← Chapters

ပြကွက်

Vol. 86 Ch. 858

ပြကွက်

Vol. 86 Ch. 858

အသိညဏ်ရှိ မျိုးစိတ်ဝင်တယောက်သည် အသက်ရှင်သန်ဖို့ရာ ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်၏။ ထိုအထဲတွင် အီနီဂိုသည် ပထမဆုံး အရှက်မရှိသူ မဟုတ်သလို နောက်ဆုံးလူလည်း ဖြစ်လာမည်မဟုတ်ချေ။

ထိုအခါ စုချန်းက မေးလိုက်၏။

"ခင်ဗျားကို ကျုပ် ဘယ်လို ယုံရမလဲ"

အီနီဂို ပြန်ဖြေလိုက်သည်။

"စိတ်ဝိညာဥ်ကို ထိန်းချုပ်ထားလို့ရတာပဲ"

စုချန်း ခေါင်းခါလိုက်၏။

"ဟဲ ဟဲ အဲ့ဒီအကွက်တွေ ရိုးနေပြီဗျ နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တွေဆိုတာ အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် တွေလိုပဲလေ စိတ်ဝိညာဥ်အစိတ်အပိုင်းလေးတစ်ခုတည်းနဲ့ ခင်ဗျားကို ထိန်းချုပ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ခင်ဗျားပြေးချင်ရင် ထွက်ပြေးဖို့ နည်းလမ်းတွေ အများကြီးရှိနေသားပဲ ကျုပ်ကိုယ်တိုင်လည်း နဝမအဆင့်ကို ရောက်နေပြီဆိုတာ ခင်ဗျား မမေ့နဲ့လေ"

နဝမလက်စွပ်အဆင့် ရောက်ခါစ အာကင်နာပညာရှင်များအနေနှင့်အတွေ့အကြုံနည်းခြင်း၊ အခြေခံမလုံလောက်ခြင်းမျိုး ဖြစ်နိုင်သော်ငြား စုချန်းကတော့ လားလားမျှ မတူချေ။ သူ့ကိုယ်ပွားများ စာအုပ်များကို အဆက်မပြတ် ဖတ်ရှုနေခြင်းကြောင့် အတွေ့အကြုံများ မြန်မြန်ဆန်ဆန် တိုးပွားနေသကဲ့သို့ မိုးကြိုးနှင့်လေဝိညာဥ်ဆေးမင်များကလည်း သူ့ကို ထိုးထွင်းဉာဏ်ကောင်းများ ပေးနေ၏။ ထို့ကြောင့် စုချန်းကဲ့သို့သောလူစားမျိုးကို အီနီဂိုအနေနှင့် လိမ်ဖို့ဟူသည်မှာ များစွာ ခက်ခဲလှသည်။

အီနီဂို နာလိုခံခက်စွာ ရယ်မောလိုက်၏။

"ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ"

"ခဏစောင့်"

ထိုသို့ပြောပြီး စုချန်း မျက်လုံးအစုံကိုမှိတ်လိုက်၏။

အီနီဂိုကား နဝေတိမ်တောင်နှင့် စုချန်းကို ထိုင်စောင့်နေရရှာသည်။ တကယ့်အဖြစ်မှန်မှာကား သူ စုချန်း၏ ကိုယ်ပွားများ စာအုပ်ဖတ်နေသည်ကို ထိုင်စောင့်နေရခြင်းပင်။ ကျောက်စိမ်းမြူဟူသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ဖြစ်ပြီး လျှို့ဝှက်နည်းစနစ် အများအပြားကို ပိုင်ဆိုင်ထား၏။ သိပ်မကြာမီမှာပင် ဒြပ်စွမ်းအင်များကို လူတယောက်၏ ခန္ဓာကိုယ်ထဲကို ပို့ပြီး ထိန်းချုပ်သော အာကင်နာနည်းစနစ်တခုကို သူ တွေ့လိုက်ရလေသည်။ ထိန်းချုပ်သည့်ပုံစံမှာကား လွယ်လှ၏။ ထိုစွမ်းအင်ကို ပေါက်ကွဲအောင်လုပ်လိုက်သည့်သဘောပင်။ ဤနည်းအားဖြင့် အီနီဂို၏ အသက်က သူ့လက်ထဲသို့ ရောက်သွားပေလိမ့်မည်။

သို့သော် ဤနည်းစနစ်မှာ သတ္တမလက်စွပ်အဆင့်သာဖြစ်၍ အီနီဂိုအနေနှင့် အလွယ်တကူ ပယ်ဖျက်ပစ်နိုင်မည်ဟု စုချန်း သံသယရှိနေ၏။ ထိုသို့ မဖြစ်စေရန် စုချန်းအနေနှင့် ဤနည်းစနစ်ကို အဆင့်မြှင့်တင်ရပေလိမ့်မည်။

နောက်ထပ်စက္ကန့်ပိုင်းအကြာတွင်တော့ စုချန်းတယောက် အကြီးအကျယ် တွက်ချက်နေခဲ့လေပြီ။

အတန်ကြာသော် စုချန်း မျက်လုံးဖွင့်လိုက်ပြီး အီနီဂိုကို အမိန့်ပေးလိုက်၏။

"ခန္ဓာကိုယ်ကို လျှော့ထား မခုခံနဲ့"

အီနီဂိုကား မနာခံပဲမနေရဲချေ။ ထို့နောက် စုချန်း၏ လက်ချောင်းများက အီနီဂို၏ နဖူးကို ထိလိုက်သည်။

စက္ကန့်ပိုင်းအတွင်း စုချန်း၏ လက်ချောင်းများမှ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော စွမ်းအင်တခု သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပါတယ်။ အီနီဂို ဤနည်းစနစ်မျိုးကို တခါမှ မကြားဖူးချေ။ သူ ကြောင်တောင်တောင် ဖြစ်သွား၏။ တချိန်တည်းမှာပင် အကြီးအကျယ် ကြောက်ရွံ့သွားတော့သည်။

ထို့နောက် စုချန်းက ပြောလိုက်၏။

"ဒါ ကျုပ် ဖန်တီးထားတဲ့ အာကင်နာနည်းစနစ်ပဲ ခင်ဗျား ကျုပ်ကို သစ္စာဖောက်ရင် ခင်ဗျားရဲ့တကိုယ်လုံး တစစီ ပေါက်ကွဲသွားလိမ့်မယ် ဒါကိုမှမ ယုံရင်လဲ ခင်ဗျား စမ်းကြည့်နိုင်တယ် ဟုတ်ပြီလား"

ကိစ္စဝိစ္စများ ပြီးဆုံးသွားပြီဖြစ်၍ အောင်မြင်မှု၏ ရလဒ်များကို ဆန်းစစ်ရန် အချိန်ရောက်ပေပြီ။ တိုက်ပွဲများအဆုံးသတ်နောက်ဝယ် နတ်ဘုရားသားမွှေးတောင်နှစ်ချောင်းနှင့် အမျိုးအမည်မသိရသော အနီရောင်စက်လုံးတလုံး စုချန်း လက်ထဲတွင် ကျန်ရစ်ခဲ့၏။

နတ်ဘုရားသားမွှေးတောင်များအကြောင်းကို အထူးတလည် ပြောစရာမရှိသော်ငြား အနီရောင်စက်လုံးအကြောင်းကိုတော့ စုချန်း ရေရေရာရာ မပြောနိုင်ပဲ ရှိနေ၏။

ထိုအခါ အီနီဂိုက ပြောလိုက်၏။

"သခင် အဲ့ဒါ ဘာဖြစ်မလဲ ကျုပ် သိလောက်မယ်ထင်တယ်"

"အိုး အဲဒါဆိုလဲ ပြောကြည့်လေ"

"ကြည့်ရသလောက် ဒါကြီးက ကျောက်စိမ်းမြူချန်ရစ်ခဲ့တဲ့ ဝိညာဥ်အဆီအနှစ် ဖြစ်လိမ့်မယ်ထင်တယ်"

"ဝိညာဥ်အဆီအနှစ် ဟုတ်လား ဝိညာဥ်မျိုးစိတ်တွေကပဲ အဲ့ဒါမျိုးလုပ်နိုင်တာ မဟုတ်ဘူးလား သူ့မှာ ဘာလို့ ဝိညာဥ်အဆီအနှစ်ရှိရတာလဲ"

စုချန်းက အံ့အားတကြီးနှင့် မေးလိုက်၏။

"ကျုပ်ပြောချင်တာလဲ အဲ့ဒီသဘောပါပဲ ကျောက်စိမ်းမြူဟာ ဒဏ္ဍာရီလာ အာကင်နာပညာရှင်တယောက်ဖြစ်ပြီး သူ့စိတ်ထဲမှာ လူပျံတော်တွေအတွက် ဂုဏ်ယူစရာတွေ ဖန်တီးပေးချင်တဲ့စိတ် အလွန်ပြင်းပြနေတယ် ဒါကြောင့် သူဟာ ဝိညာဥ်တွေလို ပုံသဏ္ဍာန်မရှိတဲ့ ခန္ဓာကိုယ်မျိုး ဘယ်လိုဖန်တီးရမလဲဆိုတာကို သုတေသနလုပ်ချင်ခဲ့တာပေါ့ အဲဒါနဲ့ သူ ဝန်ကိုင်းလှိုဏ်ဂူတွေဆီကို သွားခဲ့တယ် အဲ့ဒီမှာ သူ ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ အသိပညာတချို့ကို ရရှိခဲ့တယ်"

အီနီဂိုက ရှင်းပြလိုက်၏။

"သူ့ကိုယ်သူ ဝိညာဥ်မျိုးစိတ်ဝင်တယောက်အဖြစ် ပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ ခင်ဗျားပြောချင်တာလား"

စုချန်း ရယ်မောရင်း မေးလိုက်၏။

"မဟုတ်ဘူး ဝိညာဥ်မျိုးစိတ်ဝင်တွေဟာလည်း တခြားသူတွေကို ဝိညာဥ်တွေဖြစ်လာအောင် နှစ်သောင်းနဲ့ချီ ကြိုးစားခဲ့ပေမဲ့ ဘယ်တော့မှ အောင်မြင်မှုမရခဲ့ဘူးလေ ဒါကြောင့် ဒီပြဿနာကို ကျောက်စိမ်းမြူကိုယ်တိုင်လဲ မဖြေရှင်းနိုင်ခဲ့ဘူး သူရည်ရွယ်ချက်ကတော့ ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ ကျွမ်းကျင်မှုကိုအခြေတည်ပြီး လူပျံတော်တွေရဲ့ စိတ်စွမ်းအားတွေကို လက်ဆင့်ကမ်းပေးဖို့ပဲဆိုပါတော့"

"ဒီတော့... ဒါ စွမ်းအင်ကို ကူးပြောင်းပေးတဲ့သဘောပေါ့ ဟုတ်လား"

"ဟုတ်တယ် ဝိညာဥ်အဆီအနှစ်တွေကနေတဆင့် စိတ်ဝိညာဥ်စွမ်းအင်တွေကို ကူးပြောင်းပေးတဲ့သဘောပေါ့ အဆုံးမှာ သူအောင်မြင်ခဲ့တယ်လို့ ကျုပ် ထင်တယ် ဒါကြောင့် ဒီအနီရောင်စက်လုံးဟာ ကျောက်စိမ်းမြူမသေခင် ချန်ထားခဲ့တဲ့ ဝိညာဥ်အဆီအနှစ်တွေထဲက တခုဖြစ်နိုင်တယ် အဲ့ဒါကို သုံးလိုက်တာနဲ့ ကျောက်စိမ်းမြူရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို အမွေဆက်ခံရပြီး သခင့်ရဲ့စွမ်းအားတွေ အများကြီး တိုးလာပါလိမ့်မယ် တချိန်ချိန်မှာ သခင့်ရဲ့ကိုယ်ပိုင်စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ဖန်တီးလာနိုင်ပါလိမ့်မယ်"

အီနီဂိုက ပြန်ဖြေလိုက်၏။

စုချန်း အေးစက်စက်လေသံနှင့် ပြန်ပြောလိုက်၏။

"ဒါကို သုံးဖို့ ခင်ဗျား ကျုပ်ကို အတင်းတိုက်တွန်းနေတာလား အီနီဂို ကျုပ်ကို လှည့်စားဖို့ မကြိုးစားတာပိုကောင်းလိမ့်မယ်ဗျ ဒီအနီရောင်စက်လုံး အဲ့ဒီအကျိုးကျေးဇူးမျိုးပေးမယ်လို့ ကျုပ် တစက္ကန့်လေးမှ မယုံဘူး တခြားတယောက်ရဲ့ ဝိညာဥ်အဆီအနှစ်ကို... ကျုပ် သုံးလိုက်ရင် ကျုပ်ရဲ့ ဝိညာဉ်ထဲကို တခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေပါ ဖိတ်ခေါ်မိသလို ဖြစ်သွားမှာပေါ့"

အီနီဂို မချိပြုံးပြုံးလိုက်၏။ သူအမှန်အတိုင်း ပြောနေသည်လား သို့မဟုတ် လိမ်နေသည်လားဟူသည်ကို အတိအကျ ပြောရခက်လှ၏။ သို့သော် အီနီဂို ဘာကိုတွေးနေစေကာမူ စုချန်းကတော့ အနီရောင်စက်လုံးကို မသုံးရန် ဆုံးဖြတ်လိုက်၏။

ရွှေရေအပျက်အစီးသိုက်ကာလများဆီက ပိတ်လော့သည်လည်း စုချန်းကို ဤသို့ဆွဲဆောင်ရန် ကြိုးစားခဲ့သေး၏။ မည်သို့ဆိုစေ မသေမျိုးဘဝဟူသည် သက်ရှိတိုင်း အိပ်မက်မက်နေသည့် အရာမျိုးပင် မဟုတ်ပါလား။ ထို့ကြောင့် ကျောက်စိမ်းမြူတွင်လည်း ကိုယ်ကျိုးရှာစိတ် ရှိနေသည်မှာ သဘာဝကျပါ၏။ မည်သို့ဆိုစေ ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက် ချန်ထားခဲ့သည့် ဝိညာဥ်အဆီအနှစ်ကို စုပ်ယူရလောက်အောင် သူ့အတွက် အင်အားမလုံလောက်သေးဟု စုချန်း ခံစားမိ၏။

သို့သော် ဝိညာဥ်အဆီအနှစ်ကို သူ အသုံးပြုရန် အစီအစဉ်မရှိတိုင်း တန်ဖိုးမရှိဟု ဆိုလိုသည် မဟုတ်ချေ။ အရာအားလုံးသည် စုချန်းအတွက် လေ့လာဖို့ ထိုက်တန်သည်ချည်းသာတည်း။

စိတ်ဝိညာဥ်...

တကယ်တော့ ဤခေါင်းစဥ်မှာ အနာဂတ်တွင် သူ ဖြေဆိုရအုံးမည့် ပုစ္ဆာတပုဒ်သာ ဖြစ်သည်။ လက်ရှိ စုချန်း၏ အနေအထားအရ ဤမျှလောက်ထိ အလျင်စလို လုပ်စရာမလိုလောက်သေးချေ။ သူသည် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦး ဖြစ်နေပြီဖြစ်၍ အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တယောက်နှင့်တန်းတူ အစွမ်းထက်နေခဲ့လေပြီ။ ထို့ကြောင့် ကျောက်စိမ်းမြူ၏ ဝိညာဥ်သလင်းကို အေးအေးဆေးဆေး လေ့လာရန် သူ့တွင် အချိန်ရနေ၏။

စုချန်း ရတနာများကို သူ့အိတ်ထဲ ထည့်လိုက်၏။

နတ်ဘုရားသားမွှေးတောင်များ။

ညနေမင်းအနေနှင့် နတ်ဘုရားသားမွှေးတောင်ကို ဘာကြောင့် ထုတ်မသုံးချင်မှန်း စုချန်း သိထားပြီးသားပင်။ အကြောင်းမှာ သားမွှေးတောင်ကို အသုံးပြုလိုက်သည်နှင့် ၎င်း၏ စွမ်းအားများ အဆက်မပြတ် ဆုတ်ယုတ်သွားတတ်သောကြောင့်ပင်။

ကံကောင်းသည်မှာကား နန်းတော်ရှိ သလင်းသည် နတ်ဘုရားသားမွှေးတောင်ကို သော့ခတ်ထားရန် ပုံစံထုတ်ထားခြင်းပင်။ ထို့ကြောင့် စုချန်းကလည်း သားမွှေးတောင်ကို ထိုသလင်းထဲမှာပင် သိမ်းဆည်းထားလိုက်၏။

သို့သော် နတ်ဘုရားသားမွှေးတောင်၏ စွမ်းအားများ အဆက်မပြတ် ဆုတ်ယုတ်သွားတတ်ခြင်းကြောင့် သုတေသနလုပ်ရန် ကုန်ကျစရိတ်အလွန်များပြားမည်မှာ သိသာနေ၏။ ထို့ကြောင့် အီနီဂို၏ အကြံပေးချက်က မှားတော့မမှား။ ဖြစ်နိုင်လျင် သူ့အနေနှင့် မိခင်နတ်ဘုရားဂိုဏ်း၏ ကျန်နတ်ဘုရားသားမွှေးနှစ်ချောင်းကိုလည်း ယူသွားသင့်၏။

အင်း... ကံကြမ္မာလက်ချောင်းများဌာနချုပ်နဲ့ ဝိညာဥ်အလင်းကျောင်းတော်ကိုလည်း ရှာရဦးမှာပဲ...

အထက်ပါအတိုင်းတွေးရင်း စုချန်းက ပြောလိုက်၏။

"ကဲ ကိစ္စတွေပြီးပြီဆိုတော့ ကျုပ်တို့ ဝိညာဥ်အလင်းကျောင်းတော်ကို သွားဖို့ ပြင်ဆင်ကြတာပေါ့"

အီနီဂို သတိပေးဟန်ဖြင့် ပြောလိုက်သည်။

"အပြင်မှာ လူပျံတော်တွေ ရှိသေးတယ်..."

သူဆိုလိုသည်မှာ လေမျိုးဆုံရာမျိုးနွယ်စုများနှင့် ကံစမ်းရန်ရောက်လာသည့် ကျန်လူပျံတော်များကိုပင် ဖြစ်သည်။

ခေတ္တစဥ်းစားပြီး စုချန်းက ပြောလိုက်၏။

"ဒီဘုရားကျောင်းထဲက လူပျံတော်တွေအားလုံး သေဆုံးကုန်ကြပြီ ဒီအတွက် တစုံတယောက်တော့ တာဝန်ယူရလိမ့်မယ် ကဲ အီနီဂို ကံကြမ္မာလက်ချောင်းများက ဒီတာဝန်ကို ယူသင့်တယ်လို့ ကျုပ် ထင်တယ်"

စုချန်း၏ဆိုလိုရင်းကို အီနီဂို ချက်ချင်းသဘောပေါက်လိုက်၏ ။

"နားလည်ပါပြီသခင် အပြင်က လူပျံတော်တွေအတွက် ပြကွက်လေးတခု ကျုပ် စီစဥ်ပေးလိုက်မယ် ဒါပေမဲ့ သခင့်ရဲ့ လက်အောက်ငယ်သားတွေလည်း ကျရာ အခန်းကဏ္ဍကနေ သရုပ်ဆောင်ပေးဖို့ လိုလိမ့်မယ်"

လီချုံရှန်းက ရယ်မောလိုက်၏။

"လွယ်ပါတယ် ကျုပ်တို့ကို နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်တယောက်က မောင်းထုတ်လိုက်တယ်ပေါ့ အဲ့ဒါက လူတွေရဲ့လက်ထဲ ရတနာတွေ ရောက်သွားတယ်ဆိုတာထက် လူပျံတော်တွေနားမှာ ပိုနားထောင်လို့ကောင်းလိမ့်မယ် မဟုတ်ရင် သူတို့က ကျုပ်တို့နောက်ကို မျက်ချေအပြတ်မခံပဲ လိုက်လာလိမ့်မယ်"

"အမှန်ပဲ"

ကျူးချန်းဟွမ်က ခေါင်းညိတ်လိုက်၏။

"ဒါဆို ကျုပ်တို့ ပြန်ဖို့ အချိန်တန်ပြီ စုချန်း ခရီးစဉ်တလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အစစအရာရာ ဂရုစိုက်ပါ အီနီဂိုကို လွယ်လွယ်နဲ့ မယုံလေနဲ့"

စုချန်း မသိမသာ ပြုံးလိုက်၏။

"သူနဲ့ ဆင်တူတဲ့ တယောက်တော့ ရှိခဲ့ဖူးတယ် သူ ဘာဖြစ်သွားလဲဆိုတာ အားလုံး မြင်လိုက်ကြပါတယ်လေ"

စုချန်းဆိုလိုသည်မှာ မီးလျံညှို့ငင်ပင် ဖြစ်သည်။ တနည်းအားဖြင့် ဤစကားက အီနီဂိုကို သတိပေးလိုက်ရာလည်း ရောက်နေ၏။

ထို့နောက် ရှီကိုင်းဟွမ်က တပည့်ကျော်၏ ပုခုံးကို ပုတ်ရင်း သတိပေးလိုက်ပြန်သည်။

"သတိထား မလိုအပ်တဲ့ ပြဿနာတွေ မရှာနဲ့ မင်းမြန်မြန်ပြန်ရောက်လေကောင်းလေပဲ ညတာရှည်ရင် အိပ်မက်ဆိုးတွေ မက်တတ်တယ်"

စုချန်း ပြုံးလိုက်၏။

"ကျွန်တော် သိပါတပြီ ဂရုစိုက်ပါ့မယ်ဆရာ"

ရှီကိုင်းဟွမ် မျက်မှောင်ကုတ်သွားပြန်၏။

"မင်းက အမြဲတမ်း အဲဒီလိုပြောတယ် ပြီးမှသာ လုပ်ချင်ရာ လျှောက်လုပ်တဲ့ကောင်"

ထိုစဥ် ချူးယင်ဝမ်ကတော့ စုချန်းဆီသို့ လျှောက်လာပြီး တိုးတိုးလေးကပ်ပြောလိုက်၏။

"မြန်မြန်ပြန်လာ ဒါမှ အောင်ပွဲခံအရက်ကို အတူတူ သောက်ရမှာ"

ထိုသို့ပြောပြီး သူမ ရှက်အန်းအန်းပုံစံနှင့် လှည့်ထွက်သွား၏။

စုချန်း အားရပါးရ ပြုံးလိုက်ပြီး ရှီကိုင်းဟွမ်ကို အရိုအသေပေးလိုက်လေသည်။

"ဂုဏ်ယူပါတယ် ဆရာ"

ရှီကိုင်းဟွမ်ကိုယ်တိုင်လည်း နည်းနည်းတော့ ရှက်သွားဟန်တူ၏။ သူ လည်ချောင်းတချက်ရှင်းပြီး ဘာမှမပြောဘဲ ထွက်သွားလေသည်။ သူ့နောက်မှ လိုက်လာသူအားလုံးက တီးတိုးရယ်မောလိုက်ကြ၏။ ဤအကြောင်းကို အားလုံး သိထားပြီးသည့်ပုံပင်။

ထိုအချိန်တွင် နုပျိုပြည့်လျံသည် နန်းတော်အပြင်တွင် ရပ်ပြီး စောင့်ကြည့်နေ၏။

သူမ၏ စိတ်ထဲတွင် မိုးပြာရောင်မျက်နှာဖုံးအကြောင်းကို မတွေးပဲ မနေနိုင်အောင် ဖြစ်နေရှာ၏။ သခင်မိုးပြာရောင်မျက်နှာဖုံး အဆင်ပြေမည်ဟု သူမ ယုံကြည်နေသော်ငြား တဖက်တွင် သူ့အတွက်လည်း စိုးရိမ်ပူပန်မိနေ၏။

အချိန်အနည်းငယ်အကြာတွင် ဘုရားကျောင်းဆီမှ ကျယ်လောင်သော အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထို့နောက် ဘုရားကျောင်းထဲမှ လူအများအပြား ပြေးထွက်လာကြလေသည်။

လူတိုင်းလိုလို ဤလူများကို မြင်ဖူးကြ၏။ လျှို့ဝှက်နယ်မြေထဲသို့ အုံလိုက်ကျင်းလိုက်နှင့် နောက်ဆုံးမှ ဝင်ရောက်သွားသည့် လူများပင် မဟုတ်ပါလား။ မမျှော်လင့်ဘဲ ဤလူအုပ်ကြီးသည် ပထမဆုံး အပြင်သို့ ပြန်ထွက်လာခဲ့ချေပြီ။ သို့သော် သာသာယာယာ လမ်းလျှောက်ထွက်လာခြင်းတော့မဟုတ်။ ကမူးရှုးထိုးနှင့် ပြေးထွက်လာကြခြင်းပင်။

"ပြေးဟေ့ မြန်မြန်ပြေး...ပြေးနိုင်မှလွတ်မယ်"

သူတို့နောက်မှ အီနီဂိုတယောက် ကြောက်စရာ အရှိန်အဟုန်နှင့် ပြေး၍လိုက်လာနေ၏။ သူ့လက်ထဲတွင် နတ်ဘုရားသားမွှေးတောင်တချောင်းကို ကိုင်ထားလေသည်။

အီနီဂို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။

"ဒီက ရတနာတွေအားလုံးက ငါ့ဟာပဲ! မင်းတို့ မသေချင်ရင် ဒီနေရာကနေ ထွက်သွားကြ"

ထို့နောက် သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး နေရာမှ ထွက်ခွာသွားတော့သည်။

ဘုရားကျောင်းအပြင်ဘက်ရှိ လူပျံတော်အားလုံး တယောက်မျက်နှာတယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။ နောက်ဆုံးတွင်မှ ရဲရင့်သော လူပျံတော်တချို့ အထဲသို့ ဝင်ကြည့်ကြသည်။ သို့သော် သူတို့ ချက်ချင်းပင် ထိတ်လန့်တကြားနှင့် ပြေးထွက်လာကြ၏။

"အပြင်ကို ထွက်မလာနိုင်တဲ့သူတိုင်း သေပြီ သေကုန်ကြပြီ"

ဟင်...

လူပျံတော်များအားလုံး အံ့အားသင့်ကုန်ကြ၏။

ဒါဆို သခင်မိုးပြာရောင်မျက်နှာဖုံးလည်း...

နုပျိုပြည့်လျံ၏ နှလုံးသား ပြင်းစွာ တုန်လှုပ်သွား၏။ ထို့နောက် သူမ အထဲကို ကမူးရှုးထိုးနှင့် ပြေးဝင်သွားမိလေသည်။ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေ၏။ အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိတော့ချေ။

"သခင်...သခင်...သခင်မိုးပြာရောင်မျက်နှာဖုံး"

နုပျိုပြည့်လျံ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ပြန်ဖြေသူ တယောက်မှမရှိ။

သခင် တကယ်ပဲ သေဆုံးသွားတာလား...

နုပျိုပြည့်လျံ နေရာတွင် ခြေစုံရပ်နေ၏။ သူမ၏ မျက်လုံးအစုံမှ မျက်ရည်များ တလဟော စီးကျနေလေသည်။

ထိုစဥ်...

"မင်း ကျုပ်ကို ရှာနေတာလား"

ရုတ်တရက် အနောက်မှ အသံတသံ ထွက်ပေါ်လာ၏။

နုပျိုပြည့်လျံ ထိတ်လန့်တကြားနှင့်လှည့်ကြည့်လိုက်၏။ စုချန်းကား သူမကို ပြုံးပြုံးပြီး စိုက်ကြည့်လျက်ရှိလေသည်။

စုချန်း၏ အပြုံးကြောင့် သူမ တကိုယ်လုံး အေးခဲသွား၏။ ထို့နောက် သူမ စုချန်းကို ကယောင်ကတန်းနှင့် ပြန်ပြုံးပြမိလေသည်။

***

All Chapters