အဆုံးသတ်
Vol. 86 Ch. 857
စုချန်း၏ အတောင်ပံများမှာ မူလက ကျီးကန်းဘုရင်၏ တောင်ပံကဲ့သို့ အနက်ရောင် ဖြစ်သည်။ သို့သော် လေနှင့် မိုးကြိုးဝိညာဥ်ဆေးမင်များကို စုပ်ယူပြီးသည်နှင့် သူ့အတောင်ပံများမှာ အရောင်ပြောင်းသွားကုန်၏။
ယခုဆိုလျင် သူ့ ဘယ်ဘက်နှင့်ညာဘက်ရှိ အတောင်ပံများ၏ အရောင်များမှာ လားလားမျှ မတူကြတော့ချေ။ သူ့ဘယ်ဘက်တောင်ပံသည် အစိမ်းရောင်သန်းနေပြီး တောင်ပံပတ်ပတ်လည်တွင် လေပွေများ ရစ်သိုင်းလျက်ရှိ၏။ အဆိုပါ လေပွေများမှာ လေကို အဆက်မပြတ် စုပ်ယူပို့လွှတ်ပေးနိုင်သည့် ထူးထူးခြားခြား စွမ်းရည်တမျိုးကို ပိုင်ဆိုင်ထားကြလေသည်။ သူ့ညာဘက်အတောင်မှာမူကား အပြာရောင်ဖြစ်ပြီး မိုးကြိုးမျှင်များ အတောင်မျက်နှာပြင်တစ်လျှောက် ကခုန်နေကြ၏။
လေနှင့်မိုးကြိုး၏ စွမ်းအားများ ပေါင်းစပ်လိုက်ချိန်တွင် အတောင်ပံတစုံမှ ထွက်ပေါ်လာသည့်အလင်းမှာ ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေ၏။ သူ့ရှေ့တွင် ရှိနေသူမှန်သမျှ ပြားပြားဝပ်သွားစေမည့် အရှိန်အဝါမျိုးကို စုချန်း ဖော်ကျူးနေလေသည်တကား။
ထို့နောက် စုချန်းက လေထဲတွင် လှည့်ပတ်ပျံသန်းရင်း တည်ငြိမ်သောလေသံနှင့် ပြောလိုက်၏။
“မင်းတို့အားလုံးဟာ တော်တော်ကို မာန်ထောင်နေကြတာပဲကိုး"
စကားဆုံးသည်နှင့် စုချန်း စတင်လှုပ်ရှားလိုက်ရာ ပထမဦးစွာ ပွဲထွက်လာသည်မှာကား ကမ္ဘာဦးသွေးပုံရိပ်ပင် ဖြစ်သည်။ ကမ္ဘာဦးသွေးပုံရိပ်ဟူသည် မျက်နှာလေးမျက်နှာရှိသော ပုံရိပ်ယောင်မှန်း အားလုံးသိထားပြီးသားပင်။ သို့သော် ထူးခြားသည်မှာ ဤတကြိမ်သွေးပုံရိပ်တွင် မျက်နှာလေးဖက်တင်မကပဲ အတောင်ပံတစုံလည်း ပါဝင်လာ၏။
ထို့ပြင် အနှီပုံရိပ်ယောင်သည် ယခင် လေစွန်မှ ဆင်းသက်လာသော်ငြား ယခုတွင်တော့ လေစွန်ကို လုံးဝဥသုံမှီခိုနေရသည့်ဘဝမှ စုချန်း လွတ်မြောက်လာခဲ့ပေပြီ။ ဒါသည်လည်း သူ့အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ပင် မဟုတ်ပါလား။
ပထမဆုံးအနေနှင့် ကမ္ဘာဦးသွေးပုံရိပ်သည် အတောင်ပံများပေါက်လာရုံမက လေပြင်းများ၊ မိုးကြိုးတိမ်တိုက်များကလည်း သူ့ကို ဝိုင်းရံထား၏။ ရှေးယခင်ကဆိုလျင် စုချန်း၏ သွေးပုံရိပ်သည် အရိပ်မီးတောက်များအပေါ် အခြေခံပြီး စွမ်းအားကို ချဲ့ထွင်ခဲ့ရ၏။
ယခုတော့ စုချန်းသည် လေနှင့်မိုးကြိုးကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဖြစ်၍ ကမ္ဘာဦးသွေးပုံရိပ်၏ လုပ်ဆောင်ချက်မှာလည်း ယခင်ကဲ့သို့ မရိုးရှင်းတော့ချေ။
ဖြတ်ခနဲကြည့်လိုက်လျင် အနှီ ပုံရိပ်ယောင်သည် အသက်ဝင်လာသကဲ့သို့ပင် ထင်မှတ်ရ၏။ ယခင်ကဆိုလျင် ကမ္ဘာဦးသွေးပုံရိပ်ဟူသည် လုံးဝ ပုံရိပ်ယောင်သက်သက်သာ ဖြစ်သည်။ သို့သော် ယခုတွင်တော့ အနှီသက်ရှိသတ္တဝါမျိုး မူလကမ္ဘာကြီးပေါ်တွင် တကယ်ပင် ရှိနေသကဲ့သို့ မှတ်မြင်ရ၏။ တနည်းအားဖြင့် ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်း၏ သွေးဗီဇအမွေအနှစ်ကို ထုတ်ဖော်ပြသနေသည့် သဘောပင်။
သို့သော် စုချန်းကို အကောင်းဆုံးနားလည်ထားသူများအတွက်တော့ ၎င်းသည် စုချန်း၏ သွေးဗီဇစွမ်းအားမဟုတ်မှန်း သေချာပေါက်သိကြလိမ့်မည်သာ။ စုချန်းကို အဆိုပါသွေးဗီဇစွမ်းအားမျိုး ဘယ်သတ္တဝါမှ ပေးကမ်းစွန့်ကြဲထားသည်မဟုတ်။ ကမ္ဘာဦးသွေးပုံရိပ်ကြီးဖြစ်တည်လာခြင်း အစမှအဆုံးတိုင်သည် စုချန်း၏ ဖန်တီးမှုအနုလက်ရာများသာတည်း။
အချုပ်ဆိုရလျင် စုချန်းသည် ကျန်သားရဲသွေးဗီဇများစွာ၏ အားနည်းချက် အားသာချက်များကို အဆစ်ဆစ်အပိုင်းပိုင်း ဝေဖန်ပိုင်းခြားပြီးသကာလ ကျန်သွေးဗီဇအားလုံးထက်ကျော်လွန်သည့် လူမျိုးနွယ်သွေးဗီဇကို ဖန်တီးလိုက်ခြင်းပင်။
ဤသည်မှာ မူလကမ္ဘာကြီး၏ ပထမဦးဆုံးသော လူသားသွေးဗီဇပုံရိပ်ပေတည်း။ ၎င်း၏ တိုးတက်ဖွံ့ဖြိုးမှုမှာကား အကန့်အသတ်မရှိ အလားအလာကောင်းများစွာကို မျှော်လင့်နိုင်ခွင့် ရှိနေ၏။
စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်ကို မြင်လိုက်ရသူတိုင်းသည် ထိတ်လန့်တုန်လှုပ်ကြကုန်၏။ ဤတကြိမ်တွင် ဤသွေးပုံရိပ်သည် ပုံရိပ်ယောင်သက်သက်သာ မဟုတ်တော့ချေ။ ၎င်းသည် တကယ်ကြီး အသက်ဝင်နေခဲ့လေပြီ။
“ဟူးယား"
ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်း၏ နောက်တွင်ရပ်နေရင်း ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်၏။ အနှီဟိန်းဟောက်သံသည် လူတိုင်း၏ ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်သွားသည့်နှယ် ကြားရသူတိုင်းကို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေသည်။
ထို့နောက် သွေးပုံရိပ်သည် လက်အစုံကို ဒေါသတကြီး လေထဲတွင် မြှောက်လိုက်ပြီး လေပြင်းမုန်တိုင်းတခုကို စတင်ဖန်တီးလိုက်၏။ ထို့နောက်တွင်တော့ မိုးကြိုးမှ ပေါက်ဖွားလာသည် ဧရာမဓားကြီးတချောင်း။
“သေခြင်းတရားရဲ့မုန်တိုင်းနဲ့ မိုးကြိုးနတ်ဘုရားရဲ့ဓားလား”
အီနီဂို၏ အသံမှာ ပုံမှန်ထက် ပိုကျယ်နေ၏။
အထက်ပါ စွမ်းရည်နှစ်မျိုးလုံးသည် နဝမလက်စွပ်အဆင့်အာကင်နာနည်းစနစ်များဖြစ်ပြီး အထူးတလည် ကြောက်စရာကောင်းလှသည်။
စုချန်းကား တကယ်ကြီးပင် နဝမအဆင့်ကို တက်လှမ်းသွားချေပြီတကား။ သို့သော် ၎င်းမှာ ကြောက်စရာအကောင်းဆုံးအရာ မဟုတ်သေးချေ။ တကယ်တမ်း ကြောက်စရာကောင်းနေသည်မှာ နဝမလက်စွပ်အဆင့်ကို ရောက်သည်နှင့်တပြိုင်နက် နဝမလက်စွပ်အဆင့်အာကင်နာစွမ်းရည်များကို ဆက်တိုက်ဆိုသလို စုချန်းတယောက် ထုတ်သုံးလာနိုင်ခြင်းပင်။
ထိုထက်ပို၍ ကြောက်စရာကောင်းသည်မှာ စုချန်းသည် သူ့နောက်မှ ပုံရိပ်ယောင်ကိုလည်း အာကင်နာနည်းစနစ်များအား လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည့် စွမ်းရည်မျိုးကို ပေးစွမ်းနိုင်ခြင်းပင်။
ထိုထက် ပို၍ ပို၍ ကြောက်စရာကောင်းသည်မှာကား စုချန်းသည် နဝမအဆင့် အာကင်နာနည်းစနစ်နှစ်မျိုးကို ပြိုင်တူထုတ်လွှတ်နိုင်ခြင်းပင်။
အတွေ့အကြုံအလွန်ရင့်ကျက်သော နဝ်လက်စွပ်အဆင့် အာကင်နာပညာရှင်များအတွက်မူ ဤစွမ်းရည်မျိုးက ဖြစ်သင့်ပေသည်။ သို့သော် ထိုအံ့မခန်းစွမ်းရည်မျိုးကို စုချန်းနောက်ရှိ ပုံရိပ်ယောင်လေးက လုပ်ပြနေ၏။
ဤအတိုင်းဆိုလျင် စုချန်းကား ထိပ်ဆုံးကိုရောက်ရန် ခြေတလှမ်းသာ လိုတော့ချေသည်တကား။
ဤအနေအထားတွင် အီနီဂို မည်သို့ မကြောက်လန့်ပဲ နေနိုင်အံ့နည်း။
ထိုအချိန်တွင် ညနေမင်းနှင့်ကျန်လူတိုင်း အထူးပင် ကြောက်လန့်တုန်လှုပ်နေကြလေပြီ။
ဒီကောင် ဒါကြီးကတော့ လွန်လွန်းသွားပြီ...
ဒီကောင့်ရဲ့ စွမ်းအားက အလင်းရဲ့အမြန်နှုန်းလောက်နဲ့ကို တိုးတက်နေတာ...
ဒီလိုလူမျိုးကို ဘယ်လိုလုပ် တိုက်လို့နိုင်တော့မလဲ
သေခြင်း၏မုန်တိုင်းသည် သတ်မှတ်ထားသည့် နေရာတခုအပေါ် သက်ရောက်စေသည့် စွမ်းရည်တမျိုး ဖြစ်၏။ မုန်တိုင်းသည် စပြီဟေ့ဆိုသည်နှင့် အီနီဂိုအပါအဝင် ရန်သူများကို ရစ်ပတ်ထားလိုက်တော့သည်။ သို့သော် ၎င်းမုန်တိုင်းသည် စုချန်း၏ မဟာမိတ်များကိုတော့ ခပ်တည်တည်ပင် ကွေ့ပတ်ရှောင်တိမ်းသွား၏။
မိုးကြိုးနတ်ဘုရား၏ဓားကတော့ ရည်ရွယ်ထားသော ပစ်မှတ်တခုတည်းကို ဦးတည်နေလေသည်။ ၎င်းသည် လီတောက်ဟုန်ကို ပြင်းစွာ ခုတ်ချလိုက်၏။
စုချန်း၏ ပစ်မှတ်ကား ယခုအချိန်ထိ လီတောက်ဟုန်သာ ဖြစ်နေဆဲပေတကား။
“မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူးကွ"
အထက်ပါအတိုင်း သွေးရူးသွေးတန်းအော်ဟစ်ရင်း လီတောက်ဟုန်တယောက် ရှိသမျှ ရတနာမျိုးစုံကို ဆွဲထုတ်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားနေရှာသည်။ သို့သော် ထိုရတနာများကိုမြင်လိုက်တိုင်း စုချန်းအဖို့ ပို၍သာ သွေးဆာလာ၏။ အကြောင်းမှာ ထိုရတနာအများစုမှာ မတရားသော နည်းလမ်းများကြောင့် ရလာခဲ့ရခြင်းကြောင့်ပင်။
ဒီကောင် အတော်လေးကို ညစ်ညမ်းဆိုးယုတ်တဲ့ကောင်ပဲ
မင်း သေဖို့အချိန်တန်နေပြီ...
ထို့နောက် သွေးရူးသွေးတန်းရုန်းကန်နေသော လီတောက်ဟုန်ကိုကြည့်ရင်း စုချန်း အေးစက်စက်လေသံနှင့် ပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီလို့ ထင်နေတာလား"
စုချန်း လက်ကို မြှောက်လိုက်၏။ သူ့လက်ထဲတွင်တော့ စီးဆင်းရွှေဓား ရှိနေသည်။ ဓား၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်မီးတောက်တခု လှိုင်းထနေ၏။ လေနှင့်မိုးကြိုး၏ တိုက်ခိုက်မှုကို ကမ္ဘာဦးသွေးပုံရိပ် ပုံဖော်နေချိန်တွင် စုချန်း၏ လက်များမှာ ယခုတိုင် လွတ်နေသေးသည်။ တချိန်တည်းမှာပင် စုချန်း သွေးဆာလာသည်နှင့်အမျှ သူ့ခွန်အားနှင့်စွမ်းအင်မှာလည်း ပို၍သာ တိုးပွားလာ၏။
သူ့သွေးများ ဤမျှ မဆူပွက်ခဲ့သည်မှာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ချေပြီ။
ဤတကြိမ်တွင်တော့ သူ ရက်ရက်စက်စက်ပင် သတ်ဖြတ်ပေတော့မည်။
အသက်စွမ်းအင်ဆေးမင်ရုပ်၏ အကျိုးသက်ရောက်မှုကြောင့် မယုံနိုင်လောက်သည့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကို စုချန်း ပိုင်ဆိုင်လာခဲ့သည် မဟုတ််ပါလား။
“သေလိုက်စမ်း"
စုချန်း အထက်ပါအတိုင်း ဟိန်းဟောက်လိုက်သည်နှင့် စီးဆင်းရွှေဓား အောက်သို့နိမ့်ဆင်းလာ၏။ လီတောက်ဟုန်အနေနှင့် ဒီအနက်ရောင်မီးတောက်ဖုံးနေသောဓားကို ယခင်ကတည်းက မြင်ဖူးပြီးသားပင်။ သို့သော် ဤတကြိမ်တွင်တော့ ဓားချက်သည် မိုးကြိုးဝိညာဥ်ဓား၏ စွမ်းပကားနှင့် ညီမျှနေသည်ဟု လီတောက်ဟုန် ခံစားလိုက်ရသည်။
ဆထက်တံပိုး တိုးတက်လာသည့် စုချန်း၏ စွမ်းအားများသည် အာကင်နာနည်းစနစ်နှင့်လှပစွာ ပေါင်းစပ်သွားပြီး ပြောင်မြောက်လှသည့် ဓားတစ်ကွက်ကို ပေါ်ပေါက်လာခဲ့စေပြီတည်း။
“သွေးအလင်းနှင့်ဆေးကြောခြင်း”
စုချန်း အော်ဟစ်လိုက်၏။
ကနဦး ဓားကွက်အတွက် စုချန်း ဖန်တီးထားသည့် နာမည်ပေတည်း။
ရွှီခနဲမြည်သံနှင့်အတူ စီးဆင်းရွှေဓားသာ် အောက်သို့ တရွေ့ရွေ့နိမ့်ကျလာ၏။ ဤဓားကွက်မျိုးနှင့် ရင်ဆိုင်ရတော့မှ သူ ဘယ်လောက်အားနည်းမှန်း လီတောက်ဟုန် သိလိုက်ရတော့သည်။
သူ သဲမြစ်တံတိုင်းကို သုံးလိုက်သည်နှင့် သဲများ ပြိုကျသွား၏။ သူ ကျောက်စိမ်းလက်ကာကို သုံးလိုက်ချိန်တွင် ထိုရတနာပစ္စည်းမှာ ကွဲကြေသွား၏။ သူ နတ်ဆိုးအလံကို သုံးလိုက်သည့်အခါ အလံမှာ ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရပြန်သည်။ လီတောက်ဟုန်သည် ရှ်ိရှိသမျှ ရတနာတိုးကိုထုတ်ကာ စုချန်း၏ တိုက်ခိုက်မှုကိုရပ်တန့်ရန် ကြိုးစားခဲ့၏။ သို့သော် အားလုံး အချည်းနှီးသာ ဖြစ်သွားခဲ့ရရှာသည်။
ဓား သူ့အပေါ်ကျဆင်းလာချိန်ဝယ် လီတောက်ဟုန်၏ သွေးရူးသွေးတန်း အော်သံကြီး ထွက်ပေါ်လာသည်။
"မဟုတ်ဘူး"
ထိုအချိန်မှာပင် စီးဆင်းရွှေဓား က လီတောက်ဟုန်၏ ကိုယ်ခန္ဓာကို ဖြတ်တောက်သွား၏။
လီတောက်ဟုန်၏ အော်သံ ပြတ်တောက်သွားသည်။ သူ့တကိုယ်လုံးမှာလည်း ခေတ္တမျှ ယိမ်းထိုးနေပြီး နှစ်ခြမ်းကွဲသွား၏။ ဓားချက်ကား သူ့တကိုယ်လုံးကို ဖြတ်တောက်လိုက်ပြီး သူ့အသက်ဝိညာဥ်ကို တချီတည်းနှင့် မရဏကမ္ဘာသို့ ပို့ဆောင်ပေးလိုက်တော့သည်။
တစ်ချက်တည်းနှင့် သေဆုံးခြင်း။
ထို့နောက် စုချန်းက ဓားကိုသိမ်းပြီး နောက်သို့လှည့်လိုက်၏။ သူ ညနေမင်းကို ဖမ်းဆီးရန် ကြိုးစားလိုက်ခြင်းပင်။
သူ့ဖမ်းချုပ်မှုမှာ အဆုံးမရှိအင်အားများ ပေါင်းစပ်ပါဝင်နေပြီး တားဆီးရန်မှ မဖြစ်နိုင်သလောက်ပင်။
ထိုအခါ ညနေမင်းလည်း နတ်ဘုရားသားမွှေးတောင်ကို မိုင်ကုန်နှိုးဆွရင်း အီနီဂိုကို လှမ်း၍ စျေးညှိလိုက်သည်။
"ဟေ့ အီနီဂို ကျုပ်ကိုကာကွယ်ပေးထားပေးအုံး ဒီအတောအတွင်း ကျုပ် နတ်ဘုရားသားမွှေးတောင်နှစ်ချောင်းကို ပေါင်းစပ်ဖို့ ကြိုးစားကြည့်မယ် ကံကောင်းရင် ဒီတကွက်ထဲနဲ့ ကျုပ်တို့ သူ့ကို အပြတ်ရှင်းနိုင်လိမ့်မယ်"
“ကောင်းပြီ”
အီနီဂိုကလည်း ညနေမင်း၏ အကြံကို သဘောတူလိုက်ပြီး ချက်ချင်းစတင်လှုပ်ရှားလိုက်သည်။
သို့သော် တကယ်တမ်းတွင်တော့ ညနေမင်းကို ကူရမည့်အစား အီနီဂိုက ၎င်း၏ ကျောကို လက်ဝါးနှင့် အားရပါးရ ရိုက်ချလိုက်တော့သည်။ ရိုက်ချက်ကြောင့် ညနေမင်း အထိနာသွားပြီး သွေးများပွက်ခနဲ အန်ထုတ်လိုက်၏။ နတ်ဘုရားသားမွှေးတောင်မှာလည်း အောက်သို့ပြုတ်ကျသွားတော့သည်။
နတ်ဘုရားသားမွှေးတောင်ကား အဆက်မပြတ် အသုံးပြုခံထားရ၍ အရောင်များပင် မှိန်စပြုနေခဲ့လေပြီ။ သို့သော် အနည်းဆုံးတော့ ၎င်းတွင် နတ်ဘုရားစွမ်းအင်နှင့် အလင်းရောင်တော့ ကျန်နေသေး၏။
နတ်ဘုရားသားမွှေးတောင် ပြုတ်ကျသွားသည်နှင့် ညနေမင်း၏ အရှိန်အဝါမှာ မယုံနိုင်လောက်အောင် ကျဆင်းသွား၏။
သူ မယုံကြည်နိုင်ဟန်ဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။
အီနီဂိုက သူ့နောက်တွင် ခပ်တည်တည်နှင့် ရပ်နေ၏။
“မင်း...ခွေးမသား”
ညနေမင်း စကားကိုပင် ဆုံးအောင်မပြောနိုင်ပဲ သွေးများအန်ချလိုက်ပြန်သည်။
“တောင်းပန်ပါတယ်ကွာ ကျုပ်မသေချင်သေးဘူးလေ"
အီနီဂိုက ပြန်ဖြေလိုက်၏။ ထိုအခါ စုချန်း၏ လက်ကြီးက အီနီဂို၏ လည်မြိုကို ညှစ်ထားပြီး လေထဲတွင် မြှောက်တင်ထားလိုက်လေသည်။
“ဒီတော့ ပညာရှိတွေတောင်မှ သေခြင်းကို ကြောက်တဲ့အချိန်တွေ ရှိတာကိုး”
အီနီဂို မသိမသာ ပြုံးလိုက်၏။
"ပညာရှိဆိုတာလဲ သက်ရှိပဲလေ သက်ရှိသတ္တဝါတွေအားလုံး သေရမှာ ကြောက်ကြတယ်ဆိုတော့ ဒါ အံ့ဩစရာမရှိပါဘူးလေ"
“ဒါဆို ကျုပ်က ခင်ဗျားကို ဘာဖြစ်လို့ ချမ်းသာပေးသင့်သလဲ ပြောစမ်းပါအုံး ခင်ဗျားက ညနေမင်းကို အငိုက်ဖမ်းလုပ်ကြံပေးလို့လား ခင်ဗျားရဲ့အကူအညီမပါလဲ ဒီကောင့်ကို ကျုပ် ရင်ဆိုင်နိုင်တယ်ဆိုတာတော့ ခင်ဗျား နားလည်မယ်ထင်တယ်"
ပြောရင်းနှင့် သူ နှာခေါင်းရှုံ့လိုက်၏။ နာခေါင်းရှုံ့သံ၏ အဆုံးပိုင်းတွင် မိုးကြိုးပစ်သံများ ထွက်ပေါ်လာသည်။
အနှီ မိုးကြိုးပစ်သံများသည် ဘုရားကျောင်းတခုလုံး ပဲ့တင်ထက်လျက်ရှိ၏။
ထိုမျှသာမကသေး မိုးကြိုးပစ်သံများမှာ အသံသက်သက်မဟုတ်။ သူတို့တွင် မိုးကြိုးစွမ်းအားများပါဝင်နေပြီး အမှန်တကယ်လည်း ရန်သူများထံ မိုးကြိုးပစ်ချနေလေသည်။
စုချန်း ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။
"ကျုပ် ဖမ်းထားတဲ့လူကလွဲရင် ကျန်တဲ့လူတွေ အကုန်သတ်"
စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ကျူးချန်းဟွမ်၊ လီကုန်းရှန်နှင့် အချုပ်အနှောင်မဲ့ဂိုဏ်း၏ လက်အောက်ငယ်သားများ ဝမ်းသာအားရနှင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့၏။ တိုက်ခိုက်မှုကြောင့်ပြိုင်ဘက်များအားလုံး ဓားအလင်းပင်လယ်ကြီးက ဝါးမြိုလိုက်သည့်နှယ် ခံစားလိုက်ကြရသည်။
သိပ်မကြာမီ ခန်းမကြီးထဲတွင် အီနီဂိုတစ်ယောက်တည်းသာ ကျန်တော့၏။
ထိုအချိန်တွင် ညနေမင်း၏ နတ်ဘုရားသားမွေးတောင်က မြေကြီးပေါ် ပြုတ်ကျလာ၏။ သို့သော် မည်သူမှ ၎င်းကို ဂရုမစိုက်။ လူတိုင်း၏ အာရုံက အီနီဂိုထံတွင်သာ ရှိနေလေသည်။
ထိုအချိန်မှာပင် စုချန်းက သူ့အရှိန်အဝါကို ထိန်းချုပ်လိုက်ရာ သူ့အတောင်ပံများ ကိုယ်ခန္ဓာထဲသို့ ခေါက်ဝင်သွားပြီး ကမ္ဘာဦးသွေးပုံရိပ်မှာလည်း ပျောက်ကွယ်သွားတော့သည်။
သူ သာမန်လူတစ်ယောက်ကဲ့သ်ို့ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေ၏။ သို့သော် သူ့လက်ချောင်းများက ယခုအချိန်ထိ အီနီဂို၏ လည်ပင်းတွင် ရှိနေဆဲပင်။
"ကျုပ် မင်းကို ဘာဖြစ်လို့ မသတ်သင့်သလဲဆိုတဲ့ အကြောင်းပြချက်တခု ပေးပါ”
အီနီဂို ခါးခါးသီးသီး ပြုံးလိုက်၏။
"မင်း ကျုပ်ကို အရင်လွှတ်ပေးလို့ရမလား”
“မဖြစ်ဘူး ကျုပ်တို့ ဒီလို စကားပြောတာ ပိုကောင်းမယ် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်ရဲ့လည်ပင်းကို ကိုင်ထားရတဲ့ခံစားချက်ကို ကျုပ် သဘောကျတယ်”
စုချန်းက ပြန်ဖြေလိုက်၏။
“...ကံကြမ္မာလက်ချောင်းများ နဲ့ ရှင်သန်ခြင်းကျောင်းတော်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ် ကျုပ် သိထားသလောက် စုချန်းနဲ့ ရှင်သန်ခြင်းကျောင်းတော်ကြာမှာလဲ ဆက်ဆံရေးကောင်းရှိတယ်"
“ရှင်သန်ခြင်းကျောင်းတော်က တခါတလေကျရင် အရမ်းကို စကားများလွန်းတယ် ဒီလိုသာဆိုရင် အနာဂတ်မှာ ကျုပ်နဲ့ သူတို့အကြား ဆက်ဆံရေးက ဒီတိုင်းဆက်သွားနေပါ့မလားဆိုတာ မသေချာဘူး"
“ကျုပ်အနေနဲ့ကတော့ မင်းအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါ ရှင်သန်ခြင်းကျောင်းတော်ကို ထည့်သွင်းစဉ်းစားပေးဖို့ မျှော်လင့်တယ်……”
“ခင်ဗျား ခုနတုန်းက သူတို့နဲ့ ပူးပေါင်းတဲ့အခါ ရှင်သန်ခြင်းကျောင်းတော်အကြောင်း ထည့်စဥ်းစားခဲ့ပုံမရဘူး ဒီတော့ တခြားအကြောင်းပြချက်တခု ရှာတာမျိုးက ပိုကောင်းမယ်ထင်တယ် ခင်ဗျားက ရှင်သန်ခြင်းကျောင်းတော်ရဲ့မျက်နှာကိုတောင်မထောက်မှတော့ ကျုပ်ကရော ကံကြမ္မာလက်ချောင်းများနဲ့ ဘာဖြစ်လို့ ပူးပေါင်းရမှာတဲ့လဲ ဒီကမ္ဘာကြီးပေါ်မှာ လူဘယ်နှစ်ယောက်က ကျုပ်နဲ့ ပူးပေါင်းချင်လဲဆိုတာ ခင်ဗျား သိသလား ကျုပ်အနေနဲ့ အိပ်မက်နိုင်ငံ မှာ ဘယ်နည်းစနစ်ကိုမဆို တင်လို့ရတယ် ဒီအတွက် ဘီလီယံနဲ့ချီတဲ့ မူလကျောက်တုံးတွေ ကျုပ် ရနိုင်တယ် ခင်ဗျားကရော ကျုပ်အပေါ် ဘယ်လိုကမ်းလှမ်းမလဲ"
“ဒီမယ် စုချန်း ဒီကမ္ဘာလောကကြီးမှာ မူလကျောက်တုံးတွေနဲ့ မဝယ်နိုင်တဲ့အရာတွေလဲ ရှိတယ်ကွ"
“မှန်တယ် ခုနက ဖြစ်ခဲ့တဲ့တိုက်ပွဲကိုပဲ ကြည့်လေ ဒီတော့ ခင်ဗျားမှာ ကျုပ်အတွက် တခြားပေးစရာတခုခု ရှိသလား"
“......”
အီနီဂို တွေဝေနေ၏။ အတန်ကြာမှ သူက စကားစလိုက်သည်။
“စုချန်း မင်းက လူပျံတော်နယ်မြေထဲ ရောက်နေတာဆိုတော့ မင်းလိုချင်တဲ့အရာတခုခုတော့ ဒီနယ်မြေထဲမှာ သေချာပေါက်ရှိနေရမယ် ကျုပ်အနေနဲ့ မင်းကို ဒီတခုတော့ သေချာပေါက် ကူညီနိုင်လောက်တယ်"
“ကျုပ် ကောင်းကင်နိုင်ငံကိုလာတာ အာကင်နာနည်းစနစ်တချို့ကို လေ့လာဖို့ပဲပြီးတော့ ပိုက်ဆံနဲ့ မဝယ်နိုင်တဲ့ ပစ္စည်းတချို့ကို ရှာဖွေကံစမ်းဖို့ဆိုပါတော့ ကျုပ်ရည်ရွယ်ချက်အားလုံး ဒီမှာတင် ပြီးမြောက်ခဲ့ပြီးပြီ”
“မူလကျောက်တုံးတွေနဲ့ မဝယ်နိုင်တဲ့အရာတွေ……”
အီနီဂို တွေဝေနေ၏။
“ဒါဆိုရင် ဒီလိုရတနာတွေရှိတဲ့ နေရာတချို့ကိုတော့ ကျုပ် သိထားတယ်”
“ဘယ်မှာလဲ”
“ကောင်းကင်မြို့တော် ရဲ့ တော်ဝင်နန်းတော် ဒါမှမဟုတ် မိခင်နတ်ဘုရားဂိုဏ်းရဲ့မြင့်မြတ်သောနေရာမှာ"
စုချန်း မနှစ်မြို့ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
“ခင်ဗျားက ကျုပ်ကို သေတွင်းထဲပို့ဖို့ ကြိုးစားနေတာလား”
အီနီဂို အံကြိတ်လိုက်၏။
“ဒီလိုရတနာတွေရှိတဲ့ နောက်ထပ်တနေရာတော့ ကျန်သေးတယ်"
“ပြော”
“ဝိညာဉ်အလင်းကျောင်းတော် နဲ့…… ကံကြမ္မာလက်ချောင်းများ ရဲ့ ဌာနချုပ်မှာပါ။”
***