝင်ရောက်ကူညီတတ်သည့် အလွန်စိတ်ရင်းကောင်းသော မျိုးနွယ်စုတစု ဖြစ်သည်။ ကံမကောင်းစွာပင် လွန်ခဲ့သောနှစ်တချို့က သဲမျိုးနွယ်စုကို လူတချို့ သတ်ဖြတ်သွားခဲ့၏။ သဲမြစ်ရေဘူးများမှာလည်း ပျောက်ဆုံးသွားခဲ့လေသည်။

စုချန်း၏ မျက်နှာမှာ ပို၍ပင် အေးစက်တင်းမာလာ၏။

"မင်းဟာ အသက်ရှင်ဖို့ မထိုက်တန်တဲ့ကောင်ပဲ"

"ဟား ဟား ဟား ကျုပ်ကိုပဲ အရင်ဆုံး သတ်နိုင်အောင်လုပ်ပါအုံးကွာ"

လီတောက်ဟုန် ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ကျုပ်ဟာ ဘုရင့်အနွယ်ဝင် ကျုပ်မှာ အကန့်အသတ်မရှိတဲ့ ရတနာတွေရှိတယ် မင်း ကျုပ်ကို ဘယ်လိုများ သတ်နိုင်မလဲ ပြောစမ်း"

"မင်းကိုကြည့်ရတာ ဒီစကားပဲ ပြောတတ်ပုံရတယ် မင်းက ကျုပ်နဲ့ ကြွယ်ဝတာချင်း ယှဉ်ပြိုင်ချင်တာလား ကောင်းပြီလေ"

ထို့နောက်တွင်တော့ စုချန်းသည် အသက်စွမ်းအင်ဖယောင်းတိုက်ို ထုတ်ကာ လီတောက်ဟုန်၏ မျက်စေ့ရှေ့မှာပင် မီးညှိလိုက်ပြီး ၎င်း၏စွမ်းအားကို စတင်စုပ်ယူလိုက်၏။

"အသက်စွမ်းအင်ဖယောင်းတိုင် အဲဒါတွေက အသက်စွမ်းအင်ဖယောင်းတိုင် တွေလား"

လီတောက်ဟုန် သူ့မျက်လုံးကိုပင် သူ မယုံနိုင်ပဲ ဖြစ်နေ၏။ အသက်စွမ်းအင်ဖယောင်းတိုင်ဟူသည် လူသားမျိုးနွယ်၏ ရတနာများ ဖြစ်သည်။ အသက်စွမ်းအင်ဖယောင်းတိုင်ဟူသော အသံကိုကြားလိုက်သည်နှင့် လူပျံတော်များကလည်း စုချန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြ၏။

လီတောက်ဟုန်က ပြောလိုက်ပြန်သည်။

"မင်းမှာ အသက်စွမ်းအင်ဖယောင်းတိုင် တွေရှိတယ်ပေါ့ ဟုတ်လား ဒါပေမယ့်... ဒါပေမယ့်... အသက်စွမ်းအင်ဖယောင်းတိုင်တွေရှိရင်တောင် မင်းဒီလောက်မြန်မြန်ကြီး အဆင့်တက်နိုင်မှာ မဟုတ်ဘူး ဒါဆို ဖြစ်နိုင်တာ... မင်းမှာ အသက်စွမ်းအင်ဖယောင်းတိုင် ဘယ်နှစ်ချောင်းတောင်ရှိနေတာလဲ"

"သိပ်အများကြီးမဟုတ်ပါဘူးကွာ စုစုပေါင်း ၁၆၁ချောင်းလောက်ပါပဲ ခုဆို နောက်တဆင့်ထပ်တက်လိုက်တာနဲ့ သုံးပုံနှစ်ပုံလောက် ကုန်သွားလိမ့်မယ်"

စုချန်း ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်၏။

လီတောက်ဟုန်ကား လုံးဝ ဆွံ့အသွားခဲ့လေပြီ။

ဒီကောင် ရူးနေတာပဲ...

ယခုတော့ လီတောက်ဟုန်၏ ကြွယ်ဝမှုက စုချန်းနှင့် ယှဉ်ကြည့်လိုက်လျင် ဟာသဖြစ်သွားခဲ့လေပြီ။

အီနီဂိုသည်ပင် စုချန်း၏ စကားကိုကြားပြီး စိတ်ပျက်သွား၏။

သူတို့ ဘယ်လိုပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရလေသနည်း။

သူတို့အဖို့ ပွဲမစခင်ကတည်းက ရှုံးနိမ့်နိုင်သော အခြေအနေတွင် ရှိနေပြီးသား ဖြစ်သည်။ ယခုတော့ ရန်သူက သူတို့ကို အနိုင်ရရန် ငွေပုံအောနေခဲ့သည် ဆိုပါကလား။

သိပ်မကြာမီ စုချန်း၏ သဲနံရံများအားတန်ပြန်ရန် စုချန်း၏ လေအမျိုးအစားစွမ်းရည်သည် လိုအပ်သည့်အဆင့်သို့ ရောက်ရှိသွားခဲ့၏။ သို့သော် ကိုက်ညီမည့်နည်းစနစ်ကို ယခုအချိန်ထိ ကိုယ်ပွားများ ရှာမတွေ့သေး၍ စုချန်းအနေနှင့် စောင့်နေရုံသာရှိတော့၏။

ထိုအချိန်တွင် လီတောက်ဟုန်ကား အကြီးအကျယ် စိတ်ပူနေခဲ့လေပြီ။

မင်း လုံလောက်တဲ့အဆင့်ကို ရောက်နေပြီမလား ဘာလို့မစသေးတာလဲ...

ဘာလဲ မင်း လုံလောက်တဲ့အဆင့်ကို မရောက်သေးတာလား...

ဘာ...အဌမအဆင့်မလုံလောက်သေးဘူးလား...နဝမအဆင့်ထိအောင် သွားမလို့လား...

တွေးရင်းနှင့် လီတောက်ဟုန် ငိုချင်စိတ်ပေါက်သွား၏။

ထိုအချိန်တွင် စုချန်းမှာ မိုးကြိုးမူလစွမ်းရည်ကိုဆက်လက်ထုတ်သုံးကာ လီတောက်ဟုန်ကို ဆက်လက်ဖိအားပေးနေရ၏။ တဖက်တွင်လည်း ကိုယ်ပွားများ အသုံးဝင်မည့် နည်းစနစ်တခု ရှာတွေ့မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရလေရာ အချိန်ကြာသော် သူ စိတ်ပျက်လာ၏။

စုချန်း၏ လက်များမှာလည်း အလွန်ပင် အလုပ်များနေ၏။ သက်ဆိုင်ရာစွမ်းအင်အဆင့်မြင့်တက်လာသော်ငြား ထုတ်သုံးစရာနည်းစနစ်ရှာမတွေ့သေးလေရာ မိုးကြိုးနှင့် လေစွမ်းအင်များသည် ထွက်ပေါက်ပိတ်သကဲ့သို့ ဖြစ်နေ၏။ ထိုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် စုချန်းသည် အဆိုပါစွမ်းအင်နှစ်ရပ်အတွက် သက်ဆိုင်ရာ ဒြပ်စင်စက်လုံးများကို စတင်ဖွဲ့စည်းလိုက်ရ၏။ ထို့နောက် သူက မ်ိုးကြိုးဒြပ်စင်စက်လုံးနှင့် လေဒြပ်စင်စက်လုံးတို့ကို သူ့နောက်ကျော တဖက်တချက်လေထုထဲတွင် ငြိမ်သက်အောင် ထိမ်းသိမ်းထားလိုက်၏။

ထိုအချိန်မှာပင် ထူးဆန်းသောခံစားမှုတရပ် စုချန်းဆီသို့ တိုးဝင်လာ၏။ ၎င်းခံစားမှုမှာ တခုခုက သူ့ကို တိတ်တဆိတ် ဆွဲငင်နေသည်နှင့် တူလှသည်။

မဟုတ်သေးဘူး...ဒီခံစားချက်က ငါ့နောက်က ဒြပ်စင်စက်လုံးတွေကို တစ်ခုခုက ဆွဲငင်နေတာနဲ့ ပိုပြီးတူနေတယ်...

ထိုခံစားချက်ထွက်ပေါ်လာရာ အရင်းအမြစ်ကို စုချန်း အာရုံခံလိုက်၏။ ထိုအချိန်မှာပင် ဘုရားကျောင်းထိပ် စားပွဲကြီးပေါ်တွင် မှိန်ဖျော့စွာတောက်ပနေသည့် လေဝိညာဉ်ဆေးမင်ရုပ်ကို စုချန်း မြင်တွေ့လိုက်ရလေသတည်း။

***

All Chapters